ရခိုင်ပြည်သူတွေကို တပ် က ဖမ်းတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို AA က ဖမ်းတာ Principle အရအတူတူပဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရခိုင်ပြည်နယ်၊ တောင်ကုတ်မဲဆန္ဒနယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း (၃) ဦးကို ရက္ခိုင့်တပ်တော် AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတယ်လို့ အောက်တိုဘာလ (၁၉) ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ AA လက်နက်ကိုင်အဖွဲ့က ထုတ်ပြန် ထားတဲ့ကြေညာချက်နဲ့ပတ်သက်ပြီး ဦးကိုကိုကြီး၊ဦးမြအေး၊မသဉ္ဇာရွှန်းလဲ့ရည် နဲ့ မောင်ဆောင်းခ တို့ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားပါတယ်။

ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးတဲ့ ကိစ္စဟာ ဒါဟာ မလုပ်သင့်တဲ့ကိစ္စဖြစ်တယ်။ ဒါကိုကျနော်တို့သဘောမတူဘူး။ တချိန်ထဲမှာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ရွာလုံးကျွတ်မီးလောင်နေတဲ့ ဓာတ်ပုံတွေ၊ ဗုံးဆံ၊ လက်နက်တွေထိထားတဲ့ ကလေးသူငယ်တွေ …

ဦးကိုကိုကြီး (ဥက္ကဌ)
ပြည်သူ့ပါတီ

ရခိုင်ပဋိပက္ခက အမတ် (၃) ယောက်ထဲ ကွက်ပြောလို့တော့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရပ်သားတွေ၊ အရပ်ဘက် ပစ်မှတ်တွေကိုတိုက်ခိုက်တာ၊ ထိခိုက်တာကို ကျနော်တို့က သဘောမတူဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အခုလည်းပဲ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးတဲ့ ကိစ္စဟာ ဒါဟာ မလုပ်သင့်တဲ့ကိစ္စဖြစ်တယ်။ ဒါကိုကျနော်တို့သဘောမတူဘူး။ တချိန်ထဲမှာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ရွာလုံးကျွတ်မီးလောင်နေတဲ့ ဓာတ်ပုံတွေ၊ ဗုံးဆံ၊ လက်နက်တွေထိထားတဲ့ ကလေးသူငယ်တွေ ဒါတွေအားလုံးခြုံငုံပြီးစဉ်စားဖို့လိုပါတယ်။

အရင်ဆုံးကစစ်ရေးတင်းမာမှုလျော့ချဖို့ပေါ့။ အဲဒါပြီးရင် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုလုပ်ရမယ်။ ဒီပြဿနာတွေ အားလုံးဟာ နိုင်ငံရေးပြဿနာ၊ နိုင်ငံရေးအကြောင်းအရင်းဖြစ်တဲ့အတွက် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးတဲ့ အခါမှာ ကာယကံရှင်တွေရော၊ ကာယကံရှင်တွေနဲ့ဆက်စပ်နေတဲ့ အင်အား တွေကိုပါ အားလုံး ထိတွေ့ဖို့လိုတယ်လို့မြင်တယ်။ ဆွေးနွေးဖို့လိုတယ်။ နောက်တစ်ခုက နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေလုပ်ရမယ်။

တိုင်းရင်းသားတွေက နိုင်ငံရေးနည်းလမ်းနဲ့ရနိုင်တဲ့ အခွင့်အလမ်းမရှိဘူးဆိုရင် နိုင်ငံရေးအပေါ်မှာ အယုံအကြည် နည်းလာမယ်။ အဲဒါက ပိုပြီးအန္တရာယ်ကြီးတယ်လို့မြင်တယ်။ ဒါကြောင့် တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းတွေရဲ့အခန်းကဏ္ဍ ကို အလေးအနက်ထားဖို့၊ သူတို့ရဲ့ နိုင်ငံရေးအခွင့်အာဏာ ရရှိဖို့၊ တစ်ဘက်ကကြိုးစားပေးဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အဲဒါကို စစ်ရေး ပြဿနာ တစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရဘူး။

အနိဌာရုံမြင်ကွင်းတွေရခိုင်ပြည်နယ်မှာ ဖြစ်နေဖို့အတွက် ဖြစ်ပေါ်စေတဲ့အကြောင်းတရားဟာ ဘာလဲဆိုတော့ တိုင်းရင်းသားတွေရဲ့တန်းတူညီမျှအခွင့်အရေးကိုမဖော်ဆောင်ပေးနိုင်တာက ကျနော်တို့ရဲ့ မဟာအမှားကြီး …

ဦးမြအေး (တည်ထောင်သူ)
ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု

ကျနော့်အမြင်ပြောရရင် ရခိုင်ဒေသကတော်တော်လေးကို စစ်မီးတောက်ပြီး အရမ်းကိုတစ်ဘက်နဲ့ တစ်ဘက်က . . တစ်ဘက်နဲ့တစ်ဘက်ဆိုတာ အစိုးရနဲ့တပ်မတော်တစ်ဘက်၊ ကျနော်ပြောတာနောက်တစ်ခုက ရက္ခိုင့်တပ်တော် AA နဲ့က တစ်ဘက် ဒါကိုညွှန်းတာ။ အဲဒီတစ်ဘက်နဲ့တစ်ဘက်က အရမ်းကို အမြင်စောင်းတဲ့အခြေအနေကိုရောက်သွားပြီ လို့ ကျနော်မြင်တယ်။

ကြေညာချက် ကျနော်ဖတ်လည်းဖတ်ပြီးသွားပါပြီ။ ဖမ်းဆီးတယ်ဆိုတဲ့နေရာမှာ ကျနော်ပြောချင်တာက ဒီဘက်ကလည်း အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီးတော့ စစ်ကြောမေးမြန်ပြီး ဆုံးပါးသွားတဲ့သတင်းတွေက တောက်လျှောက် တွေ့နေရတာတွေရှိတယ်။ ဒါကအကုန် လုံးလည်း မြင်မှာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စစ်ပွဲကြောင့်ဖြစ်တဲ့ရခိုင်ပြည်သူတွေ၊ ကလေးတွေ သေနေတာတွေလည်းရှိတယ်။ဒါကိုစစ်ကြောင့်ဖြစ်တာပဲဆိုပြီး ပစ်ထားလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ ဒါတွေက အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးလာပြီဆိုရင် အဓိပ္ပာယ် လုံးဝ (လုံးဝ) မရှိတော့ဘူးလေ။ ဒါတစ်ဘက်။ အဲဒီတော့ ရခိုင်ပြည်သူတွေဘက်ကလည်း နာကျည်းစရာ မြင့်သထက်မြင့်လာတယ်။

ဒီအခြေအနေကြီးက ဒီအတိုင်းဆက်သွားဖို့ မကောင်းဘူး။ ဒါတစ်ကြောင်း။ ဟုတ်ပြီ။ မင်းတို့ကလည်းငါတို့ ကိုလုပ်လို့ ငါတို့ကလည်းမင်းတို့ကိုဖမ်းတယ်ဆိုတဲ့ ဟာမျိုးကလည်းလက်ခံလို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်ကိုဖမ်းလို့၊ ကျနော်ပြောမယ် လွှတ်တော် ကိုယ်စားလှယ်ကို ဖမ်းလို့ ဆိုတာ လွှတ်တော်ကိုယ်စားလှယ်လည်း ပြည်သူပဲ၊ အရပ် သားပဲ။ ဘာမှသိပ်မကွာဘူး။ ကျနော်တို့သိထားဖို့ကလေ။ အတူတူပဲ။

ကျနော်ထင်တာ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးထိန်းသိမ်းခြင်းကိစ္စကိုကြည့်ရင် ရခိုင်ပြည်သူများကို တပ်ဘက်ကဖမ်းတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အေအေဘက်ကဖမ်းတယ်ဆိုတာ Principle သဘောတရားအရအတူတူပဲ။

အပြစ်မဲ့ပြည်သူတွေကို ဖမ်းတယ်။ ထိန်းတယ်ဆိုတဲ့ သဘောတရားဘဲ။ ကျနော်မြင်တဲ့ဟာလေ။ အဲဒီအပေါ်မှာတော့ ဘယ်ဘက်မှမပြောချင်ဘူး။ ပြောနေလည်း ဘယ်ဘက်ကမှ လိုက်ပြောဖို့မရှိဘူး။ ကျနော်အနေနဲ့က လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်လို့ရှိရင် ဘယ်သူကပဲချိုးဖောက်ချိုးဖောက် ဒီဘက်ချိုးဖောက်ရင်တစ်မျိုး၊ ဟိုဘက် ကချိုးဖောက်ရင်တစ်မျိုး ကျနော်လိုက်ပြီး ပြောစရာအကြောင်းအရင်းလည်းမရှိဘူး။ Principle အရ ကျနော်တို့ လက်ခံသင့် တဲ့ကိစ္စမဟုတ်ဘူးဗျ။

တစ်ခုရှိတယ်။ အတွင်းကိစ္စတွေက ဒီဘက်ကလည်းပြောမှာပဲ။ အတွင်းကိစ္စတွေက ရခိုင်ပြည်သူ တွေက အေအေနဲ့ပတ်သက်လို့ သူတို့ အေအေကိုသတင်းပေးနေလို့ ငါတို့ဖမ်းကြတာလို့ပြောကြမယ်။ ဟိုဘက်ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေက တပ်ကိုသတင်းပေးတယ် ဆိုတာပြောကြမှာပဲ။ ဒီဟာတွေဟာ မှန်ခြင်းမှားခြင်းဆိုတာ ကျနော်မသိဘူး။ သို့သော် အဲဒီလိုမျိုး အနိဌာရုံမြင်ကွင်းတွေရခိုင်ပြည်နယ်မှာ ဖြစ်နေဖို့အတွက် ဖြစ်ပေါ်စေတဲ့အကြောင်းတရားဟာ ဘာလဲဆိုတော့ တိုင်းရင်းသားတွေရဲ့တန်းတူညီမျှအခွင့်အရေးကိုမဖော်ဆောင်ပေးနိုင်တာက ကျနော်တို့ရဲ့ မဟာအမှားကြီးပဲဖြစ်တယ်။ ကျနော်မြင်တာလေ။ အဲဒါကိုပဲ အာရုံစိုက်ဖို့လိုမယ်ထင်ပါတယ်။

NLD အစိုးရရဲ့ ဒီရခိုင်တိုင်းရင်းသားတွေလက်တွေ့ကြုံနေရတဲ့အခြေအနေပေါ်မှာ ဆိတ်ဆိတ်နေတဲ့ကိစ္စတွေ၊ နောက်ပြီး ရခိုင်စစ်ဘေးနဲ့ပတ်သက်ပြီး ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသားတွေကို …

မသဉ္ဇာရွှန်းလဲ့ရည်
(လူငယ်အရေးတက်ကြွလှုပ်ရှားသူ)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျမတို့အမြင်က AA က စစ်အာဏာရှင်ကိုတော်လှန်တယ် ဆိုပြီး သူတို့စစ်တိုက်နေတဲ့အခါမှာ NLD လိုမျိုးပြည်သူ့မဲဆန္ဒနဲ့တက်လာတဲ့ အစိုးရ၊ ပြည်သူ့အစိုးရလို့ အများယူဆလို့ရတဲ့အစိုးရကို ဘာဖြစ်လို့ရန်သူလိုမြင်သွားရတာလဲဆိုတဲ့ အချက်ကို ကျမတို့စဉ်စားဖို့လိုတယ်လို့မြင်ပါတယ်။

ဘာလို့ NLD လွှတ်တော်အမတ်တွေမဲဆွယ်တဲ့ကိစ္စသည် ဘာကြောင့်ဖမ်းဆီးပြီး ဒီလိုအလဲအလှယ်လုပ်ဖို့၊ ရခိုင်စစ်ဘေးအတွက် ဆန္ဒပြကြတဲ့ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့၊ ရခိုင်နိုင်ငံရေးသမားတွေ ပြန်လွှတ်ပေးဖို့အတွက် အလဲအလှယ်လုပ်ရတဲ့အဆင့်ကို ရောက်သွားလဲဆိုတဲ့အချက်ကို ကျမတို့စဉ်စားဖို့ လိုတယ်လို့မြင်တယ်။

ဒီအချက်က ကျမတို့အနေနဲ့ စိုးရိမ်ကြောက်လန့်ဖွယ်ရာလို့ခံစားရစေတယ်။ ဘာဖြစ်လို့လဲဆိုတော့ NLD အစိုးရရဲ့ ဒီရခိုင်တိုင်းရင်းသားတွေလက်တွေ့ကြုံနေရတဲ့အခြေအနေပေါ်မှာ ဆိတ်ဆိတ်နေတဲ့ကိစ္စတွေ၊ နောက်ပြီး ရခိုင်စစ်ဘေးနဲ့ပတ်သက်ပြီး ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသားတွေကိုထောင်ချတာတွေ၊ ခုဆို ဒီဗကသကျောင်းသားနှစ်ယောက်ဆိုရင် (၅) နှစ်အထိ ထောင်ချခံလိုက်ရတယ်ပေါ့။ တစ်ပတ်အတွင်းမှာပဲ ထောင်ချခံလိုက်ရတာပါ။

ဒီလိုအခြေအနေကို ကြုံလာရတဲ့အခါမှာ AA လိုမျိုးအဖွဲ့တွေ၊ ရခိုင်ပြည်သူပြည်သားတွေအနေနဲ့ဆိုရင် NLD ကို မိတ်ဖက်ဆိုတာထက် ရန်ဘက်လို့မြင်လာနေကြပြီလား။ မြင်လာလို့ ဒီလို အခြေအနေတွေအရ လုပ်ခဲ့တာလားပေါ့။ ဒါမျိုးလည်းတွေ့လာရတယ်။ အရမ်းစိုးရိမ်တာဘာလဲဆိုတော့ NLD သည် တစ်နိုင်ငံလုံးကိုကိုယ်စားပြုတဲ့ ပြည်ထောင်စုပါတီဖြစ်ချင်ရင် ရခိုင်ကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ ရခိုင်က စိတ်ခံစားချက်တွေ၊ အမြင်တွေသဘောထားတွေကို ဥပေက္ခာပြုလို့မရပါဘူး။ အမြန်ဆုံးပြန်လည်ပြီး ညှိနှိုင်းနိုင်ပါစေလို့ ကျမကဆန္ဒပြုတယ်။

ကျောင်းသားတွေကို ပြန်လွှတ်ကိုလွှတ်ရမယ်။တစ်ဘက်က AA ကလည်းဒီ ဖမ်းထားတဲ့ ကိုယ်စားလှယ်လောင်း (၃) ဦးကို ရွေးကောက်ပွဲမတိုင်မီမှာ ပြန်လွှတ်ကိုလွှတ်ပေးရမယ် …

မောင်ဆောင်းခ (တည်ထောင်သူ)
အသံအဖွဲ့

ကျနော်တို့ကတော့ မတရားဖမ်းဆီးတာလို့ပဲ မြင်တယ်။ ဒီအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်အနေနဲ့မြင်တယ်။ ဒီတော့ ဖမ်းဆီးထားတဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်း (၃) ဦးကို AA အနေနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုချင်တယ်။

AA ဘက်က ကျောင်းသားတွေပြန်လွှတ်ပေးဖို့တောင်းဆိုထားပေမယ့် အစိုးရအနေနဲ့ AA ကို အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ သတ်မှတ်ထားတာကို။ သူတို့ဒီလိုသတ်မှတ်ထားတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ အစိုးရက ဒီလိုလဲလှယ်ပြီးတော့ ဖမ်းထားတဲ့ကျောင်းသားတွေကို ပြန်လွှတ်ပေးတာမျိုးတော့ ဖြစ်လိမ့်မယ်လို့မထင်ဘူးပေါ့။

အမှန်တစ်ကယ် က ခုဖမ်းထားတဲ့ကျောင်းသားက တော်တော်များနေတယ်။တရားစွဲထားတာတင် အယောက် (၆၀) ရှိတယ်။ ဖမ်းထားတာတွေလည်းများတယ်ပေါ့။ အဲဒီတော့ အခုဖမ်းထားတဲ့ ပုဒ်မတွေ၊ တရားစွဲဆိုထားတဲ့ အကြောင်းအချင်းအရာတွေအားလုံးဟာ မတရားတဲ့ပုဒ်မတွေဖြစ်နေတာမြင်ရတယ်။ တစ်ဘက်မှာ ဒီကျောင်းသားတွေကို ပြန်လွှတ်ကိုလွှတ်ရမယ်။တစ်ဘက်က AA ကလည်းဒီ ဖမ်းထားတဲ့ ကိုယ်စားလှယ်လောင်း (၃) ဦးကို ရွေးကောက်ပွဲမတိုင်မီမှာ ပြန်လွှတ်ကိုလွှတ်ပေးရမယ်လို့ ကျနော်မြင်တယ်။

လဲတာ၊ မလဲတာထက်စာရင် ကျနော်တို့အမြင်ပြောရရင် AA ကလည်း ဖမ်ထားတဲ့သူတွေကို ပြန်လည်လွှတ်ပေးဖို့လိုသလို၊ အစိုးရအနေနဲ့လည်းတရားစွဲဆိုထားတဲ့ကျောင်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လိုအပ်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,