မြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွား၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Obey Gravity

အမျိုးသားအကျိုးစီးပွားဆိုပါက ဘာလုပ်လုပ်မှန်သည်ဆိုသည့် လောဂျစ်မျိုး လူ့အဖွဲအစည်းအတွင်း ကျယ်ပျံ့စွာ ရောက်ရှိသွားနိုင်ရာ၊ ထိုသို့သာဖြစ်ပါက အမျိုးသားရေးအမျိုးမျိုး ရှိနေသောနိုင်ငံတွင် အင်အားကြီးရာ၊ လူများရာ အုပ်စုများ၏ ကြီးနိုင်ငယ်ညှင်းလုပ်ရပ်များ အားကောင်းလာစရာပင် …

အမျိုးသား အကျိုးစီးပွား ဆိုသော ယူဆချက်သည် နိုင်ငံတိုင်းတွင် ရှိသည်။ ခေတ်သစ် နိုင်ငံတော်များ မတည်ထောင်နိုင်ခင်၊ လှည့်လည် သွားလာခဲ့စဉ် လူ့သမိုင်းတလျောက်ကတည်းကပင် အုပ်စုအကျိုးစီးပွားများ ရှိခဲ့ပါသည်။

ထိုသို့သောအကျိုးစီးပွားရှေ့ရှုလျှက် အုပ်စုအကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားချင်း တိုးတိုက်မိရာက တိုက်ပွဲကြီးများ၊ စစ်ပွဲကြီးများ များစွာဖြစ်ပျက်ခဲ့ရပြီး အဆိုးဝါးဆုံးသော ထိခိုက်နစ်နာမှုများသည် လူသားများအပေါ်သို့ကျရောက်ခဲ့ရသည်။ ကျရောက်နေဆဲလည်း ဖြစ်သည်။ ထိုဆိုးဝါးမှုများကို လူသားဆန်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုအခြေခံများဖြင့် တတ်နိုင်သမျှ ကာကွယ်နိုင်ရန် နိုင်ငံ ပေါင်းချုပ် အသင်းကြီး၊ ဒုတိယကမ္ဘာစစ်ပြီနောက်ပိုင်းတွင် ကုလသမဂ္ဂ စသည်ဖြင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီး များ ဖွဲစည်းလျှက် လူသားတို့၏ လွတ်လပ်ငြိမ်းချမ်းမှုကို ပေါင်းစုထိန်းညှိ ကာကွယ်မြှင့်တင်နိုင်ရန် အပြည်ပြည်ဆိုင်ရာ လွှမ်းခြုံ နိုင်သော စည်းနှောင်မှုမရှိသည့် မူသဘောကြေညာစာတန်းများ၊ စည်းနှောင်မှုရှိသော နိုင်ငံတကာသဘောတူညီချက်မူဘောင်များ၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုယန္တရားများကို အဖွဲ့ဝင်နိုင်ငံများအားလုံး၏ သဘောတူညီမှု၊ ပံ့ပိုးမှုများဖြင့် တည်ထောင် လည်ပတ် လျှက်ရှိသည်။

အချုပ်အခြာအာဏာပိုင် နိုင်ငံတခုသည် လွတ်လပ်စွာရပ်တည် အကျိုးစီးပွားရှာဖွေခွင့်၊ ကာကွယ်ခွင့်များရှိသော်လည်း ကုလ သမဂ္ဂ ပဋိညာဉ်စာတမ်းအပါအဝင် မိမိတို့၏ စိတ် ဆန္ဒဖြင့် ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးခဲ့သော ကုလသမဂ္ဂ၏ အပြည်ပြည် ဆိုင်ရာ သဘောတူညီချက်များကို ကျော် လွန်လျှက်တော့ ဆောင်ရွက်ခွင့်မရှိပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများ၊ လူသားခြင်းစာနာခြင်းဆိုင်ရာဥပဒေများ အတွင်းတွင်သာ မိမိတို့နိုင်ငံ၏ အမျိုးသား အကျိုး စီးပွားကို အခြားနိုင်ငံများ၏ အမျိုးသားအကျိုးစီးပွား ထိခိုက်စေခြင်းမရှိဘဲ ရှာဖွေနိုင်ပါသည်။

မိမိတို့နိုင်ငံမှ သဘောတူ လက်ခံလျက် လိုက်နာဆောင်ရွက်မည်ဟုလက်မှတ် ရေးထိုးထားသော နိုင်ငံတကာ သဘောတူညီချက် များ အတွက်မူ မိမိကချိုးဖောက်မိပါက ပို၍ပင် တာဝန်ယူဖြေရှင်းရပါလိမ့်မည်။ ထိုအခြေအနေမျိုးတွင် အချုပ်အခြာအာဏာအရ၊ အမျိုးသား အကျိုးစီးပွားအရ လုပ်လိုက်ပါသည်ဟု ပြောဆိုခွင့်မရှိပါ။ကိုယ်တိုင် ကာကွယ်မည် ပြောပြီး ကိုယ်တိုင်ကပင် ချိုးဖောက် ခြင်း မျိုး ဖြစ် သဖြင့် ဂုဏ် သိက္ခာအရပါ ပိုမို ထိခိုက် နိုင်ပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကာစ ၁၉၄၈၊ ၁၉၄၉ ခုနှစ်များတွင်ပင် ဥပဒေအရ စည်းနှောင်မှုမရှိသော်လည်း နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများအားလုံး၏ လမ်းညွှန် အခြေခံမူများအဖြစ် သတ်မှတ်ထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် ဥပဒေအရ စည်းနှောင်မှု ရှိသော ကုလသမဂ္ဂလူမျိုးသုဉ်း ဖိနှိပ် သတ်ဖြတ်မှု တားဆီးရေးနှင့် အရေးယူ အပြစ်ပေးရေးဆိုင်ရာ သဘောတူညီချက်တို့ကဲ့သို့သော လူ့အခွင့်အရေးဆိုင်ရာတွင် အရေးကြီးလှသည့် အပြည်ပြည်ဆိုင်ရာ သဘောတူချက်ကြီးများကို တက်ကြွစွာရှေ့တန်းမှ လက်မှတ်ရေးထိုးခဲ့သည်အထိ နိုင်ငံရေးဂုဏ်သိက္ခာ ကြီးမားခဲ့သော နိုင်ငံ ဖြစ်ပါသည်။ (အခြားသော စီးပွားရေးဆိုင်ရာ၊ ကျမ်းမာရေးဆိုင်ရာ၊ အမျိုးသမီးများ၏ အခန်းကဏ္ဍဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်အချို့ကိုလည်း ထိုကာလများမှာပင် လက်မှတ်ရေးထိုးခဲ့ပါသေးသည်။)

လူမျိုးရေး၊ ဘာသာရေးအပါအဝင် မတူညီ ကွဲပြား မှုများအတွင်းတွင် မတူညီမှုအလိုက် လွှမ်းမိုးနိုင်သော သြဇာကြီးရာ၊ လူအရေအတွက်များရာ အုပ်စုကြီးများက ကြီးစဉ်ငယ်လိုက် ဖိနှိပ်သော၊ ခွဲခြားဆက်ဆံသော ကြီးနိုင်ငယ်ညှင်း နိုင်ငံရေးဓလေ့များ လွှမ်းမိုးလာခဲ့သည် …

ထိုကဲ့သို့သောစာချုပ်များ၊ ကြေညာချက်များ ကို သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့သည့် ထိုခေတ်ထိုအခါက မြန်မာနိုင်ငံ၏ နိုင်ငံရေး အတွေးအခေါ်အဆင့်အတန်းသည် အလွန်မြင့်မားခဲ့သည်ဟု ဆိုနိုင်သည်။ လွတ်လပ်မှု၊ အခွင့်တူညီမျှမှု၊ တရားမျှတမှု၊ လူမျိုးစွဲ ဘာသာစွဲအပါအဝင် မည်သည့်မတူကွဲပြားမှုများပေါ်အခြေပြုလျှက်မျှ ခွဲခြားဆက်ဆံခြင်းမရှိမှု အစရှိသည့် အတွေးအခေါ်အရ ခိုင်မာအားကောင်းခဲ့ကြကြောင်းကို မြန်မာနိုင်ငံက တက်ကြွစွာ သဘောတူပါဝင် လက်မှတ်ရေးထိုးခဲ့သော အထက်ဖော်ပြပါ နိုင်ငံ တကာစာချုပ်ကြီးများကို ကြည့်လျှင်သိနိုင်ပါသည်။ လစ်ဘရယ်ဝါဒအရ၊ အမျိုးသားရေးဝါဒအရ၊ ကွန်မြူနစ်ဝါဒအရ စသည်ဖြင့် နိုင်ငံရေး အယူဝါဒ တစ်မျိုးမျိုးကို အခြေခံခြင်း မဟုတ်ဘဲ လောကပါလတရားများကို လေးနက်စွာ ယုံကြည်ခဲ့ကြသဖြင့်သာ ထိုသို့ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်မှာ ထင်ရှားခဲ့ပါသည်။ ထို့နောက်တွင်တော့ ကံမကောင်းစွာပင် စစ်အာဏာ သိမ်းမှုများ၊ ဆိုရှယ်လစ် ဝါဒအလွဲသုံး အာဏာရှင်ခေတ်များ၊ စစ်အာဏာရှင်ခေတ်များ၏ အဆိုးဝါးဆုံးသောအမွေအဖြစ် ပညာရေး နိမ့်ကျမှုများမှတဆင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအဆင့်အတန်းသည် အရှိန်အဟုန်နှင့် ကျဆင်းခဲ့ရပါသည်။

အမှုရင်ဆိုင်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် စိတ်ခွန်အား ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လူစုလူဝေးထောက်ခံပွဲများတွင် အပြောအဆိုမှားပါက ဆေးအတွက် ပိုလေးလာနိုင်မည်ဖြစ်သည် …

သက်ဦးဆံပိုင်ပဒေသရာဇ်ခေတ် အချို့သောဘုရင်များ ထားခဲ့ဖူးသော နိုင်ငံရေးအရ မတူညီကွဲပြားမှုများအပေါ် လေးစား အသိ အမှတ် ပြုမှု အဆင့်အတန်းမျိုးပင် မရှိတော့သည်အထိ နိမ့်ကျလာခဲ့ရပါသည်။ လူမျိုးရေး၊ ဘာသာရေးအပါအဝင် မတူညီ ကွဲပြား မှုများအတွင်းတွင် မတူညီမှုအလိုက် လွှမ်းမိုးနိုင်သော သြဇာကြီးရာ၊ လူအရေအတွက်များရာအုပ်စု ကြီးများက ကြီးစဉ်ငယ်လိုက် ဖိနှိပ်သော၊ ခွဲခြားဆက်ဆံသော ကြီးနိုင်ငယ်ညှင်း နိုင်ငံရေးဓလေ့များလွှမ်းမိုး လာခဲ့သည်။ ထိုအခြေအနေများနောက်ခံတွင် ဖြစ်ပေါ် လာသော စိန်ခေါ်မှုများအား ကိုင်တွယ် ဖြေရှင်းကြရာ၌ မှန်ကန်သင့်လျော်သလို မကိုင်တွယ်တတ်တော့ရာမှ အလွန်အကျွံ ဖြေရှင်းမှုများ ဖြစ်လာခဲ့သည်။ မဖြစ်သင့်မဖြစ်ထိုက်သည့် အမှားများစွာ ကျုးလွန်လာမိကြတော့သည်။

ယခု ရင်ဆိုင်နေရသော ICJ မှ တရားစွဲဆို ခံနေရမှုကို တုံ့ပြန်ရာ တွင်လည်း အစိုးရမှ အစ ပြည်သူများအထိပုံစံ အမျိုးမျိုးဖြင့် နိုင်ငံ အကျိုးစီးပွားအကြောင်း၊ အမျိုးသားအကျိုးစီးပွား အကြောင်း ပြောလာကြသည်။အလော သုံးဆယ် တုံ့ပြန်ပြောဆို လုပ်ကိုင်မှုများ တွေ့နေ ရသည်။ အချို့ကလည်း တခြားနိုင်ငံတွေလည်းဘယ်သို့ ဘယ်ညာ ချိုးဖောက်နေကြသည့် အတွက် ငါတို့ကျမှ မတရား မလုပ်နဲ့ ဆိုသည့် “ လူမိုက်တန်းညှိလောဂျစ်များ” ဖြင့် ပြောဆိုနေကြသလို၊ အချို့ကလည်း အနုပညာဆန်ဆန် ခံစားမှုများဖြင့် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဆန်လာကြသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဘယ်နိုင်ငံတကာဘာသာတူအုပ်စုက ဝိုင်းမြှောက်ပေးသဖြင့် တရားစွဲဆိုခံနေရသည်ဟု နိုင်ငံတကာအုပ်စုတစ်စုကို ပစ်မှတ် ထားမုန်းတီးစိတ်များ ဖြစ်ပေါ်လာစေအောင် ဖန်တီးနေသလို ဖြစ်နေသည်ကိုလည်း တွေ့ရသည်။ (ထိုအတိုင်းမှန်သည်ထား၊ ထို အချက်ကို လိုသည်ထက်ပို၍ ပြောဆိုနေခြင်းသည် ပြည်တွင်းအတွက် အကျိုးများစရာမရှိဘဲ မလိုလားအပ်သော ပြဿနာ များကိုပင် ဖိတ်ခေါ်နေသလို ဖြစ်စေမည်ဟု ထင်ပါသည်။ မိမိတို့သာ တရားစွဲဆို ခံရသည့်အခြေအနေမျိုး လုပ်ဆောင် ထားခြင်း မရှိပါက မည်သူ ကမျှ တရားစွဲဆိုခွင့် ရှိမည်မဟုတ်ပါ။) ထို့ထက်ဆိုးသည်မှာ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံ့အကျိုးစီးပွား အတွက် ဆိုပါက လူစုပြီး ရပ်ခံ သင့်သည်ဆိုသည့် ပြောဆိုစည်းရုံးမှုများပင် ဖြစ်သည်။အမှန်အမှား ကိုသာ အခြေပြုဝေဖန် ဆန်းစစ် လျက် မှန်သည့် ကိစ္စရပ် အတွက်သာ ရပ်ခံစည်းလုံး ညီညွတ်ရပါလိမ့်မည်။

အမှုသွားရင်ဆိုင်ရာတွင် မည်သည့်ပုံစံဖြင့်တုံ့ပြန်လျှောက်လဲမည်ကို မသိရသေးခင် ထိုသို့ ကြိုတင်လူစုခြင်းမျိုးသည် သွားရောက် အမှုရင်ဆိုင်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် စိတ်ခွန်အား ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လူစုလူဝေးထောက်ခံပွဲများတွင် အပြောအဆိုမှားပါက ဆေးအတွက် ပိုလေးလာနိုင်မည်ဖြစ်သည်။

ဒီမိုကရေစီတန်ဖိုးများကို တန်ဖိုးထားမြှင့်တင် ကာကွယ်တတ်သည့် လူ့အဖွဲ့အစည်းမျိုး၊ နိုင်ငံရေးအဆင့်အတန်းမျိုး ပြန်လည် ရရှိလာပြီး  …

အချို့သော racist မီဒီယာများကလည်း စီးပွားဖြစ် ရည်ရွယ်ချက် များဖြင့် ဖြစ်ပျက်ခဲ့မှုများကို သေချာစွာ အချက်အလက် ရှာဖွေ တင်ပြခြင်းမပြုဘဲ တောက်လျှောက်အသုံးပြုလာခဲ့သည့် narrative ကို ထပ်ကာထပ်ကာပြောဆိုမှိုင်းတိုက် နေကြသည်။ အမှား အမှန်အခြေပြုဆင်ခြင်ခြင်းအတွက် နေရာရှိဟန်ပင်မတူပါ။ နိုင်ငံရေး အမြတ်တော့ရကောင်း ရနိုင်မည် ဖြစ်သော်လည်း လက်ရှိ ပြည်တွင်းအခြေအနေများအရ အန္တရယ်ကြီးမားလှသည့် လုပ်ဆောင်မှုများဟု မြင်ပါသည်။

အာဏာရှင်အဆက်ဆက်၏ ဒဏ်ရာဒဏ်ချက်တို့ဖြင့် အထွေထွေအခက်အခဲများ ပိနေသော၊ နိုင်ငံတကာနိုင်ငံရေးအမြင် အပိတ် ခံထား ရသော်လည်း ခေါင်းဆောင်အား အလွန်အမင်း ယုံကြည်ကိုးစားကာ ဘာမဆို မျက်စိမှိတ်ထောက်ခံရန် ဝန်မလေးသော ရိုးသား သည့် ပြည်သူများအား ထပ်၍ပင် အမှောင်ထဲတွန်းပို့သလို ဖြစ်သွားနိုင်ပါသည်။

အမျိုးသားအကျိုးစီးပွား ဆိုပါက ဘာလုပ်လုပ်မှန်သည်ဆိုသည့် လောဂျစ်မျိုး လူ့အဖွဲအစည်းအတွင်း ကျယ်ပျံ့စွာ ရောက်ရှိသွားနိုင်ရာ၊ ထိုသို့သာဖြစ်ပါက အမျိုးသားရေးအမျိုးမျိုး ရှိနေသောနိုင်ငံတွင် အင်အားကြီးရာ၊ လူများရာ အုပ်စုများ၏ ကြီးနိုင်ငယ်ညှင်းလုပ်ရပ်များ အားကောင်းလာစရာပင် ရှိသွားမည်ဖြစ်သည်။

ထိုသို့သော ဆောင်ရွက်မှုများအစား ဖြစ်ပျက်ခဲ့သမျှ သတိသံဝေဂယူကာ မှားခဲ့သည်များကိုလည်း အမှန်အတိုင်းဖြစ်စေလျက် အကျုးလွန်ခံရသူများအား တရားမျှတမှုရရှိစေကာ ကျုးလွန်ရာတွင် တာဝန်ရှိသူများအားလုံးအပေါ် ထိရောက်စွာ ပြစ်ဒဏ် ချမှတ် နိုင်ရေးသို့ ဦးတည်သင့်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျုးလွန်သူများအား တရားရင်ဆိုင်ရန်အတွက် ဖိအားပေးရေး ညီညွှတ်စွာဖြင့် စုစည်းရပ်ခံကြသည့် အခြေအနေမျိုးဆိုလျှင်တော့ မဆိုးလှဟု ထင်ပါသည်။ တရားမျှတမှု၊ ဒီမိုကရေစီ အခွင့်အရေးနှင့် တာဝန်ယူမှု၊ လူအခွင့်အရေးအား နားလည်စွာလေးစား လိုက်နာတတ်စေမှုတို့ကို ထိရောက် ကျယ်ပျံ့စွာ ပြန်လည်အားဖြည့် လုပ်ဆောင်နိုင်ရန် အထူးလိုအပ်နေပါသည်။

ထိုနည်းဖြင့်သာ ဒီမိုကရေစီတန်ဖိုးများကို တန်ဖိုးထားမြှင့်တင် ကာကွယ်တတ်သည့် လူ့အဖွဲ့အစည်းမျိုးနိုင်ငံရေး အဆင့်အတန်းမျိုး ပြန်လည် ရရှိလာပြီး မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်မှု မပြုနိုင်သေးသည့် လူ့အခွင့်အရေးဆိုင်ရာ၊ လူသားခြင်း စာနာထောက်ထားမှု ဆိုင်ရာ နိုင်ငံတကာသဘောတူ စာချုပ်များကို လက်မှတ်ရေးထိုးနိုင်လာပြီး ကမ္ဘာက လေးစားရသည့် နိုင်ငံရေး ဂုဏ်သိက္ခာ မြင့်မားသော နိုင်ငံဘဝကို ပြန်လည်ရောက်ရှိလာနိုင်မည်ဖြစ်သည်။ထိုနည်းများ ဖြင့်သာ နိုင်ငံအကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွား တို့ ကောင်းစွာ ရရှိလာမည်ဟု ယုံကြည်ပါကြောင်း . . . ။ ။

မိုးသန်

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,