မျှော်လင့်ချက်မဲ့သူတို့ အိမ်အပြန်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း /မြဝတီမြို့ ကျောက်လုံးကြီးကွင်းသို့ ပြန်လည်ရောက်ရှိလာသောရွှေ့ပြောင်းမြန်မာအလုပ်သမားများ။

ကားပေါ်မှာ ဖမ်းဆီး ခေါ်ဆောင်လာတဲ့ မြန်မာ ရွေ့ပြောင်းလုပ်သား အများစုဟာ လူငယ်တွေဖြစ်ပြီး လူမမယ် ကလေးငယ် တချို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။ မော်တော်ယာဉ်တန်းဟာ ကျောက်လုံးကြီးကွင်းကို ရောက်လာတဲ့အခါ …

 

မြန်မာနိုင်ငံသား တွေကို တင်ဆောင်လာတဲ့ ကားကြီး (၄) စီး မဲဆောက်- မြဝတီ ချစ်ကြည်ရေး တံတားပေါ်က ဖြတ်သန်းပြီး မြန်မာဘက်ခြမ်းကို သွားနေတဲ့မြင်ကွင်းဟာ စိတ်မချမ်းမြေ့စရာ ကောင်းလှပါတယ်။ သူတို့ဦးတည်သွားနေတာက ကျောက်လုံးကြီး ကွင်းပါ။

ကျောက်လုံးကြီးကွင်းဆိုတာ ထိုင်းနိုင်ငံက ဖမ်းဆီးပြန်ပို့လာတဲ့ မြန်မာရွေ့ပြောင်း လုပ်သားတွေကို လက်ခံဖို့ ယာယီဖွင့်လှစ်ထားတဲ့ မြဝတီမြို့က ကယ်ဆယ်ရေး စခန်းပဲဖြစ်ပါတယ်။

ကားပေါ်မှာ ဖမ်းဆီး ခေါ်ဆောင်လာတဲ့ မြန်မာ ရွေ့ပြောင်းလုပ်သား အများစုဟာ လူငယ်တွေဖြစ်ပြီး လူမမယ် ကလေးငယ် တချို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။ မော်တော်ယာဉ်တန်းဟာ ကျောက်လုံးကြီးကွင်းကို ရောက်လာတဲ့အခါ မြန်မာဘက်က အစိုးရတာဝန်ရှိသူတွေ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက ကြိုဆိုကြပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ထမင်းဗူးဝေတဲ့သူကဝေ၊ ‘မြန်မာ မြန်မာ’လို့အော်ပြီးအားပေးနေကြသူကအားပေး၊ မြဝတီမြို့ခံ ဂီတသမားတွေကလည်း သီချင်းတွေနဲ့ဖျော်ဖြေပေးနေကြပါတယ်။ မွေးရပ်ဌာနေ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို လူမှုကူညီရေးအသင်းအဖွဲ့က ကားတွေ၊ စေတနာရှင်တစ်ဦးချင်းအလိုက် ကားတွေနဲ့ သက်ဆိုင်ရာမြို့နယ်တွေကို လိုက်လံပို့ဆောင် ပေးကြပါတယ်။

“နဖူးကချွေး ခြေမကျအောင် ကျွန်တော်တို့ရှာထားသမျှပိုက်ဆံတွေကို အထောက် အထား မဲ့တယ်ဆိုပြီး ဗီဇာတို့၊ပတ်စပို့တို့ ခေါင်းစဉ်အမျိုးမျိုး တပ်ပြီးဖမ်းပစ်တယ်။ ဖမ်းတဲ့အခါကျတော့ကျွန်တော်တို့ရှာရသမျှ စုဆောင်းရတဲ့ ပိုက်ဆံတွေ အကုန်လုံး ကုန်သွားတယ်။အဲ့ဒါနဲ့ပြန်ရောက်လာတဲ့မြန်မာတွေအတွက် သီချင်းစပ်ပြီး ပြန်ပို့တဲ့ နေရာမှာ သွားအားပေးရင်းနဲ့ ဖျော်ဖြေ ပေးတာပါ”လို့ ပြန်ရောက်လာတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကို သီချင်းနဲ့သွားရောက်ဖျော်ဖြေပေးခဲ့တဲ့ ကိုရန်မျိုးက သူရဲ့ခံစားချက်ကိုပြောပါတယ်။

မိဘအကြွေးကတော့ကျေခါနီးပြီ။ ထိုင်းဘက်မှာအခြေအနေငြိမ်သွားရင် ပြန်ပြီးအလုပ်လုပ်ချင် ပါတယ်။ရွာမှာကအလုပ်မရှိဘူး …

ကိုရန်မျိုးဟာ မြဝတီမြို့နယ်မှာ နေထိုင်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသမှာ သွားရောက်အလုပ်လုပ်ကိုင် နေသူဖြစ်ကာ သူဝါသနာ ပါရာ ဂီတ အလုပ်ကိုပါ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း မဲဆောက်ဒေသက နှစ်ထပ်အချုပ်မှာ နေထိုင်ခွင့် အထောက်အထားမဲ့မှုနဲ့ အဖမ်းခံခဲ့ဖူးသူတစ်ဦး ဖြစ်ပါတယ်။

ထိုင်းအစိုးရက အသစ်ပြဌာန်း လိုက်တဲ့ အလုပ်သမား ဥပဒေအရ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင် နေကြတဲ့ အထောက်အထား မပြည့်စုံတဲ့ ရွှေ့ပြောင်းအလုပ် သမားတွေကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့ က ဖမ်းပြီး မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်နေတာပါ။

ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးပြီး မြန်မာနိုင်ငံ၊ မြဝတီမြို့ကို ပြန်လည် ပို့ဆောင်ခဲ့တာ ဇွန်လ (၂၉) ရက်နေ့က စပြီး ဇူလိုင်လ (၁၀) ရက်နေ့အထိ ပြန်လည်ရောက်ရှိလာတဲ့သူအရေအတွက်ဟာ (၃၀၁၈၁) ဦးရှိနေပါပြီ။

အဲဒီသုံးသောင်းကျော်ဆိုတာ မြဝတီမြို့တစ်ခုတည်းကို ပြန်ပို့ခဲ့တဲ့စာရင်းဖြစ်ပြီး ကော့သောင်း၊ မောတောင် ဒေသတွေကို ပြန်လည် ပို့ဆောင်ပေးနေတဲ့သူတွေ မပါသေးပါဘူး။ အဖမ်းခံရမှာစိုးတဲ့အတွက် နီးစပ်ရာ နယ်စပ်လမ်းကြောင်းတွေကနေ ကိုယ့်အစီအစဉ်နဲ့ ပြန်လာနေကြသူတွေလည်း အများအပြားရှိနေပါသေးတယ်။ ရွေ့ပြောင်း မြန်မာ အလုပ်သမားတွေကို မယ်ဆိုင်၊ရနောင်းနဲ့မဲဆောက် လမ်းကြောင်းတွေကနေ ပြန်လည်ပို့ဆောင်နေပြီး မဲဆောက်လမ်းကြောင်းကတော့ ပြန်ပို့မှု အများဆုံးပါပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ပြန်လာသူတွေက ရုပ်ပိုင်းဆိုင်ရာအတွက်တော့ ပြသနာမရှိပေမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို လူတိုင်းရဲ့မျက်နှာမှာ တွေ့နေရပါတယ်” လို့ မြဝတီမြို့ က ရပ်မိရပ်ဖ တစ်ဦးလည်းဖြစ် ၊ဆရာဝန် တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာကိုကိုအောင်က ပြောပါတယ်။

မိဘတွေ တင်နေတဲ့ အကြွေးကို ဆပ်ပေးဖို့ အတွက် အသက်(၂၁) နှစ်အရွယ် ကိုကျော်သူရကျော်ဟာ ထိုင်းနိုင်ငံက ပလတ်စတစ်အိတ်ထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အရင်ကတော့ သူဟာ လှိုင်းဘွဲ့မြို့က ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာ တစ်သိန်းမပြည့်တဲ့လစာနဲ့ လုပ်ကိုင်ခဲ့တာပါ။ ပွဲစားခ လေးသိန်းလောက် အကုန်ကျခံပြီးတဲ့နောက်မှာ တစ်လကိုထိုင်းဘတ်ငွေ (၉၀၀၀) ကျော်ရရှိတဲ့ လက်ရှိအလုပ်ကိုရခဲ့ပါတယ်။ အဲဒီအလုပ်မှာနှစ်နှစ်နီးပါး လုပ်ကိုင်ခဲ့ပါတယ်။ ဘတ်ငွေ (၉၀၀၀)ကျော်ဆိုတာ မြန်မာငွေ နဲ့ တွက်ရင် ကျပ်သုံးသိန်းခွဲ နီးပါးရှိပြီး အိုဗာတိုင်ကြေးနဲ့ ပေါင်းရင် တစ်လကိုမြန်မာငွေ ကျပ်လေးသိန်းခွဲလောက်ရတယ်လို့သူကဆိုပါတယ်။

“မိဘအကြွေးကတော့ကျေခါနီးပြီ။ ထိုင်းဘက်မှာအခြေအနေငြိမ်သွားရင် ပြန်ပြီးအလုပ်လုပ်ချင် ပါတယ်။ရွာမှာကအလုပ်မရှိဘူး” လို့သူကပြောပါတယ်။

ကိုကျော်သူရကျော်ဟာ စတုတ္ထတန်းအထိသာပညာသင်ကြားခဲ့ဖူးလို့ ပြည်တွင်းမှာ သာဆို မိသားစု စားဝတ်နေရေး အတွက် လုံလောက်တဲ့ လစာပမာဏနဲ့ အလုပ် တစ်ခုရဖို့ မဖြစ်နိုင်သလို မိဘတွေ တင်နေတဲ့အကြွေးကို ဆပ်ပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အလုပ်သမားဥပဒေသစ်ကို ဆိုင်းငံ့ထားတဲ့ ကာလအတွင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးမှုမလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချာ က ညွှန်ကြားပေမယ့် အောက်ခြေမှာတော့ ဖမ်းဆီးမှုတွေရှိနေသေးတယ် …

မှတ်ပုံတင်မရှိလို့ ထိုင်းနိုင်ငံမှာ တရားဝင် လုပ်ကိုင်ခွင့် မရတာကြောင့် နယ်စပ်ကနေ သောင်ရင်းမြစ် ကို ကူးတို့ နဲ့ ဖြတ်ပြီး သွားရောက် အလုပ်ကိုင်နေတဲ့သူ တစ်ဦးဖြစ်ပါတယ်။ ကိုကျော်သူရကျော် လိုပဲ မှတ်ပုံတင် မရှိလို့ ထိုင်းနိုင်ငံကို အောက်လမ်းကနေ သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား တွေ သောင်းချီရှိပါတယ်။

ထားဝယ်မြို့မှာ နေထိုင်ပြီး တက္ကသိုလ်ဝင်တန်း ဖြေဆိုထားတဲ့ အသက်(၁၈)နှစ်အရွယ် ကိုအောင်ပိုင်ဖြိုး ကလည်း မိသားစုကိုတစ်ဖက်တစ်လမ်းက ထောက်ပံ့နိုင်ဖို့ ထိုင်းနိုင်ငံမှာ သွားအလုပ် လုပ်နေရင်း ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံခဲ့ရသူတွေထဲက တစ်ဦးဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုအောင်ပိုင်ဖြိုးရဲ့ လစာက မြန်မာငွေနဲ့တွက်ရင်တစ်လကို ကျပ်လေးသိန်းနီးပါး ရှိပါတယ်။ သူက ထိုင်းမှာသွားအလုပ်လုပ်တာ နှစ်လနီးပါးလောက်သာရှိပါ သေးတယ်။အခုတော့သူလည်း မိခင်နိုင်ငံကို ပြန်ပို့ခံခဲ့ရပါပြီ။

ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်း ရဲတပ်ဖွဲ့ကနေ ပိုက်စိပ်တိုက် ဖမ်းဆီးမှုတွေပြုလုပ်နေတဲ့ ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံလုံးဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E Mr. Jukr Boon-Long နဲ့တွေ့ဆုံပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီပေးဖို့ မေတ္တာရပ်ခံ ခဲ့ပါတယ်။

ထိုင်းသံအမတ်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ အလုပ်သမား ဥပဒေကို ကနဦး(၄)လ ဆိုင်းငံ့ထားခဲ့ပြီး ဇူလိုင်လ(၄)ရက်နေ့မှာတော့ ယခုနှစ်ကုန် အထိ ရက်ပေါင်း (၁၈၀) တိုးမြှင့် ဆိုင်းငံ့ခဲ့ပါတယ်။

အလုပ်သမားဥပဒေသစ်ကို ဆိုင်းငံ့ထားတဲ့ ကာလအတွင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ဖမ်းဆီးမှုမလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချာ က ညွှန်ကြားပေမယ့် အောက်ခြေမှာတော့ ဖမ်းဆီးမှုတွေရှိနေသေးတယ်လို့ ထိုင်းနိုင်ငံက မြန်မာရွေ့ပြောင်းလုပ်သားများ အရေးဆောင်ရွက်နေ သူတွေ က ဆိုပါတယ်။

ထိုင်းရဲက ဖမ်းဆီးရာမှာ စက်ရုံ၊အလုပ်ရုံတွေထဲကို ဝင်ရောက်ဖမ်းဆီး တာမျိုး မရှိတော့ပေမယ့် မြန်မာနိုင်ငံသားတွေ သွားလာတတ်တဲ့နေရာတွေ၊ ကုန်တိုက်တွေ၊ ဈေးတွေမှာ ထိုင်းရဲက မသင်္ကာတဲ့ သူတွေဆို လူချင်းတိုက်မိ သလိုပြုလုပ်ပြီး လက်အုပ် ချီပြီ မင်္ဂလာပါ လို့ပြောပါတယ်။ မင်္ဂလာပါလို့ပြန်ပြောရင် တရားဝင်ကြောင်း အထောက်အထား တွေပြခိုင်းပါတယ်။ မပြနိုင်ရင်တော့ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးပါတယ်။

ပိုက်စိပ်တိုက်ဖမ်းဆီးမှုတွေပြုလုပ်လာတဲ့နောက်မှာတော့ မြန်မာနိုင်ငံသားတွေ အများဆုံးရှိတတ်တဲ့မဲဆောက်ဈေးတစ်ခွင်ဟာ ခြောက်ကပ်လာပြီး မွန်းလွဲ (၂း၀၀) နာရီဝန်းကျင်ဆို ဈေးဝယ်သူမရှိသလောက်ဖြစ် သွားပါတယ်။ တချို့ဆိုင်တွေ ဆို(၃း၀၀)နာရီလောက်ကတည်းက ဆိုင်ပိတ်ဖို့ပြင်ဆင်နေကြပါတယ်။

ထိုင်းနိုင်ငံမှာသွားရောက် လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား တွေဟာ MOU(သို့) ပန်းရောင် အလုပ်သမားကတ် (သို့)ပတ်စ်ပိုစ့်(သို့)work permit(သို့) ထိုင်း- မြန်မာ နှစ်နိုင်ငံသဘော တူညီထားတဲ့ သတ်မှတ်ဧရိယာအတွင်း(၇)ရက် ကြာနေထိုင် ခွင့်ကတ် စတဲ့ အထောက်အထား တစ်ခုခုနဲ့ နေထိုင်လုပ်ကိုင်နေကြတာပါ။ အများစုက နယ်စပ်လမ်းကြောင်းတွေ ကတဆင့် သွားရောက် အလုပ်လုပ်နေကြသူတွေဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေအဓိကကြုံတွေ့နေရတဲ့ပြသနာက work permit ထဲက လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းရှင်နဲ့ အပြင်မှာတကယ်လုပ်ကိုင်နေရတဲ့ လုပ်ငန်း အမျိုးအစား၊လုပ်ငန်းရှင်မတူတဲ့ ပြသနာ ဖြစ်ပါတယ်။ တချို့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေဟာ Work Permit နဲ့ ကနဦး သဘောတူညီထားတဲ့ အလုပ်မှာ အဆင်မပြေတဲ့အခါ နောက်လုပ်ငန်းခွင်တစ်ခုကိုပြောင်းလဲ လုပ်ကိုင်ရင်း အထောက်အထား မဲ့သွားတာမျိုးလည်းရှိတတ်ပါတယ်။

“နားမလည်တဲ့မြန်မာလုပ်သားတချို့ကတော့ ပွဲစားတွေနဲ့ ထိုင်းအောက်ခြေ ဝန်ထမ်းတွေပေါင်းပြီး သူဌေးအမည်ခံအတုနဲ့ Work Permit အတုပြုလုပ်တာမျိုး တွေလည်းရှိတယ်။ ခုဥပဒေက အလုပ်ရှင်နဲ့ အလုပ်မတူလို့ အဖမ်းခံရတဲ့မြန်မာ အလုပ် သမားတွေလည်းရှိတယ်”လို့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း လုပ်သားအရေး ဆောင်ရွက်သူ ဦးကျော်သောင်းက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ လူကုန်ကူးမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်နေလို့ အခုလိုတင်းကျပ် တဲ့ အလုပ်ရှင်၊ အလုပ်သမား ဥပဒေသစ် ထုတ်ပြန်လိုက် ရတာဖြစ်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အရေးလှုပ်ရှားသူတချို့က သုံးသပ်ပါတယ်။

ထိုင်းနိုင်ငံကိုသွားရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေအတွက် သုံးသန်း ကျော်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုနဲ့ အလုပ် လက်မဲ့နှုန်းတွေက မလျော့ကျသေးသလို အဲဒီရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်ဖို့ကလည်း အဆင့်သင့်မဖြစ်သေးပါဘူး။

မြန်မာနိုင်ငံကသတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခလစာ တစ်နေ့ (၃၆၀၀)ကျပ် ကိုလည်း လုပ်ငန်းခွင် တော်တော် များများကမပေးနိုင်သေးပါဘူး။ မြို့ပြဒေသတွေမှာတော့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီးတိုးတက် မှုအနည်းငယ်ရှိလာပေမယ့် အခြေခံလုပ်သားတွေအတွက်အလုပ်အကိုင် ရရှိရေး မှာစိန်ခေါ်နေမှုတွေ ရှိနေပါသေးတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သမားဝန်ကြီးဌာနက တစ်နေ့ကို အနိမ့်ဆုံး လုပ်ခလစာ ဘတ်(၃၀၀) သတ်မှတ် ထားပါတယ်။ ထိုင်းငွေ တစ်ဘတ်ကို မြန်မာငွေ ကျပ် (၄၀) နီးပါးအထိ ရှိနေတာကြောင့် အနိမ့်ဆုံး တစ်နေ့ကို မြန်မာငွေကျပ်တ စ်သောင်းကျော်   လုပ်အားခ ဝင်ငွေရှိပြီး ပြည်တွင်းက တစ်နေ့လုပ်အားခ ပမာဏနဲ့ နှိုင်းယှဉ်ရင် ကွာခြားမှုက သုံးဆလောက် ရှိနေပါတယ်။

ဒါကြောင့်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုဟာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေပိုမို ရရှိတဲ့ထိုင်းနိုင်ငံလို နေရာမျိုးမှာပဲ သွားရောက် အလုပ်လုပ်ဖို့ရွေးချယ်ခဲ့ကြတာပါ။

ပြည်တွင်းကို ပြန်လည်ရောက်ရှိလာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တွေကို ပြည်တွင်းကဆာကူရာ ဦးဌေးအောင်တို့လို လုပ်ငန်းရှင်တချို့က ထိုင်းနိုင်ငံမှာ ရရှိတဲ့နှုန်းထားအတိုင်း ကျွမ်းကျင်မှုရှိတဲ့လုပ်ငန်း တွေအလိုက် လုပ်ခလစာ ပေးပြီး အလုပ်ခန့်အပ်သွားမယ်လို့ ဆိုထားပါတယ်။ ဖမ်းဆီးခံရလို့ အမိနိုင်ငံကို ပြန်ရောက်လာတဲ့ နိုင်ငံသားလုပ်သားတွေကို ပြည်တွင်း လုပ်ငန်းရှင်တွေက ထိုင်းနိုင်ငံကလစာနှုန်းထားအတိုင်း ပေးမယ်ဆိုတာ သတင်းကောင်းတစ်ခုဆိုပေမယ့် ရွှေ့ပြောင်း အလုပ်သမား သုံးသန်းလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေဖို့ဆိုတာ ဘယ်လိုမှမဖြစ် နိုင်သေးပါဘူး။

ပြည်တွင်းမှာအလုပ်အကိုင်အခွင့်အလမ်းအဆင်ပြေအောင်မဖန်တီးပေးနိုင်သေးတဲ့အချိန်မျိုးမှာ ထိုင်းနိုင်ငံကို သွားရောက် လုပ်ကိုင် နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်လုပ်ကိုင်ခွင့်ရရှိရေး အတွက် မြန်မာအစိုးရအနေနဲ့ထိထိ ရောက်ရောက် ဆောင်ရွ က်ပေးစေချင်တယ်လို့ မြန်မာရွှေ့ပြောင်း လုပ်သားတွေအရေး ဆောင်ရွက်သူ ဦးဘခက်ကပြောပါတယ်။

“အစိုးရက MOU (နားလည်မှုစာခွျှန်လွှာ)နဲ့သွားဖိ့ု လုပ်နေတယ်။MOUလုပ်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ လာပြီးလုပ်ပေး စေချင်တယ်။ မြန်မာနိုင်ငံကို ပြန်ပြီးလုပ်ရမှာနဲ့ MOU က နှစ်လ လောက်ကြာမှာဆို တော့ မြန်မာလုပ်သားတွေအတွက် အခက်တွေ့စေပါတယ်”လို့ ဦးဘခက်က ဆိုပါတယ်။

ကရင်ပြည်နယ် မှာ ဆိုရင်လည်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်ကို စွန့်ခွာကာ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင် နေခဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ရွာတွေပျက်စီးပြီး နှစ်ပေါင်းများစွာ တိမ်းရှောင် နေသူတွေမှာ မှတ်ပုံတင်တို့၊သန်းခေါင် စာရင်းတို့မရှိကြတော့တာ များပါတယ်။ သူတို့တွေအတွက်ပါ မြန်မာအစိုးရ အနေနဲ့ ထည့်သွင်းစဉ်စားဖို့ လိုတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားများ အရေးလှုပ်ရှားသူတွေ ကထောက်ပြပါတယ်။

ထိုင်းနိုင်ငံဘက်မှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ ဖမ်းဆီး ခံရပြီးနောက် ပြန်လည်ပို့ဆောင်တာကိုကြိုဆိုတာဟာ အစိုးရအဆက်ဆက် အခုတစ်ကြိမ်က ပထမ ဆုံးအကြိမ်ပါ။ နယ်စပ်ကနေပြန်ပို့ခံရတဲ့ နိုင်ငံသားအလုပ်သမားတွေကို ကရုဏာထားပြီးကြိုဆိုတာ၊ အလုပ်သမားတွေကို အားပေးတာဟာ တကယ်ကို ကောင်းမွန်တဲ့ လုပ်ရပ်တွေဖြစ်ပေမယ့် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံရပ်ခြားမှာအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေကို ဂုဏ်သိက္ခာ ရှိ ရှိနဲ့တရား ဝင်အလုပ်လုပ်ကိုင်ခွင့်ရှိရေးကို မြန်မာအစိုးရအနေနဲ့ ပိုမို အားစိုက် ကြိုးပမ်းသင့်တယ်လို့ မြန်မာ ရွှေ့ပြောင်းလုပ်သား အရေးလှုပ်ရှားသူတွေက တစ်ညီတစ်ညွတ်တည်းဆိုကြပါတယ်။

“ခုကဆိုင်းငံ့ထားတဲ့ကာလပေါ့။ အဲဒီမှာလည်းတချို့ကပြန်လာချင်တယ်။ တချို့က အဲဒီမှာပဲဆက် နေချင်တယ်။ နှစ်နိုင်ငံအစိုးရက အကောင်းဆုံး နည်းလမ်းနဲ့ လုပ်သွားဖို့ ရှိပါတယ်။ ဒါကလည်းသိပ် မကြာတော့ပါဘူး” လို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ဒုညွှန်ချုပ် ဦးအောင်ဌေးဝင်းက ပြောပါတယ်။မြန်မာနိုင်ငံ အစိုးရနဲ့ ထိုင်းနိုင်ငံအစိုးရတို့ အစိုးရချင်း ညှိနှိုင်းမှုများရှိသလို အောက်ခြေ မှာလည်း မဲဆောက် ဒေသခံအာဏာပိုင်တွေနဲ့ မြဝတီဘက်ခြမ်းက တာဝန်ရှိသူတွေ၊အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူတွေပေါင်းပြီး ရွှေ့ပြောင်းမြန်မာအလုပ်သမားများအရေးကိုညှိနှိုင်းမှုတွေပြုလုပ်နေတယ် လို့လည်း ဦးအောင်ဌေးဝင်းကဆိုပါတယ်။

ခုဆိုထိုင်းနိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်နေတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရက ဖမ်းဆီးပြီးအိမ်ပြန် ပို့နေတာဟာ(၁၀)ရက်ကျော်ရှိနေပါပြီ။မြန်မာရွှေ့ပြောင်း အလုပ်သမားတွေတင်ဆောင်လာတဲ့ ထိုင်းအချုပ်ကားတွေကို နေစဉ်မြင်တွေ့နေရတဲ့ မြဝတီဒေသခံတွေရဲ့ စိတ်မကောင်းဖြစ်မှု ၊ဝမ်းနည်းမှုတွေဟာလည်းလျှော့ကျ သွားတယ်မရှိဘဲ တစ်နေ့တစ်ခြားတိုးလာနေ ပါတယ်။ အဲဒီလိုပဲ ထိုင်းနိုင်ငံက ပြန်ရောက်လာတဲ့ရွှေ့ပြောင်းမြန်မာ အလုပ်သမား တွေဟာ အလုပ် လက်မဲ့ ဖြစ်သွားလို့ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက် တွေလည်းအကုန်လုံးဆုံးရှုံးကုန်ပါပြီ။ ပြည်တွင်းမှာလည်း အလုပ်လက်မဲ့ လူဦးရေတိုးလာတာဖြစ်လို့ နိုင်ငံအတွက်လည်းဆုံးရှုံးမှုကြီးတစ်ခုပါပဲ။ထိုင်းနိုင်ငံမှာလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်ရဲ့ အိပ်မက်တွေ၊မျှော်လင့် ချက်တွေ ပြည့်ဝဖို့ဆိုရင် မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့ ညှိနှိုင်းရာကထွက်လာမယ့် အဖြေတစ်ခု အပေါ်မှာမူတည်နေပါတယ်။

ငြမ်းမီဒီယာ
ဇူလိုင်(၁၀)၊ ၂၀၁၇၊ မြဝတီ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,