လုံး၀ မကြောက်ဖို့၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေဖို့ပါ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Zuet Awarmatiek / ရန်ကုန်မြို့တစ်နေရာ

ယမန်နေ့က လူမှုကွန်ရက် ဖေ့စ်ဘွတ်တွင် COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သတင်းအမှား ဖြန့်ချိခဲ့ သူများ ရှိခဲ့သည်။ ထိုအခြေအနေပေါ်တွင် မူတည်၍ ပြည်သူလူထုကြားတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့ပြီး စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်း များအား ကြိုတင် ဝယ်ယူ စုဆောင်းမှုများ ပြုလုပ်ခဲ့သည်။ မတ်လ(၁၃) ရက်နေ့တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက် တွင် ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်တွင်းဆန်ဈေးကွက် တည်ငြိမ်ေစေရေး ဆောင်ရွက်လျက် ရှိကြောင်းပါဝင်သည်။ အဆိုပါကြေညာချက် ထုတ်ပြန်ပြီးနောက်တွင် ပြည်တွင်း ဆန်ဈေးကွက် အခြေအနေနှင့် ပတ်သက်၍ ရွှေဘိုကုန်စည်ဒိုင် ဒုဥက္ကဌ ဦးဇော်ဝင်း ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်း ခဲ့ပါသည်။

ငြမ်းမီဒီယာ – မနေ့က ရန်ကုန်မြို့ရဲ့ဈေးဝယ်စင်တာတချို့နဲ့ မြို့နယ် ရပ်ကွက်တချို့မှာ ပြည်သူလူထုက ဆန်အပါအဝင် စားသောက် ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း တွေ ပုံမှန်ထက်ပိုပြီး ဝယ်ယူစုဆောင်းနေတာတွေ့ရပါတယ်။ တချို့မြို့နယ် တွေမှာ ဆန်ဈေး တက်သွားတယ်လို့ ပြောဆိုသံတွေလည်း ကြားရ ပါတယ်။ အဲဒီတော့ ပြည်သူအတွက်ဘာတွေ ကြိုတင်ပြင်ဆင်ထားလဲ။

ဦးဇော်ဝင်း – ကြိုတင်ပြင်ဆင်နေလားဆိုတဲ့ ကိစ္စက အစက စ ပြောမယ်ဆိုရင် အရင်တုန်းက ဆန်စပါးဈေးကျစဉ်အခါက တောင်သူတွေ မကိုက်ဘူးဆိုပြီး ကျနော်တို့ ဆန်စပါးကုန်စည်ဒိုင်နဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အကုန်လုံး ပေါင်းပြီးတော့ ညှိနှိုင်းပြီးတော့ ဆန်စပါးကို အောက်ခံ ဈေးနှုန်းသတ်မှတ်ပြီး ဝယ်ဖို့ရာအတွက် လုပ်ကြတယ်ပေါ့ဗျာ။ အဲဒါတော့ သိပြီးသားဖြစ်ကြ မှာပါ။ ဆန်စပါးဈေးကျမှာ စိုးလို့ စပါးဈေးကို အခံတစ်ခုအနေနဲ့ ထားပြီးဝယ်ပေးဖို့ ကျနော်တို့ နယ်မှာလည်း တောင်သူကို အဲဒီ အတိုင်းပဲ ကိုယ်တိုင်က ကျနော်တို့ နယ်မှာ ကိုယ်တိုင် ဖွင့်ပြီးတော့ ဝယ်ရတဲ့အခြေအနေ မရှိပေမယ့်လည်း တောင်သူက အဲဒီ ဈေးအောက်ကို မရောင်းလို ၊ကျနော်တို့လည်း အဲဒီ ဈေးအောက်ကနေ ဝယ်လို့လည်း မရခဲ့တော့ ရွှေဘိုမှာ ဈေးကွက်တစ်ခုက ဘာပဲပြောပြော ရုန်းရင်ဆန်ခတ် နဲ့ ပက်ပက်စက်စက် မကျခဲ့ဘူးပေါ့။ ကျနော်ပြောတာ အခြေခံကို ညွှန်းပြောတာနော်။ အဲဒါကို ရေလည်မယ်ထင်တယ်။အဲဒီတော့ စပါးဈေးမကျအောင် ကျနော်တို့ ဆန်စပါးကုန်သည်များနှင့် ဆန်စပါးအသင်းချုပ် ဝိုင်းပြီးတော့၊ပေါင်းပြီးတော့ အစိုးရနဲ့ ညှိနှိုင်းပြီးတော့ ဝိုင်းပြီးတော့ ထမ်းခဲ့ကြတဲ့ အပိုင်းကို ပထမ ပြောပြတာ။ အခုခင်ဗျားမေးတဲ့ လောလောဆယ် အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေ ကြိုတင်ပြင်ဆင်ထားလဲဆိုတာကို ပြောမယ်ဆိုရင် ကျနော်တို့အနေနဲ့ကတော့ ဈေးကွက်အလိုအရ အခုလက်ရှိအနေအထားက ရွှေဘိုကနေ တရုတ်ပြည်သွားတဲ့ လမ်းကြောင်း ဆန်စပါးဈေးကွက်က အကုန်လုံး ပိတ်ထားတာ။ အကုန်လုံးပိတ်နေတာ။ ကျနော်တို့ တင်လို့လည်း ရောင်းမရ၊ မူဆယ်ဈေးကွက်ရော ဘာရော ရောင်းလို့မရတဲ့ အခါ ကျတော့ အမှန်ပြောမယ်ဆိုရင် ဒီဈေးကွက် အလိုက ပက်ပက်စက်စက် ကြီးတက်သွားမှာ အခုထက်ထိတော့ မရှိဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော် ပြည်သူကို သတင်းစကားပါးချင်တာက သိပ်ပြီးတော့ မကြောက်ပါနဲ့ ဗျာ။ ပစ္စည်းအနေနဲ့ အလုံအလောက် ရှိပါတယ်။ ကျနော်တို့ ရွှေဘိုနယ်မှာကလည်း …

ကျနော်တု့ိ ဆီမှာ အလုအယက် ဝယ်တယ်ဆိုတဲ့ အနေအထားလည်း အခုထက်ထိ မရှိဘူး။ ကျနော်တို့နဲ့ ဆက်ဆံတဲ့ နယ်တွေက များသော အားဖြင့်တော့ အချောလိုင်း ပေါ်ဆန်းဆိုရင် အဓိကက ရန်ကုန်ဈေးကွက်ကို ပထမ ဦးစားပေးတယ်။ ဒုတိယက မြေလတ်ပိုင်း ဒေသ က ပျဉ်းမနားတို့ ၊နေပြည်တော်။ တတိယကျတော့ တောင်ပေါ်အုပ်စု။ တောင်ပေါ်ဆိုတာက တောင်ကြီး၊ အင်းလေး အဲဒီဝန်းကျင်ပေါ့ဗျာ။ ဒီနေ့အထိ အခုပြောနေချိန်အထိ ရောင်းတဲ့ဈေးကွက် အပြောင်းအလဲ မရှိသလို အလုအယက် ဝယ်တယ်ဆိုတဲ့ အနေအထားလည်း မရှိသေးဘူးဗျ။ ခင်ဗျားမေးတဲ့ နောက်ဆုံးပွိုင့်တစ်ခုကို ဖြေရရင် ကြိုတင်ပြင်ဆင် တာ ဘာရှိလဲဆိုတော့ အဲဒါကတော့ အစိုးရနဲ့ ဆန်စပါး အသင်းချုပ်နဲ့ ညှိနှိုင်းပြီး တော့ လုပ်ထားတဲ့ ကိစ္စကတော့ အခုထက်ထိတော့ ဘာမှမသိရ သေးဘူးလို့တော့ ပြောလို့ ရတယ်ဗျ။ သဘော တူညီချက် ဘာရှိသေးလဲ၊ဘာရှိထားလဲ ဆိုတာ သူတို့လည်း ထုတ်ပြန် ထားတာ မရှိသေးသလို၊ ထုတ်ပြန်ထား တာလည်း မကြားသေးဘူး။ အဲဒီတော့ ကျနော်တို့ကလည်း ခင်ဗျားတို့က ဘာကြိုတင်ပြင်ဆင် ထားသလဲဆိုတော့ ကျနော်တို့ အနေအထားနဲ့က ကိုယ်ပိုင်အယူအဆပြောမယ်ဆိုရင် ခုနက ဈေးကွက် အလား အလာက ကျနော်တို့ ဘက်က တက်ရောင်းဖို့ အစီအစဉ် မရှိသေးသလို ကျနော်တို့ဆီကိုလည်း အလုအယက်ဝယ်တဲ့သူ မရှိသေးဘူးဗျ။ဒါပေမယ့် တွေးတတ် ခေါ်တတ်ရင် သိမယ် ထင်ပါတယ်။ ကျနော် ပြည်သူကို သတင်းစကားပါးချင်တာက သိပ်ပြီးတော့ မကြောက်ပါနဲ့ ဗျာ။

အခုခေတ်က ဈေး ကစားလို့ ရတဲ့ ခေတ်လည်း မဟုတ် တော့ဘူး ထင်ပါတယ်။ တစ်ခုရှိတာက အခုလိုအခြေအနေ …

ပစ္စည်းအနေနဲ့ အလုံအလောက် ရှိပါတယ်။ ကျနော်တို့ ရွှေဘိုနယ်မှာကလည်း မနှစ်က မိုးခေါင်တဲ့ အတွက်ဒီနှစ် က နွေစပါး ခေါ်တာပေါ့ဗျာ။ နွေစပါး စိုက်ဖို့ စီမံကိန်းအနေနဲ့ ချထားတာမရှိဘူး။ဆည်ရေက လည်းမပေးနိုင်တဲ့ အခါကျ နောက်လာမယ့် စပါးအသစ် ထွက်နှုန်းက လျော့ရင် လျော့မယ်။ ဒါပေမယ့် လက်ရှိ အနေအထားမှာ ဆန်စပါးက ဈေးကွက်ထဲမှာ ပြီးခဲ့တဲ့ နှစ်ထက်စာရင် ဆန်စပါး အလုံ အလောက်လည်း ရှိနေသေးတယ်။ ဈေးက လည်း ကျနော်တို့ ဘက်က တက်ရောင်းတာ မရှိသေးသလို ကျနော်တို့ ဆီမှာ ဖွင့်တဲ့ဈေးအတိုင်းဝယ်တဲ့သူကလည်း ပက်ပက်စက်စက် မရှိသေးဘူးဗျ။

ငြမ်းမီဒီယာ – အများကြုံခဲ့တာ က နာဂစ်လိုအခြေအနေမျိုးနဲ့ကြုံတဲ့ အခါမှာ စားသောက်ကုန်တွေ၊ လူသုံးကုန်တွေ ဈေးတက်သွား တာမျိုး ကြုံခဲ့ကြတယ်။ အများစုကတော့ ဒါ က ကုန်သည်တွေ ဈေးကစားတာလို့ ပြောဆိုတာလည်း ရှိပါတယ်။

ဦးဇော်ဝင်း – ကျနော်တို့ ဈေးကစားဖို့ အစီအစဉ်မရှိဘူးဗျ။ ကျနာ်တို့ ကုန်စည်ဒိုင်အနေနဲ့ရော ကျနော်တို့ မျက်စိ အမြင်ကရော၊ ကျနော်တို့ ကိုယ်တိုင်အနေနဲ့ရော၊ ကျနော်တို့ ရွှေဘိုနယ်မှာ ရှိတဲ့ လူတွေအနေနဲ့ရော ကြိုတင် ရှိပြီးသားအရာကို ဈေးကွက် အလိုအရ အတိမ်းအစောင်း မရှိအောင် ပက်ပက်စက်စက် တက်ရောင်းဖို့ လောလောဆယ် အစီအစဉ်မရှိသေးဘူးဗျ။ ဈေးကစားတယ် ဆိုတဲ့ ကိစ္စကို အဲဒီစကားက အခုခေတ်က သုံးရတဲ့စကား မဟုတ်တော့ဘူး ထင်ပါတယ်။ အခုခေတ်က ဈေး ကစားလို့ ရတဲ့ ခေတ်လည်း မဟုတ် တော့ဘူး ထင်ပါတယ်။ တစ်ခုရှိတာက အခုလိုအခြေအနေ အထိတောင်မှ အဲလို အနေအထားတွေ မရှိသေးဘူးဆိုတာ ကျနော်တို့ ရောင်းတဲ့ဘက်က ပြောလို့ရသလို ဝယ်တဲ့ လူတွေက လည်း အဲလို ရှိတယ်။ ကျနော့်မိတ်ဆွေ အကုန်လုံးပေါ့။

ငြမ်းမီဒီယာ – အရေးပေါ်အခြေအနေတစ်ခုခုမှာဆိုရင် ပြည်တွင်းမှာ ဆန်အလုံအလောက်ရှိသလား။

ဦးဇော်ဝင်း – ကျနော်ပြောပြီးပြီလေ။ အခုလက်ရှိအနေ အထားနဲ့ က လုံလောက်တယ်ဗျ။ ခင်ဗျားတို့ မီဒီယာတွေကနေ ဈေးကွက်က တက်မှာတို့၊ ဘယ်မှာတော့ ဘယ်လို ပြတ်သွားပြီတို့ ဘယ်ပစ္စည်း ကဘယ်လိုရှိတယ် အလုအယက်ဝယ်နေကြတယ် သတင်းတွေ ကို update တင်ရင်း တင်ရင်း ပြည်သူတွေ စိုးရိမ်သောက ဖြစ်သွားရင် တစ်မျိုးပေါ့။ ကျနော်ပြောချင်တာက လောလောဆယ် ဈေးကွက်ထဲမှာလည်း ပစ္စည်းက အလုံအလောက်လေး ရောင်းတာ ဝယ်တာလေး ပုံမှန်လေး ရှိနေသလို ပေါ့ဗျာ။ ဝယ်တဲ့ လူကလည်း ပုံမှန်လေး ဝယ်နေတာဗျ။ ခါတိုင်းတစ်အိတ်ဝယ်တဲ့သူ က ဒီနေ့လာဝယ်လို့ ဟာ…တက်တော့မှာပဲ ဆိုပြီး ဈေးဖွင့်ဗျာ ဆယ့်ငါးအိတ်ယူမယ်တို့ ၊အိတ်နှစ်ဆယ် ယူမယ်တို့ မရှိသေးဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခု တရုတ်ပြည်ကို ပို့တဲ့ လမ်းကြောင်းကလည်း အဆင်မပြေတော့ ပြည်တွင်းမှာဆန်က အရင်ထက်တောင် ပိုလျှံတယ်လို့ ခုနက ပြောတာက အဲဒီလိုဆိုလိုတာလားဗျ။

ဦးဇော်ဝင်း – မှန်တယ်ဗျ။ တရုတ်ပြည်ကို မပို့တာ ပြီးခဲ့တဲ့ (၁၁) လပိုင်းလောက်က စပြီး တရုတ်ပြည်က ဆန်အဝယ် ရပ်ထားတယ်။ ဆယ်လပိုင်း၊ ဆယ်တစ်လပိုင်း အဲဒီကနေ အဝယ်ရပ်တာ အခုထိကို တရုတ်ပြည်က ဆန် ပက်ပက်စစက်စက် ဝယ်တာ မရှိသေး ဘူး။ ဘာပြောပြော ပြည်တွင်းထဲမှာ ကျနော်တို့ဆီမှာ ကျန်သလို အခြားသူတွေဆီမှာလည်း ကျန်မှာပဲ။

ငြမ်းမီဒီယာ – အဲဒီတော့ အများပြည်သူကို ဆန်ကိစ္စနဲ့ ပတ်သက်ပြီး ဘာသတင်း စကားပါးချင်လဲ။

ဦးဇော်ဝင်း – လုံးဝမကြောက်ဖို့ပါ။ အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ်နေဖို့ပါ။ လူကြီးတွေ စီစဉ်တဲ့အတိုင်း တအားကြီး ဆိုးဆိုးဝါးဝါးဖြစ်ဖို့ ကျနော်တော့ မမြင်ဘူးဗျ။

ငြမ်းမီဒီယာ – တခြားဖြည့်စွက် ပြောစရာရှိမလား။

ဦးဇော်ဝင်း – ကျနော်က ရွှေဘိုကုန်စည်ဒိုင် ဒုဥက္ကဌ ဦးဇော်ဝင်းပါ။ အခု ကျနော်ပြောတာ က ရွှေဘိုကုန်စည်ဒိုင် ပြောရေးဆိုခွင့် ရှိသူတစ်ယောက်အနေနဲ့ ပြောတာမဟုတ်ဘဲ MRF ကကျနော့်ကို အကြောင်းကြားတယ်။ သူတို့ကြေညာချက် ထုတ်ပြန်တဲ့ အထဲမှာ ကျနော့်ဖုန်းနံပါတ်ထည့်ပေးလိုက်မယ်။ မေးမြန်းခဲ့သည် ရှိသော် ဖြေကြားပေးဖို့၊ ဖြေကြားရမယ့်အကြောင်း အရင်းကတော့ ဘာတွေ ဘာတွေ ဖြစ်ပါတယ်။ ဒါက ပုံမှန်ပေါ့ဗျာ။ on the margin အတိုင်းပဲ ပြောတာ။ ကျနော့်သဘောထား မပါသလို၊ တခြားသူရဲ့ သဘောထား လည်း မပါဘူး။ပကတိ အရှိအခြေအနေအတိုင်းကို ကျနော် ရိုးရိုးသားသားပြောခြင်း ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဟုတ်ကဲ့ ။ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,