မွတ်စလင် ကွန်မြူနတီအနေနဲ့ ဒီအနာကြီးကို ဆက်ပြီး မနာစေချင်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင်သူ ဦးမြအေး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊တိုင်းရင်းသားလူမျိုးစု များအတွင်းရှိ လူမျိုးစုငယ်များ၏ အခြေအနေများ၊၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နေမှု အခြေအနေ၊ရွေးကောက်ပွဲနှင့် လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့်ပတ်သက်၍ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ခေါင်းဆောင်၊ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင် တည်ထောင်သူ ဦးမြအေး ကို ငြမ်းမီဒီယာ က တွေ့ဆုံ မေးမြန်းခဲ့သည်။

ငြမ်းမီဒီယာ – ၂၀၁၅ မှာ မွတ်ဆလင်ကွန်မြူနတီဟာNarrow angel ထဲကို ရောက်သွားသလို ခံစားရသူတွေ ရှိတယ်လို့ ဦးမြအေးလည်း ပြောဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သဘောထား ကို ကြည့်ပြန်ရင်လည်း မတူကွဲပြားမှုတွေကို သူ့အနေနဲ့ အလေးထား အသိအမှတ်ပြုတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ဟာNLD ပါတီ ရဲ့ မူဝါဒလည်း ဖြစ်မှာပါ။ အဲဒီလို ဆိုရင် အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့ မွတ်စလင် ကွန်မြုနတီက လူတွေ NLD ပါတီ ကနေ ရွေးကောက်ပွဲ ဝင်ရနိုင်ဖွယ် ရှိလား။ အဲဒီအခြေအနေကို ရောမြင်လား။

UMA – ကျနော်အဲဒီနေ့က ပြောတဲ့အထဲမှာ တော်တော် ရှင်းရှင်း လင်းလင်းလေးပြောတာပါ။ ကျနော်ပြောတာ ဒီမိုကရက်တစ် principle ကိုပဲ ပြောတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုင်းပြည်မှာ နိုင်ငံသားမှန်ရင် အရည်အချင်း ရှိရင် လူမျိုးဘာသာ မရွေးဘဲနဲ့ ၊မခွဲခြားဘဲနဲ့ ရွေးပါ။ အရည်အချင်းမရှိရင် တစ်ယောက်မှ မရွေးနဲ့။ လူမျိုးရေးကြောင့်၊ဘာသာရေးကြောင့် မရွေးဘူးဆိုတာတော့ မလုပ်နဲ့။ ဒါဒီမိုကရက်တစ်စံ နဲ့ လွဲသွားပြီလေ။ အဲဒီတော့ ဒီမိုကရက်တစ်ပါတီလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်ဆိုရင် ဒါသူတို့ စဉ်းစားရမယ့်ကိစ္စပါ။ ကျနော်တို့က မွတ်စလင်က လေးသန်းရှိတယ်။ငါးသန်းရှိတယ်။ အယောက်သုံးဆယ်ပေးတွေ၊ လေးဆယ် ပေးတွေ ရှယ်ယာစနစ်တွေ မလိုချင်ဘူး။ အရည်အချင်း မရှိရင် တစ်ယောက်မှ မရွေးနဲ့။ ဒါပေမယ့် ကျနော် ကတော့ အရည်အချင်း ရှိတဲ့ လူ ပြမှာနော်။ အရည်အချင်းလည်း ရှိရမယ်။ သမိုင်းကြောင်းဖြတ်သန်းမှုလည်း ရှိရမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မြန်မာမွတ်စလင် သမိုင်း ရိုင်းလိမ့်မယ်။ ကျနော်တို့ လုံးဝလက်ခံလို့မရဘူး။ ဖောက်ပြန်ရေးသမားလို့ သတ်မှတ် မှာ။ အဲဒါလည်း ဗြောင်ပြောပြီးပြီ။ အဲဒါ …

ပေးဆပ်မှု လည်း ရှိရမယ်။NLD ဆို NLD ထဲက လူပဲ ထောက်ပြမှာ။ အများက လက်ခံထားတဲ့သူတွေ ကျနော်ပြမှာ။ လမ်းဘေး က လူကိုခေါ်ပြီး NLD ထဲ ထည့်ဖို့ စိတ်ကူးမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့ ပါတီတစ်ခုမှာ သူ့ရဲ့ အတွင်းရေးကို ကျနော်တို့ ဝင်ရောက် ခြယ်လှယ် စွက်ဖက်ပိုင်ခွင့်မရှိဘူး။ ပါတီတစ်ခု ဆိုတာ သူ့စည်းမျဉ်းနဲ့သူသွားတာလေ။ ကျနော်တို့ မကြိုက်တဲ့ကိစ္စက ၂၀၁၅ တုန်းက ကြုံခဲ့ ပြီးသွားပြီ။ လူမျိုးရေး၊ ဘာသာရေးကြောင့် မရွေးဘူး။ဒါက ရှင်းတယ်။အဲဒီတုန်းကNLD တာဝန်ရှိသူတွေရဲ့ နောက်ပိုင်း အင်တာဗျူးတွေမှာလည်း တွေ့ရမှာပါ။ အဲဒါက ထားခဲ့လိုက်တော့။ အဲဒီမှာ မွတ်စလင် ကွန်မြူနတီက ဘာဖြစ်လဲ ဆိုတော့ ငါတို့က ဘလိုင်းကြီး အကြဉ်ခံလိုက်ရပြီ ဆိုပြီး ခံစားမှုတွေ ဖြစ်ကုန်ကြတာ။ ဆိုလိုတာက အရည်အချင်း မရှိလို့မရွေးဘူးဆိုရင် တစ်မျိုးလေ။ အရည်အချင်းမရှိ၊တိုင်းပြည်အတွက် အသုံးမကျရင် မရွေးနဲ့ ဒါက ရှင်းတာပဲ။ သူကိုးကွယ်တဲ့ ဘာသာတရားကြောင့် ၊သူ့ရဲ့ အသားအရောင်ကြောင့် ၊သူ့ရဲ့ လူမျိုးကြောင့် မရွေးဘူး ဆိုရင် ဒီမိုကရက်တစ်ပါတီ တစ်ရပ်အနေနဲ့ ဒါက မသင့်တော်ဘူး။ နောက်တစ်ခု မင်းတို့လူဦးရေ ဘယ်လောက်ရှိလို့ ငါတို့က လူဦးရေ ဘယ်လောက်ပေး ဒါလည်း မလိုချင်ဘူး။ ရှယ်ယာမလိုချင်ဘူး။ အဲဒါ အဓိပ္ပာယ် မရှိဘူး။ ကျနော် Identity အပေါ်မှာ ဘယ်တော့ မှ မစဉ်းစား ဘူး။ အရည်အချင်းရှိရင် ဟိန္ဒူဖြစ်ဖြစ်၊ ခရစ်ယာန် ဖြစ်ဖြစ်၊ မွတ်စလင်ဖြစ်ဖြစ် မခွဲခြားပါနဲ့။ ဒါကလုပ်ရမှာလေ။ ၂၀၂၀ မှာ ၂၀၁၅ လို ကျနော်က ပြန်မဖြစ်စေချင်တော့ဘူး။ နောက်တစ်ချက် က ဒီမိုကရက်တစ်စံအရ တိတိကျကျ ကျင့်သုံးစေချင်တယ်။ လူမျိုးဘာသာ မခွဲခြားဘဲနဲ့ နိုင်ငံသားမှန်ရင် ဖြတ်သန်း မှု ကောင်းရင် နိုင်ငံရေး နားလည်ရင် တိုင်းပြည် အတွက်ရွေး။ နောက်တစ်ခုက မွတ်စလင် ကွန်မြူနတီအနေနဲ့ ဒီအနာကြီး ကို ဆက်ပြီး မနာစေချင်ဘူး။ နိုင်ငံရေးသမားကောင်းတစ်ယောက်ဆို စဉ်းစားတတ်တယ်။ တစ်ကမ္ဘာလုံးက အိုင်စီဂျေ ကိစ္စတွေ ရော၊ ပြည်ပဖိအားတွေရော မြန်မာပြည်ကို မျက်စောင်းထိုးနေတဲ့ အချိန်အခါမျိုးမှာ ဒီလို ဖြစ်ရပ်မျိုးကြီးကို ထပ်ပြီးကျူးလွန်ဖို့ မသင့် တော့ဘူး။ မွတ်စလင်ကွန်မြူနတီကို နှစ်သိမ့်မှုတစ်ခု ပြန်ပေးရလိမ့်မယ်။ အများကြီး မဟုတ်ဘူး။တစ်ယောက် ၊နှစ်ယောက်ဆို မွတ်စလင် ကွန်မြူနတီက ပျော်သွားလိမ့်မယ်။ မွတ်စလင် ကွန်မြုနတီ ထဲမှာ ကျနော်တို့က ဇက်သတ်လို့ရတယ်။ ငါးယောက်လည်း မလိုဘူး။အရည်အချင်းမရှိတဲ့ ငါးယောက် လွှတ်တော်ထဲရောက်တာ ငါတို့ ကွန်မြုနတီ ရှက်စရာကောင်းတယ် လို့ ပြောလို့ရတယ်။

လူမျိုးရေး၊ ဘာသာရေး ခွဲခြား တဲ့ နိုင်ငံရေးပါတီတစ်ရပ်ထဲမှာ ပါသွားမှာပဲ။ ကျနော်ပြော တာက မွတ်စလင် ကွန်မြူနတီမှ မဟုတ်ဘူး။နိုင်ငံသားမှန်ရင် …

ကျနော် တကယ် ပြောလို့ရတယ် ။ ကျနော် ဘာသာရေးသမားမဟုတ်ဘူး။ ဒါပေမယ့် ကျနော်ပြောလို့ရတဲ့ တကယ့်ခေါင်းဆောင် တွေ အများကြီး ရှိတယ်။ ပြောလည်း ပြောနိုင်တယ်။ ပြောဖို့အားလည်း ရှိတယ်။ တစ်ယောက် ၊နှစ်ယောက် တော်ပြီပေါ့ လို့ ကျနော် ပြောလို့ရတယ်။ လောဘမကြီးနဲ့ လို့ ပြောလို့ရတယ်။ ပြောလို့ရပါတယ်။ လက်ခံပါတယ်။ ကွန်မြူနတီထဲမှာ အဲလောက်ထိခေါင်းမာတဲ့ သူ မရှိဘူး။ အခု ကျနော်တို့ ကွန်မြူနတီမှာ ကျနော်တို့ ပြဿနာ တက်နေတဲ့ ကိစ္စက အမတ်ဖြစ်ရရင် ပြီးရောဆိုပြီး အာဏာရှင် စနစ်ကို သက်ဆိုးရှည် ချင်တဲ့ လူတွေနဲ့ ပေါင်းပြီးတော့ လုပ်မယ့် အုပ်စုကို ကျနော်တို့က စိုးရိမ်နေရတယ်။ အဲဒါတော့ ကျနော်တို့ အဖြစ်မခံနိုင်ဘူး။ မြန်မာမွတ်စလင် သမိုင်း ရိုင်းလိမ့်မယ်။ ကျနော်တို့ လုံးဝလက်ခံလို့မရဘူး။ ဖောက်ပြန်ရေးသမားလို့ သတ်မှတ် မှာ။ အဲဒါလည်း ဗြောင်ပြောပြီးပြီ။ အဲဒါတစ်ခုရှိတယ်။ နောက်တစ်ခုက မဲမပေးကြနဲ့ဟေ့ ဆိုတဲ့ဟာ။ ဒါကလည်း သဘာဝမကျဘူး လေ။ ဒီမဲ ပေးဖို့အတွက် လူတွေ အများကြီး အသက်တွေ၊သွေး၊ချွေးတွေ ရင်းခဲ့ရတာလေ။ ဒီမိုကရေစီRights လေ။ နိုင်ငံသား ရဲ့ အခွင့်အရေးလေ။ တာဝန်လည်းတာဝန်လေ။ အခွင့်အရေးကြီးပဲ လိုချင်လို့ မရဘူး။ တာဝန်ဆိုတာပါ ယူရတာလေ။ အဲဒါကိုလည်း ကျနော်တို့က ခံနေရတာ။ အဲဒီနှစ်ခုကို ကျော်လွှားနိုင်ဖို့ ကြိုးစားနေတဲ့ အချိန်အခါမှာ ၂၀၁၅ ကလို ဘာသာရေးအကြောင်းပြ၊ လူမျိုးရေးအကြောင်းပြပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း မရွေးဘူးဆိုရင် ကျနော်တု့ိ ဘယ်လိုမှ ထိန်းလို့ရမှာ မဟုတ်ဘူး။

ငြမ်းမီဒီယာ – အဲဒီတော့ လာမယ့် ရွေးကောက်ပွဲမှာရော NLD က မွတ်စလင်ကွန်မြူနတီထဲက နေ ကိုယ်စားလှယ်လောင်း ရွေးမယ်လို့ထင်လား။

UMA – ကျနော်ရွေးပါစေလို့ပဲ ဆုတောင်းတယ်။ တစ်ယောက်လောက်၊ နှစ်ယောက်လောက်ဆိုတော်ပြီ။ အဲဒီဟာကို ကျနော်တို့က လည်း ပြောလို့ရတယ်လေ။ မဟုတ်ဘဲနဲ့ ကျနော်သွားပြောရင် ခင်ဗျားကသာ ဒီမိုကရက်တစ် ပြောနေတာ ခင်ဗျားလူတွေက ဒီလို ဆိုပြီး ကျနော့်ကို ဆဲမှာပေါ့ (ရယ်လျက်ပြော)။

ငြမ်းမီဒီယာ – ဆုတောင်း တာ က ဦးမြအေး အပိုင်းပေါ့ခင်ဗျာ။ ကျနော်ဆိုလိုတာက NLD က ရွေးမယ်လို့ထင်လား။

UMA – ကျနော်ကတော့ မွတ်စလင်ဆိုတာ ဖယ်လိုက်၊ ဗုဒ္ဓဘာသာဆိုတာ ဖယ်လိုက် နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ နိုင်ငံရေး ဆန်ဆန်ပဲ စဉ်းစားမယ်။ ကျနော်သာ ဒီလိုမျိုးနေရာကို ဖြေရှင်းရမယ့် နိုင်ငံရေးသမားတစ်ယောက်ဖြစ်တယ်ဆိုရင် နိုင်ငံရေးသမားကောင်းတစ်ယောက်က အင်တာနေရှင်နယ် ပရက်ရှာ ၊အိုင်စီဂျေ ပြဿနာ၊ပြည်တွင်း မှာရှိနေတဲ့ မွတ်စလင်တွေရဲ့ ခံစားမှုနဲ့ ၎င်းအုပ်စုရဲ့ မဲ ။အဲဒါတွေ အကုန်လုံး ခြုံငုံ စဉ်းစားမယ်ဆို မရွေးဘဲ နဲ့ မနေဘူး။ အရည်အချင်း မရှိဘဲနဲ့လည်း မရွေးဘူး နော်။ ဥပမာ အားဖြင့် လူပုဂ္ဂိုလ်အရ ပြောပြမယ်ဗျာ။ မန္တလေးက ဒေါ်ဝင်းမြမြ ။ သူ ဗမာမွတ်စလင်လေ။ သူ့ကို အရည်အချင်း မရှိဘူးလို့ ဘယ်သူပြောမလဲ။ ပေးဆပ်မှု သမိုင်းမရှိဘူးလို့ ဘယ်သူပြောမလဲ။ NLD အပေါ် သူ့လောက် သစ္စာ ရှိတဲ့သူ တော်တော်ရှားပါတယ်။ သစ္စာ မရှိဘူးလို့ ဘယ်သူပြောမလဲ။ ခေါင်းဆောင်ပိုင်း နေရာမှာ သာဆို ကွန်မြူနတီ ကို နှစ်သိမ့်မှု ပေးတဲ့ အနေနဲ့ရော၊ ကွန်မြူနတီရဲ့ မဲတွေအတွက်ရော၊ နိုင်ငံတကာရဲ့ အပြ အတွက်ရော စဉ်းစား။ နောက် တိုင်းပြည်အတွက် တကယ် အကျိုးရှိမယ့် ဟာကိုလည်း စဉ်းစားမိတယ်ဆိုရင် ခင်ဗျား မရွေးဘဲ နဲ့ မနေဘူးဗျ။ အဲဒါမှ မရွေးဘူးဆိုရင် ဒီမိုကရက်တစ်ပါတီကို မဟုတ်တော့တာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဦးမြအေး ရုပ်သံဖိုင်တစ်ခုမှာ ပြောခဲ့တာ က မွတ်စလင်ကွန်မြူနတီအတွက် တစ်ယောက်၊နှစ်ယောက်ဆို တော်ပြီ။ အကယ်၍ မရွေးဘူးဆိုရင် မဲမပေးနဲ့လို့ ပြောတာတွေ့ ရတယ်။ မဲမပေးနဲ့ဆိုတာက NLD ကို မဲမပေးဖို့ ပြောတာလားခင်ဗျ။

UMA – ကျနော့်တစ်ယောက်တည်း သဘောထားအရဆို ဒီမိုကရက်တစ်စံနဲ့ ကိုက်၊မကိုက်စဉ်းစားရမှာလေ။ မကိုက်ဘူးဆိုရင် ဒီမိုကရေစီအပြောင်းအလဲကို သူဘယ်လောက် ထိ ဖော်ဆောင်နိုင် မလဲ ဆိုတာ ကျနော်သံသယ အများကြီး ဖြစ်လာပြီလေ။ အဲဒီ အချိန်မှာကျနော်က သွားပြီး သူတို့လုပ်တာ မှန်ပါတယ်လို့ ပြောဖို့ ဆိုတာ ကျနော့်အတွက် မဖြစ်နိုင်တော့ဘူးဗျ။ ကျနော်မဲမပေးနဲ့လို့ မပြောရင်တောင်မှ မဲပေးပါလို့ ပြောမှာ မဟုတ် တော့ဘူး။ ဒါက သေချာတယ်။ ဒါက ပွင့်ပွင့်လင်းလင်းပြော တာ။ ဒီမိုကရက်တစ်စံနဲ့ မှ မကိုက်ညီတာ။ လူမျိုးရေး၊ ဘာသာရေး ခွဲခြား တဲ့ နိုင်ငံရေးပါတီတစ်ရပ်ထဲမှာ ပါသွားမှာပဲ။ ကျနော်ပြော တာက မွတ်စလင် ကွန်မြူနတီမှ မဟုတ်ဘူး။နိုင်ငံသားမှန်ရင် ဟိန္ဒူပဲဖြစ်ဖြစ်၊ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အရည်အချင်း ရှိတယ်၊ တိုင်းပြည်အတွက် အကျိုးပြုမှု ရှိတယ်ဆိုရင် ရွေးပါ။ ရှယ်ယာမပေးနဲ့။ လူဦးရေ အပေါ်မူတည်ပြီးတော့ ငါးယောက်ပေးမယ်၊ ဆယ်ယောက်ပေးမယ် မလိုချင်ဘူး။ တစ်ယောက်၊နှစ်ယောက် တော်ပြီ။ ဘာလုပ်မှာလဲ အများကြီး။ အရည်အချင်း မရှိတဲ့သူတွေ လွှတ်တော်ထဲ ရောက်မှာ ကျနော်လည်း မမြင်ချင်ဘူး။ အဲဒီတော့ ကျနော် အရည်အချင်းရှိတဲ့ သူတွေကို ထောက်ပြမယ်။

ကျနော်တို့ မွတ်ဆလင် ကွန်မြူနတီက အနာတွေနဲ့လေ။Narrow angle ထဲမှာ ဆိုတော့ အမြင်မကျယ်ဘူး။ သူတို့လည်း စိတ်ထဲမှာ …

အခုပဲ ပြောပြီးပြီလေ။ မန္တလေး ဒေါ်ဝင်းမြမြကဲ့သို့သော လူတွေ အများကြီး ရှိသေးတယ်။ ကျနော်နာမည်တွေနဲ့ ပြောမကောင်း လို့။NLD ပါတီရဲ့ ပြင်ပက လူတွေလည်း ကျနော်မပြောဘူး။ ကျနော်မြင်ချင်တာကတော့ ရှင်းတယ်။ကျနော်တည့်တည့်ပဲပြောမယ်။ ၂၀၂၀ ရွေးကောက်ပွဲ မှာ မွတ်ဆလင်ကွန်မြူနတီအတွက် နှစ်သိမ့်မှုလေး ပေးနိုင်အောင် ၊နောက်တစ်ချက်က ဘာလဲဆိုတော့ တိုင်းပြည် အတွက်လည်း အကျိုးရှိတယ်၊ လူမျိုးဘာသာ မခွဲခြားမှုလည်း ပေါ်လွင်အောင် တစ်ယောက်၊ နှစ်ယောက် လောက် NLD က ရွေးလိုက်ရင်ဖြင့် အကောင်းဆုံးပဲလို့ကျနော်ထင်တယ်။ မရွေးဘူးဆိုရင် ဒီကွန်မြူနတီရဲ့ မဲကို ခက်ပါလိမ့်မယ်။အရမ်းခက်ပါလိမ့်မယ်။

ငြမ်းမီဒီယာ – ဦးမြအေး မွတ်ဆလင်ကွန်မြူနတီကို ပြောတာမှာ တော်တော်လေး ပြင်းပြင်းထန်ထန် ပြောထားတာ တွေ့ရပါတယ်။ အာဏာရှင်သက်ဆိုးရှည်အောင် လုပ်နေတဲ့သူတွေက လာမယ့်ရွေးကောက်ပွဲမှာ မွတ်ဆလင်ကွန်မြူနတီထဲက လူတွေကို မက်လုံးပေး ဆွဲဆောင်နေတာမျိုး ရှိနေတာလား။

UMA – ခင်ဗျားလည်း အွန်လိုင်းကြည့်နေတာပဲ တွေ့မှာပေါ့။ ရှိတာပေါ့။ ရှိလို့ကျနော်ပြောတာပဲ။ မင်းတို့ မွတ်စလင်တွေ အနှိမ်မခံရအောင်ငါတို့ လုပ်မယ်။ ငါတို့မှာတော့ မင်းတို့ မွတ်စလင်တွေအတွက် ဘယ်နှနေရာ။ ကျနော်တို့ နေရာအတွက် လုပ်နေကြတာ မဟုတ်ဘူး။ ဗမာမွတ်စလင်တွေက နေရာအတွက် လုပ်နေကြတာ မဟုတ်ဘူး။ ဒါကတော့ ရှင်းရှင်းလင်းပြောချင်တာ။ အခုပြောနေတဲ့ စကားတွေက လူမျိုးဘာသာမခွဲခြားဘဲ ဆက်ဆံမှု လိုချင်လို့ တစ်နေရာ၊နှစ်နေရာ နှစ်သိမ့်မှုလေးပေးပါလို့ ပြောတာ။

တိုင်းပြည်ကို သစ္စာရှိခြင်း၊ မရှိခြင်းက ကိုးကွယ်ရာ၊ဘာသာ လူမျိုးတွေနဲ့ မသက်ဆိုင်ပါဘူး။ ဒီဘက်ခေတ်မှာ ဘာဖြစ်လာလဲဆိုတော့ …

အများကြီး မတောင်းဘူး။ ပြည်သူ့ လွှတ်တော် တစ်နေရာနဲ့ တိုင်းဒေသကြီးတစ်နေရာဆို ပျော်သွားမှာ။ ကျနော်တို့လည်း အားရှိတယ်။ ဒီမိုကရက်တစ်တွေ က ဒီလိုကွ ဆိုပြီး ပြောလို့ရ တယ်။မဟုတ်ရင် ကျနော့်ကို ပုဆိုးလှန်ပြမှာ ။အခု အခြေအနေ မှာ နံပါတ်တစ်အချက် က ဘာနဲ့တိုက်ခိုက်လာလဲဆိုတော့ ငါတို့က ရွေးမယ်။ငါတို့က မင်းတို့ကို ဘာသာလူမျိုး မခွဲခြားဘဲ လုပ်မှာ။ ငါတို့ အုပ်ချုပ်လို့ ရှိရင် မင်းတို့ လူမျိုးရေး၊ဘာသာရေး ကိစ္စတွေ နည်းသွားမယ်။ ငါတို့က မင်းတို့ကို နေရာတောင်ပေးတာပဲ ဆိုပြီး စည်းရုံးတဲ့ အုပ်စုက ပီပီပြင်ပြင်ပေါ်ပေါ်ထင်ထင် ဖြစ်လာတယ်။ တည့်တည့်ပြောရင် တချို့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့Interest တွေ ပါလာတယ်။ ပါလာတော့ ကျနော်တို့ မွတ်ဆလင် ကွန်မြူနတီက အနာတွေနဲ့လေ။Narrow angle ထဲမှာ ဆိုတော့ အမြင်မကျယ်ဘူး။ သူတို့လည်း စိတ်ထဲမှာfeeling တွေ ရှိတယ်။ ရှိတဲ့အခါကျတော့ အချိန်မရွေး ယိမ်းသွားနိုင်တယ်။ ကျနော်တို့ ဗမာ မွတ်စလင် တွေ က မြန်မာပြည်ရဲ့ ဒီမိုကရေစီတော်လှန်ရေး အဆက်ဆက်မှာ သစ္စာပျက်တယ်ဆိုတာတော့ အတင်မခံနိုင်ဘူး။ ဗမာ မွတ်စလင် သမိုင်းအရိုင်းမခံနိုင်ဘူး။ အဲဒီအတွက်ကြောင့် ပြင်းပြင်းထန်ထန် ပြောရတာ ဖြစ်တယ်။ ထပ်လည်းပြောမှာပဲ။ အခု ဘာဖြစ်လာလဲဆိုတော့ မဲမပေးနဲ့တို့၊မဲ ရုံမသွားနဲ့တို့ ။ ဟာ..ပေါတောတော ကြောင်တောင်တောင်နဲ့ အကုန်လုံး ဒုက္ခရောက်အောင် လုပ်နေတာပဲလို့ ကျနော်မြင်တယ်လေ။ အဲဒီတော့ ကျနော်ဟန့်ရလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဗျာ မြန်မာပြည်မှာ က တစ်ခု သိထား ပါ။ကွန်မြူနတီတစ်ခုတည်း ထွက်ပြီးတော့မှ လွတ်သွားတယ်ဆိုတာ ဘယ်နိုင်ငံမှာ မှ မရှိပါဘူး။ ကျနော်တို့တစ်နိုင်ငံလုံး ရေမြင့်မှ ကြာတင့်မှာလေ။ ကျနော်တို့ တစ်နိုင်လုံး ရေမြင့်ဖို့ ကြိုးစားဖို့လိုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မွတ်ဆလင် ကွန်မြူနတီကို ဦးမြအေး ပေးချင်တဲ့ ရွေးကောက်ပွဲ မက်ဆေ့ က အာဏာရှင် သက်ဆိုးရှည်အောင် လုပ်နေသူတွေနဲ့ဆက်နွယ်ပြီး ပေးတဲ့ မက်လုံးတွေနဲ့ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်တွေ ကို မဲမပေးဖို့ …။

UMA – Right ။ လုံးဝကန့်ကွက်တယ်။ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။ဒါဖောက်ပြန်ရေးသမားပဲ။

ငြမ်းမီဒီယာ – နောက်တစ်ချက်က ဒီမိုကရေစီစံတွေနဲ့ မညီဘဲ ခွဲခြားမှု ရှိတဲ့ ပါတီတွေကို မွတ်ဆလင် ကွန်မြူနတီအနေနဲ့ မဲမပေးဖို့ ။ဒါက ဦးမြအေး မွတ်ဆလင်ကွန်မြူနတီကိုပေးတဲ့ ရွေးကောက်ပွဲ သတင်းစကားပေါ့။

UMA – ဟုတ်တယ်။ ကျနော်ကတော့ ဒီအတိုင်းပဲ သွားမှာပဲ။ ဒီမိုကရက်တစ်စံတွေနဲ့ မကိုက်ညီဘူးလို့ ယူဆရင် မပေးနဲ့။ဒါပဲ။ ကျနော်ပြောပြီးပြီဗျ မြန်မာမွတ်စလင်အသိုင်းအဝိုင်းဟာ အသုံးချခံ ဖို့ မွေးဖွားလာတာ မဟုတ်ဘူး။ အသုံးချတော့ မခံနိုင်တော့ဘူး။ အဲဒီအတွက်အခွင့်အရေးပေးပါဆိုပြီ ဘာတွေညာတွေ ကျနော်တို့စိတ်လည်း မဝင်စားဘူး။ ကျနော်တို့ကို လူလိုသူလိုတန်းတူညီမျှ ဆက်ဆံမှုလေးပေးပါ။ ကျန်တာ ဘာမှ မလိုချင်ဘူး။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည် နှုတ်ကစကားဟာ ပါတီရဲ့မူဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတူကွဲပြားမှုကို လက်ခံတယ်။ လူတိုင်းရဲ့ ကိုးကွယ်ယုံကြည်ခွင့်ကိုလေးစားတယ်။ ဒါပေမယ့် ၂၀၁၅ မှာ NLD က အစ္စလာမ်ဘာသာဝင်တွေကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ခဲ့ဘူး။ဒါက သိသာတဲ့ မျက်မြင်။ အဲဒီလိုပဲ ဒီနိုင်ငံမှာ ဒီမိုကရေစီစံတွေကို တန်ဖိုးထားပါတယ်ဆိုတဲ့ ပါတီတွေကရော အစ္စလာမ် ဘာသာ ဝင်တွေ အပေါ်၊အခြားမတူကွဲပြားမှုတွေအပေါ် တန်ဖိုးထား တဲ့ ပါတီမျိုး ရှိလား။ တွေ့မိသလား။

UMA – ရှိတာပေါ့ဗျာ။

ငြမ်းမီဒီယာ – ဘယ်ပါတီလဲ။

UMA – အံ့အားသင့်ဖို့ကောင်းတယ်။ ကျနော်ဘက်လိုက်ပြီး မပြောဘူး။ တိုင်းရင်းသားပါတီတွေ အဲဒါမျိုးခွဲခြားတာ အရမ်းနည်း တယ်။ အရမ်းနည်းတယ်။ ရခိုင်ပါတီတွေတောင်မှ အဲလိုစိတ်မျိုး သိပ်မရှိဘူး။ နည်းတယ်။ တိုင်းရင်းသားပါတီ အများစုကြီးက လူမျိုးဘာသာ ခွဲခြား တာ သိပ်မတွေ့ရဘူး။ တချို့ တချို့ နည်းနည်း ရှိလိမ့်မယ်။

ငြမ်းမီဒီယာ – ပြည်မက ပါတီတွေကရော။

UMA – ကျနော်ပြောမယ်။ ပြည်မက ဆို ကိုအောင်မိုးဇော်တို့ရဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ကျနော်အလေးစားဆုံးပဲ။ လူမျိုးရေး၊ဘာသာရေး ခွဲခြားမှု လုံးဝမရှိဘူး။ ကျနော်က လူ့ဘောင်သစ်က မဟုတ်ပါဘူး။ ဘယ်တုန်းကမှလည်း လူ့ဘောင်သစ် မဟုတ်ပါဘူး။ ဒါပေမယ့် ရပ်တည်မှု၊ဖြတ်သန်းမှု ကျနော်တကယ်လေးစားတယ်။ နိုင်ငံရေးအိုင်ဒီယော်လော်ဂျီပေါ့ ။ဒါက ကျနော်မြင်တာ။ နောက်ကျန်တဲ့ ကျနော့်ညီနောင်ပါတီတွေ ရှိပါသေးတယ်။သူတို့လည်း အဲလောက်ထိတော့ ခွဲခြားတာမျိုး မရှိပါဘူး။ တစ်ခါတလေမှာ သူတို့ရဲ့ နှုတ်ထွက်စကားတွေက ကျွံ့ရင် ကျွံ့သွားလိမ့်မယ်။ ဒါပေမယ့် လက်တွေ့ လုပ်နေတာမျိုးတော့ မရှိဘူး။ အထူးသဖြင့် ရှစ်ဆယ့်ရှစ်ကနေ သွားတဲ့ လူအတော်များများ က မရှိဘူး။ ဟိုတလောက ကျနော် ဦးကျော်ဝင်းမောင်ပွဲမှာပြောသေး တယ်။ တကယ်မရှိတာ။88 မှာ မရှိဘူး။ ၉၆ မျိုးဆက်မှာ လုံးဝမရှိဘူး။ ၂၀၀၇ မှာလည်း မရှိဘူး။ တစ်ခုရှိတာပေါ့ဗျာ။ စုန်းပြူးတွေကတော့ နေရာတိုင်းမှာ ပါတာပေါ့လေ။ တစ်ယောက်နှစ်ယောက်တော့ ရှိကောင်းရှိနိုင် တာပေါ့။ အများစုက လုံးဝမရှိပါဘူး။

ငြမ်းမီဒီယာ – နိုင်ငံသားတစ်ယောက်ရဲ့ နိုင်ငံအပေါ် သစ္စာ စောင့်မှု ၊အလေးထားမှုက လူမျိုး၊ကိုးကွယ်ရာ ဘာသာတွေနဲ့ ဘယ်လိုများ ဆက်စပ်သလဲ။

UMA – ဘာမှကို မဆက်စပ်တာဗျ။ ဒီဘာသာကို ကိုးကွယ်လိုက်လို့ ဒီနိုင်ငံအပေါ် သစ္စာရှိမယ်။ဒီဘာသာကို ကိုးကွယ်လိုက်လို့ ဒီနိုင်ငံအပေါ် သစ္စာဖောက်မယ်ဆိုပြီးတော့ မရှိပါဘူး။ ဥပမာအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံ ခဲ့တဲ့ အထဲမှာ ဘယ် မွတ်ဆလင် ပါလို့လဲ။ မရှိမှ မရှိတာ။ ပါမှ မပါတာ။ ကျဆုံးသွားတဲ့ အထဲမှာ ခရစ်ယာန်တွေရော၊ဟိန္ဒူတွေရော၊ မွတ်ဆလင် တွေရော ပါတာပဲ။ တိုင်းပြည်ကို သစ္စာရှိခြင်း၊ မရှိခြင်းက ကိုးကွယ်ရာ၊ဘာသာ လူမျိုးတွေနဲ့ မသက်ဆိုင်ပါဘူး။ ဒီဘက်ခေတ်မှာ ဘာဖြစ်လာလဲဆိုတော့ sense of belonging ပေါ့။ သူတို့ရဲ့ နိုင်ငံအပေါ်မှာ ပူးပေါင်းဆောင်ရွက်မှု ၊အသိအမှတ်ပြုမှု အားနည်းလာ တဲ့ အပေါ်မှာ လူတွေက မျှော်လင့်ချက်မဲ့လာတယ်။ မျှော်လင့်ချက်မဲ့လာတော့ ဒီနေ့ထက်ထိ ကွန်မြူနတီတွေကို ကျေးဇူးတင်နေရတဲ့ အချက်က အပြင်မျှော်တဲ့ အယူအဆ မရှိတာပဲ။ ကျနော်လက်တွေ့ပြချင်ပါတယ်။ မြန်မာ ဘောလုံးအသင်းနဲ့ ကန်တဲ့ပွဲတွေမှာဆိုရင် ကြုံရင် လက်ဖက်ရည်ဆိုင်တွေမှာ လာကြည့်ပါ။ မြန်မာ ဘောလုံးအသင်း ရှုံးသွားလို့ အံ တကြိတ်ကြိတ်နဲ့ တောက်ခေါက်နေတဲ့ မုတ်ဆိတ်တွေ အများကြီး ခင်ဗျားတို့ တွေ့လိမ့်မယ်။ ဒါက တကယ်ရှိပါတယ်။ မြန်မာပြည် အလယ်ပိုင်းကိုသွားကြည့်လိုက် တစ်ရွာလုံး နီပါး ဘောလုံးရူးတာ။ ကျနော်လည်း ဘောလုံးရူးတာပဲ။ တိုင်းပြည်ချစ်စိတ်က လူမျိုး ကိုးကွယ်တဲ့ ဘာသာနဲ့ မဆိုင်ပါဘူး။ ကိုးကွယ်တဲ့ ဘာသာတရားက တိုင်းပြည်ချစ်စိတ်ကို တိုးမလာစေနိုင်သလို လျော့လည်း မသွားပါဘူး။ မွတ်ဆလင်မှာဆို ကိုယ်နေထိုင်တဲ့ နိုင်ငံအပေါ် သစ္စာ ရှိခြင်းဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယုံကြည်မှု အစိတ်အပိုင်းဖြစ်တယ်။ ပြဌာန်းချက်ရှိပါတယ်။ အဲဒီတော့ အဲဒါကို ဖောက်ဖျက်တာ ယုံကြည်မှုကို ဖောက်ဖျက်တာနဲ့ တူတူပါပဲ။

ငြမ်းမီဒီယာ – လဝက ရုံးတွေ မှာ မြေမျို၍ လူမျိုးမပြုတ်၊လူမျို၍ လူမျိုး ပြုတ်တယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ တွေ့ရတတ်ပါတယ်။ အဲဒီအပေါ်ရော ဘယ်လိုမြင်လဲ။

UMA – အဲဒါ ရူးတာပဲ။ ဒါကြီးက အဓိပ္ပာယ်မှ မရှိတာဗျာ။ မှိုင်းတွေ။ ၂၀၁၄ မှာထွက်လာတဲ့ လူဦးရေ ကိုပြန်ကြည့်လေ။ ခင်ဗျားတို့က ဘာသာရေး၊လူမျိုးရေးIdentity အခြေပြုပြီးမေးလို့ ဖြေရတာလေ။ တကယ်တမ်းကျနော်မြင်တာက လူဆိုတဲ့ ဟာကို လူလိုပဲ စဉ်းစားတာ။ လူပီသအောင်၊ လူဆန်အောင် နေဖို့ပဲလိုတာလေ။ ဘုရားတွေကို ဘယ်လောက်ပဲ ရှိခိုးရှိခိုး လူတွေအပေါ် မတရားကျင့်ကြံနေရင် လူကောင်းတစ်ယောက်မဖြစ်နိုင်ဘူး။

ငြမ်းမီဒီယာ – အင်တာဗျူး အတွက် ကျေးဇူးတင်ပါတယ် ဦးမြအေး။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,