လက်ရှိအစိုးရရဲ့ လူသားအပေါ် ဘယ်လောက် တန်ဖိုးထားလဲဆိုတဲ့ – အပိုင်း(၂)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MKL / ဒေါက်တာ Mကောန်လ

Geopolitics အရ အရေးပါတဲ့နေရာမှာ တရုတ်က ဒီဟာကိုစတာဖြစ်တော့ မြစ်ဆုံစီမံကိန်းရဲ့ အဓိက စာချုပ်ကို NLD က မဖော်ပြရဲတာဟာ မြန်မာလူထုတစ်ရပ်လုံး အရမ်းစိတ်ဆိုး …

KNC ခေါ် ကချင်အမျိုးသားကွန်ဂရက်ပါတီကို လွတ်လပ်ရေးရပြီးစကတည်းက စတင် တည်ထောင်ခဲ့ပြီး သက်တမ်း နှစ်ပေါင်း (၇၀) ရှိခဲ့ပြီဖြစ်သည်။ ပြည်ထောင်စုတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် ကချင်အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – တဆက်တည်းပေါ့ တရုတ်နဲ့လုပ်တဲ့ မြစ်ဆုံကိစ္စအပေါ်မှာရော ဘယ်လိုသုံးသပ်မိပါသလဲ။

Dr.MKL – ကျနော်ထင်တာက မြစ်ဆုံစီမံကိန်းစာချုပ်ဟာ အပေါ်စီးကနေ ကြည့်လိုက်ရင်တော့ ရုပ်လုံးပေါ်တယ်။ အဓိက OBOR လမ်းကြောင်းတွေ၊ လျှပ်စစ်ပေးဖို့တွေ၊ စီးပွားရေးဇုန်တွေ ထူထောင်ဖို့ အတွက် အဓိက ရည်ရွယ်တယ်။ ယူနန်အတွက်တော့ မဟုတ် ဘူးဗျ။ သူတို့လည်းပြောတယ်၊ ယူနန်အတွက်မဟုတ်ဘူးဆိုတာ။ ယူနန်မှာလည်း ပိုလျှံနေတယ်။ အဲဒီတော့ မြစ်ဆုံက လျှပ်စစ် ထုတ်မယ့်ဟာ က မဂ္ဂါဝပ် (၁၅,၅၀၀) ရှိတယ်။ မြစ်ဆုံက (၆,၀၀၀)၊ ကျန်တာတွေ စုစုပေါင်းလိုက်ရင် (၉,၅၀၀) ရှိတယ်။ စီမံကိန်း က စုစုပေါင်း ခုနစ်ခုရှိတယ်။ မြစ်ဆုံ တစ်ခုတည်း မဟုတ်ဘူး။ မြစ်ဆုံအထက်မှာ နောက်ထပ် ခြောက်ခုရှိတယ်။ မြစ်ဆုံ မြစ်ဝှမ်း စီမံကိန်းလို့ ပြောမှပြည့်စုံမယ်။ မြစ်ဆုံတစ်ခုတည်းပြောလို့ မပြည့်စုံဘူး။ ကျနော်တို့ မြစ်ဆုံတစ်ခုတည်း ပိတ်သိမ်း လို့ လည်း မပြီးဘူး။ မြစ်ဆုံမြစ်ဝှန်းစီမံကိန်းမှာ ပါတဲ့ဟာအားလုံးက ဆက်စပ်နေတယ်။ ကျနော်ဆိုလိုတာက ဒီစီမံကိန်းကထုတ်လုပ်မယ့် မဂ္ဂါဝပ် (၁၅,၀၀၀) ကျော်ဆိုတာ ကမ္ဘာမှာ အဲဒီလိုထုတ်လုပ်တဲ့ စီမံကိန်းမျိုး ငါးခုမပြည့်ဘူး။ မဂ္ဂဝပ် (၁၅,၀၀၀) ကျော်ထုတ်လုပ်တဲ့ စီမံကိန်းတွေက အမေရိက၊ မက္ကဆီကို၊ ဘရာဇီး အဲဒီနိုင်ငံတွေမှာရှိတယ်။ ကျန်တာတွေကတော့ အဲဒီ မဂ္ဂဝပ် ပမာဏထက် နည်းတဲ့ ဟာတွေချည်းပဲ။ အဲဒီတော့ သူ့ရဲ့ရည်ရွယ်ချက်က မြန်မာပြည်ဟာ အရှေ့တောင်အာရှရဲ့ ကုန်းတွင်းဖြစ်တယ်။ ကုန်းတွင်း OBOR ရဲ့ လမ်းကြောင်း အဝင်ဝဖြစ်တယ်။ ဟိုချီမင်းအထိ။ ဟိုချီမင်းစီးတီးရှိတယ်။ နောက် ဒါနန်းဆိပ်ကမ်းရှိတယ်။ အဲဒီ အထိကို မြန်မာ၊ လာအို၊ ကမ္ဘောဒီယား၊ ထိုင်း ဒီလေးနိုင်ငံကို ဖြတ်ပြီးတော့ Link ကြီးတွေ၊ Web ကြီးတွေ တည်ဆောက်ထားတဲ့ OBOR Web ကြီးဖြစ်တယ်။ Network ကြီးတွေ တည်ဆောက်တာ။ အဲဒီ Network တွေ အားလုံးအတွက် လိုအပ်တဲ့ဟာကို မြန်မာက ဒီလျှပ်စစ်နဲ့ Drive လုပ်ဖို့ ရည်ရွယ်တယ်လို့ ကျနော် သုံးသပ်တယ်။ ဘာဖြစ်လို့လည်းဆို မြန်မာပြည်အတွက်ဆိုရင်လည်း မဂ္ဂဝပ် (၆,၀၀၀) လောက်နဲ့တင် အားလုံးပြီးတယ်။ အဲဒီတော့ OBOR အရှေ့တောင်အာရှ ကုန်းတွင်းလမ်းကြောင်းကြီးတစ်ခုလုံးအတွက် အရေးကြီးလို့ အစောကြီးကတည်းက သူတို့ လာဆောက်တာ။ လာဆောက်တဲ့ အခါမှာ သဘောတူညီချက်တွေကို ၂၀၀၃/ ၂၀၀၄ လောက် ကတည်း က စတယ်။ အဲဒီကနေ ၂၀၀၉ လောက်မှာ စာချုပ်ကိုအပြီး MOU တွေ၊ MOA တွေထိုးပြီးတော့ ၂၀၁၀ မှာ MOA အပြီး ထိုးတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ အခုသမ္မတ ရှိကျင်းဖျင်ပေါ့။ အဲဒီတုန်းက ရှိကျင်းဖျင်က ဒုသမ္မတ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တစ်ရှူးငှက်ပျောလို ကိစ္စမျိုးကို ကချင်ပြည်နယ်အစိုးရကလည်း ပါးစပ် ပိတ်ထားတယ်။ ပြည်ထောင်စု အစိုးရဖြစ်တဲ့ NLD ကလည်း ဒါ တရားမဝင်မှန်း သိရက်သားနဲ့ ပါးစပ် ပိတ်နေရ တယ်။ ဒါ …

သူတို့တွေ တရားဝင်လက်မှတ်ထိုးကြတယ်။ ဆိုတော့ OBOR က ကမ္ဘာကိုတရားဝင်ကြေညာတာ ၂၀၁၃ မှာ ကြေညာတာ။ ဒါပေမယ့် သူတို့ရဲ့ ဒီ Project က ရှေ့ကတည်းက စလုပ်ပြီး အနှစ် (၂၀) plan ချထားပြီးသား ဖြစ်တယ်။ သူတို့ ကြေညာလိုက်တဲ့ အချိန်မှာ အာဖရိက ကို လည်း သူတို့တရုတ်တွေစိုးမိုးပြီးသားဖြစ်တယ်။ အဲဒီတော့ Geopolitics အရ အရေးပါတဲ့နေရာမှာ တရုတ်က ဒီဟာကို စတာဖြစ်တော့ မြစ်ဆုံစီမံကိန်းရဲ့ အဓိက စာချုပ်ကို NLD က မဖော်ပြရဲတာဟာ မြန်မာလူထုတစ်ရပ်လုံး အရမ်းစိတ်ဆိုး သွားနိုင်တဲ့ အချက်တွေ ပါလိမ့် မယ်။ ဘာကြောင့်လည်းဆို မြန်မာနိုင်ငံ အတွက် အရမ်း နစ်နာနိုင်တဲ့ အချက်တွေမှာ တစ်ဖက်စောင်းနင်း လက်မှတ်ထိုးထား ရတော့ လူထုကိုသာ အမှန်တရားအတိုင်း ချပြလိုက်ရင် ဒီတိုင်းပြည်ရဲ့ ဒီမိုကရေစီ ဖြစ်စဉ် ပြောင်းလဲမှုမှာ ငြိမ်းချမ်းတဲ့ အရွေ့ကို အကောင်အထည် မဖော်နိုင်လောက်ဘူးလို့ NLD ကသုံးသပ်ပုံရတယ်။ နောက်ထပ် လူထုအုံကြွမှုတစ်ခု ဖြစ်လာနိုင်တယ်။ အဲဒီတော့ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ် ဖရိုဖရဲဖြစ်မှာကို မဖြစ်စေချင်တဲ့ အတွက် NLD က ကတိ အပျက်ခံပြီး ဒီစာချုပ်ကို ဖုံးဖိလိုက်ပုံပေါ်တယ်။ အဲဒီလို ဖုံးဖိလိုက်တဲ့ အနေအထားက တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ကို ဖရိုဖရဲမဖြစ်စေဖို့ အဓိကရည်ရွယ်တယ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ အမှန်တရားကို နေရာတိုင်း ဖော်ပြ လို့မရတာ ဒီအချက်က သက်သေပဲ ဖြစ်တယ်။ အဲဒီတော့ ကျနော့်အမြင်အရ အခုဒီမြစ်ဆုံစီမံကိန်းက ဖော်ပြလို့မရဘူးဆိုရင် တခြားဟာနဲ့ သူတို့ဘယ်လိုများ ဆက်စပ် သလဲ။ ဆိုတော့ စီမံကိန်းကို နေရာအရွေ့အပြောင်းတွေ လုပ်လာနိုင်တယ်။ သို့မဟုတ် မြစ်ဆုံအပြင် တခြားဘာလုပ်နေလဲဆိုတာတွေ ပေါ်လာနိုင်တယ်။ ပေါ်လာနိုင်တယ်ဆိုတာ တရုတ်ကတောင်းဆိုတဲ့ဟာမှာ မြစ်ဆုံအစား သူတို့ရဲ့ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ တခြားလုပ်ငန်းတွေ သူတို့ကိုပေးဖို့ဆိုတဲ့အချက်မျိုးလည်း တဖက်လှည့်နဲ့ ပြန်လုပ်လာတယ်လို့ ယူဆတယ်။ ဘာလို့ လည်းဆို ကျနော်တို့ ပြည်နယ်မှာ အခု တစ်ရှူးငှက်ပျောလို ကိစ္စမျိုးကို ကချင်ပြည်နယ်အစိုးရကလည်း ပါးစပ် ပိတ်ထားတယ်။ ပြည်ထောင်စု အစိုးရဖြစ်တဲ့ NLD ကလည်း ဒါ တရားမဝင်မှန်း သိရက်သားနဲ့ ပါးစပ် ပိတ်နေရ တယ်။ ဒါ အလဲအလှယ်တစ်ခု ဖြစ်လာနိုင်တယ်။ ဒါပေမယ့် တကယ်တမ်းပြောရင် ဒီကိစ္စက သေးသေးလေးပါ။ ကျန်တဲ့ အကြီးကြီးတွေက ဘာဖြစ် လာနိုင်လဲ ဆိုတော့ ချီဖွေ၊ ဆော့လော်ဘက်မှာ၊ သို့မဟုတ် မချမ်းဘော၊ ပူတာအို၊ နောင်မွန်း၊ ထိုင်ယမ် ဧရိယာမှာ သတ္တုတွေထုတ်လုပ်ဖို့ တရုတ်တွေ အပြင်းအထန် ပြင်ဆင်လာတယ်။ သတ္တု ရှာဖွေရေးတွေ လုပ်တယ်။ ဥပဒေဘောင်တွင်းက လုပ်လာတယ်။ တရုတ် ကုမ္ပဏီတွေက အခြားနာမည်တွေနဲ့ လာတယ်။

မြစ်ကြီးနားမှာဆို ဗမာတွေအများကြီးပဲ၊ တရုတ်တွေလည်းမဲပေးတယ်၊ ဗမာတွေလည်း မဲပေးတယ်၊ အိန္ဒိယ အမျိုးသား ဂေါ်ရခါး တွေလည်း မဲပေးကြတယ်။ အဲဒီတော့ ပြောချင်တာက လူမျိုးကိုအခြေခံတာမဟုတ်ဘူး။ ဒေသကိုအခြေခံပြီး …

အဲဒီလိုမျိုးတွေရှိတယ်။ နောက်တစ်ခါ ရန်ကုန်မြို့သစ် စီမံကိန်းကို စီလေးလုံး (CCCC) ကုမ္ပဏီ (China Communication and Construction Company) က ရတယ်။ ဒီကုမ္ပဏီရဲ့ Background ကို ပြန်လိုက်ရင် ကျနော်တို့ မြစ်ဆုံမှာလည်း ပါဝင် ပတ်သက် တယ်၊ လက်ပတောင်းမှာလည်း ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီ ဖြစ်နေတယ်။ အဲဒီတော့ ရန်ကုန်မြို့သစ် စီမံကိန်းက မြစ်ဆုံကို အစား ထိုး တာလား။ CMEC ရဲ့ အဓိက ထွက်ပေါက်တစ်ခုအနေနဲ့။ ဒါတွေကျနော်တို့က ခြုံငုံကြည့်ဖို့လိုမယ်။ မြစ်ဆုံအစား ဒီဟာတွေကို ပေးလိုက်သလား ဆိုတဲ့အချက်က စဉ်းစားစရာဖြစ်တယ်။ မြစ်ဆုံကို အကောင်အထည်ဖော်ရင် လူထုအုံကြွမှု ဖြစ်လာ နိုင်တယ်ဆိုတဲ့ အချက်လည်းရှိတော့ အဲဒီအပေါ်မှာ အကုန်လုံး သုံးသပ်လိုက်ရင် အဲဒီလို မြင်ကွင်းတစ်ခုတော့ မြင်လာရတယ်။

ငြမ်းမီဒီယာ – ရွေ့ပြောင်းလုပ်သားတွေရဲ့ မဲပေးခွင့်နဲ့ပတ်သက်ပြီး နေထိုင်တဲ့ကာလကို သုံးလလို့ သတ်မှတ်လိုက်တာကို ကချင် အမျိုးသားကွန်ဂရက်ပါတီက ကန့်ကွက်ထားတာသတိ ပြုမိတယ်။ ဒီအချက်အပါအဝင်ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တခြားသော စီစဉ်ဆောင်ရွက်မှုတွေ အပေါ်မှာလည်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ချို့က ဝေဖန်ထောက်ပြတာတွေရှိနေတော့ ပါတီ ဥက္ကဌတစ်ယောက်အနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်ပါ သလဲ။

Dr.MKL – အမှန်ကတော့ ရက်ပေါင်း (၁၈၀) ၊ ခြောက် လတုန်းကလည်း ကျနော်တို့သဘောမတူဘူး။ ဒီခြောက်လပဲဖြစ်ဖြစ်၊ သုံးလပဲ ဖြစ်ဖြစ် ဒီရွေ့ပြောင်းလုပ်သားဆိုတာ အတည်နေတဲ့သူ မဟုတ်ဘူး။ သူ့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုက ဒီရွေ့ပြောင်းလုပ်သားဆိုတာ အတည်နေတဲ့သူတွေ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျနော်တို့ရဲ့ electoral system ကိုကြည့်ဖို့လိုတယ်။ ကျနော်တို့တိုင်းပြည်ရဲ့ ရွေးကောက်ပွဲ စနစ်က မြို့နယ်ကို အခြေခံတယ်။ အဲဒီမြို့နယ်မှာရှိတဲ့ ဒေသခံလူတွေ၊ အဲဒီမှာအမြဲနေထိုင်သူတွေရဲ့ နိုင်ငံရေး အခွင့်အလမ်းကို ဖော်ဆောင်ပြီးတော့မှပြည်ထောင်စု လွှတ်တော်ကို ပို့တာ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် စသဖြင့် ပေါ့။ အဲဒီတော့ကျနော်တို့ ရွေးချယ်တာက လူမျိုးကိုတော့ ကျနော်တို့ ရွေးချယ်စရာ မဟုတ်ဘူး။ ဥပမာဗျာ ကချင်ပြည်နယ်၊ မြစ်ကြီးနား မှာဆို ဗမာတွေအများကြီးပဲ၊ တရုတ်တွေလည်းမဲပေးတယ်၊ ဗမာတွေလည်း မဲပေးတယ်၊ အိန္ဒိယ အမျိုးသား ဂေါ်ရခါး တွေလည်း မဲပေးကြတယ်။ အဲဒီတော့ ပြောချင်တာက လူမျိုးကိုအခြေခံတာမဟုတ်ဘူး။ ဒေသကိုအခြေခံပြီး သူတို့ရဲ့ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့ကိုယ်စားလှယ်ကို ရွေးချယ်တာ။ အဲဒီတော့ ဒေသခံတွေရဲ့ ဒီနိုင်ငံရေးအခွင့်အလမ်းကို ခေတ္တလာနေတဲ့ ဘာလူမျိုးပဲဖြစ်ဖြစ် မစွက်ဖက်သင့်ဘူး။ ခြောက်လပဲဖြစ်ဖြစ်၊ သုံးလပဲဖြစ်ဖြစ် အဲဒီပုဒ်မကို ဖျက်ကိုဖျက်ရမှာ။

ဒီမိုကရေစီစနစ်ပဲဖြစ်ဖြစ်၊ ဖက်ဒရယ် စနစ်ပဲဖြစ်ဖြစ် သွားမယ်ဆိုရင် ဒီတိုင်းပြည်မှာနေတဲ့ လူမျိုးစုအားလုံးရဲ့ တန်းတူညီမျှမှု နိုင်ငံရေးအခွင့်အလမ်းကိုတော့ စဉ်းစားသင့်တယ် …

ဘာလုပ်ရမလဲဆိုတော့ အခုအဝေးရောက် မဲပေးစနစ်တွေ၊ ကြိုတင်မဲပေးစနစ်တွေ၊ နောက် တပ်မတော်သားတွေနဲ့ တပ်ရင်း တပ်ဖွဲ့ထဲ ကသူတို့ မိသားစုတွေရဲ့ မဲဆန္ဒပေးတာတွေ ဒီလိုတွေလည်းလုပ်နေတာပဲ၊ ကျနော်တို့ ရွေးကောက်ပွဲ နှစ်ကြိမ်တောင်ရှိပြီ။ ဘာမှ ခက်တဲ့ကိစ္စလည်း မဟုတ်ဘူး။ အခုဒီရွေ့ပြောင်းလုပ်သားတွေရဲ့ စာရင်းဆိုတာ၊ ဒါကမဲစာရင်းကောက်တဲ့အချိန်မှာ ရှိနေပြီပဲ။ ရွေ့ပြောင်းလုပ်သား ဘယ်သူ ဘယ်သူ ဆိုတာ။ အိမ်ထောင်စု ဇယား မပြနိုင်ရင် ရွေ့ပြောင်းလုပ်သားပဲလေ။ အဲဒီတော့ သူ့ရဲ့ မူလ ဒေသကိုသွားလေ၊ မသွားဘူးဆိုရင် အဝေးရောက်မဲပေးစနစ်နဲ့ မဲပေးနိုင်အောင် အစိုးရက မဖြစ်မနေလုပ်ပေးရမယ်။ သူ့ရဲ့ နိုင်ငံသား အခွင့် အရေးကို အကောင်အထည်ဖော်ပေးရမှာ။ ရွေ့ပြောင်းလုပ်သားမို့ မဲမပေးရဘူးလို့ ကျနော်ဆိုလိုတာမဟုတ်ဘူးနော်။ အခုဟာက နှစ်ချက်ပဲရှိတယ်။ တစ်က သူ့ဒေသသူပြန်ပြီး မဲပေးချင်ပေး၊ မသွားချင်ဘူးဆိုရင် အစိုးရက အဝေးရောက်မဲပေးစနစ် (သို့) ကြိုတင်မဲပေးစနစ်ကို မဖြစ်မနေအကောင်အထည်ဖော်ပေးရမယ်။ အဲဒီအတွက် အစိုးရမှာအတွေ့အကြုံ မရှိဘူးလားဆိုတော့ ရှိတယ်။ ရွေးကောက်ပွဲကော်မရှင်မှာ အတွေ့အကြုံရှိတယ်။ ၂၀၁၀ တုန်းကလည်း ဒီအတိုင်းပဲလုပ်ခဲ့ပြီးပြီ၊ ၂၀၁၅ မှာလည်း လုပ်ခဲ့ပြီးပြီ။ တပ်မတော်သားတွေ မဲပေးတဲ့ဟာတွေ။ ဒီအရပ်သားတွေကိုလည်း ဘာလို့ လုပ်လို့မရမှာလည်း၊ အတွေ့အကြုံ ရှိပြီးသားပဲ။ လုပ်ချင်စိတ်ပဲလိုတာ။ အဲဒီတော့ အခုဒီဟာကို အကောင်အထည်ဖော်မယ်ဆိုတာက ခုနက ပြောသလိုပဲ။ ကျနော်တို့ တိုင်းရင်းသား ပါတီတွေ ပြည်ထောင်စုပါတီပဲဖြစ်ဖြစ်၊ ပြည်နယ် အခြေစိုက်ပဲဖြစ်ဖြစ် ဘယ်သူမှ ရန်ကုန်၊ မန္တလေး၊ မကွေးလို နေရာမျိုးမှာ လာပြိုင်လို့လည်းမရဘူး၊ ပြိုင်မယ်ဆိုရင်လည်း မနိုင်ဘူး။ ဒါသေချာတယ်။ ကျနော်တို့အတွက်က ပြည်မရဲ့ မဲဆန္ဒ နယ်မြေတွေမှာ သွားရောက်ဆုတ်ကိုင် စွက်ဖက်ပြီးတော့၊ ကိုယ်စားလှယ် ဆိုရင်လည်း ဥပမာ အဲဒီကလူမျိုး၊ အဲဒီမှာ အမြဲ နေထိုင်တဲ့ သူတွေကို နိုင်ငံရေးအရစည်းရုံးပြီး လုပ်ရမယ်။ အဲဒါတောင် သူတို့က ဖက်ဒရယ်ကို စိတ်ဝင်စားဦးမှ။ ပြည်မမှာ နေထိုင်တဲ့သူ အများစုက ဖက်ဒရယ်ကို စိတ်မဝင် စားဘူး။ သူတို့က ဒီမိုကရေစီပဲ စိတ်ဝင်စားတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့မှာ Self – Determination လို့ခေါ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်က အကုန်လုံးရှိပြီးသား။ ဥပမာ ဘာသာတရားပဲဖြစ်ဖြစ်၊ စာပေပဲဖြစ်ဖြစ်၊ ယဉ်ကျေးမှုပဲ ဖြစ်ဖြစ် ကိုယ်တိုင်စိတ်ကြိုက် ဖန်တီးတည်ဆောက်ထားတယ်။ အဲဒါကြောင့် သူတို့က Self – Determination ဆိုတဲ့ ဖက်ဒရယ်အနှစ်သာရကို သူတို့စိတ်မဝင်စားဘူး။ စိတ်မဝင်စားတော့ ကျနော်တို့ ဘယ်လောက်ပဲ ကိုယ်စားလှယ်သွားထုတ် ထုတ် ကျနော်တို့မနိုင်ဘူး။ အဲဒီတော့ အဓိက ကျနော်တို့လူမျိုးစုတွေများတဲ့ ပြည်နယ် နေရာဒေသ မျိုးတွေမှာသာလျှင် ကျနော်တို့အားထုတ်ရမှာဆိုတော့၊ အဲဒီနေရာတွေမှာလည်း တိုင်းရင်းသား ရွေ့ပြောင်းလုပ်သား အများစုက နိုင်ငံခြားမှာပဲရှိနေတယ်။ ဒီ ပြည်တွင်းမှာမရှိဘူး။ အဓိက ပြည်မက ဗမာလူမျိုးအများစုကပဲ ရွေ့ပြောင်းလုပ်သား ဖြစ်နေတယ်။

ကမ္ဘာမှာစစ်ပွဲတိုင်းဟာ တိုတိုနဲ့ မြန်မြန်ပဲပြီးတယ်။ အဲဒီလို မဟုတ်တော့ဘူး ဆိုတာနဲ့ ဒါ စစ်စီးပွားရေးကစားတယ်လို့ပဲ ပြောကြတယ်။ ဒါ အများစုပြောကြတာ။ အဲဒီတော့ ကျနော်တို့ဆီမှာ …

အဲဒီတော့ Burmanization ပေါ့။ ကျနော်တို့က အဲဒီလိုပဲ တည့်တည့်ပြောမယ်။ ဗမာလွှမ်းမိုးချုပ်ကိုင်မှုကို နိုင်ငံရေးအရ အကောင်အထည်ဖော်တဲ့ ပုံစံမျိုးက တရားမျှတမှု မရှိဘူးလေ။ အဲဒီတော့ တကယ်တမ်း ဒီမိုကရေစီစနစ်ပဲဖြစ်ဖြစ်၊ ဖက်ဒရယ် စနစ်ပဲဖြစ်ဖြစ် သွားမယ်ဆိုရင် ဒီတိုင်းပြည်မှာနေတဲ့ လူမျိုးစုအားလုံးရဲ့ တန်းတူညီမျှမှု နိုင်ငံရေးအခွင့်အလမ်းကိုတော့ စဉ်းစားသင့် တယ်လို့ ကျနော်ပြောချင်တယ်။ ကိုယ့်တစ်ခုတည်းကြည့်လို့တော့ မရဘူး။ အခုသူတို့ အကြောင်းပြနေတဲ့ ‘နိုင်ငံသားပဲ၊ ပေးခွင့်ရ ရမှာပေါ့’ ဆိုတဲ့ အဲဒီ Reason တစ်ခုတည်းနဲ့လည်း မလုံလောက်ဘူး။ အဲဒါကြောင့် ကျနော်တို့က ကန့်ကွက်ရတာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ရက်ပိုင်းအတွင်းမှာပဲ တော်လှန်ရေးလုပ်ဖို့ လက်နက်စွဲကိုင်ကြတာတွေ စဖြစ်ခဲ့တယ်။ ခုဆို ပြည်တွင်းစစ်ရဲ့သက်တမ်းဟာ လူသားမျိုးဆက်တစ်ခုစာ ဆယ်စုနှစ် ရှစ်ခုထဲကိုရောက် လာပြီ။ ရာစုနှစ် တစ်ခုနီးပါး လုပ်လာတဲ့တော်လှန်ရေးတွေ ခုထိမအောင်မြင်ရတာဟာ ဘယ်လိုအကြောင်း အရင်းကြောင့်လို့ ယူဆပါသလဲ။

Dr.MKL – အဲဒါက နှစ်ချက်ရှိတယ်ဗျ။ ကမ္ဘာမှာစစ်ပွဲတိုင်းဟာ တိုတိုနဲ့ မြန်မြန်ပဲပြီးတယ်။ အဲဒီလို မဟုတ်တော့ဘူး ဆိုတာနဲ့ ဒါ စစ်စီးပွားရေးကစားတယ်လို့ပဲ ပြောကြတယ်။ ဒါ အများစုပြောကြတာ။ အဲဒီတော့ ကျနော်တို့ဆီမှာကြည့်ရင် တော်လှန်ရေး မအောင်မြင် ရတဲ့ အကြောင်းအရင်း နံပါတ်တစ်အချက်က တစ်ဖက်ဖက်ကနေပြီး အပြတ်အသတ် ပံ့ပိုးပေးလိုက်တာမျိုး မတွေ့ရဘူး။

မြန်မာပြည်ရဲ့ တော်လှန်ရေး အုပ်စုကို ကြည့်မယ်ဆိုရင် တောင်နဲ့မြောက် နှစ်ခုကွဲတယ်။ အင်အားကြီးတာတွေပေါ့။ အခု မြောက်ပိုင်း မှာဆို ‘ဝ’ ရှိမယ်။ မိုင်းလားရှိမယ်။ နောက် KIA ရှိမယ် …

ဆိုတော့ အဲဒီဥပမာတွေ ကျနော်တို့ပြောရရင် ကျူးဘား revolution ပေါ့။ ဖီဒယ်ကတ်စရိုတို့လုပ်တယ်၊ (၅) နှစ်၊ (၅) လ၊ (၆) ရက်တိတိကြာတဲ့အချိန်မှာ ဟာဗားနားမြို့ကို သိမ်းနိုင်တယ်။ အဲဒါဘာလို့လည်းဆိုတဲ့အချက်က ကျူးဘားကို အဓိက အထောက်အပံ့ တွေ ပုံအောပြီးပေးတာ Russian တွေပေးတာဖြစ်တယ်။ ဒီလိုပဲ ကိုရီးယားစစ်ပွဲ၊ တစ်ဖက်က မြောက်ကိုရီးယားဖက်က တရုတ်က ပုံအောပြီး တိုက်တယ်။ တောင်ကိုရီးယားဖက်က အမေရိကန်က ပုံအောပြီး တိုက်တယ်။ အဲဒီခါကျမှ သူ့ရဲ့ စစ်ပွဲက ပြတ်ပြတ် သားသား နယ်နိမိတ် စည်းခြားနိုင်တယ်။ နောက်တစ်ခါ ဗီယက်နမ်စစ်ပွဲ၊ အတူတူပဲ။ နောက်ဆုံး ကျနော်ပြောပြမယ် သီရိလင်္ကာ မှာ တမီလ်ကျားတွေကိုနှိမ်နင်းတုန်းက သီရိလင်္ကာအစိုးရကို အိန္ဒိယကသာ ပုံအောပြီးကူညီမှု မရှိဘူးဆိုရင် တမီလ်ကျားတွေ ဒီနေ့ အထိရှိနေဦးမှာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့မြန်မာပြည်မှာ ကံဆိုးမိုးမှောင်စွာနဲ့ ပုံအောပြီးကူညီတဲ့သူ မရှိဘူး။ ပုံအောပြီး တစ်ဖက်ဖက်က ကူညီတာမျိုး မရှိဘူး။ ဥပမာ မြန်မာအစိုးရကို ပုံအောပြီးကူညီလိုက်မယ်ဆိုလည်း ပြတ်တယ်။ သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကို ပုံအောပြီး ကူညီ လိုက်မယ်ဆိုလည်း ပြတ်သွားမှာ။ ဒါပေမယ့် အဲဒီလို ပုံအောပြီး ကူညီတာ မရှိဘူး။ အဲဒီတော့ နံပါတ်တစ် Error က ဘာလဲဆိုတော့ အနောက် ဥရောပအုပ်စုက မြန်မာပြည်ရဲ့ Geopolitics ကို OBOR နဲ့ချိတ်ဆက်လာလို့ ခုမှသူက စိတ်ဝင် စားလာတာ။ ဘာလို့လည်းဆို သူတို့က ထိုင်း၊ စင်္ကပူ၊ မလေး၊ ထိုင်ဝမ် စတာတွေကို ထိန်းချု ပ်ထားတယ်။ အဲဒီတော့ ဒီဖက် ဂျပန်အရှေ့ဖျားကို ဝင်တဲ့လမ်းကြောင်းမှာ သူတို့ ထိန်းချုပ်ဧရိယာ များတယ်၊ သူတို့ စိတ်ပူ စရာ မလိုဘူးလို့ တွက်ထားတယ်။ ဒါပေမယ့် တရုတ်က ကျောက်ဖြူဆိပ်ကမ်းကနေ ကူမင်းကိုဖြတ်ပြီး ဝင်လာတယ်။ အဲဒီတော့ နဂိုက တော်လှန်ရေးအုပ်စုကို ပြတ်ပြတ်သားသား ထောက်ပံ့တာ မရှိခဲ့ဘူး။ မရှိလို့ ဒီတော်လှန်ရေးဟာ နှစ် (၇၀) ကြာလာခဲ့တာ။ ဒါက တစ်ချက်။ နောက် တရုတ်ကိုယ်နှိုက်ကလည်း ပြတ်ပြတ်သားသား မထောက်ပံ့ဘူး။ ဒီဖက်က ဗမာပြည်မအစိုးရကို ပုံအော မထောက်ပံ့ သလို ဟိုဖက် EAO ကိုလည်းပုံအော မထောက်ပံ့ဘူး။ သူက မွေးထားတာပဲရှိတယ်။ သူက မွေးထားပြီးတော့ ကျနော်တို့ ဆီက သယံဇာတကို ခေါင်းပုံဖြတ်တာ ပဲရှိတယ်။ ဒါ အားလုံးသိပြီးသားပါ။ အဲဒီတော့ နံပါတ်တစ် အချက်အနေနဲ့ တစ်ဖက်ဖက်ကို အင်အားစုကြီးတစ်ခုက ပုံအောမထောက်ပံ့သမျှ စစ်ပွဲကဘယ်တော့မှမပြီးဘူး။ ဒါပေမယ့် မထောက်ပံ့ဘဲနဲ့ ပြီးတဲ့စစ်ပွဲတွေ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ စစ်လက်နက် ပစ္စည်းထုတ်လုပ်ပြီး နည်းပညာမြင့်တဲ့ တိုင်းပြည်တွေကျတော့ ထောက်ပံ့စရာ မလိုဘူး။ ဥပမာ အမေရိကလိုမျိုး၊ အစ္စရေးလိုမျိုး။ သူ့စစ်ပွဲ သူ့ဟာသူ တိုက်နိုင်တယ်။ အပြတ်ဖြတ်နိုင်တယ်။ ဒါမျိုးတွေ ကွာတယ်။

မြောက်ပိုင်းအုပ်စုနဲ့ တောင်ပိုင်းအုပ်စု ပေါင်းပြီးတိုက်ရင် ဒီပြည်ထောင်စု တပ်မတော်ဟာ ကျနော် ထင်တယ် မခံနိုင်လောက်ဘူးဗျ။ အဲဒီလိုကျတော့လည်း သူတို့မတိုက်နိုင်ကြဘူး။ ဘာလို့လည်းဆို …

အဲဒီတော့ ကျနော်တို့ တိုင်းပြည်က နည်းပညာ မရှိဘူး၊ စစ်လက်နက် ပစ္စည်း ထုတ်လုပ်တဲ့ တိုင်းပြည် မဟုတ်ဘူး။ ဒါကြောင့် EAO နဲ့ ပြည်မ ဗမာအစိုးရက စစ်ပွဲမပြတ်ဘူး။ ဒါကတစ်ချက်။ နောက်တစ်ချက် က ဘာနဲ့ဆက်စပ်သလဲဆိုတော့ အကျိုးစီးပွား မတူဘူး။ မြန်မာပြည်ရဲ့ တော်လှန်ရေး အုပ်စုကို ကြည့်မယ်ဆိုရင် တောင်နဲ့မြောက် နှစ်ခုကွဲတယ်။ အင်အားကြီးတာတွေပေါ့။ အခု မြောက်ပိုင်း မှာဆို ‘ဝ’ ရှိမယ်။ မိုင်းလားရှိမယ်။ နောက် KIA ရှိမယ်။ တောင်ပိုင်းမှာဆို KNU က အဓိကပဲ။ ကြားထဲမှာတော့ SSPP ရယ်၊ SSA ရယ်က မြောက်ပိုင်းမှာပါတယ်။ အဲဒီလိုမျိုးတွေ သွားတယ်။ အဲဒီဟာတွေရဲ့ အကျိုးစီးပွားနောက်ခံက ကွဲတယ်။ ဥပမာ KNU ရဲ့ နောက်ခံ Backgroud က ထိုင်းဖြစ်တယ်။ နောက် KIA နဲ့ မြောက်ပိုင်းအဖွဲ့တွေရဲ့ Background က တရုတ်ဖြစ်တယ်။ ရှင်းရှင်းလေး ပဲ။ တရုတ်ရဲ့ အကျိုးစီးပွားနဲ့ ထိုင်းရဲ့အကျိုးစီးပွားက မတူဘူး။ မတူတဲ့အခါကျတော့ တောင်နဲ့မြောက်က ဘယ်တော့မှပေါင်းပြီး မတိုက် နိုင်ဘူး။ ခင်ဗျားစဉ်းစားကြည့် ဥပမာ မြောက်ပိုင်းအုပ်စုနဲ့ တောင်ပိုင်းအုပ်စု ပေါင်းပြီးတိုက်ရင် ဒီပြည်ထောင်စု တပ်မတော်ဟာ ကျနော် ထင်တယ် မခံနိုင်လောက်ဘူးဗျ။ အဲဒီလိုကျတော့လည်း သူတို့မတိုက်နိုင်ကြဘူး။ ဘာလို့လည်းဆို လက်နက် ပုံအော သုံးပေး ရမယ်၊ ငွေကြေးအထောက်အပံ့တွေရော၊ နောက်တစ်ခါ မီဒီယာတွေ။ မီဒီယာတွေက ထောက်ပံ့မှု ရှိရမယ်။ အဲဒီတော့ တရုတ်ရဲ့ အကျိုးစီးပွားနဲ့ ထိုင်းရဲ့အကျိုးစီးပွား တခြားစီဖြစ်နေတဲ့အခါ KIA နဲ့ ဒီဖက်က KNU ဘယ်တော့မှ ပေါင်းပြီးအလုပ်မလုပ်နိုင်ဘူး။ အဲဒါ ကြောင့်လည်း ဒီစစ်ပွဲတွေက မပြတ်ဘူး။ ဒါ မအောင်မြင်ရတဲ့ အကြောင်းအရင်းတွေဖြစ်တယ်။ အဓိကနှစ်ချက်ပဲ၊ Background အကျိုးစီးပွား မတူတာရယ်၊ ပုံအော မကူညီနိုင် တာရယ်ပေါ့။

ငြမ်းမီဒီယာ – ဒီမိုကရေစီရပြီးမှ ဖက်ဒရယ်ကိုပုံဖော်မယ်လို့ NLD ပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်ရဲ့ ပြောကြားချက် ကို ဘယ်လိုမြင်ပါသလဲ။

Dr.MKL – ကျနော်ပြောပြမယ်။ ကျနော်တို့ ဒီနေ့ (၂၁) ရာစုက Liberal Democracy ရဲ့ကာလ ဖြစ်တယ်။ နိုင်ငံရေး အပိုင်းအခြားတွေနဲ့ သုံးသပ်လို့ ရတယ်။ ဆိုတော့ Liberal Democracy က (၁၈) ရာစု အစ၊ ၁၇၂၅ မှာ မွန်တက်စ်ကျူ (Montesquieu) ၊ ပြင်သစ် ဖီလိုဆိုဖစ်ပေါ့။ သူက စ အကောင်အထည်ဖော်ရာကနေ Liberal အယူဝါဒက ထွန်းကားတယ်။ ဒီနေ့ထိလည်း ထွန်းကား တုန်းပဲ။ အပြီးမသတ်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ (၁၉၅) နိုင်ငံရှိတဲ့အထဲမှာ (၅၅) နိုင်ငံက Liberal Democracy စနစ်ကျင့်သုံးသေးတယ်။ ကျန်တာက Dictatorship လုံး၀ အာဏာရှင် ဆိုပြီးတော့ ရှိနေသေးတယ်။ အဲဒီတော့ ကျနော်တို့က သုံးပုံ တစ်ပုံတောင်မရှိသေးတဲ့၊ ဒါ ကမ္ဘာက လက်မခံသေးတဲ့၊ လက်ခံလို့မရသေးတဲ့ စနစ်ကြီးဖြစ်တယ်။ မပြီးပြည့်စုံသေးဘူး။ ကျနော် တို့က အဲဒီ နိုင်ငံရေးစနစ်တွေ ပြန်ပြီးတော့ လေ့လာ သုံးသပ်မယ်ဆိုရင် စနစ်တိုင်းမှာ ပြီးပြည့်စုံဖို့ အချိန်တစ်ခု လိုတယ်။ အခုဟာက တစ်ဝက်တစ်ပျက်ပဲရှိသေးတယ်။ ဒေါက်တာမျိုးညွှန့် ပြောတာက သူ့အနေနဲ့ နိုင်ငံရေးစနစ်တွေကို နားလည်လို့ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်၊ နားမလည်ဘဲပြောတာလည်း ဖြစ်နိုင်တယ်။ သူလိုရာ ကောက်ပြောတာလည်း ဖြစ်နိုင်တယ်။ အမှန်ကတော့ Liberal Democracy စနစ်ရဲ့ အနှစ်သာရကို မသုံးသပ်လို့ ဒီစကား ထွက်တယ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ ကျနော်တို့က ဖက်ဒရယ် ပဲဖြစ်ဖြစ်၊ ဒီမိုကရေစီပဲဖြစ်ဖြစ် အဓိကဘာလဲဆိုတော့ Human Origin က လူမျိုးစုအလိုက် သူ့ရဲ့ Self – Determination နဲ့ သူ့ရဲ့ Human Right က နံပါတ်တစ်ပဲ။ လူတစ်ဦးချင်းရဲ့ Human Right တွေစုလိုက်ရင် လူ့အဖွဲ့အစည်းရဲ့၊ လူမျိုးစုတစ်စုရဲ့ civilization ပေါ်လာမယ်။ လူမှုအဖွဲ့အစည်းပေါ်လာရင် အဲဒီ လူမှုအဖွဲ့အစည်း ဆိုတာ နိုင်ငံရေးပဲလေ။ ဆိုတော့ စကားတစ်ခွန်း ပြောတဲ့ နေရာမှာ အဲဒီနိုင်ငံရေးရဲ့ ဒဿနိကတွေ၊ Ideology တွေကို နားလည်ဖို့လိုတယ်။ Liberal Democracy မှာ Liberal ရဲ့ အဓိက အယူဝါဒက လူတစ်ဦးချင်းလွတ်လပ်ခွင့်၊ freedom of expression ၊ freedom of fear ၊ freedom from want အဲဒါတွေအားလုံး ပြည့်စုံဖို့ လိုတယ်။ အဲဒါက လူတစ်ဦးချင်းကို အဓိကထားတယ်။ အဲဒီကနေမှ လူတွေစုလိုက်တဲ့အခါ လူမျိုးစုဆိုတာ ပေါ်လာတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီတိုင်းပြည်ကို ကောင်းကောင်းမွန်မွန် ညီညီညာညာ အကောင်အထည်ဖော်ချင်တယ် ဆိုရင်တော့ ဖက်ဒရယ်ကို ဦးစားပေးဖို့ လိုတယ် …

လူမျိုးစု အခွင့်အရေး၊ နောက် ဒေသန္တရအခွင့်အရေး အဲဒီမှာ နှစ်ပိုင်းပြန်ပါတယ်။ လူ့အဖွဲ့အစည်းကိုပိုင်းခြားရင် ဒေသန္တရ လူ့အဖွဲ့အစည်းရှိတယ်၊ လူမျိုးစု လူ့အဖွဲ့အစည်းရှိတယ်။ Civilization မှာ အဲဒီလို ခွဲပြီးမြင်လို့ရတယ်။ အဲဒီတော့ Liberal Democracy ရဲ့ အနှစ်သာရ က လူ့အဖွဲ့အစည်းရဲ့ လွတ်လပ်သော နိုင်ငံရေး လွတ်လပ်ခွင့်တွေ၊ လူမှုရေး လွတ်လပ်ခွင့်တွေ၊ သူ့ရဲ့ Human Origin တွေ၊ လူတစ်ဦးချင်းရဲ့ ရသင့်တဲ့ အခွင့်အရေးတွေကို အကောင်အထည်ဖော် တာဖြစ်တယ်။ ဖက်ဒရယ်ရဲ့ အခြေခံက ဒါပဲလေ။ Liberal ရဲ့ အခြေခံက Federal ပဲ။ ဖက်ဒရယ်က ရှင်းရှင်းလေးပြောရင် သူ့အစုနဲ့သူ သူ့ရပိုင်ခွင့်ကို သူ့ရဲ့စီမံခန့်ခွဲမှုနဲ့ လွတ်လပ်စွာ ဆောင်ရွက်တဲ့ နိုင်ငံရေးစနစ်ရဲ့ အသွင်သဏ္ဍန်ကိုပဲ ဖက်ဒရယ်လို့ပြောတာ။ အဲဒီတော့ အဲဒီ နိုင်ငံရေးစနစ်ကို ပြန်ကောက်ရင် ခုနက Liberal အယူအဆက Origin ဖြစ်နေတယ်။ ဒီမိုကရေစီ ဆိုတဲ့ Liberal အယူအဆမှာ ပြည်သူကပဲ နိုင်ငံရေး အာဏာကို မဲပေးခွင့်ရှိရမယ်။ Sovereign Power က လူထုကပဲလာ ရမယ်၊ လူတစ်ဦးချင်းစီကပဲ လာရမယ်။ Bottom up ပဲဖြစ်ရ မယ်။ လူတစ်ဦးချင်းရဲ့ မဲပေးခွင့်နဲ့လုပ်ရမယ်။ လွှတ်တော်သုံးရပ် Separation of Power ဖြစ်ရမယ်။ ဒါမျိုးတွေရှိတယ်။ အဲဒါ မူရင်း Origin က ဖက်ဒရယ်ပဲ။ ဖက်ဒရယ်ဆိုတဲ့ အဓိပ္ပါယ်က လူတစ်ဦးချင်း၊ လူ့အဖွဲ့အစည်း တစ်ခုချင်းရဲ့ သီးခြား လွတ်လပ်စွာ ဆောင်ရွက်ခွင့်နဲ့ နိုင်ငံရေးအခွင့်အလမ်းတွေ အကောင်အထည် ဖော်ရမယ်။ အဲဒီကနေပြီးတော့မှ ဒီမိုကရေစီကို ပြောင်းတာ။ အဲဒီတော့ Origin of Human ရဲ့ အခွင့်အရေးလို့ ပြောနိုင်တယ်။ လူ့အခွင့်အရေး ရှိမယ်ဆိုရင် ဖက်ဒရယ်ပဲ၊ ဒီမိုကရေစီ မဟုတ်ဘူး။ ဖက်ဒရယ်ကနေပြီးမှ ဒီမိုကရေစီကိုသွားတာ။ အဲဒီတော့ ကျနော်တို့ သမိုင်းဦးဘုံမြေစနစ်ကို ပြန်ကြည့်၊ ဒါက ချိတ်ဆက်ပြီး ပြောဖို့ လိုတယ်။ သမိုင်းဦးဘုံမြေစနစ်မှာ လူတွေဟာ တူရာ တူရာ ဂူထဲမှာ အောင်းနေကြတယ်။ တူရာ တူရာ စားဖို့သောက်ဖို့ စိုက်ပျိုးရေး တွေလုပ်ကြတယ်။ နောက်လူမျိုးစုချင်း စုကြတယ်။ အဲဒီအထဲမှာ သူ့ရဲ့လူမျိုးစု ခေါင်းဆောင်ဆိုတာ သူ့ဟာသူ ရွေးချယ်ပြီး ပေါ်လာ တာ။ အဲဒါက ဖက်ဒရယ်ပဲ။ အဲဒါက ဒီမိုကရေစီ မဟုတ်သေးဘူး။ အဲဒီဟာကို အခြေခံပြီးတော့မှ civilization ကြီးထွား လာတဲ့ အခါမှ နိုင်ငံရေး စနစ်တွေ ပေါ်လာတာ။ Autocracy လား၊ Democracy လား ဆိုတာတွေ အဲဒီလိုပေါ်လာတာ။ Origin က ဖက်ဒရယ်ပဲ။ ကျနော် တို့က အဲဒီလိုပဲခံယူတယ်။ ဒါကြောင့်မို့ ဒေါက်တာမျိုးညွှန့်ပြောတာက ပြောင်းပြန် ဖြစ်နေတယ်။ ဒီတိုင်းပြည်ကို ကောင်းကောင်းမွန်မွန် ညီညီညာညာ အကောင်အထည်ဖော်ချင်တယ် ဆိုရင်တော့ ဖက်ဒရယ်ကို ဦးစားပေးဖို့ လိုတယ်။ ဖက်ဒရယ်ကို အကောင်အထည်ဖော်လိုက်တာနဲ့ ဒီမိုကရေစီက ပါပြီးသားဖြစ်တယ်။ ဒါပေမယ့် ဒီမိုကရေစီကို အကောင်အထည် ဖော်ရင် ဖက်ဒရယ်က ပါချင်မှပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဖက်ဒရယ်ဒီမိုကရေစီလို့ စကားအသုံး အနှုန်းဖြစ်နေတာ။

ငြမ်းမီဒီယာ – လက်ရှိ မြန်မာနိုင်ငံက ထိပ်ပိုင်းခေါင်းဆောင်တွေ (ICJ) မှာ တရားစွဲခံရခြင်းရဲ့ အကျိုးဆက်ကို ဘယ်လိုသုံးသပ် ချင်ပါသလဲ။

Dr.MKL – ဒီဟာက ဘာလဲဆိုတော့၊ အဲဒီမှာကျနော်တို့ မြန်မာနိုင်ငံကလည်း ပါဝင်လက်မှတ်ရေးထိုးထားတယ်။ အဓိကက လူ့အဖွဲ့အစည်းနဲ့ လူသားရင်းမြစ်တွေရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာရမယ်ဆိုတာ ပါတယ်။ လူသားဆိုတဲ့ နေရာမှာ ကချင်ပဲဖြစ်ဖြစ်၊ ဗမာပဲဖြစ်ဖြစ်၊ အိန္ဒိယပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ်၊ နောက် ဘင်္ဂါလီပဲ ဖြစ်ဖြစ်ပေါ့။ အဲဒါတွေက လူသားဟာ

တိုင်းပြည်ထဲမှာ တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ လာရောက်နေထိုင်တဲ့ လူတွေကို သူ့အပိုင်းနဲ့သူ ကျကျနန တရားဥပဒေဘောင်ထဲကနေ ဆက်ဆံဖို့လိုတယ် …

လူသားပဲ။ ကျနော်တို့က အဲဒီလိုပဲမြင်ရမယ်။ ကျနော်တို့က Human Origin ကို ကြည့်ရမယ်။ လူသားဖြစ်တည်မှုနဲ့ လူ့အခွင့် အရေးပေါ့။ အနောက်တိုင်းရဲ့ စံနှုန်းက လူ့အခွင့်အရေး ကို အဓိက ထားတယ်။ လူဆိုတဲ့ ရပ်တည်မှု မူလတန်ဖိုးကို အဓိက ထားတယ်။ အဲဒါနဲ့ပဲ နိုင်ငံတွေရဲ့ နိုင်ငံရေးရေချိန်ကို ဆုံးဖြတ်ကြတာဖြစ်တယ်။ ဘာကြောင့်လည်းဆို ကမ္ဘာကို ဦးဆောင်နေတာ ကလည်း အနောက်တိုင်းကပဲ ဦးဆောင်နေတာကိုး။ အရှေ့တိုင်းကဦးဆောင်ရင်တော့ အရှေ့တိုင်းစံတွေ ဖြစ်လာမယ်။ အခုက အနောက်တိုင်းကပဲ ဦးဆောင်နေတာ ဆိုတော့ အနောက်တိုင်း စံချိန်စံညွှန်းနဲ့ပဲ ကမ္ဘာကို Lead လုပ်နေတာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့က ကမ္ဘာ့အဝန်းအဝိုင်းမှာ နေချင်ရင်တော့ အနောက်တိုင်းရဲ့ စံနှုန်းတွေဖြစ်တဲ့ လူကိုဘယ်လို တန်ဖိုးထားသလဲဆိုတဲ့ စံနှုန်းတွေကို လေးစားလိုက်နာဖို့လိုတယ်။ အခု ICJ ပြဿနာက ဘင်္ဂါလီတွေကို လူခုနစ်သိန်းလောက် ရွှေ့ပြောင်းသွားရအောင် Genocide လုပ်တယ်ဆိုတဲ့ စွပ်စွဲချက် ဖြစ်လာတယ်။ အဲဒီတော့ အချက်အလက်ပေါင်း များစွာတွေလည်း သူတို့လက်ထဲမှာရှိလို့ စွဲလာတာ။ ဒီလိုအစွဲခံရပြီ ဆိုရင် လက်ရှိနိုင်ငံကို ဦးဆောင်နေတဲ့ ခေါင်းဆောင်ပိုင်း၊ အခုကတော့ ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေး ဦးဆောင်မှုအပိုင်း၊ စစ်ရေးဦးဆောင်မှု အပိုင်းဆိုပြီး နှစ်ပိုင်းကွဲနေတယ်။ ဒီဖက်က လူထုရွေးချယ်ထားတဲ့ အစိုးရရှိသလို၊ ဟိုဘက် ကလည်း တပ်က သူ့ဟာနဲ့သူ တပ်ချုပ်ကဦးဆောင်နေတယ်။ ကျနော့်အမြင်အရဆိုရင်တော့ ဒီလိုအစွဲခံရပြီဆိုရင် လက်ရှိနိုင်ငံကို ဦးဆောင်နေတဲ့ ခေါင်းဆောင်ပိုင်း နှစ်ခုစလုံးကတော့ Image မကောင်းဘူး။ ဘာကြောင့်လည်းဆို တပ်ကဆောင်ရွက်တဲ့ ရခိုင် စစ်ဆင်ရေးကို ဘယ်လောက်ထိ လုပ်ဖို့ဆိုတဲ့ဟာက မဖြစ်မနေ သူ့သဘောအရဆိုရင်တော့ နိုင်ငံတော် အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားနဲ့ အထိုက်အလျောက် Link တော့ ရှိကို ရှိရမယ်။ မရှိဘဲနဲ့ သူ့ဟာသူ ထင်တိုင်းကြဲခွင့် ရတယ်ဆိုတာ ပါးစပ်ကပဲ ပြောတာ၊ လက်တွေ့ကျတော့ ရုံးလုပ်ထုံးလုပ်နည်းတွေက ရှိကိုရှိတယ်။ လက်ရှိအစိုးရက သဘောမတူဘဲနဲ့ မရဘူးဆိုတော့ လက်ရှိအစိုးရရဲ့ လူသားအပေါ် ဘယ်လောက် တန်ဖိုးထားလဲဆိုတဲ့ Image ကို တော်တော်ထိခိုက်တယ်။ အဲဒါက ဘာဖြစ် လာမလဲဆိုတော့ ကျနော်တို့ရဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု တွေအပေါ် အရှိန်အဟုန်နဲ့ ရပ်တန့်လိုက်သလို ဖြစ်သွားတယ်။

အခုက တရုတ်ကိုပဲ သွားပြီး အားကိုးနေတယ်။ တရုတ်က သူ့အကျိုးအမြတ်ထုတ်ဖို့ပဲ လုပ်နေတာဆိုတော့ ဒီအပေါ်မှာ မှန်ကန်တဲ့ နိုင်ငံရေး ရပ်တည်မှုပေးနိုင်မယ့် …

အဲဒီလို မျိုးတွေရှိတယ်။ ဒီဟာက ပွင့်ပွင့်လင်းလင်းပြောရင် အရမ်းထိခိုက်တယ်လို့ပဲ ကျနော်ပြောချင်တယ်။ အဲဒီတော့ ကျနော်တို့ ဒီဟာကိုဘယ်လို အဖတ်ဆယ်မလဲ ဆိုတဲ့ နည်းလမ်းမှာ ကျတော့်အမြင်အရတော့ လက်တွေ့လုပ်တဲ့အပိုင်းနဲ့ မိမိရဲ့နိုင်ငံရေး ခံယူချက်အပိုင်း နှစ်ခုကို ပြင်ဆင်ဖို့လိုတယ်။ နိုင်ငံရေးခံယူချက်ဆိုရင်လည်း ကျနော်တို့တိုင်းပြည်ထဲမှာ တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ လာရောက်နေထိုင်တဲ့ လူတွေကို သူ့အပိုင်းနဲ့သူ ကျကျနန တရားဥပဒေဘောင်ထဲကနေ ဆက်ဆံဖို့လိုတယ်။ ဒီဘင်္ဂါလီတွေရဲ့ ပြဿနာက ဘူးသီးတောင်၊ မောင်တောလိုနေရာမျိုးမှာ သူတို့ကို လုံးဝပိတ်လှောင်ထားသလို ဖြစ်နေတယ်။ အဲဒါကို ကမ္ဘာက လက်မခံတာဖြစ်တယ်။ ပိတ် မလှောင်ထားဘူးဆိုရင် ဘယ်လိုဖြေလျော့မလဲဆိုတဲ့ ကျနော်တို့ရဲ့မူဝါဒတွေကို ဝိုင်းဝန်း အဖြေရှာဖို့လိုတယ်။ ဆောင်ရွက်ဖို့လိုတယ်။ ပြီးရင် ဥပဒေကြောင်းအရ သွပ်သွင်းပြီး လက်တွေ့လုပ်ဖို့လိုတယ်။ အဲဒီလို လုပ်ဖို့က ကျနော်ထင်တယ် အနှစ် (၂၀) လောက်တော့ အချိန်ယူရဦးမှာ။ လုပ်ရင်းနဲ့ ဖြေလျော့ရမယ်။ ဒါမှပဲ တိုင်းပြည်က ပြောင်းလာ နိုင်မယ်။ နို့မို့ဆိုရင်တော့ မပြောင်းလာ နိုင်ဘူး။ အဲဒီတော့ ဒီကိစ္စက ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့လည်း စကားပြောဖို့ လိုတယ်။ အဲဒီဟာရဲ့ ဆက်စပ်မှုတွေကို သေသေချာချာ ကျကျနန ပြောဖို့ လိုသလို ကျနော်တို့ဘက်မှာ နိုင်ငံရေးအရ ရပ်တည်မယ့် အုပ်စု တွေ တည်ဆောက်ဖို့ လည်းလိုတယ်။ အခုက တရုတ်ကိုပဲ သွားပြီး အားကိုးနေတယ်။ တရုတ်က သူ့အကျိုးအမြတ်ထုတ်ဖို့ပဲ လုပ်နေ တာဆိုတော့ ဒီအပေါ်မှာ မှန်ကန်တဲ့ နိုင်ငံရေး ရပ်တည်မှုပေးနိုင်မယ့် အနောက်အုပ်စုကို သူတို့ရဲ့ လူသားစံချိန် စံညွှန်းနဲ့ အညီ တည်ဆောက်ဖို့လိုတယ်။ နိုင်ငံရေး မူဝါဒတွေ တည်ဆောက်ဖို့လိုတယ်။ ကျနော့်အမြင်ကတော့ အဲဒီလိုပဲမြင်တယ်။

ငြမ်းမီဒီယာ – ၂၀၂၀ ရွေးကောက်ပွဲအတွက် ကချင်အမျိုးသားကွန်ဂရက်ပါတီက ဘယ်လိုပြင်ဆင် ဆောင်ရွက်မှုတွေ လုပ်ထားပြီလဲ။

Dr.MKL – ၂၀၂၀ မှာ ကျနော်တို့ အဓိက ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်မှာ ပြိုင်မယ်။ ကျနော်တို့က ပြည်ထောင်စုပါတီ ဖြစ်တဲ့ အခါကျတော့ ရှမ်းမြောက်က ကျနော်တို့ ကချင်မျိုးနွယ်စုတွေ အများဆုံးနေထိုင်တယ်။ အခုကတော့ စစ်ဖြစ်နေတာရှိတယ်။ ကွတ်ခိုင် က ကချင်တွေများတယ်။ ဒီ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နန့်ခမ်း ဒေသတွေမှာ ပြိုင်သွားမယ်။ အဲဒီ လေးမြို့နယ်ကို ကျနော် တို့ဝင်မယ်။ အဲဒီဟာကတော့ ကျနော်တို့ ကချင်အများစုရှိတဲ့ နေရာတွေပဲ။ အမှန်ကတော့ အဲဒီဒေသတွေဟာ ဟိုတုန်းက ကချင်နယ်မြေတွေပဲ ဖြစ်တယ်။ အဲဒီနေရာမှာရှိတဲ့ ကျနော်တို့ မျိုးနွယ်စုတွေရဲ့၊ လူမျိုးစုတွေရဲ့ နိုင်ငံရေးအခွင့်အလမ်းတွေကို ဖော်ဆောင် ပေးဖို့လိုတယ်။ နောက် ကချင်ပြည်နယ်မှာ ဝင်ပြိုင်မယ်။ ကျန်တာကတော့ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်း အထက်ပိုင်းပေါ့။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းက ပြန့်ကျဲနေတဲ့ ကချင်လူမျိုးစုတွေရဲ့ နိုင်ငံရေးအခွင့်လမ်းတွေကို ကျနော်တို့ ရသလောက် အကာအကွယ်ပေးမယ်၊ တည်ဆောက်ပေးမယ်။ အဲဒီလိုတော့ ကျနော်တို့ ရည်ရွယ်ထားတယ်။ ဒါပေမယ့် ကျနော်တို့ အဓိကယှဉ်ပြိုင်မှာကတော့ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်မှာပဲ။ အဲဒီနှစ်ခုကို အဓိကယှဉ်ပြိုင်မှာဖြစ်တယ်။ ကျန်တာကတော့ ကျနော်တို့မှာ alliance မူရှိတယ်လေ။ ကျနော်တို့က UNA အဖွဲ့ဝင်ဖြစ်တယ်။ UNA အဖွဲ့ဝင်ဖြစ်တဲ့အတွက် UNA အုပ်စုထဲ မှာပါတဲ့ SNLD ရှိမယ်၊ ရှမ်းနီတိုင်းလိုင်ရှိမယ်၊ နောက်တစ်ခါ ကျန်တဲ့ ကျနော်တို့ရဲ့ UNA ကိုလက်ခံထားတဲ့ ဗမာပါတီကြီး နှစ်ခုရှိမယ်။ အဲဒါကတော့ လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီပါတီနဲ့ UNDP ပေါ့။ UNDP က ၉၀ ခုနှစ်အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့။ သူတို့က ကျနော်တို့ရဲ့ မူလနိုင်ငံရေးခံယူချက်ဖြစ်တဲ့ (Seven plus One) ရှစ်ပြည်နယ်မူကို လက်ခံတယ်၊ ဗမာကိုပြည်နယ်တစ်ခု သတ်မှတ်ရမယ်ဆိုတဲ့မူကို လက်ခံတဲ့အုပ်စုတွေဖြစ်တယ်။ သူတို့တွေနဲ့ alliance လုပ်ပြီး သင့်တော်သလို ရွေးကောက်ပွဲဝင်ဖို့ ကျနော်တို့အစီအစဉ်ရှိတယ်။

ကျနော်တို့ လူမျိုးအများစုဟာ Non Government Control ဧရိယာထဲမှာ ရှိနေသေးတဲ့ အချက်ဖြစ်တယ်။ အဲဒီတော့ မဲရုံမဖွင့်နိုင်ဘူးဆိုရင် တိုင်းရင်းသားပါတီတွေကို အားပေးမယ့်လူတွေ မဲပေးခွင့်မရတာနဲ့ အတူတူပဲ …

ငြမ်းမီဒီယာ – လက်ရှိနိုင်ငံမှာ စစ်ရေးတင်းမာမှုတချို့ကလည်း ရှိနေတော့ အကယ်၍ ရွေးကောက်ပ ွဲကာလမှာလည်း အခုလို အခြေအနေတွေ ဆက်ရှိနေပြီး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒ နယ်မြေတွေ များနေရင် တိုင်းရင်းသားပါတီတွေအတွက် ဘယ်လိုအလားအလာမျိုး ဖြစ်သွားနိုင်ပါသလဲ။

Dr.MKL – အဲဒါတွေကတော့ Non Government Control ဧရိယာတွေဖြစ်တယ်။ Government Control ဧရိယာ၊ အစိုးရ ထိန်းချုပ်နိုင်တဲ့ဧရိယာတွေနဲ့ Non Government Control ဧရိယာဆိုတဲ့ အစိုးရမထိန်းချုပ်နိုင်သော ဧရိယာများပေါ့။ ဒါပေမယ့် ခက်တာက တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားပြည်နယ်တွေမှာ ပြသနာအများစုကကျနော်တို့ရဲ့ Human Resources တွေ၊ ကျနော်တို့ လူသားအရင်းအမြစ်တွေ၊ ကျနော်တို့ လူမျိုးအများစုဟာ Non Government Control ဧရိယာထဲမှာ ရှိနေသေးတဲ့ အချက်ဖြစ်တယ်။ အဲဒီတော့ မဲရုံမဖွင့်နိုင်ဘူးဆိုရင် တိုင်းရင်းသားပါတီတွေကို အားပေးမယ့်လူတွေ မဲပေးခွင့်မရတာနဲ့ အတူတူပဲ။ နောက်ဆုံး ကုန်ကုန်ပြောမယ်၊ အဲဒီလိုနေရာကလူတွေ ဘယ်သူမှ မှတ်ပုံတင်မရသေးဘူး။ အဲဒီလိုတွေရှိတယ်။ အဲဒီမှာ မှတ်ပုံတင်မရှိရင် မဲပေးလို့မရဘူးဆိုထားတော့ အဲဒီတစ်ချက်တည်းနဲ့တင် ပြီးနေတယ်။ မဲဆန္ဒနယ်မြေ သတ်မှတ် တာတွေ၊ မဲရုံတွေမဖွင့်တာတွေ မဆိုင်သေးဘူး။ အဲဒီတော့ အခုပြောတဲ့အချက်လို ကျန်တဲ့ဟာတွေပါ ကြည့်ဖို့လိုသေးတယ်။ ဆိုတော့ အဲဒီလိုနေရာတွေက မဲမပေးနိုင်ဘူးဆိုရင် အလကားပဲ။ ကျနော်တို့ကတော့ UEC ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက တောင်းဆို ထားတာ ရှိတယ်။ အရင်တစ်ခေါက်ကလည်း တောင်းဆိုထားတယ်။ တတ်နိုင်သလောက် နိုင်ငံသား အခွင့်အရေး ပေးဖို့လိုတယ်။ စစ်ပွဲရှိတာ ရှိတာတစ်ပိုင်းပဲ။ EAO ဘက်ကလည်း ရွေးကောက်ပွဲကာလ အဲဒီနေရာမှာ အပစ်အခတ်ရပ်စဲပေး၊ ပြည်တောင်စု အစိုးရ တပ်မတော်ဖက်ကလည်း ဒီကိစ္စကို နားလည်ပေး။ အဲဒီလို မှန်မှန်ကန်ကန်မဲပေးနိုင်ဖို့ အခွင့်အလမ်းရှိရမယ်။ ခုနက မှတ်ပုံတင်တောင် မရသေးတဲ့သူတွေကို ဌာနေတိုင်းသားဖြစ်တယ်ဆိုရင် မှတ်ပုံတင်ရအောင် စီမံကိန်းနဲ့လုပ်ဖို့ လိုတယ်။ အဲဒီလိုတွေရှိတယ်။ အဲဒီက အချက်အလက်တွေ သုံးချက်လောက် ပြင်ဖို့ လိုတယ်။ အဲဒါတွေပြင်မှ မှန်မှန်ကန်ကန် နိုင်ငံသား အခွင့်အရေး ထွက်လာမှာဖြစ်တယ်။ နို့မို့ဆိုရင် မထွက်ဘူး။ အဲဒီတော့ ကျနော်တို့ တိုင်းရင်းသားပါတီတွေရဲ့ Weak Point ထဲမှာ အဲဒါလည်းပါတယ်။ ကျနော်တို့ရဲ့ အခက်အခဲတစ်ခုပဲ။

ငြမ်းမီဒီယာ – အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

ဖက်ဒရယ်ရရုံနဲ့တော့ ပြည်တွင်းစစ်မီး မငြိမ်းဘူး – အပိုင်း (၁)


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,