လက်နက်မကိုင်တဲ့ပြည်သူကို လက်နက်ကိုင်က ဒီလိုလုပ်တာ ရှုတ်ချတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

လက်နက်ကိုယ်စီနဲ့ လူငါးယောက်ကို လက်ဗလာနဲ့ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ဦးက ပြန်ခုခံတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဒါကြောင့် …

အသက်(၁၇) နှစ်အရွယ်ရှိ လူငယ်တစ်ဦးသည် မေလ(၂၃) ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံး ခဲ့ရသည်။ အဆိုပါလူငယ်ကို ရှမ်းနီလက်နက်ကိုင်ဟု ခန့်မှန်းရသူ လူ(၅) ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ကူကီး လူငယ် ကွန်ရက် ကကြေညာချက် ထုတ်ပြန်ခဲ့သည်။ သေဆုံးခဲ့သည့် လူငယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်း မြို့နယ်၊မန်လီ ကျေးရွာတွင်နေထိုင် ကြသူများ ဖြစ်သည်။ သေဆုံးခဲ့သည် လူငယ် သည် ၎င်း၏ဖခင် လက်သမား အလုပ် သွားလုပ်ရန် အတွက် ဆိုင်ကယ်ဖြင့် လိုက်ပို့စဉ် လမ်းခုလတ်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည် ဟု ကူကီးလူငယ်ကွန်ရက်၏ ဥက္ကဌက ငြမ်းမီဒီယာ သို့ ပြောသည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ KuKi Youth Network ၏ ဥက္ကဌ ဦးဆေးဂင် ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

KuKi Youth Network

ငြမ်းမီဒီယာ – အခုသေဆုံးသွားတဲ့ လူငယ်က ဘာကြောင့် အသတ်ခံရတာလဲ ခင်ဗျ။ ဦးဆေးဂင်တို့ ဘယ်လိုသိထားရလဲ။

USG – ဘာကြောင့်လဲဆိုတာ ကျနော်တို့အခုချိန်အထိ မသိသေးဘူး။ ဒါပေမယ့် အဲဒီ (၂၃) ရက်နေ့မနက်က သူတို့သားအဖ (အသတ် ခံရသည့် လူငယ်နှင့် သူ၏ဖခင်) က သူတို့ရွာအနားမှာ ရှိတဲ့ကျေးရွာကို သူ့အဖေလက်သမား အလုပ်လုပ်ဖို့ သူ့သားက လိုက်ပို့တာ ဖြစ်တယ်။ အဲဒီမှာ လမ်းဘေးမှာ အရပ်ဝတ်နဲ့ လက်နက်ကိုင်က ရုတ်တရက်ပေါ်လာပြီး ဆိုင်ကယ်ကိုတားတယ်။ ခုံးအဆင်းနား ဆိုတော့ တစ်ခါတည်းရပ်လို့မရဘူး ကျော်သွားတယ်။ အဲဒီအချိန်မှာ သေနတ်နဲ့ ပစ်လိုက်တာဖြစ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီကိစ္စတွေ လုံးဝ မဖြစ်ဖူးပါဘူး။ အခု ဒီလိုဖြစ်လာခြင်းအားဖြင့် တိုင်းရင်းသား အချင်းချင်းကြားမှာ ဘယ်လိုပြောမလဲ။ငါတို့ လူမျိုးကို …

ငြမ်းမီဒီယာ – အဲဒီတော့ လက်နက်ကိုင်အဖွဲ့က ဒီသားအဖကို ဘာကြောင့်တားတာလဲ။ သေနတ်နဲ့ရော ဘာကြောင့် ပစ်တာလဲ။ အဲဒါ ကိုရော ဦးဆေးဂင်တို့ သိထားတာ ရှိလား။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတာမျိုး ရှိလို့လာ။ တချို့သတင်းဖော်ပြချက်တွေမှာ အဲဒီလို တွေ့နေရလို့ပါ။

USG – ဘာကြောင့်ပစ်တယ်ဆိုတာကို SNA အမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ တပ်မဟာမှူး တစ်ယောက် ကတော့ ဒါလူထုရဲ့ သတင်းပေးပို့ချက်အရ မူးယစ်ဆေးဝါးတားဆီး ရှာဖွေဖို့အတွက် တားဆီးတဲ့ နေရာမှာ ဆိုင်ကယ်မရပ်လို့ ၊ဆိုင်ကယ် မရပ်တဲ့အပြင်ကို လမ်းဘေးမှာတားနေတဲ့ ရဲဘော်တွေကို ဆိုင်ကယ်နဲ့ ဝင်တိုက်ပြီးမှ ပြန်လည်ခုခံလို့ ပစ်တာဖြစ်တယ်လို့ သူတို့ပြောတယ်ပေါ့ဗျာ။ အဲဒီဟာနဲ့ပတ်သက်ပြီး ကျနော်တို့် အခုလည်း ပြန်လည်ပြီး ရှင်လင်းချက်ထုတ်ဖို့ အခြေအနေ စောင့်ကြည့် နေတာပါ။ ဒီဟာက မဖြစ်နိုင် ဘူးလို့ ကျနော်တို့် ယူဆတယ်။ ဘာလို့လဲဆိုရင် မူးယစ်ဆေးဝါးရှာဖွေနေတယ်ဆိုတာက တစ်နိုင်ငံလုံး အတိုင်းအတာမှာ မူးယစ်ဆေးဝါးတိုက်ဖျက်နေတာကို ကျနော်တို့ လက်ခံတယ်။ သို့ပေမယ့်လည်း သူတို့ပြောပြချက်အရ မူးယစ် ဆေးဝါးရှာဖွေတယ်ဆိုရင် သူတို့ ဘယ်လောက်မိသလဲ။ ဘာတွေမိသလဲ။ဘိန်းဖြူလား၊ဆေးလုံးလား ဘာမိသလဲ ဆိုတာလည်း ပြောထားခြင်း မရှိဘူး။ ပြီးတော့ ဒီသားအဖက ပြန်တိုက်ခိုက်တယ်ဆိုတဲ့ ဟာကလည်း လက်နက်ကိုယ်စီနဲ့ လူငါးယောက်ကို လက်ဗလာနဲ့ ဆိုင်ကယ်စီးလာတဲ့ လူနှစ်ဦးက ပြန်ခုခံတယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဒါကြောင့်ဒီဟာကို ရမ်းသမ်းပြီး သူတို့ လျောက်ပြောနေတယ်လို့ ကျနော်တို့ ယူဆပါတယ်။

ငြမ်းမီဒီယာ – SNA အမျိုးသားတပ်မတော် ပြောရေးဆိုခွင့်ရှိသူ တပ်မဟာမှူးရဲ့ ပြောဆိုချက်တွေဟာ မမှန်ကန်ဘူးလို့ ဦးဆေးဂင် ပြောချင်တာလား။

USG – ဟုတ်ပါတယ်ဗျ။

ငြမ်းမီဒီယာ – SNA လက်နက်ကိုင် အဖွဲ့ကရော အဲဒီဒေသမှာ မူယစ်ဆေးဝါးဖမ်းဆီးတာမျိုး၊ နှိမ်နင်းတာမျိုး လုပ်ဆောင်နေတာမျိုးရှိလား။ဘယ်လိုသိထားလဲဗျ။

USG – သူတို့လုပ်ဆောင်နေတယ်လို့ ကျနော်တို့ သိရတယ်။ လက်တွေ့မှာတော့ သူတို့ လူမျိုးကြားထဲမှာ ရှမ်းနီပြည်သူထဲက မူးယစ်ဆေးဝါးသုံးစွဲသူ ကိုတားဆီးတာ ၊ပြစ်ဒဏ်တွေ ပေးတာတော့ ကျနော်တို့ကြား တယ်ပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်ခတ်ခြင်းကိုခံရတဲ့ သူတွေက ဘယ်သူတွေလဲဆိုတာ ဦးဆေးဂင်တို့သိလား။ သူတို့ ဒီဒေသမှာ နေတာကြာပြီလား။

USG – မန်လီကျေးရွာဆိုတာ ကျနော်တို့ ကူကီးလူမျိုးတွေ နေထိုင်တဲ့ကျေးရွာပါ။ ပတ်ပတ်လည် မှာတော့ ရှမ်းကျေးရွာတွေ များတာပေါ့လေ။ ချင်းတွင်မြစ်အရှေ့ခြမ်းမှာဆိုရင် ကူကီးရွာဆိုလို့ အဲဒီရွာ တစ်ရွာလောက်ပဲ ရှိတယ်။ ကျန်တဲ့အများစုကတော့ အနောက်ကမ်းဘက်မှာပဲ များတယ်လေ။ မန်လီကျေးရွာ တည်ထောင်တာ ကတော့ နှစ်(၃၀)၊လေးဆယ်လောက် ရှိပြီ ထင်တယ်။

တောထဲမှာပဲ အလုပ်လုပ်တယ်။ ဟင်းသီးဟင်းရွက်က အစတောထဲမှာ ရှာကြတာဆိုတော့ ဒီလိုမျိုး ဖြစ်နေတဲ့အခါကျတော့ ဘယ်သူမှ တောထဲ မသွားရဲဘူး …

ငြမ်းမီဒီယာ – လက်နက်ကိုင်တပ်ဖွဲ့ရဲ့ သေနတ်နဲ့ ပစ်ခတ်မှုဟာ မင်းမဲ့စရိုက်ဆန်တဲ့ အပြုအမူမျိုးလို့ ဦးဆေးဂင်တို့ ကြေညာချက်မှာ လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီအခြေအနေတွေက တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစေမှုကို ပျက်ပြားစေနိုင် တယ်လို့ ဆိုထားပါတယ်။အဲဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။

USG – ချင်းတွင်းမြစ်အရှေ့ဘက်၊အနောက်ဘက် ကမ်းရိုးတစ်လျောက်မှာ ကျနော်တို့ ကူကီး တိုင်းရင်းသား တွေရယ်၊ ရှမ်း လူမျိုး တွေရယ် အတူယှဉ်တွဲနေထိုင်လာကြတာ နှစ်ပေါင်း အတော်ကြာပြီ။မိတ်ဆွေတွေဖွဲ့။ ပွဲလမ်းသဘင်ဆိုလည်း အေးအတူ ပူအမျှ နေလာကြတာ။ ရှမ်းနီလက်နက်ကိုင်အဖွဲ့က အဲဒီဒေသမှာ လှုပ်ရှားလာခဲ့တာနှစ်နှစ် ကျော်လာပြီ။ ဒါပေမယ့် ဒီကိစ္စတွေ လုံးဝ မဖြစ်ဖူးပါဘူး။ အခု ဒီလိုဖြစ်လာခြင်းအားဖြင့် တိုင်းရင်းသား အချင်းချင်းကြားမှာ ဘယ်လိုပြောမလဲ။ငါတို့ လူမျိုးကို ဟိုဟာဖြစ်လို့ အထင်သေးလို့ ဘာညာကွိကွ တွေ ။လူထုအနေနဲ့ ဒါမျိုးတွေများလာပြီး မိတ်ဆွေအနေနဲ့ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့ အချင်းချင်း ကြားမှာငြိမ်းချမ်းမှုတွေ၊ သဟဇာတ ဖြစ်မှုတွေ ပျက်စီးသွားမှာ ကျနော်စိုးရိမ်တယ်။

ငြမ်းမီဒီယာ – သေနတ်နဲ့ပစ်သတ်ခံရတဲ့ လူငယ်ကိစ္စမှာ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ပြောကြားချက် အပေါ် ဦဆေးဂင် တို့ဘက်က တုံ့ပြန်ကြေညာရှင်းလင်းမယ့် အစီအစဉ် ရှိတယ်ပေါ့။

USG – ဟုတ်ကဲ့ လိုအပ်မယ်ဆိုရင် ကျနော်တို့ ပြန်ပြီး ရှင်လင်းချက် ထုတ်ရမယ့် သဘောတော့ ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – SNA လက်နက်ကိုင်အဖွဲ့ရဲ့ တာဝန်ရှိသူပြောကြားချက်အပေါ်မှာ ဦးဆေးဂင် အနေနဲ့ ဘာများပြောချင်လဲ။ ဘယ်လို သတင်းစကားပါးချင်လဲ။

USG – အခုအချိန်မှာဆိုရင် မန်လီကျေးရွာ ပြည်သူလူထု တွေက တောထဲ မသွားရဲတော့ဘူး။ ကြောက်နေကြ တယ်။ တောသူ တောင်သားတွေက အခု ကိုဗစ်ကာလမှာ မြို့နေလူထုတွေက လော့ဒေါင်းဖြစ်ပေမယ့်လည်း ကျေးရွာ တွေကတောထဲမှာ လေကောင်း လေသန့် ပိုရှိတယ်။ ကျေးရွာတွေဆိုတော့ တချို့က အလုပ်တွေက သိပ်မပြတ်ကြဘူးလေ။ အဲဒီတော့ ကျေးရွာသူ ရွာသားတွေ အနေနဲ့ တောထဲမှာပဲ အလုပ်လုပ်တယ်။ ဟင်းသီးဟင်းရွက်က အစတောထဲမှာ ရှာကြတာဆိုတော့ ဒီလိုမျိုး ဖြစ်နေတဲ့အခါကျတော့ ဘယ်သူမှ တောထဲ မသွားရဲဘူး။ ဒါကြောင့်မို့ ဒီဟာက ရှမ်းနီလက်နက်ကိုင်တာဝန်ရှိသူတွေရော၊ ဒေသ အာဏာပိုင် အစိုးရ အဖွဲ့အစည်းတွေရော ဒီဥစ္စာကို တရားမျှတမှုရရှိဖို့ အတွက် အဖက်ဖက်က စုံစမ်းဖော်ထုတ်ပြီး အမြန်ဆုံး အရေးယူပေးဖို့ ကျနော်တို့တောင်းဆိုချင်တယ်။

လူထုက အားကိုးရာမဲ့ ဖြစ်နေတယ်

ငြမ်းမီဒီယာ – ဆုံးသွားတဲ့ လူငယ်ရဲ့ အဖေကျန်းမာရေး အခြေအနေ ဘယ်လို ရှိလဲခင်ဗျ။

USG – ဒီလူငယ်ရဲ့အဖေကတော့ ဒီလောက်ကြီး စိုးရိမ်စရာ မရှိပါဘူး။

KuKi Youth Network

ငြမ်းမီဒီယာ – ဘာများဖြည့်စွက်ပြောချင်လဲခင်ဗျ။

USG – အဓိက က ဒီဟာက လူ့အခွင့်အရေး အရသော်လည်းကောင်း၊ တိုင်းရင်းသား၊ လူတစ်ဦးတစ်ယောက် အခွင့်အရေး အရ သော် လည်းကောင်း လက်နက်မကိုင်တဲ့ပြည်သူကို လက်နက်ကိုင်က ဒီလို လုပ်တာကို ကျနော်တို့ ရှုတ်ချတယ်။ ဒါပေမယ့်လည်း ဒီလုပ်ငန်းတွေက ကျနော်တို့ ဒေသမှာ စောနက ကျနော်ပြောသလိုပဲ ဒေသတွင်း လူမျိုးတစ်မျိုး နဲ့ တစ်မျိုးကြားမှာ အချင်းချင်း ပြဿနာတွေဖြစ်မှာကိုလည်း ကျနော်တို့ စိုးရိမ်ပါတယ်။ ဒေသတွင်း ငြိမ်းချမ်းရေးကို ထိခိုက်လာမှာလည်း ကျနော်တို့ စိုးရိမ်တယ်။ အစိုးရတာဝန်ရှိတဲ့ ခေါင်းဆောင်းပိုင်း၊ ရဲဌာနတွေက ဒီကိစ္စကို အမြန်ဆုံးဖော်ထုတ်ပေးဖို့၊တရားမျှတမှုကို အမြန်ဆုံး လုပ်ဆောင် ပေးဖို့ ထပ်လောင်တောင်းဆိုပါတယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ် ဦးဆေးဂင်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,