လက်နက်ကိုင်အဖွဲ့များဝင်ရောက်တိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ဆန့်ကျင်ဟု တရုတ်ဆို

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Chinese Embassy In Myanmar

မကြာမီရက်ပိုင်းက AA၊TNLA၊MNDAA လက်နက်ကိုင်အဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူသေကြေဒဏ်ရာရရှိစေခြင်းသည် မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသငြိမ်းချမ်းရေးတည်ငြိမ်မှုကို ထိခိုက်သဖြင့် တရုတ်နိုင်ငံအနေဖြင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း သတင်းထုတ်ပြန်သည်။

သြဂုတ်(၁၉)၊၂၀၁၉၊ရန်ကုန်

သြဂုတ်လ (၁၉) ရက်နေ့တွင်ကျင်းပခဲ့သည့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ တပ်မတော်ထိန်းချုပ်ရာနေရာများကို ဝင်ရောက်တိုက်ခိုက်သဖြင့် လူသေကြေဒဏ်ရာရရှိမှု ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံက မည်ကဲ့သို့ ဝေဖန်သုံးသပ်သနည်းနှင့် ပတ်သက်သော မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ၎င်းတို့၏ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တရုတ်နိုင်ငံသည် တရုတ်-မြန်မာ နယ်စပ်ဒေသ၏ တည်ငြိမ် ငြိမ်းချမ်းရေးကို အလွန်အလေးထား ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အစဉ်တစိုက်ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသ၏ အပစ်အခတ်ရပ်စဲရေးအခြေအနေကို ဆက်လက် ထိန်းသိမ်းရန်လိုကြောင်း၊ တရုတ်နိုင်ငံသည် ယင်းအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည် ဖြစ်ကြောင်း ဆိုသည်။

ယခုကဲ့သို့တိုက်ခိုက်မှုသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော် ကျေးရွာ အရှေ့တောင်ဘက် ချောင်းဆုံနေရာတစ်ဝိုက် မူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုးငွေကျပ် (၁၆)ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးရိုက်စက် အပါအဝင် ဆက်စပ် ပစ္စည်းများ၊ ဘိန်းချက်စခန်းများအား လည်းကောင်း၊ သြဂုတ်လ (၈) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင် ကျေးရွာမှ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၅ ဘီလီယံခန့်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း တပ်မတော်မှ သိမ်းဆည်း ရရှိခဲ့သည့်အပေါ် ကျေနပ်မှုမရှိခြင်း၊ ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်ကျဆုံးမှု များပြားပြီး စစ်ရေးအရ အရေးနိမ့်လာခြင်းတို့ ကြောင့် AA ၊ TNLA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများက တရားဥပဒေစိုးမိုးမှုကို ထိပါး နှောင့်ယှက်ကာ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုများ ကျူးလွန် လာခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည် တပ်မတော်က သတင်း ထုတ်ပြန်သည်။

AA၊TNLA၊MNDAA လက်နက်ကိုင်အဖွဲ့များ သည် တရုတ် – မြန်မာ ကုန်သွယ်ရေးမှာအရေးပါသည့် ဂုတ်တွင်းတံတားကိုလည်း မိုင်းခွဲ ဖျက်ဆီးခဲ့သည်။

ဖျက်ဆီးခံရသည့်တံတားနေရာတွင် ယာဉ်များသွားလာဖြတ်သန်းနိုင်ရန် သုံးလွှာတစ်ထပ် အရှည်(၂၁၀)ပေ နှစ်လမ်းသွား ဘေလီ တံတားအား သံဘောင်များတပ်ဆင်နေခြင်းလုပ်ငန်းကိုဆောက်လုပ်ရေး ဝန်ကြီးဌာန က လုပ်ဆောင်နေပြီးယခုလ(၂၀)ရက်နေ့အပြီး လုပ်ဆောင်မည်ဟု သတင်းထုတ်ပြန်ထားသည်။

AA၊TNLA၊MNDAA လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်မှုကြောင့် အရပ်သားများ၊ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရှိမှုများနှင့်ကျဆုံးမှုများရှိသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။