ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်စရာ အကြောင်းမရှိဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

TTH / ရခိုင်အမျိုးသားပါတီ (ANP) ပါတီဥက္ကဌ ဦးသာထွန်းလှ

ရွေးကောက်ပွဲမကျင်းပနိုင်ရင် ရခိုင်ပြည်နယ်အတွက်သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတွက်လည်းမကောင်းဘူး။ နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု …

လက်ရှိရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခအခြေအနေများကြောင့် ရွေးကောက်ပွဲကျင်းပရန်အခြေအနေ အပေါ် ထင်မြင်ယူဆချက်မျိုးစုံနှင့် သုံးသပ်ချက်များရှိလာခဲ့သည်။ ၎င်းအခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဦးသာထွန်းလှကို ငြမ်းမီဒီယာကဆက် သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ်မှာ နေရာစုံရွေးကောက်ပွဲကျင်းပနိုင်ဖို့ လိုအပ်တယ်လို့ပြောထားတာ သတိပြုမိပါတယ်။ တကယ့်မြေပြင်အခြေအနေအရ နေရာစုံကျင်းပနိုင်ဖို့ ဖြစ်နိုင်ပါ့မလား။

UTTH – နေရာစုံမှာကျင်းပဖို့ အဆင်ပြေနိုင်မလားမေးရင် အခုရခိုင်မှာဖြစ်နေတဲ့တိုက်ပွဲ၊ ပြည်တွင်းစစ်ပဋိပက္ခကို လျော့ချ နိုင်ရင် နေရာစုံမှာကျင်းပလို့ရပါတယ်။ တိုက်ပွဲတွေကို လျှော့ချဖို့ ရည်ရွယ်ချက်ရှိဖို့လိုတယ်။ အဲဒီစစ်ပွဲအရှိန်အဟုန်တွေကို သာ လျှော့ချနိုင်ရင် ရွေးကောက်ပွဲ မကျင်းပနိုင်စရာ မရှိဘူး။ မဲဆန္ဒရှင်ပြည်သူတွေကို လုံလုံခြုံခြုံနဲ့ မဲပေးနိုင်တဲ့ အခင်းအကျင်းမျိုး ဖန်တီးပေးနိုင်ရင် ရွေးကောက်ပွဲမကျင်းပနိုင်စရာ အကြောင်းမရှိဘူးလို့ ကျနော်တို့မြင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ်က သက်သေပဲ။ အဲဒါတွေကြောင့် မဲဆန္ဒရှင်ပြည်သူတွေ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးနိုင်ဖို့ အရေးကြီးပါတယ် …

ငြမ်းမီဒီယာ – အကယ်၍ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေ များသွားခဲ့မယ်ဆိုရင် ဖြစ်လာနိုင်တဲ့အကျိုးဆက်ကို ဘယ်လိုခန့်မှန်းမိပါသလဲ။

UTTH – ကျနော်သိသလောက်ဆိုရင် မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက တစ်လျောက်လုံး ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တာမျိုး မရှိဘူး။ ဖဆပလခေတ်ကလည်း ရခိုင်ပြည်နယ်မှာရွေးကောက်ပွဲလုပ်နိုင်ခဲ့တာပဲ။

ကျနော်တို့ပြည်နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တာ မရှိဘူး။ ရွေးကောက်ပွဲလုပ်ခဲ့တဲ့ အကြိမ်တိုင်း ကျနော်တို့ ရခိုင်ပြည်နယ် ကို ချန်ထားခဲ့ရတယ်ဆိုတာမရှိဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေက ရခိုင်ပြည်နယ်မှာရှိပြီးသား ဖြစ်တယ်။

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခရှိနေလို့ ရွေးကောက်ပွဲကျင်းပနိုင်မလားဆိုပြီး မေးနေကြတာပါ။ ဒီ လက်နက်ကိုင် ပဋိပက္ခ ပြည်တွင်းစစ်အရှိန်ကို လျော့ချဖို့လိုတယ်။

အင်တာနက် ဖြတ်တောက်မှုဟာ ရွေးကောက်ပွဲအတွက် သာမက ပြည်သူ တွေရဲ့ အခွင့်အရေးတွေကိုပါ ဆုံးရှုံး ထိခိုက်စေတဲ့ ကိစ္စ …

မြန်မာနိုင်ငံမှာ ၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက ပေါ် ပေါက်လာခဲ့တဲ့ တိုင်းရင်းသားတွေရဲ့လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းခဲ့ တာကြောင့် ဖြစ်လာရတာချည်းပဲ။ ဒါကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းဖို့ကြိုးစားရမယ်။

နိုင်ငံရေး ပြဿနာကို လက်နက်အားကိုးနဲ့ဖြေရှင်းလို့ အဖြေမရဘူး ဆိုတာ မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ်က သက်သေပဲ။ အဲဒါတွေကြောင့် မဲဆန္ဒရှင်ပြည်သူတွေ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးနိုင်ဖို့ အရေးကြီးပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မြန်မာနိုင်ငံရဲ့ လက်ရှိ အစိုးရကရော၊ တပ်မတော်ကပါ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ သဘောတူတယ်၊ အဲဒီလို အယူအဆ ရှိတယ်လို့ ပြောထားတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေ မဲပေးနိုင်ခွင့်ရှိတဲ့ အခင်းပကျင်းကိုဖန်တီး ပေးဖို့လိုတယ်။ အဲဒီလိုဖန်တီးပေးဖို့ သူတို့မှာတာဝန်ရှိတယ်။

ပြည်သူကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်တွေရှိနေချိန်မှာတောင် အပြစ်မဲ့ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက် ခံနေကြရတယ်။ ဆိုတော့ …

မဲဆန္ဒရှင်ပြည်သူတွေ လုံလုံခြုံခြုံမဲပေးနိုင်မယ့် အခြေအနေကို ဖန်တီးပေးဖို့ အစိုးရမှာရော၊ တပ်မတော်မှာပါတာဝန်ရှိတယ်။ ဒီ လက်နက်ကိုင် ပဋိပက္ခတွေ ဆိုတာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ စဉ်းစားဆွေးနွေးပြီးမဖြေရှင်းနိုင်လို့ ဖြစ်နေရတာဖြစ်တယ်။ ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခအရှိန်ကို လျော့ချနိုင်ရင် ကျနော်တို့ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်စရာ အကြောင်း မရှိဘူးလို့ ကျနော်မြင်တယ်။

ရွေးကောက်ပွဲမကျင်းပနိုင်ရင် ရခိုင်ပြည်နယ်အတွက်သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတွက်လည်းမကောင်းဘူး။ နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုကို ရွေးကောက်ပွဲမကျင်းပနိုင်ဘဲ ချန်လှပ်ထားခဲ့တာဟာ အဲဒီနိုင်ငံအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။

လက်နက်ကိုင်ပဋိပက္ခရှိတဲ့နေရာတွေမှာ ကျနော်တို့ပြည်သူတွေ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေကြရတယ်။ ထိခိုက်ဒဏ်ရာရမှုတွေ၊ အသက်ဆုံးရှုံးရမှုတွေရှိတယ်။

၂၆၁ ကိုမပြင်ရင်လည်း အများစုအနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေက ပြည်နယ်အစိုးရတွေကို ဦးဆောင် ဖွဲ့စည်း နိုင်အောင် သမ္မတကလုပ်ပေးလို့ရတယ်။ အဲဒီလို …

ပြည်သူကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်တွေရှိနေချိန်မှာတောင် အပြစ်မဲ့ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက် ခံနေကြရတယ်။ ဆိုတော့ ရွေးကောက်ပွဲမကျင်းပနိုင်လို့ ပြည်သူ့ကိုယ်စား လှယ်တွေ မရှိဘူးဆိုရင် ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုများလာ လိမ့်မယ်လို့ ကျနော်ပြောချင်တယ်။ ဒါကြောင့် ရွေးကောက်ပွဲအလုပ်ဘဲ ချန်လှပ်ထား ခဲ့မယ်ဆိုရင် ကျနော်တို့ ရခိုင်ပြည်နယ် အတွက် သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတွက် မကောင်းဘူးလို့ ကျနော်ပြောချင်တယ်။

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ်မှာ အစဉ်အလာအရတော့ ရခိုင်အမျိုးသားပါတီတွေကပဲ အများဆုံးအနိုင်ရလေ့ရှိပါတယ်။ ဒါပေမယ့် ၂၀၀၈ အခြေခံဥပဒေထဲက ၂၆၁ လို ပုဒ်မမျိုးကို မပြင်နိုင်ဘဲ ပြည်နယ်အစိုးရကို ရခိုင်အမျိုးသားပါတီတွေက ကိုယ်လှယ်တွေ ဦးဆောင် ဖွဲ့စည်းနိုင်ပါ့မလား။ ဒီအခြေအနေကို နိုင်ငံရေးပါတီဥက္ကဌတစ်ယောက်အနေနဲ့ ဘယ်လို သုံးသပ်ချင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UTTH – ပုဒ်မ ၂၆၁ က ပြင်ရမယ့်ပုဒ်မတစ်ခုဖြစ်တယ်။ ဒါပေမယ့် ဒီပုဒ်မလေးကိုတောင် ပြင်လိုတဲ့ဆန္ဒမရှိဘဲ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာကို ပါးစပ်နဲ့ပြောနေရုံက မြန်မာ့နိုင်ငံရေးအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။

ဒါပေမယ့် ပုဒ်မ ၂၆၁ ကိုမပြင်ရင်လည်း အများစုအနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေက ပြည်နယ်အစိုးရတွေကို ဦးဆောင် ဖွဲ့စည်း နိုင်အောင် သမ္မတကလုပ်ပေးလို့ရတယ်။ အဲဒီလိုလုပ်လို့မရဘူးလို့ ပုဒ်မ ၂၆၁ မှာရေးမထားဘူး။

ကိုယ်ထူကိုယ်ထဆောက်ပေးတဲ့ စစ်ဘေးရှောင်စခန်းကိုတောင် ပြန်ဖျက်ဖို့ ရခိုင်ပြည်နယ် နယ်/လုံဝန်ကြီးက အမိန့်စာထုတ်တယ် …

တိုင်းရင်း သားတွေအပေါ်တကယ်သာ ရိုးသားတဲ့စေတနာရှိရင် ၂၆၁ ကိုမပြင်ဘဲနဲ့လည်း အများစုအနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေ က ဦးဆောင်ပြီးပြည်နယ်အစိုးရဖွဲ့နိုင်အောင် သမ္မတကလုပ်ပေးလို့ရပါတယ်။ အဲဒါကြောင့်လည်း ၂၀၁၅ တုန်းက ရခိုင်ပြည် နယ်မှာ ကျနော်တို့ ANP က ဦးဆောင်ပြီးအစိုးရဖွဲ့ခွင့်ရဖို့ တောင်းဆိုခဲ့တာဖြစ်တယ်။

ပုဒ်မ ၂၆၁ မှာ အဲဒီလိုလုပ်မပေးရဘူးလို့ ရေးမထားဘူး။ ဒါပေမယ့် မပေးချင်လို့သာ မပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို ပေးသင့် ပေးထိုက်တာကို မပေးဘူး ဆိုပြီး လုပ်နေကြရင်တော့ မြန်မာနိုင်ငံမှာအပြောင်းအလဲ ဖြစ်ဖို့ ခက်နေမှာဖြစ်သလို နိုင်ငံရဲ့ အနာဂတ်လည်းကောင်းမှာ မဟုတ်ဘူး။ ပုဒ်မ ၂၆၁ ကိုပြင်ဖို့ ကျနော်တို့ လွှတ်တော်မှာ တင်ခဲ့တယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာတင်ခဲ့ တယ်။ ဒါပေမယ့် ပြင်ဆင်မှုထဲမှာပါမလာဘူး။

ငြမ်းမီဒီယာ – လက်ရှိအာဏာရပါတီရဲ့ တိုင်းရင်းသားတွေအပေါ်ထားတဲ့ သဘောထားစေတနာ အရ ဒီပုဒ်မ ၂၆၁ ကို မပြင်နိုင်တာလို့ ပြောချင်တာလား။

UTTH – ဒါကတော့ ဘာပဲဖြစ်ဖြစ် ပုဒ်မ ၂၆၁ ပြင်မှာကို ကန့်ကွက်ခဲ့တဲ့နိုင်ငံရေး အုပ်စုကို ကြည့်ရင် လက်ရှိနိုင်ငံကိုအုပ်ချုပ် နေတဲ့အစိုးရဖွဲ့ထားတဲ့ပါတီက အဓိက ထပြီး ကန့်ကွက်ခဲ့ တာဖြစ်တယ်။ ဒါကတော့ ထင်ထင်ရှားရှားမြင်ရတဲ့ကိစ္စပဲ။

အဲဒါကြောင့် လက်ရှိမြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့ အာဏာရပါတီဟာ ပုဒ်မ ၂၆၁ ကို မပြင်ဆင် လိုတဲ့ ဆန္ဒရှိတယ်လို့ ပြောနိုင် တာပေါ့။ ဒါဟာ တိုင်းရင်းသားတွေလိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ ဖက်ဒရယ်စံနှုန်းတွေကို ပေးလိုတဲ့ သဘောထား သူတို့မှာမရှိတဲ့ လက္ခဏာလို့ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – မကြာသေးခင်ရက်ပိုင်းက AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ စကားပြောဖို့ အစိုးရဘက်က ကမ်းလှမ်း ခဲ့တယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်အတွက် အဲဒီရဲ့အကျိုးဆက်ကို ဘယ်လိုမျှော်လင့်လို့ရနိုင်မလဲ။

UTTH – မြန်မာနိုင်မှာဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွက် တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားတာကိုတော့ ကျနော်တို့ ကြို ဆိုပါတယ်။ ဒါပေမယ့် အဲဒီလိုတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတဲ့နေရာမှာလည်း ကြိုးကြိုးစားစား အလုပ်လုပ်ဖို့လိုသေးတယ် လို့ ထင်တယ်။

တွေ့ဆုံဆွေးနွေးဖို့ကမ်းလှမ်းတာပဲဆိုပြီး ပြဿနာတစ်ခုကိုဖြေရှင်းဖို့ကြိုးစားတာမျိုးမဟုတ်ဘဲ ဝတ်ကျေတမ်းကျေ သဘောမျိုး လောက် ဆိုရင်တော့ အခြေအနေက ထူးခြားလာမှာမဟုတ်ဘူး။ ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ထဲ က အမှန်တကယ် စေတနာ ကောင်းကောင်းနဲ့ ကြိုးစားအားထုတ်ပြီး လုပ်ဖို့လိုအပ်တယ်။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အမှန်တကယ် စိတ်စေတနာ ကောင်းကောင်းနဲ့ လုပ်ကိုင်ဆောင်ရွက် နိုင်ရင်တော့ ကျနော်တို့မြန်မာနိုင်ငံ နိုင်ငံရေးက တစ်စုံတစ်ရာ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ ဒီလိုပဲကျနော်မြင်တယ်။

ငြမ်းမီဒီယာ – အခုမိုးရာသီကလည်းရောက်လာပြီ။ ရခိုင်ပြည်နယ်ဆိုတာ မိုးရေချိန်များတဲ့ ဒေသတစ်ခုလည်းဖြစ်တယ်။ တစ်ဘက် မှာ COVID – 19 အပြင် ရာသီတုပ်ကွေးလို၊ ငှက်ဖျားလို ရောဂါဘယတွေကလည်းရှိနေတော့ သိန်းဂဏန်းကျော် တဲ့ စစ်ဘေး ရှောင်တွေအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေရဲ့ ကူညီစောင့်ရှောက်မှုအခြေအနေ ဘယ်လိုရှိ ပါသလဲ။

UTTH – စစ်ဘေးရှောင်တွေစဖြစ်လာကတည်းက အစိုးရဘက်ကကူညီပံ့ပိုးမှုက အလွန်တရာအားနည်းပါတယ်။ ပြည်ထောင်စု အစိုးရရော ပြည်နယ်အစိုးရရောက ဒီစစ်ဘေးရှောင်တွေကို ကူညီပံ့ပိုးမှု အလွန်တရာအားနည်းပါတယ်။ ဥပမာအနေနဲ့ပြောရရင် အခုကျောင်းတွေပြန်ဖွင့်ရတော့မယ်ဆိုတော့ စာသင်ကျောင်းတွေမှာ ယာယီထားထားတဲ့ စစ်ဘေးရှောင်တွေကို ဘယ်လို စီစဉ် ပေးမလဲဆိုတာ ဒီနေ့အထိအစိုးရမှာ ပီပီပြင်ပြင်စီစဉ်တာမျိုးမရှိသေးဘူး။

တချို့မြို့ နယ်တွေမှာ အရပ်သားစေတနာရှင်တွေ၊ ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ ဝိုင်းဝန်းပြီး စစ်ဘေးရှောင်စခန်း တွေဆောက်ပေးတာရှိတယ်။ ရသေ့တောင်မှာဆို အဲဒီလို ကိုယ်ထူကိုယ်ထဆောက်ပေးတဲ့ စစ်ဘေးရှောင်စခန်းကိုတောင် ပြန်ဖျက်ဖို့ ရခိုင်ပြည်နယ် နယ်/လုံဝန်ကြီးက အမိန့်စာထုတ်တယ်။

ဒီလိုအခြေအနေတွေရှိနေတော့ ဒီစစ်ဘေးရှောင် ပြည်သူတွေအပေါ် အစိုးရဘက်က ပံ့ပိုးကူညီမှုဆိုတာ စဖြစ်တဲ့အချိန်ကနေ ဒီနေ့ အထိ အလွန်တရာအားနည်းပါတယ်။

ငြမ်းမီဒီယာ – လက်ရှိမှာ ရခိုင်ပြည်နယ်ထဲကတချို့မြို့နယ်တွေမှာ အင်တာနက်ဆက်သွယ်မှုကို ဖြတ်တောက်ထားတော့ ဒီကိစ္စ ဟာ လာမယ့်ရွေးကောက်ပွဲအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

UTTH – အင်တာနက်ဖြတ်တောက်တဲ့ကိစ္စက မလိုလားအပ်တဲ့ပြဿနာကိုဖန်တီးတာပဲဖြစ်တယ်။ ဒီလိုလုပ်တာက ဘယ်သူ့ အတွက်မှ အကျိုးမရှိဘူး။ ပြည်သူတွေပဲထိခိုက်နစ်နာတယ်။ ပြည်သူတွေ အတွက် သတင်းအချက်အလက် သိပိုင်ခွင့်ကို တိုက်ရိုက် ချိုးဖောက်တာဖြစ်တယ်။ ဒီလို သတင်းအချက်အလက်တွေကို သိခွင့်မရတော့ အကူပေးရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တွေ လည်း အခက်အခဲဖြစ်စေတယ်။ ဒီလို အင်တာနက် ဖြတ်တောက်မှုဟာ ရွေးကောက်ပွဲအတွက် သာမက ပြည်သူ တွေရဲ့ အခွင့်အရေးတွေကိုပါ ဆုံးရှုံး ထိခိုက်စေတဲ့ ကိစ္စဖြစ်တာကြောင့် အများပြည်သူကိုထိခိုက်စေတဲ့၊ ဒုက္ခ ပေးထားတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ကျနော်ပြောချင်တယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

UTTH – ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောချင်တယ်။ ရခိုင်ပြည်နယ်မှာ မဲဆန္ဒရှင်ပြည်သူတွေ လုံလုံခြုံခြုံမဲပေးနိုင်တဲ့ အခင်း အကျင်းမျိုးကို စေ့စပ်ဆွေးနွေးအဖြေရှာတဲ့နည်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်း အဖြေရှာတဲ့နည်းနဲ့ ဖန်တီး တည်ဆောက် ပေးဖို့ လက်ရှိပြည်ထောင်စုအစိုးရနဲ့ တပ်မတော်ကို တိုက်တွန်းချင်ပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,