မွန်ပြည်နယ်မှာ NLD အနိုင်ရခဲ့တဲ့ နေရာ (၅)ခု ကို မဲလေးသောင်းကျော် ခိုးမှု ပေါ်ပေါက်ခဲ့တဲ့ အတွက် ပယ်ဖျက်လိုက်ပြီ ဆိုတဲ့ အချက်အလက်ကို ပြည်ခိုင်ဖြိုး (USDP)ချစ်သူများ GP ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုမှာ ဖြန့်ချိထားတာတွေ့ရပါတယ်။
သည် အချက်အလက်ကို Ko Soe အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာ(၁၀) ရက်နေ့မှာ ဖြန့်ချိခဲ့တာတွေ့ရပြီး ထပ်ဆင့်ပြန်လည်ဖြန့်ချိသူ၊မှတ်ချက်ပေးသူ၊React ပြုသူတွေ ရှိတာကိုလည်း တွေ့ရပါတယ်။သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။
သည် သတင်းနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေးကြည့်ရာမှာ မွန်ပြည်နယ်မှာ အဲဒီလို ဖြစ်စဉ်မျိုး မရှိဘူးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဟိဏ်လင်းထက် က ငြမ်းမီဒီယာကို အတည်ပြု ပြောကြားပါတယ်။
“ အဲဒီ သတင်းက သတင်းအမှား၊ သတင်းအတု ပါ။ ဒီလို ဖြစ်စဉ်မျိုး မရှိပါဘူး” လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။
သတင်းလုပ်ငန်းစဉ်များနဲ့ အညီ ဖော်ပြတဲ့ သတင်းဌာနတွေမှာ သည် လို သတင်း ဖော်ပြထားတာမျိုး မရှိပါဘူး။
SS/ မွန်ပြည်နယ်တွင် NLD က ပြည်ထောင်စုလွှတ်တော် ၁၇ နေရာအထိ အနိုင်ရ သတင်းဖော်ပြချက်
ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေ မထွက်ရှိသေးပေမယ့် NLD ပါတီ အနေနဲ့ မွန်ပြည်နယ်မှာ အနိုင်ရရှိထားတာရှိပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
” ဒါမဖြစ်နိုင်တဲ့ကိစ္စပါ။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ လက်ရှိမွန်ပြည်နယ်မှာ ပွင့်ပွင့်လင်းလင်းပြောရင် ကျနော်တို့ က စိုးရိမ်ရတာ။ ဘာကြောင့်လဲဆိုတော့ အခု မွန်ပြည်နယ်မှာ မဲ လေးသောင်းကျော် ခိုးလို့ဆိုပြီး NLD က အရှုံးပေးလိုက်ရတယ် ဆိုတာလည်း သတင်းအတုပဲဖြစ်ပါတယ်။အဲဒီ အပေါ်မှာတော့ကျနော်တို့ တစ်ရာ ရာခိုင်နှုန်းတာဝန်ယူတယ်။ကျနော်ကိုယ်တိုင်လည်း campaign မန်နေဂျာတစ်ယောက်လုပ်တော့ ရွေးကောက်ပွဲတောက်လျှောက် လိုက်လုပ်နေတော့ ကျနော်တို့ကပြောရရင် သူတို့ဘက်မှာပြစ်ချက်တွေ အများကြီးရှိတယ်” လို့ သထုံမဲဆန္ဒနယ် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ က ပြောပါတယ်။
ရွေးကောက်ပွဲ မဲရလဒ်တွေ၊ အနိုင်၊အရှုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းအတု၊ သတင်းအမှား တွေ ထွက်ပေါ်နေပြီး သတိပြုဖို့လိုပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖတ်နိုင်ပါတယ်။
ငြမ်းမီဒီယာ