ပရဟိတတွေ မောမှ ပိုက်ဆံထုတ်သုံးမှာဆိုတာမျိုးဆိုရင် …

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

 

ကျနော်လက်ရှိ မြေပြင်မှာမြင်နေရတာက အစိုးရနဲ့ ဒီပရဟိတ အသင်းတွေနဲ့ ချိတ်ဆက်ပြီး မှ လုပ်ရင် ပိုပြီး အရာရောက်မယ်ထင်တယ်။ ပရဟိတ …

ကချင်ပြည်နယ်အတွင်းသို့ တရုတ်နိုင်ငံ မှ ပြန်လည်ဝင်ရောက်လာမည့် အရေအတွက်မှာ (၁၈၀၀၀)ခန့် ရှိသည်ဟု CO -19 ကူညီပေးရေး မြစ်ကြီးနား အခြေပြု၏ စာရင်းစစ်၊ ဥပဒေနှင့်စီးပွားရေး အတိုင်ပင်ခံ ဦးခွန်မြတ်မင်းအောင် က ငြမ်းမီဒီယာသို့ ပြော သည်။ ပြည်တော်ပြန်များ ဝင်ရောက်လာမှုမှာ တစ်ရက်လျင် လူဦးရေ (၅၀၀)ခန့်ရှိပြီး လွန်ခဲ့သည့် နှစ်ရက်ကစတင် ဝင်ရောက် လာနေသည် ဟု သိရသည်။ အဆိုပါ အခြေအနေများအပါအဝင် ကချင်ပြည်နယ်၏ COVID – 19 ကာကွယ်တိုက်ဖျက်ရေး အခြေအနေ များ၊ ပရဟိတ အဖွဲ့အစည်းများ၏ တွေ့ကြုံနေရမှုအခြေအနေများ နှင့်ပတ်သက်၍ ဦးခွန်မြတ်မင်းအောင် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့သည်။

UKMMA / ဥပဒေနှင့်စီးပွားရေး အတိုင်ပင်ခံ ဦးခွန်မြတ်မင်းအောင်

ငြမ်းမီဒီယာ – အခု ကချင်ပြည်နယ်မှာ COVID – 19 တိုက်ဖျက်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အခြေအနေက ဘယ်လိုရှိလဲဗျ။

UKMMA – လောလောဆယ် ကျနော်တို့ ကချင်ပြည်နယ်မှာ Positive မတွေ့သေးဘူးပေါ့လေ။ မတွေ့သေးတဲ့အခါကျတော့ အရမ်းကြီး ဟဲဗီးတော့ မဖြစ်သေးဘူး။ လောလောဆယ် ပြည်တော်ပြန်ပေါ့ တရုတ်ကနေ ဝင်နေတာတွေ ရှိတယ်။ ဝင်နေတာ နှစ်ရက် ရှိပြီပေါ။ ပြန်ဝင်လာမယ့်သူက (၁၈၀၀၀) လောက်ရှိတယ်။အဲဒါ တစ်ရက်ကို ပျှမ်းမျှ (၅၀၀) နှုန်းလောက်နဲ့ ဝင်နေတယ်။ အဲဒါကို ကျနော်တို့ ဆီမှာ ရှိတဲ့ ပရဟိတ အဖွဲ့တွေကနေ ကိုယ်နိုင်တဲ့ ဘက်ကနေ ဝင်ကူပေးနေကြတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – တစ်နေ့ကို (၅၀၀) ဝင်တယ်ဆိုပေမယ့် အရေအတွက်အရကြည့်ရင်များပါတယ်။ ပရဟိတ အဖွဲ့တွေကလည်း ဒါကို ဝိုင်းကူနေတယ်။ အဲဒီမှာ ဒီဝင်လာတဲ့သူတွေ ကို Q ဝင်တာက အစ စီစစ်တာတွေ၊ လိုအပ်တာတွေဆောင်ရွက်ရာမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရလဲ။

UKMMA – လောလောဆယ်မှာ ဆိုရင် အခက်အခဲ ဆိုရင်တော့ သူတို့အတွက် စာရေးသောက်ရေးပဲ။ ပြည်တော်ပြန်တွေ က ဟိုဘက်ကနေ လာသာလာခဲ့ရတာ တစ်လမ်းလုံး ဘာမှ မစားခဲ့ကြရဘူး။ တောက်လျောက်လာခဲ့ရတာ လမ်းမှာ ရပ်လို့လည်း မရဘူးလေ။ ဒီရောက်လာတဲ့ အခါကျတော့ သူတို့အတွက် အစိုးရကလည်း စားရေးသောက်ရေး အတွက် တစ်ခုမျှ မစီစဉ် ထားပေးဘူး။ ဒါကို ပြင်ပကနေ ပရဟိတ အဖွဲ့တွေကနေ သူတို့အတွက် ဝင်ကူ နေရတာပေါ့။ လူငါးရာစာ စားရေးသောက်ရေးကို ပြင်ပအဖွဲ့အစည်းတွေက ဝိုင်းဝန်းပေးတာပေါ့။ အစိုးရကတော့ ဒါကို လောလောဆယ် မစီစဉ်ပေးနိုင်ဘူးပေါ့ဗျာ။

တကယ်ပဲ ဘတ်ဂျက်မရှိလို့၊ ဒါမှမဟုတ်ဘတ်ဂျတ်သုံးဖို့ အစီအစဉ်မရှိလို့ မသုံးတာလားဆိုတာ ကျနော်တို့ သိချင်တယ်။ တကယ်လို့ …

ငြမ်းမီဒီယာ – တစ်နေ့ကို လူဦးရေ အရေအတွက် (၅၀၀) ဝင်တယ်ဆိုတော့ အဲဒီဝင်လာတဲ့သူတွေကို ဘယ်လို နေရာချထားပေးလဲ။

UKMMA – ဒီလိုပါ။ အစိုးရကတော့ စနစ်တကျလုပ်ပါတယ်။ မြစ်ကြီးနားမှာ ကုန်လှောင်ရုံအသစ်ပေါ့လေ။ အဲဒီမှာ သူတို့ကို ယာယီလက်ခံတာပေါ့။ စာရင်းလက်ခံပြီးမှ သက်ဆိုင်ရာ မြို့နယ်အလိုက် မိုးကောင်း၊ မိုးညှင်း၊ဟိုပင်၊ဖားကန့်၊ပူတာအို ဆိုပြီး သူ့ရဲ့ သက်ဆိုင်ရာ Department အလိုက်ခွဲထားတယ်။ ခွဲထားပြီး အဲဒီမှာ စာရင်းလက်ခံတယ်။ ဝင်လာတာစောရင် သက်ဆိုင်ရာ မိုးညှင်းတွေ၊မိုးကောင်းတွေ၊ မြို့နယ်တွေကို လွှတ်ပေးလိုက်တယ်။ မိုးချုပ်တယ်ဆိုရင်တော့ အဲဒီညတစ်ည က ကားကြီးဝင်း သိုလှောင်ရုံ မှာ တစ်ည လက်ခံထားလိုက်တယ်။ နောက်နေ့ မိုးလင်းတာနဲ့ သက်ဆိုင်ရာ Quarantine တွေ ဆီကို ပို့တယ်။ Facility Quarantine တွေဆီကို ပို့တာပေါ့။

ငြမ်းမီဒီယာ – အဓိက က အိမ်သာ သုံးရတဲ့ အခက်အခဲပေါ့။ ရန်ကုန်မှာ Quarantine ဝင်ရတဲ့သူတွေလည်း ကြုံတွေ့နေရတယ်လို့ ကြားရပါတယ်။လူများတယ်။ အိမ်သာ က မလုံလောက်ဘူး။သန့်ရှင်းမှု အပိုင်းလည်း အားနည်းတာမျိုးတွေ ရှိတယ်လို့လည်း ကြားပါတယ်။ လူဦးရေနဲ့ အိမ်သာအသုံးပြုမှု က တအားစိပ်တော့ တခြား ကူးစက်နိုင်တဲ့ အခြေအနေတွေကို လည်း စိုးရိမ်ကြတာ ရှိပါတယ်။ အဲဒီတော့ အခု ပြည်တော်ပြန်လာတဲ့သူတွေ အခြေအနေကရော သူတို့ရဲ့ ကျန်းမာရေး၊ သန့်ရှင်းရေး ကိစ္စတွေ အတွက် အစိုးရ အပါအဝင် ပရဟိတ အဖွဲ့အစည်းတွေ က ဘာတွေဆောင်ရွက်ပေးထားတာ ရှိလဲခင်ဗျ။

UKMMA – လောလောဆယ်ဒီမှာက ရန်ကုန်မန္တလေးလောက်အရမ်းမများသေးဘူး။ ဒီမှာက သက်ဆိုင်ရာနေရာ (၅) နေရာ စီစဉ်ထားတာ။အခုမှ သုံးနေရာကို စဝင်ပြီပေါ့လေ။ (၅) နေရာစလုံးမပြည့်သေးဘူးဆိုတော့ သူ့နေရာနဲ့သူအကုန်လုံးက Fitting ဖြစ်တယ်။ Over မဖြစ်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုပြည်တော်ပြန်တွေ ဝင်လာတာ တစ်နေ့ကဆိုတော့ ဝင်လာမှုက ဘယ်နေ့လောက်အထိ သွားနိုင်လဲ။

UKMMA – ဝင်လာမှာ (၁၈၀၀၀ ) ဆိုတော့ ပျှမ်းမျှအားဖြင့် (၅၀၀) နီးပါး ဝင်တယ်။ ငါးရာမပြည့်တဲ့ နေ့တွေလည်း ရှိတယ်။ ခန့်မှန်းခြေ အရ ဆိုရင် ရက်ပေါင်း သုံးဆယ်ကျော်လောက် တောက်လျောက်ဝင်မှာ။ ဒီရက်ပေါင်း သုံးဆယ်မှာ မြစ်ကြီးနာက ပါတဲ့သူတွေလည်းရှိတယ်။အခြားကချင်ပြည်နယ် က လူတွေလည်း ရှိတယ်။ မြစ်ကြီးနားအနေနဲ့တော့ တစ်ရက်မှာ နည်းနည်း လောက်ပဲပါတယ်။ အခြားနယ်ခွဲတွေ ပါတာများတယ်။

ငြမ်းမီဒီယာ – ခုနက ဦးခွန်မြတ်မင်းအောင်လည်း ပြောပါတယ်။ တရုတ်ပြည်က ပြန်လာတဲ့ ပြည်တော်ပြန်တွေမှာ အစာမစားခဲ့ရတာ၊ အစားအသောက်တွေမပါတာ ရှိတော့ ရက် သုံးဆယ်၊ ဒီလူဦးရေ သောင်းဂဏန်း ကို ဘယ်လိုထိန်းမလဲ။

UKMMA – ရေရှည်ဆိုရင်တော့ တောက်လျောက်မလုပ်ပေးနိုင်မှာတော့ ကျနော်တို့ စိုးရိမ်တယ်။ ကျနော်တို့နိုင်သလောက်တော့ ဝိုင်းကူနေတယ်။ facilitating လုပ်ထားတဲ့သူတွေဆီမှာ စားရေးသောက်ရေး ဘာတစ်ခုမှကိုမပါတာ။ ကျနော်တို့က နောက်က လိုက်ဖြည့်ပေးနေတာ။ သူတို့က တကယ်ပဲ ဘတ်ဂျက်မရှိလို့၊ ဒါမှမဟုတ်ဘတ်ဂျတ်သုံးဖို့ အစီအစဉ်မရှိလို့ မသုံးတာလားဆိုတာ ကျနော်တို့ သိချင်တယ်။ တကယ်လို့ ရှိတယ်ဆိုရင် ဘယ်အချိန် ထုတ်သုံးမှာလဲ။ ကျနော်တို့က ဘယ်လောက်အတိုင်းအတာမထိ ပါဝင်ကူပေးရမှာလဲ ဆိုတာ အဲဒီကိစ္စကို ကျနော်တို့လည်း သိချင်နေတာ။

ပွင့်ပွင့်လင်းပြောရရင် လူတွေက အရမ်းကြီး ဟဲဗီးမဖြစ်သေးလို့သာ လှူနိုင်တာလေ။ တကယ်ခက် လာပြီ ဆိုရင် အားလုံးက …

ငြမ်းမီဒီယာ – ဦးခွန်မြတ်မင်းအောင် ဆိုလိုချင်တာက ပြည်တော်ပြန်တွေရဲ့ စားရေးသောက်ရေးကို ပရဟိတအဖွဲ့တွေနဲ့ ပြည်သူတွေ အစီအစဉ်နဲ့ ဖြေရှင်းပေးနေရပြီး ပြည်နယ် အစိုးရက ဖြေရှင်းပေးမှု မရှိဘူးလို့ ဆိုလိုတာလား။

UKMMA – မရှိဘူး။ မရှိဘူး။ ဒီလို ရှေ့မှာ ပထမ (၁၄) ရက် Quarantine တုန်းကတော့ အစိုးရအဖွဲ့ကနေ ကြည့်ပေးတယ်။ အခု (၂၁) ရက် Quarantine မှာ မရှိတော့ဘူး။ တောက်လျောက် က ပြည်တော်ပြန်တွေ လာတဲ့အချိန်မှာ ဘာတစ်ခုမှ မရှိဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အဲဒီအခြေအနေ က ရေရှည်ဆို ဘယ်လိုအခက်အခဲတွေ ဖြစ်လာနိုင်မလဲ။ ဘယ်လို ဖြေရှင်းဖို့ စဉ်းစားထားလဲ။

UKMMA – ရေရှည်မှာ တောက်လျောက်မလုပ်ပေးနိုင်မှာတော့ စိုးရိမ်တာပေါ့လေ။ ဒါကြောင့် အစိုးရက Facility Quarantine အတွက်ကို စားရေးသောက်ရေး မစီစဉ်ဘူးလို့ တရားဝင်သိရရင် ကျနော်တို့က ရက်တွက်ရတော့မှာ။ လာမယ့်လူတွေကို တွက်ပြီး ကျနော်တို့ Third Party တွေ ပိုအင်အားကောင်းအောင် ထပ်လုပ်ရမှာပေါ့။ အစိုးရမပါဘူးဆိုရင် ပရဟိတအချင်းချင်းပေါင်း ချိတ်ဆက်တာမျိုးတွေ လုပ်ရတော့မှာပေါ့။ အခုက အစိုးရက ပါ မပါ ကျနော်တို့က မသိရဘူးဖြစ်နေတာ။

လက်ရှိ ပရဟိတတွေ မောမှ ပိုက်ဆံထုတ်သုံးမှာဆိုတာမျိုးဆိုရင် အဆင်မပြေဘူးပေါ့။ ကျနော်တို့ လက်ရှိ သိထားက အစိုးရဆီမှာ လှူထားတဲ့ငွေက …

ငြမ်းမီဒီယာ – ကချင်ပြည်နယ်မှာရှိတဲ့ ပရဟိတအဖွဲ့စည်းတွေ တော်တော်လေး လုပ်ဆောင်နေတာကိုလည်း ကြားရပါတယ်။ ပြည်သူ တွေရဲ့ အလှူ၊ပရဟိတသမားတွေရဲ့ အလှူက ရော ရှေ့လာနိုင်တဲ့ အခြေအနေတွေကို ကျော်ဖြတ်နိုင်မယ့် အခြေအနေရော ရှိလား။

UKMMA – ဒါကကျတော့ ပွင့်ပွင့်လင်းပြောရရင် လူတွေက အရမ်းကြီး ဟဲဗီးမဖြစ်သေးလို့သာ လှူနိုင်တာလေ။ တကယ်ခက် လာပြီ ဆိုရင် အားလုံးက မလှူနိုင်လောက်တော့ဘူး။ ကြာလေလေ လှူတဲ့သူနည်းသွားမှာလေ ။ ရှင်းရှင်းပြောရရင် ခင်ရာမင်ကြောင်း မို့သာ လှူကြတာလေ။ ငါးဖွဲ့ ရှိရင် ငါးဖွဲ့ကို မျှလှူ ရတာ လေ။ လူတစ်ယောက်ကနေ နှစ်ခါပြန်လှူဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရေရှည်မှာ ဆိုရင် ကျနော်တို့ မလွယ်ဘူး။

ငြမ်းမီဒီယာ – အခု ကိုဗစ်တိုက်ဖျက်ရေးမှာ ရှေ့တန်းက ဆောင်ရွက်နေကြတဲ့ စေတနာ့ဝန်ထမ်းတွေ အတွက် ကာကွယ်ရေး ပစ္စည်း အသုံအဆောင်တွေက ရော လုံလုံလောက်လောက်ရှိလာ။ ဘယ်လောက်အချိန်အထိ သုံးလို့ ရနိုင်လဲ။

UKMMA – ဒီမှာက လောလောဆယ် PPE က ဝယ်လို့ကိုမရတာ။ Mask တွေ၊လက်အိတ်တွေကတော့ ရှိတယ်။ စစချင်းဖြစ်စက လောက်တော့ ဈေးမများတော့ဘူး။ Mask နဲ့ လက်အိတ်ကတော့ လောက်တယ် လိုမှာ က PPE ဝယ်လို့ကိုမရတာ။ ကျနော်တို့ ဆောင်ထားဖို့ Reserve ဆောင်ထားဖို့ မှာထားတာ ရက်နှစ်ဆယ်ကျော်သွားပြီ အခုထိ မရသေးဘူး။

ငြမ်းမီဒီယာ – စေတနာ့ဝန်ထမ်းတွေအတွက် ရောဂါမကူးစက်အောင် PPE လို Mask လို ပစ္စည်းအသုံးအဆောင်တွေ အစိုးရက ကူညီပေးတာရှိလား။

UKMMA – ကျနော်တို့ အခုဟာက ကိုယ့်အသိနဲ့ကိုယ် လုပ်နေကြရတာ။ ဒါပေမယ့် တစ်ခုရှိတာက အစိုးရ ကတော့ ဟုတ်ပြီ။ ကျန်းမာရေးအကြောင်းသိချင်ရင် လူဘယ်နှယောက် ရှိလဲ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ထမ်းတွေ ခေါ်ပြီးလာရောက် ဆွေးနွေး ပေးတာတွေ ၊အချိန်မရွေးခေါ်ပါလို့ပြောတယ်။ သင်တန်းတွေပေးဖို့ လည်း သူတို့က အစီအစဉ်ရှိတယ်။ ဒါပေမယ့် သီးသန့်ကြီး လာရောက် ပြီး စစ်ဆေးတာမျိုးမရှိဘူး။ အားလုံးကတော့ ကိုယ့်အသိနဲ့ကိုယ် နိုင်သလောက်လုပ်နေကြတာပေါ့လေ။ အစိုးရ ဆိုတာထက် ကို ကျန်းမာရေးဌာကနေ Safetyသိချင်တယ်ဆိုရင် အချိန်မရွေး သူတို့ကိုခေါ်ပါ။သူတို့ လာပြီး ကျန်းမာရေး အသိပညာ လာပေးတာ မျိုးတော့ ရှိတယ်။

Omni Matryx

ငြမ်းမီဒီယာ – ဦးခွန်မြတ်မင်းအောင် တခြား ဖြည့်စွက်ပြောချင်တာ ရှိလားဗျ။

UKMMA – ဖြည့်စွက်ပြောချင်တာက ကျနော်လက်ရှိ မြေပြင်မှာမြင်နေရတာက အစိုးရနဲ့ ဒီပရဟိတ အသင်းတွေနဲ့ ချိတ်ဆက်ပြီး မှ လုပ်ရင် ပိုပြီး အရာရောက်မယ်ထင်တယ်။ ပရဟိတအသင်း တွေက သာ လုပ်နေကြတာလေ။ ဒါကို အသိအမှတ်ပြုတာမရှိဘူး။ ဖာသိဖာသာပဲ။ လက်ရှိ ပရဟိတတွေ မောမှ ပိုက်ဆံထုတ်သုံးမှာဆိုတာမျိုးဆိုရင် အဆင်မပြေဘူးပေါ့။ ကျနော်တို့ လက်ရှိ သိထားက အစိုးရဆီမှာ လှူထားတဲ့ငွေက တော်တော်များနေပြီ။ ဘတ်ဂျက်က ရှိတယ်။ပစ္စည်းတွေလည်း ရှိတယ်လို့ သိရတယ်။ အခုအချိန်အထိ အစိုးရ ထုတ်သုံးထားတာ မရှိသေးဘူး။ ဒါတွေက ကျနော်တို့ ကြားထဲမှာ Conflict ဖြစ်နေတယ်။ ဟနေ တယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,