ရခိုင်ပါတီကအများစုနိုင်ပြီး NLD က ဝန်ကြီးချုပ်ဖြစ်တယ် ဆိုတော့ . . . . အပိုင်း (၃)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း

တပ်ကလည်း တပ်အမြင်နဲ့ပဲမမြင်နဲ့။ တိုင်းရင်းသားတွေဘက်က ကိုယ်ချင်းစာပြီး ကြည့်ကြည့်ဖို့လိုတယ်။ တိုင်းရင်းသားတွေ ဘယ်လောက်ခံနေရပြီလဲ၊ အဲဒီအပေါ်မှာ ကိုယ်ချင်းစာ တရားရှိရမယ်။ တကယ်လို့သာ . . .

တိုင်းရင်းသားပါတီများအနက် အင်အားကြီးပါတီတစ်ခုဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ (၅၈) နေရာအထိအနိုင် ရခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို ငြမ်းမီဒီယာက တွေ့ဆုံ မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အစိုးရကဆောင်ရွက်နေတဲ့ (၂၁) ရာစုပင်လုံအပါအဝင် NCA လက်မှတ် ထိုးမယ့်ကိစ္စတွေရဲ့ အခြေအနေ အလားအလာကို ပါတီဥက္ကဌတစ်ယောက်ရဲ့ နိုင်ငံရေးအမြင်နဲ့ သုံးသပ်ပြောပြ ပေးပါ။

USAP – အဲဒါကို ကျနော်ပြောတာလေ။ အကုန်လုံးက ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးဖို့ အတွက် ဆိုတဲ့ ပန်းတိုင် တစ်ခု ထားလိုက်လေ။ တပ်ကလည်း တပ်အမြင်နဲ့ပဲမမြင်နဲ့။ တိုင်းရင်းသား တွေ ဘက်က ကိုယ်ချင်းစာပြီးကြည့်ကြည့်ဖို့ လိုတယ်။ တိုင်းရင်းသားတွေ ဘယ်လောက်ခံနေရပြီလဲ၊ အဲဒီအပေါ်မှာ ကိုယ်ချင်းစာ တရားရှိရမယ်။ တကယ်လို့သာ ကျနော်တို့က လွတ်လွတ်လပ်လပ် ပြောရမယ်ဆို ပြောရဲတယ်။ ကျနော်တို့က အကျိုးနဲ့အကြောင်းနဲ့ ပြောတာကိုး။ ခုနက ကျနော်ပြောပြတဲ့ အထဲ မှာပါတဲ့ ကျနော်တို့ကရှင်းပြတဲ့အခါဗိုလ်ချုပ်ကြီး မျိုးညွှန့်တို့ ဘာတို့က ဒေါကန်တယ်ဆိုတာမျိုးက Tempo ကျသွားတာပေါ့။ ရှစ်ပြည်နယ်လို့ ပြောတာဘာဖြစ် လဲ။ ဒါ Political Bargaining နိုင်ငံရေးအရ ဈေးဆစ်ဆွးနွေးကြတာပဲ။ ကျနော့်သဘောကတော့ (၁၄) ပြည်နယ်လဲ ကိစ္စမရှိဘူးလေ။ မျှမျှတတ ပဲလုပ်။ ခုနကပြောသလို ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူ ရည်တူအခွင့်အရေး၊ Power Sharing ၊ Tax Sharing အဲဒါတွေသာ မျှမျှတတရရင် အဆင်ပြေတယ်။ ကျနော်တို့ ရှမ်းပြည်က ကျနော်တို့ သာအုပ်ချုပ်ရမယ်ဆို၊ ကျနော်တို့သာ အခွန်ကောက်ရမယ် ဆို ရတဲ့အခွန်ကအများကြီး။ မူဆယ်မှာ Border Trade ကရတဲ့အခွန်တွေ ကျနော်တို့ မရဘူးလေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မဲပေးတဲ့ကိစ္စမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက ဖိအားပေးတဲ့ကိစ္စမျိုး ၂၀၂၀ မှာဆက်ဖြစ်လာနိုင်သ လား။ ရွေးကောက်ပွဲတစ်ခုမှာ ဒီလိုဖိအားပေးပြီး မဲထည့်ခိုင်းတဲ့ကိစ္စကို ဘယ်လိုသုံးသပ်မိပါသလဲ။

USAP – သူတို့ ဖိအားမပေးနိုင်အောင်၊ ကျနော်တို့ ၂၀၁၅ အတွေ့အကြုံရှိပြီးသားလေ။ သူတို့က စာထုတ်ပြီး လည်း ညွှန်ကြားတာ ရှိတယ်။ ကျနော် ဝမ်ဟိုင်းကို ရောက်ခဲ့တယ်။ အယောက် (၅၀) လောက်ကျနော် ခေါ်သွား တာ။ ဒေါ်အောင်ဆန်းစုကြည် ဆီ ကို လည်း စာတင်တယ်၊ တပ်ချုပ်ဆီလည်းစာတင်တယ်။ နို့မို့ဆို ကျနော်တို့ကို ၁၇ (၁) နဲ့ဖမ်းမှာ ပေါ့။ သူတို့က NCA မထိုးသေးဘူးလေ။ ကျနော်တို့ သူတို့ကို NCA ထိုးဖို့သွားစည်းရုံးမလို့ ခွင့်ပြုမလားဆိုပြီးစာတင်တာ။ ခွင့်ပြုတယ် ကားနံပါတ်ပေး၊ ဘယ်သူတွေ ဘယ်သူ တွေ သွားမှာလဲဆိုတော့ ကျနော်တင်ပြလိုက်တယ်။ ကျနော်အပါ အဝင် ကျနော်တို့ပါတီထဲက ရှစ်ယောက်လောက် ခေါ်သွားတယ်။

မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိတာမှာ လာပေးတာ တစ်သောင်းလောက်ပဲရှိတယ်။ မဲကို လွတ်လွတ်လပ် လပ်မပေးရတော့ လာမပေးတော့ဘူးလေ။ အဲဒီလို …

ကျနော်တို့မြို့နယ်က လူငယ်တွေ၊ အမျိုးသမီးတွေ၊ ယောက်ျားလေးတွေ၊ အဆိုတော်တွေပါတယ်။ ကျောက်မဲ ကနေ ခေါ်သွားတာ။ အယောက် (၅၀) လောက်ရှိမယ်။ သူတို့လည်း အေးအေးဆေးဆေး ကြိုဆိုတယ်လေ။ အဲဒီလို ဝမ်ဟိုင်း SSPP မြို့မှာ ကျနော် သွားတိုက်တွန်းလိုက်တာ။ ခင်ဗျားတို့ ဟိုဘက်က RCSS က NCA ထိုးပြီးပြီ။ NCA က ခင်ဗျားတို့ထိုးပြီးရင် အရှုံးမရှိဘူး။ အမြတ်နဲ့ အရင်းပဲရှိမယ်။ အမြတ်က လွတ်လွတ်လပ်လပ် သွားလို့ရတယ်၊ ဘာမှမဖြစ်တော့ဘူး။ အဲဒီတော့ ခင်ဗျားတို့ NCA ထိုးဖို့သင့်တယ် ဆိုပြီးတိုက်တွန်းတာ။ သူတို့လည်း အဲဒီတော့ နည်းနည်းသဘောပေါက်လာပြီ။ အဲဒီမှာဆွေးနွေးပြီးတော့ အဲဒီမှာပဲ ကျနော်ပြော ခဲ့တယ်။ ပြီးခဲ့တာလည်း ပြီးသွားပြီ။ ခင်ဗျားတို့စာထုတ်တဲ့ဟာကိုလည်း ကျနော်တို့လက်ခံရရှိထားတယ်။ ဒါပေမယ့် သူတို့က Save Face ပေါ့၊ သူတို့မျက်နှာမပျက်အောင် ဒါဟာ လူကြီးပိုင်းကလုပ်ခိုင်းတာ ဟုတ်ချင်မှဟုတ်မှာပါ၊ အလတ်ပိုင်းအရာရှိတွေက အောက်ခြေကို ညွှန်ကြားခိုင်းတာဖြစ်မှာပါ လို့ပြောတယ်။ ဒါပေမယ့် လက်နက်ကိုင် တပ်ဆိုတာ အပေါ်ကအမိန့်မပါဘဲနဲ့ ဘယ်လို မှလုပ်လို့မရဘူးလေ။ ကျနော်တို့ဆီမှာ သူတို့ထုတ်ထားတဲ့တဲ့ စာတွေ အစကတည်းကရှိတယ်လေ။ သူတို့ ကျနော်တို့ ပြောတာကို တစ်ခုမှမငြင်းဘူးဗျ။ သူတို့ဖိအားပေး ညွှန်ကြားထားတာတွေကိုပေါ့။ ခင်ဗျား တခြားနေရာတော့ ကျနော် မသိဘူး၊ ရှမ်းပြည်နယ်မှာ မြို့နယ်တစ်မြို့ နယ်မှာ လူဦးရေ (၁၀၀) ရှိတယ်ဆိုရင် ရွာမှာ (၇၆) ယောက်ရှိတယ်။ (၇၆) ရာခိုင်နှုန်းရှိတယ်။ မြို့ထဲမှာ (၂၄) ပဲနေတယ်။ မြို့ထဲမှာက ရှမ်းအပါအဝင် တခြားလူမျိုးတွေရှိတယ်။ ရွာမှာကတော့ ရှမ်းတွေချည်းပဲ။ နောက် တစ်ခုက ရွာတွေမှာ အစိုးရကခန့်တဲ့ အုပ်ချုပ်ရေးမှူးက သပ်သပ်၊ တိုင်းရင်းသားလက်နက်ကိုင်ကခန့်တဲ့ အုပ်ချုပ်ရေးမှူးက သပ်သပ်ရှိတယ်။ အစိုးရ ခန့်တဲ့ အုပ်ချုပ်ရေးမှူးက အာဏာမရှိဘူး။ သူတို့ခန့်တဲ့ အုပ်ချုပ် ရေးမှူးမှာ အာဏာရှိတယ်။ သူတို့ခန့်ထားတာ အုပ်ချုပ် ရေးမှူးရော၊ တိုက်နယ်အုပ်ချုပ်ရေးမှူးရော ရှိတယ်။ ဟိုကညွှန်ကြားလိုက်လို့ ဒါဆိုရင် ဒါပဲ။ ခင်ဗျား ဘာမှပြောလို့မရဘူး။

ဒီတစ်ခါ ရွေးကောက်ပွဲမှာ သူတို့စိတ်ပြောင်းသွားရင် တော့ ကျနော်တို့ အလား အလာကောင်းတာပေါ့။ ဝမ်ဟိုင်းကိုတော့ ကျနော်ပြောရင်းပြောရင်းနဲ့ …

ရွာသားတွေ ခင်ဗျားကို ဘယ်လောက်ပဲ ပေးချင်ပေးချင် ဟိုကညွှန်ကြားတဲ့အတိုင်းပဲ။ ရွာသားတွေက သူတို့ညွှန်ကြားတာနဲ့ ဆန့်ကျင်ပြီး မလုပ်ရဲဘူးလေ။ ရွာသားတွေနေရာမှာ ခင်ဗျားဆိုလည်း မလုပ်ရဲဘူး၊ ကျနော်ဆိုလည်း မလုပ်ရဲဘူးလေ။ ကျနော်က ကျားဖြူကို သိပ်ချစ်တယ် သိပ်ကြိုက်တယ်၊ ဒီကောင်တွေပဲ အလုပ်လုပ်နိုင်တယ်ဆိုပြီးတော့ မဲသွားပေးလိုက်လို့ရှိရင်၊ ကျားဖြူကို မဲပေးတာဘယ်သူလဲ၊ ငါတို့ညွှန်ကြားထားတာ ဒီလိုဒီလိုလုပ်ခိုင်းတာ၊ ဘာလို့မင်းတို့အဲဒီလိုလုပ်လဲ၊ ခံရမယ်။ အဲဒီတော့ ကျနော်တို့က ဒီလိုရှိတာသိပြီလေ။ အဲဒါကြောင့် ကျနော်တို့ RCSS ဌာနချုပ်ကိုလည်းသွားတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ လဲချားကကျနော်တို့ ဝင်ပြိုင်ခဲ့တယ်။ ကျနော် ဦးယွက်ဆစ်ကိုပြောလိုက်တယ်။ သူရန်ကုန်ရောက်နေတဲ့အချိန် ကျနော်လည်းပြင်ဦးလွင်ရောက်နေတော့ လှမ်းဖုန်းဆက်လိုက်တယ်။ ဥက္ကဌကြီး ကျနော့်ကိုစာထုတ်ပေးပါလို့၊ ပြည်သူလူထုလွတ်လွတ်လပ်လပ်မဲပေးပါစေ၊ ဘာမှ မညွှန် ကြား တော့ဘူးဆိုပြီး အဲဒီစာလေးထုတ်ပေးပါလို့ဆိုတော့၊ ခင်ဗျားကလည်း တစ်နေရာတည်းနဲ့ဘာမှမထူးပါဘူး ဆိုတော့ ကျနော် လည်း မပြောတော့ဘူး။ တကယ်တမ်းကျတော့ လဲချားက ကျနော်တို့နိုင်မယ်ဆိုတာ တွက်ထားပြီးသား။ ခင်ဗျားစဉ်းစားကြည့် မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိတာမှာ လာပေးတာ တစ်သောင်းလောက်ပဲရှိတယ်။ မဲကို လွတ်လွတ်လပ် လပ်မပေးရတော့ လာမပေးတော့ဘူးလေ။ အဲဒီလိုမျိုးတွေရှိတယ်။ ဒီတစ်ခါ ရွေးကောက်ပွဲမှာ သူတို့စိတ်ပြောင်းသွားရင် တော့ ကျနော်တို့ အလား အလာကောင်းတာပေါ့။ ဝမ်ဟိုင်းကိုတော့ ကျနော်ပြောရင်းပြောရင်းနဲ့ သူတို့နည်းနည်းတော့ သဘောပေါက်လာတယ်။ ဘာဖြစ် လို့လည်းဆိုတော့ ကျနော်ကလည်း အကူအညီပေးတတ်တယ်လေ။ ဗိုလ်ချုပ်ကြီးခင်ဇော်ကိုလည်း ကျနော်ခေါ်သွားခဲ့တယ်။ ဦးသိန်းဇော်ကိုလည်း ကျနော် ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ သူတို့နဲ့သွား တွေ့တယ်။ ပြီးတော့သူတို့ရှေ့မှာပဲ ကျနော်ပြောခဲ့တယ်၊ ဒီ ဝမ်ဟိုင်းကလူတွေကို ဗိုလ်ချုပ်ကြီးတို့ ၁၇ (၁) နဲ့ဖမ်းထားတာ အယောက် (၄၀) လောက် ရှိတယ်။ အဲဒါတွေကိုတော့ လွှတ်ပေး ပါလို့၊ သူတို့ဒေသရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ပေးပါလို့ ပြောလိုက်တာ။ အဲဒီဖမ်းထားတဲ့လူတွေ အားလုံးနီးပါး ပြန်လွတ်လာတယ်။ ဒါပေမယ့် သစ်နဲ့ပတ်သက်ပြီးဖမ်းထားတဲ့ နှစ်ယောက် သုံးယောက်လောက်တော့ ကျန်သေးတယ်။ အဲဒါတွေကတော့ ၁၇ (၁) နဲ့ဖမ်းထားတာလည်းမဟုတ်ဘူး။ ကျန်တာတွေတော့ အကုန်လွတ်သွားပြီ။ နောက်ပြီးတော့ ဖွံဖြိုးရေးအတွက် ကျနော်တို့ ပြောလို က်တော့ မီးသတ်ကားလည်း သူတို့ရသွားတယ်။ ဦးသိန်းဇော်နဲ့ ဗိုလ်ချုပ်ကြီးခင်ဇော်ကို ကျောင်းတွေဘာတွေကိုလည်း ခေါ်သွားပြီး ကျတော် လိုက်ပြလိုက်တယ်။ သူတို့လည်း ကူညီပါတယ်။ အခုဆို တယ်လီဖုန်းတောင်ရပြီလေ။ ဝမ်ဟိုင်းက အရင် တယ်လီဖုန်း မရဘူးလေ။ အခု MPT ထင်တယ်၊ ရနေပြီ။ အဲဒီတော့ အလားအလာက မဆိုးဘူးလို့ထင်ရတာပေါ့ဗျာ။ So Far So Good ပေါ့။

ငြမ်းမီဒီယာ – အဲဒီတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးမယ့်လူတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက ဖိအားပေးမယ် မပေးဘူးဆိုတာ ပြောလို့မရသေးတဲ့ အခြေအနေပေါ့။

USAP – မရသေးဘူး။ စောင့်ကြည့်ရဦးမယ့်အခြေအနေပေါ့။ ဒါကြောင့် ကျနော်တို့က ဖြစ်နိုင်ရင် သူတို့ဆီက စာတောင်းချင်တယ်။ စာတောင်းချင်တယ်မဟုတ်ဘူး စာတောင်းမယ်။ ကျနော်တို့ မိုင်းလား နှစ်(၃၀) ဖိတ်လို့ သွားတော့ SSPP ဥက္ကဌ ဦးပန်ဖ လည်းလာတယ်။ သူ့အတွင်းရေးမှူးက လာခေါ်တော့ ကျနော်တို့သွားတွေ့ ကြတယ်။ အဲဒီမှာ ပြည်သူလူထု လွတ်လွတ်လပ်လပ် မဲပေးခွင့်ရဖို့၊ ဘက်မလိုက် ဖို့ ကျနော်ပြောလိုက်တယ်။ ဒါပေမယ့် သူတို့ ညှိဦးမှာပေါ့ဗျာ။ ကျနော်တို့လည်း ကြိုးစားရမှာပေါ့။ ဒါက ကျနော်တို့အတွက် မဟုတ်ဘူးလေ၊ တကယ်လို့ သူတို့ထပ်ပြီးဖိအားပေးရင် ဒါ ရှမ်းရဲ့ ကံကြမ္မာပေါ့၊ ခံပေါ့။ ကျနော်တို့က ကိုယ့်အကျိုးစီးပွားမရှိဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အဲဒါနဲ့ဆက်စပ်ပြီးပေါ့၊ မဲပေးခွင့်ဆိုတာ နိုင်ငံသားတစ်ယောက်ရဲ့ အခြေခံကျတဲ့အခွင့်အရေးဖြစ်တယ်။ ဒါကို ကိုယ်ပေးချင်တာမပေးရဘဲ ဖိအားပေးပြီး ပေးခိုင်းတယ်ဆိုတာကို ဘယ်လိုမြင်သလဲ။

ရှမ်းရဲ့ စိတ်ဓာတ်ကတော့ ကိုယ့်ရှမ်းကိုပဲ ပေးဖို့ ကတော့ တစ်ရာမှာ ရှစ်ဆယ် လောက်အဲလိုမျိုး စိတ်ဓာတ်ရှိတယ်။ ကျနော်ထင်တယ် ရခိုင်ဆို ကိုးဆယ်ရာခိုင်နှုန်း လောက် ရှိမယ် …

USAP – မမျှတဘူးလို့ မြင်တာပေါ့။ ဒါပေမယ့် သူတို့မှာ လက်နက်ရှိတယ်လေ။ အခု သီပေါမှာ ပြီးခဲ့တဲ့လပိုင်းက ကျနော့်လူ ဒုဥက္ကဌနဲ့ သူ့မိန်းမတောင် အသတ်ခံရတယ်လေ။ ကျနော်တောင် နာရေးကူငွေ ပို့ပေးလိုက်ရသေး တယ်။ အဲဒီတော့ ကျနော်တို့ ရှမ်းပြည်က ခင်ဗျားတို့သိတဲ့အတိုင်းပဲ။ ဟိုတလောတုန်းက ကျောက်မဲမှာလည်း လာသတ်သွားတယ်လေ။ အရမ်းကြောက်ရတယ်။ ကျနော်တို့ ပြောသာပြောတယ် နော် သူတို့သဘောက မျက်စိမှိတ်ပြရင်ကို ကြောက်နေရတာ။ တော်ကြာ ကိုယ့်ကိုလာဆော်သွားမှာလေ။

ငြမ်းမီဒီယာ – ပုဒ်မ ၂၆၁ ကိုမပြင်နိုင်ရင် တိုင်းရင်းသားတွေအတွက် စစ်မှန်တဲ့ဖက်ဒရယ်ရဖို့ မဖြစ်နိုင်ဘူးဆိုတော့ အဲဒီကိစ္စကို အများပြည်သူနားလည်အောင် နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ရှင်းပြပေးနိုင်မလား။

USAP – ဒီလိုလေ၊ ခင်ဗျားက ရှမ်းဆိုပါတော့၊ ဒါမှမဟုတ် ကရင်ဆိုပါတော့။ ကရင်ပြည်နယ်မှာ ခင်ဗျားတို့ ကရင်လူမျိုးကို ဝန်ကြီးချု ပ်မဖြစ်စေချင်ဘူးလား။ အစိုးရမဖြစ်စေချင်ဘူးလား။ ကရင်ပြည်ကို ကရင်တွေပဲ အုပ်ချုပ်စေချင်မှာပေါ့။ မွန် လည်း မွန်ကိုပဲ အုပ်ချု ပ်စေ ချင်မှာပေါ့။ ရခိုင်ကလည်း ရခိုင်ကိုပဲ ဝန်ကြီးချုပ် ဖြစ်စေချင်မှာပေါ့။ ဘာမှမဆိုင်ဘဲ ရခိုင်ပါတီကအများစုနိုင်ပြီး NLD က ဝန်ကြီးချုပ်ဖြစ်တယ်ဆိုတော့ ဒါ မဟုတ်သေးဘူးလေ။ တစ်ပါတီ အာဏာရှင်ဆိုတာ ဒါပဲ။ ဟုတ် တယ်မလား။ ဘယ်မှာ ပါတီစုံ ဖြစ်လို့ လဲ။ ပြောမယ်ဆိုရင် အရင် USDP အစိုးရကတောင် တိုင်းရင်းသားတွေနဲ့ နည်းနည်းပါးပါး ညှိနှိုင်းသေးတယ်။

ငြမ်းမီဒီယာ – NLD က တိုင်းရင်းသားဒေသတွေမှာ ဝင်ပြိုင်ဖို့ ရှမ်းပြည်မှာဆို ရှမ်းလူမျိုး၊ ချင်းပြည်မှာဆို ချင်းလူမျိုး စသဖြင့် ရွေးချယ်ပြီး တာဝန်ပေးဖို့စီစဉ်နေတယ်။ သူတို့ကတော့ ဒါဟာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို နေရာပေးတယ်လို့ ပြောချင် ပုံ ရတယ်။ ဆိုတော့ ဒီလိုရွေးချယ်တာဝန်ပေးတဲ့လူတွေဟာ တကယ်ပဲ ဒေသခံ တိုင်းရင်းသားတွေကို ကိုယ်စားပြုမှုရှိတယ်လို့ ထင်ပါသလား။ ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ဘယ်လိုယူဆပါသလဲ။

USAP – တိုင်းရင်းသားတွေကို ဘယ်ကိုယ်စားပြုမလဲဗျာ။ ကျနော်တို့ ကြားဖြတ်ရွေးကောက်ပွဲတုန်းက လဲချား မှာ သူတို့ NLD သွားပြိုင်တာပဲ။ NLD ပြိုင်တယ်၊ ကျနော်တို့ ကျားဖြူပြိုင်တယ်၊ နောက် ကျားခေါင်းပြိုင်တယ်။ သုံးပါတီပဲရှိတယ်။ ပြည်ခိုင်ဖြိုး မပြိုင်ဘူး။ အဲဒီမှာ NLD ပြိုင်တာ ဘိတ်ချီးပဲလေ။ သူတို့ NLD က ရှမ်းကိုပဲ ပြိုင်ခိုင်းတာ။ ဘယ်နိုင်မလဲ။ ရှမ်းပဲ စိုင်းအောင်ထွန်းလင်း လား ဘာလား အဲဒီလိုနာမည်မျိုးပဲ။ တခြားလူမျိုးတော့ ကျနော်မသိဘူးဗျ။ ကျနော်တို့ရှမ်းရဲ့ စိတ်ဓာတ်ကတော့ ကိုယ့်ရှမ်းကိုပဲ ပေးဖို့ ကတော့ တစ်ရာမှာ ရှစ်ဆယ် လောက်အဲလိုမျိုး စိတ်ဓာတ်ရှိတယ်။ ကျနော်ထင်တယ် ရခိုင်ဆို ကိုးဆယ်ရာခိုင်နှုန်း လောက် ရှိမယ်။ ကိုးဆယ့်ကိုးလောက်တောင် ရှိမလားမသိဘူး။ ဘာလို့လည်းဆိုတော့ ကျနော်တို့ NBF ထဲမှာ ပါတီက မျိုးစုံရှိတယ်လေ။ ရခိုင်ပါတီလည်း ကျနော်တို့အဖွဲ့ထဲမှာပါတာကိုး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူတွေက အပြောင်းအလဲလုပ်ကြတာ။ ပြောင်းလဲချိန် တန်ပြီ ဆိုတော့ ပြောင်းလဲချင်တာပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ ထင်သလို မဖြစ်လာဘူးလေ။ တကယ်တမ်း …

ငြမ်းမီဒီယာ – ခုနကပြောသွားတာထဲမှာ USDP က တိုင်းရင်းသားတွေနဲ့ညှိတယ်ဆိုတော့ အခုဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရက တိုင်းရင်းသားတွေကိုမကြည့်ဘူး၊ တိုင်းရင်းသားတွေရဲ့ သဘောသဘာဝကို သဘောမပေါက်ဘူးလို့ ပြောချင်တာလား။

USAP – အဲလိုတော့လည်း မဟုတ်ဘူးလေဗျာ။ ကျနော် ထင်တာတော့ သူ့ဆီမှာရှိတဲ့ တိုင်းရင်းသား တွေက လည်း သူ့ကို ပွင့်ပွင့် လင်းလင်း မပြောရဲတာလည်း ပါချင်ပါမှာပေါ့။ ကျနော်တို့လို လွတ်လွတ် လပ်လပ် အပြင်ကပုဂ္ဂိုလ်ဆိုရင် ကျနော်တို့နဲ့ တွေ့ရင် ပြောလို့ရတယ်လေ။ ပြောလည်းပြောရဲတယ်လေ ကျနော်တို့က။ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကို ကျနော်တို့ပြောရဲတယ်လေ။ သူက နိုင်ငံခြားမှာ အနေကြာတော့ သိချင်မှလည်းသိမယ်၊ နောက်ပြီးတော့ အကျယ်ချုပ်ကလည်း ကျတာကိုး။ ၂၀၁၂ ကျမှ သူက လွှတ်တော်ထဲ ရောက်တာကိုး။ ၂၀၁၅ ကျတော့ landslide ဖြစ်တာ။ ဒါ လူတွေက အပြောင်းအလဲလုပ်ကြတာ။ ပြောင်းလဲချိန် တန်ပြီ ဆိုတော့ ပြောင်းလဲချင်တာပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ ထင်သလို မဖြစ်လာဘူးလေ။ တကယ်တမ်းကျတော့ ကျနော်တို့ ကိုလည်း ဖိတ်ခေါ်ပြီး ဆွေးနွေးဖို့ သင့်တယ်ပေါ့နော်။ အရင်တုန်းက ဦးသိန်းစိန်က မဆိုးဘူးဗျ။ သူက သဘောထား နည်းနည်းကြီး တယ်လို့ ဆိုရမယ်။ အကောင်းကြီးတော့ မဟုတ် ဘူး။ သူကလည်း လူမျိုးကြီးပဲ။ ဒါ အမှန်အတိုင်းပြောတာ။ သူတို့ က လည်း လူမျိုးကြီး စိတ်ဓာတ် ရှိကိုရှိတယ်။ သူတို့ဆို တပ်ကဆိုတော့ ပိုရှိတာပေါ့။ ဒါပေမယ့် သူက နည်းနည်းလေးတော့ တိုင်းရင်းသားတွေ ရဲ့ ခံစားချက် ကိုသိတယ်။ ကျိုင်းတုံမှာလည်း တိုင်းမှူး လုပ်သွားသေးတော့လေ။ အဲဒီတော့ မသိမသာလေးတော့ လျှော့ပေး တာပေါ့ ဗျာ။ မသိမသာ လေးပေါ့။ ကျနော် ဦးအောင်သောင်းကိုပြောတာပဲ။ ခင်ဗျားကျနော့်ကို ဝန်ကြီးချုပ်ပေး လို့။ တကယ်တမ်း ကျရင် ကျနော်တို့ပါတီက အများကြီးနိုင်တာပဲ။ ခင်ဗျားတို့ ကြိုတင်မဲတွေနဲ့ USDP က အများဆုံး ဖြစ်သွားတာလို့။ ခင်ဗျား ဒီလို ပြောရင် တခြားဆို ဘယ်ရလိမ့်မလဲ။ ကျတော်တို့က ဘာဖြစ်မှာလဲ၊ လွတ်လွတ်လပ်လပ်ပဲ၊ ပြောရဲတာပေါ့။ ကျနော်ဒီလိုပြောတာ ကျနော့် လာပြီးဘယ်ဖမ်းချုပ်မလဲ။ ကြိုတင်မဲလေ တကယ်တမ်းက။ ကျနော်တို့ နမ့်ခမ်းက တကယ်တမ်းဗျာ ကျနော်တို့ သုံးနေရာစလုံး နိုင်ရ မယ့်ဟာကြီးကို ညမိုးချုပ်ကြီးကျမှ ပြည်သူ့စစ်ခေါင်းဆောင် ပန်းသေးကျော်မြင့်ကို အနိုင်ပေးလိုက်တာဗျာ။ ပြည်ခိုင်ဖြိုးကလည်း သူကဝဋ်လည်တာပေါ့နော်။ ၂၀၁၀ မှာသူလုပ်လိုက်ရတော့ ၂၀၁၅ မှာ သူ ပက်ပက်စက်စက် ခံလိုက်ရတာပေါ့။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေဟာ ပြည်တွင်းစစ်ကို မျိုးဆက် တစ်ခုပြီးတစ်ခု ဘဝတွေ၊ အသက်တွေရင်းပြီး ကြုံတွေ့ ခဲ့ကြရ တယ်။ အဲဒီကြားထဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း လူမျိုးကိုအခြေခံတဲ့ အမုန်း တရားတွေနဲ့ စည်းရုံးခဲ့ကြ တာတွေရှိတော့ အကယ်၍ ငြိမ်းချမ်းရေးရလို့ ခေါင်းဆောင်ပိုင်းတွေ အဆင်ပြေခဲ့ ရင်တောင် အောက် ခြေလူထုမှာရှိနေတဲ့ အမုန်းတရားတွေ လျော့ပါးပျောက် ကွယ်နိုင်ပါ့မလား။

USAP – အဖြေကရှင်းရှင်းလေး။ ခင်ဗျား ဖက်ဒရယ်အစစ်အမှန်သာ ပေးလိုက်။ အကုန်လုံး ပြည်ထောင်စု တပ်မတော်ရှိလာမယ်။ ဂျာမဏီတို့၊ ဆွစ်ဇာလန်တို့လိုပေါ့။ သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်အစိုးရ အောက်မှာ ရဲနဲ့ တခြားဝန်ထမ်းတွေရှိမယ်။ တော်ပြီပေါ့၊ Happy ဖြစ်ပြီပေါ့။ ကရင်ပြည်နယ်ဆိုလည်း သူ့ပြည်နယ်သူ ချမ်းသာအောင်၊ ဖွံ့ဖြိုးအောင်ကြိုးစားကြလိမ့်မယ်၊ ရှမ်း က လည်း ကိုယ့်ပြည်နယ်ကိုယ် လုပ်ကြ။ ဂျာမဏီမှာ ကျနော်တို့လိုပဲ ပြည်နယ်လွှတ်တော်ပေါ့။ ကျနော်တို့ သွားလေ့လာတော့ သူတို့ ရှင်းပြတာ သူတို့ရဲ့ ပြည်ထောင်စုအစိုးရပေါ့ဗျာ၊ အဲဒါက နိုင်ငံရဲ့ကာကွယ်ရေး၊ ငွေကြေးဆိုင်ရာတွေ၊ နိုင်ငံခြားဆက်ဆံရေး စတဲ့ ကိစ္စ တွေတော့ ဂျာမဏီပြည်ထောင်စုအစိုးရက ကိုင်ရတာပေါ့ဗျာ။ ကျန်တဲ့ကိစ္စအများစုကိုတော့ သူ့ပြည်နယ်နဲ့သူ ဆောင်ရွက်ကြရတယ်။ Saxony ပြည်နယ်က လွှတ်တော်ဥက္ကဌကပြောပြတာ။ Saxony ဆိုတာ အရင်က အရှေ့ဂျာမဏီက ပြည်နယ်ပေါ့။ Berlin လည်း ပြည်နယ်တစ်ခု အနေနဲ့ပဲ ရှိတာ။ သူတို့ဂျာမဏီက ပြည်နယ်အား လုံး တန်းတူဖွံ့ဖြိုးတာဗျ။ အရင်ကဆို အရှေ့ဂျာမဏီက ဖွံ့ဖြိုးမှု နောက်ကျခဲ့တာ။ အခုကတော့ အားလုံးတန်းတူ ဖြစ်နေပြီ။ကျနော်တို့ဆီ မှာလည်း ဥပမာ ချင်းပြည်နယ် ဆိုပါတော့၊ ဖွံဖြိုးရေး လုပ်ငန်း တွေ လုပ်ဖို့ လတ်တလော ဘဏ္ဍာရေးအခက်အခဲ ရှိပြီပေါ့၊ ပြည်ထောင်စုအစိုးရ ဆီက ခဏချေး၊ နောက်အဆင်ပြေလာချိန် ပြန်ဆပ် ပေါ့။ အဲဒီလိုမျိုး ကိုယ့်ပြည်နယ်အတွက် ကိုယ်လုပ်၊ ပြည်ထောင်စုအစိုးရက လိုအပ်တာ ပံ့ပိုးကူညီပေးပေါ့။ အဲဒီလိုသာ ဆို ပြည်ထောင်စုစိတ်ဓာတ် ဘယ်တော့မှမကွဲဘူးဗျာ။ ရိုက်ခွဲတောင် မကွဲဘူး။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

ဒီမိုကရေစီ အစစ်အမှန်ဆိုရင် တပ်မတော်က အစိုးရလက်အောက်မှာပဲရှိရမယ် – အပိုင်း (၄)

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,