ရခိုင်နယ်စပ်က မြေအင်မတန်ပေါပြီး နိုင်ငံသား နေထိုင်မှု အင်မတန်ရှားတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / လူမှုဘဝတိုးတက်မြင့်မားရေးအသင်းအတွင်းရေးမှူး ဦးနေမျိုးဇင်

နယ်စပ်လုံခြုံရေးဆိုတဲ့နေရာမှာ စကားတစ်ခုရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လူအင်မတန်ပေါပြီး မြေအင်မတန် ရှားတယ်။ ရခိုင်နယ်စပ်က မြေအင်မတန်ပေါပြီး နိုင်ငံသားနေထိုင်မှုအင်မတန်ရှားတယ်။ ဒီကွာဟနေတဲ့ ပြောင်းပြန် အချိုးကျနေတဲ့ ဆန့်ကျင်ဘက်ကြီးကို ကျနော်တို့ …

ရခိုင်ပြည်နယ် နယ်စပ်မှာ CCTV တပ်ဆင်ရတဲ့အကြောင်း၊လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခြေအနေများ၊ နယ်စပ်စည်းရိုး လုံခြုံမှုအခြေအနေများနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ပရဟိတအလုပ်များ လုပ်ကိုင်ဆောင်ရွက်ပေးနေသူ မြန်မာ့ လူမှုဘဝတိုးတက်မြင့်မားရေးအသင်းအတွင်းရေးမှူး ဦးနေမျိုးဇင်ကို ငြမ်းမီဒီယာ က မေးမြန်းထားပါတယ်။

ငြမ်းမီဒီယာ- ရခိုင်ပြည်နယ်က နယ်စပ်ခြံစည်းရိုးမှာ လုံခြုံရေးကင်မရာတွေလှူဖို့ ဘယ်လိုကြောင့် လုပ်ဖြစ်သွားတာလဲ။

NMZ – ကျွန်တော်ကိုယ်တိုင်ရောက်ခဲ့ပြီးတော့ သူတို့စခန်းတွေကို လေ့လာကြည့်ချက်အရရယ် နိုင်ငံတကာက အဲဒီဖြစ်စဉ် ဖြစ်တဲ့ အချိန်မှာ ဒီလောက်အင်အားရာနဲ့ချီ ထောင်နဲ့ချီပြီးတော့ စခန်းတွေ အဝိုင်းခံရတာကို ဘာကြောင့် ကိုယ့်တပ်ဖွဲ့တွေဘက်က သတင်း အချက်အလက် အထောက်အထားကို မတင်ပြနိုင်ရတာလဲဆိုတာ ကျွန်တော်လိုက်မေးတော့ သူတို့က သူတို့သုံးတဲ့ ဟမ်းဖုန်း တွေလောက်ပဲ ရှိတာ။ ဒါပေမဲ့ တကယ် ဝိုင်းတိုက်ခံရတဲ့ သူသေကိုယ်သေ အသည်းအသန် ပစ်နေတဲ့ အချိန်မှာ ဘယ်သူ မှ ဖုန်း တစ်လုံးကိုကိုင်ရင်း မပစ်နိုင်ဘူး။ တစ်ယောက်မှ မရလိုက်ဘူး မှတ်တမ်းက။ အဲဒါနဲ့ ကျွန်တော်လိုက် မေးကြည့် တော့ အဲဒီ စနစ်တွေ တစ်ယောက်မှ မရှိဘူး။ ဘယ်စခန်းမှာမှ မရှိဘူး။ အဲဒါနဲ့ ပထမတစ်ခေါက် သွားတော့ လေ့လာ တယ်။ ဒုတိယ တစ်ခေါက် မှာ စဉ်းစားတယ်။ ကျွန်တော်လှူမယ်ဆို လက်ခံနိုင်မလား။ တတိယတစ်ခေါက်မှာ သူတို့က ပြန်ကြားတယ်။ လှူမယ် ဆို လက်ခံ ပါတယ် တဲ့။ အဲဒါနဲ့ စတုတ္ထအခေါက် တက်သွားပြီး စခန်းပေါင်း (၁၉) ခုမှာ လှူတယ်။ အတိုက်ခံရတဲ့ စခန်း အကုန်လုံး တပ်ပြီးသွားပြီ။ တချို့နယ်စပ်သိပ်ကျတဲ့ စခန်း လမ်းလေးကူးလိုက်တာနဲ့ ဘင်္ဂလားဒေ့ရှ် ရောက်သွားပြီ။ လွယ်လင့်တကူ ကူးလာ နိုင်တဲ့ စခန်းမျိုးတွေလည်း တပ်ပေးခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လက်ရှိနယ်စပ်လုံခြုံရေးဆောင်ရွက်ထားရှိမှုကို ဘယ်လိုမြင်လဲ။

NMZ – အားမရဘူးဗျ။ ဥပဒေပြဌာန်းချက်အရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို တပ်ဆင်ပေးထားတဲ့လက်နက်တွေက အရပ်သားတွေကို ထိန်းချုပ်စောင့်ကြပ်ရမယ်ဆိုတဲ့ သဘောမျိုးနဲ့ပဲ တပ်ခွဲလက်နက်တွေပေါ့။ စစ်လက်နက်တွေပြည့်စုံအောင် တပ် ပေးမထားဘူး။ တစ်လုံးထိုးကျည်တို့ ဟိုးအရင်တုန်းက မောင်းပြန်ရိုင်ဖယ်မီးကျိုးမောင်းပျက် တွေပေါ့။ ဘယ်လိုမှ စစ်လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ အဆင်မပြေနိုင်တဲ့ လက်နက်တွေ ထားထားတယ်။အဲဒါကြောင့် အလုံးအရင်းနဲ့ဝင်တိုက်ခံရတဲ့အခါ ကိုယ့်ဘက်က ကျဆုံးတာ။ လုံလောက်တဲ့ ခုခံကာကွယ်ရေးစနစ်တွေ နယ်စပ်ခြံစည်းရိုးမှာထိုင်တဲ့ လုံခြုံရေးစခန်းတစ်ခုရှိသင့်ရှိအပ်တဲ့ လုံခြုံရေးအတားအဆီး မြေမြှုပ်မိုင်း စောင့်ကြည့်တဲ့ CCTV System သတင်းအချက်အလက်ဆက်သွယ်ဖို့ လိုအပ်တဲ့ Network ။ အဲဒါတွေ အများကြီး လိုနေ သေးတယ်။ အထူးသဖြင့်ကတော့ မြန်နှုန်းမြင့် စက်သေနတ်လိုဟာတွေ။ အဲဒါတွေသူတို့မှာ မရှိဘူး။ မရှိတော့ တစ်တောင့် ချင်း တစ်တောင့်ချင်း လိုက်ပစ်နေဖို့ အဆင်မပြေဘူး။ အဲဒါကြောင့် အစိုးရဘက်ခြမ်းကတော့ နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်လို့ အင်မတန် အားနည်းတယ်။ ပြည်ထဲရေးဝန်ကြီးဌာန မှာ အင်မတန်အားနည်းတယ်ဆိုတာ တွေ့ရတယ်။

ငြမ်းမီဒီယာ – နယ်စပ်စခန်းတွေ ကိုယ်တိုင် ရောက်ခဲ့တာဆိုတော့ လတ်တလောမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် ဘာတွေ လိုအပ် နေတာ တွေ့ခဲ့ရလဲ။

NMZ – တပ်ဖွဲ့ဝင်တွေအတွက် လောလောဆယ် အရေးတကြီးလိုအပ်တာက နည်းပညာပိုင်းဆိုင်ရာ။ အခု ကျနော်တို့ CCTV သွားတပ်တာက သူတို့အတွက် အများကြီးအားရှိတယ်ဗျ။ ကျနော်တို့ အခု သွားတပ်ပေးတာ (၁၉) ခုကို သူတို့ သိသိသာသာ အားဆေး ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ နည်းပညာအကူအညီက ညည၊ နေနေ့ အနီအောက်ရောင်ခြည်ပါတယ်။ အနီအောက် ရောင်ခြည်နဲ့ ထောက်လှမ်းပြီး ဒီနေရာ ဒီနေရာ သူတို့ဝင်လာနိုင်တဲ့လမ်းကြောင်းကို ဆော့ဖ်ဝဲလ်မှာ မာကင်ပေးထားလိုက်ရင် အဲဒီနေရာမှာ တစ်စုံတစ်ရာ နွားဝင်ဝင်၊ ခွေးဝင်ဝင်၊ လူဝင်ဝင် ချက်ချင်း တီ တီ တီ တီ ထအော်တော့ သူတို့က သူတို့ကိုယ်သူတို့ Perfect ဖြစ်သွားတယ်။ ဒီနေရာ ဒီနေရာ ဝင်လာရင် သေချာတယ်၊ ငါတို့သိပြီ။ ဒီတော့ ဒီနေရာလောက်ပဲ ငါတို့ အာရုံစိုက်ရမယ်ဆိုပြီး နည်းပညာအကူအညီက သူတို့အတွက် အများကြီး အားဆေးဖြစ်တယ်။ အရင်တုန်းက မှောင်မည်းနေတော့ ဘာမှ မမြင်ရဘဲ ဘယ်က ဓားနဲ့တက်ခုတ်မလဲပေါ့။ သူတို့မှာ မီးလည်း မရှိဘူးလေ။ ဓာတ်မီးကလည်း အချိန်တိုင်း မထိုးနိုင်တော့ အမှောင်ကို ကြည့်ပြီး ကြောက်နေရတဲ့အချိန်မှာ နည်းပညာအားနဲ့ မြင်နေရတယ်။ CCTV မော်နီတာမှာ မှောင်နေသော်လည်း အရိပ်တွေ မြင်နေရတယ်။ ဘယ်သူ လာတာသိတော့ သူတို့အတွက် အများကြီး အားရှိတယ်။ ခေတ်ပေါ်နည်းပညာနဲ့ စစ်လက်နက်စွမ်းရည်၊ ကာကွယ်မှုစွမ်းရည် ပထမမြှင့်တင်ပေးဖို့လိုတယ်။ ဒုတိယက သူတို့စားဝတ်နေမှု။ လုံလောက်တဲ့ အာဟာရရှိဖို့၊ ရောဂါဘယ ကင်းဖို့၊ လူလိုသူလိုနေနိုင်စားနိုင်ဖို့ ထောက်ပံ့ပေးဖို့လိုတယ်။

တစ်သားတည်း၊ တစ်သွေးတည်း ဒီဥပဒေရဲ့ နိုင်ငံတော်ရဲ့သစ္စာစောင့်သိမှုအောက်မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား Rights အတိုင်းပဲ အတိအကျနေ၊ မည်သူမျှ ပိုမယူစေရ။ မူးယစ်ဆေးဝါးလည်း လုံး၀ ကင်းစင်ရမယ်။ တရားဥပဒေစိုးမိုးရေး အတွက် တိကျတဲ့ စွမ်းဆောင်ရည်နဲ့ …

သူမိသားစုကို လုံခြုံစိတ်ချတဲ့ ဝင်ငွေကို ပေးဖို့လိုတယ်။ ဘာလို့လဲ ဆိုတော့ ဝေးလံတယ်။ သူများတွေ မြို့ပြမှာ (၁၀၀)ပေးပြီးစားနိုင်ရင်သူတို့ဆီမှာ (၂၀၀)ပေးပြီး မစားနိုင်ဘူး။ သူတို့အတွက် စားသောက် ကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ လိုတယ်။ ဝေးလံတော့။ အဲလိုလည်း ဆောင်ရွက်နိုင်မယ်၊ ဘင်္ဂါလီ (၂၀၀၀)မှာ ရဲတပ်သား (၁၀)ယောက်ဆိုတာမျိုး  အချိုးကွာဟမှု မဖြစ်သင့်ဘဲ လူအင်အားဘယ်လောက်မှာ ကာကွယ်ရေး အင်အား ဘယ်လောက်ရှိရမယ်ဆိုတဲ့ သေသေချာချာ ထိန်းချုပ်နိုင်တဲ့ စွမ်းပကားနဲ့ အင်အားကို ထားပေးမယ်ဆိုရင်တော့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေရဲ့သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု ပြည့်ဝလာလိမ့်မယ်။

ငြမ်းမီဒီယာ – နယ်စပ်စည်းရိုးလုံခြုံမှုက ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွက်ရော၊ အနာဂတ်အတွက်ပါ ဘယ်လောက်အကျိုးသက်ရောက်တယ်လို့ မြင်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

NMZ – ခြံစည်းရိုးက သဘောလောက်ပဲကာနိုင်သေးတယ်လို့ မြင်တယ်။ ခြံစည်းရိုးလုံခြုံမှုနဲ့ စိတ်ချရမှုကလည်း နိုင်ငံတကာ စံနှုန်းနဲ့ယှဉ်ရင် အများကြီးအားနည်းနေသေးတယ်။ သာမန်ကာခဲ့တဲ့ နယ်စပ်ခြံစည်းရိုးပုံစံမျိုး။ အချိန်မရွေး ကပ်ကြေးနဲ့ဖြတ်ပြီးတော့ စောင့်ကြည့်ကင်းလှည့်တဲ့ အဖွဲ့မရှိရင်ဖြစ်စေ၊ စောင့်ကြည့်တဲ့ CCTV ကင်မရာ မရှိရင်ဖြစ်စေ၊ ရဟတ်ယာဉ်နဲ့ ပုံမှန်ပျံသန်း လေ့လာတဲ့အဆင့်ထိ တိုးမြှင့်မပေးနိုင်ရင်ဖြစ်စေ၊ အဲဒီခြံစည်းရိုးက သိပ် လုံခြုံမှာမဟုတ်ဘူး။ အောက်ကဖောက်ဝင်လည်း ရတယ်။ ဖြတ်တော့ ဖြတ်ဝင်နေဦးမှာပဲ။ ခိုးဝင်သွားလည်း ရပါတယ်ကွာ ဆိုတဲ့ တရားဥပဒေအပေါ်မှာ လုံး၀ အထင်အမြင် သေးနေတဲ့ ဟာတွေကို ဖျက်သိမ်းနိုင်ဖို့အတွက် တရားဥပဒေစိုးမိုးဖို့ ကျနော်တို့က ရွာဖွဲ့စည်းပုံ၊ ရွာအင်အား။ ရွာကို အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေး စနစ်တကျချထားပြီးတော့ မိသားစုဘယ်လောက်၊ အသက်ဘယ်လောက်၊ မှတ်တမ်း၊ နောက်ဆုံး DNA က အစ၊ လက်ဗွေ မှတ်တမ်းက အစ အကုန်မှတ်တမ်းယူပြီး ဒီရွာ ဒီရွာမှာ ဒီလူ ဒီလူကလွဲလို့ တိုးရင်ဖြစ်စေ၊ လျော့ရင်ဖြစ်စေ၊ အချိန်နဲ့တပြေးညီ မှတ်တမ်းတင်တဲ့ အုပ်ချုပ်ရေးစနစ်ကို လုပ်နိုင်ပြီဆိုရင်၊ ပြီးတော့ ဒီရွာ ဒီရွာ ဒီဒေသထဲမှာ ပုဒ်မ ၁၄၄၊ မည်သူမျှ ဝင်ရောက် ခြင်းမပြုရ၊ စိုက်ခင်းမြေ၊ စသဖြင့် တိတိကျကျ မြေယာမူဝါဒတွေနဲ့ အညီ ထိန်းချုပ်မှတ်တမ်းတင်နိုင်ပြီဆိုရင် ခိုးဝင် အခြေချတဲ့သူတွေ ခြံစည်းရိုးဘယ်လောက်ပဲ ကာကာ ဆက်ခိုးဝင်မယ်ဆိုတဲ့ဟာကို တားနိုင်မယ်။ နောက်တစ်ခုက Gate Pass စနစ်တွေ ငွေပေးပြီး သွားလို့ရတယ်ဆိုတာကို စနစ်တကျ ထိန်းချုပ်နိုင်မယ်ဆိုရင် သူတို့တွေထိုးဖောက်သွားပြီးတဲ့ ဆက်ကြောင်းတွေကို သေချာလိုက်ပြီး အကုန်လုံးဖော်ထုတ်။ ဥပမာဆိုရင် သူတို့က အဲဒီမှာတင် နေကြတာ မဟုတ်ဘူး။ဟိုး မြဝတီဘက်တို့၊ မော်လမြိုင်ဘက်တွေမှာ ဘင်္ဂလီတွေ အများကြီး ထိုးဖောက်သွားတာရှိတယ်။ ဒီလူတွေကို အကုန်ဖော်ထုတ်၊ မင်းတို့မှာတာဝန်ရှိတယ်။ ခိုးဝင်လာတာ သေချာတယ်ဆို မင်းပြန်ထုတ်။ အကုန်လုံးကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင် ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ နယ်စပ်ခြံစည်းရိုး ကာရန်မှုက ထိရောက်မှာပဲ။ ဒါက အတွင်းလုံခြုံမှုနဲ့ဆိုင်တယ်။

သူတို့အနေနဲ့ မျက်နှာကြောင့်၊ လူမျိုးကြောင့်၊ အသားအရောင်ကြောင့်၊ ဘာသာကြောင့်ဆိုတဲ့ စိုးရိမ်မှုမရှိတော့ဘဲ ရရှိလာတဲ့ နိုင်ငံသားအဆင့်အတန်းပေါ် သူတို့ဘာသာအေးအေးဆေးဆေး ယုံကြည်စိတ်ချသွားပြီး ဒီနိုင်ငံရဲ့တာဝန်၊ ဒီနိုင်ငံရဲ့ ဥပဒေအရ၊ ဒီနိုင်ငံရဲ့အစိုးရဟာ …

ငြမ်းမီဒီယာ – ကိုနေမျိုးဇင်ပြောသလို နယ်စပ်လုံခြုံမှုကို ပြည့်ပြည့်စုံစုံ ကာကွယ်နိုင်ပြီဆိုရင် လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ ဖြေရှင်းရေးအပေါ်မှာ ဘယ်လောက်အထိ အထောက်အကူဖြစ်နိုင်လဲ။

NMZ – ဒါကလည်း နိုင်ငံတကာက အခုရှုမြင်ထားတဲ့ ဂျီနိုဆိုက် ဆိုတာ မဟုတ်ဘူး။ သို့မဟုတ် လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင် ချက်ဟာ ဥပဒေအရ၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကာကွယ်မှုနဲ့ လုပ်ထုံးလုပ်နည်းအရလုပ်ခဲ့တယ်ဆိုတာ သက်သေ ပြနိုင်ရမယ် ။ လက်ရှိ ပြန်ဝင်လာမယ်ဆိုတဲ့သူတွေ၊ လက်ခံမယ်ဆိုတဲ့သူတွေနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ Verification ကို ဆောင်ရွက်ပြီးတော့ ဖြန့်ခွဲနေရာချထားမှုကို စနစ်တကျ ဆောင်ရွက်နိုင်မယ်။ ပြီးတော့လည်း ဒေသဖွံ့ဖြိုးရေးအတွက်ကို မျှခြေပေါ့။ စင်္ကာပူနိုင်ငံတို့လိုမျိုး ဘယ်ဒေသ ဘယ်ရပ်ကွက် ဘယ်နေရာမှာ ဘယ်လူမျိုး ဘယ်ဘာသာ ဘယ်လောက်ဦးရေပဲရှိရမယ်ဆိုတဲ့ တိကျတဲ့ပြဌာန်းချက်နဲ့ အားလုံးကို ရောယှက်ပြီး ဥပဒေအောက်မှာ တစ်သားတည်းနေရမယ်။ ဘယ်သူမှ လူအင်အား များလာ လို့ဆိုပြီးတော့ စော်ကားပုန်ကန်တာမျိုးလုပ်ခွင့်မရှိသလို ထင်ရာစိုင်းခွင့်လည်း ပြုခွင့်မရှိတဲ့ တိကျတဲ့ ထိန်းချုပ်မှုမျိုး လုပ်လာ နိုင်မယ်။ ဥပမာ ရခိုင် ၁၀ အိမ်မှာ၊ မြို ၁၀ အိမ်ရှိရမယ်။ ခမီ ၁၀ အိမ်ရှိရမယ်။ ဘင်္ဂလီ ၁၀ အိမ်ပဲရှိရမယ်။ အရာအားလုံးဟာ တစ်သားတည်း၊ တစ်သွေးတည်း ဒီဥပဒေရဲ့ နိုင်ငံတော်ရဲ့သစ္စာစောင့်သိမှုအောက်မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား Rights အတိုင်းပဲ အတိအကျနေ၊ မည်သူမျှ ပိုမယူစေရ။ မူးယစ်ဆေးဝါးလည်း လုံး၀ ကင်းစင်ရမယ်။ တရားဥပဒေစိုးမိုးရေး အတွက် တိကျတဲ့ စွမ်းဆောင်ရည်နဲ့ အကျင့်မပျက်၊ လာဘ်မစား၊ မဖောက်ပြန်တဲ့ အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်နိုင်မယ် ဆိုရင် တော့ စောစောက လုံခြုံမှုတည်ဆောက်တဲ့ အတိုင်းအတာတွေက ကျနော်ထင်ပါတယ်၊ (၅) နှစ်လောက်အချိန်ယူပြီး တည်ငြိ မ်သွားလိမ့်မယ်လို့ ထင်တယ်။ မြေယာပိုင်ဆိုင်မှုတွေကို စနစ်တကျလုပ်ရမယ်၊ အိုးအိမ် အကွက်ချမှုတွေကို ခုနက ပြောသလို စနစ်တကျ အကွက်ချပြီး ချမှတ်ရမယ်။ တရားရုံး ရှိရမယ်၊ အချုပ်ထောင်ရှိရမယ်၊ ရဲစခန်း အကျင့်ပျက် လာဘ် မစား ရဘူး။ နယ်ခြားစောင့် တပ်ဖွဲ့ဟာ နယ်ခြားစောင့် တပ်ဖွဲ့ရဲ့ တာဝန်အတိုင်း တိကျစွာ စွမ်းဆောင်ရည် ပြည့်ပြည့်၀၀နဲ့ စွမ်းဆောင် နိုင်ရမယ်။ ထိုနည်းတူစွာပဲ ဘင်္ဂလားဒေရှ့်ဘက်ကလည်း သူတို့ဘက်ခြမ်းကနေ လက်လွတ်စပယ်ကူးလာမှုတွေမဖြစ်အောင် နယ်စပ် Pass တွေကို သဘောတူညီချက် တွေ စနစ်တကျထားပြီးတော့ တိကျတဲ့ ဒီဂိတ် ဒီဂိတ်ကလွဲလို့ အခြားနည်းနဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးခွင့်မပြုရဘူး။ ဒီဂိတ် ဒီဂိတ် ဒီလှေဆိပ်ကလွဲလို့ တံငါလှေ ရေလုပ်သား ထွက်ခွာခွင့် မပြုရဘူး။ တခြားနေရာတွေ့ရင် လုံးဝ ပစ်ခတ် ဖမ်းဆီးခွင့်ပြုသည် ဆိုတဲ့ တိကျတဲ့ ဟာကို နှစ်နိုင်ငံလုံး က လုပ်မယ်ဆိုရင် ဖြစ်ပေါ်လာတဲ့ နှစ်ပေါင်းများစွာပြသနာတွေဟာ ချုပ်ငြိမ်း သွားမယ်လို့ ထင်ပါတယ်။

ငြမ်းမီဒီယာ – ရခိုင်ဒေသမှာ တရားဥပဒေစိုးမိုးရေးအတွက်ဆိုရင် ဒီ နယ်စပ်ရေးရာလုံခြုံမှုတွေအပြင် တခြားဘာတွေများ ဖြည့်ဆည်းဖို့လိုမယ်လို့ထင်ပါသလဲ။

NMZ – ဒေသဖွံ့ဖြိုးရေးလုပ်ရမယ်ဗျ။ အဲဒီမှာနေတဲ့ ကျေးရွာသူ ကျေးရွာသားတိုင်း အကုန်လုံး လုံလောက်တဲ့ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းနဲ့ သူတို့ရဲ့ အသက်ရှင်သန်ပိုင်ခွင့်အတွက် အာမခံချက်ရှိတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးရှိရမယ်။ အားလုံး အတွက် တစ်တန်း တစ်စားတည်း။ ပြီးတော့ ဟိုဘက် ဒီဘက်ခြမ်း စွက်ဖက်မှုတွေနဲ့ ဟိုဘက်ကနေပြီး လွှမ်းမိုးတဲ့ ချုပ်ခြယ်မှုတွေ မဖြစ်အောင် ကိုယ်ဘက်ကလုပ်ရမယ်။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက်က ဖုန်းတွေကို ကိုယ့်ဘက်ကမ်းက သုံးနေရတယ်။ ကိုယ့်နိုင်ငံက ဖုန်းလိုင်းမရှိလို့။ ဟိုဘက်က ကျူးကျော်လာတာ ဘာတစ်ခုမှ မရှိအောင် ကိုယ်က နယ်စပ်တိုင်းမှာ ဖုန်းလိုင်း မိဖို့လိုတဲ့ ရွာတွေကို ဖုန်းလိုင်းမိအောင် အစိုးရက ဖွံ့ဖြိုးရေးတွေ လုပ်ရမယ်။ လမ်းပန်းဆက်သွယ်မှုကောင်းအောင် လုပ်ရမယ်။ ဈေးသက်သက်သာသာ လွယ်လွယ်ကူကူနဲ့ မြေပြန့်တောင်ပေါ်နယ်စပ်မခြား ဘယ်သူမဆို အချိန်မရွေး လွယ်လင့်တကူ ခရီး သွားလာနိုင်ရမယ်။ စိတ်ပိုင်း ကိုယ်ပိုင်း ဖိစီးချက်မရှိရဘူး။ သို့သော် အားလုံးအတွက် တိကျခိုင်လုံတဲ့ စစ်ဆေးတဲ့ Identity ကတ်ကိုတော့ နည်းပညာနဲ့ အဆင့်မြင့်မြင့် လူရုပ်ရည်ကြည့်စရာ မလိုအောင် ဒီကတ်ဖြတ် လိုက်တာနဲ့ နိုင်ငံသားဖြစ်ခွင့်ရှိသူ၊ မရှိသူ ချက်ချင်းပေါ် လွင်ရမယ်။ အဲဒါဆိုရင် သူတို့အနေနဲ့ မျက်နှာကြောင့်၊ လူမျိုးကြောင့်၊ အသားအရောင်ကြောင့်၊ ဘာသာ ကြောင့်ဆိုတဲ့ စိုးရိမ်မှုမရှိတော့ဘဲ ရရှိလာတဲ့နိုင်ငံသားအဆင့်အတန်းပေါ် သူတို့ဘာသာအေးအေးဆေးဆေး ယုံကြည် စိတ်ချသွားပြီး ဒီနိုင်ငံရဲ့ တာဝန်၊ ဒီနိုင်ငံရဲ့ ဥပဒေအရ၊ ဒီနိုင်ငံရဲ့အစိုးရဟာ သူတို့ကို ခန့်ခွဲပေးတဲ့ လုပ်ဆောင်ချက်ကို ပါဝင်စီးမျောလိုက်ပါပြီး ဟိုဘက်ကမ်းက သူတို့ရဲ့ဆွေမျိုးသားချင်းတော်နေပါစေ၊ ငါတို့နိုင်ငံရဲ့ သစ္စာစောင့်သိမှုနဲ့ ပြဌာန်း ထားတဲ့ဥပဒေအရ ငါတို့ မင်းတို့နဲ့ ဆက်သွယ်ခွင့်မရှိဘူး။ မင်းနဲ့ငါ အမျိုးတော်သည်ဖြစ်ပါစေ၊ မင်းတို့ ဒီလိုကမ်းလှမ်းလာတဲ့ကိစ္စ၊ မင်းတို့ဒီလို အခြေချကျူးကျော်လာ ချင်တဲ့ ကိစ္စ၊ မင်းတို့ဒီလို ဖောက်ပြန်ဖို့ စည်းရုံးနေတဲ့ကိစ္စ၊ မင်းတို့ဒီလို ဘာသာရေးကို အခြေပြုပြီး တမျိုးတမည် စေ့ဆော်နေတဲ့ကိစ္စ၊ ငါတို့အသိစိတ်နဲ့ ငါတို့ ကာကွယ်ရမယ် ဆိုတာမျိုး ကျနော်တို့က မွေးမြူပေးနိုင်မယ်ဆိုရင်တော့၊ ကောင်းကောင်း ထိန်းချုပ်နိုင် မယ် ဆိုရင်တော့ ဟိုဘက်ကနေ လိုသလို ကစားလာတဲ့ နှစ်ပေါင်းများစွာ ရိုဟင်ဂျာ ဆိုတဲ့ Issue နဲ့ ကစားလာတဲ့ ကစားကွက်ကြီးကို ကောင်းကောင်းချေဖျက်နိုင်လိမ့်မယ်။

ငြမ်းမီဒီယာ – နယ်စပ်ခြံစည်းရိုးကာရန်တဲ့နေရာမှာ GE တပ်ကိုပဲ တာဝန်ပေးရတဲ့ကိစ္စမှာ ဝေဖန်မှုတချို့လည်း ရှိတယ်။ ဒါပေမဲ့ တဖက်ကလည်း နယ်စပ်လိုနေရာမှာ တခြားပုဂ္ဂလိက ကုမ္ပဏီတွေ အနေနဲ့လုပ်မယ်ဆိုရင်တောင် လုံခြုံရေးအရ တာဝန်ယူ မပေးနိုင်တာတွေရှိတော့ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

NMZ – လုံခြုံရေးတာဝန်မယူနိုင်တဲ့အပိုင်းက တာဝန်မယူချင်လို့ပါ။ ယူလို့ရတဲ့ အနေအထား။ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင် နယ်စပ်အဲဒီနေရာတစ်လျောက်လုံးကို ညကြီးတောင် တစ်ယောက်တည်း ကျနော်မောင်းသွားသေးတာပဲ။ လုပ်လို့မရဘူးဆိုတာ မရှိပါဘူး။ တာဝန်ယူရမယ့် လုံခြုံရေးတာဝန်ရှိသူတွေ တာဝန်မခံရဲတာပါ။ တကယ့်တကယ် စည်းစနစ်ကျကျ၊ စေတနာပါပါ နိုင်ငံတော်ဘတ်ဂျက်ကို နိုင်ငံတကာအဆင့်အတန်းမီမီလုပ်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်လို့ ရနိုင်တဲ့ အကန့်တွေရှိပါတယ်။

စင်္ကာပူနိုင်ငံလို ဟိန္ဒူရော၊ အစ္စလာမ်ရော အကုန်လုံး ဘာသာရောယှက်ပြီး နေတဲ့နိုင်ငံတွေမှာ ပဋိပက္ခမဖြစ်အောင် သူတို့ ဘယ်လို စီမံခန့်ခွဲဖြေရှင်းထားလဲဆိုတဲ့ နည်းနိဿယကို မှီးယူပြီး ကျနော်တို့က ပြန်လည်နေရာချထားတဲ့နေရာမှာ စောစောက ကျနော်ပြောခဲ့သလို ဘယ်ရာခိုင်နှုန်း ဘယ်လောက် ဘယ်လောက်ဆိုတာနဲ့ အတိအကျသွားမယ်ဆိုရင် လျော့နည်းလိမ့်မယ်။ အရေးအကြီးဆုံးက …

ဒါကလည်း သူတို့ကလည်း တပ်မတော်ရဲ့၊ ကာကွယ်ရေးအဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့်၊ ကာကွယ်ရေးအဖွဲ့အစည်းရဲ့ နယ်စပ်တဝှမ်းမှာ လွှမ်းမိုးပိုင်ခွင့်ကို ဘယ်သူမှ လာရောက်ထိပါးခြင်းကို လက်မခံဘူးဆိုတဲ့ အစွဲတွေကြောင့်လည်း အခုလိုဖြစ်နေတာ။

ငြမ်းမီဒီယာ – ဒီတော့ ဆက်ကာရမယ့်အပိုင်းတွေမှာ ထုတ်ပြန်ချက်တွေအရဆို ကာကွယ်ရေးဝန်ကြီးဌာနကိုပဲ လုပ်ငန်း အပ်နှံပြီး လုပ်ရမှာဆိုတော့ ဒီအပေါ်မှာရော ဘယ်လောက်အထိ မျှော်လင့်ထားလဲ။

NMZ – ဒါကတော့ ဟုတ်တယ်။ အစိုးရကလည်း အခြေခံဥပဒေအရ ကာကွယ်ရေးဌာနအပေါ်မှာ လွှမ်းမိုးအမိန့်ပေးပိုင်ခွင့် အပြည့်အဝမရသေးတော့ အခု သူတို့က သူတို့ဘောင်ထဲက သူတို့ဥပဒေအရ သူတို့လုပ်မှရမယ်ဆိုတဲ့ သူတို့ရဲ့ရှေးရိုးစွဲ ဆောင်ရွက်ချက်ကလည်း ကြီးစိုးနေဆဲကာလဖြစ်တော့ သူတို့ပဲလုပ်မယ်ဆိုတာကို ကျနော်တို့ကလည်း မချိသော်လည်း လက်ခံ ရမှာပဲလေ။ မလုပ်ဘဲနေတာထက်စာရင် လုပ်လိုက်တဲ့ အတိုင်းအတာတစ်ခုလည်း ပြီးမယ်။ ပြီးတော့ အကာအရန် တစ်ခုရ သွားတော့ အမြဲတမ်း တံခါးမရှိ ဓားမရှိ ကျူးကျော်ဝင်ရောက်သွားလာနေတဲ့သူတွေကို အဟန့်အတား တစ်စုံတစ်ရာတော့ ဖြစ်တာပေါ့။ သို့သော် နောက်ဆက်တွဲ ဆက်လက်မြှင့်တင်ရမယ့် နည်းပညာဆိုင်ရာတွေပေါ့။

ဒေသခံဌာနေတိုင်းရင်းသားတွေဘက်ကရော ဟိုဖက်က လူအင်အားနဲ့ ဖိစီးလာတာကို ကိုယ့်ဘက်က လူအင်အားနဲ့ ဘာလို့ ပြန်လည်မခုခံနိုင်ရတာလဲ။ ကိုယ့်နိုင်ငံက ရေခံမြေခံကောင်းပါလျက်နဲ့ စုစည်းညီညွတ်စွာနဲ့ ပြည်ထောင်စု သားတွေ အဖြစ် ရခိုင်နယ်စပ်တစ်ခုလုံးကို သွားရောက် အခြေချပြီး လူတံတိုင်းနဲ့ ဘာလို့ အစိုးရနဲ့ ပူးပေါင်းပြီး မကာနိုင်ရတာလဲ။ ဒါလည်း …

စောင့်ကြည့်ထိန်းချုပ်ရမယ့် ဒရုန်းနဲ့ ပျံသန်းပြီးတော့ ကင်းလှည့်ရမယ့်ဟာမျိးတွေ၊ နည်းပညာအသုံးပြုတဲ့ ဝိုင်ယာလက်စနစ်သုံး CCTV ကင်မရာတွေ၊ လျှပ်စစ် ဝါယာ ရှော့ခ်ပုံစံမျိုးနဲ့ နယ်စပ်တစ်လျောက်မှာ လျှပ်စစ်လွှတ်ထားတာမျိုးတွေ၊ မြေမြှပ်မိုင်း လိုအပ်ရင် အသုံးပြုတာတွေ။ ဒါမျိုးတွေ အထိ ပြည့်ပြည့်၀၀သွားပြီးတော့ ဘယ်ဒေသ ဘယ်ဒေသကြားကိုတော့ တရားဝင် Pass လမ်းကြောင်းကို ဘယ်လို MoU ထိုးထားပြီး ဘယ်လို သဘောတူညီချက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၊ သို့မဟုတ် ဧည့်နိုင်ငံသား၊ တခြားနိုင်ငံသာ ဝင်ထွက်သွားလာခွင့်ရှိသည်။ သွားလာ ခွင့် မရှိပါ။ တိတိကျကျ ပြဌာန်းပြီး ဒီဂိတ် ဒီဂိတ်ကလွဲလို့ ဖြတ်သန်းသွားလာခွင့် မရှိရ။ ဖြတ်သန်းသွားလာသူ ဘယ်သူမဆို ပုဒ်မ ၁၄၄ ပစ်မိန့် ပေးတယ်ဆိုရင်တော့ စောစောက ပြောခဲ့တာတွေ ရမှာပေါ့။

ငြမ်းမီဒီယာ – နယ်စပ်လုံခြုံရေးဆိုတဲ့နေရာမှာ ခြံစည်းရိုးလုံခြုံခိုင်မာမှုအပြင် ဘာတွေများလိုအပ်ပါသေးလဲ။

NMZ – နယ်စပ်လုံခြုံရေးဆိုတဲ့နေရာမှာ စကားတစ်ခုရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လူအင်မတန်ပေါပြီး မြေအင်မတန် ရှားတယ်။ ရခိုင်နယ်စပ်က မြေအင်မတန်ပေါပြီး နိုင်ငံသားနေထိုင်မှုအင်မတန်ရှားတယ်။ ဒီကွာဟနေတဲ့ ပြောင်းပြန်အချိုးကျနေတဲ့ ဆန့်ကျင်ဘက်ကြီးကို ကျနော်တို့ အစိုးရဘက်ကရော၊ ဒေသခံဌာနေတိုင်းရင်းသားတွေဘက်ကရော ဟိုဖက်က လူအင်အားနဲ့ ဖိစီးလာတာကို ကိုယ့်ဘက်က လူအင်အားနဲ့ ဘာလို့ ပြန်လည်မခုခံနိုင်ရတာလဲ။ ကိုယ့်နိုင်ငံက ရေခံမြေခံကောင်းပါလျက်နဲ့ စုစည်းညီညွတ်စွာနဲ့ ပြည်ထောင်စုသားတွေ အဖြစ် ရခိုင်နယ်စပ်တစ်ခုလုံးကို သွားရောက် အခြေချပြီး လူတံတိုင်းနဲ့ ဘာလို့ အစိုးရနဲ့ ပူးပေါင်းပြီး မကာနိုင်ရတာလဲ။ ဒါလည်း လှုံ့ဆော်ပြီး ကျနော်တို့နိုင်ငံသား အမြောက်အများအခြေချနိုင်အောင် ကြိုးစားမယ်ဆိုရင် လူလူချင်း၊ လူအင်အား လူအင်အားချင်းရင်ဆိုင်ပြီး ခံတပ်တစ်ခုဖြစ်တယ်။ ဒုတိယကတော့ ဥပဒေ။ တတိယကတော့ လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ တိကျတဲ့စည်းကမ်းနဲ့ စွမ်းဆောင်ရည်။ အဲဒါကို ကျနော်တို့ ဆောင်ရွက်မယ် ဆိုရင်တော့ အခုဖြစ်ပေါ်နေတဲ့ လူအင်အားနဲ့ ကျူးကျော်အခြေချတဲ့ပြသနာတွေ အနည်းငယ် လျော့ပါးသွားလိမ့်မယ်။ စင်္ကာပူနိုင်ငံလို ဟိန္ဒူရော၊ အစ္စလာမ်ရော အကုန်လုံး ဘာသာရောယှက်ပြီး နေတဲ့နိုင်ငံတွေမှာ ပဋိပက္ခ မဖြစ်အောင် သူတို့ ဘယ်လို စီမံခန့်ခွဲဖြေရှင်းထားလဲဆိုတဲ့ နည်းနိဿယကို မှီးယူပြီး ကျနော်တို့က ပြန်လည် နေရာချထားတဲ့ နေရာမှာ စောစောက ကျနော်ပြောခဲ့သလို ဘယ်ရာခိုင်နှုန်း ဘယ်လောက် ဘယ်လောက်ဆိုတာနဲ့ အတိအကျသွားမယ်ဆိုရင် လျော့နည်းလိမ့်မယ်။ အရေးအကြီးဆုံးကတော့ လမ်းပန်း ဆက်သွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးပေါ့။ လမ်းပန်းဆက်သွယ်ရေးကတော့ အခုဆောင်ရွက်နေတာ ကျနော် တွေ့ရတယ်။ မေယုတောင်တန်းတွေ ဖြတ်ဖောက်တယ်။ လမ်းတွေ၊ တံတားတွေ အမြန်ဆုံးဆောက်နေတယ်။ နောက် (၂)လ၊ (၃) လလောက်ဆို မောင်တောလောက်အထိကို ရန်ကုန်ကနေ ကားပေါက်နိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ကားလမ်းတောက်လျောက် ပေါက် သွားပြီ ဆိုရင်တော့ နေ့ချင်းပြန်၊ ညချင်းပြန် သွားလာမှုတွေ လွယ်ကူပြီဆိုရင်တော့ စောစောက ပြောတဲ့ တရားဥပဒေစိုးမိုးမှု ပျက်ယွင်းနေတဲ့ကိစ္စတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေကို လက်လှမ်းမမီ မထိန်းချုပ်နိုင်တဲ့ ကိစ္စတွေကို ဖြေရှင်းနိုင်လိမ့်မယ်။ ဒါဆိုရင် တော့ လုံခြုံရေးတပ်ဖွဲ့တွေကိုရော၊ အချုပ်အခြာအာဏာထိခိုက်စော်ကားတဲ့ ကျူးကျော်အခြေချမှုတွေကိုရော ကောင်းကောင်း ထိန်းချုပ်လာနိုင်လိမ့်မယ်။

ငြမ်းမီဒီယာ – နိုင်ငံတော်က နယ်စပ်ခြံစည်းရိုးကာမယ်ဆိုတော့ ပြည်သူလူထုဘက်ကလည်း ငွေကြေး ဝိုင်းဝန်း လှူဒါန်း ကြ တာ တွေ့ရတယ်။ အဲဒါတွေကို စီမံခန့်ခွဲပြီး နယ်စပ်လုံခြုံရေးအတွက် စီမံဆောင်ရွက်ရမယ့်အပိုင်းမှာရော ဘယ်လိုအကြံပြုချင်ပါသလဲ။

NMZ – နောက်ဆုံးကျတော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အရည်အချင်းတွေပေါ်မှာ မူတည်တာပေါ့။ အခုက လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ တပ်မတော်ရော၊ ရဲတပ်ဖွဲ့မှာရောက စွမ်းဆောင်ရည် ပြည့်ပြည့်၀၀နဲ့ လာဘ်ပေးလာဘ်ယူမလုပ်ဘဲ စားဝတ်နေရေးဖူလုံဖို့ ခက်ခဲနေပါသေးတယ်။ နယ်ခြားစောင့်တပ်ရောက်သွားတဲ့ ရဲဘော်တွေ တအားဆင်းရဲတာပဲ။ ကျနော် ရောက်သွားတဲ့ စခန်း တစ်ခုမှာဆို ကြက်သွန်တို့၊ခရမ်းချဉ်သီးတို့၊ ငရုတ်သီးတို့ မမြင်ရတာ (၂) ပတ်၊ (၃) ပတ်ရှိပြီဆိုတာ သနားစဖွယ်ကြားရတယ်။ ထောက်ပံ့ပို့ဆောင်ရေး မရှိဘူး။ သူတို့တွေရဲ့ စားဝတ်နေရေးနဲ့ မိသားပိုင်းဆိုင်ရာ လုံခြုံစိတ်ချရမှုကို သီးခြားအခွင့်အရေး တရပ်အနေနဲ့၊ သီးခြားပံပိုးမှုအနေနဲ့ နိုင်ငံတော်က မဆောင်ရွက်နိုင်ရင် သူတို့ရဲ့စွမ်းဆောင်ရည်လည်း ပြည့်ဝမှာ မဟုတ်ဘူး။ ကျရောက်လာတဲ့ ကျူးကျော်အခြေချမှုတွေမှာ ခုခံကာကွယ်နိုင်စွမ်းတွေလည်း လျော့ကျမှာပဲ။ အစိုးရက အခက်အခဲ အကျပ် အတည်းကြားမှာ နယ်စပ်ကာကွယ်နေရတဲ့ အဖွဲ့အစည်းတွေအတွက် တိကျတဲ့ အပိုဆုတို့၊ ရိက္ခာတို့ ပံ့ပိုးပေးဖို့၊ စစ်လက်နက် ပစ္စည်းတွေ ပံ့ပိုးပေးဖို့ လိုပါတယ်။

ငြမ်းမီဒီယာ
နိုဝင်ဘာ(၂၈)၊၂၀၁၇၊ရန်ကုန်

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,