လူထုက ဒီပဋိပက္ခတွေကြားထဲမှာ အနာဂတ်ပျောက် သွားမှာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင်သူ ဦးမြအေး

လူထုနစ်နာသွားနိုင်တဲ့ အခြေအနေက အများကြီးဆိုတော့ အခုလည်း လူထုနစ်နာနေတာပဲလေ။ နိုင်ငံရေးမှမတည်ငြိမ်တာ …

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ တိုင်းရင်းသားလူမျိုးစုများအတွင်းရှိ လူမျိုးစုငယ်များ၏ အခြေအနေများ၊၂၀၀၈ ဖွဲ့စည်းပုံ ပြင် ဆင်နေမှု အခြေအနေ၊ ရွေးကောက်ပွဲနှင့် လက်ရှိမြန်မာ့နိုင် ငံရေး အခင်းအကျင်းနှင့်ပတ်သက်၍ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသား ခေါင်းဆောင်၊ ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင်တည်ထောင်သူ ဦးမြအေးကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်းခဲ့သည်။

ငြမ်းမီဒီယာ – NLD ရဲ့ ပြီးခဲ့တဲ့ကာလ ရွေးကောက်ပွဲ ကတိကဝတ်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာပါတယ်။ဒါပေမယ့် အခု နောက်ထပ်ရွေးကောက်ပွဲတစ်ခု ကပ်လာတော့မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုလုပ်လာတာ ဘာကြောင့်လို့ထင်လဲ။

UMA – ကျနော် က NLD ကို ကာလနှစ်ခု ခွဲကြည့်တယ်။ NLD က ရွေးကောက်ပွဲအကြိုကာလ Campaign မှာ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး။ ပထမကာလ နှစ်နှစ်ကျော်ကာလ၊ သုံးနှစ်ကျော် ကာလမှာ ဘာလုပ်ခဲ့ သလဲဆိုတော့ Peace Process က တဆင့် (၂၁) ပင်လုံအခင်းအကျင်းကို သွားမယ်ဆိုတဲ့ လမ်းကြောင်းကိုသွားခဲ့တယ်။ ဒါပေမယ့် အဲဒါကလည်း ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်စွမ်း မရှိခဲ့ဘူး။ နောက်တစ်ခုက ဒီဟာကိုဖော်တဲ့အခါမှာ အရင် MPC ကို NRPC အသွင်ပြောင်းတယ်။ နာမည်ပဲပြောင်းသွားတာနော် ကျန်တာဘာမှမပြောင်းဘူး။ လူတွေလည်း ပြောင်းလိုက်တယ်။ အဲဒီဟာကလည်း ကျနော်မြင်သလောက်တော့ ပြည်ထောင်စုသဘောတူညီချက ်(၅၁) ချက် ထွက်လာတယ်။ (၂၁) ပင်လုံ တစ်နှစ်ကို နှစ်ကြိမ်ခေါ်မယ်ဆိုပေမယ့် ပြီးသလောက်အထိက သုံးကြိမ်ပဲခေါ်တာတွေ့ရတယ်။ တစ်နှစ်တစ်ကြိမ် ခြောက်လ တစ်ကြိမ် မဖြစ်ခဲ့ဘူး။ အဲဒီတော့ အဲဒီဘက်ပိုင်းက အလုပ်မဖြစ်တော့ ဖွဲ့စည်းပုံပြင်ရေးကိစ္စက ရွေးကောက်ပွဲ Campaign ကတိဖြစ်နေတဲ့အခါကျတော့ မဖြစ်မနေသူတို့ လုပ်ကိုလုပ်ရမှာလေ။ မလုပ်ဘူးဆိုရင် ဒီကတိကဝတ်ကို မလုပ်ခဲ့ဘူးဆိုတဲ့ဟာ ထင်ကျန်တော့မှာလေ။ ဒါလည်း ယူဆချက်တစ်ချက် ပါ ပါတယ်။ တကယ်လည်း ပြင်ချင်တဲ့ဆန္ဒရှိတာလည်း ပါ ပါတယ်။ အဲဒီအပေါ်မူတည်ပြီး လုပ်လာတယ်လို့ ကျနော်ကမြင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရှစ်ဆယ့်ရှစ်လူထုလှုပ်ရှားမှုကြီးကို ဆူပူတဲ့မင်းမဲ့စရိုက်လို့ သုံးသပ်နေတဲ့အုပ်စုနဲ့ ကျနော် တို့က လူထုအရေးတော်ပုံလို့ ပြောတဲ့ဟာ။ အဲဒီမှာ …

ငြမ်းမီဒီယာ – NLD ဟာ တပ်မတော်နဲ့ ရင်ကြားစေ့ရေး လုပ် ဆောင်နေတယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ အခု ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ဆောင်နေချိန်မှာ တပ်မတော်ဘက်က တုံ့ပြန်တာတွေလည်းတွေ့ရမှာပါ။ အဲဒီတော့ ရင်ကြားစေ့ရေး ဆိုတာကို ဘယ်လိုသုံးသပ်မိလဲ။

UMA – ရင်ကြားစေ့ရေးဆိုတဲ့စကားလုံးက သိပ်လှတယ်ဗျ။ အကုန်လုံးလည်း ဖြစ်ချင်တာပေါ့။ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့၊ဘာရေး၊ ညာရေးတို့။ ကျနော်ပြောမယ် အခြေခံမူမှမတူဘူးဆိုရင် ဘယ်လိုလုပ်သွားပြီး ရင်ကြားစေ့လို့ရမှာလဲ။ Political Will လေ။ နောက် ပေါ်လစီလေ။ နိုင်ငံကို ဘယ် ကို ရွှေ့ယူရမယ်ဆိုတဲ့ဟာက တူဖို့လိုတယ်။ ဥပမာ သမိုင်းကို ချဉ်းကပ်တဲ့အခါမှာ မြင်ပုံခြင်း။ ရှစ်ဆယ့်ရှစ်လူထုလှုပ်ရှားမှုကြီးကို ဆူပူတဲ့မင်းမဲ့စရိုက်လို့ သုံးသပ်နေတဲ့အုပ်စုနဲ့ ကျနော် တို့က လူထုအရေးတော်ပုံလို့ ပြောတဲ့ဟာ။ အဲဒီမှာတင် ငြင်းနေကြမှာ မတက်တော့ဘူး။ အဲဒီတော့ ဘယ်လိုလုပ် ရင်ကြားစေ့ရေးရ မှာလဲ။ တကယ်တမ်းကျတော့ ကျနော်တို့ က ဘယ်ဖက်မှမလိုက်နဲ့။ ရိုးရိုးလေးပဲကြည့် ။ ကျနော်က 88 Uprising ထဲမှာပါခဲ့တဲ့ လူတစ်ယောက်မို့ ပြောတာ မဟုတ် ဘူး။ ကျနော်မပါခဲ့လည်း တိုင်းပြည်ကိုပြန်ကြည့် လွတ်လပ်ရေးရတုန်းက တိုင်းပြည်ရဲ့ကြွယ် ဝချမ်းသာမှု အနေအထား။ ပါလီမန်ခေတ်က အနေအထား။ ၆၂ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း (၂၀၁၀) အထိ အနေအထား။ တိုင်းပြည်က တက်လာသလား၊ ကျသွားသလား။ တစ်ချိန်တုန်းက မင်္ဂလာဒုံ လေဆိပ်ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံး လေဆိပ်။ ရန်ကုန်မြို့ဟာ အသန့်ရှင်းဆုံးမြို့။ အယဉ်ကျေးဆုံးလူမျိုးများ။ ကြွယ်ဝချမ်းသာမှုကလည်း ပြောစရာမရှိဘူး။ ကျနော် တို့နိုင်ငံမှာ ငတ်လို့သေတဲ့လူ မရှိခဲ့ဘူး။ တခြားနိုင်ငံတွေမှာ ရှိတယ်။ ကျနော်တို့ဆီမှာ မရှိခဲ့ဘူး။ အဲဒီလောက်ကျနော်တို့ ချမ်းသာခဲ့တယ်။ ဒီနေ့ဒီအချိန်မှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံ ဒုန်းဆိုပြီးကျသွားတယ်။ အကုန်ကျသွား တာ။ ဒါ ငြင်းလို့မှမရတာ။ ကျတဲ့နောက်မှာဘာဖြစ်လာလဲ။ လူတွေရဲ့ စာရိတ္တပိုင်းဆိုင်ရာ ကျင့်ဝတ်ပိုင်းဆိုင် ရာတွေ အကုန်ပျက် တာ။ ကျနော်တို့ ပျက်နေတယ်။ ကျနေတယ်။ အဲဒီတုန်းက ကျင့်သုံးခဲ့တဲ့စနစ်ကြီးက မကောင်းဘူးလေဗျာ။ လူထုလှုပ်ရှားမှုဆိုတာ အလကားနေရင်း ပျော်လို့လုပ်တာမှမဟုတ်တာ။ လူတွေ အသက်သေ၊ ထောင်ကျတန်းကျ၊တောထဲတွေရောက် ဘဝတွေပျက်တဲ့ ကိစ္စ ဒါကရှင်းတယ် အဲဒီတုန်းက အုပ်ချုပ်ခဲ့တဲ့အစိုးရ မကောင်းလို့လေဗျာ။ ဒါလက်စားချေဖို့ ပြောတာမဟုတ်ဘူး။ ဒီလိုမြင်ဖို့လို တယ်။ အဲဒါမဟုတ်ဘဲနဲ့ ငါတို့ကယ်တင်ခဲ့လို့ တိုင်းပြည်က ဒီလိုရှိတယ် ဆိုတာကြီးကို အခုထက်ထိ ဆွဲကိုင်ထားမယ်ဆိုရင် ဘယ်နှယ် လုပ် ရင်ကြားစေ့မှာလဲ။ သူ့နောက်ကိုလိုက်မှ ရင်ကြားစေ့လို့ရလိမ့်မယ်။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည် သုံးနှုန်းတတ်တဲ့ စကားရှိပါတယ်။ ဖေဖေတည်ထောင်ခဲ့တဲ့တပ်မတော် ဆိုတဲ့ စကားမျိုး။ နောက်တစ်ခုက ဒီနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်နဲ့ ပိုနီးကပ်သွားတယ်၊ တပ်မတော်နဲ့ ပြန်လည်ရင်ကြားစေ့ရေး အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုလိုလားလားရှိနေခဲ့တယ်လို့ သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင် ဆင်ရေးအခြေအနေကို ကြည့်တဲ့အခါ တပ်နဲ့ရင်ကြားစေ့ရေး ဆိုတဲ့ အခြေအနေက ဖြစ်နိုင်ပါ့မလား။

UMA – မြင်နေပြီပဲဗျာ။ ကျနော်အထူးတည် ဖြေစရာတောင်မလိုဘူး။ တော်တော်များများကပြောခဲ့တယ် NLD နဲ့ တပ်နဲ့ ပေါင်းသွား လိမ့်မယ်။ ကျနော်အဲဒီကတည်းက ပြောတယ်။ မဟုတ်ဘူး။ မပေါင်းနိုင်ဘူး။ အခြေခံတွေ မတူကြလို့။ လားရာလည်း မတူဘူး။ လာရာလည်းမတူဘူး။ အဲဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျနော်က NLD ကို ဒီမိုကရက်တစ် အုပ်စုလို့ပဲမြင်တယ်။ အခုထက် ထိလည်းမြင်ဆဲပဲ။ အခုထက် ထိလည်း ကျနော့်ရဲ့ မဟာမိတ်ပဲ။ ဒါပေမယ့် ကျနော်မကြိုက် တာကို ကျနော်ပြောမှာပဲ။ ဝေဖန်မှာပဲ။

ငြမ်းမီဒီယာ – အခု ဖွဲ့စည်းပုံပြင်ရေးမှာ တပ်ဘက်ကတင်သွင်းလာတဲ့ အချက်က ၅၉ (စ) မှာ သမ္မတအပြင် ပြည်ထောင် စုဝန်ကြီးတွေ၊ ပြည်နယ်ဝန်ကြီးချုပ်တွေကိုပါ ကန့်သတ်ချက် အဖြစ် ထည့်သွင်းဖို့ တက်ဘက်က တင်သွင်းလာတာတွေ့ရတယ်။ ၅၉ (စ) ဟာ ရည်ရွယ်ခဲ့သည်ဖြစ်စေ၊ မရည်ရွယ်ခဲ့သည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေးကို ကန့် သတ်ထားခဲ့တာလို့ ကျနော်တို့ အနက်ကောက်ထားတာပါ။ တပ်မတော်ဘက်က ဒီလိုသဘောထားရှိနေရင် အခုလုပ်နေတဲ့ ရင်ကြားစေ့ရေးတို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ ဆိုတာ တကယ်ရောဖြစ်လာပါ့မလား။ ကျနော်တို့ အိပ်မက်မက်နေကြတာလား။ စိတ်ကူးယဉ်နေကြတာလား။

UMA – ဟုတ်တယ်။ကျနော်တို့ အိပ်မက်မက်နေသလို ပဲ။ စိတ်ကူးယဉ်နေသလိုပဲ။ ကျနော်တည့်တည့်ပဲပြောတာ။ ကျနော် ခဏခဏ ပြောပါတယ်။ကျနော်တို့ ဒီမိုကရက်တစ်စံတွေနဲ့ ညီဖို့လိုတယ်။ ၅၉(စ) ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တယ် ပဲထား။ ဒေါ်အောင်ဆန်းစုကြည်ဟာ (၇၅) နှစ်ပြည့်မှာ။ ခုနှစ်ဆယ်ကျော်သွားပြီ။ သမ္မတ ဘယ်နှနှစ် လုပ် လို့ရမှာလဲ။ လူပုဂ္ဂိုလ်တွေဖယ်လိုက်။ ဒီမိုကရက်တစ်စံတွေနဲ့ သေချာစဉ်းစားပါ။ ကျနော်တစ်ခါတစ်လေ စဉ်းစားတယ် NLD က ၅၉ (စ) ပြင်မယ့်ကိစ္စမှာ တပ်က လိုက်များ ရွှဲ့နေ သလားလို့တောင် ကျနော်ထင်တယ်။ နိုင်ငံရေးမဆန်တော့ဘူး။ လက်တွေ့ကျကျ စဉ်းစား။ ဒါကြောင့် ကျနော်တို့က ဒီမိုကရေစီလည်းပြောတယ်။ ဟိုမရောက်၊ ဒီမရောက် ဒီမိုကရေစီဆိုတာ ဒါကိုပြောတာ။ အခုထက်ထိ Ultra nationalist အထိုင်ကနေ ကိုယ်လိုချင်တဲ့ ဒီမိုကရေစီကိုပြောနေတာ။ ဒီမိုကရက်တစ်က ဒါမှမဟုတ်တာ။ လူတစ်ယောက်ရဲ့ ရပိုင်ခွင့် လေ။ လူတစ်ယောက်ရဲ့ ရပိုင်ခွင့်ကိုအပြည့်အ၀ ဖော်ဆောင်ပေးနိုင်ဖို့ စဉ်းစားရမှာ။ နိုင်ငံဖြစ်တဲ့အတွက် နယ်နိမိတ် ရှိတယ်။ နိုင်ငံသားဆိုတာရှိတယ်။ နိုင်ငံခြားသား ဆိုတာရှိတယ်။ဒါကတော့ ဘယ်နိုင်ငံမှာမဆိုရှိတယ်။ သားသမီးက (၁၈) နှစ်ပြည့်ရင် သူကြိုက်တာလုပ်မှာပဲ။ အဲဒါက ကမ္ဘာ့စံလေ။ မြန်မာနိုင်ငံရဲ့ ဥပဒေမှာကလည်း ဒီအတိုင်းရှိတာပဲလေ။ (၁၈) နှစ်က မိဘအောက်က လွတ်ပြီလေ။ သူ့ဘာသာသူ လုပ်တဲ့ကိစ္စက မိဘနဲ့မဆိုင်ဘူးလေ။ မိဘမကောင်းတာကလည်း သားသမီးနဲ့ မဆိုင်ဘူးလေ။ ဟိုခေတ်ကလို ကျနော်တို့ တွေးလို့မှမရတာ။သားသမီးမကောင်း မိဘခေါင်းတို့၊ ဘာတို့ညာတို့။ အဲဒီဟာတွေ ကျနော်တို့ စဉ်းစားမယ်ဆိုရင် အပြစ်မဲ့တဲ့သူတွေက အပြစ်ရှိသလို ဖြစ်သွားမှာပေါ့။ ဘာမှမလုပ်တဲ့ သူတစ်ယောက်ကို ဘာဖြစ်လို့အပြစ်တင်ချင်တာလဲ။ ၅၉ (စ) ကို ကျနော်မြင်တဲ့အမြင်က ရှင်းတယ် ဒါက ဒီမိုကရက်တစ်စံနဲ့မကိုက်ဘူး။ မကိုက်လို့ ပြင်ရမှာ။ အဲဒါကြီးကို ပုံကြီးတွေချဲ့ပြီး မနက်ဖြန်သဘက်ခါပဲ မြန်မာနိုင်ငံကြီးကို ဘာနိုင်ငံဖြစ်တော့မယ်၊ ညာနိုင်ငံဖြစ်တော့မယ်၊ ဘာသာခြားတွေက …အဲဒီလို ဘာတွေ လျောက်ပြောနေမှန်းကိုမသိတာ။ ဒီလိုမျိုးကြီးက တော်တော် လွဲတာ။ လွဲတဲ့အပြင် မှိုင်းက ဘယ်လောက်ထိ ဆိုးသလဲဆိုရင် တော်တော်လည်း ရှက်ဖို့ကောင်းတယ်။ နိုင်ငံရေးသမား တစ်ယောက်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ရှက်ပြီး သတ်သေသွားမှာ။ ဘာအချက်အလက် အကိုးအကားမှမရှိဘဲ ခပ်တည်တည်နဲ့ လွှတ်တော်ထဲမှာ အမေရိကန်သမ္မတ သည် ဘာတွေညာတွေ ဆိုပြီးတော့ ခပ်တည်တည်ကြီးနဲ့ ။အဲဒါ သာမန်လူမဟုတ်ဘူး။ လွှတ်တော်ကိုယ်စားလှယ်နော်။ အမေရိကန် သံရုံးက ရှင်းလင်းချက်ကြီးထုတ်တော့ နိုင်ငံရေး လယ်ဗယ်နဲ့ နိုင်ငံရေးအဆင့်အတန်း ဘာဖြစ်သွားလဲ။ အဲဒီပါတီဘာဖြစ်သွားလဲ။ တော်တော်ရုပ်ဆိုးတာ။ ဒါပေမယ့် အဲဒီပါတီဖြစ်လို့ ဝမ်းမသာဘူးနော်။ တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူတွေအတွက် စိတ်မကောင်း ဖြစ်တာ။ ဒါကြီးကိုတွေ့ပြီး ဝမ်းသာပြီးဆဲတဲ့အထဲမှာ ကျနော်မပါဘူး။ ကိုယ်စိတ်ထဲ ဖြစ် ချင်တာတွေ လျောက်ရေးပြီးတော့ သူများ နိုင်ငံရဲ့ သမ္မတရွေးချယ်မှုကို မဟုတ်တာတွေသွားပြီး စလိုက်ကြီးဘာကြီးထိုးပြီး လွှတ်တော်ထဲမှာပြတော့ ရှက်ဖို့ကောင်းတာပေါ့။ အဲဒီမှိုင်းတွေက ပြည်သူလူထုကြားထဲ ဘယ်လောက်ရောက်နေပြီလဲ စဉ်းစား။လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်တောင် အဲလို ဖြစ်တယ်ဆိုရင် သာမန်ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ ပြည်သူတွေကြားထဲမှာ မှိုင်းထည့်လိုက်ဖို့က လွယ်လွယ်လေး ။ ဒါတွေက ပြဿ နာကိုဖန်တီးနေတာပဲ။ တကယ်တမ်းကျတော့ လူတစ်ယောက်ရဲ့ စံနှုန်းက ၊နိုင်ငံသားမှန်မယ်ဆိုလို့ရှိရင် တိုင်းရင်းသား မှန်မယ်ဆိုလို့ရှိရှင် သူ့အနေနဲ့ လွတ်လွတ် လပ်လပ် နိုင်ငံတော်သမ္မတ ဖြစ်ပိုင်ခွင့်ရှိတာပဲ။ ဒေါ်စုမှ မဟုတ်ဘူး လေ။ ဒေါ်စု အတွက် ရေးသည်ဖြစ်စေ၊ မရေးသည်ဖြစ်စေ ဒေါ်စုဘက်ကလိုက်ပြောနေတာလည်း မဟုတ်ဘူး။ ၅၉ (စ) သည် ဒီမိုကရက်တစ်စံ တွေနဲ့ မကိုက်ညီဘူးဆိုတာကိုပြောနေတာ။ ထောက်ပြတာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ၅၉ (စ) ကို အမျိုးသားရေးအမည်ခံထားသူ တချို့ကလည်း အမျိုးသားရေးအမြင်အရ မပြင်သင့်ဘူးလို့ ထောက်ပြပြော ဆိုတာလည်း ရှိနေတယ်။ ဘာကြောင့် အဲလိုထောက်ပြပြောဆိုနေတာလဲ။ထောက်ပြ ပြောဆိုနေတာတွေ ကိုရော ဘယ်လိုမြင်လဲ။

UMA – ကျနော်စောစောက ပြောသလိုပေါ့ဗျာ။ မဟုတ်တဲ့ မှိုင်းတွေ တိုက်ထားတဲ့အခါကျတော့ တကယ်ထင်ပြီး ပြောနေတာပဲလေ။ ဘယ်လောက်ထင်လဲဆိုတော့ လွှတ်တော်ထဲတောင် မဟုတ်တာကြီးကို ပရိုဂျက်တာကြီးထိုးပြီး ပြသေးတာပဲ။ အဲဒီကတည်းက လွဲနေပြီပဲဗျာ။ ကျန်တဲ့သူတွေစိတ်ထဲမဟုတ်ဘူးနော် ကုလားတွေ၊ တရုတ်တွေက တိုင်းပြည်ကို အုပ်စိုးသွားမယ်တို့၊ အဲဒီလို မှိုင်းတိုက်ဖို့က သိပ်လွယ် တယ်လေ။ စားဝတ်နေရေးနဲ့ လုံးပမ်းနေတော့ ကျန်တဲ့သူတွေက လေ့လာဖို့အချိန်မရှိဘူးလေ။ သာမန်ပြည်သူလူထုကြားထဲမှာ မှိုင်းတိုက်ဖို့ သိပ်လွယ်တာပေါ့။ စောစောက ပြောသလို အမေရိကန်သံရုံးကပါ ထွက်ရှင်းရတဲ့ အခြေအနေက စဉ်းစားကြည့်လေ။ မြန်မာပြည်ရဲ့ နိုင်ငံရေးလောကကြီး တစ်ခုလုံးကိုပြောတာနော်။ ဟိုလူထိလို့၊ ဒီလူထိလို့ပြောတာ မဟုတ်ဘူး။ စဉ်းစားဖို့ပြောတာ။

ငြမ်းမီဒီယာ – လွှတ်တော်မှာ တပ်မတောသား ကိုယ်စားလှယ်တွေ ရဲ့ပါဝင်နေမှုကို လျှော့ချဖို့ အန်အယ်လ်ဒီက တင်သွင်းလာတဲ့ မူကြမ်းမှာ ပါပါတယ်။ ဒီလို တပ်ကိုယ်စားလှယ်တွေကို လျှော့ချရင် ဒီနိုင်ငံမှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာမျိုး တပ်က တုံ့ပြန်ပြောဆိုတာ ရှိပါတယ်။ လွှတ်တော်မှာ တပ် မရှိရင်ရော ဒီနိုင်ငံက ပြိုကွဲသွားမှာလား။ ဒါနဲ့ပတ်သက်ပြီးတော့ ဘာပြော ချင်လဲ။

UMA – အဲဒါကတော့ဗျာ ကိုယ့်ကိုယ်ကိုယ် သိဒ္ဓိတင် နေတာ။ ဒါကြောင့်ပြောတာ အခြေခံတွေမှာ မတူဘူး ဆိုတာ အဲဒါတွေ ကိုပြောတာ။ တပ်မတော်ရဲ့ တာဝန်က နိုင်ငံတော်လုံခြုံရေးနဲ့ နိုင်ငံတော်ကာကွယ်ရေး မဟုတ်ဘူးလား။ နိုင်ငံတော်မှာ တစ်ပါးကနေ ရန်တွေ ရောက်လာပြီဆိုရင် သူကာကွယ်ရမှာ မဟုတ်ဘူးလား။ လွှတ်တော်ထဲ ရှိမှ ကာကွယ်မှာလား။ လွှတ်တော်ထဲ ရှိရှိ၊ မရှိရှိ ဒါလုပ်ရမယ့်ကိစ္စပဲလေ။ နောက်ပြီးတော့ တပ်မတော် ကိုယ်တိုင် Commit ဖြစ်ထားတာ ရှိတယ်လေ။ ဒီမိုကရေစီ နိုင်ငံကို သွားမယ်ဆိုတာ သူပဲ ပြောထား တာလေ။ ဒါဆို သူစဉ်းစားရမှာပေါ့။ ကျနော့်သဘောအရဆိုရင် တပ်ကိုယ်စားလှယ် လျှော့ချဖို့မှာ ဒီလို အဆင့်ဆင့်တောင် မဟုတ်ဘူး။ ဒါက တပ်ကို မုန်းလို့ ပြောတာ မဟုတ်ဘူး။ ပြန်စဉ်းစားကြည့် တကယ်တမ်း ကျတော့ ဘယ်သူမှ အကျိုးမရှိဘူး။ ကာကွယ်ရေးပိုင်းမှာ ကာကွယ်ရေးနဲ့ ပတ်သက်ပြီးကျွမ်းကျင်တဲ့သူနေရမယ်။ ကာကွယ်ရေးပညာကို ပိုပြီး ပရော်ဖက်ရှင်နယ်ဖြစ်အောင် လုပ်ယူရမှာလေ။ နိုင်ငံရေးပိုင်းမှာ နိုင်ငံရေး ကျွမ်းကျင်တဲ့ သူက ပရော်ဖက်ရှင်နယ် ဖြစ်အောင်လုပ်ရမှာလေ။ လူတစ်ယောက် တည်းကနေ အကုန်လုံး လျောက်လုပ်လို့ ရမှမရဘဲ။ ပရိဘောဂ အလုပ်ကို လက်သမား လုပ်တတ်တဲ့ ကိစ္စလေ။ ကျနော်မှမ လုပ်တတ် တာ။ အဲဒါကို ကျနော်က လက်သမား အလုပ်သွား လုပ်လို့ကတော့ ကကျိုး ကကြောင်တွေပဲ ထွက်လာမှာပေါ့။ နိုင်ငံတော် ပြိုကွဲ ပျက်စီးတယ်ဆိုတာ ဘယ်တုန်းက ပြိုကွဲ ပျက်စီးလို့လဲ။ ဘာကြောင့်ဖြစ်တာလဲ။

စစ်အာဏာရှင်ကြီးက ဘာလို့ အာဏာယူခဲ့တာလဲ။ အမျိုးသား နိုင်ငံရေး ဆိုပြီး အာဏာမယူခဲ့ဘူးလား။ ကျနော်တို့ မနှံချင်ဘူး။ မပြောချင်ဘူး။ အဲဒီလို …

ဘာကို ထောက်ပြကြ သလဲဆိုတော့ ၄၉ ပြည်တွင်းစစ်ကို ထောက်ပြကြတယ်။ ၆၂ မတိုင်ခင်အခြေအနေ။ ၆၂ မတိုင်ခင် အခြေအနေကို ကျနော်ထပ်ပြောချင်တယ်။ ကျနော်တို့ တစ်လျောက်လုံး သင်ရတယ်။တိုင်းရင်းသားများရဲ့ ဖက်ဒရယ်မူကြောင့် ပြည်ထောင်စု ပြိုကွဲမှာကြောက်လို့ အာဏာသိမ်းရပါ တယ်ပြောတယ်။ ကျနော်တို့ သမိုင်းမှာ သင်ခဲ့ရတဲ့စာ။ ဟုတ်ပြီ ဒီနေ့ ဖက်ဒရယ်ကို သွားပါမယ်ဆိုတာ တပ်မတော်က မပြောထားဘူး လား။ ပြောထားတယ်ဆိုရင် အဲဒါကြီးက မှားခဲ့တယ် ဆိုတာ ထင်းနေပြီလေ။ အာဏာသိမ်းတာ မှားသလား၊ မှန်သလား။ ဖက်ဒရယ်မူ မှားသလား၊မှန်သလား ဆိုတာ ဒီနေ့ အဖြေပေါ်ပြီ လေဗျာ။ကျနော်ပြောတာ မဟုတ်ဘူးလား။ ရှေ့နောက် မညီတာတွေပါ။ ဒါက ကျနော်တို့ က တပ်မတော်ကို အပြစ်တင်တာ မဟုတ်ဘူး။ ဂုဏ်သိက္ခာရှိရှိနဲ့ ပရောဖက်ရှင်နယ် ဖြစ်စေချင် တာလေ။ နောက်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ ဟာကို ပြန်ကြည့်လေ။ တပ်ပါဝင်မှု နည်းနည်းခြင်း လျှော့တယ်ဆိုတာ အန်အယ်လ်ဒီက တော်တော်သဘောကောင်းတယ်ပြောရမှာ။ ကျနော့်သဘောဆို ၂၀၀၈ ကို ကြားထား။ ဖက်ဒရယ်နဲ့ ကိုက်ညီတဲ့ Constitution အသစ်တစ်ခုကိုဆွဲ ဒီမိုကရက်တိုက်ဇေရှင်းကို ပီပီပြင်ပြင်လုပ်။ တပ်လည်းပါ ။ လာဆွဲ။ ဒါပေမယ့် ရွေးကောက်ခံ ကိုယ်စားလှယ် များသာ လွှတ်တော်ထဲမှာ ရှိရမယ်။ ဒါက Principle ဗျ။ လျှော့လို့မရဘူး။ဒီမိုကရက်တစ် Principle။

ငြမ်းမီဒီယာ – အဲဒီတော့ တပ်ဘက်က အဲဒီလို ဘာလို့ပြောဆိုတာလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMA – ကြောင်းကျိုး မညီညွှတ်ပါဘူး။ အမျိုးသားနိုင်ငံရေးဆိုတာကို ပြောတာပါ။ နိုင်ငံရေးမှာလည်း အမျိုးမျိုး ။ ငါတို့ကသာ သန့်ရှင်းတဲ့ အမျိုးသားနိုင်ငံရေးကို လုပ်တယ်။ မင်းတို့က အာဏာမက်တဲ့ ပါတီနိုင်ငံရေးကို လုပ်တယ်ဆိုတဲ့ ဟာတေတွက တစ်ခု မဟုတ် ပါဘူး။ မှိုင်းတွေပါ။ နိုင်ငံရေးတစ်မျိုးတည်းပဲ ရှိတယ်လေ။ ပါတီဆိုတာကလည်း တိုင်းပြည်ကောင်းစေချင်လို့ တစ်ဦးစ၊ နှစ်ဦးစ ကနေ စုမိတဲ့ ဟာကနေ ပါတီဖြစ်သွားတာပဲ။ ပေါ်လစီ တူတော့ လူစုမိတယ်။ ဒါပဲလေ။ နိုင်ငံရေးက တစ်မျိုးတည်းရှိတယ်။ ပြည်သူလူထု ရဲ့စားဝတ်နေရေး ကနိုင်ငံရေးပဲ။ တိုတို ပြောမယ်ဆိုရင် တိုင်းပြည်ကောင်းစားရေးပေါ့ဗျာ။ အဲဒါကိုပဲ အာဏာယူတဲ့ သူတွေက ရွံဖို့ကောင်းသလိုလို အဲဒါဆို ဘာဖြစ်လို့ စစ်အာဏာရှင်ကြီးက ဘာလို့ အာဏာယူခဲ့တာလဲ။ အမျိုးသား နိုင်ငံရေး ဆိုပြီး အာဏာမယူခဲ့ဘူးလား။ ကျနော်တို့ မနှံချင်ဘူး။ မပြောချင်ဘူး။ အဲဒီလိုမျိုး ပြောရတာလည်း မကောင်း ဘူး။ ဘာလုပ်မှာလဲ။ ရန်မဖြစ်ချင်ဘူး။ ဘာလို့ ရန်ဖြစ်ကြတော့မှာလဲ။ ဒါပေမယ့် ကိုယ်ချည်းပဲ သဘောထားကြီး လို့ မရဘူးလေဗျာ။ အားလုံးစဉ်းစားကြဖို့ အချိန်တန်ပြီ။ နောက်မျိုးဆက်ကို ကျနော်တို့ ဆိုးမွေးတွေ မပေးခဲ့စေချင်ဘူး။

ငြမ်းမီဒီယာ – နောက်တစ်ခုက ပုဒ်မ ၄၀ (ဂ) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့် ကို သမ္မတထံက နေတဆင့် သွားတာမျိုးပေါ့ ဒီမူကြမ်းအပေါ် မှာလည်း တပ်၊ကြံ့ခိုင်ရေး ကိုယ်စားလှယ်တွေ ကန့်ကွက်တာတွေ့ရ တယ်။ အဲဒီအပေါ်ရော ဘယ်လို မြင်လဲ။

UMA – ကျနော်ပြောသလိုပေါ့ စေ့စပ်မှုကိုသွားဖို့ က နိုင်ငံကို ဘယ်ကို ရွှေ့ယူမှာလဲဆိုတာ အရေးကြီးတယ်။ ဒီမိုကရက်တစ် စနစ်ထဲကို တကယ်သွင်းမယ်ဆိုရင်တော့ နိုင်ငံတော်သမ္မတက အကြီးဆုံးပဲလေ။ အာဏာအရှိဆုံး ပုဂ္ဂိုလ်ပဲ။ စစ်သေနာပတိချုပ် ကလည်း နိုင်ငံတော် သမ္မတပဲဖြစ်တယ်လေ။ ဒါကတော့ ဒီမိုကရက်တစ် စံတွေအရ သွားတာ။ တရုတ်ဖြူ ကျူးကျော်မှု ကလွဲလို့ ကျနော်တို့နိုင်ငံ ဘယ်နိုင်ငံနဲ့မှ စစ်မဖြစ်ဘူး။ တစ်ခြားနိုင်ငံတွေနဲ့ စစ်တွေ တိုက်နေရတဲ့ အမေရိကလောက် ဘယ်သူရှိမလဲ ။ထရမ့်က စစ်တပ်က ဆင်းလာတဲ့သူမှ မဟုတ်တာ။ အိုဘားမား ပြန်ကြည့်ဗျာ။ ဒါကတော့ ဒီမိုကရက်တစ်နိုင်ငံတွေမှာ ဒီအတိုင်းပဲ သွားတာ။ ကျနော်တို့က ဒီမိုကရက်တစ်ကို တကယ်ပီပီသသ သွားမလား။သွားရင်တော့ အဲဒါတွေ မလုပ်လို့ မရဘူး။ နောက်တစ်ချက် က ဒီနိုင်ငံမှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တောင်းဆိုချက် တွေ ရှိတယ်။ တပ်မတော်ကို ပြန်ပြီးတော့ Security Sector Reform ပေါ့။ အဲဒါမျိုး သွားချင်တဲ့ ဟာတွေ ရှိကြတယ်။ ရှိကြတဲ့ အခါ ဒီဟာတွေ အတွက်ဆို နိုင်ငံတော်သမ္မတ က စစ်သေနာပတိချုပ်ဖြစ်ခြင်းက အကောင်းဆုံး ပဲလို့ ကျနော်မြင် တယ်။ ဒီနောက်မှာမှ ကျန်တဲ့ အရေးပေါ်အခြေအနေတွေ ဘာလုပ် တယ်၊ ညာလုပ်တယ်က သွားမယ်။ အဲဒီဟာက ဒီမိုကရက်တစ် စံအရရော၊ တိုင်းပြည်ရဲ့ ပကတိလက်ရှိ အခြေအနေ အရရော ရေရှည်မှာ အဲလိုသွားမှရမှာ။ ကျနော်က အန်အယ်လ်ဒီ တင်သွင်းတဲ့ ဟာကို ကျနော်တော့ လက်ခံ တယ်။ တပ်က ကန့်ကွက်တာ သူ့အကျိုးစီးပွားလည်း ပါလိမ့်မယ်။ နောက်တော့ တပ်က သူ့ကိုယ်သူ တိုင်းပြည်ကို မယိုင်လဲအောင်ကယ် တင်တယ် ဆိုတဲ့ စိတ်ရှိတယ်လေ။ အဲဒီ ကယ်တင်ရှင်ဆိုတဲ့ စိတ်ရှိနေမှတော့ ကျနော်တို့က အခြေခံက မတူဘူးလေ။ ဘယ်လိုမှ မတူဘူးဖြစ် နေတာ။ ကာလတစ်ရပ် မှာတော့ ကျနော်တို့ လိုက်လျောလို့ရတယ်။ ရေရှည်မှာတော့ လိုက်လျောလို့မရဘူး။

ငြမ်းမီဒီယာ – ရှေ့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြတာတွေ ရှိပါတယ်။ အခု ဆို တပ်ရဲ့သဘောထားကိုလည်း မြင်တွေ့နေကြတာပဲ။ ဒီလို မဖြစ်နိုင်သေးတာ ကို အန်အယ်လ်ဒီက အခုချိန်မှာ ဘာလို့ လုပ်တယ်ထင်လဲဗျ။

UMA – ဒါကတော့ အန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲ Campaign မှာ ကတိပေးခဲ့တာရှိတယ်လေ။ ရှိခဲ့တော့ သူလုပ်ရမှာပဲ။ တချို့က လည်း ၂၀၂၀ အတွက် မဲဆွယ်ဖို့ လုပ်တယ်လို့ ပြောတယ်။ ကျနော်မြင်တာက ပါတီပဲ လေ မဲဆွယ်မှာပေါ့။ ဘာဖြစ်လဲ ဆွယ်ပလေ့စေပေါ့။ မှားတယ်လို့ ကျနော် မမြင်ဘူး။ နိုင်ငံရေးပါတီ အကုန်လုံး က မဲဆွယ်မှာပဲ။ တပ်ကလည်း သူ့လူသူ မဲဆွယ်နေ တာပဲ။ ကျနော်တော့ အဲဒီအတိုင်း နားလည်တယ် ။ ယေဘူယျ ခြုံကြည့်လိုက်။ဒီမှာ တစ်ခုက ဘာလဲဆိုတော့ ယူတတ်သုံး တတ်ရင် ကောင်းတဲ့ဟာတွေ ဖြစ်လာဖို့ပဲ။ ၂၀၂၀ အလွန် မှာ အခုတော့ မဟုတ်ဘူး။ ဖြစ်လာနိုင်စရာရှိတယ်။ ဘာလဲဆိုတော့ အခုဟာက Constitution ပြင်ရေးက ငါ့သဘောထား၊ သူ့သဘောထား ထုတ်ရှိုးတဲ့ပွဲ။ ရလဒ်ကိုတော့ မမေးနဲ့။ ရလဒ် မရှိနိုင်ဘူး။ အရမ်းနည်း လိမ့်မယ်။ ဒါပေမယ့် NLD Stand ကဒါ၊တပ် Stand က ဒါ။ တိုင်းရင်းသား Stand က ဒါ။ ဒီဟာတွေကို ဒီပွဲက ထုတ်ရှိုး တဲ့ပွဲပဲ။

ရွေးကောက်ပွဲ ကာလ တိုင်းပြည်ရဲ့ အခြေအနေက လှိုင်းဂယက်ထန်တဲ့ နိုင်ငံရေးပဲလို့ ကျနော်မြင်တယ်။ အကောင်း ဘက် က ယူရင် တပ်ရဲ့ …

ဒီပွဲမှာဘာလေးတွေက စပြီး ရွှေ့လို့ရမလဲဆိုတာကို သုံးဦးသုံးဖလှယ် အဖြေရှာနိုင်ရင် တိုင်းပြည်ကောင်းလိမ့်မယ်။ Constitution တော့ မပြင်နိုင်ဘူးနော်။ ရေရှည်ကို စဉ်းစား သွားဖို့ပြောတာ။ မဟုတ်ဘဲနဲ့ ဒီ Deadlock မှာပဲ တင်းနေမယ်ဆိုရင် တိုင်းပြည် မကောင်းနိုင်ဘူး။ ဒါသေချာတယ် ပဋိပက္ခကို ဖြေးဖြေး ချင်း အသွင် ဆောင်လာလိမ့်မယ်။ ဒီဟာရဲ့ ဂယက်ရိုက်မှုက ဆက်ဆွဲ သွားမယ်လို့ ကျနော်ထင်တယ်။ ရွေးကောက်ပွဲ Campaign တွေမှာပါ ဆက်ဆွဲ သွားလိမ့်မယ်။ ဆက်ဆွဲသွား မယ်ဆိုရင် ရွေးကောက်ပွဲ ကာလ တိုင်းပြည်ရဲ့ အခြေအနေက လှိုင်းဂယက်ထန်တဲ့ နိုင်ငံရေးပဲလို့ ကျနော်မြင်တယ်။ အကောင်း ဘက် က ယူရင် တပ်ရဲ့ သဘောထား ဒါရှိတယ်။ ငါ့သဘောထား ဒီလိုရှိတယ်။ အကုန်ထုတ်ရှိုးချ။ ပြီးတော့ မှ မင်းနဲ့ငါ ဘယ်လို ပုံစံမျိုးသွားကြမလဲ ။အဲဒီမှာ တိုင်းရင်းသား ဖယ်ထားလို့ မရဘူးနော်။ လုံးဝမရပါ။ တိုင်းရင်းသား သဘောထားတွေရော စုစည်းပြီး ဘယ်ကနေ တို့ သွားကြ မလဲ ဆိုတာ ရှာကြမယ် ဆိုရင်တော့ အဆိုးထဲက အကောင်းတစ်ခုတော့ ရလာလိမ့်မယ်လို့ ထင်တယ်။ ခက်တော့ခက်လိမ့်မယ်။

ငြမ်းမီဒီယာ – အခုလွှတ်တော်ထဲက ဟာကို ကြည့်ရင် လွှတ်တော် ထဲက အင်အားစုတွေက ကိုယ့်နေရာ၊ ကိုယ့်အထိုင်ကို ပြန်သွားကြပြီး ပြည်သူကို ချပြနေတဲ့ သဘောပေါ့။

UMA – ဟုတ်တယ်။

ငြမ်းမီဒီယာ – အဲဒီတော့ ပြည်သူက ဘာရမှာလဲ။

UMA – ရိုးရိုးသားသား အားမနာတမ်းပြောရရင် ဒီပွဲက Blame game ဖြစ်သွားလို့မရဘူး။ ပြည်သူက ရှင်းတယ်။ တပ် ကန့်ကွက် ရင် တပ်ကို ဆဲမယ်။ ဒါက သဘောတစ်ခုကိုပြောပြတာ။ ကြာတဲ့အခါကျတော့ ဘာဖြစ်လာလဲဆိုတော့ တပ်ကလည်း ဘာဖြစ်လာလဲ ဆိုတော့ သူ့ဘာသာကန်ရင်း…ကန်ရင်း…Narrow angel ထဲ ပြန်ရောက်လာတယ်။ နောက်တစ်ခု ဟာကွက်ရှိတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှုတွေ အားလုံးမှာ လူထုလှုပ်ရှားမှုနဲ့ ဆက်စပ်ထားတာ တစ်ခုမှမရှိဘူး။

နိုင်ငံရေးပြေ လည်အောင်လုပ်ဖို့ကလည်း လာရာလည်းမတူဘူး။ သွားမယ့် လားရာ လည်မတူဘူး။ အဲဒီမှာ ကြားအဖြေတစ်ခုကို …

အထူးသဖြင့် ငြင်းပယ်ထားတာ။ တိတိကျကျကို ငြင်းပယ်ထားတာ။ လူထုက အခုတက်လာတဲ့ ဒီရေအပေါ်မှာ အွန်လိုင်းတွေ အပေါ်မှာ ရေးသားတဲ့ အရေးအသားတွေ ၊တခြား အပြင်မှာတွေ့တဲ့ လူတွေရဲ့ ပြောကြားချက်ကို နားထောင်ကြည့် ၊လက်ဖက်ရည်ဆိုင် တွေမှာ နားထောင်ကြည့်။ တပ်ကတော့ မဟုတ်ဘူး။ ဒီလိုပဲဆိုတာ တော်တော်များများပြောကြတဲ့စကား။ တပ်ဘက်က လိုက်တဲ့ သူကလည်း အန်အယ်လ်ဒီက တိုင်းပြည်ကို ရောင်းစားဖို့ ကြံနေပြီ။ ဒီလိုမျိုးတွေ ရှိတယ်။ ပြည်သူလူထု ကြားထဲမှာလည်း Impact တွေက ရှိလာတယ်။ လူထုက ဘာရမလဲဆိုတော့ လူထုက ဒီပဋိပက္ခတွေကြားထဲမှာ အနာဂတ် ပျောက်သွားမှာ ကျနော်တော့ စိုးရိမ်တယ်။ ဒါက ပကတိ လက်တွေ့အခြေအနေ။ ဒါပေမယ့် စိုးရိမ်တယ် ဆိုတဲ့နေရာမှာ တစ်ခုတော့ ရှိတယ်။ အကောင်းကို လိုချင်ရင် အဆိုးကာလ တစ်ခုတော့ ဖြတ်ရတယ်လေ။ ဒီအဆိုးကာလ ဘယ်လောက်ကြာ မလဲ ဒါကတော့ သိပ်အရေးကြီးတယ်။ ဒါကြောင့်မို့ ကျနော်ပြော တာက ဒီပွဲဟာ အားလုံးရဲ့ သဘောထားတွေ ထုတ်ဖော်ပြသတဲ့ ပွဲဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲ ကလည်း End game တွေ ကစားကြမှာ။ ဒီ End game ကြားမှာ လူနည်းစုတွေအနေနဲ့ရော ၊တိုင်းရင်းသားတွေ အနေနဲ့ရော တခြား ပြည်သူလူထုတွေ အနေနဲ့ရော ဘယ်လိုနေရ၊ထိုင်ရမလဲဆိုတာကို စဉ်းစားရတာ။ ဘာဖြစ်လို့လဲဆိုတော့ ညှပ်သွားမှာ။ အဲဒါ သိပ်အရေးကြီး တယ်။ ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်ဘူး။ဒါပေမယ့် တိုင်းပြည်စိုးရိမ်စရာအခြေအနေ။ အဲဒါကြောင့် အကောင်းဘက် ကို ယူစေ့ချင် တယ်။ အကောင်းဘက်ကို ယူစေချင်တယ် ဆိုတာ မတ်လ(၅) ရက်နေ့ဆို ဆွေးနွေးမှုတွေက ပြီးပြီ။ ပြီးသွားလို့ မဲခွဲရင် တပ်က ကန့်ကွက်လိုက်ရင် အကုန်ပြီးသွားပြီ။ ဘာမှ မဖြစ်တော့ဘူး။ ဒီသဘောထားတွေရဲ့ နောက်ကွယ်မှာ Under Current တွေ ဘယ်လို ညှိနှိုင်းမှုတွေ လုပ်မလဲဆိုတဲ့ Process တွေ အန်အယ်လ်ဒီ၊တိုင်းရင်းသားအုပ်စု၊ ဒီမိုကရက်တစ် အုပ်စု၊ တပ်အုပ်စု က Stakeholder များက တိုင်းပြည် တစ်ခုလုံးရဲ့ အရေးကို ဦးစားပေးစဉ်းစားကြပါလို့ ဒီနေရာကနေ မေတ္တာ ရပ်ခံချင်တယ်။ မဟုတ်ရင် တိုင်းပြည်က တော်တော်ဆိုး သွားလိမ့်မယ်။

ငြမ်းမီဒီယာ – အခန့်မသင့်ရင် ဒီကာလမှာ လူထု နစ်နာသွားနိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်ပေါ့။

UMA – လူထုနစ်နာသွားနိုင်တဲ့ အခြေအနေက အများကြီးဆိုတော့ အခုလည်း လူထုနစ်နာနေတာပဲလေ။ နိုင်ငံရေးမှမတည်ငြိမ်တာ ဘယ်လိုလုပ် စီးပွားရေးကောင်းမလဲ။ ကျနော်လည်းပြောခဲ့ ဖူးပါတယ်။ကျနော်တို့ က အပူမရှိရင်၊ ဒုက္ခမရှိရင် မနေတတ်တဲ့ သူတွေဖြစ်နေပြီ။ တစ်ခုခု ပြဿနာတော့ ရှိရမှ။ ကျနော်တို့နိုင်ငံက လူတွေက ပြဿနာမရှိရင်ကို မနေတတ်သလိုပဲ။ အဲလိုဖြစ်သွား တယ်။ ပြဿနာတွေ ဒုက္ခတွေနဲ့ ကျနော်တို့က ယဉ်ပါးသွားပြီ။ ဒါက မကောင်းဘူးလေ။ လူထုစီးပွားရေးဘဝတွေ ပိုမွန်းကြပ်သွားမယ်။ ဒီအတိုးအတိုက်တွေ ကြားထဲမှာ ပြည်သူလူထုက ဘယ်လို လုပ်သွားပြီး ရှင်သန်မလဲ။ ဥပမာအားဖြင့် ခရိုနီတွေဆိုပါစို့။ အရမ်း ချမ်းသာ တဲ့ သူဌေးတွေ တပ်ဘက်လိုက်ရမလိုလို ၊အန်အယ်လ်ဒီ ဘက် လိုက်ရမလိုလို သူတောင် အဲလိုဖြစ်တာ။ အောက်ခြေက ဈေးရောင်းတဲ့သူတွေ ပိုဆိုးတာပေါ့။ ဒီ Impact က ဒီလို လာတာလေ။သေးသေးလေးတစ်ခုပဲ ငါတို့လွတ်နေတယ်လို့မထင်နဲ့ ဘယ်သူမှ မလွတ်ဘူး။ ပြန်ခြုံကြည့်ရမှာ တိုင်းပြည်က အဖက်ဖက် က ကျနေ တယ်။ နိုင်ငံရေးမပြေလည်မှုတွေက တိုင်းပြည်ကို ကျစေတဲ့ အဓိက အကြောင်းတရားတွေဖြစ်တယ်။ နိုင်ငံရေးပြေ လည်အောင်လုပ်ဖို့ကလည်း လာရာလည်းမတူဘူး။ သွားမယ့် လားရာ လည်မတူဘူး။ အဲဒီမှာ ကြားအဖြေတစ်ခုကို ဘယ်လို ရှာမလဲ ဆိုတာ စဉ်းစား နိုင်ရင်တော့ ကောင်းတယ်။ ကျနော်ကေ တာ့ အကောင်းဆုံး အကြံပေးချင်တာကတော့ ပြည်ထောင်စု သဘောတူညီချက် (၅၁)ချက်ထဲက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံ သော ဆိုတာ အဲဒါကို တည်ပြီး New Constitution အတွက် စာမျက်နှာအသစ် ဖွင့်လှစ်တဲ့ ကဏ္ဍကို သွားသင့်တယ်။ ဒါက တစ်ဆင့်ခြင်းပါ။ ကျနော်တို့လည်း မလောပါဘူး။ တပ်မတော်ကြီး အခုထွက်သွားလို့ ကျနော်တို့လည်း မပြောပါဘူး။ စံအရတော့ လူထု ရွေးချယ်မှုရှိတဲ့ လူတွေပဲ လွှတ်တော်ထဲ ရှိရမယ်လေ။

ငြမ်းမီဒီယာ – လွှတ်တော်ထဲမှာ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကို လျှော့ချဖို့ အန်အယ်လ်ဒီအစိုးရ လုပ်ဆောင်တာက ဒီမိုကရေစီစံအရ လုပ်ဆောင်တာဖြစ်တဲ့သဘောမျိုး ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတာကိုလည်း တွေ့ရပါတယ်။ တပ်အနေနဲ့ကရော ဒီအခြေအနေကို လက်ခံနိုင်ပါ့မလား။ ဖြေးဖြေး လျှော့တာပဲဖြစ်ဖြစ်၊ ယတိပြတ်လျှော့တာပဲဖြစ်ဖြစ် တပ်အနေနဲ့ ဒီအခြေအနေကို ဘယ်လို အခြေအနေမျိုး လောက် မှာလက်ခံနိုင် မယ်ထင်လဲ။ လက်ခံပါ့မလား ခင်ဗျ။

UMA – ဒေါ်အောင်ဆန်းစုကြည် ပြောတာက Principle ပဲလေ။ ဒါကအမှန်ပဲ။ ဒါက ရှင်းတယ် ပြည်သူလူထု ရွေးချယ် တင်မြှောက် တဲ့ လူတွေကသာ လွှတ်တော်ထဲ ရောက်ရမှာလေ။ လူထုမရွေးချယ်ဘဲ သဘောထား တွေပေး၊ မှတ်ချက်တွေပေးနေတာကတော့ ဒီမိုကရေစီ နိုင်ငံတစ်ခုအတွက်မသင့်တော်ဘူး။ ဒါပေမယ့် အဲဒီကို သွားဖို့အတွက် ဘယ်လိုသွားမလဲ ဆိုတဲ့ အခြေအနေပဲ စဉ်းစား တာပေါ့။ အခုဟာကတော့ ဖြေးဖြေး လျှော့ချတဲ့ လိုင်းကို တင်တယ်ပေါ့ဗျာ။ ဖြေးဖြေး လျှော့ချတဲ့လိုင်းကလည်း အတိုးအတိုက်တွေနဲ့ မအောင်မြင်နိုင်ဘူးလေ။ ကျနော်တို့က ထွက်ပေါက်တစ်ခုကို ရှာရလိမ့်မယ်။ ဒီနိုင်ငံရေးမှာ တစ်ဖက်နဲ့တစ်ဖက် ဘယ်သူ့ကိုမှ ပိတ်သွားလို့ မရဘူး။ ဘယ်သူ့ကိုမှမပိတ်စေနဲ့။တပ်ကိုလည်း သွားပြီး ချောင်မပိတ် စေချင်ဘူး။ အလားတူပဲ ဒီဘက် ဒီမိုကရက်တစ် အင်အားစုတွေ ကိုလည်း ရွေးချယ်စရာ လမ်းမရှိအောင် မလုပ်စေချင်ဘူး။ တိုင်းရင်းသား အင်အားစု တွေကိုလည်း Narrow angel ထဲ မထည့်စေချင်ဘူး။ အဲဒီရဲ့ အဖြေတစ်ခုကို ကျနော်တို့ ရှာရမှာလေ။ ရှာတဲ့အခါမှာ တပ်ဖက်က ပြောထားတဲ့ စကားတစ်လုံးရှိ တယ်။ လက်နက်ကိုင် တော်လှန်ရေးတွေ မရှိတဲ့ အချိန် တပ်က လွှတ်တော်ထဲ မထိုင်ဘူးဆိုတာပြောထားတာရှိတယ်။

ရွေးကောက်ပွဲတွေ လှိုင်းထန်၊ နောက်ပိုင်း ကာလတွေပါ လှိုင်းထန်မှာ အဲဒါဆို တိုင်းပြည်အတွက် မကောင်းဘူး။ အားလုံးကိုထွက်ပေါက်ပေးပြီး …

လက်နက် ကိုင် တော်လှန်ရေးတွေ ချုပ်ငြိမ်းနိုင်တဲ့ Sisturation ကို ဘယ်လို သွားမလဲ။ နိုင်ငံရေးအရဒီဟာကို စဉ်းစားရမယ်။ ဒါကို သွားနိုင်တဲ့ အခြေအနေသည် ဖက်ဒရယ်ဒီမိုကရေစီ Constitution ဆိုတာ သွားတွေ့လိမ့်မယ်။ အဲဒီစာမျက်နှာကို ဖွင့်ရမှာ။ အဲဒီ ကာလ အတွင်းမှာ တပ်က လွှတ်တော်ထဲမှာ ရှိလိမ့်မယ်။ အကယ်၍ ဖက်ဒရယ်ဒီမိုကရေစီ Constitution ပေါ်ပြီ ဆိုရင် ၂၀၀၈ ကလည်း သူ့အလိုလို ပြီးသွားရလိမ့်မယ်။ ကြားကာလ ၂၀၀၈ နဲ့ ပဲသွား ပြဿနာမရှိဘူး။ ဒါပေမယ့် ကြားကာလ ကြာလို့မရဘူး။ ဖြစ်နိုင် ရင် ငါးနှစ်အတွင်းအကောင်အထည်ဖော် ဒီထက်တိုရင် ပိုကောင်းတယ်။ တိုင်းပြည်နာနေလို့။ အဲဒါဆိုရင် လျှော့ချခြင်းတို့ ၊ထွက်သွားခြင်းတို့ ဆိုတာထက် အားလုံးကိုက်ညီတဲ့ အခြေအနေဝန်းကျင်တစ်ရပ်ကို ပီပီပြင်ပြင် ဖော်ဆောင်ဖို့ နိုင်ခဲ့မယ်ဆိုရင် ဖော်ဆောင်တဲ့နေရာ မှာလည်း တပ်ကို ဖယ်မထားဘူး။ တပ်ကလည်း သူ့ရဲ့ စိုးရိမ်ပူပင် သောကတွေရှိမယ်။ ကျနော်တို့နဲ့ တူချင်မှတူမယ်။ ဒါပေမယ့် အဲဒီစိုးရိမ်ပူပန်မှုတွေကို အားလုံးက ဂရုတစိုက်စဉ်းစားရမှာ ဖြစ်တယ်။ တပ်၊တိုင်းရင်းသား၊ ဒီမိုကရက်တစ် အင်အားစုတွေပါတဲ့ စာမျက်နှာအသစ်တစ်ခု၊ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ဖို့လိုတယ်လို့ ကျနော်မြင်တယ်။ Constitution ပြင်ဖို့ကိစ္စတွေပြီးသွားရင် အဲဒီအတွက်ကို စဉ်းစားသင့်တယ်လို့မြင်တယ်။ အဲဒါမဟုတ်ဘဲ ဝုန်ဒိုင်းရန်တွေဖြစ် အဖြေမရှာဘဲ တစ်ဇောင်းစေးနဲ့ မျက်ချေး ဖြစ်သွားရင်တော့ ဒီဟာတွေ က နေဆက်ပြီး ရွေးကောက်ပွဲတွေ လှိုင်းထန်၊ နောက်ပိုင်း ကာလတွေပါ လှိုင်းထန်မှာ အဲဒါဆို တိုင်းပြည်အတွက် မကောင်းဘူး။ အားလုံးကိုထွက်ပေါက်ပေးပြီးမှသွားသင့် တယ်။ နည်းနည်း ခက်တယ်။ ကျယ်လည်းကျယ်တယ်။ ဒါပေမယ့် Stakeholder တွေအပေါ် မူတည်ပါတယ်။ နိုင်ငံရေးဆိုတာ ပြည်သူလူထုဆန္ဒ သဘောထား ပြောပေမယ့် တကယ်တမ်း ကျတော့ ပြည်သူကို Influence ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ သဘောထား က အရေးကြီးတာပါ။ သူတို့ရဲ့ ဆုံးဖြတ်ျက်တွေက နဂါးခေါင်းတွေပဲ။ နဂါးခေါင်း လှည့်တဲ့ ဘက်ကို ကျန်တဲ့ဟာက လိုက်ပြီး ရွေ့ရတာပဲလေ။ အဲဒီတော့ Stakeholder တွေက အမြင်ကျယ်ကျယ်နဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့လိုတယ်လို့မြင်တယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

ကွဲပြားခြားနားမှုကို ခုတုံးလုပ်တဲ့ နိုင်ငံရေးကလည်း ဒါတွေနဲ့ ဆွတာ

တိုင်းရင်းသား လူမျိုးစုငယ်တွေ ဖိနှိပ်မှုခံနေရတယ်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,