ရွေးကောက်ပွဲတွင် ဆရာ၊ဆရာမများ လာဘ်ယူမှု NLD တောင်းပန်သော်လည်း ဒုတပ်ချုပ်က အရေးယူမည် ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နိုဝင်ဘာလ(၈) ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မှာ ဆရာမတစ်ဦးကို ငါးသိန်း ကြိုပေးခဲ့တာ မယုံ၊တချို့ဒေသတွေမှာ သုံးသိန်း ပေးတာ ကြိုသိနေတာ မယုံ ခုတော့ ပေါ်ပြီလို့ အစချီထားတဲ့ အကြောင်းအရာတစ်ခုကို ဒီဇင်ဘာ(၅) ရက်နေ့ က ဖေ့စ်ဘွတ်ဆိုရှယ်မီဒီယာမှာ ဖြန့်ချိထားတာတွေ့ရပါတယ်။

သည်အကြောင်းအရာကို ပေါ်ဦး အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ချိသူ၊ မှတ်ချက်ပေးသူ၊ React ပြုသူတွေကို လည်း တွေ့ရပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

နိုဝင်ဘာ(၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရုံအသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ဆရာမတွေကို သတင်းအတု၊သတင်းအမှားတွေ ဖန်တီးပြီး ပုံစံအမျိုးအမျိုးနဲ့ ပုံဖျက်တိုက်ခိုက်တာတွေကို လည်း တွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပေါ်ဦးအမည်ရ ဖေ့စ်ဘွတ်အကောင့်ကနေ ဖြန့်ချိခဲ့တဲ့ အကြောင်းအရာ ကို သတင်းလုပ်ငန်းစဉ်များနဲ့ အညီ ရေးသားဖော်ပြတဲ့ သတင်းဌာနတွေမှာလည်း သည်သတင်းနဲ့ ပတ်သက်ပြီး ဖော်ပြထားတာ မရှိပါဘူး။

ဒါ့အပြင် သည်အကြောင်းအရာမှာပါဝင်တဲ့ ကလေးတွေမသိလို့မှားတယ်ဆိုပြီး NLD က တောင်းပန်တယ်ဆိုတဲ့ အကြောင်းအရာဟာလည်း သူရိယ အမည်ရ ဖေ့စ်ဘွတ်အကောင့်ကနေ ဖြန့်ချိထားတဲ့ သတင်းအမှားနဲ့ ပုံစံတူ အကြောင်းအရာကိုပဲ ထပ်ဆင့်ဖြန့်ချိထားတာမျိုးဖြစ်ပါတယ်။

သူရိယ အမည်ရ ဖေ့စ်ဘွတ်အကောင့်ကနေ ဖြန့်ချိထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အချက်အလက် စစ်ဆေးပြီး သတင်းအမှား ဖြစ်ကြောင်းဖော်ပြထားမှုကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ပေါ်ဦးအမည်ရ ဖေ့စ်ဘွတ်အကောင့်ကနေ ဖြန့်ချိခဲ့တဲ့ အကြောင်းအရာ နဲ့ ပတ်သက်ပြီး သတင်းအမှား သာ ဖြစ်တယ်လို့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ ၊ အတွင်းရေးမှူး မုံရွာအောင်ရှင် က အတည်ပြု ပြောကြားပါတယ်။

” မဟုတ်ပါဘူး။အဲ့ဒါသတင်းအမှားပါ။ကျနော်တို့မှာ အဲဒီလောက်ပေးစရာ မရှိပါဘူး။တောင်းပန်တယ်ဆိုတာလည်း မဟုတ်ပါဘူး ” လို့ NLD ဗဟိုပြန်ကြားရေးအဖွဲ့ ၊ အတွင်းရေးမှူး မုံရွာအောင်ရှင် က ပြောပါတယ်။

အဓိကကတော့ ဆရာ၊ဆရာမတွေကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊တရားစွဲဆိုမှုတွေ မဟုတ်မမှန်သတင်းနဲ့လုပ်ကြံပြီး ဝါဒဖြန့်ရေးသားတာတွေ၊ ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်တာတွေဆောင်ရွက်တာတွေကတော့ အများကြီးတွေ့ရတယ်လို့ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ဦးမင်းမင်းထွဋ် က ပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော် တော်တော်လေး စိတ်မကောင်းဘူး။ ကျနော်တို့နိုင်ငံ့ဝန်ထမ်းတွေက၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေနဲ့ပဲ ဆောင်ရွက်တာ။ မဲရုံတာဝန်ကို အများယုံကြည်လေးစားရတဲ့ ပညာရေးဝန်ထမ်းအများစုကို တာဝန်ပေးတယ်ပေါ့။ အဲဒီလို တာဝန်ပေးလို့ လုပ်ကြတဲ့အထဲမှာ တာဝန်ပေးခြင်းခံရတဲ့ အခါမှာ သမာသမတ်ရှိရှိနဲ့ လုပ်ထုံးလုပ်နည်းဥပဒေအတိုင်း အကုန်လုပ်ကြတယ်ပေါ့။ ကျနော်တို့ လွဲမှားတာလေးတွေကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အနည်းအကျဉ်း ရှိကောင်းရှိမှာပေါ့။ တစ်ယောက်စ နှစ်ယောက်စ ရှိမှာပေါ့။ ပညာရေးဝန်ထမ်းတွေလို့ သိမ်းကြုံးပြီး ပြောတဲ့ဟာက ယဉ်ကျေးမှုကို ပပျောက်တယ်။ ရိုင်းစိုင်းတယ်ပေါ့။ ရိုင်းစိုင်းတဲ့အပြုမူပေါ့။ အဲဒီလိုပြုမူတဲ့သူတွေကရော ပညာသင်လာကြတာ မဟုတ်ဘူးလား။ အဲဒီလိုကျောင်းတွေက လာရင်ကိုယ့်ကိုပညာသင်ကြားပေးတဲ့ဆရာ၊ ဆရာမကို ကိုယ်အဲ့လိုလုပ်ရင် ဗုဒ္ဓဘာသာတရားတော်နဲ့အညီဆိုရင်တော့ ခင်ပွန်းကြီး ဆယ်ပါးကိုပြစ်မှားတာဗျ။ ခင်ပွန်းကြီး ဆယ်ပါးကို ပြစ်မှားရင် ပြစ်မှားတဲ့ဒဏ်ကိုတော့ခံရမှာပဲ။လက်ငင်းမှာလည်း အကျိုးပေးလိမ့်မယ်။နောင် တမလွန်မှာလည်း မကောင်းဘူးပေါ့ဗျာ။ ဒါမျိုးတွေ မလုပ်သင့်ပါဘူး လို့ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ဦးမင်းမင်းထွဋ် က မှတ်ချက်ပြုပါတယ်။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,