ရန်ကုန်တိုင်း ကို Lockdown လုပ်မယ်ဆိုတဲ့ သတင်းက ဖေ့စ်ဘွတ်စာမျက်နှာတွေမှာပျံ့နေပါတယ်။
ရန်ကုန်တိုင်းကို လော့ဒ်ဒေါင်းလုပ်မယ် နှစ်ပတ်စာလောက် ပစ္စည်းတွေ ဝယ်ထားပါဆိုတဲ့ နှိုးဆော်မှုတွေကို တွေ့နေရတယ်လို့ လည်း ဖေ့စ်ဘွတ်သုံးစွဲသူ တစ်ဦးက သူ့ရဲ့ စာမျက်နှာမှာ အောက်တိုဘာလ(၃)ရက်နေ့ က ရေးသားထားပါတယ်။
သည် သတင်းနဲ့ ပတ်သက်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က သည် သတင်းဟာ ကောလာဟလ သာဖြစ်ပြီး Complete Lock Down လုပ်ရန် မရှိသေးဘူးလို့ Peacock News ကို အတည်ပြု ပြောကြားထားပါတယ်။ (သည်နေရာမှာ ကြည့်နိုင်ပါတယ်)
ရန်ကုန်ကို လာမယ့် နှစ်ရက်အတွင်း အိမ်အထဲ က အိမ်အပြင် လုံး၀ မထွက်ရဘဲ (၁၀) ရက် Lockdown ချမယ်ဆိုတဲ့ ပျံ့နေတဲ့ အသံဖိုင်ဟာ သတင်းအမှားသာ ဖြစ်တယ်လို့ သတင်း အမှား၊ အမှန် အချက်အလက်စစ်ဆေးပေးနေတဲ့ Real or Not က လည်း ဖော်ပြထားပါတယ်။ (သည်နေရာမှာ ကြည့်နိုင်ပါတယ်)
“COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ လတ်တလောမှာ ရန်ကုန်ကို Complete Lockdown လုပ်ဖို့ မရှိသေးပါဘူး” လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Peacock News မှာ ရေးသားထားပါတယ်။
သည် အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ရန်ကုန် ကို လော့ဒ်ဒေါင်း လုပ်မယ်ဆိုတဲ့ သတင်းဟာ သတင်းအမှား (အမှား) သာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း နေအိမ်ပြင်ပထွက်ခွင့် ရှိသူတွေမဟုတ်ဘဲ အပြင်ထွက်ရင် ထောင်ဒဏ် (၁) နှစ် သို့မဟုတ် ဒဏ်ငွေ သုံးသိန်း ပေးဆောင်ရမယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရက သည်သတင်းအမှား နဲ့ ပတ်သက်ပြီး အများပြည်သူကို အသိပေးရှင်းလင်းခဲ့ပါတယ်။ ( သည်နေရာမှာ ကြည့်နိုင်ပါတယ်)
ဒါ့အပြင် စက်တင်ဘာလ (၁၇) ရက်နေ့ က ရန်ကုန် ကို စက်တင်ဘာလ (၁၉ ) ရက်နေ့မှာ လော့ဒ်ဒေါင်းချမယ်ဆိုတဲ့ သတင်းအမှား ထွက်ပေါ်လာမှုနဲ့ ပတ်သက်ပြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က သည်သတင်းဟာ သတင်းအမှားသာ ဖြစ်ကြောင်းသူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတစ်ဆင့် အများပြည်သူကို အသိပေးခဲ့တယ်။ (သည်နေရာမှာ ကြည့်နိုင်ပါတယ်)
ငြမ်းမီဒီယာ