မဲ မသမာမှုတွေ ဖြေရှင်းပြီးမှ အစိုးရဖွဲ့သင့်ကြောင်း NLD နာယက ဦးဝင်းထိန် ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Shein Myint အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဇန်နဝါရီ (၁၉ ) ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။
” Nld အစိုးရဖွဲ့ခြင်းကို ရပ်ဆိုင်းသင့်ပြီ။ မဲမသမာမှုတွေကို အရင် ဖြေရှင်းလိုက်ပါ။ ဘာတွေ ဘယ်လိုပဲ လုပ်လုပ် Nld ဟာ ပြီးဆုံးသွားပြီ။” လို့ ရေးသားထားမှုနဲ့အတူ သတင်းစာဖြတ်ပိုင်းသဏ္ဍန် ပုံစံငယ်တစ်ခုကို အသုံးပြုပြီး Shein Myint အမည်ရ ဖေ့စ်ဘွတ်အကောင့်ဟာ သည်အကြောင်းအရာကို ဖြန့်ချိခဲ့တာ တွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။
မဲ မသမာမှုတွေ ဖြေရှင်းပြီးမှ အစိုးရဖွဲ့သင့်ကြောင်း ဦးဝင်းထိန် ပြောတယ်ဆိုတဲ့ အကြောင်းအရာကို ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေးကြည့်ရာမှာ Shein Myint အမည်ရ ဖေ့စ်ဘွတ်အကောင့်ဟာ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် တုပ ဖန်တီးထားတဲ့ သတင်းစာဖြတ်ပိုင်းပုံစံနဲ့ ဦးဝင်းထိန် ပြောခဲ့သယောင် လုပ်ကြံ ဖန်တီးထားတာသာ ဖြစ်ပါတယ်။
သတင်းလုပ်ငန်းစဉ်များနဲ့ အညီ ရေးသားဖော်ပြနေတဲ့ သတင်းဌာနတွေမှာ သည်လို အကြောင်းအရာမျိုး ရေးသားဖော်ပြထားတာမျိုးမရှိပါဘူး။
ဒါ့အပြင် ဦးဝင်ထိန် အနေနဲ့ ဒါကို ပြောဆိုခဲ့ခြင်း မရှိဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွန့် က အတည်ပြုပြောကြားပါတယ်။
” သဘာပတိအဖွဲ့ဝင် အန်ကယ်ဦးဝင်းထိန် က ဒါကို ပြောဆိုခဲ့ခြင်း မရှိပါဘူး။ သူ့ကို ဒီလိုပြောဖို့အတွက်လည်း တာဝန်ပေးထားခြင်း မရှိပါဘူး။ ပြောတာလည်း မရှိပါဘူး ” လို့ NLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
သည်အချက်အလက် တွေကို ကြည့်ခြင်းအားဖြင့် Shein Myint အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိခဲ့တဲ့ မဲ မသမာမှုတွေ ဖြေရှင်းပြီးမှ အစိုးရဖွဲ့သင့်ကြောင်း ဦးဝင်းထိန် ပြောတယ်ဆိုတဲ့ အကြောင်းအရာ ဟာ သတင်းအတု၊ သတင်းအမှား သာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။
သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်ဝေနေတယ်လို့ သံသယရှိတယ်။ ပြည်သူလူထု အနေနဲ့ သတင်းရရှိတဲ့ အခါမှာ သတင်းရရှိတဲ့ ရင်းမြစ်ကို သေချာစုံစမ်းပြီး မှ လက်ခံကြဖို့ ၊ ဖြန့်ဝေတာ လုပ်ဖို့ တိုက်တွန်းချင်ပါတယ် လို့ ဒေါက်တာမျိုးညွန့် က ဆိုပါတယ်။
Shein Myint အမည်ရ ဖေ့စ်ဘွတ်အကောင့်ဟာ ယခင်ကလည်း သတင်းအတု၊ သတင်းအမှား ဖြန့်ချိခဲ့ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
အားလုံးဘေးကင်းကျန်းမာကြပါစေ။
ငြမ်းမီဒီယာ