ရန်ကုန်တိုင်းမှာ အဲဒီထက်ဆိုးတဲ့ဟာတွေ အများကြီးဖြစ်နေတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KZY / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ

ဦးကျော်ဇေယျသည် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီကိုယ် စားပြု ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို စာရင်းစစ်ချုပ် အစီရင်ခံစာ အရလွှတ်တော်၌ ချက်ကျလက်ကျ ဝေဖန်ထောက်ပြခဲ့သူ တစ်ဦးဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်း NLD ပါတီမှထုတ်ပယ်ခံရပြီး လက်ရှိတွင် ပြညသူ့ရှေ့ဆောင် ပါတီသို့ ဝင်ရောက်ထားသည်။ လက်ရှိ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ဦးကျော်ဇေယျကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြိမ်းချမ်းရေးမရဘူးဆိုရင် တရားဥပဒေစိုးမိုးမှုဟာ ဘယ်လိုလူမျိုးပဲဝန်ကြီးလုပ်လုပ်၊ ဘယ်လိုလူမျိုးပဲ ပြည်ထဲရေးဝန်ကြီး တက်လုပ်လုပ် မရနိုင်ဘူး …

ငြမ်းမီဒီယာ – ၂၀၂၀ ရွေးကောက်ပွဲကလည်းနီးကပ်လာပြီ။ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလကတည်းက လက်ရှိအာဏာရပါတီ ရည်ရွယ် ထားခဲ့တဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့အချက်ဟာ အခုအချိန်မှာ ဘယ်လောက်ထိ တိုးတက်လာတယ်လို့ ပြောလို့ရနိုင်မလဲ။

UKZY – ကျနော်ဒီပြည်သူ့ရှေ့ဆောင်ပါတီကို ရောက်တဲ့အခါမှာ ဒါကျနော်တို့ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာ စာတမ်းမှာလဲ ပါပြီးသား၊ ကျနော်တို့မျှော်မှန်းထားပြီးသား၊ အဲဒီတော့ အခုကျနော်ပြောချင်တာက နိုင်ငံရေးမတည်ငြိမ်တဲ့အတွက် စီးပွားရေး မကောင်းဘူး။ စီးပွားရေးမကောင်းတဲ့အတွက် မငြိမ်းချမ်းနိုင်ဘူး။ အဲဒီလိုမငြိမ်းချမ်းနိုင်တဲ့အတွက်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရတဲ့ အတွက် တရားဥပဒေစိုးမိုးရေးဟာလည်း ရှိသင့်သလောက်ရှိမလာဘူးပေါ့။ မအောင်မြင်ဘူးပဲပြောရမှာ ပေါ့ဗျာ။ ကျနော့် အမြင် ကတော့ တရားဥပဒေစိုးမိုးမှုဆိုတာ တကယ့်စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတယ်။ စစ်မှန် တဲ့ငြိမ်းချမ်းရေးရမှကို တရား ဥပဒေစိုးမိုးမှာ။ ဘာကြောင့်လဲ ဆို နယ်စပ်တွေမှာဆိုလို့ရှိရင် တရားဝင်ကုန်သွယ်ရေးထက် တရားမဝင် ကုန်သွယ်ရေး ကများနေ တယ်။ အဲဒီတော့ တရားဥပဒေစိုးမိုးရေးဟာ ကျနော်တို့နိုင်ငံအခြေအနေအရတော့ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရဘူး ဆိုရင် တရားဥပဒေ စိုးမိုးမှုဟာ ဘယ်လို လူမျိုးပဲ ဝန်ကြီးလုပ်လုပ်၊ ဘယ်လို လူမျိုးပဲ ပြည်ထဲရေးဝန်ကြီး တက်လုပ်လုပ် မရနိုင်ဘူးဆိုတာကျနော် အဲဒီလောက်ပဲ ပြောချင်ပါတယ်။ သို့သော်လည်း အခုအခြေအနေက ငြိမ်းချမ်းရေး မရသေးတဲ့အတွက်တရားဥပဒေ စိုးမိုးမှု ကအားနည်းတယ်လို့ပဲ ကျနော်မှတ်ချက်ပြုလိုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – စစ်ပွဲရှိတဲ့နေရာတွေ၊ နယ်စပ်ဒေသတွေမှာ တရားဥပဒေစိုးမိုးမှု လျော့နည်းတယ်ဆိုတာတော့ ဟုတ် ပါတယ်။ ဒါပေမယ့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လိုနေရာတွေမှာ မဖော်ထုတ်နိုင်တဲ့အမှုတွေ၊ တရားမမျှတမှုတွေဖြစ်ပြီး တရားဥပဒေစိုးမိုးမှုလျော့ကျနေတာကိုကျတော့ ဘာပြောမလဲ။

UKZY – အေးဟုတ်ပြီ။ ကျနော်ပြောတာကပြည်နယ်တွေ ပေါ့ဗျာ။ ပြည်နယ်တွေကတော့ထားပါ။ နယ်စပ်ဒေသတွေက တော့ ဒါ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်စပ်နေတယ်။ ခင်ဗျားအခုပြောတဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေပေါ့ဗျာ၊ တိုင်းဒေသကြီး များပေါ့။ တိုင်းဒေသကြီးတွေမှာရောတရားဥပဒေစိုးမိုးမှုရှိလားလို့မေးရင် မရှိဘူး။ ဆိုတော့ ခုနကပြောသလို ပြန်လည်သွားပြီ။

ဒီအာဏာရပါတီ အပေါ်တုံ့ပြန်မှုဟာ အခြေအနေဆိုးသွားနိုင်တယ်။ အဲဒီလိုပဲ ကျနော် ထင်တယ်။ ဘာကြောင့်လဲဆို ကျနော်ကလည်း ယခင်က တပ်မတော်သားဖြစ်ခဲ့လို့ပါ။ အဲဒါ …

စီးပွားရေး အခြေအနေမကောင်းတဲ့အတွက် နိုင်ငံရေးမတည်ငြိမ်ဘူး။ နိုင်ငံရေးမတည်ငြိမ်တဲ့အတွက် ကျနော်တို့ငြိမ်းချမ်းရေး က လည်း သိပ်မလွယ် ဘူး။ ငြိမ်းချမ်းရေးမရတဲ့အတွက် တရားဥပဒေစိုးမိုးမှုမရှိဘူးပေါ့။ ကျနော်တို့အဲဒီ တိုင်းဒေသကြီးတွေမှာကျတော့ စီးပွားရေးပဲ။ စီးပွားရေးမကောင်းတဲ့အတွက်တချို့ အလုပ်လက်မဲ့တွေ ရှိနေတယ်။ အဲဒီတော့ စားဝတ်နေရေးအတွက် တချို့ပြစ်မှုတွေ ကျူးလွန်နေတာရှိတယ်။အဲဒီတော့ တရားဥပဒေ စိုးမိုးမှု မရှိဘူး။ အဓိကကတော့ဗျာ စီးပွားရေးကောင်းတဲ့ လူတန်းစားနည်း နေတယ်။ ဆိုတော့ ဒီအချက်ကလည်း တရားဥပဒေစိုးမိုးမှုအတွက် အနှောင့်အယှက်အဟန့်အတားတစ်ခုဖြစ်စေတယ်လို့ ကျနော် ယူဆတယ်။ ဒီလောက်ပဲ။

ငြမ်းမီဒီယာ – အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဥပဒေပညာရှင် ဆရာဦးကိုနီရေးခဲ့တဲ့ဆောင်းပါးတစ်ပုဒ်ထဲမှာ Informal Way (နိုင်ငံရေးနည်းလမ်းနဲ့ပြင်ဆင်ခြင်း) နဲ့ သွားနိုင်တယ်ဆိုတဲ့အချက်ကို သုံးသပ်ပြထားတာတွေ့ရပါတယ်။ အခုလွှတ်တော်ထဲက ပြင်ဆင်ဖို့ကြိုးစားတာ ဒုတိယအကြိမ်ရှိခဲ့ပြီ။ မအောင်မြင်နိုင်ဘူးဆိုတာကိုပြင်ဆင်ဖို့ ကြိုးစားကြ သူတွေရော၊ ပြည်သူအများစုကပါ သိပြီး သားပါ။ မအောင်မြင်နိုင်မှန်းသိရက်နဲ့ လွှတ်တော် ထဲကနေ Formal Way (ဥပဒေကြောင်းအရပြင်ဆင်ခြင်း) နဲ့ ဒုတိယ အကြိမ် ကြိုးစားတယ် ဆိုတာက Informal Way (နိုင်ငံရေးနည်းလမ်းနဲ့ပြင်ဆင်ခြင်း) ကိုသုံးဖို့ အားယူတဲ့အခြေအနေတစ်ခုလို့ ပြောလို့ ရနိုင်မလား။

UKZY – မှန်တာပေါ့။ ဦးကိုနီဆိုတာ ပါတီရဲ့ဥပဒေပညာရှင်ပဲလေ။ ကျနော်တို့ နည်းလမ်း (၁) (၂) ပေါ့ဗျာ။ ပထမနည်းလမ်းနဲ့ မအောင်မြင် ဘူး။ ဒုတိယနည်းလမ်းလည်းရှိတာပဲ။ သူတို့လည်း ပြောထားတယ်။ ပထမနည်းလမ်းအတိုင်း ပထမအကြိမ် လွှတ်တော် မှာလည်း မအောင်မြင်ဘူး။ ဒုတိယအကြိမ်လွှတ်တော်မှာလည်းမအောင်မြင်ဘူး။ဒုတိယနည်းလမ်း ကို သုံးမလားလို့ စဉ်းစားကြည့်ရင် ကျနော်ထင်တယ်၊ အကြိုညှိ နှိုင်းမှုတွေတော့ လုပ်ဖို့လိုလိမ့်မယ်။ မညှိနှိုင်းဘဲ အာဏာရပါတီအနေနဲ့ အဆိုတင်ပြီး သူတို့ဘာသာသူတို့ မဲခွဲမယ်၊ ဆုံးဖြတ်မယ်ဆိုလို့ရှိရင် ပိုဆိုးသွားလိမ့်မယ်။ မအောင်မြင်နိုင် ဘူး။ ကြိုတင်ညှိနှိုင်းမှု လုပ်ကို လုပ်ရ မယ်။ အဆိုတင်တယ် ဆိုရင်လည်း တပ်မတော်အဖွဲ့အစည်းနဲ့ ညှိနှိုင်းမှုလုပ်ရမယ်။ တပ်မတော်အဖွဲ့အစည်းနဲ့ ညှိနှိုင်းမှုမလုပ်ဘဲ ဝုန်းကနဲလုပ် လိုက်လို့ရှိရင် တပ်မတော်အဖွဲ့အစည်းဖြစ်တဲ့ ဒီ (၂၅) ရာနှုန်းတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် အ ဆိုးဘက်ကိုရောက်သွားနိုင်တယ်။ ကျတော်အဲဒါပဲပြောချင် တယ်။ အခုခင်ဗျားမေးခွန်းကို မှတ်ချက်ပြုလိုတာကတော့ လက်ရှိ အာဏာရပါတီဟာ ဒီဒုတိယနည်းလမ်းကို သုံးချင်လည်းသုံးမယ်၊ မသုံးချင်လည်း မသုံးဘူး။ အဲ သုံးခဲ့ပြီဆိုလို့ရှိရင် မဲခွဲရင်တော့ အနိုင်ရမှာ သေချာတယ်၊ ဒီအစိုးရ အောင်မြင်မှာ သေချာတယ်။ သို့သော်တပ်မတော်နဲ့ ကြိုတင်ညှိနှိုင်းမှုလုပ်ပြီး တင်တဲ့ အဆို မဟုတ်ဘူး ဆိုရင်တော့၊ ရုတ်တရက် လုပ်လိုက်တယ်ဆိုရင်၊ သူတို့ဟာသူတို့နိုင်ပြီးအတည်ပြုတယ်ဆိုရင် တစ်ဖက်က လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ကိုယ် စားပြု ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းဟာ သူတို့ နိုင်ငံအတွက် သူတို့ ဘက်က သူတို့ဘာလုပ်သင့်တယ်ဆိုတာ တစ်ခုခုရှိ နိုင်တယ်။ ပိုဆိုးသွားနိုင် တယ်။ နိုင်ငံရေးဟာ ပိုပြီးမတည်မငြိမ် ဖြစ်သွားနိုင် ပါတယ်လို့ပဲ ကျနော့်အမြင်ကို မှတ်ချက်ပြုလို ပါတယ်ဗျာ။

ငြမ်းမီဒီယာ – “ပိုဆိုးသွားနိုင်တယ်” ဆိုတဲ့စကားလုံးကိုသုံးလိုက်တော့ အဲဒီစကားလုံးဟာ ဘယ်လိုအခြေအနေကို ရည်ညွှန်းတယ် ဆိုတာ သဲသဲကွဲကွဲသိရအောင် ရှင်းပြပေးလို့ ရမလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UKZY – ပိုဆိုးသွားနိုင်တယ်ဆိုတာ ကျနော်တို့အခု ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့ လုပ်တဲ့ကိစ္စမှာလည်း သူတို့ ကော်မတီဖွဲ့ပြီး စလုပ်ကြတယ်။ ပြီးတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေပဲ တချို့ကော်မတီကထွက်သွားကြတယ်။ နှစ်ဦးသုံးဦးလောက်က ထွက်သွား တယ်။ နောက်တပ်မတော် သားတွေနဲ့လည်းပဲ ညှိနှိုင်းမှုမရှိဘူး။ တကယ်တမ်းအဆိုတစ် ရပ်ကို တင်တော့မယ် ဆိုလို့ ရှိရင်လည်း ခင်ဗျားသိတဲ့အတိုင်း လွှတ်တော်ထဲမှာ အော်ကြီးဟစ်ကျယ်တွေဖြစ်တယ်။ ဒါဟာအဆင်မပြေဘူးပေါ့ဗျာ။ အဆင် မချောဘူးပေါ့။ အဆင်မချောခဲ့တဲ့အကြောင်းဟာ ဘာလဲဆိုတော့ ကြိုတင်ပေါင်းစပ်ညှိနှိုင်းမှုမရှိခဲ့ဘူး။ ငါလည်းဒီလိုတင်မယ်၊ မင်းတို့လည်းဘယ်လိုလုပ်မလဲ စသဖြင့် တစ်ယောက်နဲ့တစ်ယောက်က စောင့်ကြည့်ပြီးတော့ အကဲစမ်းတဲ့သဘောမျိုးရှိပါတယ်။

တပ်မတော်သား (၂၅) ရာခိုင်နှုန်းမရှိသင့်ဘူး၊ ဘယ်နှစ်ကျရင် ဘယ်လောက် လျော့၊ ဘယ်နှစ်ကျရင် ဘယ်လောက် လျော့ဆိုတာမျိုးကိုလည်း မှားတယ်လို့ကျနော်မြင်တယ်။ တပ်မတော်အပေါ် …

ကျနော်ပြောချင် တဲ့သဘောက ခုနကခင်ဗျားပြောသလို ဒုတိယနည်းလမ်းကို အကဲစမ်းတဲ့ သဘောမျိုး တင်လိုက်လို့ရှိရင် တပ်မတော် အဲဒီ (၂၅) ရာခိုင်နှုန်းရဲ့ ဒီအာဏာရပါတီ အပေါ်တုံ့ပြန်မှုဟာ အခြေအနေဆိုးသွားနိုင်တယ်။ အဲဒီလိုပဲ ကျနော် ထင်တယ်။ ဘာကြောင့်လဲဆို ကျနော်ကလည်း ယခင်က တပ်မတော်သားဖြစ်ခဲ့လို့ပါ။ အဲဒါကြောင့် တပ်မတော်သားတွေရဲ့ စိတ်ဓာတ်ကို နီးနီးစပ်စပ်ကျနော်သိနိုင်တယ်လို့ ကျနော်ထင်တယ်။ ကျနော့် အမြင်ပြောတာပါ။ အဲဒါကြောင့် အခြေအနေ ပိုဆိုး သွားနိုင်တယ် ဆိုတာကို ကျနော်ကအဲဒါကြောင့်ပြောတာ။

ငြမ်းမီဒီယာ – တပ်မတော်နိုင်ငံရေးမှာပါဝင်နေမှုကိုလျော့ချဖို့ အခြေခံဥပဒေပြင်ဆင်ရေးတို့၊ ဖက်ဒရယ်အတွက် ၂၁၆ လို ပုဒ်မ ကိုပြင်နိုင်ဖို့ မျှော်လင့်ခဲ့တာတို့ ပြောသွားတော့ အရင် တပ်မတော်အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတုန်းကရော အဲဒီ အကြောင်းတွေ ကို အခုလိုစဉ်းစားခဲ့ဖူးသလား။

UKZY – ရှိတာပေါ့ဗျာ။ ကျနော်စစ်မှုထမ်းကာလ စစချင်းထမ်းဆောင်တဲ့အချိန်က ပြောရလို့ရှိရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အတူတူ တစ်တပ်ထဲမှာရောက်ခဲ့တယ်ဗျ။ ကော် မရှင်လည်း ပြန်တမ်းဝင်အရာရှိခန့်တဲ့အခါ တစ်နှစ်တည်းပဲ၊ ကျနော်တို့ ၁၉၇၈ ခုနှစ်မှာ ခန့်အပ်ခံရတာ ပေါ့ဗျာ။ ကျနော်တို့ က ၁၉၇၄/၇၅ ဝန်းကျင်မှာ စပြီးစစ်မှုထမ်းခဲ့တယ်။ ၁၉၈၈ နောက်ပိုင်းမှာလည်း ကျနော်တပ်မတော်သားအဖြစ် ရှိနေသေးတယ်။ ဗိုလ်ကြီးဘဝပြီးလို့ ဗိုလ်မှူးဘဝဖြစ်ပြီ။ ကျနော်ပြောချင်တဲ့ သဘောက ၁၉၈၈ နောက်ပိုင်းကာလဟာ ကျနော် တို့ အရာရှိငယ်ဘဝနဲ့ စစ်မှုထမ်းခဲ့တဲ့ အခြေအနေနဲ့တောင်မတူဘူး။ မတူဘူး ဆိုတာ ပြည်သူလူထုနဲ့ အလှမ်းဝေးသွားသလိုခံစားရတယ်။ ကျနော်ခဏခဏပြောပါတယ်။ တပ်မတော်ဟာ ပြည်သူချစ်တဲ့ တပ်မတော် စစ်စစ် မဖြစ်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ထုံးစံအတိုင်းပေါ့ဗျာ တပ်မတော် ကအကြီးအကဲတချို့ရဲ့ တာဝန်ယူ ဆောင်ရွက်ပုံ၊ စီမံခန့်ခွဲပုံတွေဟာ အလွဲအမှားတွေဖြစ်နေတယ်။ ပြည်သူလူထုကလည်း ဒါကိုသိလာတယ်၊ မြင်လာတယ်။ နိုင်ငံရေး အသိအမြင် တွေကြွယ်ဝလာတယ်။ ကျနော်လည်း ဒါကြောင့်မို့လို့ ဒီမိုကရေစီ ကျကျ လုပ်မယ့်ပါတီကို ခြေစုံပစ်ပြီးဝင်လိုက်တာပါပဲ။

ရန်ကုန်တိုင်းမှာ အဲဒီထက်ဆိုးတဲ့ဟာတွေ၊ ရန်ကုန်စည်ပင်မှာ အဲဒီထက်ဆိုးတဲ့ဟာတွေ အများကြီးဖြစ်နေတယ်။ နိုင်ငံတော်ဘဏ္ဍာ နစ်နာနေတာ တွေ အများကြီး …

ဝင်လိုက်ပြီးနောက်ပိုင်းလည်း ဒါတွေကတစ်ပိုင်းထားပါတော့၊ ခင်ဗျားမေးတဲ့ မေးခွန်းနဲ့လွဲသွားပြီ။ ကျနော်ပြောချင်တာက တပ်မတော် ကို ပြည်သူလူထုရဲ့ဆက်ဆံပုံက ၁၉၈၈ နောက်ပိုင်းမှာ ကျနော်တို့ အရာရှိငယ်ဘဝတုန်းကဆက်ဆံတဲ့ ပုံနဲ့တောင် မတူတော့ဘူးလို့ ကျနော်ကိုယ်တိုင် ခံစားလာရတယ်။ အဲဒါတွေကြောင့် ကျနော်က တပ်မတော်ကို တကယ့်ပြည်သူချစ်တဲ့ တပ်မတော် စစ်စစ် ဖြစ်စေချင်တယ်။ ဖြစ်စေချင် တဲ့အတွက် ကျနော်က ဒီ၂၀၀၈ ဖွဲ့စည်းပုံ ပြင်တာကိုလည်း ကြိုက်တယ်။ ပြင်စေချင်တယ်။

စင်္ကာပူကို မကျော်ချင်နေပါစေ၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ်ကို အမီလိုက်နိုင်တဲ့ အနေအထားတော့ ဖြစ်ရမယ်။ ကဲဟုတ်ပြီ အဲဒီတော့ အရင်ဦးသိန်းစိန် …

ကျနော် သာဆို ပြောရမယ်ဆိုရင် တပ်မတော်သားတွေကိုစည်းရုံးမယ်၊ တစ်မဲ ရရင်တောင် ဒါနိုင်ပြီလေ။ အဲဒါမျိုးတွေ ကျနော်က လုပ်ချင်တာ။ လုပ်ချင်လို့ လည်းဝင်တာ။ ဒါတော့ထားပါတော့။ ကျနော် ပြောတဲ့ သဘောက တပ်မတော်ရဲ့ ဒီနေ့ လက်ရှိ အနေအထား ဟာ ပြည်သူလူထုနဲ့ အလှမ်းနည်းနည်းဝေးနေတယ်။ မနီးစပ်ဘူး။ ကျနော်အဲဒီလိုပဲမြင်တယ်။ အခု ‘မင်းကွာ ဘာလို့မနီးစပ်ရမှာတုန်း၊ ငါတို့ဘာညာ . .’ နဲ့ ကျနော့်အရေးယူမယ်ဆိုလည်း ဒါကျနော် က တော့ ပွင့်ပွင့်လင်းလင်း ပြောတာ။ တကယ်တမ်းကျတော့ တပ်မတော် က ပြည်သူလူထုနဲ့ အလှမ်းဝေးနေတယ်၊ အဲဒါကို ပြန်နီးအောင် လုပ်ရမယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေ နဲ့ ဒီအခြေအနေမှာ (၂၅) ရာခိုင်နှုန်း လွှတ်တော်ထဲကထွက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ “(၂၅) ရာခိုင်နှုန်း လွှတ်တော်က ထွက်ဖို့ကို သဘောတူလား”ဆိုတာ ခင်ဗျားကျနော့်ကို မမေးလို့။ အဲဒီအဖြေကို ငြိမ်းချမ်းရေးနဲ့ နှိုင်းယှဉ်ပြီး ဖြေရမယ်။ ငြိမ်းချမ်းရေးရမှ တပ်မတော်ကိုလျော့စေချင် တယ်။ အခု NLD ပြင်သလို Time Frame ကိုဘာမှ မကြည့်ဘဲနဲ့၊ ပတ်ဝန်း ကျင် ဒေသအခြေအနေကို ဘာမှမကြည့်ဘဲနဲ့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေ နဲ့ တပ်မတော် ဆက်ဆံတာကို ဘာမှ မကြည့်ဘဲနဲ့ ရာနှုန်းတွေ ကို Time Limit နဲ့ ဒီအတိုင်းပဲ လျော့သွားမယ် ဆိုရင်တော့ အဲဒါမှားတယ်။ ငြိမ်းချမ်းရေး အခြေအနေကို ကြည့်ပြီးတော့ မီးစင်ကြည့် ကပြီး လျော့သင့်တယ် လို့ ကျနော်က အဲဒီလို မြင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မေးခွန်းက အရင်စစ်မှုထမ်းနေတုန်းကရော ဒီမိုကရေစီစံနှုန်းတွေအရ တပ်မတော်နိုင်ငံရေးမှာ ပါဝင် နေမှုတွေဟာ မဖြစ်သင့်ဘူးဆိုတာမျိုး စိတ်ထဲမှာရှိခဲ့သလားဆိုတာပါ။

UKZY – မဖြစ်သင့်ဘူးဆိုတဲ့အနေအထားကရှိတယ်။ မဖြစ်သင့်ဘူးဆိုတာ တိုင်းပြည်ကြီးက ငြိမ်းချမ်းရေးရနေရင်တော့၊ ခုနက လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ မရှိဘူးဆိုရင်တော့ လုံးဝကိုမဖြစ်သင့်တဲ့အရာပဲ။ တပ်မတော်က စဆွဲခဲ့တယ်၊ (၂၅) ရခိုင်နှုန်းပါဝင်မှုကို၊ အခုကျတော့ သူတို့ပါမှ၊ (၇၅) ရာခိုင်နှုန်းကျော်မှ ဒီဖွဲ့စည်းပုံကိုပြင်နိုင်မယ် ဆိုတဲ့ဟာမျိုးကိုလည်း ကျနော် မကြိုက်ပါဘူး။ တဖက်က NLD ပြောသလို တပ်မတော်သား (၂၅) ရာခိုင်နှုန်းမရှိသင့်ဘူး၊ ဘယ်နှစ်ကျရင် ဘယ်လောက် လျော့၊ ဘယ်နှစ်ကျရင် ဘယ်လောက်လျော့ဆိုတာမျိုးကိုလည်းမှားတယ်လို့ ကျနော်မြင်တယ်။ တပ်မတော်အပေါ် အဲဒီလို မြင်တာလည်း မှားတယ်။ ငြိမ်းချမ်းရေးအခြေအနေကို မီးစင်ကြည့်ကသင့်တယ်လို့ ကျနော်ပြောတာ။

ငြမ်းမီဒီယာ – နိုင်ငံရဲ့လက်ရှိအခြေအနေကို တချို့ကလည်း အကောင်းဘက်က ရှုမြင်ပြီး ပြောကြတာရှိတယ်။ တချို့ ကလည်း အဆိုးဘက်ကရှုမြင်ပြီး သုံးသပ်ကြတာလည်းရှိတယ်။ ပြည်သူရွေးချယ်ထားတဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ဆိုရင် နိုင်ငံရဲ့လက်ရှိအခြေအနေကို ပကတိအတိုင်းဘယ်လိုသုံးသပ်မလဲ။

UKZY – အေး အဲဒီမေးခွန်းကောင်းတယ်။ ဟုတ်ပြီ လက်ရှိအခြေအနေကို ကျနော်ပြောမယ်။ ကျနော်တို့လက်ရှိ အခြေအနေကို ယှဉ်ကြည့်မယ်ဆိုရင်တော့ ထားပါတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို လက်တွေ့ကျင့်သုံးတာ ပထမ (၅) က ဦးသိန်းစိန်အစိုးရ ကျင့်သုံး သွားပြီးပြီ။ ဒုတိယ NLD အစိုးရကျင့်သုံးနေတယ်။ ကျနော်တို့စစချင်းမှာ အမေစုပြောတယ် အနှစ် (၂၀) နဲ့ စင်္ကာပူကိုကျော်ရမယ်၊ ဟာသိပ်ကြိုက်တာပေါ့၊ ကောင်းတာပေါ့၊ ကျနော်တို့လည်း ကျော်စေချင်တာပေါ့။ သို့သော်လည်း နှစ် (၂၀) နဲ့ကျော်နိုင်အောင်က ကျနော့်အမြင်ပြောရရင် အခု (၅) နှစ်ပြည့်တော့မယ်။ (၅) နှစ်သက်တမ်းလောက်မှာ စင်္ကာပူကို မကျော်ချင်နေပါစေ၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ်ကို အမီလိုက်နိုင်တဲ့ အနေအထားတော့ ဖြစ်ရမယ်။ ကဲဟုတ်ပြီ အဲဒီတော့ အရင်ဦးသိန်းစိန်လက်ထက် (၅) နှစ် လုပ်သွားတာနဲ့ ပြန်ယှဉ်ကြည့်ရအောင်။ ယှဉ်ကြည့်တဲ့အခါ ဦးသိန်းစိန်အစိုးရ (၅) နှစ်တာလုပ်ခဲ့တဲ့အနေအထားကို ကျနော်တို့ NLD အစိုးရလုပ်ခဲ့တဲ့ (၅) နှစ်တာက နိုင်ငံရေးပဲယှဉ်ယှဉ်၊ စီးပွားရေးပဲယှဉ်ယှဉ်၊ လူမှုရေးပဲယှဉ်ယှဉ် မမီခဲ့ဘူး ဆိုတာကို ကျနော်အစတည်းကကို ပြောပြီးသွားပြီ။ အဲဒါလေးပါ။

ငြမ်းမီဒီယာ – အင်းစိန်ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်ကို လုပ်ငန်းမှာသုံးဖို့ ကော်စေ့ဝယ်ယူတဲ့နေရာမှာ လုပ် ထုံးလုပ်နည်းနဲ့ မညီလို့ တရားစွဲဆိုထားတယ်။ ရန်ကုန်မြို့သစ်စီမံကိန်း (NYDC) အပါအဝင် တိုင်းဒေသကြီး အစိုးရရဲ့ ဘဏ္ဍာငွေ သုံးစွဲမှုဆိုင်ရာတချို့ကိစ္စတွေမှာလည်း လုပ်ထုံးလုပ်နည်းနဲ့မညီညွှတ်ကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာအရ တွေ့ရတယ်ဆိုပြီး ရန်ကုန်လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့တာတွေရှိတယ်။ ဆိုတော့ အဲဒီကိစ္စနှစ်ခုမှာ တစ်ခုကအရေးယူခံရပြီး တစ်ခုက အရေးယူ မခံရတာ ဘာကွာခြားချက်ရှိနေလို့ လဲ။

UKZY – အဲဒါကို စာရင်းစစ်ချုပ်အစီရင်ခံစာဆွေးနွေးရင်းနဲ့ ကျနော်လွှတ်တော်မှာလည်းတရားဝင်ပြောပြီးသားပဲ။ မှန် တယ်၊ အဲဒါကို ဒေါ်စန္ဒာမင်းတို့လည်းပြောတာပဲ။ ဒီဟာက Fair ဖြစ်သင့်တယ်။ ဒါ အဂတိဥပဒေနဲ့ နိုင်ငံဘဏ္ဍာအလွဲသုံးစား ဖြစ်အောင် စီမံမှုနဲ့ ဒေါက်တာအောင်ဇော်တို့ ဘာတို့အမှုဖြစ်သွားတယ်။ ဒါတွေကို ယှဉ်ထိုးကြည့်ရင် ငွေပမာဏက ဘယ်လောက်မှ များတာ မဟုတ်ဘူး။ ရန်ကုန်တိုင်းမှာ အဲဒီထက်ဆိုးတဲ့ဟာတွေ၊ ရန်ကုန်စည်ပင်မှာ အဲဒီထက်ဆိုးတဲ့ဟာတွေ အများကြီးဖြစ်နေတယ်။ နိုင်ငံတော်ဘဏ္ဍာ နစ်နာနေတာ တွေ အများကြီးဖြစ်နေတယ်။ ဥပမာ ညဈေးကိစ္စတွေ၊ ကျူးကျော်အတွက် သုံးမယ့် ပိုက်ဆံတွေ လျော့နေပြီ၊ YBS တွေမှာ ရင်းနှီးမြှပ်နှံမှုနဲ့ပတ်သက်ပြီး ကျနော်ထင်တယ် အရင်းကပျောက်တော့မယ်။ ရှယ်ယာပိုင်ရှင်တွေ က လည်း တစ်ဦးချင်းပြန် ထုတ်ဖို့တောင်းနေပြီ။ ဒါတွေကလည်း မပြတ်သေးဘူးဖြစ်နေတယ်။ ခုနက ရန်ကုန်မြို့သစ်စီမံကိန်းဆိုရင်လည်း ဒီကိစ္စ ခေါင်းစဉ်လွဲသုံးတာ။ ကျနော်တို့က ကျူးကျော်အတွက်ဆောက်ဖို့ပေးတဲ့ပိုက်ဆံတွေကို ရန်ကုန်မြို့သစ်စီမံကိန်းမှာ (၁၀) မီလီယံထည့်ပစ်တာ။ ဒါကြီးတွေကကျတော့ တကယ်တမ်း စဉ်းစားကြည့်ရင် နိုင်ငံ့ဘဏ္ဍာ ဆုံးရှုံးတယ်။ အဲဒါတွေကတော့ ဘာကြောင့် ဒီလိုဖြစ်နေလဲ ဆိုတော့ အတိအကျတော့ ကျနော် မပြောရဲဘူးဗျာ။ ဒါပေမယ့် လူတိုင်းလဲ သိပါတယ်။ ဘယ်လို ပတ်သက်ပြီး ဘယ်လိုဖြစ်နေလဲဆိုတာတော့ ဒါ သိပါတယ်။ ကျနော်ပြောစရာတောင်မလိုပါဘူး။ ဒီလောက်ပါပဲ။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပေးပါဦး။

UKZY – ကျနော်ပြောချင်တာတော့ အခု အစိုးရသက်တမ်းလည်းပြည့်ခါနီးပြီ။ သူတို့လည်းကြိုးစားနေတယ်ပေါ့ဗျာ။ သိပ်မကြာခင် မဲဆွယ် ကာလပြန်ရောက်တော့မယ်။ အဲဒီတော့ ကျနော် ဒီနှစ်တွေကုန်သွားကို နှမြောလည်းနှမြောမိတယ်။ အစိုးရအနေနဲ့ အခုကာလလေးမှာ ထိထိရောက်ရောက်ဖြစ်အောင် ရေရှည်ထက် ရေတိုစီမံကိန်းလေးတွေ လုပ်စေချင်တယ်။ ရန်ကုန်တိုင်း ဆိုရင်လည်း ကျနော်ခဏခဏပြောတယ်။ ထိထိရောက်ရောက်ဖြစ်အောင် ရေတိုစီမံကိန်းလေးတွေလုပ်ဖို့ပေါ့။ ကျူးကျော်တွေကို နေရာချတာ ထိထိရောက်ရောက်ဖြစ်စေချင်တယ်။ YBS ဆိုလည်း နိုင်ငံတကာအဆင့်မီ၊ နိုင်ငံတကာ စံချိန်မီအောင် လုပ်တာပဲ။ အခုကားမှတ်တိုင်တွေ ပြောင်းတာတောင် နိုင်ငံအဆင့်မီအောင် မလုပ်နိုင်သေးဘူး။ မသန်စွမ်းတွေ ဘတ်စ်ကားပေါ် မတက်နိုင် သေးဘူး။ ဒါတွေကတော့ ထားပါတော့။ ကျနော်ပြောချင်တာက အခု NLD အစိုးရသက်တမ်းဟာ တစ်နှစ်နီးပါးလောက် ကျန်သေး တယ်။ ရေတိုစီမံကိန်းလေးတွေကိုအောင်မြင်အောင် လုပ်စေ ချင်တယ်။ အခုလက်ရှိ Covid – 19 ဗိုင်းရပ်စ် ကာကွယ်ရေး ကို လည်း ထိထိရောက်ရောက် လုပ်စေ ချင်တယ်။ ဒါအစိုးရမှာတာ ဝန်ရှိတယ်။ အခုစီးပွားရေးတွေကျလာတယ်။ တချို့စက်ရုံတွေ ပိတ်လာတယ်။ ဒါတွေကို ဘယ်လိုကာကွယ်မလဲ။ အလုပ်လက်မဲတွေများလာရင် တရားဥပဒေစိုးမိုးမှုကို ထပ်ပြီးထိခိုက် လာနိုင် တယ်။ ဒါကြောင့် တာဝန်ယူစဉ်ကာလမှာ အကောင်းဆုံး အနေအထားဖြစ်အောင် ရေရှည်စီမံကိန်းထက်၊ နောက် ၂၀၂၁ ကိုယ်အောင်မြင်ဖို့ထက် ရေတိုစီမံကိန်းလေး တွေချမှတ်ပြီး NLD အစိုးရအနေနဲ့ နိုင်ငံကိုကယ်တင်စေချင်တယ်။ တိုင်းပြည်အထိမနာအောင်ပေါ့။ အဲဒါပါပဲ။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,