ရှစ်လေးလုံး ဆိုတာ အတိတ် သမိုင်းထဲမှာ အိပ်မောကျနေတာ မဟုတ်ပါဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

၈၈ ပွင့်လင်း / ဦးမင်းကိုနိုင်အား ရှစ်လေးလုံး နှစ် ၃၀ ပြည့်အခမ်းအနားတွင် တွေ့ရစဉ်

အင်အား တစ်ခုတည်းကို စဉ်းစားပြီးတော့ လက်နက် တစ်ခုတည်းနဲ့ အားလုံးကို သိမ်းသွင်းမယ် ဆိုတဲ့ အယူအဆ ဟာ လက်နက် နိုင်ငံတော်ပဲ ရပါလိမ့်မယ်။တကယ်ကျွန်တော်တို့ သမိုင်းက တောင်းဆိုနေတာ ဘာလဲဆိုတော့ စိတ်တူ ကိုယ်တူ၊ သဘောထား ညီမျှစွာနဲ့ ပေါင်းဖက်ကြတဲ့ မိသားစုမျိုး၊ပြည်ထောင်စု မျိုးပါ။ အဲဒီကို …

ရန်ကုန်တက္ကသိုလ်၊ အပန်းဖြေ ခန်းမ တွင်ကျင်းပခဲ့သည့် ရှစ်လေးလုံး နှစ်(၃၀) ပြည့် အခမ်းအနားတွင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ၏ ပြောကြားချက် ကို ဖတ်ရှုနိုင်ရန် ငြမ်းမီဒီယာ က ပြန်လည်ဖော်ပြလိုက်သည်။

တစ်ချိန်က ဒီနယ်မြေကနေ မခံချင်စိတ်ခြေလှမ်းများနဲ့ ထွက်ခွာခဲ့ကြတဲ့ ခြေထောက်ပိုင်ရှင် တွေ အနှစ်သုံးဆယ် ကြာတဲ့အခါမှာ ဒီနယ်မြေကို ပြန်ရောက်လာကြပါပြီ။ ဒီကာလထဲမှာ လမ်းတွေ ပေါ်ကနေ မြို့ကြီးပြကြီး မှတဆင့် တောကြီး မျက်မည်းထဲ ရောက်တဲ့ သူတွေလည်း ရောက်သွား တယ်။

အဲဒီကနေ ရေမြေခြားတွေ ရောက်ခဲ့သူတွေရှိတယ်။ကျဉ်းမြောင်းတဲ့ သံတိုင် အုတ်ရိုးကြား ကို ရောက်သွားခဲ့ သူတွေ ရှိတယ်။ ဒီကနေ့ သူတို့အားလုံး ပြန်ဆုံဖို့ ကြိုးစားရာ မှာ တချို့တချို့သော ခြေလှမ်း ပိုင်ရှင်များတော့ အပြီးအပိုင် ဘယ်တော့မှ ပြန်မရောက်နိုင် ကြတော့ ပါဘူး။ တချို့များ က လည်း ဒဏ်ရာဒဏ်ချက်များနဲ့ ဒယိုင်းဒယိုင် ဟောဒီနယ်မြေ ကို ပြန်လာကြပါတယ်။ အဲဒီတုန်း က နှစ်သုံးဆယ် တုန်းက အတူလျောက်ခဲ့တဲ့၊ အတူတက်ခဲ့တဲ့ ခြေအစုံ ပိုင်ရှင်တွေ အားလုံး ကို အထူးသဖြင့် ဘယ်တော့မှ ပြန်မလာနိုင်တော့ တဲ့ ဒေါင်းအလံတွေ တလူလူ လွှင့်တာကို မြင်ခွင့် မရတော့တဲ့ သူတွေ အတွက် အထူးသဖြင့် ဂုဏ်ပြုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီနေရာကို ရွေးချယ်ရခြင်းကို က ကျွန်တော်တို့ရဲ့ ဘူမိနက်သန်လို့ ယုံကြည်လို့ပါ။ ဒါဟာ အိမ်မက်ဆန်ကောင်း ဆန်နေ ပါ လိမ့်မယ်။ ကျွန်တော်တို့ အကြမ်းတမ်းဆုံး အချိန် အမှောင်မဲဆုံး ကာလတုန်းက အဲဒီခံစားချက်တွေနဲ့ ပြန်ယှဉ်ရင် ဖြစ်တောင် ဖြစ်ပါ့မလား။ဒီလိုပြန်ဆုံ နိုင်ပါ့မလား လို့ တွေးကောင်း တွေးမိပါလိမ့်မယ်။ဒါပေမဲ့ ဒီကနေ့ ကျွန်တော်တို့ ပြန်ရောက်လာပါပြီ။ ဒေါင်းအလံတွေနဲ့ အတူ ပြန်ရောက်လာတာပါ။

နှစ်သုံးဆယ် ဆိုတာက ရေရွတ်လိုက် ရင် စက္ကန့်ပိုင်းလောက်ပဲ ကြာပေမယ့် တကယ်ဖြတ်သန်းခဲ့ဖူးတဲ့ သူတွေ သိပါတယ်။ အထူးသဖြင့် လူဆိုတဲ့ သတ္တဝါဟာ နာနာကျင်ကျင် ခံစားနေရတဲ့ အချိန်တွေဟာ အင်မတန်ကြာတယ်လို့ ထင်ပါတယ်။ အဲတော့ ကျွန်တော်တို့ အားလုံးရဲ့ ကိုယ်တိုင် ပါဝင်သူတွေ အပြင်၊မိသားစုတွေရော ဘယ်လောက် နာကျင် ခဲ့ ရသလဲ ဆိုတာပြန်တွေးမိကြ မှာပါ။အခုမှ မိသားစု ပြန်ဆုံလို့ မဝကြ သေးသူတွေ၊မရေမရာ ရှိနေသေးသူတောင် ကျန်နေပါသေးတယ်။

အဲဒီတော့ အဲဒီနှစ်သုံးဆယ်မှာ ကျွန်တော်တို့ကို မေးတယ်။ ဒီမှာပြခန်းတွေ ပြတယ်။ဆွေးနွေး ပွဲတွေ လုပ်တယ်။ အတိတ်ရဲ့ ဖြစ်ရပ်တွေ ကို ခင်းကျင်းတယ်။ အဲဒီမှာ မသိမသာ တမျိုး၊ ကျယ်ကျယ် လောင်လောင် တဖုံ မေးတဲ့မေးခွန်း ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ ခင်ဗျားတို့ အနာတွေကိုပဲ ပြန်ဆွနေမှာလားလို့ မေးတဲ့သူ ရှိပါတယ်။ အဲဒါကို ဖြေပါ့မယ်။ မေးခွန်းနဲ့ပဲ ပြန်ဖြေချင်တာပါ။ နောက်ထပ်နောက်ထပ် နောက်မျိုးဆက်တွေ ကိုရော ကျွန်တော်တို့ နာကျင် စေချင် သလား၊.. အဲဒီလို အနာတွေ ကျန်စေချင် သလား ဆိုတာ ပါ။ ကျွန်တော်တို့က အနာဂတ် ကို မျက်နှာမူချင် ပါတယ်။ ဒါပေမဲ့ အနာဂတ် အကြောင်း ပြောရင် အခုရပ်နေတဲ့ နေရာလည်း ပါရမှာဖြစ်သလို အတိတ်ကို လည်း ချန်လှပ်လို့ မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ဖြစ်ရပ်မှန် အထူးသဖြင့် သမိုင်းအမှန်ကိုတော့ ကျွန်တော်တို့ ဖွင့်ပြခဲ့ဖို့ တာဝန် ရှိပါတယ်။ အဲဒီအပေါ် က သင်ခန်းစာ ကောက်ယူပြီးတော့ အနာဂတ် အတွက် ပြင်ဆင်ကြဖို့ ဆိုလိုတာ ကတော့ အတိတ် ကို သုံးသပ်ရင်း နဲ့ ပစ္စုပ္ပန်ကို လည်း မှန်မှန်ကန်ကန် မြင်နိုင်အောင် ကြိုးစား နေပါတယ်။ ..အခြေ အနေ အရပ်ရပ်ကိုပါ။..အဲတော့ ဒီကနေ့ ဒီအချိန် အခုလို ဆုံဆည်းမှုမျိုး ဒီအခမ်းအနား မျိုး ကျင်းပ တယ် ဆိုတာ သတင်းမီဒီယာသမားတွေ လွတ်လပ်ခွင့်ရော ၊အဖွဲ့အစည်းတွေ ဖွဲ့စည်း ခွင့်၊စည်းရုံးခွင့်၊ အဲဒါတွေ အားလုံးဟာ ကျွန်တော်တို့ ရဲ့ပန်းတိုင် မဟုတ်သေးပါဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ကျွန်တော်တို့ ကို အမြဲတမ်းမေးတယ်။ နှစ်သုံးဆယ် သာ ခရီးမှာ ဘယ်လောက် ရပြီလဲ။လိုချင်တာတွေ အားလုံးပြည့်ပြီလားလို့ မေးပါတယ်။ဒါပေမဲ့ ဒီအခြေအနေ ၊ဒီပကတိ တရား တွေ ကတော့ လမ်းခုလတ်အောင်ပွဲတွေ လို့ပဲ ပြောပါရစေ။ဒါတွေဟာ ကျွန်တော်တို့
ဖြတ်သန်းနေရတဲ့ မိုင်တိုင်တွေပါ။ ရွေးကောက်ပွဲ တစ်ခုပြီးသွားတာနဲ့ ကျွန်တော်တို့ အားလုံး လမ်းဆုံးပြီလို့ မဆိုလိုပါဘူး။ လွှတ်တော်ပေါ်လာ တာနဲ့လည်း ဇာတ်လမ်းက မပြီးသေးပါဘူး။ ရွေးချယ်ခံ ကိုယ်စားလှယ် တွေကို ရွေးလိုက်နိုင်သလို အဲဒီရွေးချယ်ခံတွေ ရာနှုန်းပြည့် ရှိတဲ့ လွှတ်တော်မျိုးဖြစ်တဲ့ အထိလည်း ကျွန်တော်တို့ အားစိုက်ရပါဦးမယ်။

 

ပြည်သူလူထု ဘယ်လို ခံစားနေရ လဲ။ရေချိန် ဘယ်လောက် ရောက်နေပြီ ဆိုတာကို ကျွန်တော်တို့ မှန်မှန် ကန်ကန် သုံးသပ်နိုင် ပါသလား။အထူးသဖြင့် ဟော့ဒီ နိုင်ငံရေးကို ဦးစီး ဦးရွက်ပြုနေကြတဲ့၊ မူဝါဒတွေ ချမှတ်၊ ဆုံးဖြတ် ချက်တွေ ချနေရတဲ့ တာဝန်ခံနေရတဲ့ ပုဂ္ဂိုလ်များ ၊အဖွဲ့အစည်းများ အားလုံး …

 

အဲဒီလိုပဲ ကျွန်တော်တို့ ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ အစိုးရ ဟ၊ဲ့ ငါတို့ ဒီမိုကရေစီ သမား စစ်စ်၊ အရပ်သားတွေနဲ့ တည်ထောင် ထားတဲ့၊ နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်း တည်ထောင် ထားတဲ့ အစိုးရ ဟဲ့ လို့ ပြောရင်း ပြောရင်းက ကျွန်တော်တို့ ရာနှုန်း မပြည့်သေး တာကို လည်း ရာနှုန်းပြည့်အောင် အားစိုက် ရပါဦးမယ်။

အခုလို အခြေအနေမျိုး မှာ ကျွန်တော် တစ်ချိန်တုန်းက လွန်ခဲ့တဲ့ နှစ်သုံးဆယ် ကို ပြန် နှိုင်းယှဉ် မိပါတယ်။ အဲဒီတုန်းက ဟောဒီ RC ဆိုတဲ့ အရှေ့မှာ စင်တွေ ထိုးပြီးတော့ ကျောင်းသား သပိတ်၊ ကျောင်းသား တိုက်ပွဲတွေ ဆင်နွှဲ ပါတယ်။ အဲဒါ အကျဉ်းထောင်ထဲ ရောက်နေတဲ့ ညီအစ်ကိုတော် များ အတွက် လွတ်မြောက်ရေးက အစ၊ကျောင်းသား သမဂ္ဂဖွဲ့စည်းရေး ကနေ တဖြည်းဖြည်းနဲ့ ဒီမိုကရေစီ အရေး၊ ကျွန်တော် တို့ တိုင်းပြည်ရဲ့ အနာဂတ်အရေး ကို ဆွေးနွေး ကြ၊ တောင်းဆိုကြတာပါ။ အဲဒီ အချိန်တုန်း က ဆိုရင် ဒီလို ဝန်းထဲမှာ ၊ဒီလို အဆောက်အအုံ ရဲ့ရှေ့မှာ ကင်မရာ မီးတစ်ချက် ပွင့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သက်ဆိုင် ရာ အဲဒီအချိန် က ထောက်လှမ်းရေးပေါင်းစုံ ရိုက်တယ် ဆိုတာတောင် အင်မတန် လျှို့ဝှက်တဲ့ ကင်မရာတွေနဲ့ ရိုက်ရတာ။ အဲဒီတုန်းက ဓာတ်ပုံ ရိုက် ခံရမှာ စိုးတဲ့ အခြေအနေ။ အခုကတော့ ဘယ်သူမှ မရိုက် ရင် တောင် ကိုယ့်ဟာကိုယ် မှတ်တမ်းတင် ရတဲ့အခြေအနေ။ ဟုတ်တယ်။ ပြောင်းလဲ လာ တယ်။ ဘယ်လိုလဲ။ ဂုဏ်ယူစွာနဲ့ ပြောင်းလဲ လာတယ်။ လင်းလာတယ်။ ပွင့်လာတယ်။ ကောင်းပြီ။ ဒီအခြေ အနေမျိုး မှာ ဟောဒီ ကျွန်တော်တို့ ခင်းကျင်းပြသထားတဲ့ပြခန်းနဲ့ ဆွေးနွေးပွဲဆိုပြီး နှစ်မျိုး ရှိပါတယ်။အဲဒီမှာ ပြည့်စုံပြီလို့ ကျွန်တော် မဆိုလိုပါဘူး။အထူးသဖြင့် သတင်းမီဒီယာသမားတွေကို ကျွန်တော် ပန်ကြားချင် တာပါ။ အဲဒါက ဘာလဲ ဆိုတော့ ဒါတွေအားလုံး ဒီနေ့ အခြေအနေ အရပ်ရပ်အားလုံးဟာ အောင်မြင်မှု၊ လမ်းခုလတ်မှာ ရနေတဲ့ အောင်ပွဲတွေ အားလုံးဟာ ဘယ်သူတွေ စွမ်းဆောင်ခဲ့တာလဲဆိုတဲ့ မေးခွန်းပါ။ အဲတော့ ယေဘုယျ အားဖြင့် ကျွန်တော်တို့ ပြထားတာတွေလည်း မပြည့်စုံဘူး။ သတင်း သမားတွေ က လည်း သူတို့ သိတဲ့လူတွေ ဦးစားပေးပြီးတော့ မေးကြ တယ်။ ဒီနှစ်သုံးဆယ် ခရီးအကြောင်း ကိုပြန်ပြော ခိုင်းကြတယ်။ အဲဒီ တော့ ကျွန်တော် တစ်ခု တိုက်တွန်းချင်ပါတယ် မီဒီယာ သမားတွေ ကို။ ခင်ဗျားတို့ ကြိတ်ကြိတ်တိုးနေတဲ့ လူအုပ်ထဲမှာ ခင်ဗျားတို့ ပခုံးချင်း ဝင်တိုက် လိုက် တဲ့ လူဟာလည်း ကျွန်တော်တို့ထက် စွမ်းဆောင်ခဲ့တဲ့လူ ဖြစ်နေပါလိမ့်မယ်။ ခင်ဗျားတို့ ဓာတ်ပုံ ရိုက်ဖို့လည်း မသိလိုက်တဲ့ ၊မေးခွန်း မထုတ်လိုက်ရတဲ့၊သူ့ဖိနပ်ကို တက်နင်းလို့။ ခုနက ကျွန်တော် တွေ့လိုက်တယ်။ ကျွန်တော်လည်း လူအုပ်ကြားထဲ က တိုးလာတဲ့ အခါမှာ လူ တစ်ယောက် က ဖိနပ်ပြတ်သွားတယ်။ အဲလိုပဲ တိုးရင်း ဝှေ့ရင်း၊ သူ့ခမျာ သူ့ဖိနပ် ကို ကုန်းပြီး တော့ တပ်နေရှာတယ်။ အဲဒီလူဟာ လည်း ကျွန်တော်တို့ အနစ်နာခံခဲ့၊ပေးဆပ်ခဲ့၊ ဉာဏ် အမြှော် အမြင်ရှိခဲ့ တဲ့ သူတွေ များစွာ ရှိနိုင်ပါတယ်။ အဲဒါကြောင့် အထူးသဖြင့် အညတရ တွေ ရဲ့ ပေးဆပ်မှု၊သူတို့ရဲ့ စွမ်းဆောင်မှုတွေကို ပိုပြီးတော့ ဖော်ထုတ် ပေးပါ။

ဘယ်နိုင်ငံရဲ့ သမိုင်းမှာ မဆို ပြည်သူလူထု အများစု တခဲနက် အုံကြွ မပါဝင်ဘဲနဲ့ ကြီးမားတဲ့ အပြောင်းအလဲ ကို မရတတ် ပါဘူး။အထူးသဖြင့် အာဏာရှင် စနစ်ဆိုး ရဲ့အောက်မှာပါ။ ကျွန်တော် တို့ နိုင်ငံဟာ မနေ့က လည်း ကျွန်တော်တို့ ဆွေးနွေးကြ ပါတယ်။ ဟိုး အရှေ့ ဥရောပ နိုင်ငံ တွေ ထက် ကျွန်တော်တို့ က တာထွက်စောတယ်။ တာထွက် စောလျက် နဲ့ ပန်းဝင်နောက် ကျ တာကိုလည်း ကျွန်တော်တို့ဝန်ခံရ လိမ့်မယ်။ ဟုတ်ပြီ။ ဘာကြောင့်လဲ ဆိုတာလည်း ကျွန်တော်တို့ ဆန်းစစ် ကြရ မယ်။အဲဒါကတော့ ရှစ်လေးလုံးလို ပြည်သူလူထုရဲ့ နိုးကြား မှုတွေကို ကျွန်တော်တို့ တကယ် သိရဲ့လား။ပြည်သူလူထု ဘယ်လို ခံစားနေရ လဲ။ရေချိန် ဘယ်လောက် ရောက်နေပြီ ဆိုတာကို ကျွန်တော်တို့ မှန်မှန် ကန်ကန် သုံးသပ်နိုင် ပါသလား။အထူးသဖြင့် ဟော့ဒီ နိုင်ငံရေးကို ဦးစီး ဦးရွက်ပြုနေကြတဲ့၊ မူဝါဒတွေ ချမှတ်၊ ဆုံးဖြတ် ချက်တွေ ချနေရတဲ့ တာဝန်ခံနေရတဲ့ ပုဂ္ဂိုလ်များ ၊အဖွဲ့အစည်းများ အားလုံး ပြည်သူ လူထု ရဲ့ရေချိန် ၊သူတို့ရဲ့ အစိုးရိမ်ဆုံး ကိစ္စ၊သူတို့ရဲ့ အပူတပြင်း လိုအပ်ချက် အဲဒါတွေ ကို မှန်မှန်ကန်ကန် သိနိုင်မယ် ဆိုရင် ဒီထက်ပိုကောင်းတဲ့ နိုင်ငံသစ်တစ်ခုကို ကျွန်တော်တို့ သွားနိုင် မှာပါ။ ပြည်သူလူထုရေချိန်ကို နားလည်ဖို့ပါ။ ဘယ်အရာကို တန်ဖိုးထားနေလဲ။ ပြည်သူလူထု က ဘယ်နည်းနဲ့ လိုက်နိုင်တယ်ဆိုတာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တကယ်တော့ ရှစ်လေးလုံးကို ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ စခဲ့ကြတုန်းက အဲဒီခေတ် လောက် နည်းပညာ ဆင်းရဲတာ လည်း မရှိတော့ဘူး။ကျွန်တော်တို့ ဆက်သွယ်ရေး အင်မတန် ခက်တယ်။ တစ်ယောက်နဲ့ တစ်ယောက်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ တော်လှန်ရေး တွေ ဆင်နွှဲကြ၊ အရေးတော်ပုံတွေ လျောက်လှမ်းကြတဲ့ အခါမှာ အင်စတီကျုးရှင်း အားကောင်း တယ်။ အဖွဲ့အစည်းတွေ အားကောင်း တယ်။ အဲဒီတုန်း က ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ မှာ ဖွဲ့စည်းနိုင်မှု၊ အဖွဲ့အစည်းအားကောင်းမှုလည်း မရှိ၊ နည်းပညာလည်း ချို့ငဲ့၊ ဆက်သွယ် မှု လည်း မကောင်း၊အဲဒီကြားထဲ က ဘာနဲ့ ကျွန်တော်တို့ တက်လာခဲ့ကြသလဲ။ ဘာနဲ့ ရင်ဆိုင် လာခဲ့ကြသလဲ။ ကျွန်တော်တို့ အားလုံးရဲ့တောင်းဆိုမှုတွေ ခေါင်းခါတဲ့ အငြင်းဝါကျတွေနဲ့ပဲ ကျွန်တော် တို့ ကြုံခဲ့ရတာနော်။ပြန် စဉ်းစားကြည့်ပါ။ကျောင်းထဲမှာ ကျောင်းသားတွေ လှုပ်ရှား တယ်။လမ်းပေါ်မှာ ပြည်သူတွေတောင်းဆို တယ်။ တစ်ခဲနက် ဖြစ်လာတယ်။ အဲဒီ အခြေ အနေမျိုး မှာ အဲဒီ အချိန်က လွှတ်တော်၊ အဲဒီအချိန်က တစ်ခုတည်းသော ပါတီက ဆုံးဖြတ်တဲ့ အခါမှာ ငြင်းဆန်ပါတယ်။ပါတီစုံ ဒီမိုကရေစီစနစ်ကို ငြင်းဆန်ခဲ့တယ်။

 

သမိုင်းက တောင်းဆိုနေတာ ဘာလဲဆိုတော့ စိတ်တူ ကိုယ်တူ၊ သဘောထား ညီမျှစွာနဲ့ ပေါင်းဖက်ကြတဲ့ မိသားစုမျိုး၊ပြည်ထောင်စု မျိုးပါ။ အဲဒီကို သွားဖို့အတွက် ကျွန်တော်တို့ အားလုံးသဘောညီကြဖို့ မေတ္တာရပ်ခံပါတယ် …

 

အဲဒီတုန်း က လက်နက်ကိုင်အဖွဲ့အစည်း က လည်း တစ်ခုတည်းသော ပါတီဝင် အဖြစ် ပြည်သူလူထုတောင်းဆိုတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို ငြင်းဆန်း ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူလူထုတွေက ငြင်းဆန် တိုင်း လက်မလျှော့ဘူး။ ခြိမ်းချောက်တိုင်းနောက် မဆုတ်ဘူး။ ကျွန်တော် တို့ ပြည်သူတွေ ထပ်တက်ခဲ့တယ်။အဲဒီတော့ ဒီကနေ့ ဒီအချိန် နောက်ထပ် သွားရမယ့် ပန်းတိုင်အတွက် ခေါင်းရမ်းပြတာတွေ၊ငြင်းဆန် တာတွေ၊ ဟင့်အင်း လုပ်နေတာ တွေတော့ ရှိဦး မှာပဲ။ ကျွန်တော်တို့ တကယ် အင်အား ပြည့်လာတဲ့ တစ်နေ့၊ကျွန်တော်တို့ အားလုံး ဉာဏ် အမြှော်အမြင်နဲ့ ပေါင်းစပ်နိုင်တဲ့ နေ့ကျရင် အဲဒီ အတားအဆီးတွေ ဟင့်အင်း တွေ ကို ကျွန်တော်တို့ ကျော်ဖြတ်နိုင်မှာပါ။ ဒါ ကျွန်တော်တို့ ကြိုတင်ပြီးတော့ တွေးထား မျှော်ထားကြဖို့ တိုက်တွန်းတာပါ။ ကျွန်တော် တို့ ဒီအတွက် ဘာတွေပဲ သွားကြမှာလဲ မေးကြတဲ့ အခါမှာ ခုနက သင်ခန်းစာတွေ ကို နောက်မျိုးဆက်တွေ ကို လက်ဆင့်ကမ်းချင်တယ်။ ကျွန်တော် တို့ဟာ ရာနှုန်းပြည့် ပြီးပြည့်စုံခဲ့တယ်လို့ ဘယ်သောအခါမှ မဆိုလိုဘူး။ ကျွန်တော် တို့ ခေတ်က အားနည်းချက်တွေ ကိုကြည့်ပါ။ နောက်မျိုးဆက်တွေ ဒါကို ဆင်ခြင်သုံးသပ်ပါ။ ဒီထက်ပိုကောင်းအောင် သွားပါ။

ဒီကနေ့ ဒီအချိန်ဟာ ရှေ့ဆက်ရမယ့် ခရီးအတွက် အားလုံး နားထဲမှာ ကြားကြမှာပါ။ တမျိုးသားလုံး ညီညွှတ်ရေးကိုပြောပါတယ်။ ဟုတ်ပါ တယ်။ လက်ခံပါ့မယ်။ ဒါပေမဲ့ ဘယ်လိုညီညွှတ်ကြမှာလဲ ဆိုတာတော့ ကျွန်တော်တို့ အင်မတန် တွေးစရာကောင်း ပါတယ်။ ကျွန်တော်တို့ဟာ အဖွဲ့အစည်းတွေ အချင်းချင်း ညီညွှတ်ကြရမှာဖြစ်သလ၊ို လူပုဂ္ဂိုလ် အချင်း ချင်း လည်း သင့်မြတ်အောင်ကြိုးစားနေ တယ်။အဲဒီလို စဉ်းစားကြ တဲ့ နေရာမှာ မိမိနဲ့ မတူတဲ့ သဘောထား အယူအဆ အားဖြင့်မတူညီ နိုင်တဲ့ အင်အားစုတွေ၊အဖွဲ့အစည်းတွေနဲ့ ညီညွှတ်ဖို့ ကြိုးစားနေရသလို မိမိ အင်အားစု အတွင်းမှာ လည်း ညီညွှတ်မှုရအောင် သတိပြုပါလို့ ကျွန်တော် ဒါကိုတိုက်တွန်း ချင်ပါတယ်။ အားလုံးက လက်ကမ်းပြီးတော့ မျှော်လင့်နေပါတယ်။ ကျွန်တော်တို့ အချင်းချင်း လုံလောက်တဲ့ ညီညွှတ် မှုမျိုး ပြန်ရချင်ပါတယ်။

ဒီကနေ့ ဒီအချိန် ဟာ ပြန်ပြီး ရင်ဘတ်ချင်း အပ်ကြရမယ့် အချိန်၊ ရှေ့ဆက်ရမယ့် ခရီး က အားလုံး တွေးမျှော်ကြည့် ပါ။ကျွန်တော်တို့ သွားရမယ့် ပန်းတိုင်ကို အာရုံထွေပြားအောင် နေ့စဉ်နဲ့ အမျှ၊ အဲဒါတွေ ကတော့ ဥပမာ တစ်ခု အနေနဲ့ပြောမယ် ဆိုရင်ပဲ တရားစီရင်ရေး မှာ များစွာ များစွာ ပြောစရာတွေ ရှိသလို ၊နေ့စဉ် လူမှုဘဝတွေ ထဲမှာ၊ ပဋိပက္ခတွေ ဖန်တီးနေတာ က အစ၊ကျွန်တော်တို့ အားလုံး သဘောတူ ထားတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဆီကို ချီနေတဲ့ နေရာမှာ အဲဒါတွေဟာကြီးစွာသော အာရုံလွှဲတဲ့ ကိစ္စ တွေဖြစ်ပါတယ်။ ကျွန်တော်တို့ ပြန်ပြီး တည့်မတ်ရပါမယ်။ ဘာနဲ့ တည့်မတ်မှာလဲ ဆိုတော့ နည်းပညာ ကောင်းအောင် ကြိုးစား ရင်း၊ အဆက်အသွယ် ကွန်ရက်တွေ ကောင်းအောင်ကြိုးစားရင်း၊ ပြီးတဲ့ အခါ ကျရင် အင်စတီ ကျုးရှင်းတွေ အားကောင်းကောင်းနဲ့ ခုခံ ရပါ မယ်။မဟုတ်ရင် ကျွန်တော် တို့ ပန်းတိုင်ကို သိပါလျက်နဲ့ မျက်ခြေပြတ် တာမျိုး မဖြစ်စေချင်ပါ။ ဒါ အနူးအညွှတ်မေတ္တာ ရပ်ခံ ပါတယ်။

ဟိုတုန်းက တစ်ပါတီ အာဏာရှင်ကနေပြီးတော့ ပါတီစုံ ရွေးကောက်ပွဲနဲ့ သွားတဲ့ စနစ်ကိုတော့ ကျွန်တော်တို့ရောက်ပြီ။ရာနှုန်းအားဖြင့် ခြွင်းချက် များ စွာ ကျန်နေတယ်။ အဲဒီလို အခြေ အနေမျိုး မှာ ဒီကနေ့ မင်းတို့ ဘာတွေ အောင်မြင်ပြီလဲ။ကျေနပ်စရာကောင်းလားလို့ မေးတဲ့ မေးခွန်း တွေ ရှိပါတယ်။နမူနာ တစ်ခုပြောပါရစေ။ ဟိုမကြာသေးမီ အချိန်အထိ ဖက်ဒရယ် လို့ပြောလိုက် ရင် နိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင်နန်းစံရတဲ့ အခြေအနေကနေ ဒီကနေ့ ဖက်ဒရယ် ဆိုတာ မူဝါဒ ပေါ်လစီတစ်ခုအဖြစ် ကိုင်တွယ်ခွင့်ရပြီ။ဒီမိုကရေစီ။ရှေ့က ဒီမို နှစ်လုံး ပြောပြီးရင် ကရေစီ ကိုထောင်ထဲကျမှ ဆက်ပြောရတဲ့ ဘဝကနေ ဒီနေ့ အပြည့် ကျယ်ကျယ် ပြောလို့ရပြီ။ ဟုတ်ပြီ။ ဒါပေမဲ့ စကားလုံးတွေနဲ့ ပြီးသွားလို့ မရဘူး ဆိုတာလည်း ကျွန်တော် သဘောတူတယ်။ ကောင်းပြီ။ ကျွန်တော်တို့ ပြည်ထောင်စု တစ်ခုကို သွားကို သွားရ မှာ။ မနက်က ကျောင်းသား လေး တစ်ယောက်ပြောတယ်။သူက အဲဒီတုန်း က ကိုးတန်းတဲ့ လွန်ခဲ့တဲ့ နှစ်သုံးဆယ် က သူအများကြီး မသိခဲ့ပါဘူးတဲ့။ မတရားဘူး ဆိုတာကို သိတယ်။အဲဒါကို မခံချင်လို့ပြန်လုပ်တယ်။ အခုတော့ ကျွန်တော်တို့ဟာ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးနဲ့အတူ ချန်လှပ်လို့ မရတာက ဖက်ဒရယ် ပြည်ထောင်စု တကယ့် အရှိတရား၊လူမျိုးပေါင်းစုံ အတူ တကွနေချင် တယ် ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု ကို ငြင်းဆန်လို့မရတဲ့ အနေအထား။ကောင်းပြီ။အဲဒီမှာဘယ်လို ပြည်ထောင်စု လဲလို့မေးစရာ ရှိပါတယ်။မေးပါ။ ကမ္ဘာကြီးမှာ၊ ကမ္ဘာ့သမိုင်းမှာ လက်နက် နိုင်ငံတော် တွေ များစွာပေါ်ထွန်း ခဲ့ပါတယ်။ များစွာ များစွာလည်း ပြိုလဲခဲ့ ပါတယ်။ အဲဒါကတော့ အင်အား တစ်ခုတည်းကို စဉ်းစားပြီးတော့ လက်နက် တစ်ခုတည်းနဲ့ အားလုံးကို သိမ်းသွင်းမယ် ဆိုတဲ့ အယူအဆ ဟာ လက်နက် နိုင်ငံတော်ပဲ ရပါလိမ့်မယ်။တကယ်ကျွန်တော်တို့ သမိုင်းက တောင်းဆိုနေတာ ဘာလဲဆိုတော့ စိတ်တူ ကိုယ်တူ၊ သဘောထား ညီမျှစွာနဲ့ ပေါင်းဖက်ကြတဲ့ မိသားစုမျိုး၊ပြည်ထောင်စု မျိုးပါ။ အဲဒီကို သွားဖို့အတွက် ကျွန်တော်တို့ အားလုံးသဘောညီကြဖို့ မေတ္တာရပ်ခံပါတယ်။

နောက်ဆုံး အနေနဲ့ ကျွန်တော်တို့ တစ်ချိန်က စကားလုံးတွေနဲ့ အတိ အကျ မပြောတတ်သည့် တိုင်အောင် ကျွန်တော်တို့ မျှော်မှန်းခဲ့တဲ့ နိုင်ငံတစ်ခု ကို ခုရောက်နေတဲ့နေရာက စပြီးတော့ ခရီးဆက်ရမယ် ဆိုတာ တိုက်တွန်းပါတယ်။ဘယ်လို နိုင်ငံမျိုးလဲ။ သယံဇာတ ကျိန်စာ မိနေတဲ့ နိုင်ငံ ဘဝကနေ လူသားအရင်းအမြစ်ကိုတန်ဖိုးထားတဲ့ နိုင်ငံ ၊ရုပ်ဝတ္ထုနဲ့ဓန အင်အား ကြွယ်ဝမှု ကိုသာ တွင်တွင်ပြောနေမယ့် အစား ကျင့်ဝတ်ကောင်းတွေနဲ့ ဂုဏ်သတင်း ကျယ်ပြန့် တဲ့ နိုင်ငံ၊ အမိန့်အာဏာ တစ်ခုတည်းနဲ့ လူတွေကိုစေခိုင်းနေမယ့် အစား အပြန်အလှန် ယုံကြည်မှု နဲ့ ဆွေးနွေး ညှိနှိုင်းမှု၊ ပြည်သူ့ဆန္ဒ သဘောထားတွေ ကို ဦးညွှတ်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံ၊လူမျိုးတွေကွဲပြားမှုကို ရေတွက် နေမယ့်အစား တာဝန်ခွဲခြားယူတတ်မှု၊တာဝန်ခွဲခြား ခံတတ်မှု အပေါ်မှာ ဂရုဓမ္မပြုတဲ့ နိုင်ငံ၊ထစ်ခနဲရှိရင် လက်နက်အားကိုးနဲ့ အရာရာကို ဖြေရှင်း မယ်ဆိုတဲ့ အသိလောက် မဟုတ်ဘဲ ဉာဏ်ပညာ၊ ဆင်ခြင်တုံ တရား၊ စာနာမှု၊တွေးခေါ် မြှော်မြင်မှုနဲ့ သာ ပြဿနာပေါင်းစုံ ကို ချဉ်းကပ် ဖြေရှင်း တတ်သော မျိုးဆက်သစ်တို့ရဲ့နိုင်ငံ၊ အဲဒီနိုင်ငံမျိုး ရောက်အောင် ကျွန်တော်တို့ ချီတက်ကြတဲ့ နေရာမှာ ရှစ်လေးလုံး ဆိုတာ အတိတ် သမိုင်းထဲမှာ အိပ်မောကျနေတာ မဟုတ်ပါဘူး။ မျိုးဆက်အသီးသီးရဲ့ သွေးကြောတွေထဲ မှာ စီးဝင်ပြီး ခုနက ကျွန်တော်တို့ တောင်းတသော ၊ကမ္ဘာက လေးစား ဦးညွှတ်ရတဲ့ ၊ကျွန်တော်တို့ ကိုယ်တိုင် သမိုင်းတစ်ကွေ့ မှာ ခေါင်းမော့ နိုင်တဲ့ နိုင်ငံ မျိုးအထိ သယ်ဆောင် သွားမယ့် ဝိညာဉ် ဖြစ်ပါတယ်လို့ ပြောရင်း အဆုံးသတ် ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။