လူတစ်စုရဲ့ အလိုဆန္ဒဖြစ်နေတော့ လှုပ်ရှားမှုက အရမ်းကွာတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ရွှေဝါရောင်သံဃာကွန်ရက်၏ ဦးဆောင်ဆရာတော် ဆရာတော်ဦးပဏ္ဍဝံသ (ခ) ဦးပြည်ကျော်

ရွှေဝါရောင်သံဃာ တော်တွေ ထွက်လာတယ် ဆိုတာက လူနည်းစုရဲ့ဆန္ဒမဟုတ်ဘူး။ ပြည်သူလူထုရဲ့ လိုအပ်ချက်ကြောင့် ရွှေဝါရောင် သံဃာတော်တွေ ထွက်ခဲ့တာဖြစ်တယ်။ အခုလက်ရှိသွားနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အနေအထားကတော့ …

အစွန်းရောက် အမျိုးသားရေးဝါဒီများ၏ ဟောပြောချက်၊ ရေးသားချက်များကြောင့် ရွှေဝါရောင်သံဃာတော်များက မေလ ၂၀ ရက်က အထူးအစည်းအဝေး တစ်ခု ပြုလုပ်ကာ ၎င်းတို့နှင့် ပတ်သက်ခြင်းမပြုရန် ပြည်သူလူထုထံ မေတ္တာရပ်ခံခဲ့သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရွှေဝါရောင်သံဃာကွန်ရက်၏ ဦးဆောင်ဆရာတော် တပါးဖြစ်သည့် ဆရာတော်ဦးပဏ္ဍဝံသ (ခ) ဦးပြည်ကျော်ကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – အစွန်းရောက်အမျိုးသားရေး ဝါဒီတွေရဲ့ ဟောပြောချက်တွေ၊ ရေးသားချက်တွေ ရှိနေလို့ မပတ်သက် ဖို့ကြေညာချက်ထုတ်တော့ အဲဒီကိစ္စက တိုင်းပြည်အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိမယ်လို့ ထင်လို့ထုတ်တာပါလဲဘုရား။

ဆရာတော်- တိုင်းပြည်ပုံရိပ်က ကျဆင်းလာတယ်။ အဲလိုကျဆင်းလာလို့ရှိရင် နိုင်ငံတော် အကြီးအကဲ တွေသွားနေတဲ့ ငြိမ်းချမ်းရေးကို တနည်းအားဖြင့် ထိခိုက်စေနိုင်တာပေါ့။ အဲဒီလိုထိခိုက်ရင် တိုင်းပြည်ရဲ့ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အစရှိတဲ့ ဖွံဖြိုးရေးတွေ ဆုံးရှုံးနိုင်တယ်ဆိုတာ ပြည်သူတွေအနေနဲ့ ထဲထဲဝင်ဝင်နားမလည်ဘူးဆိုရင် တိုင်းပြည် အတွက် အရမ်းနစ်နာ သွားနိုင်တယ်လို့ ဘုန်းကြီးက အသိပေးချင်တာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ- ကြေညာချက်ထုတ်ပြီးတဲ့အခါမှာ ခုလိုပဲဆက်ဖြစ်နေမယ်ဆိုရင် အရှင်ဘုရားတို့အနေနဲ့ ဘယ်လိုမျိုး ဆက်လုပ် သွားဖို့ရှိလဲဘုရား။

ဆရာတော် – အဓိကကတော့ ဒီမှာအဖြေတွေက ရှိနေပြီးသား။ ဒီအထဲမှာ သံဃာအချို့ ပါဝင်နေ တယ်။ အချို့လည်း လူပုဂ္ဂိုလ်တွေပါဝင်နေတယ်။ သံဃာအချို့ပါဝင်နေတာကို နိုင်ငံတော်သံဃာ့မဟာနာယက ရှိပြီးသား။ သံဃာတွေလိုက်နာရမယ့် စည်းကမ်းချက် တွေ၊ ညွှန်ကြားချက်တွေထုတ်ပြီးသား။ အဲဒီလိုပဲ လူပုဂ္ဂိုလ်တွေအတွက်ကလည်း ပြည်ထဲရေး၊ အခြေခံဥပဒေ၊ နည်းဥပဒေအစရှိသဖြင့်ပြဌာန်းပြီးသား။ ဒီမှာဘာကြောင့် ဖြစ်နေတာလဲဆိုတော့ ဒါကိုတာဝန်ယူဆောင်ရွက် နေတဲ့ပုဂို္ဂလ်တွေရဲ့ အချိန်နဲ့ တပြေးညီ အရေးယူဆောင်ရွက်မူတွေ လိုအပ်နေတာ။ အဲဒီလိုအပ်တာနဲ့ပတ်သက်ပြီး ဘုန်းကြီးတို့ကနေသူတို့ကို ဆက်ပြီး ဖိအားပေးသွားမယ်။ တွန်းအားပေးသွားမယ်။ ကိုယ်တို့ရဲ့ ထင်တဲ့မြင်တဲ့ဟာတွေကိုလည်း သူတို့အရေးယူဆောင်ရွ က်နိုင်အောင် အခုဆိုရင် တောင်ညွန့်မှာစနေပြီ။ အုပ်ချုပ်ရေးတွေရော၊ ရဟန်းရော၊ ပြည်သူရောပါတဲ့ ပဋိပက္ခ ကာကွယ် တားဆီးရေးအဖွဲ့ကို ဖွဲ့ပြီးသွားပါပြီ။ သံဃာပါပါလာပြီဆိုရင် မြို့နယ် သံဃာ့နာယက ဆရာတော်ကြီးတွေတို့၊ ရပ်ကွက်သံဃာ့နာယက ဆရာတော်ကြီးတွေ ထိန်းသိမ်းလို့ရအောင်လို့ ဆရာတော် ကြီးတွေရဲ့ ဖုန်းနံပါတ်တွေလည်း ရပ်ကွက်တွင်းကို လည်း ဖြန့်ဝေပြီးဖြစ်ပါတယ်။ အဲလိုမျိုးတွေနဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – အခုဆိုရင် လူမှုကွန်ရက်က အရမ်းကျယ်ပြန့်လာပါတယ်။ ဒီလိုအချိန်မှာ အမျိုးသား ရေး ဝါဒီ သမားတွေလို့ ပြောနေတဲ့သူတွေကို ဖမ်းဆီးတာတွေနဲ့ပတ်သက်လို့ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းကြီးလိုပေါ်ပေါက် လာအောင်လုပ်မယ်။ ပေါ်ပေါက် လာမယ်ဆိုတဲ့ ပြောဆိုရေးသားချက်တွေ လူမှုကွန်ရက်မှာ တွေ့နေရပါတယ်ဘုရား။ ရွှေအဝါရောင်အရေးအခင်းက အခုလိုအခြေအနေနဲ့ တူသလား မတူဘူးလား။

ဆရာတော် – မတူဘူး။ မတူဘူးဆိုတာက ရွှေဝါရောင်သံဃာ တော်တွေ ထွက်လာတယ် ဆိုတာက လူနည်းစုရဲ့ဆန္ဒမဟုတ်ဘူး။ ပြည်သူလူထုရဲ့လိုအပ်ချက်ကြောင့် ရွှေဝါရောင် သံဃာတော်တွေ ထွက်ခဲ့တာဖြစ်တယ်။ အခုလက်ရှိသွားနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အနေအထားကတော့ လူတစ်စုရဲ့အလိုဆန္ဒဖြစ်နေတော့ လှုပ်ရှားမှုက အရမ်း ကွာနေ တယ်။ စိတ်ခံစားချက်တွေလည်း အရမ်းကွာနေတယ်။ ပြီးတော့ ပြည်သူလူထု မပါဝင်ဘူးဆိုရင် ဒီပုံရိပ်က ကျယ်ကျယ်ပြန့်ပြန့် မဖြစ်နိုင်ဘူးဆိုတာကို ပြည်သူတွေ အနေနဲ့ယုံကြည်စိတ်ချဖို့ ပြောချင်တယ်။

ငြမ်းမီဒီယာ – ပြည်သူတွေအနေနဲ့မိမိတို့သားသမီးတွေကို အစွန်းရောက်လှုပ်ရှားမှု တွေမှာမပါဝင်ဖို့ အရှင်ဘုရားတို့က မေတ္တာရပ်ခံခဲ့တယ်။ အဲဒီမေတ္တာရပ်ခံချက်က သက်ရောက်မှု ကြီးကြီးမားမား ဖြစ်လာမယ်လို့မျော်လင့်ပါသလားဘုရား။ အထူးသဖြင့် ကျေးလက်ဒေသတွေပါဘုရား။

ဆရာတော် – ကျေးလက်ဒေသတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ရောက်မှာဖြစ်ပါတယ်။ ဘာကြောင့်တုန်းဆိုရင်သံဃာတွေက တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ နေ့စဉ် ထိတွေ့နေရတာဖြစ်တယ်။ ပြီးတော့သံဃာတွေကလည်း အရင့်အရင်တုန်းကလို မဟုတ်ဘဲ လက်ထဲမှာဖုန်းတွေရှိနေတာဖြစ်တဲ့အတွက် ဘုန်းကြီးတို့ရဲ့ မေတ္တာ ရပ်ခံချက်က နာရီပိုင်းအတွင်း တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားမှာ ဖြစ်တဲ့အတွက် ထိရောက် မယ်လို့ ဘုန်းကြီးတို့က ယုံကြည်ပါတယ်။ တကယ်လည်းထိရောက်မယ့် အနေအထား ရှိနေပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုလိုရွှေဝါရောင်သံဃာတွေရဲ့အစည်းအဝေးတွေကို အခြားသော ဒေသတွေမှာ ဆက်လုပ်ဖို့ရှိပါသလားဘုရား။

ဆရာတော်- အစီအစဉ် ရှိပါတယ်။ အခုပဲ မန္တလေး သံဃာ့သမ္မဂီ အမှုဆောင် ဆရာတော်ကို ပင့်ထားတယ်။အဲဒီ ဆရာတော်က ဒီနေ့ညပဲ ပြန်ကြွမယ်။ပြီးရင် ဟိုမှာ ပြင်ဆင် မှာပဲ။ ပြင်ဆင်မှုပြီးတာနဲ့ ဘုန်းကြီးတို့ရန်ကုန်မှာရှိနေတဲ့ ရွှေဝါရောင် ကိုယ်တော် တွေ က မန္တလေး တက်ပြီး အခုလို အစည်းအဝေးတွေ ဆက်လုပ် သွားပါမယ်။

ငြမ်းမီဒီယာ – ဦးတင်ပါတယ်အရှင်ဘုရား။

 

ငြမ်းမီဒီယာ
မေ(၂၀)၊၂၀၁၇၊ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,