လူတဖက်သားကို စော်ကားရာရောက်တယ်။ အဲဒါမျိုးတွေ ဆင်ခြင်သင့်တယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ပညာရေးကော်မတီအတွင်းရေးမှူး ကိုရဲဝင်း

အနှိမ်ခံအုပ်စုတွေ၊အားနည်းတဲ့အုပ်စုတွေ၊ ကလေးတွေ၊ အားနည်းတဲ့သူတွေ၊ တချို့ရောဂါသည်တွေအတွက် ဒီလိုမျိုးဥပဒေတွေ ထွက်လာတာဟာ သူတို့ဟာ ဖိနှိပ်ခံနေရတယ်၊ သူတို့ စော်ကားခံနေရတယ်၊ လူ့အဖွဲ့အစည်းက တချို့လူတွေကနေ …

မသန်စွမ်းသူများအပေါ် ထိခိုက်စော်ကားမှုများရှိနေကြောင်း ဝေဖန်မှုများရှိနေတဲ့ ကို့ယို့ကားယားဇာတ်ကားနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများ အဖွဲ့ချုပ် နဲ့ အဲဒီဇာတ်ကားကို ရိုက်ကူး ထုတ်လုပ်သူ ဒါရိုက်တာ ၊သရုပ်ဆောင်တွေ ဒီနေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်၊ ပညာရေးကော်မတီအတွင်းရေးမှူး ကိုရဲဝင်းနဲ့ ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်းထားပါတယ်။

ငြမ်းမီဒီယာ – ကို့ယို့ကားယားဇာတ်ကားက အားလုံးတော့ မပြီးသေးဘူးပေါ့။ ရိုက်ပြီးသလောက် အခုတွေ့ရတဲ့ ဇာတ်ဝင်ခန်း တချို့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

Y – ရိုက်ခဲ့တဲ့ အခန်းတချို့ရယ်၊ ဇာတ်ဝင် ဓာတ်ပုံတချို့ရယ်ကို တွေ့တယ်ပေါ့။ အဲဒါကြောင့်မို့ ကျနော်တို့လည်း ဝေဖန်ရတာပေါ့။ နောက်တစ်ခုက ကားနာမည်ကိုက ကို့ယို့ကားယား ဖြစ်နေတယ်။ နောက်ပြီး ရိုက်တာက အင်တာဗျူးတွေမှာ ပိုလီယိုရောဂါသည်ဆိုပြီး ဖြေတယ်။ ရိုက်တဲ့ ဇာတ်ကောင်က ပိုလီယိုမဟုတ်ဘူး။ CP ။ ပိုလီယိုပဲဖြစ်ဖြစ်၊ CP ပဲဖြစ်ဖြစ် ရောဂါသည်လို့မခေါ်ဘူး။ အဲဒီလိုမျိုးကိစ္စတွေရယ်၊ နောက်ပြီးတော့ ဟာသကားဖြစ်နေတယ်ဆိုတဲ့အချက်နဲ့ ဒီ(၃) ချက်နဲ့ ကျနော်တို့က ဝေဖန်မှုလုပ်တာပေါ့။ ကျနော် ဥပမာနဲ့ ခိုင်လုံတိကျမှုနဲ့ပေါ့။ ပြောရရင် မသန်စွမ်းမှုကတော့ ပညာရပ်ဆိုင်ရာအရ တချို့ဟာတွေက လူတွေနားလည်နိုင်ဖို့ ခက်ခဲတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ကတော့ ကိုယ်တွေ့အနေနဲ့ မသန်စွမ်းတွေအနေနဲ့ကတော့ ခိုင်လုံတဲ့အထောက်အထားအရ ဒီဟာကို ဝေဖန်ရခြင်းဖြစ်တယ်။ ဒီကားမှ မဟုတ်ဘူး၊ အရှေ့က ကားတွေလည်း ကျနော်တို့ ပြောလာတာ ကြာပြီ။ ဒီကား ကတော့ ဘယ်လိုပဲဖြစ်ဖြစ် မီဒီယာမှာ ပေါက်သွားတယ်ဆိုတဲ့အတွက် ဒီကားတစ်ခုတည်းကို တည်ပြီးတော့ ပြောသလိုဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ မသန်စွမ်းမှုမှာ Concept လွဲနေတဲ့ အမှားရှိတဲ့ကားတွေကိုလည်း ဒီနေ့ ကျနော်တု့ိ ရုပ်ရှင်အစည်းအရုံးကို ပြောပြခဲ့ပါတယ်။ Advocacy လုပ်ခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒီနေ့တွေ့ဆုံဆွေးနွေးတော့ သူတို့ဘက်က ဘာတွေပြောခဲ့လဲ၊ ဘာရလဒ်တွေရခဲ့လဲ။

Y – ဒီနေ့တွေ့ဆုံဆွေးနွေးပွဲက မသန်စွမ်းအသင်းချုပ်နဲ့ ရုပ်ရှင်အစည်းအရုံးနဲ့ပေါ့။ မသန်စွမ်းမှုကို ဟာသလုပ်ထားတဲ့ဟာ၊ မသန်စွမ်းမှုကို လှောင်ပြောင်ထားတာနဲ့ပတ်သက်ပြီးတော့ အဲဒီဇာတ်ကားနဲ့ပတ်သက်ပြီးတော့ မသန်စွမ်းအသင်းချုပ်က Statement ထုတ်တယ်။ ပြီးတော့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လိုဆက်လုပ်သင့်တယ်ဆိုတာကို ဆွေးနွေးကြတာပေါ့။ နှစ်ဖက်စလုံးက ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ သဘောတူကြပါတယ်။ အသင်းချုပ်နဲ့ ဒီဘက်က ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်သမားတွေပါဝင်ပြီးတော့ Workshop တရပ်လုပ်ဖို့လည်း ကျနော်တို့ အသင်းချုပ်ဘက်က ကမ်းလှမ်းတယ်။ ဒီဘက်ကလည်း သဘောတူတယ်ဆိုတော့ ဆက်လက်ပြီး Workshop တစ်ခုလုပ်ဖို့လည်း စီစဉ်ထားပါတယ်။

ငြမ်းမီဒီယာ – ဒီရလဒ်အပေါ်မှာရော ကျေနပ်လား။

Y – အတိုင်းအတာတစ်ခုအထိတော့ ကျေနပ်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့နိုင်ငံက မသန်စွမ်းအခွင့်အရေးဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘာပဲဖြစ်ဖြစ် အခုမှ Awareness လုပ်နေတုန်း ဆိုတော့ ဥပဒေကိုလည်း မသိတာလည်း ပါတာပေါ့နော်။ ကျနော်တို့အနေအထားကတော့ နောက်ဆက်ပြီးတော့ ဥပဒေအကြောင်း၊ မသန်စွမ်းမှုအကြောင်း၊ မသန်စွမ်းသူ အခွင့်အရေး အကြောင်းကို သိဖို့အတွက် ဆက်ပြီးကြိုးစားရမှာပေါ့။ အဲဒီတော့ မသန်စွမ်းအခွင့်အရေးတွေ သိသွားပြီးတော့မှ မသန်စွမ်းမှု အကြောင်းကို သိသွားပြီးတော့မှ နောက်ထွက်လာမယ့် အနုပညာတွေက ကျနော်တို့အတွက် ပိုပြီးတော့ ကျေနပ်စရာ ကောင်းလာ မယ်လို့ ထင်ပါတယ်။

ငြမ်းမီဒီယာ – ရုပ်ရှင်အစည်းအရုံးဘက်ကရော ဘယ်လိုမျိုးများ တုံ့ပြန်ပြောဆိုခဲ့လဲ။ ပူးပေါင်းဆောင်ရွက်ရတဲ့အပိုင်းတွေမှာ အားရကျေနပ်စရာ ရှိခဲ့ရဲ့လား။

Y – တဖက်ကကြည့်ရင်တော့ အနုပညာက ကျနော်တို့ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးပေါ့။ အနုပညာဆိုတာ ဖန်တီးသူရဲ့ စိတ်ခံစားမှုအပေါ်မှာ မူတည်ပြီးတော့ ထွက်လာတဲ့ ဥစ္စာပေါ့။ တဖက်ကနေကြည့်ရင်လည်း မသန်စွမ်းမှုကို လှောင်ပြောင်ထားတဲ့ ကိစ္စမျိုးဖြစ်နေတဲ့ကားမျိုးတွေကို ကျနော်တို့ထောက်ပြခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဟာသကို မဖန်တီးရဘူးတော့ မဟုတ်ပါဘူး။ ဟာသကတော့ ဒီလိုမျိုးတော့ ရှိနေတာပဲလေ။ ဒါပေမဲ့ မသန်စွမ်း ဂုဏ်သိက္ခာကို လာပြီးတော့ ထိခိုက်တဲ့ အောက်ပိုင်းပြက်လုံးတွေပေါ့။ သူကတော့ သန်တော့မသန်ဘူူး၊ ဟိုဟာတော့သန်တယ် ဆိုတဲ့ဥစ္စာမျိုး  …

ဥပမာ နားထိုင်းတို့ရွာပေါ့။ နားထိုင်း ဆိုရင် ထိုင်းဆိုတဲ့စကားက ထုံထိုင်းတယ်ဆိုတာကနေ လာတာပေါ့။ နားထိုင်း ဆိုတာက ဘယ်လိုပဲဖြစ်ဖြစ် မသန်စွမ်းသူတွေ အတွက် မကောင်းတော့ဘူး။ နောက်ပြီးတော့ နားမကြားတွေဆိုရင် သူတို့ကို နားမကြားတဲ့သူလို့ ခေါ်တာပဲ ကြိုက်တယ်။ ထိုင်းတယ်လို့ခေါ်တာ သူတို့မကြိုက်ကြဘူး။ အဲဒီလိုမျိုး ဆင်ခြင်ဖွယ်ရာ ကိစ္စတွေပေါ့။ ကိုယ်ရိုက်တဲ့ ကားကတော့ ကိုယ်မသိလို့ပဲဖြစ်ဖြစ်၊ သိလို့ပဲဖြစ်ဖြစ် မသန်စွမ်းမှုကို တဖက်သားကို ထိခိုက်နစ်နာသွားတဲ့ ကိစ္စမျိုးဆိုရင် သက်ဆိုင်တဲ့ ကာယကံရှင်ပေါ့။ ကျနော်တို့ဆိုရင် မြန်မာနိုင်ငံ မသန်စွမ်းအသင်းချုပ်ဆိုရင် ဥပဒေအရ မြန်မာတနိုင်ငံလုံးက မသန်စွမ်းတွေကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အသင်းချုပ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ညှိနှိုင်းတိုင်ပင်ပြီးတော့ အကြံညာဏ်တောင်းပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ကျနော်တို့ ထင်ပါတယ်။ အဲဒါကိုလည်း ကျနော်တို့ ဒီနေ့မှာ ပြောပြခဲ့ပါတယ်။ ကျနော်တို့ဘက်က ဘယ်လိုပဲဖြစ်ဖြစ် အကြံပေးဖို့အတွက်၊ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် အဆင်သင့်ရှိတယ်လို့ ရုပ်ရှင် အစည်းအရုံးကို ပြောပြခဲ့ပါတယ်။

ငြမ်းမီဒီယာ – လူ့အဖွဲ့အစည်းအနေနဲ့ မသန်စွမ်းတွေအပေါ်မှာ သနားကရုဏာအခြေခံပြီး စဉ်းစား လုပ်ဆောင်ချက်ရယ်၊ အခွင့်အရေးအရ အခြေခံပြီး စဉ်းစားလုပ်ဆောင်ချက်ရယ်၊ အဲဒီ(၂)ခုမှာ ဘယ်ဟာက ပိုပြီး အရေးကြီးတယ်လို့ ထင်လဲ။

Y – အမှန်ကတော့ (၂) ခုစလုံးက လိုပါတယ်။ Sympathy ပေါ့၊ သနားကရုဏာ ကိုအခြေခံတာပေါ့။ တချို့မသန်စွမ်းတွေအတွက်က သနားကရုဏာကိုအခြေခံပြီးတော့ လူ့အဖွဲ့အစည်းက စာနာတာ၊ အလှူဒါနပေးတာ ဒါမျိုးကိုလည်း ကျနော်တို့က လက်ခံပါတယ်။ ဒါပေမဲ့ ဒီဟာကိုပဲ အဓိကထားနေလို့တော့ မဖြစ်ဘူး။ ကျနော်တို့ဟာ လူသားတွေဖြစ်တယ်ဆိုတဲ့အတွက် ကိုယ်ချင်းစာစိတ်ပေါ့။ Empathy ပေါ့။ ဥပမာ ယောင်္ကျားတစ်ယောက်ဆို မိန်းမကို ကိုယ်ချင်းစာရမယ်။ အမျိုးသားက အမျိုးသမီးကို ကိုယ်ချင်းစာရမယ်။ အမျိုးသမီးကလည်း အမျိုးသားကို ကိုယ်ချင်းစာရမယ်။ သန်စွမ်းသူကလည်း မသန်စွမ်းသူကို ကိုယ်ချင်းစာရမယ်။ မသန်စွမ်း သူကလည်း သန်စွမ်းသူကို ကိုယ်ချင်းစာရမယ်ဆိုတဲ့ Empathy ပေါ့။ Empathy ကိုအခြေခံတဲ့အခါ လူ့အခွင့်အရေးဆိုတာ ထွက်လာတယ်။ အဲဒီတော့ မီဒီယာဆိုရင် မီဒီယာကျင့်ဝတ်ရှိတယ်။ ကလေးတွေကို ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုရိုက်ရမယ်၊ ရောဂါသည်တွေကို ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုရိုက်ရမယ်၊ မသန်စွမ်းသူတွေကို ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုရိုက်ရမယ်ဆိုတာ အလကားထုတ်ထားတဲ့ ကျင့်ဝတ်တွေမဟုတ်ဘူး။ အရှေ့က အထောက်အထားတွေကို အခြေခံပြီး ဂျာနယ်လစ်ဇင်ကျင့်ဝတ်ဆိုတာ ဖြစ်လာတယ်။ အဲဒီလိုမျိုးပဲ ပြည်သူလူထုကိုချပြတဲ့ အနုပညာတစ်ခုပေါ့။ ဒီကျင့်ဝတ်တွေက အနုပညာကိုသွားပြီးတော့ စည်းမျဉ်း စည်းကမ်းနဲ့ ထိန်းကျောင်းနေလို့တော့ မရဘူးပေါ့။ ဒါပေမဲ့ တခြားဘက်ကနေကြည့်ပြီးတော့ လူ့ကျင့်ဝတ်ကို ဘယ်လိုစောင့်ထိန်းပြီး တော့ ဖော်ထုတ်ရမယ်ဆိုတဲ့ ဥစ္စာမျိုးကိုတော့ ကျနော်တို့ ဂရုစိုက်သင့်တယ်။ Empathy ကိုအခြေခံပြီးတော့ အနုပညာကို ဖော်ထုတ် တာမျိုးကို ကျနော်တို့ဘက်က ပိုလိုလားတယ်။

ငြမ်းမီဒီယာ – ရှေ့မှာထွက်ခဲ့တဲ့ အငြိမ့်၊ ဗီဒီယို၊ ရုပ်ရှင်တွေမှာ မသန်စွမ်းမှုအမျိုးမျိုးကို အကြောင်းပြုပြီး ဟာသလုပ်ခဲ့တာတွေ မကြာခဏ ရှိခဲ့တယ်။ အဲဒါတွေကြည့်ဖြစ်တဲ့အခါမှာရော မသန်စွမ်းသူတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲ။

Y – ဟာသကို မဖန်တီးရဘူးတော့ မဟုတ်ပါဘူး။ ဟာသကတော့ ဒီလိုမျိုးတော့ ရှိနေတာပဲလေ။ ဒါပေမဲ့ မသန်စွမ်းဂုဏ်သိက္ခာကို လာပြီးတော့ ထိခိုက်တဲ့ အောက်ပိုင်းပြက်လုံးတွေပေါ့။ သူကတော့ သန်တော့မသန်ဘူူး၊ ဟိုဟာတော့သန်တယ် ဆိုတဲ့ဥစ္စာ မျိုးကျတော့ ကျနော်တို့အတွက် အဆင်မပြေတော့ဘူး။ ဒါက လူတဖက်သားကို စော်ကားရာရောက်တယ်။ အဲဒါမျိုးတွေ ဆင်ခြင်သင့်တယ်။ ကျနော်တို့လည်း စိတ်မကောင်းဖြစ်ရတယ်။ လူတွေက ကျနော်တို့ကိုမြင်ရင် အဲလိုမျိုးပဲ မြင်တော့မှာပေါ့။

ငြမ်းမီဒီယာ – ဒီလိုကိစ္စတွေဖြစ်တဲ့အပေါ်မှာ တဖက်ကလည်း မသန်စွမ်းသူတွေအနေနဲ့ ကိုယ့်ရဲ့ အားနည်းချက်အပေါ် အငုံ့စိတ်ကိုအခြေခံပြီး Sensitive ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေရှိတဲ့ အပေါ်မှာရော ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Y – အဲဒါကို ပြောရရင် စိတ်ခံစားမှုကတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ တခြားတဖက်မှာ ကမ္ဘာ့ကုလသမဂ္ဂ UNCRPD ဆိုတဲ့ မသန်စွမ်းသူများအခွင့်အရေးသဘောတူစာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ထိုးထားတယ်။ ဘာကြောင့် လက်မှတ်ထိုးထားတာလဲ၊ မြန်မာနိုင်ငံမှာ ဘာကြောင့် မသန်စွမ်းသူများအခွင့်အရေးဥပဒေကို ပြဌာန်းထားရတာလဲဆိုတာ ပြန်ပြီးစဉ်းစားရမယ့် အချက်ဖြစ် လာပြီ။ အနှိမ်ခံအုပ်စုတွေ၊အားနည်းတဲ့အုပ်စုတွေ၊ ကလေးတွေ၊ အားနည်းတဲ့သူတွေ၊ တချို့ရောဂါသည်တွေအတွက်

မသန်စွမ်းဆိုတာက အရင်ခေတ်ကတည်းက အမြဲတမ်းအခွင့်အရေး ချိုးဖောက်ခံနေရတာ၊ အနှိမ်ခံနေရတာ။ နောက်ပြီး တချို့တွေ လုပ်စားခံနေရတာ။ ဥပမာ ဆိုရင် ခြေလက်မသန်စွမ်းတဲ့သူကို ဆပ်ကပ်မှာ သွင်းပြီး ကပြခိုင်းတာလိုမျိုး။ မသန်စွမ်းမှုကို အကြောင်းပြုပြီးတော့ ဟာသလုပ်တာလိုမျိုး။ အဲဒါမျိုးတွေဆိုရင် …

ဒီလိုမျိုးဥပဒေတွေ ထွက်လာတာဟာ သူတို့ဟာ ဖိနှိပ်ခံနေရတယ်၊ သူတို့ စော်ကားခံနေရတယ်၊ လူ့အဖွဲ့အစည်းက တချို့လူတွေက နေပြီးတော့ သူတို့ကို အသုံးချနေတယ်။ ဒီလိုမျိုးကြောင့် ဥပဒေတွေထွက်လာတာပေါ့နော်။ အဲဒီတော့ ဥပဒေတစ်ခုထွက်လာတယ်၊ Convention တစ်ခု ထွက်လာတယ်ဆိုတာ အလကားနေရင်း ထွက်လာတာမဟုတ်ဘူး။ အရှေ့ အရှေ့မှာဖြစ်ခဲ့တဲ့ သက်သေတွေ အမြောက်အများကို အခြေခံပြီးတော့ ဒီလိုမျိုးအချက်တွေကတော့ အားနည်းတဲ့လူ့အဖွဲ့အစည်းကို ကာကွယ်ရမယ်ဆိုပြီးတော့ ကျနော် တို့ လူ့အဖွဲ့အစည်း အားကောင်းလာဖို့အတွက်၊ ဂုဏ်သိက္ခာရှိစွာ ရှင်သန်နိုင်ဖို့အတွက် ကာကွယ်ထားရတာပါ။ အဲဒီတော့ ခံစားချက် ဆိုတာကလည်း မသန်စွမ်းတွေရဲ့ ခံစားချက်နဲ့ပြောနေတာမဟုတ်ဘူး။ မသန်စွမ်းတွေက ကမ္ဘာကထုတ်ထားတဲ့ စံနှုန်းတွေ၊ ကျင့်ဝတ်တွေကို လေ့လာတယ်။ ဥပဒေတွေကို လေ့လာတယ်။ ဥပဒေကြောင်းအရ၊ မသန်စွမ်းအခွင့်အရေးအရ ပြောနေခြင်းဖြစ်ပါတယ်။

ငြမ်းမီဒီယာ – မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအရ မသန်စွမ်းသူများအား တလွဲအသုံးပြု၍ မည်သည့်အကြောင်းနှင့်မျှ ကိုယ်ကျိုးစီးပွားမရှာရ လို့ ပြဌာန်းထားတာရှိပါတယ်။ နောက်နောင်မှာရော ဒီဥပဒေကို အသုံးပြုပြီး အသင်းချုပ်အနေနဲ့ ဥပဒေကြောင်းအရ ဆောင်ရွက်ဖို့ ရှိလား။

Y – ကျနော်တို့ အခုလောလောဆယ်ကတော့ နိုင်ငံကလည်း ဒီမိုကရေစီစနစ်ကို စပြောင်းနေကာစဆိုတော့ မသိသေးတဲ့ ဥပဒေတွေ၊ ကျင့်ဝတ်တွေ၊ လူ့အခွင့်အရေးစံနှုန်းတွေကို အဓိက Awareness နဲ့ Advocacy လုပ်ဖို့ပေါ့။ နှိုးဆော်တိုက်တွန်းမယ်၊ ပညာပေးမယ်။ ဒီဟာကို ပိုရည်ရွယ်ပါတယ်။ ဥပဒေကတော့ ပြဌာန်းထားတယ်၊ ပြစ်ဒဏ်တွေလည်း ရှိတယ်။ အတတ်နိုင်ဆုံးတော့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားဖို့ပဲ ကျနော်တို့ ရည်ရွယ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ မသန်စွမ်းတွေက နဂိုကတည်းက အားနည်းတဲ့ အုပ်စုဖြစ်နေတယ်၊ အနှိမ်ခံအုပ်စုဖြစ်နေတယ်။ လူတွေကလည်း အခွင့်အရေးကို သိတဲ့သူလည်း ရှိချင်ရှိမယ်၊ မသိတဲ့သူလည်း ရှိချင်ရှိမယ်။ အထင်အမြင်လွဲမှားသွားနိုင်တယ်။ တတ်နိုင်သမျှတော့ Advocacy လမ်းကြောင်းအရပဲ သွားဖို့ရည်ရွယ်တယ်။ ဒီထက်ပိုပြီး အချိန်အတိုင်းအတာ တစ်ခုကျော်လွန် သွားပြီးမှ ဥပဒေကိုလည်း သိတယ်၊ အခွင့်အရေးကိုလည်း သိတယ်၊ ချိုးဖောက်မယ်ဆိုရင် သက်ဆိုင်ရာမသန်စွမ်းအဖွဲ့အစည်းတွေနဲ့ အရေးယူဆောင်ရွက်ဖို့ စဉ်းစားရမှာပေါ့။

ငြမ်းမီဒီယာ- မသန်စွမ်းအသင်းချုပ်တာဝန်ရှိသူတစ်ယောက်အနေနဲ့ အခုဖြစ်ရပ်အပေါ်အခြေခံပြီး တနိုင်ငံလုံးက (၂၃) သိန်းသော မသန်စွမ်းသူတွေကို ဘယ်လို Message ပေးချင်လဲ။

Y – မသန်စွမ်းဆိုတာက အရင်ခေတ်ကတည်းက အမြဲတမ်းအခွင့်အရေး ချိုးဖောက်ခံနေရတာ၊ အနှိမ်ခံနေရတာ။ နောက်ပြီး တချို့တွေ လုပ်စားခံနေရတာ။ ဥပမာ ဆိုရင် ခြေလက်မသန်စွမ်းတဲ့သူကို ဆပ်ကပ်မှာ သွင်းပြီး ကပြခိုင်းတာလိုမျိုး။ မသန်စွမ်းမှုကို အကြောင်း ပြု ပြီးတော့ ဟာသလုပ်တာလိုမျိုး။ အဲဒါမျိုးတွေဆိုရင် အရင်ခေတ်က ဖြစ်ခဲ့တဲ့ သက်သေ သာဓကတွေကြောင့် မသန်စွမ်းသူများ အခွင့်အရေးဥပဒေပေါ်လာတယ်။ မသန်စွမ်းသူများကို အကြောင်းပြုပြီးတော့ ကိုယ်ကျိုးမရှာရတို့၊ ဘာတို့ ပြဌာန်းထားတယ်။ နောက် မသန်စွမ်းမှုတွေကို ခွဲခြားဆက်ဆံခြင်း မရှိရတို့။ အဲလိုမျိုး အများကြီး ဥပဒေထဲမှာ ပါတယ်။ အသင်းချုပ်အနေနဲ့ကတော့ ပြောင်းလဲ လာတဲ့ ခေတ်နဲ့အညီ မသန်စွမ်းအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးသိအောင် ပိုပြီးတော့ Advocacy လုပ်ရမယ်။ Awareness လုပ်ရ မယ်။ လူတွေကြားထဲရောက်အောင် ပြောရမယ်။ အဲဒါမျိုး လုပ်ရပါမယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ
အောက်တိုဘာ (၂၃)၊၂၀၁၇၊ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,