ယာဉ်များတွင် သာသနာ့အလံ စိုက်ထူမှု အရေးယူရန် NLD ပြော ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သာသနာ့အလံတော်၏ ဂုဏ်သိရ်ကို ထိန်းသိမ်းစောင့်ရှောက်၍ အလေး ဂရုပြုကြရန်အတွက် သံဃနာယကလက်စွဲ အပိုဒ် ၃၁၈ တွင်” လမ်းဘေး၊ လမ်းဆုံလမ်းခွ၊ မော်တော်ယာဉ်ဆိပ်၊ ရေဆိပ်၊ ဈေးစသော ဌာနတို့၌ အကြောင်းမဲ့ သက်သက် သာသနာ့အလံတော်ကို အသုံးမပြုရ” …

မော်တော်ယာဉ်၊ ဆိုင်ကယ်၊ ဆိုက်ကား နဲ့ အိမ်တွေမှာ သာသနာ့အလံ စိုက်ထူမှု အရေးယူရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ပြောတယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ်အကြောင်း ပြောပြလိုပါတယ်။

သည်သတင်းအမှား ကို တိုင်းကျော်သတင်း ဖေ့စ်ဘွတ်ခ် စာမျက်နှာ ကနေ သြဂုတ်လ(၂၆) ရက်နေ့က ဖြန့်ချိခဲ့တာပါ။

သည် သတင်းအမှားကို မှတ်ချက်ပေးသူ သုံးထောင်နီးပါး ရှိပြီး မျှဝေသူ လေးထောင်နီးပါး ရှိပါတယ်။ React ပြုသူ ကတော့ နှစ်ထောင်နီးပါး ရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တိုင်းကျော်သတင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာ ကနေ ဖြန့်ချိထားတဲ့ သတင်းနဲ့ ပတ်သက်ပြီး အချက်အလက် စစ်ဆေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ထံ ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ရာ သည်သတင်းဟာ သတင်းအမှားသာ ဖြစ်ကြောင်း မုံရွာအောင်ရှင်က အတည်ပြု ပြောကြားပါတယ်။

” ဒီသတင်းက သတင်းအမှားကြီးပါ။ ကျုပ်ကပဲ သာသနာ့အလံတွေ၊ မထူဖို့မထောင်ဖို့ ပြောတယ်ဆိုတာ စိတ်တောင်မကူးပါဘူး။စိတ်ကူးထဲလည်းမပေါ်ပါဘူး။ဟုတ်လည်းမဟုတ်ပါဘူး။ဒါတွေက လုပ်ကြံတဲ့သတင်းတွေပါ ” လို့ မုံရွာအောင်ရှင် က ပြောပါတယ်။

တိုင်းကျော်သတင်း ဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားတဲ့ သတင်းအမှား ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

× မော်တော်ယာဉ်များတွင်ခွင့်ပြုချက် မရှိပဲသာသနာ့အလံများစိုက်ထူပြီး သွားလာနေမှုများကို
အရေးယူဖို့ မုံရွာအောင်ရှင် ပြော

၂၆.သြဂုတ်
ရန်ကုန်

ရန်ကုန်မြို့အပါအဝင် အခြားမြို့ကျေးရွာရက်ကွက်တွေမှာ မော်တော်ယာဉ်တွေ ဆိုင်ကယ် ဆိုက်ကားအပါအဝင် အချို့ အိမ်များတွင် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အဖြစ် သာသနာ့အလံများစိုက်ထူခဲ့ကြသည့်အပေါ် ကညန လက်အောက် ရှိမော်တော်ဆိုင်ကယ်များ မော်တော်ယာဉ်များ နှင့် စည်ပင်သာယာ မှာ ခွင့်ပြုချက်မယူထားတဲ ဆိုက်ကား များကို အရေးယူဖို့ ကညနနဲ့ စည်ပင်ကို ပြောမှဖြစ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှုး မုံရွာအောင်ရှင်က ပြောကြားလိုက်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီနေ့ မော်တော်ယာဉ်တွေမှာ တွေ့နေရတဲ့ နိုင်ငံတော်အလံတွေကို ကညန တို့စည်ပင်တို့က ခွင့်ပြုချက်မရယူပဲ တပ်ဆင်လို့မရကြောင်း မော်တော်ယာဉ်ဥပဒေ စည်ပင်ဥပဒေ တွေနဲ့ညှိစွန်းနေတာကြောင့် စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့တွေကနေ အရေးယူဖို့လိုကြောင်း ဒီမိုကရေစီဆိုတာ စည်းကမ်းလိုက်နာမှ တန်ဘိုးရှိကြောင်း ဒီမိုကရေစီ ဒီမိုကရေစီပြောနေပြီးစည်းမဲ့ကမ်းမဲ့ မလုပ်ဖို့လိုကြောင်း ဒီနေ့ အဲ့ဒီလိုမော်တော်ယာဉ်တွေမှာ သာသနာ့အလံတွေစိုက်ထူပြီးဟိုသွားဒီသွားသွားနေကြတာ ကို သာသနာရေး ဌာနကလည်း ထိမ်းကြောင်းဖို့လိုကြောင်း မိမိအနေနဲ့ အာဏာရပါတီရဲ့ပြောရေးဆိုခွင့်ရှိတဲ့အတွက် ဒါမျိုးတွေကိုအရေးယူဖို့ သက်ဆိုင်ရာ ဌာနတွေကို တိုက်တွန်းချင်ပါတယ်လို့ မုံရွာအောင်ရှင်က ပြောကြားလိုက်ကြောင်းသိရသည် ။

မော်တော်ယာဉ်အချို့နှင့် ဆိုက်ကယ် ဆိုက်ကား အချို့တိုတွင် ဗုဒ္ဓ ဘာသာ တို့၏ အထွတ်အမြတ် ထားရာ နိုင်ငံတော်ဘာသာနေ့ ကိုဂုဏ်ပြုကြိုဆို သောအထမ်းအမှတ် အဖြစ် သာသနာ့အလံလွင့်ထူခြင်း စတေကာကပ်ခြင်းများကို မနေ့က စပြီးဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ×

တိုင်းကျော်သတင်း အမည်ရတဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဟာ သတင်းအမှားတွေ ဖြန့်ချိလေ့ရှိပြီး လူမှုအဖွဲ့အစည်းအတွင်း ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ သတင်းအတု၊သတင်းအမှားတွေ ၊ နားလည်မှုလွဲနိုင်တဲ့ သတင်းအမှား တွေ၊ တည်ငြိမ်မှုနဲ့သဟဇာတရှိနေတဲ့ လူမှုအဖွဲ့အစည်းအတွင်း ပဋိပက္ခ တွေ ဖြစ်ပေါ်လာအောင် သတင်းအတု၊သတင်းအမှားတွေ လှုံ့ဆော်ဝါဒ ဖြန့်နေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုသာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာရဲ့ အချက်အလက်စစ်ဆေးမှုများအရ သာသနာ့အလံတော် နဲ့ ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က ၂၀၁၇၊ ဇွန်၊၂၈ ရက်နေ့က ” လေးမြတ်ပူဇော်သာသနာ့ အလံတော် ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အများပြည်သူသို့ ရှင်းလင်းဖော်ပြချက် ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာ က သာသနာ့အလံတော် နဲ့ ပတ်သက်ပြီး ဖော်ပြထားချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 လေးမြတ်ပူဇော် သာသနာ့အလံတော်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရား တစ်ပါးတည်း၌သာ ရရှိပိုင်ဆိုင်တော်မူခဲ့သော ရောင်ခြည်တော် ၆ သွယ်ကို ရည်ညွှန်း၍ သာသနာ့အလံတော်ကို ဂုဏ်ကျက်သရေနှင့်အညီ ရည်မှန်း ပြဋ္ဌာန်းခဲ့ပါသည်။ သာသနာ့အလံတော်တွင် အပြာရင့်၊ အဝါရင့်၊ အနီရင့်၊ အဖြူ၊ ပန်းနုနှင့် ပြိုးပြိုးပြက် ဟူသော ရောင်ခြည်တော် ၆ သွယ်ကို ကိုယ်စားပြုကာ အရောင်တော် ၆ မျိုးကို ထည့်သွင်းအသုံးပြုထားခြင်း ဖြစ်ပါသည်။

ယင်းသို့ဖြစ်ခြင်းကြောင့် သာသနာ့အလံတော်ကို ဂုဏ်ကျက်သရေနှင့်အညီ ရိုသေစွာ စည်းကမ်းတကျ အသုံးပြုရမည်ဖြစ်ပါသည်။ မသင့်မလျော်သော နေရာများတွင် ဂုဏ်ကျက်သရေမဲ့စွာ အလွယ်တကူ သုံးချင်တိုင်း အသုံးပြုခွင့်မရှိချေ။

သာသနာ့အလံတော်ကို “ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ နယုန်လပြည့် မဟာသမယနေ့၊ ဝါဆိုလပြည့် ဓမ္မစကြာနေ့၊ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၊ တန်ဆောင်မုန်းလပြည့် သာမညဖလနေ့၊ ဝါဆိုပွဲတော်၊ ကထိန်ပွဲတော်၊ အဘိဓမ္မာအခါတော်နေ့၊ ရှင်ပြု ရဟန်းခံမင်္ဂလာ၊ ဆွမ်းကြီးလောင်းပွဲတော်၊ မဟာဘွဲ့နှင်းသဘင်၊ စူဠဘွဲ့နှင်းသဘင်၊ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပွဲ၊ ပရိယတ္တိဆိုင်ရာ စာမေးပွဲ၊ စာပြန်ပွဲ၊ ပူဇော်ပွဲများ၊ သံဃနာယကအဖွဲ့က ခွင့်ပြုသည့်တရားပွဲများ၊ ထီးတော်တင်ပွဲ၊ ဗုဒ္ဓပူဇနိယပွဲတော်၊ သံဃာ့ အစည်းအဝေးပွဲ၊ သံဃဝိနိစ္ဆယအဖွဲ့ စစ်ဆေးဆုံးဖြတ်သည့် ဌာန၊ ဘာသာရေး သာသနာရေးနှင့် ဆိုင်သည့် သင်တန်းများ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ” အစရှိသော နေ့ထူးနေ့မြတ်၊ ပွဲတော်၊ အခမ်းအနား တို့တွင်သာ သုံးစွဲနိုင်ကြောင်း သံဃနာယကလက်စွဲ အပိုဒ် ၃၁၄၊ ၃၁၅ တို့၌ သတ်မှတ်ပြဋ္ဌာန်း ထားခဲ့ပါသည်။

သာသနာ့အလံတော်ကို အထက်ပါကိစ္စရပ်များ၌သာ အသုံးပြုရမည်ဖြစ်ပြီး သာသနာ့အလံတော်၏ ဂုဏ်သိရ်ကို ထိန်းသိမ်းစောင့်ရှောက်၍ အလေး ဂရုပြုကြရန်အတွက် သံဃနာယကလက်စွဲ အပိုဒ် ၃၁၈ တွင်” လမ်းဘေး၊ လမ်းဆုံလမ်းခွ၊ မော်တော်ယာဉ်ဆိပ်၊ ရေဆိပ်၊ ဈေးစသော ဌာနတို့၌ အကြောင်းမဲ့ သက်သက် သာသနာ့အလံတော်ကို အသုံးမပြုရ” ဟု ပြဋ္ဌာန်းထားခဲ့ပါသည်။

ထို့အပြင် သံဃနာယကလက်စွဲ အပိုဒ် ၃၁၉ ၌ “ တားမြစ်ချက်များကို မလိုက်နာသော ပုဂ္ဂိုလ် များအား ဓမ္မဝိနယနှင့်အညီ အရေးယူပေးရန် သံဃနာယကအဖွဲ့များက အာဏာပိုင်အဖွဲ့အစည်းများသို့ မေတ္တာရပ်ခံရမည်” ဟုလည်း ပြဋ္ဌာန်းထားခဲ့ပါသည်။

သာသနာ့အလံတော် အသုံးပြုခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ကြီးက သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ၊ အခန်း ၁၄၊ အပိုဒ် ၂၁၅ တွင် “ သာသနာ့အလံတော်ကို ဗုဒ္ဓဘာသာ သာသနာရေးကိစ္စနှင့် မသက်ဆိုင်သော ကိစ္စများတွင် အသုံးမပြုရ။ သာသနာ့အလံတော်ကို ဆုတ်ဖြတ်ဖျက်ဆီးခြင်း၊ အဆင်းသဏ္ဌာန် ပျက်ပြားအောင် တမင်သက်သက်ပြုခြင်း၊ ဂုဏ်ကျက်သရေ ပျက်ပြားအောင် တမင်သက်သက်ပြုခြင်း၊ မလေးမစားပြုခြင်းတို့ကို မပြုလုပ်ရ။” ဟုလည်း သတ်မှတ် ပြဋ္ဌာန်းထားခဲ့ပါသည်။

အဆိုပါပြဋ္ဌာန်းချက်ကို နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်းကြီးက ထုတ်ပြန်ထားသောကြောင့် သံဃာ့အဖွဲ့အစည်းဝင် သံဃာအားလုံး၊ သံဃာ့ဩဝါဒခံ သီလရှင်အားလုံးတို့အနေဖြင့် လိုက်နာရမည့် တာဝန်ရှိပါသည်။

ရဟန်း(သို့မဟုတ်)သာမဏေတစ်ပါးပါးသည် သံဃာ့အဖွဲ့အစည်းတစ်ရပ်ရပ်က သတ်မှတ်ပြဋ္ဌာန်း ထားသည့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ခြင်း မရှိလျှင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်က ဆုံးမရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ဆိုဆုံးမမှုကို လိုက်နာခြင်း မရှိပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ပါသည်။

ရဟန်း၊ သာမဏေများအပြင် အခြားပုဂ္ဂိုလ်များသည်လည်း လူတစ်စားကိုးကွယ်သည့် ဘာသာ သာသနာဆိုင်ရာ အထွတ်အမြတ်ထားသည့် ပစ္စည်းကို တလွဲသုံးစွဲပါက အဆိုပါဘာသာသာသနာကို ညှိုးနွမ်းစေအောင်ပြုခြင်းဖြစ်သောကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅ နှင့် ငြိစွန်းနေမည်ဖြစ်ပါသည်။

ယခုအခါ အချို့သော ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့သည် သာသနာ့အလံတော်ကို နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်းများက သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း သုံးစွဲခြင်းမဟုတ်ဘဲ ၎င်းတို့၏သဘောဆန္ဒနှင့်အညီ နိုင်ငံရေး၊ လူမှုရေးစသည့် လောကီရေးရာများ၌ တလွဲသုံးစွဲနေခြင်းကို တွေ့ရှိရသောကြောင့် အဆိုပါပုဂ္ဂိုလ်များအနေဖြင့် သာသနာ့အလံတော်ကို အသုံးပြုရာ၌ သတိပြု ဆင်ခြင်သင့်ပါကြောင်းနှင့် နောင်တွင် သာသနာ့အလံတော်ကို မသင့်မလျော်သော နေရာများတွင် အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။

သာသနာ့အလံတော် အသုံးပြုမှု ဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန က အများပြည်သူသိရှိနိုင်စေဖို့ သက်ဆိုင်ရာရဲ့ ရှင်းလင်းဖော်ပြချက်ပဲဖြစ်ပါတယ်။

သတင်းအတု၊သတင်းအမှား ဖြန့်ချိထုတ်လုပ်နေသူတွေကတော့ ပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် နည်းအမျိုးမျိုးနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ သတင်းအမှားတွေ ဖြန့်ချိနေတာ ကို စိစစ်ဖို၊ အယုံမလွယ်မိဖို့လည်း အရေးကြီးပါတယ်။

” ရွေးကောက်ပွဲနီးလာလို့ တိုက်ခိုက်လာတာ တွေ့ရတယ်။ တစ်ချို့လည်းတစ်စိတ်တစ်အိတ် လုပ်ပြီး ဝင်တိုက်ခိုက်လာတာမျိုးတွေတွေ့နေရပါတယ်။လူမျိုးရေးဘာသာရေးနဲ့ တိုက်ခိုက်တာတွေရှိတယ် ” လို့ သတင်းအတု၊သတင်းအမှားတွေနဲ့ တိုက်ခိုက်ခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မုံရွာအောင်ရှင် က ပြောပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,