လူငယ်တွေတတ်နိုင်တဲ့ဘက်က ပါဝင်ကူညီမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့လိုက်တာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Amisha Nakhwa

မတ်လ (၂၃) ရက်နေ့ ညတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က မြန်မာနိုင်ငံတွင် COVID – 19 ရောဂါပိုး ရှိသူ လူနာနှစ်ဦး တွေ့ရှိကြောင်း ကြေညာပြီးနောက် စိုးရိမ်ထိတ်လန့်မှုများဖြင့် ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများတွင် လူအများ ဈေးဝယ်ခဲ့ကြသည်။ ထိုကဲ့သို့ စိုးရိမ်လွန်မှုများဖြင့် ဈေးမဝယ်ကြရန်ု TOGETHER အမည်ရှိ စေတနာ့ဝန်ထမ်း လူငယ်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့က လူမှုကွန်ရက် မှတဆင့် အများပြည်သူသို့ ပန်ကြားခဲ့သည်။ TOGETHER အမည်ရှိ စေတနာ့ဝန်ထမ်း အဖွဲ့သည် မန္တလေး တိုင်း ဒေသကြီးတွင် အခြေစိုက် ဖွဲ့စည်းထားသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတစ်ခုဖြစ်သည်။ TOGETHER စေတနာ့ဝန်ထမ်းအဖွဲ့သည် မန္တလေးမြို့ရှိသက်ကြီး ရွယ်အိုများ၊ နာမကျန်း ဖြစ်သူများ၊ မန္တလေးမြို့၏ မည်သည့်နေရာ၊ မည်သူမဆို အပြင်ထွက်ရန်ခက်ခဲနေပြီး စားသောက်ကုန်၊လူသုံးကုန် ပစ္စည်းများ ဝယ်ယူရန်အခက်အခဲရှိသူများ အား ဝန်ဆောင်မှုပေးမည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုအခြေအနေ များနှင့်ပတ်သက်၍ TOGETHER စေတနာ့ဝန်ထမ်းအဖွဲ့ ဦးဆောင် တည်ထောင်သူ ကိုအေးချမ်းကိုကို ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်ခဲ့သည်။

KACKK / TOGETHER စေတနာ့ဝန်ထမ်းအဖွဲ့ ဦးဆောင်တည်ထောင်သူ ကိုအေးချမ်းကိုကို

ငြမ်းမီဒီယာ – အခု ကိုအေးချမ်းတို့ ဖွဲ့ထားတဲ့ TOGETHER အဖွဲ့ရဲ့ ရည်ရွယ်ချက်ကို ရှင်းပြပေးပါလား။

KAC – ဟုတ်ကဲ့ ။ အခုအ‌ခြေအနေက အားလုံးဝိုင်းပြီး နိုင်တဲ့ ဘက်ကနေ ရင်ဆိုင်‌ဖြေရှင်းကြမယ့် အချိန်လို့မြင်လာလို့ပါ။ ပြီးတော့ ဒီထက်ပိုပြီး positive လူနာတွေ များလာခဲ့ရင် သက်ကြီးရွယ်အိုတွေ မမာမကျန်းဖြစ်နေတဲ့သူတွေ ဆေးဝါးကစပြီး အစားအသောက်အပါအဝင် ဝယ်ယူဖို့ အပြင်ထွက်ဖို့ ခက်လာနိုင်တဲ့ အခြေအနေတွေ ကြုံလာနိုင်ဝာမို့ ကျွန်တော်တို့ လူငယ်တွေတတ်နိုင်တဲ့ဘက်က ပါဝင်ကူညီမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့လိုက်တာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဟုတ်ကဲ့။ ကိုအေးချမ်းတို့ အခုလို ဆောင်ရွက်မှုအတွက် ဒီနိုင်ငံသားတစ်ယောက်အနေနဲ့ ကျေးဇူးတင် ဂုဏ်ယူ ဝမ်းမြောက် ကြောင်း ပြောပါရစေ။ အဖွဲ့အင်အားဘယ်လောက်ရှိလဲခင်ဗျ။

KAC – စဖွဲ့တုန်းကတော့ သူငယ်ချင်း ခြောက်ယောက် ။သူငယ်ချင်း အစုလေးပါ။ အခုတော့ ပါမယ် ကူညီမယ်ဆိုတဲ့ volunteer သူငယ်ချင်းတွေတော့ ထပ်စာရင်းပေးလာကြပြီ။

ငြမ်းမီဒီယာ – ဟုတ်ကဲ့ပါခင်ဗျ။ အဲဒီတော့လေ ဒီအဖွဲ့က မန္တလေးမှာ ပဲလား။ ရန်ကုန်မှာရော ထပ်တိုးချဲ့ဖို့ အစီအစဉ်ရှိလားခင်ဗျ။ ဒီနေ့ဆို (မတ်လ- ၂၃ရက်နေ့ည) ရန်ကုန်မှာ စိုးရိမ်လွန်မှုတွေနဲ့ ဈေး ဝယ်တာမျိုးတွေ ရှိခဲ့ပါတယ်။

KAC – ဟုတ်ကဲ့ ။ကျွန်တော်တို့က မန္တလေးကဆိုတော့ မန္တလေးမှာပဲဖွဲ့ဖြစ်လိုက်ဝာ ပြီးတော့ မန္တလေးမှာ ဒီည အဲ့လောက်အထိဝယ်တာမျိုးတော့ မတွေ့ရဘူးဗျ။

ငြမ်းမီဒီယာ – TOGETHER အဖွဲ့အနေနဲ့ ကျန်တဲ့ တိုင်းဒေသကြီးတွေ၊ မြို့နယ်တွေမှာ ကွန်ရက်တွေ ဆက်တိုးချဲ့ ဖွဲ့စည်းဖို့ မရှိဘူးလား။

KAC – မရှိဘူးလားဆိုတော့ ကျန်တဲ့ သူငယ်ချင်းတွေဘာတွေက ဖွဲ့ချင်တယ်လို့ ပြောလာရင် ကျနော်တို့ ဆက်သွယ်ပြီးဖွဲ့ဖို့တော့ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ အခုအဖွဲ့ထဲကနေ လူခွဲပေးဖို့ ဘာတို့တော့ မရှိဘူး။ ကျနော်တို့လည်း အခု ရှိတဲ့ လူက နည်းနေသေးတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကိုအေးချမ်းတို့ကြေညာထားတာ တွေ့ပါတယ်။ TOGETHERစေတနာ့ဝန်ထမ်း အဖွဲ့အနေနဲ့ ဘဏ်အကောင့်တွေ ဖွင့်ထားတာ မရှိဘူး။ ငွေကြိုတောင်းခံတာ မရှိဘူး။ ဒါပေမယ့် ဘာပဲပြောပြော ကောင်းမှု လုပ်တဲ့အချိန်မှာ မကောင်းတာတွေလည်း ဝင်လာတတ်တော့ အဲဒါတွေအတွက် ဘယ်လို ကာကွယ်ဖို့ စဉ်းစားထားလဲ။

KAC – ကျနော်တို့အဓိက ရည်ရွယ်ထားတာက ဖြစ်နေတဲ့ လက်ရှိပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။ ပြီးတော့ ကျနော်တို့ ငွေရေး ကြေးရေးကြောင့် မထင်ရအောင် တတ်နိုင်တာနဲ့ လုပ်လိုက်တာ။ ဘဏ်အကောင့်တွေ ဘာတွေ ဘယ်သူမှ လွှဲဖို့ မလုပ်ထားဘူး။ ကျနော်တို့အဖွဲ့မှာ ဘဏ်အကောင့်အသီးသီး ရှိပေမယ့် ဘဏ်အကောင့် ကို ဟိုလွှဲပေးပါ၊ဒီလွှဲပေးပါ မလုပ်ထားတာဖြစ်တယ်။

သက်ကြီးရွယ်အိုတွေ၊ ကျောထောက်နောက်ခံမရှိတဲ့ မိသားစုမျိုးတွေ သူတို့တွေ ဆေးဝါး၊စားသောက်ကုန် လိုအပ်လာတဲ့အခါမှာ …

ကျနော်တို့ လည်းကိုယ်စွမ်း ရှိသလောက်အဲလောက်ပဲ လုပ်ဖြစ်တယ်။ တခြားအဖွဲ့တွေက တောင်းတာတွေဘာတွေတော့ ကျနော်တို့ မပြောတတ်ဘူး။ ကျနော်တို့အဖွဲ့ကတော့ သေချာတယ် အခကြေးငွေ မယူထားဘူး။ တစ်ဖက်က မယုံမှာစိုးလို့ ပစ္စည်းတန်ဖိုး စိုက်နိုင်တဲ့ ပမာဏကို စိုက်ထားပြီးဝယ်ပေးမယ်။ဝယ်ပေးပြီးတော့ အဲဒီဆိုင်ရဲ့ ဘောင်ချာ အတိုင်းပဲ ကျသင့်ငွေကို မှာတဲ့သူဆီက ကျနော်တို့ ပြန်တောင်းမယ်။ အပိုတောင်းတာဘာညာ မရှိဘူး။ ကျနော်တို့ဘက်က အဲဒီလိုမျိုးပဲ စီစဉ်ထားတယ်။

ငြမ်းမီဒီယာ – အကယ်၍ပေါ့ COVID -19 ရောဂါပိုးတွေ့ရှိမှုကလည်း ကျယ်ပြန့်လာမယ်။ လူတွေရဲ့ စိုးရိမ် မှုကလည်း ပို များလာမယ်။ လူတွေအနေနဲ့လည်း ဈေးဝယ်ထွက်ဖို့ အခက်အခဲ ဖြစ်နေချိန်မှာ အမှာရှိသူက တအားများမယ်ပေါ့။အဲဒီလိုအချိန်မှာရော ကိုအေးချမ်းတို့ စိုက်ထုတ်နိုင်မယ့် ငွေပမာဏ ရှိလား။ ဘယ်လောက်ထိ စိုက်ထုတ်နိုင်မလဲ။

KAC – ပွင့်ပွင့်လင်းပြောရရင် သူငယ်ချင်းတွေစုပြီးတော့ နိုင်သလောက်ဖွဲ့ထားတာဆိုတော့ သုံးသိန်း၊ငါးသိန်း လောက်ရှိတယ်။ အဲဒီပမာဏ အတွင်းကျနော်တို့ စိုက်ဝယ်ပြီး ရောက်တဲ့အခါမှာ ရှင်းပေးတာမျိုး။ အဲဒီလို ဖလှယ်မှပဲ။ ကျနော်တို့ထဲမှာလည်း ငွေအင်အားအများကြီး သူငယ်ချင်းတွေမှာ စိုက်ထုတ်နိုင်တာ မရှိကြတော့ အဲဒီလောက်ပဲ ကျနော်တို့ ရှိတယ်။

ငြမ်းမီဒီယာ – TOGETHER စေတနာ့ဝန်ထမ်းအဖွဲ့ကို စဖွဲ့တဲ့ Founder တွေက ဘယ်သူတွေလဲ။ဘယ်သူတွေနဲ့ ဖွဲ့တာလဲဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

KAC – ကျနော်တို့ စဖွဲ့ဖြစ်တာ ကျနော်အပါအဝင်ပေါ့ ကျောင်းပြီးပြီးသား၊အမြဲတွေ့ဖြစ်တဲ့ ကျနော်တို့ အဖွဲ့လေးက အခုမှ မဟုတ်ဘူး။ ဒီသူငယ်ချင်းတွေက နည်းပညာတက္ကသိုလ် မန္တလေးက သူငယ်ချင်းတွေ ဖြစ်တယ်။ ကျနော်တို့ နည်းပညာ တက္ကသိုလ် ကျောင်းမှာလည်း ပညာသင်ထောက်ပံ့ကြေးပေးတဲ့ အဖွဲ့ကို ဖွဲ့ပြီးတော့ ပညာသင်ထောက်ပံ့ကြေး ပေးခဲ့တယ်။ ဒီအဖွဲ့က သူငယ်ချင်း တွေက မေဂျာအသီးသီး က ဆုံခဲ့တဲ့ သူငယ်ချင်းတွေဆိုတော့ သူ့လုပ်ငန်းခွင် ၊ကိုယ့်လုပ်ငန်းခွင် ပြီးရင် ညနေအားတဲ့အချိန်မှာ တွေ့ဖြစ်ကြတယ်။

ကျနော်တို့မှာ စုထားတဲ့ Fund ငွေက သုံးလေးငါးသိန်း ပဲ ရှိတော့ မှာတဲ့ ဟာကို ကျနော်တို့ ဘက်က ကြိုပြီး စိုက်ဝယ်ပေးမယ်။ ပြီးရင် …

COVID -19 တွေ့တယ်ဆိုတဲ့ ပထမတစ်ကြိမ် ကောလာဟလ ဖြစ်တုန်းက အဲဒီတုန်းက မန္တလေးမှာလည်း ဈေးဝယ်ကြတာ များတယ်။ အဲဒီကတည်းက ကျနော်တို့ ဒီအဖွဲ့ကို ဖွဲ့ထားမယ်လို့ တိုင်ပင်ထားတာ။ ဒီနေ့ညထွက်လာတဲ့သတင်းမှာ ရန်ကုန်မှာ တအားကြီး အဲဒီလို တိုးတိုးကြိတ်ကြိတ်ဝယ်တာများတော့ မန္တလေးမှာ ကျန်တဲ့သူတွေ အတွက် အဲလို ဖြစ်မှာ စိုးရိမ်တယ်။ ကျနော်တို့ လူငယ်တွေ တတ်နိုင်သလောက်အားတဲ့အချိန်မှာ ဒါကို အကူအညီပေးမယ်ပေါ့ အဲဒီလိုမျိုး နဲ့ ကျနော်တို့ ဒီအဖွဲ့ကို ဖွဲ့ဖြစ်သွားတာ။ ကျန်တဲ့ စေတနာ့ဝန်ထမ်းတွေကတော့ ကျောင်းပြီးတဲ့ သူငယ်ချင်းတွေချည်းပဲ။

ငြမ်းမီဒီယာ – အခုစေတနာ့ဝန်ထမ်းတွေက လည်း ထပ်စာရင်းပေးလာတာရှိတယ်ဆိုတော့ အခု ဘယ်လောက် ရှိသွားပြီလဲ။

KAC – အခုနောက်ထပ်ပေးတာနဲ့ဆို တစ်ဆယ်ကျော်ကျော် လောက်ရှိမယ်။ အကုန်လုံးရဲ့ ဖုန်းနံပါတ်တွေတော့ တောင်းထားတယ်။ တချို့လည်း Reply မပြန်ကြသေးဘူး။

ငြမ်းမီဒီယာ – TOGETHER အဖွဲ့မှာ စေတနာ့ဝန်ထမ်း လုပ်ချင်တယ်ဆို ဘယ်လိုအချက်အလက်တွေနဲ့ လက်ခံတာလဲ။ ဒါမှမဟုတ် Open ဖွင့်ထားတာလား။

KAC – ကျနော်တို့ ကျန်တဲ့ အချက်အလက်တွေဘာတွေ အဲဒါမျိုးတော့ မစဉ်းစားသေးဘူးဗျ။ ပွင့်ပွင့်လင်းလင်း သူတို့ကို ပြောရရင် ဘာမှ အကျိုးအမြတ်မရဘူး။ ဘာမှ ငွေကောက်ခံတာမျိုး မလုပ်ရဘူး။ ဘဏ်အကောင့်တွေ ပေးပြီး ငွေကြိုလွှဲခိုင်းတာမျိုး မရှိရဘူး။ မလုပ်ရဘူး။ အဲဒီလိုသတ်မှတ်ပြီး ဘယ်နှယောက် ရှိပြီဆိုတာ အသင်းသား နာမည်တွေနဲ့ ကျနော်တို့ ထုတ်ပြန်ပေးထားမယ်။

ငြမ်းမီဒီယာ – နောက်တစ်ခုက ဒီကာလမှာ သွားလာတဲ့အခါမှာ TOGHTER စေတနာ့ဝန်ထမ်း တွေအတွက် ကာကွယ်မှုတစ်စုံ တရာဖြစ်အောင် ကာကွယ်ရေးဝတ်စုံတွေ၊ Mask တွေ၊အဲဒါတွေရော အဆင်သင့် ရှိပြီလား။

KAC – အစကတော့ ဒီအဖွဲ့လေး အတွက်ဆိုပြီး လက်အိတ်တွေ၊ Mask တွေ စုထားတာတော့ ရှိတယ်။ဒါပေမယ့် နောက်ထပ် ဗော်လန်တီယာတွေ တိုးလာတယ်ဆိုရင် တစ်ယောက်ကို လက်ဆေးရည် ဆိုလည်း တစ်ယောက် တစ်ဘူးပေါ့၊လက်အိတ်၊ Mask တစ်ယောက်စာ အတွက် အလုံအလောက်ပေးထားမို့ ဒါပေမယ့် လောလောဆယ် အဲဒီဟာတွေက ဈေးတအားတက် သွားတယ်။အဲဒီဟာတွေလည်း ကျနော်တို့ ပြန်တော့ဖြည့်နေတယ်။

ငြမ်းမီဒီယာ – လူတွေ တကယ်အခက်အခဲ ဖြစ်နေချိန်မှာ TOGETHER အဖွဲ့အမည်ခံပြီး တစ်ဦးဦးက အဖွဲ့နာမည်ကို အသုံးချတာ မျိုးမဖြစ် အောင် အဖွဲ့ရဲ့ အမှတ်တံဆိပ်တွေ၊သက်သေခံ ကတ်ပြားတွေ စီစဉ်ထားတာရော ရှိလား။

KAC – ကျနော်တို့ ဒီ TOGETHER team နာမည်နဲ့ လုပ်ထားတာ မျိုးတော့ မရှိဘူး။ ဒါပေမယ့် အခုပြန်စဉ်းစားထားတာက ကျနော်တို့ လိုဂိုအမှတ်အသားတွေနဲ့ လုပ်မလား။ဒါမှမဟုတ်ရင် ကျနော်တို့ ကျောင်းမှာ အခုလက်ရှိလည်း ဖွဲ့ထားတဲ့ ပညာရေး ထောက်ပံ့ကြေး ပေးတဲ့ လူမှုရေးအသင်းလေးရှိတယ်။ အဲဒီအသင်းအောက်ကို ပြန်ဝင်ပြီးတော့ အဲဒီအသင်းရဲ့ အမှတ်အသားဖြစ်တဲ့ ရင်ထိုးဘာညာ အဲဒါမျိုးနဲ့ ကျနော်တို့ အသင်းကို ပြန်ကန့်မလား။ အဲဒါကတော့ တိုင်ပင်နေတုန်းပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့ စဖွဲ့တုန်းက လူနည်းနည်းလေး။ကိုယ့်သူငယ်ချင်းတွေ အစုလောက်လေး အဲဒီဗလာက်ထိ ဗော်လန်တီယာတွေ နောက်ထပ် ပါလာ မယ် လို့ လည်း မထင်ထားမိဘူး။ အဲဒီတော့ အဲဒီဘက်ကို သိပ်ပြီး ပြင်ဆင်ထားတာ မရှိဘူး။ အဲဒီတော့ နဂိုရှိတဲ့ လူမှုရေး အသင်းအောက်ကပဲ သွားကြမလားဆိုတာတော့ တိုင်ပင်နေတုန်း။

ငြမ်းမီဒီယာ – အခြားတိုင်းနဲ့ပြည်နယ်၊ မြို့တွေနယ်တွေမှာရော ကွန်ရက်ဖွဲ့ပြီး ဆောင်ရွက်ဖို့ရော ရှိလား။

KAC – အဲဒီလိုတော့ စဉ်းစားထားပါတယ်။ ဒါပေမယ့် ကိုယ့်တိုင်းနဲ့ပြည်နယ် ကိုကျော်ပြီး ကွန်ရက်ဖွဲ့လုပ်ဖို့ လုပ်ချင်တဲ့ ညီ၊ညီမတွေ၊သူငယ်ချင်းတွေ ရှိရင် လုပ်မယ်။ တကယ်လို့ အဲဒီလိုမျိုး မရှိဘူးဆိုရင်တော့ ရသလောက်တော့ မေးကြည့်မယ်။ စဉ်းတော့ စဉ်းစားထားတယ်။

ငြမ်းမီဒီယာ – အများပြည်သူက စေတနာထက်သန်လို့ ကိုအေးချမ်းတို့ TOGETHER စေတနာ့ ဝန်ထမ်းအဖွဲ့ကို အလှူငွေ ထည့်ချင်တယ်ဆိုရင် လက်ခံဖို့ ရှိလား။

KAC – ကျနောတို့ အသင်းအနေနဲ့ အဲဒါကိုတော့ လက်မခံဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကြေညာ ထား ပြီးသား။ စေတနာ ထက်သန်ပြီးလှူချင်တယ်ဆိုရင် ကျနော်ခုနကပြောတဲ့ နည်းပညာ တက္ကသိုလ် (မန္တလေး) ပညာသင်ထေက်ပံ့ကြေး အသင်း ရှိတယ်။ အဲဒီအသင်းကို လှူတာမျိုးတော့ လှူလို့ရတယ်။ အဲဒီ အသင်းမှာ ကျနော်တို့က အရင်တုန်းက လုပ်ခဲ့တဲ့ အလုပ်အမှူ ဆောင်ေ တွဖြစ်တဲ့ အတွက် အဲဒီအသင်းမှာ လက်ရှိရှိနေတဲ့ ဥက္ကဌ၊ ဘဏ္ဍာရေးမှူး စသဖြင့် သူတို့ကို တိုက်ရိုက်လှူ။ ကျနော် တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျနော် တို့က ငွေလုံးဝမကိုင်ဘူး။မထိဘူး။ အဲဒီအသင်းကိုပဲလှူ။ ကျနော်တို့ TOGETHER စေတနာ့ ဝန်ထမ်း အဖွဲ့ကတော့ အလှူငွေ လုံးဝလက်မခံပါဘူး။

ငြမ်းမီဒီယာ – အဲဒီတော့ ကိုအေးချမ်းတို့ TOGETHER စေတနာ့ ဝန်ထမ်းအဖွဲ့က ဘယ်လိုပုံစံနဲ့ ကူညီမှာလဲ။ ဘယ်သူတွေကို ကူညီမှာလဲ။

KAC – အဓိက ကတော့ ကျနော်တို့ ပထမဦးဆုံး ရည်ရွယ်ထားတာက သက်ကြီးရွယ်အိုတွေ၊များသောအားဖြင့် COVID – 19 ဖြစ်တာက နိုင်ငံတကာမှာ ကျနော်တို့ ကြည့်လိုက်တော့ အသက်ခြောက်ဆယ် ကျော်တွေ ပိုပြီး အဖြစ်များတယ်။

ဘယ်ဆန်ကုန်သည်ကတော့ ကျနော်တို့နဲ့အတူ လိုအပ်တဲ့သူတွေကို သူဘယ်လောက်ပေးမယ် စသဖြင့် ဘယ်လောက်ဝေမယ် အဲဒီလိုမျိုးဆိုရင် ကျနော်တို့ …

သက်ကြီး ရွယ်အိုတွေ၊ ကျောထောက်နောက်ခံမရှိတဲ့ မိသားစုမျိုးတွေ သူတို့တွေ ဆေးဝါး၊စားသောက်ကုန်လိုအပ်လာတဲ့ အခါမှာ ကျနော်တို့ဘက်က အကူအညီပေးမယ်ပေါ့။ နောက်တစ်ခုက စောစောကပြောသလို နာမကျန်းဖြစ်နေသူတွေ သူတို့တစ်ခုခု စားချင် တာ ဖြစ်ဖြစ်၊ လိုအပ်တဲ့ဆေးဝါးဖြစ်ဖြစ်၊ သူတို့လိုအပ်တာသွားပြီး ဝယ်ပေးမယ်။ ကျသင့်ငွေကို ကျနော်တို့စိုက်နိုင်ရင် စိုက်ခဲ့ မယ်။ ပြီးရင် ဘောက်ချာ ပြန်ပေးမယ်။ ကျနော်တို့ အပိုငွေ လက်မခံဘူး။ ကျနော်တို့ဘက်က ဗော်လန်တီယာတွေ လည်း များလာမယ် အကူအညီ လိုအပ်တဲ့ သူတွေလည်း များလာမယ် အဲဒါကိုတော့ လိုအပ်သလို ကူညီသွားမယ်။ တစ်ယောက်ကို၊ တစ်အိမ်ကို တစ်ခေါ က်မျိုး ၊နှစ်ခေါက်မျိုး မကန့်သတ်ထားဘူး။ ကျနော်တို့ အသင်းမှာ ကားမရှိတဲ့အတွက်တော့ အများကြီးတော့ မသယ်ပေးနိုင်ဘူး။ ဆန်ဆိုလည်း တစ်အိတ်၊ဆီဆိုလည်း တစ်ပုံး၊ဆိုင်ကယ်တစ်စီး တစ်နိုင်စာ ကျနော်တို့ နိုင်သလောက်လေး သယ်ပေးမယ်။

ငြမ်းမီဒီယာ – မတတ်နိုင်သူတွေမှာရင်ရော ပိုက်ဆံ ပြန်မယူတာမျိုးလား။

KAC – အဲဒီလိုတော့ မဟုတ်ဘူးဗျ။ ကျနော်တို့မှာ စုထားတဲ့ Fund ငွေက သုံးလေးငါးသိန်း ပဲ ရှိတော့ မှာတဲ့ ဟာကို ကျနော်တို့ ဘက်က ကြိုပြီး စိုက်ဝယ်ပေးမယ်။ ပြီးရင် ဘောက်ချာ အတိုင်း တစ်သောင်းကျရင် တစ်သောင်း ။ တစ်သောင်းထက်ပိုတဲ့ ဟာမျိုး ပေးတာ ကျနော်တို့ လက်မခံဘူး။ ကျသင့်ငွေပဲပေး။ကျနော်တို့ Team ကိုလည်း ယုံကြည်မှု ရှိအောင် ပြီးတော့ ကျနော်တို့ အလွဲ သုံးစား လုပ်တာမျိုးလည်း အဖြစ်မခံနိုင်ဘူး။ ကျနော်တို့ကို ငွေကြိုလွှဲစရာ မလိုဘူး။ ကျနော်တို့စိုက်နိုင်တဲ့ပမာဏထက် ဈေးဝယ်တာ များနေရင် ဥပမာ ခြောက်သိန်း၊ ခုနှစ်သိန်းဖြစ်နေရင် ကျနော်တို့ လက်ထဲရှိတဲ့ သုံးလေးငါးသိန်းမျိုးကို ရသလောက်စိုက်ပြီး ရသ လောက် ဝယ်ခဲ့မယ်။ ပြီးရင် အဲဒီပစ္စည်းကို အရင်ပို့ပေးမယ်။ အဲဒီကနေ အဲဒီပ္စည်းအတိုင်း ငွေရှင်း ရှင်းခဲ့ပြီးမှ နောက်ထပ် ကျန်တဲ့ ပစ္စည်းကို ထပ်သွားဝယ်ပြီး ထပ်ပို့ပေးမယ်။ ကျနော်တို့မှာ အဲလောက်ထိပဲ တတ်နိုင်တဲ့ ပမာဏာပဲ ရှိသေးတယ်။

ငြမ်းမီဒီယာ – စေတနာရှင်တွေ က သူတို့အနေနဲ့ ဒီအဖွဲ့နဲ့အတူ တစ်တပ်တအား ဒီကူညီမှုမှာ ပါဝင်ချင်တယ်ဆိုရင်ရော လက်မခံ နိုင်ဘူးလား။

KAC – တစ်တပ်အားပါဝင်ချင်တယ်ဆိုရင် ထာပါးတော့ ဥပမာ ဘယ်ဆန်ကုန်သည်ကတော့ ကျနော်တို့နဲ့အတူ လိုအပ်တဲ့သူတွေကို သူဘယ်လောက်ပေးမယ် စသဖြင့် ဘယ်လောက်ဝေမယ် အဲဒီလိုမျိုးဆိုရင် ကျနော်တို့ ဘက်က လက်ခံမယ်။ စောစောက ပြောသလို မျိုး  ကျနော်တို့အသင်းက နေ ကူညီတဲ့သူတွေ ပိုက်ဆံစိုက်ပေးပြီး ဝယ်ပေးဖို့ ဘယ်လောက်မျိုး လှူတာမျိုးကိုတော့ ကျနော်တို့ လက်မခံဘူး ဆုံးဖြတ်ထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငွေရေးကြေးရေးနဲ့ပတ်သက်လာရင် နောက်ပိုင်း အရှုပ်အရှင်း တွေ ကိုယ့်စေတနာကို မယုံကြည် မှာ၊စေတနာနဲ့ လုပ်တာကို မယုံကြည်မှာ စိုးတာဖြစ်တဲ့အတွက် ငွေရေးကြေးရေးကိုတော့ လုံးဝ လက်မခံဘူးလို့ စဉ်းစားထားကြတယ်။

ငြမ်းမီဒီယာ – ကျေးဇူးပါ ကိုအေးချမ်း။ အစစအရာရာအဆင်ပြေပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,