ရခိုင်ပြည်ဟာ ငရဲပြည်နဲ့ အနီးကပ်ဆုံးမှာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UUHM / ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်

ဘဝနဲ့ရင်းပြီး တည်ဆောက်ထားတဲ့ အိုးအိမ်တွေဗျ။ဒီအိမ်တွေ မီးလောင်တယ်။ သားသမီးတွေ ပျက်စီးတယ်။ အဲဒါတွေကို ကိုယ်သာဆိုရင် …

ကမ္ဘာကြီးတစ်ခုလုံးကို ခြိမ်းခြောက်နေသော ကိုဗစ်ကပ်ရောဂါကာလ တွင် စစ်ပွဲများ ရပ်တန့်ထားရန် ကုလသမဂ္ဂ က ပြောဆို ထားသည်။ သို့သော် ရခိုင်ပြည်နယ်တွင် ကိုဗစ် ကပ်ရောဂါကာလအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်ရှိ ပြည်သူ အများအပြားမှာလည်း စစ်ပွဲများကြောင့် အတိဒုက္ခ ရောက်လျက်ရှိကြသည်။ အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(Arakan League For Democracy) ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးတာဝန်ခံ ဦးဦးလှမြင့် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကလည်း ဖြစ်နေတယ်။ အခုလို ကိုဗစ်ကာလမှာ ရခိုင်ပြည်သူတွေအနေနဲ့ ဒီအခြေအနေ ဟာ ဘယ်လောက်အထိ အခက်အခဲ ဖြစ်နိုင်မလဲ။ ဘယ်လို အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရလဲ။

ပြည်သူက ကိုဗစ်ထက် “ သူပစ်” ကို ကြောက်ရတယ်။ “ သူပစ်” ဆိုတာ တိုက်ပွဲကို ပြောတာလေ။ အဲဒီဟာကို ပိုကြောက်နေရတယ်။ ဘယ်အချိန် …

UUHM – အခုဖြစ်နေတဲ့ စစ်ပွဲကို ဒီလိုမကြီးစေချင်လို့ ကျနော်တို့ ပါတီတွေဘက်ကရော၊ ရခိုင်လူမှု အသိုင်းအဝိုင်းတွေဘက်ကရော ကျနော်တို့အမျိုးမျိုး ကာကွယ်တားဆီးကြပါတယ်။ ဒါပေမယ့် တာဝန်ရှိတဲ့ သူတွေက အဲဒီအပေါ်မှာ စိတ်မဝင်စားဘဲနဲ့ အပြတ် ချေမှုန်းရေးကိုဘဲ ဦးတည်တယ်လေ။ အဲဒီအတွက် တစ်ဖက်ကလည်း အသက်ကိုလုရတဲ့ပွဲပေါ့ဗျာ။ အသက်ကို လုရတဲ့ပွဲ ဖြစ်လာ တယ်။ နောက်တစ်ဖက်ကလည်း နိုင်လိုမှုရချင်တဲ့ လောဘ၊မောဟတွေကြောင့် ဒီတိုက်ပွဲ ကြီးလာတာပဲ။ ကြီးလာတော့ လက်နက် ကိုင် အချင်းချင်းကလည်း သူပစ်ကိုယ်ပစ် ပြဿနာ မရှိကြပေမယ့် လက်နက်မဲ့တဲ့ ပြည်သူကတော့ အတိဒုက္ခ ရောက်ကြတာပေါ့ ဗျာ။ ငရဲခန်းအလားပဲ။ နေစရာမရှိ၊ ရှိတဲ့အိမ် ပျက်စီး။ နဂိုကတည်းက စီးပွားရေးမကောင်းတဲ့ ဒေသတစ်ခုလေဗျာ။ စီးပွားရေး အင်အားချို့တဲ့ ဒေသတစ်ခု မိုးတွင်းစိုက်ထားတဲ့၊ ဖြစ်လာတဲ့ ဆန်စပါးက ရိတ်သိမ်းဖို့ အဆင်မပြေဘူး။ ရိတ်သိမ်းထားတဲ့ဆန်စပါးက သိုလှောင် သိမ်းဆည်းဖို့ အဆင်မပြေဘူး။သိုလှောင် သိမ်းဆည်းထားပြန်တော့လည်း မီးရှို့ ဖျက်ဆီး ကြတယ်ဗျာ။ အဲဒီမှာ ပြည်သူ တွေဟာ ငရဲခန်းအလားပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကိုဗစ်ကာလမှာ တိုက်ပွဲတွေရပ်တန့်ထားဖို့ ကုလသမဂ္ဂ က မေတ္တာရပ်ခံထားတာ ရှိတယ်။ ဒါပေမယ့် ရခိုင်မှာဆို တိုက်ပွဲတွေက ကပ်ဘေးကာလမှာကို ဆက်ဖြစ်နေတော့ ဒါနဲ့ပတ်သက်ပြီးတော့ ရော ဘာများ မှတ်ချက်ပေးချင်လဲ။

UUHM – ဒီကပ်ရောဂါကိုကာကွယ်တားဆီးဖို့ လုပ်ရမယ်ဆိုတဲ့ဟာတွေကို ကုလသမ္မဂ က စည်းကမ်းချက်တွေ ချပေးတယ်ပေါ့ဗျာ။ ဒီရောဂါက လူမျိုးလည်း မခွဲဘူး၊ဆင်းရဲချမ်းသာ လည်း မခွဲဘူး။ ကြီး၊ ငယ်လည်း မခွဲဘဲနဲ့ လူအများပေါ်ကျရောက်နိုင်တဲ့ရောဂါမျိုး။ ကမ္ဘာ့အမြင်၊သူတို့အမြင်က တစ်မျိုး။ ကျနော်တို့ ဒေသမှာကျတော့ အနိုင်ရလိုမှု မောဟတရားတွေ၊ဒေါသတရားတွေ ကို အခြေခံ ပြီးတော့ ကုလသမဂ္ဂ က ပြောတဲ့ဟာကိုတောင် လုံး၀ ဂရုမစိုက်ဘူးဗျ။ အလေးမမူဘူး။ဂရုမထားဘူး။ မောဟတွေ၊မာနတွေကိုပဲ ယှဉ်ပြိုင်ကြတာ ဖြစ်တယ်။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ ဒီ မြေဇာပင်ဆိုတဲ့ ပြည်သူ၊ဒီကလေးတွေ၊ ဒီအဖိုးကြီး၊အဖွားကြီးတွေ ၊ဒီအမျိုးသမီးတွေဘယ်သူ သတ်သတ်၊ဘယ်လို သတ်သတ် သေတဲ့ လူတွေ။ ဒီနေရာမှာ ရှိနေတဲ့ လူတွေကိုပဲ ထိတာဗျ။ သန်သန် မာမာထွားထွားကျိုးကျိုးင်းလူတွေကတော့ ပြေးဟယ်၊လွှားဟယ်၊ ပုန်းတယ်၊ဝှက်တယ် ရှိမှာပေါ့ဗျာ။ ပြည်သူဟာ ကယ်သူမဲ့ဘဝကို ရောက်နေတယ်လို့ ကျနော်ခံစားရတယ်။

တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေခြားရမယ်။ ခြောက်ပေ မဟုတ်ဘူး။ ခြောက်လမ ခြားနိုင်စရာ အကြောင်းမရှိဘူး။ စခန်းတစ်ခုမှာ …

ငြမ်းမီဒီယာ – အခု ကိုဗစ်ကာလလည်း ဖြစ်နေတယ်။ ကပ်ရောဂါရဲ့ ခြိမ်းခြောက်မှုကလည်း ရှိနေတယ်။ အဲဒီတော့ ရခိုင်ပြည်နယ် မှာ ရှိတဲ့ပြည်သူတွေရဲ့အခြေအနေ၊ စစ်ဘေးရှောင်စခန်းတွေမှာ ရှိနေတဲ့ ပြည်သူတွေ အခြေအနေတွေက ရော ဘယ်လို ရှိနိုင်မလဲ။ ဘယ်လို ကြားထားတာ ရှိလဲ။

UUHM – ကျနော်က အဲဒီဒေသမှာ မွေးဖွားခဲ့တဲ့လူ၊ ကျနော့်ဆွေမျိုးမိသားစုတွေ အများကြီး ရှိတယ်ဗျာ။ ကိုဗစ်သာရခိုင်ပြည်ထဲ ရောက်ခဲ့ရင် ကျနော်တို့ဘဝက ပြီးသွားပြီ။ သတ်မှတ် ထားတဲ့ Mask တွေ တပ်စရာ လည်း မရှိဘူး။ မြင်လည်း မမြင်ဖူးဘူးဗျာ။ သတင်းတွေလည်း အမှောင်ချထားတယ်။ သတင်းလည်း သူတို့ မသိဘူး။ ဆင်းရဲတယ်ဆိုတာ ထမင်းစားစရာ တစ်ခုတည်း မရှိတာ မဟုတ်ဘူး။အသိဉာဏ်လည်း ဆင်းရဲတယ်ဗျ။။ အဲဒီလူတွေကို အသိပညာ ပေးတယ်ဆိုတာ အကြိမ်ကြိမ် ပေးရတယ်။အကြိမ်ကြိမ် ပြောဆိုရတယ်။ နားမှာ နားရည် ဝလာအောင် လုပ်ရတယ်။ အဲဒီလုပ်တဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ လုပ်ငန်းတွေ ကမ္ဘာပေါ်မှာ မီဒီယာ လုပ်ငန်းတွေ ရှိတယ်။ ဖုန်းတွေကနေ လုပ်ရတာ ရှိတယ်။ အဲဒီဟာတွေကိုဖြတ်တောက်တဲ့ အတွက် ကျနော်တို့ဟာ ရက်စက်ခြင်း ကိုခံရတဲ့သူတွေ ဖြစ်သွားတယ်။ အဲဒီလို ဖြစ်သွားတဲ့ အတွက် ခုနက ပြောသလိုပေါ့ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေခြားရမယ်။ ခြောက်ပေ မဟုတ်ဘူး။ ခြောက်လက်မ ခြားနိုင်စရာ အကြောင်းမရှိဘူး။ စခန်းတစ်ခုမှာ လူနှစ်ရာ ရှိတဲ့အခါမှာ လူ လေးရာ၊ငါးရာ ဖြစ်နေပြီ။ လက်ကို ဆေးဖို့မပြောနဲ့ သောက်ရေမရှိဘူး။ ချိုးစရာ ရေမရှိဘူး။ ဆပ်ပြာမပြောနဲ့ ဘာမှကို မရှိဘူး။ ဒီလို အတိဒုက္ခ ရောက်နေတဲ့ နေရာကြီးလေဗျာ။ ကိုဗစ်သာ ရောက်လာရင် ကျနော်တို့ ရခိုင်တွေ ပွဲသိမ်းသွားပြီ။ မျိုးပြုန်းသွားပြီ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဒီလို မျိုးတုန်းသွားတယ်ဆိုတဲ့ဟာကို တမင်သက်သက် လုပ်နေကြလေ သလားလို့ ကျနော်ခံစားမိတယ်။

ငြမ်းမီဒီယာ – အခု စစ်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရခိုင်တိုင်းရင်သားတွေသာမက ချင်း၊မြိုစတဲ့ တိုင်းရင်းသားတွေ လည်း ဒီဘေးဒုက္ခအန္တရာယ်ကို တွေ့ကြုံနေရတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ရော ဘာများ ပြောချင်လဲ။

UUHM – လေယာဉ်နဲ့ ဗုံးကြဲတယ်။ သဘောၤတွေနဲ့ အမြှောက်တွေပစ်တယ်။ ဒါက နိုင်လိုတဲ့ ဇောနဲ့ ခန့်မှန်းခြေနဲ့ လုပ်တာကိုး။ ဒီဗုံးတွေ၊ ကျည်ဆန်တွေမှာ မျက်စိပါတာမှ မဟုတ်ဘဲ ရခိုင်တွေဆီ ကိုပဲ သွားမယ်လို့မှ မဟုတ်တာ။ ရှိတဲ့လူ အကုန်ထိတာပဲ။ မွတ်စလင်လည်း ထိမယ်။ ကျန်တဲ့ တိုင်းရင်းသားတွေလည်း ထိမယ်။ အဲဒီမှာ ဗမာလူမျိုးတွေလည်း ရှိကြတယ်၊နေကြတယ်။ ဗမာတွေလည်း ထိမှာပဲလေ။ အဲဒီတိုက်ပွဲကြောင့် ရခိုင်ပြည်မှာနေတဲ့ လူတွေပေါ့ဗျာ ၊အကုန်ပေါ့ ကျနော်တို့ တိုင်းရင်းသား မျိုးနွယ်စုတွေ လည်း ပါတာပေါ့။ ဗမာလူမျိုးတွေလည်း ပါတာပေါ့ဗျာ။ ဟိုတလောက ဆိုရင် WHO ဝန်ထမ်း အပစ်ခံရတာ ဗမာပဲလေ။ အခု ဒီလမ်းမှာ ကုန်စည် ကူးသန်းမှုမှာသွားနေတဲ့ ယာဉ်မောင်းတွေအများစုက ဗမာတွေများတယ်။ ကျည်ဆန်တွေ ဟာ ဖြစ်ပြီ ဆိုရင် သေတာပဲဗျာ။ ဒီတိုက်ပွဲတွေက လူမျိုးကို ဘယ်သူလို့ ခွဲနေမှာ မဟုတ်ဘူး။ ဒေသမှာ အခြေခံလုပ်ကိုင်စားသောက်နေတဲ့ သူတွေကို အကုန်လုံး ဒုက္ခရောက်စေတာပဲ။ လူသား အချင်းချင်းသာ စာနာတဲ့စိတ်ရှိမယ်ဆိုရင် ဒီတိုက်ပွဲက မဖြစ်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မိုးလာပြီ။ လေအေးတွေ တိုက်လာပြီ။ မုတ်သုံ လေတွေ ဝင်တော့မယ်။ မုန်တိုင်းတွေ လာတော့မယ်။ ဘယ်နားမှ အိပ်ခွင့်ရမလဲ။ ဘယ်နားမှာ နားခိုခွင့် ရမလဲ။ …

ငြမ်းမီဒီယာ – အခုက ကပ်ရောဂါကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်သလို၊ တိုက်ပွဲတွေ ကြောင့်လည်း အသက်အန္တရာယ် ထိခိုက်နိုင်တယ်။ ဒီဘေးနှစ်ခုလုံးက ရခိုင်ပြည်နယ် ပြည်သူတွေ ကင်းလွတ်နိုင်အောင် အကြံပြုမယ်ဆို ဘယ်လို အကြံပြုချင်လဲ။

UUHM – ကိုဗစ်က ကိုယ့်ဆီကိုလာတဲ့အခါမှာ စည်းကမ်းနဲ့ နေလိုက်ရင်ရတယ်။ ကျည်ဆန်က စည်းကမ်းရှိလို့ နေလို့ရတာမှ မဟုတ်တာ။ ဟိုဟို ဒီဒီ ရွာထဲဝင်ပြေးတယ်ဆိုရင် ကြွက်ကိုမနိုင် ကျီမီးရှို့ဆိုတဲ့ စကားပုံ ရှိတယ် မဟုတ်လား ။ ကြွက်က ဒီထဲ ဝင်ပြေးတယ်ဆိုရင် ကျီကိုပါ မီးရှို့လိုက်တာလေဗျာ။ အထဲမှာပါတဲ့ ဆန်စပါး အကုန်လောင်ကျွမ်းသွားတာလေဗျာ။ အဲဒီလို လုပ်တာကြီး က သိပ်မမိုက်ဘူးဗျ။ တနည်းအားဖြင့် ဒါကို လုပ်တဲ့ သူတွေ အမိန့်ပေးတဲ့သူတွေ ကိုယ်ချင်းစာတရား စာနာမှုတွေနဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ထင်တယ်။ နောက်တစ်ခုက ကိုဗစ်က ကျနော်တို့ ရန်ကုန်မှာ၊ မြန်မာပြည်မှာ ၊ကမ္ဘာကြီးမှာ ဖြစ်နေတယ်။ နေကြတယ်။ ထိုင်ကြတယ်။ ဟုမ်းစတေးတို့၊ ကွာရန်တင်းဝင်တာတို့ဆို ပျောက်တယ်လေဗျာ။ ဒီကျည်ဆန်က အဲဒီလိုလုပ်လို့ ပျောက်တာမှမဟုတ်တာ။ ကျနော်တို့ ပြည်သူက ကိုဗစ်ထက် “ သူပစ်” ကို ကြောက်ရတယ်။ “ သူပစ်” ဆိုတာ တိုက်ပွဲကို ပြောတာလေ။ အဲဒီဟာကို ပိုကြောက်နေရတယ်။ ဘယ်အချိန်လာမလဲမသိဘူး။ မနက်ဖြန်၊ သဘက်ခါ မိုးရွာတော့မယ်။

မောဟတရား တွေနဲ့ လွှမ်းမိုး ခံပြီး ချီတက်နေလို့ မဖြစ်ဘူး။ နိုင်တယ်ထားဦး ကမ္ဘာ့အလယ်မှာ လူမိုက်ကြီး စာရင်း ဝင်သွားမယ်။…

မိုးတွေညိုလာပြီ။လေတွေ တိုက်လာပြီ။ အေးလာပြီ။ ဒီလူတွေ အခုပြေးနေရတဲ့ လူတွေ ဘယ်နားနေမလဲ။ ဒီမှာ စစ်ဘေးရှောင် စခန်းတွေ လုပ်တယ်။ မလုပ်ရဘူးလို့တားတယ်။ ကျနော်ပြောတက သူတို့မှာလည်း သူတို့ လိုအပ်ချက်နဲ့ သူတို့ ၊သူတို့ အနိုင်လို မှုတွေနဲ့ သူတို့၊ ပြည်ထောင်စုကြီး ဖြစ်ထွန်းရေး အတွက် ကြိုးပမ်းလုပ်ဆောင်နေမှုတွေနဲ့ ဖြစ်ကောင်းဖြစ်မယ်။ ရခိုင်ပြည်နယ်က မိုးရေချိန်လက်မ နှစ်ရာကျော် ရှိတယ်နော်။ ဒီလိုနွေရာသီဆို ရေမရှိဘူး။ နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီ။ ဘယ်အစိုးရ လက်ထက် မှာမှ ကျနော်တို့ကို ရေရအောင် လုပ်မပေးနိုင်ခဲ့ဘူး။ ရေတွင်း၊ရေကန် တူးပေးခြင်း ဘာမှ မရှိခဲ့ဘူး။ ရခိုင်ပြည်ဟာ ငရဲပြည်နဲ့ အနီးကပ်ဆုံးမှာ ရှိတယ်ဗျ။ လမ်းပန်းဆက်သွယ်ရေး မရှိဘူး။ ကျန်းမာရေး မရှိဘူး။ ပညာရေး မရှိဘူး။ ရှိတယ် ဆိုတာ ဘာမှ မရှိဘူး။ ကမ္ဘာကြီးမှာ သီခြားနေရာတစ်ခုလို ဖြစ်သွားပြီ။ အဲလိုဖြစ်တဲ့အတွက် ကျနော်ပြောချင်တာက မိုးလာပြီ။ လေအေးတွေ တိုက်လာပြီ။ မုတ်သုံ လေတွေ ဝင်တော့မယ်။ မုန်တိုင်းတွေ လာတော့မယ်။ ဘယ်နားမှာ အိပ်ခွင့်ရမလဲ။ ဘယ်နားမှာ နားခိုခွင့် ရမလဲ။ မိုးဦးကျမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တုပ်ကွေးတို့၊ ဝမ်းရောဂါတို့ ဒါတွေအကုန်လုံးက သူတို့ကို ကြိုဆိုနေကြမယ်။ ကျနော်တို့ ဘာမှ လုပ်ပေးလို့မရဘူး။ ကျနော်တို့ လူဖြစ်တာ ကျနော်တို့ အရမ်းနစ်နာတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ဟာ လူဆို လူကို စောင့်ရှောက်နိုင်ရမယ်။ ပြည်သူဟာအဲဒီလို ကြုံတွေ့နေရတယ်။ ပညာပေးခြင်း အားနည်းတယ်။ ဆန်ရေစပါးပေါတယ် ဆိုပေမယ့် ကျန်တဲ့ဟာတွေ အကုန်လုံး ရှားပါတယ်။ ဘာဖြစ်လို့လဲဆိုရင်ကမ္ဘာကြီးမှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် တယ် ဆိုတာ မရှိတော့ဘူး။ လောဘ၊မောဟတွေနဲ့ သဘာ၀ ပတ်ဝန်းကျင်တွေ ပျက်စီးတယ်။ ဒီအတွက် သဘာဝက ကျွေးနေတဲ့ ငါးတွေ၊ အသားတွေ ရှားပါးလာတယ်။ အဲဒီလို ဖြစ်တဲ့အတွက် ဒီဟာကြီးက ရှေ့မှာ ပိုပြီးတော့ ဒုက္ခရောက်နိုင်တယ်။ ဒီမိုးတွင်း ကာလမှာ ဒုက္ခ ရောက်နိုင် တယ်။ ဒီလို ဒုက္ခရောက်တော့မယ် ဆိုတာ သိသိကြီးနဲ့ လုပ်နေတဲ့သဘောရှိတယ်။ ကျနော်တို့ကို ဒါတွန်းပို့တာပဲ။ အဲဒီနေရာကို ရောက်သွားမယ်ဆိုရင် ရောက်သွားအောင် တွန်းပို့ကြတာပဲ။ ဘယ်သူလို့ မပြော လိုဘူး။ ခေါင်းဆောင် တဲ့ သူတွေ၊ဦးဆောင်တဲ့သူတွေ ဒီဟာကြီးကို မသိဘူးလား။ ဒီလူတွေမှာ ကိုယ်ချင်းစာ တရား မရှိဘူးလား။ ဗုံး ထဲမှာ ကလေးတွေ သေတယ်။ရဲဘော်တွေ သေတယ်။ စစ်သားတွေသေတယ်။ ဒါကို သူတို့တားလို့ရတယ်ဗျာ။တော်ပြီလို့ ပြောလိုက်ရင် တော်သွားမယ့် လူတွေပါ။ အဲဒီလိုမဟုတ်ဘဲ အတင်း အဓမ္မကြီးကို ၊ဒါကြီးကို အနိုင်လိုချင်နေတာကတော့ ကျနော်တွေးလို့မရဘူး။ ဒီလူတွေရဲ့ နှလုံးသား ကို ကျနော် ခံစားလို့မရဘူးဗျ။

ငြမ်းမီဒီယာ – ကျနော်မမေးဖြစ်လိုက်ဘဲ သီခြားဖြည့်စွက်ပြောချင်တာ ရှိရင်လည်း ပြောပေးပါဦး။

UUHM – ဒီအဖြစ်အပျက်ကြီးတွေကို ကျနော်တို့က ကိုယ်တိုင်မခံစားရပေမယ့် အဝေးကြီးကနေ နေ့စဉ်နဲ့ အမျှကြားရတယ်။ ဖုန်းနဲ့ ပြောနေကြတယ်။ ဒုက္ခတွေ ရောက်နေကြပြီဆိုတာကို မီဒီယာတွေ၊ သတင်းတွေက ကြားရတယ်။ ခံစားလို့မရဘူး။ ရပ်တည်လို့မရဘူး။ ကြားရုံလောက်နဲ့ ဒီလောက်ဖြစ်တယ်ဆိုရင် တကယ်ကြုံ နေတဲ့ သူတွေ ဘယ်လောက်ဖြစ်လေမလဲ ကျနော်တွေးမိပါတယ်။ နောက် တစ်ခုက စဉ်းစားကြည့်ဗျာ အသက်နဲ့ ရင်းပြီး ဘဝနဲ့ရင်းပြီး တည်ဆောက်ထားတဲ့ အိုးအိမ်တွေဗျ။ဒီအိမ်တွေ မီးလောင်တယ်။ သားသမီးတွေ ပျက်စီးတယ်။ အဲဒါတွေကို ကိုယ်သာဆိုရင်ဆိုတဲ့ ခံစားမှုလေးကို ထည့်ကြည့်တဲ့အချိန်မှာ ဘယ်လိုမှ ခံစားဖို့ ပြောနိုင်တဲ့ စကားလုံး မရှိဘူးဗျာ။ ဒါကို ဘယ်သူကိုယ်တိုင်ခံစားမှ သိမလား။ ပညာရှိတွေ တွေးကြည့်ရင်လည်း သိနိုင်ပါတယ်။ နိုင်ငံကို ခေါင်းဆောင်နေတဲ့သူတွေ ၊အဖွဲ့အစည်းတစ်ခုကို ခေါင်းဆောင်နေတဲ့သူတွေ ၊လူမျိုးတစ်မျိုးကို ဦးဆောင်ဦးရွက်ပြုနေတဲ့ လူတွေလေဗျာ။ ခံစားကြည့်စေချင်တယ်။ ကျနော်တို့ တားလို့ရော ဒီတိုက်ပွဲတွေ ရပ်သွားမလား။ ပြည်သူတွေဟာ ကိုယ့်အသိနဲ့ ကိုယ်ရပ်ရမယ့် တိုက်ပွဲတွေပါ။ ဘာပေးချင်လဲ။ ဘာလိုချင်လဲ။ ဘာရချင်လဲ။ဘာယူချင်လဲ။ ဒီလိုတွေးပြီးတော့ ရပ်ရမယ့်ဟာ မဟုတ် ဘူး လား။ လူမျိုးတွေ အကုန်လုံးက အရွယ်ရောက်ကုန်ကြပြီ။ ဘယ်သူပဲဖြစ်ဖြစ် ဒီအတိုင်းထားရာနေ၊စေရာသွား ဘဝမှာ မနေချင်ကြ ဘူး။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲတွေ ဖြစ်လာတယ် ဆိုတာ ပြန်လည် သုံးသပ်ရမယ်။ မောဟတရား တွေနဲ့ လွှမ်းမိုး ခံပြီး ချီတက်နေလို့ မဖြစ်ဘူး။ နိုင်တယ်ထားဦး ကမ္ဘာ့အလယ်မှာ လူမိုက်ကြီး စာရင်း ဝင်သွားမယ်။ ရှုံးတယ် ထားဦး မျိုးပြုတ်သွား မယ်။ ရှိတာပေါ့ဗျာ အင်အားကြီးရင် နိုင်တယ်ဆိုတာ ရှိတာပေါ့ဗျာ။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ အင်အားကြီး တိုင်းလည်း မနိုင် ဘူး။ လက်နက်ကောင်းတိုင်းလည်း မနိုင်ဘူး။ ဒါတွေကိုလည်း သတိပြုစေချင်ပါတယ်။ လူတွေအကုန်လုံး နားလည်ခံစားတတ်ပါစေ။

ငြမ်းမီဒီယာ – ဖြေကြားပေးတာ ကျေးဇူးပါဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,