ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း သမာသမတ်ကျပြီး အရိပ်ကင်းတဲ့ ကော်မရှင်ဖြစ်စေချင်ပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

SDW / မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဒေါ်စန္ဒာဦး

ဦးနေမျိုးဝေကို၊ ကျမတို့ရဲ့ဥက္ကဌကြီးကို သူတို့က ၆၆ (ဃ) နဲ့ ကန်ကြီးထောင့်မြို့နယ် NLD ကနေပြီးတော့ အမှုဖွင့်ပါတယ်။ NLD ပါ ပါတယ်ပေါ့၊ NLD တော့မပြောချင်ဘူး။ ကန်ကြီးထောင့်မြို့နယ်မှာရှိတဲ့ …

ရွေးကောက်ပွဲနှစ်ကြိမ် ဖြတ်သန်းခဲ့ပြီးဖြစ်သလို လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်မှုများ လုပ်နေသည့် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ (Peace and Diversity Party) ၏ ဥက္ကဌ ဒေါ်စန္ဒာဦး ကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ပါတီရဲ့သမိုင်းနဲ့ ပါတီမူဝါဒကိုပြောပြပေးပါ။

DSDO – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမဆုံး ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်မှာ နိုင်ငံရေးပါတီတွေက အခုလို အများကြီးမရှိသေးဘူး။ NLD ကလည်း ရွေးကောက် ပွဲကိုကန့်ကွက်ပြီး ဝင်မပြိုင်ဘူးဆိုတဲ့အချိန်၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကြီးကလည်း နိုင်ငံရေးပါတီအဖြစ်ပြောင်းလဲပြီး ရွေးကောက်ပွဲဝင်ဖို့လုပ်လာချိန်ပေါ့။ ကြံခိုင်ရေးပါတီမှာက စစ်တပ်က အသွင်ပြောင်းထားတဲ့လူတွေက ဦးဆောင်ပြီးလုပ်နေကြတာပေါ့။ အဲဒီအချိန်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်အောင် ဆောင်ရွက်တဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ နိုင်ငံနဲ့ပြည်သူလူထုအကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ‘မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ’ ကိုစတင်တည်ထောင်ဖြစ်ခဲ့တာပါ။ ဒါက ပါတီ စတင် တည်ထောင်ဖြစ်တဲ့ သမိုင်းကြောင်းပေါ့။ ကျမတို့ပါတီရဲ့ရည်ရွယ်ချက်ကတော့ ကျမတို့နိုင်ငံမှာ နိုင်ငံသားအချင်းချင်းတိုက်ခိုက်နေကြတဲ့ ပြည်တွင်းစစ် မီးကြောင့် ဖွံ့ဖြိုးတိုးတက်မှုတွေ နှောင့်နှေးနေရတယ်၊ ပြည်တွင်းစစ်ရဲ့ဆိုးကျိုးကို ခါးသီးစွာခံစားရတာကြောင့် မဖွံ့ဖြိုးမတိုးတက်မှု တွေဖြစ်ပြီး နောက်ဆက်တွဲရင်ဆိုင်ရတာက ကျန်းမာရေးဆိုင်ရာပြသနာတွေဖြစ်တဲ့ ရောဂါဘယထူပြောမှုတွေ၊ နောက် သဘာဝဘေး အန္တရာယ်တွေကြောင့် ပျက်စီးထိခိုက်ဆုံးရှုံးမှုတွေကို ကောင်းမွန်စွာမကုစားပေးနိုင်တာတွေ၊ ပြီးတော့ အလုပ်အကိုင်ရှားပါးမှုနဲ့ အတူ အလုပ်လက်မဲ့ဦးရေ အဆမတန် များပြားနေရတာတွေ၊ အသိတရားခေါင်းပါးမှုတွေကြောင့် အဘက်ဘက်က နိမ့်ကျနေရတဲ့ အခြေအနေတွေကို တိုက်ဖျက်ပြီးတော့ မတူကွဲပြားတဲ့ နိုင်ငံသားတိုင်းရင်းသားတွေ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ပြီး တရားဥပဒေ စိုးမိုးတဲ့လူ့ဘောင် ကိုမျှတစွာတည်ဆောက်နိုင်အောင်၊ နိုင်ငံသားပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်ဖူလုံရေးကို ဆောင်ရွက်နိုင်အောင် ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ပါတီကိုဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပါတယ်။ ဒါကကျမတို့ပါတီရဲ့ရည်ရွယ်ချက်ပေါ့။ အဓိကကတော့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဖူလုံရေးလို့ပြောလို့ရပါတယ်။ ကျမတို့ပါတီရဲ့မူဝါဒကတော့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူသား မျိုးနွယ်တွေရဲ့ အကျိုးစီးပွားကို မျက်ကွယ်မပြုဘဲ ဒီမိုကရက်တစ်လုပ်နည်းလုပ်ဟန်ကို လိုက်နာကျင့်သုံးမယ်၊ အခွန်ထမ်းနိုင်ငံသား တွေရဲ့အကျိုးကို ပထမဦးစားပေးစဉ်းစားမယ် ဆိုတဲ့ လူသားဆန်တဲ့ဒီမိုကရက်တစ်ဝါဒပဲဖြစ်ပါတယ်။ ကျမတို့ပါတီ ဦးတည် ဆောင်ရွက် တာက နိုင်ငံတဝန်းကပြည်သူတွေရဲ့လိုအပ်ချက်တွေကို ပြည်သူရွေးချယ်တင်မြှောက်တဲ့ အစိုးရတစ်ရပ်သိအောင် အချက်အလက် တွေ စုဆောင်းပေးဖို့၊ ပြည်သူရွေးချယ်လို့ လွှတ်တော်ထဲရောက်လာတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေအတွက် လိုအပ်တဲ့ အချက် အလက် တွေ စုဆောင်းပံ့ပိုးပေးဖို့အဓိကပေါ့။ အဲဒီဦးတည်ချက်ကြောင့်ပဲ ပြည်ထောင်စုပါတီတစ်ခုဖြစ်ပေမယ့် ကျမတို့ ပါတီအနေနဲ့ အမတ်ဦးရေအများကြီးဝင်ပြိုင်တာမျိုး သိပ်မရှိခဲ့ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ဘယ်နှခုလောက် ဝင်ပြိုင်ဖြစ်ခဲ့တယ်ဆိုတာကို ပြောပြပေးပါ။

DSDO – ၂၀၁၅ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းထဲကဆိုရင် မြောက်ဥက္ကလာ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ အင်းစိန် စတဲ့ မဲဆန္ဒနယ်တွေမှာ ကျမတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြီးတော့ ဧရာဝတီတိုင်းထဲကဆိုရင် ဝါးဆယ်မ၊ ရှမ်းပြည်နယ် ထဲက ဆိုရင်နောင်ချို စတဲ့မဲဆန္ဒနယ်တွေကလည်း ဝင်ပြိုင်ခဲ့ပါတယ်။ မဲဆန္ဒနယ်တော်တော် များများကနေ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။ ဒါပေမယ့် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တော့ ကျမတို့ပါတီကမရှိခဲ့ပါဘူး။

ငြမ်းမီဒီယာ – ပြီးခဲ့တဲ့ ရွေးကောက်ပွဲနှစ်ကြိမ်က အတွေ့ အကြုံတွေအရသုံးသပ်ရင်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လို အကဲခတ်မိပါသလဲ။ ဘယ်လိုမျှော်လင့်ထားလဲ။

DSDO – ၂၀၂၀ အတွက်က ကျင်းပမယ့်ရက်တောင် မကြေငြာသေးတော့ ကျမတို့သုံးသပ်ဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေကိုကြည့်ရင် ၂၀၁၀ ရွေး ကောက်ပွဲမှာဆိုရင်လည်း မဲဆန္ဒရှင်ဦးရေများတဲ့ မဲဆန္ဒနယ် တွေမှာ မဲပေးသူဦးရေနဲ့မျှတတဲ့မဲရုံတွေရှိအောင်တော့စီစဉ် သင့်တယ်လို့ ကျမမြင်တယ်။ မနက် (၆) နာရီကနေ ညနေ (၆) နာရီ အထိ မဲပေးလို့ရတယ်ဆိုပေမယ့် မဲပေးမယ့်သူတွေကအဆင်ပြေတဲ့အချိန်လာပေးကြတော့စုပြုံရောက်လာတဲ့ အချိန်တွေမှာဆို အခက်အခဲလေးတွေ ရှိတတ်တယ်။ မဲရုံအရေအတွက်၊ မဲရုံမှာတာဝန်ယူရတဲ့ ဝန်ထမ်းဦးရေ ဒါတွေကိုလုံလောက်မျှတအောင် စီစဉ်ဆောင်ဆောင်ရွက်ပေးနိုင်မှုမှာအားနည်းချက်လေးတွေတော့ ရှိခဲ့တယ်။ လူတိုင်းမဲပေးတာမဟုတ်ပေမယ့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတောင် မဲပေးသူဦးရေ (၁၂) သန်းကျော်ရှိခဲ့တယ်ဆိုတော့လေ။ အဲဒီတော့ မဲဆန္ဒနယ်တိုင်းမှာ မဲဆန္ဒရှင် ဦးရေနဲ့လုံလောက် မျှတတဲ့ မဲရုံတွေကိုစီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်ဆိုတဲ့အချက်ပေါ့။ ဒါက ၂၀၁၀ ရွေးကောက်ပွဲမှာ တွေ့ရတဲ့အချက်။ နောက်တစ်ခုက မဲပေးပုံမဲပေးနည်းတွေကိုလည်း အများပြည်သူနားလည်သိရှိအောင် ပညာပေးဆောင်ရွက်မှု တွေကို အခုထက်ပိုပြီးထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့သင့်ပါတယ်။ ဒါမှနိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးအရ ရရှိထားတဲ့ တန်ဖိုးရှိတဲ့မဲတစ်ပြားဟာ အလေအလွင့်မဖြစ်မှာ။ နို့မို့ဆို ပယ် မဲဖြစ်သွားနိုင်ပါတယ်။ တစ်ဖက်ကလည်း သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့အစိုးရတစ်ရပ်ကိုရအောင် ကိုယ်မဲပေးရွေးချယ်မယ့် ကိုယ်စားလှယ်လောင်းကို စိစစ်ရွေးချယ်မဲပေးနိုင်ဖို့ လိုအပ်ပါတယ်။ ကျမတို့ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီ ဆိုရင် ၂၀၁၀ မှာရော ၂၀၁၅ မှာပါ ကိုယ့်ကိုယ်ကိုယ်မဲဆွယ် ရတာ ထက် မဲပေးနည်းတွေ၊ ကိုယ်စားလှယ်လောင်းတွေကို စိစစ်ရွေးချယ်မဲပေးနိုင်ဖို့တွေကိုပဲ ရှင်းပြပေးနေခဲ့ရတာ။

၂၀၂၀ နဲ့ပတ်သက်ပြီး သန့်ရှင်းတယ် မသန့်ရှင်းဘူး ဆိုတာကိုတော့ လက်ရှိမှာ ကျမတို့သုံးသပ်လို့မရသေးဘူး။ အစိုးရကောင်းတစ်ရပ်ဖြစ်ဖို့အတွက် …

ကျမတို့ပါတီက ကိုယ်စားလှယ်လောင်းတွေကိုမဲပေးပါလို့တောင် ကျမတို့မပြောခဲ့ဘူး။ ကျမကိုယ်တိုင်ဝင်ရောက် ယှဉ်ပြိုင်တာ တောင်ကျမကို မဲပေးဖို့၊ ကျမတို့ပါတီကိုမဲပေးဖို့ဆိုတာတွေကိုမပြောခဲ့ဘူး။ ကျမတို့က သန့်ရှင်းတဲ့အစိုးရဖြစ်စေချင်တဲ့အတွက် ပါတီရဲ့ မူဝါဒတွေကို ကြည့်ပါ၊ ကိုယ်စားလှယ်လောင်းတွေက ပြည်သူလူထုအကျိုးစီးပွားအတွက် လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်း ရှိ မရှိကိုကြည့်ပြီး မဲထည့်ကြပါ၊ မဲထည့်ပုံ မဲထည့်နည်းက ဘယ်လိုရှိပါတယ် စသဖြင့် အဲဒီဟာတွေကိုပဲ ပြောခဲ့ရတယ်။ ၂၀၁၀ မှာဆိုရင် မဲထည့် နည်းကိုမသိလို့ ပယ်မဲ တွေအများကြီးဖြစ်ခဲ့ရတယ်။ ၂၀၁၅ မှာကျတော့ နည်းနည်းတော့သိလာကြပြီ။ ဒါပေမယ့်အလုံးစုံတော့ မသိကြသေးပါဘူး။ အခု ၂၀၁၅ ကျော်လာပြီး NLD အစိုးရလက်ထက်ပေါ့၊ အဲဒီလို အစိုးရနှစ်ဆက်ကို ဖြတ်သန်းပြီးတော့မှ အစိုးရရဲ့ လုပ်ရည်ကိုင်ရည်တွေဟာ နိုင်ငံတိုးတက်တယ် မတိုးတက်ဘူးဆိုတာတွေကို မဲဆန္ဒရှင် ပြည်သူလူထုတွေက သူတို့ ဟာ သူတို့ နည်းနည်းပါးပါး ပြောလာကြတာ။ ကျမတို့က စပြီးနိုင်ငံရေးလုပ်ကတည်းက ကိုယ့်အကျိုး အတွက်လုပ်ခဲ့တာမဟုတ် ဘူး။ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင်၊ ပြည်သူလူထုကရွေးချယ်တဲ့ အစိုးရကောင်းတစ်ရပ်ဖြစ်အောင် ကျမတို့ပါတီက လိုက်ဟောပြောပြီး၊ အနစ်နာခံပြီး ကိုယ့်ပါတီကိုမဲထည့်ဖို့တောင်မပြောဘဲလုပ်ခဲ့ကြတာ။ အဲဒီတော့ ဒီ၂၀၂၀ မှာလည်း သန့် ရှင်းတဲ့အစိုးရတစ်ရပ်ပေါ်ပေါက်လာအောင် မဲဆန္ဒရှင်တွေအတွက် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပညာပေးဆောင်ရွက်မှု တွေကို ရွေးကောက်ပွဲ ကော်မရှင်က လုပ်ပေး စေချင်ပါ တယ်။ နောက်တစ်ခုက သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်လာဖို့လည်း ကျမတို့မျှော်လင့်မိပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌကြီးကလည်း သန့်ရှင်းတဲ့ရွေးကောက်ပွဲ ဖြစ်လာအောင် သူလုပ်ပေးမယ်လို့ပြောထားတာကိုး။ သန့်ရှင်းတယ်မသန့်ရှင်းဘူး ဆိုတာကိုတော့ ရွေးကောက်ပွဲပြီးမှ အဖြေထုတ်ရမှာပေါ့။ နောက်တစ်ခုက လက်ရှိရွေးကောက်ပွဲကော်မရှင်ကို လက်ရှိအာဏာရ အစိုးရ က ခန့်အပ်ထားတာဖြစ်တယ်။ ကျမတို့နိုင်ငံ ရေးပါတီတွေဘက်ကကျတော့ ရွေးကောက်ပွဲကော်မရှင်ကို အဂတိကင်းစင်တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်စေချင်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းဖို့ရွေးချယ်တဲ့အခါ လက်ရှိ အာဏာရ အစိုးရကပဲ ရွေးချယ်ခန့်ထားတာမျိုးမဟုတ်ဘဲ၊ နိုင်ငံရေးပါတီတွေကရော လက်ရှိအစိုးရကပါ ရွေးချယ်ခန့်အပ်တဲ့ပုံစံမျိုး စီစဉ် ဆောင်ရွက်သင့်တယ်။ ဒါကတော့ ကျမတို့ ဖြစ်စေချင်တဲ့ဆန္ဒပေါ့။ အဲဒီတော့ ခြုံပြောရရင် ၂၀၂၀ နဲ့ပတ်သက်ပြီး သန့်ရှင်းတယ် မသန့်ရှင်းဘူး ဆိုတာကိုတော့ လက်ရှိမှာ ကျမတို့သုံးသပ်လို့မရသေးဘူး။အစိုးရကောင်းတစ်ရပ် ဖြစ်ဖို့ အတွက် မဲထည့်မယ့် ပြည်သူတွေကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပညာပေးမှုတွေ ဆောင်ရွက်ပေးစေချင် တယ်၊ ရွေးကောက်ပွဲကော်မရှင်ကိုလည်း သမာသမတ်ကျပြီးအရိပ်ကင်းတဲ့ ကော်မရှင် ဖြစ်စေချင်ပါတယ်။ ဒီလိုပြောတာ အခုကော်မရှင်ကို သမာသမတ်မကျဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။

ငြမ်းမီဒီယာ – ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ဆောင်ရွက်ထားပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

DSDO – ကျမတို့ပါတီအနေနဲ့ကတော့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်သူလူထုကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသိပညာ ပေးမှုတွေဆောင်ရွက်သွားဖို့ပဲ လက်ရှိစီစဉ်ဆောင်ရွက်ထားပါတယ်။ သန့်ရှင်းတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက် လာအောင် စနစ်တကျမဲပေးရွေးချယ်နိုင်ဖို့၊ ပြည်သူလူထုအကျိုးကိုဆောင်ရွက်နိုင်တဲ့ အစိုးရတစ်ရပ်ကို မဲပေးရွေးချယ်နိုင် ဖို့ စတာတွေကို ဟောပြောပညာပေးမှုတွေဆောင်ရွက်သွားဖို့ပဲ စီစဉ်ထားပါတယ်။ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးအာဏာဟာ ပြည်သူ့ထံက ဆင်းသက်လာတာလေ။ ပြည်သူကပဲ ရွေးချယ်ပေးရတာပါ။ ဒါပေမယ့် တစ်စုံတစ်ယောက်ကနေ ဒါကိုပဲမဲထည့်ပါတို့၊ ပါတီကို ပဲကြည့်ပြီးမဲထည့်ပါတို့၊ အလံကို ပဲ ကြည့်ပြီးမဲထည့်ပါတို့ပြောလာရင်မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ နားထောင်နေစရာမလိုဘူး။ ကိုယ်မဲထည့်မယ့် ကိုယ့်စားလှယ်လောင်းရဲ့ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်တဲ့ အရည် အချင်းကို သုံးသပ်ဆုံးဖြတ်ပြီးမှ မဲပေးနိုင်အောင်ကျမတို့က အသိပညာပေးမှုတွေ လုပ်သွားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။

ငြမ်းမီဒီယာ – နိုင်ငံရေးပါတီတစ်ခုမှာ ဥက္ကဌအဖြစ်တာ ဝန်ယူဆောင်ရွက်တဲ့အခါ အမျိုးသမီးတစ်ဦးအနေနဲ့ အဓိက ကြုံတွေ့ရင်ဆိုင်ရတဲ့စိန်ခေါ်မှုက ဘာတွေများဖြစ်မလဲ ပြောပြပေးပါ။

DSDO – အခုလိုအလုပ်တာဝန်တစ်ခုကို တာဝန်ယူဆောင်ရွက်တဲ့နေရာမှာ အမျိုးသမီးနဲ့ အမျိုးသား ကွာခြားချက် မရှိပါဘူး။ အမျိုးသမီးဖြစ်နေလို့ဆိုပြီး ခွဲခြားဆက်ဆံခံရတာမျိုးလည်းမရှိပါဘူး။နိုင်ငံတော်အခမ်းအနားတွေကို တက်ရောက်တဲ့ အခါမှာလည်း ခွဲခြားဆက်ဆံခံရတာမျိုးမရှိပါဘူး။ ကျမစိတ်ထဲမှာလည်း ခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ ခံစားမှုမျိုးဖြစ် တာမရှိပါဘူး။ ဒါပေမယ့် ပါတီရဲ့အလုပ်တာဝန်တွေဆောင်ရွက်ဖို့ ခရီးတွေဘာတွေ သွားရလာရတဲ့အချိန်တွေမှာ ပင်ပန်းခံနိုင်တာမှာတော့ အမျိုးသမီးနဲ့ အမျိုးသားက နည်းနည်းလေး တော့ကွာချင်ကွာမှာပေါ့။ ကျမစိတ်ထဲမှာတော့ ကွာခြားချက် ရှိတယ်လို့တော့ မထင်ပါဘူး။

ငြမ်းမီဒီယာ – မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှာ အရင်ဦးနေမျိုးဝေဦးဆောင်ခဲ့တဲ့အချိန်နဲ့ အခုဒေါ်စန္ဒာဦး ဦးဆောင်တဲ့အချိန် နှစ်ခုယှဉ်ကြည့်ရင် ဘာတွေကွာခြားပြီး ဘာ တွေတိုးတက်ပြောင်းလဲလာမှု ရှိပါသလဲ။

DSDO – ကျမတို့ပါတီမှာ ဦးနေမျိုးဝေက အစဉ်တစိုက်လုပ်ကိုင်ခဲ့တယ်။ သူကအမျိုးသားရေးကိုလည်း ဦးစားပေးပြီး လုပ်ကိုင်ခဲ့ တယ်။ ခေတ်ကာလအခြေအနေအပေါ်မှာလည်း မူတည်ပါတယ်။ ကျမတို့ပါတီရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ပြည်သူလူထုရဲ့ အခက်အခဲတွေကိုဖြေရှင်းပေးနိုင်ဖို့ သတင်းအချက်အလက်တွေကို တာဝန်ရှိသူတွေထံ တင်ပြပေးပို့တဲ့အခါ ၂၀၁၀ ရွေးကောက်ပွဲ အပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ကျမတို့တင်ပြတဲ့အချက်အလက်တွေကို လက်ခံတယ်၊ လွှတ်တော်မှာတင်ပြပြီး ဆွေးနွေးညှိနှိုင်းတာတွေလည်းရှိတယ်၊ များသောအားဖြင့် ကျမတို့တင်ပြချက်တွေကိုလွှတ်တော်မှာ တင်ပြပြီး ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်မှုတွေ ရှိခဲ့တယ်။ လက်ရှိ NLD အစိုးရလက် ထက်မှာတော့ ကျမတို့ပါတီက တင်ပြ ပေးပို့တာပဲ ဖြစ်ဖြစ်၊ ကျမတို့နိုင်ငံရေးပါတီတွေစုပေါင်းပြီးတင်ပြ ပေးပို့တာမျိုးကိုပဲ ဖြစ်ဖြစ် အလေးထားပြီး ဆောင်ရွက်တယ် ဆိုတာမျိုးမရှိပါဘူး။ အဲဒီတော့ ၂၀၁၀ နဲ့ ၂၀၁၅ အတွင်းမှာ အမျိုးသားရေးအင်အားစုတွေရဲ့ အမျိုးသားရေးနဲ့ပတ်သက်ပြီးလုပ်တဲ့ လုပ်ငန်းတွေအားလုံးကို တက်တက်ကြွကြွနဲ့ အစိုးရကလည်း ပူးပေါင်းဆောင်ရွက်ပါတယ်။ တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်တော့ ကျမတို့ကလည်း အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်တယ်။ အဲဒီလိုမျိုးဆိုတော့ ကျမတို့ရဲ့ လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်လုပ်နိုင်ပါတယ်။ အခုဒီဘက် ၂၀၁၅ ရွေးကောက်ပွဲအပြီး ဒီဘက် အစိုးရသစ် လက်ထက် မှာတော့၊ အစိုးရသစ်စပြီးဖွဲ့ပြီးတယ်ဆိုတဲ့အချိန်မှာပဲ၊ မေလထဲမှာပဲ ဦးနေမျိုးဝေကို၊ ကျမတို့ရဲ့ဥက္ကဌကြီးကို သူတို့က ၆၆ (ဃ) နဲ့ ကန်ကြီးထောင့်မြို့နယ် NLD ကနေပြီးတော့ အမှုဖွင့်ပါတယ်။ NLD ပါ ပါတယ်ပေါ့၊ NLD တော့မပြောချင်ဘူး။ ကန်ကြီးထောင့် မြို့နယ်မှာ ရှိတဲ့ ဝေယံအောင်ဆိုတဲ့လူက အမှုဖွင့်ပါတယ်။ ၆၆ (ဃ) နဲ့။ ဒါပေမယ့်ဒီဟာက သူတို့ကမမှန်မကန် account အတုနဲ့ ဖွင့်တာဖြစ်တဲ့အတွက် ဦးနေမျိုးဝေက ရက်ပေါင်း (၇၀) ပုသိမ်ထောင်မှာနေပြီးတော့မှ စွဲချက်မတင်ခင် တရားရှင် လွှတ်တာ ခံရပါတယ်။ အဲဒီတော့ ကျမတို့ဥက္ကဌကြီးအနေနဲ့လည်း သူကိုယ်တိုင်က လောလောဆယ်ပါတီမှာပြောရေးဆိုခွင့်ရှိသူပါ။ သူကရှေ့မှာ ထက်ထက်မြက်မြက် နဲ့ လုပ်တဲ့အချိန်မှာ အနှောင့်အယှက်အဟန့်အတားတွေ အများကြီးရှိပါတယ်။ ဘာလို့လည်း ဆိုတော့ ရန်ကုန်တိုင်းထဲမှာ ဆိုရင်လည်း မင်္ဂလာတောင်ညွှန့်မြို့နယ်တို့၊ တခြားမြို့နယ်တွေ တခြားမြို့နယ်တွေမှာ အဲဒီလိုမျိုး account အတုတွေနဲ့ ၆၆ (ဃ) နဲ့လိုက်ဖွင့်ပါတယ်။ အဓိကကတော့ တိုက်ခိုက် တာက အမျိုးသားရေးလုပ်ငန်းတွေ မလုပ်နိုင်အောင် အဲဒီလိုမျိုးတိုက်ခိုက်တာပါ။ အဲဒီတော့ တိုက်ခိုက်တဲ့အခါကျတော့ ကျမတို့အနေနဲ့ ကျမတို့ပါတီရဲ့အဓိကလုပ်နေတဲ့ လုပ်ငန်းတွေကို တိုက်ခိုက်ခံရတဲ့အတွက် ကျမတို့ကခေတ္တခဏပေါ့နော်၊ လုပ်ငန်းစဉ်ကို၊ ပါတီအင်အားကိုလည်း တအားကြီး လုပ်ငန်းတွေ ရှေ့ထွက်ပြီးတော့ အရမ်းလုပ်လို့မရတဲ့အတွက် လုပ်နိုင်သလောက်လေးပဲ ကျမတို့လုပ်တာဖြစ်ပါတယ်။ အဲဒီလိုမျိုး လုပ်နိုင် သလောက်ပဲလုပ်တာဖြစ်ပါတယ်။ဦးနေမျိုးဝေ  က လက်ရှိမှာတော့ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ယောက်ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – မေးခွန်းက ဦးနေမျိုးဝေဦးဆောင်ခဲ့ချိန်နဲ့ ဒေါ်စန္ဒာဦး ဦးဆောင်ချိန် နှစ်ခုယှဉ်ရင် ပါတီရဲ့ပြောင်းလဲမှု၊ တိုးတက်မှု ကွာဟချက်အခြေအနေကိုမေးတာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

DSDO – အရမ်းကြီးတော့ တိုးတက်ပြောင်းလဲလာတာမရှိပါဘူး။ ခုနကအချက်တွေကြောင့်ပေါ့နော်။ ခုနက အချက်တွေကြောင့်မို့ ကျမတို့ကအရမ်းကြီး . . . ခုနကအချက်တွေဆိုတာကျမပြောပြီးပါပြီ။ ကျမတို့ပါတီရဲ့ အဓိကရည်ရွယ်ချက် က ငြိမ်းချမ်းရေး၊ ပြည်သူတွေရဲ့ ဖွံ့ဖြိုးရေးအတွက်ကို လိုအပ်တဲ့ သတင်းအချက်အလက်တွေကို လွှတ်တော်ကိုပေးတာပဲ၊ ကိုယ်စားလှယ်တွေကို ပေးတာပဲ။ ဒါပေမယ့် ၂၀၁၀ နဲ့ ၂၀၁၅ ကြားမှာတော့ လွှတ်တော်ကဆောင်ရွက်ပေးတယ်။ ဒီဘက် အစိုးရခေတ်ကျတော့ ဘယ်သူက ပဲပြောပြော မဆောင်ရွက် ပေးတဲ့အတွက် ကျမဥက္ကဌဖြစ်နေတဲ့အချိန်မှာတော့ တိုးတက်မှုက ငြိမ်နေတယ်လို့ပြောလို့ရပါတယ်။ တိုးတက်မှုက ရပ်တန့်နေတယ်လို့ ပြောလို့ရပါတယ်။

ငြမ်းမီဒီယာ – လက်ရှိလုပ်ဆောင်နေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လုပ်ဆောင်နေမှုတွေကို နိုင်ငံရေးအမြင်နဲ့ သုံးသပ်ပြောပြပေးပါ။

DSDO – ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြောင်းလဲရမယ့်အချက်တွေကတော့ ရှိပါတယ်။ ဒါပေမယ့် အခုအတင်းပြောင်းလဲချင်နေတဲ့ ၅၉ (စ) ကတော့ လုံးဝပြောင်းလဲလို့မရတဲ့ကိစ္စပဲ။ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြောင်းလဲစရာတွေရှိတယ်ဆိုရင်လည်း အခုသူတို့ ပြောင်းလဲမယ် ပြောင်းလဲမယ်ဆိုတဲ့ ၅၉ (စ) ကတော့ လုံးဝမပြောင်းသင့်တဲ့ ပုဒ်မဖြစ်တယ်။ အခုပြောင်းမယ်ဆိုလို့ရှိရင်လည်း လက်ရှိအခြေအနေအရတော့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးလည်းရသေးတာမဟုတ်တော့ ဖွဲ့စည်းပုံပြင်ဖို့လုပ်တယ်ဆိုတာကိုတော့ ကျမတို့က လက်ရှိအခြေအနေမှာ မလုပ်စေချင်သေးပါဘူး။

ငြမ်းမီဒီယာ – ၂၀၁၀ ကနေ ၂၀၁၅ အထိကာလနဲ့ ၂၀၁၅ ကနေ ၂၀၂၀ အထိကာလ နှစ်ခုမှာ နိုင်ငံရဲ့တိုးတက် ပြောင်းလဲမှုအခြေအနေကို နိုင်ငံရေးပါတီဥက္ကဌတစ်ယောက် ရဲ့အမြင်နဲ့ သုံးသပ်ပြောပြပေးပါ။

DSDO – ၂၀၁၀ နဲ့ ၂၀၁၅ မှာတော့ နည်းနည်းတော့ပိုငြိမ်းချမ်းသလားလို့။ ခင်ဗျားတို့လည်း မြန်မာနိုင်ငံမှာ နေတာပဲ လေ။ ဟုတ်တယ်မလား။ အခု ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာဆို လို့ရှိရင် ပြည်တွင်းစစ်တွေတောင်မှ ပိုဆိုးလာတယ်။ ငြိမ်းချမ်းရေး ယူပါ့မယ်ဆိုတဲ့အဖွဲ့တွေတောင် ပြန်ပြီးပစ်တာခတ် တာတွေဖြစ်လာတယ်။ အနောက်ဘက်မှာ၊ ရခိုင်ဘက်မှာဆိုရင်လည်း ပိုပြီးဆိုးလာတယ်။ AA ဆိုလို့ရှိရင်လည်း စင်ပြိုင် အစိုးရဖွဲ့သလိုတောင် သူကဖြစ်နေတယ်လေ။ အဲဒီလိုဖြစ်နေတယ်။

ငြမ်းမီဒီယာ – နိုင်ငံအတွက် အရေးကြီးတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာနေရတာက ဘာကြောင့်လို့ယူဆပါသလဲ။

DSDO – နှစ်ပေါင်း (၇၀) ကျော်ကြာပြည်တွင်းစစ်ဖြစ်နေခဲ့တဲ့ ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လုပ်ကိုင် ဆောင်ရွက်တဲ့ နေရာမှာ ၂၀၁၀ နောက်ပိုင်း ဝန်ကြီးဦးအောင်မင်းတို့ ဦးဆောင်ပြီးလုပ်ခဲ့တုန်းက ငြိမ်းချမ်းရေးက ရတော့မလို မျိုးဖြစ်တာ ကျမတို့ခံစားရတယ်။ ဒါကို ခင်ဗျားတို့လည်း မြန်မာပြည်မှာနေတဲ့အတွက်သိမှာပါ။ ဒီဘက်ရောက်လာတဲ့အချိန်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်က ဝေးသွားသလိုပဲ။ ဝေးသွားသလိုခံစားရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာကြောင့်လည်းဆိုရင် ကျမအမြင်အရ တော့ ငြိမ်းချမ်းရေးဆိုတာ တိုင်းရင်းသားအခွင့်အရေးတွေကို ဖြေလျော့ပေးလို့ရှိရင် ငြိမ်းချမ်းရေးက ရနိုင်ဖွယ်ရှိတယ်ပေါ့နော်။

ကျမတို့ ပါတီဆိုရင် တိုင်းရင်းသားဒေသတွေမှာ ကျမတို့ လူတွေ ရှိပေမယ့် သူတို့တိုင်းရင်းသားပါတီတွေကိုပဲ မဲပေးဖို့ မဲဆွယ်ပေးပါတယ်။ ဘာကြောင့်လဲဆိုရင် …

အဲဒီလို တိုင်းရင်းသားအခွင့်အရေးတွေရအောင် လုပ်ပေးရမယ့်အပြင် ငြိမ်းချမ်းရေးကိုဆောင်ရွက်တဲ့ ခေါင်းဆောင်တွေအနေနဲ့ ၂၀၁၀ နဲ့ ၂၀၁၅ မှာတော့ နိုင်ငံရေးပါတီခေါင်းဆောင်တွေလည်းပါတယ်။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပေါ့နော်။ ပူးပေါင်း ဆောင်ရွက်ကြတယ်ပေါ့။ ကျမတို့ပါတီဆိုရင်လည်း ဝန်ကြီးဦးအောင်မင်းတို့ နဲ့အတူ ထိုင်းနိုင်ငံ ရနောင်းအထိသွားပြီး ဆွေးနွေး လုပ်ကိုင် ခဲ့ကြရတာတွေရှိပါတယ်။ အခုဒီဘက်အစိုးရသစ်လက်ထက် မှာကျတော့ နိုင်ငံရေးပါတီတွေကို ငြိမ်းချမ်းရေး ဖြစ်စဉ် ဆောင် ရွက်မှုမှာ မခေါ်တော့ဘူး။ ငြိမ်းချမ်းရေးကို တကယ်လိုချင် တာလား၊ တကယ်ငြိမ်းချမ်းရေးရဖို့ဆိုရင် ငြိမ်းရေးကို ဖော်ဆောင် တဲ့ လူတွေရဲ့ ရင်ထဲက၊ နှလုံးသားထဲကနေပြီးတော့ ငြိမ်းချမ်းရေးကို ရစေချင်တဲ့ဦးတည်ချက်နဲ့ ဆောင်ရွက်မယ်ဆိုရင် ရမယ် လို့တော့ ကျမမျှော်လင့်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်ဆိုတဲ့လူတွေရဲ့ရင်ထဲမှာ တကယ့်ကို ငြိမ်းချမ်းရေး ရလိုစိတ် မကိန်းဝပ်သေးလို့သာ ဝေးနေတယ်လို့ ကျမထင်ပါတယ်။

ငြမ်းမီဒီယာ – မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက သာမန်အမျိုးသမီးနိုင်ငံရေးသမားတွေအတွက် ဘယ်လိုအခင်းအကျင်းမျိုးလို့ ပြောလို့ရနိုင်မလဲ။

DSDO – ကျမအမြင်ကတော့ အမျိုးသမီးနဲ့ အမျိုးသား နိုင် ငံရေးမှာပါဝင်ဆောင်ရွက်နိုင်မှုကတော့အတူတူပါပဲ။ အမျိုးသား နိုင်ငံရေး သမားတွေ လုပ်ကိုင်ဆောင်ရွက်နိုင်သလို အမျိုးသမီးနိုင်ငံရေးသမားတွေလည်း စွမ်းဆောင်နိုင်ကြပါတယ်။ နောက်တစ်ခုက ရွေးကောက်ပွဲ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအရည်အချင်း သတ်မှတ်မှုမှာလည်း အမျိုးသမီးနဲ့ အမျိုးသားက အတူတူ ပါပဲ။ နိုင်ငံရေးအခင်းအကျင်းအရတော့ အမျိုးသမီးနဲ့ အမျိုးသားရဲ့ နိုင်ငံရေးလုပ်ကိုင်ဆောင်ရွက်နိုင်ခွင့်တွေကအတူတူပါပဲ။ ကျမတို့ မြန်မာနိုင်ငံမှာ နိုင် ငံရေးလုပ်ကိုင်ဆောင်ရွက်မှုမှာ အမျိုးသမီးတွေပါဝင်နှုန်း နည်းနေတာပဲရှိတယ်။ တခြား ကွာခြားမှုတော့ မရှိပါဘူး။

ငြမ်းမီဒီယာ – ဖက်ဒရယ်စနစ်ကိုတည်ဆောက်နိုင်မှုက ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်အတွက် ဘယ်လောက် အရေးပါတယ်လို့ ယူဆပါသလဲ။

DSDO – ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် ဖက်ဒရယ်စနစ် က သိပ်အရေးကြီးတာပေါ့။ ဒီလိုပဲ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ဖို့ အတွက်လည်း ငြိမ်းချမ်းရေးက အင်မတန်မှအရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့ တိုင်းရင်းသားတွေက သူတို့ အခွင့်အရေးတွေ ဆုံးရှုံးရတယ်ဆိုတဲ့ ခံစားချက်နဲ့ လက်နက် ကိုင်တိုက်ကြရင်း ပြည်တွင်းစစ်ကြီးဖြစ်နေရတာကိုး။ အဲဒီတော့ ဖက်ဒရယ်စနစ်ကိုတည်ဆောက်ပြီး Decentralization လုပ်လာရင်၊ ဗဟိုချုပ်ကိုင်မှုတွေကို ဖြေလျော့ပေးလာရင် ငြိမ်းချမ်းရေး အတွက် အများကြီးအထောက်အကူ ဖြစ်စေနိုင် တာပေါ့။ ဒါကြောင့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှုဟာ ငြိမ်းချမ်းရေး အတွက် အဓိကအရေးကြီးတဲ့အချက်လို့ ကျမယူဆပါတယ်။

လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်က ရှိပြီးသားဖြစ် တယ်။ ခွဲခြားဆက်ဆံမှုတွေရှိရင်တော့ ဒီမိုကရေစီစနစ်အတွက် အနှောင့်အယှက်တွေ ရှိလာမှာပေါ့ …

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေအများစု ပြောနေကြတာတစ်ခုရှိပါတယ်။ ဗမာလူမျိုးကြီးဝါဒကိုထူထောင်တယ်၊ Burmanization လုပ်တယ်ဆိုတဲ့အချက်ပေါ့။ အဲဒီအပေါ် ပြည်မအခြေစိုက်နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဌတစ်ယောက် အနေနဲ့ ဘယ်လို မှတ်ချက် ပြုချင်ပါသလဲ။

DSDO – ကျမတို့ တိုင်းရင်းသားပြည်နယ်တွေကိုရောက် တိုင်း အဲဒီလိုပဲ ‘ဗမာလူမျိုးကြီးဝါဒ’ ကို ထူထောင်နေတယ် ဆိုတဲ့ကိစ္စကို တိုင်းရင်းသားတွေအားလုံးကပြောကြပါတယ်။ ကျမတို့ဆိုရင် ပြည်နယ်တွေမှာ တိုင်းရင်းသားတွေကို အများကြီးအကူအညီပေးပြီး ကျမတို့ရဲ့သဘောထားတွေပြလို့သာ သူတို့က ပျော့ပြောင်းလာတာ။ ဒါကတိုင်းရင်းသားတွေရဲ့ အရိုးစွဲနေတဲ့စိတ်ကြီးဖြစ်တယ်။ ဒါကိုကျမကတော့ ရောက်တဲ့နေရာတိုင်းမှာ ပြောပြပါတယ်။ ဒါဟာလည်း ဒီလိုဘာကြောင့်ဖြစ်ရတာလဲဆိုရင် ကျမတို့ရဲ့ အတိတ်ကြောင့် ဖြစ်တာပေါ့။ အတိတ်ကြောင့်ဆိုတာ အရင်နိုင်ငံ့ခေါင်းဆောင်လုပ်ခဲ့တဲ့ အဆက်ဆက်ကြောင့် ဖြစ်ရတယ်လို့ ကျမထင်ပါတယ်။ နောက် တစ်ခုက တိုင်းရင်းသားဒေသပြည်နယ်တွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို အရင်အစိုးရအဆက်ဆက်က အားသွန်ခွန်စိုက် မလုပ်ခဲ့တဲ့အတွက် ဗမာတွေအပေါ်မှာ တိုင်းရင်းသားတွေဘက် က အဲဒီလိုမြင်နေတာလို့ ကျမထင်ပါတယ်။ အဲဒီအတွက် ကျမတို့ကတော့ နားလည်မှုရှိရှိနဲ့ဖြေလျော့ပေးတယ်။ ကျမတို့ ပါတီဆိုရင် တိုင်းရင်းသားဒေသတွေမှာ ကျမတို့ လူတွေ ရှိပေမယ့် သူတို့တိုင်းရင်းသားပါတီတွေကိုပဲ မဲပေးဖို့ မဲဆွယ်ပေးပါတယ်။ ဘာကြောင့်လဲဆိုရင် ပြည်နယ်တွေမှာ တိုင်းရင်းသား တွေပဲရသင့်တယ်လေ။ တိုင်းရင်းသားပြည်နယ်တွေမှာ ကျမတို့ပြည်မကပါတီတွေအနေနဲ့ သွားရောက်ယှဉ်ပြိုင်တာမျိုးတော့ မလုပ်သင့်ဘူးလို့ကျမထင်တယ်။ သူတို့ဘက်က ဒီလိုအရိုးစွဲနေတဲ့အတွေးတွေကို ပြေလျော့လာအောင် ကျမတို့က တတ်နိုင် သလောက် သူတို့အပေါ်နားလည်မှုရှိရှိနဲ့ ကူညီဆောင်ရွက်ရင်း လုပ်ဆောင်ပြကြရမှာပဲလေ။ ရှင်းပြရမှာပဲ။ အဲဒီလိုတွေတော့ လုပ်သင့်ပါတယ်။

ငြမ်းမီဒီယာ – လက်ရှိ နိုင်ငံမှာ တိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေရှိနေတယ်ဆိုတဲ့ ပြောဆိုသုံးသပ်ချက်တွေကို ဘယ်လိုမြင်ပါသလဲ။

DSDO – တိုင်းရင်းသားတွေဘက်က သူတို့အပေါ်ခွဲခြားဆက်ဆံတယ်လို့ မြင်နေတာတွေတော့ရှိပါတယ်။ ဒါကို ဒီလို မမြင်အောင် ရှင်းပြဖို့တော့ တာဝန်ရှိတာပေါ့။ ဒါပေမယ့် တစ် ခါတစ်လေမှာ ကျမတို့ ပြည်နယ်တွေကိုရောက်တဲ့အခါ သူတို့က အဲဒီလိုပဲ ပြောပါတယ်။ ခွဲခြားဆက်ဆံခံရတဲ့သဘောမျိုးပေါ့။ ဒါဟာလည်း ခေတ်အဆက်ဆက် ဖြစ်ခဲ့တာတွေနဲ့ တိုင်းရင်းသားဒေသ ပြည်နယ်တွေကို တိုးတက်အောင်မလုပ် ပေးခဲ့တာတွေကြောင့်ပဲ သူတို့အဲဒီလိုမြင်နေတာပါ။ အဲဒီတော့ ဒီလိုခွဲခြား ဆက်ဆံမှုတွေ မရှိပါဘူးဆိုတာကို သူတို့မြင်အောင်၊ နားလည်သဘောပေါက်လာအောင် လုပ်ဆောင်ပြဖို့၊ ရှင်းပြဖို့လိုအပ်ပါတယ်။ လက်ရှိမှာ လည်း ခွဲခြားဆက်ဆံမှုတွေမရှိဘူးလို့တော့ ကျမထင်ပါတယ်။ နောက်ဆုံးကျမက ပြည်မကပါတီကြီးတွေကို ပြည်နယ်တွေမှာ သွားပြီးမပြိုင်စေချင် ဘူး။ တိုင်းရင်းသားတွေရဲ့ခံစားချက်တွေကို နားလည်ပေးပြီး သူတို့ကို အခွင့်အရေးပေးဖို့ ကျမကမေတ္တာ ရပ်ခံချင်တယ်။ ပြီးတော့ သူတို့ပြည်နယ်တွေမှာ ပြည်နယ်အစိုးရဖွဲ့တဲ့အခါ သူတို့လူမျိုးထဲကပဲ ဝန်ကြီးချုပ်တွေဘာတွေဖြစ်ပြီး လုပ်ကိုင်နိုင်အောင် ပံ့ပိုးပေးစေချင်တယ်။ ဒါကတော့ ကျမစိတ်ထဲက ဖြစ်စေချင်တဲ့အချက်ပေါ့နော်။ အဲဒီလိုသာလုပ်နိုင်ခဲ့ရင် ခွဲခြား ဆက်ဆံတယ် ဆိုတဲ့ အမြင်မျိုးတွေလည်း လျော့ကျသွားနိုင်ပါတယ်။ အခု လက်ရှိမှာ ကျမအမြင်အရတော့ ခွဲခြား ဆက်ဆံ တယ်လို့တော့ မမြင်ဘူး၊ ဒါပေမယ့် တိုင်းရင်းသားတွေဘက် ကကျတော့ ခွဲခြားဆက်ဆံတယ်လို့မြင်နေမှာပဲ။ ဘာကြောင့်လဲဆိုတော့ ပြည်မနဲ့ ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်မှုခြင်းက ကွာဟနေတာကိုး။ ဒါတွေကကျမတို့လည်း သွားလာနေတော့ မြင်တွေ့နေရတာပဲလေ။ ကျမတို့ကတော့ ဘယ်နေရာ ဘယ်ဒေသကိုပဲရောက်ရောက် ခွဲခြားဆက်ဆံမှုမရှိဘူးဆိုတာကိုပြောပြပါတယ်။ ကျမကိုယ်တိုင်လည်း တိုင်းရင်းသား (၁၃၅) မျိုးကို ကျမနဲ့ထပ်တူပဲသဘောထားပြီး ကူညီစရာရှိရင် ကူညီဆောင်ရွက်ပေးပါတယ်။ ကျမတို့မှာ လူမျိုးကြီး ဝါဒဆိုတာမရှိသလို လူမျိုးကြီးဝါဒမရှိတဲ့အကြောင်းကိုလည်း ကျမတို့နဲ့တွေ့ဆုံတဲ့ တိုင်းရင်းသားတိုင်းကိုပြောပြပါတယ်။

ငြမ်းမီဒီယာ – လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ အသားအရောင် စတဲ့အချက်တွေအရ ခွဲခြားဆက်ဆံမှုတွေက ဒီမိုကရေစီစနစ်ကို တည်ဆောက်တဲ့နေရာမှာ ဘယ်လိုအနှောင့်အယှက်ဖြစ်စေတယ်ဆိုတာကို ပြောပြပေးပါ။

DSDO – ဒီမိုကရေစီစနစ်အရ အသားအရောင်ခွဲခြားတာ၊ ဘာသာအယူဝါဒခွဲခြားတာမရှိပါဘူး။ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်က ကျမတို့နိုင်ငံမှာ အရင်ကတည်းကပေးထားပြီးသားပဲလေ။ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်က ရှိပြီးသားဖြစ် တယ်။ ခွဲခြားဆက်ဆံမှုတွေရှိရင်တော့ ဒီမိုကရေစီစနစ်အတွက်အနှောင့်အယှက်တွေ ရှိလာမှာပေါ့။ ဒါပေမယ့် ကျမတို့နိုင်ငံ မှာတော့ အဲဒီလိုခွဲခြားဆက်ဆံတာမရှိပါဘူး။ လွတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ် မှုမှာတောင် ဘယ်ဘာသာဖြစ်ရမယ်လို့ မရှိပါဘူး။

ငြမ်းမီဒီယာ – လက်ရှိ နိုင်ငံရဲ့ ဒီမိုကရေစီစနစ်တည်ဆောက်မှု နှောင့်နှေးကြန့်ကြာစေတဲ့အချက်တွေထဲ အဲဒီလိုခွဲခြား ဆက်ဆံမှုတွေကလည်း အဓိကအချက်တစ်ခုအနေနဲ့ ပါတယ်ဆိုတဲ့ သုံးသပ်ချက်တွေကို ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

DSDO – ကျမတို့နိုင်ငံမှာ ခွဲခြားဆက်ဆံမှုမရှိပါဘူး။ ဒီမိုကရေစီစနစ်တည်ဆောက်မှုအတွက် အဟန့်အတားဖြစ်စေတာက အဲဒါတွေကြောင့်မဟုတ်ပါဘူး။ နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းကပဲအရေးကြီးတာပါ။ နိုင်ငံသားဖြစ်ရင် ရွေးကောက် ပွဲမှာတောင် ဝင်ရောက်ယှဉ်ပြိုင်လို့ရနေတာပဲ။ ခွဲခြားဆက် ဆံတာမျိုးတော့ မရှိပါဘူး။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောပေးပါ။

DSDO – ကျမပြောချင်တာတစ်ခုက ဒီမိုကရေစီစနစ်အရ ရွေးချယ်တင်မြှောက်တဲ့အခါ ပြည်သူတွေအနေနဲ့ ကိုယ့်ကို အုပ်ချုပ်မယ့် အစိုးရဟာ ကောင်းတဲ့အစိုးရဖြစ်အောင်၊ သန့်ရှင်းတဲ့အစိုးရဖြစ်အောင်မိမိတို့ကိုယ်တိုင် အကောင်းဆုံးရွေးချယ်ကြပါလို့ ပြောချင် ပါတယ်။ အစိုးရတစ်ရပ်ကို ကောင်းတာသန့်ရှင်းတာတော့ လိုချင်ပြီး မဲရုံကိုမဲသွားမထည့်လို့တော့မရပါဘူး။ ပြည်သူက ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရတစ်ရပ်အနေနဲ့လည်း မဲထည့်တင်မြှောက်လိုက်တဲ့ ပြည်သူတွေရဲ့ ခံစားချက်တွေကိုနားလည်ပြီး ပြည်သူ့ အကျိုးအတွက် အလုပ် လုပ်စေချင်ပါတယ်။ နောက်တစ်ခုက ဒီမိုကရေစီစနစ်ကို အောင်မြင်အောင်လုပ်ဆောင်သလို နိုင်ငံသား အခွင့်အရေးကို လည်း ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အလွယ်တကူနိုင်ငံသားမဖြစ်သလို နိုင်ငံသား မဟုတ်ရင် မဲပေးခွင့်လည်းမရပါဘူး။ လူ့အခွင့်အရေးဆိုတာရှိသလို နိုင်ငံသားအခွင့်အရေးကို ထိန်းသိမ်းဖို့လည်း အရေးကြီးတယ် ဆိုတာ ပြောချင်ပါတယ်။ ပြည်သူလူထုကလည်း နိုင်ငံသားအခွင့်အရေးကို ထိန်းသိမ်းမယ့်၊ နိုင်ငံကိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်မယ့် အစိုးရကောင်းတစ်ရပ် ပေါ်ပေါက် လာအောင် လွှတ်တော်ကိုယ်စားလှယ်တွေကို သေသေချာချာရွေးချယ်ပါလို့ ကျမပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

 

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,