လူထုက အားကိုးရာမဲ့ ဖြစ်နေတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သရုပ်ဖော်ပုံ / CSI

မကြာခဏ အုပ်စုလိုက် အသတ်ခံရတာ ရှိသလို နှစ်လောင်း၊ သုံးလောင်း အသတ်ခံရတဲ့ အနေအထား …

လူမဆန်စွာသတ်ဖြတ်ခံခဲ့ရခြင်းကြောင့် ၂၀၂၀၊မေလ(၁၈)ရက်နေ့တွင် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ရသည်။ အဆိုပါ အမျိုးသမီး များသည် ကျောက်မဲမြို့နယ်၊ချောင်းချောက်အုပ်စု၊ ဖလိန်းကျေးရွာတွင် နေထိုင် သူများ ဖြစ်ကြသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကလည်း ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်း အတွင်းရှိ ပြည်သူလူထုသည် လက်နက်ကိုင် အဖွဲ့အစည်းများ သာမက အခြားအမည်မသိ လူသတ်သမားများ၏ သတ်ဖြတ်ခြင်းကို မကြာခဏ ခံနေရသည်ဟု တအာင်းအရပ်ဘက်အဖွဲ့အစည်းများ ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ အထက်တွင် ဖော်ပြထားသည့် အမျိုးသမီးနှစ်ဦး အသတ်ခံရသည့် ဖြစ်စဉ်အပါအဝင် ၂၀၂၀ ခုနှစ် အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဒေသခံ (၁၂) ဦးသတ်ဖြတ်ခံခဲ့ရသည်။ သို့သော် တာဝန်ရှိသူများမှ တရားခံအား ဖမ်းဆီး နိုင်ပေးခြင်း မရှိခဲ့ပေ။ ဖော်ပြပါအခြေအနေများကြောင့် ဒေသခံလူထုအနေဖြင့်စိုးရိမ် ထိတ်လန့်မှုများ ရှိနေပြီး အားကိုးရာမဲ့ အခြေအနေဖြစ်နေသည် ဟု သိရသည်။ အဆိုပါ အခြေအနေ များနှင့်ပတ်သက်၍ တအာင်းအမျိုးသမီးအဖွဲ့အစည်း ၏ ပြောရေးဆိုခွင့်ရှိသူ (မ) လွေးချှီးဆငါး ကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – အမျိုးသမီး နှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်အခြေအနေ ကို ပြန်ပြောပေးပါဦး။ဘယ်လို ဖြစ်ခဲ့တာလဲခင်ဗျ။

LCS – ကျမတို့ သိရသလောက် ဒီဒေသခံတွေရဲ့ ထွက်ဆိုချက်အရဆိုရင် ဒီအမျိုးသမီးနှစ်ယောက်က ခါတိုင်းလည်း လက်ဖက်ခြံ ကိုသွားနေကြပဲ။ သူတို့အလုပ်သူတို့ လုပ်နေကြပဲ။ ဒါပေမယ့် အဲဒီနေ့က သွားရင်းနဲ့ မနက်ပိုင်းလောက်မှာ အသတ်ခံရတယ်။ လက်ဖက်ခြံ တဲအထဲမှာ ဓားဒဏ်ရာတွေ၊ခုတ်ရှတဲ့ဒဏ်ရာတွေနဲ့ အသတ်ခံထားရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဘယ်အဖွဲ့ကို အားကိုးရမှန်းလည်း မသိဘူး။ ဟိုအဖွဲ့ကိုလည်း ကြောက်ရ မယ်၊ ဒီအဖွဲ့ကိုလည်း ကြောက်ရမယ်။ဘယ်သူ့ကို …

ငြမ်းမီဒီယာ – ဒီအမျိုးသမီး နှစ်ဦးအသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေကြားမှာရော ဘယ်လို ပြောဆိုနေတာမျိုးရှိလဲ။ တအာင်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ရော ဒါနဲ့ပတ်သက်ပြီး ဘယ်လို သတင်း အချက်အလက်တွေ ရရှိထားတာ ရှိလဲခင်ဗျ။

LCS – လောလောဆယ်တော့ ဒီအမျိုးသမီးနှစ်ဦးအသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဂဃနဏ တော့ မသိရ သေးဘူး။ ကာယကံရှင် တွေရဲ့ ကျန်ရစ်တဲ့မိသားစုတွေကိုတော့ အကြမ်းအားဖြင့် တော့ အကြံပေး ထားပါ တယ်။သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ထားဖို့၊ အကြောင်းကြားထား ဖို့တော့ ပြောထားတယ်။ ကျန်တဲ့ ဟာကတော့ဘယ်သူဘယ်ဝါ လုပ်တာလဲ၊ ဘယ်လို ဖြစ်တာလဲ ဆိုတဲ့ ဟာက တော့ သေချာမသိသေးဘူး။ လက်ဖက်ခြံမှာလည်း ဖြစ်တော့ အခုချိန်ထိတော့ မြင်တွေ့တာတွေ၊စုံစမ်းသိရှိတာတွေတော့ မရှိ သေးဘူး။

ငြမ်းမီဒီယာ – အသတ်ခံရတဲ့အမျိုးသမီးတွေက သူတို့ရဲ့နေ့စဉ်ပုံမှန်ဘဝမှာ လက်ဖက်စိုက်ခင်း၊ လက်ဖက် ခူးတာ၊စိုက်တာ ဒီလို တောင်ယာလုပ်ငန်းနဲ့ အသက်မွေးနေထိုင်သူတွေလို့ ပြောလို့ရမလား။

LCS – ဟုတ်ပါတယ်။ သူတို့ကတော့ လက်ဖက်ခြံက ပုံမှန်သွားနေကြပဲ။ လက်ဖက်ခြံက သူတို့အဓိက စားသောက်နေထိုင်တဲ့ ဧရိယာဖြစ်တယ်။

လူထုအနေနဲ့က နောက်ဆက်တွဲ ဘာဖြစ် လာနိုင်လဲဆိုတော့ လုံခြုံမှုကင်းမဲ့ပြီး အားကိုးရာမဲ့ ဖြစ်သလို သူတို့လုပ်ကိုင်စားသောက်ရတဲ့ ဧရိယာတွေမှာ …

ငြမ်းမီဒီယာ – ရှမ်းပြည်မြောက်ပိုင်းမှာ ဒေသခံတွေ ခဏခဏ အသတ်ခံရတယ်။ တအာင်းအရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကြေညာ ချက် မှာလည်း ဒီကိစ္စကို ဖော်ပြထားတယ်။ ဘယ်လိုအခြေအနေတွေကြောင့်၊ ဘာအကြောင်းတွေ ကြောင့် ဒေသခံတွေ ဒီလို ခဏခဏ အသတ်ခံနေရတာလဲခင်ဗျ။

LCS – ဒီဟာက ကျမတို့လည်း ဘာကြောင့်ဖြစ်နေတာလဲ အဖြေရှာမရ ဖြစ်နေတာ။ ကျမတို့ လက်လှမ်းမီ သလောက် သိရှိ ထားသလောက် ဆိုရင် ဒီဘက် ရှမ်းမြောက်မှာ မထင်မှတ်တဲ့နေရာမှာ ၊သူတို့လုပ်ကိုင် စားသောက်နေတဲ့ ဧရိယာမှာ ၊ သူတို့ သွားလာနေတဲ့ ချောင်းတွေမှာ အဲဒီလိုမျိုး နေရာတွေမှာ အလောင်းတွေကို မကြာခဏ ဖော် ဖော်ထုတ်နိုင်တာဆိုတော့ လုပ်နေတဲ့ သူတွေက ဘာကြောင့် လုပ်တာလဲ။ ဘာရည်ရွယ်ချက်လဲ။ ဘယ်လိုရန်ငြိုးရှိခဲ့လဲဆိုတာ ကျမတို့မပြောနဲ့ သက်ဆိုင်ရာနယ်မြေ အာဏာပိုင်တွေက မဖော်ထုတ်နိုင်တဲ့အခါ ကျတော့ ကျမတို့လည်း ဘာကြောင့်သတ်နေတာလဲဆိုတဲ့ အဓိက အကြောင်းရင်းကို ဖော်ထုတ်ရတာ ခက်နေတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒီနှစ် ၂၀၂၀ ထဲမှာကို ဒေသခံ (၁၂) ဦး အသတ်ခံရတယ်။ အသတ်ခံရတဲ့ ဖြစ်စဉ်မှာလည်း ဘယ်သူဘယ်ဝါ သတ် သွားတယ်ဆိုတာမျိုး တရားခံလည်း ဖော်ထုတ်နိုင်ခြင်းမရှိဘူးဆိုတော့ အဲဒီက ဒေသခံတွေရဲ့ နေ့စဉ်ဘဝတွေမှာ ဒီဟာကြီးက ဘယ်လို အခြေအနေတွေရှိနေလဲ။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ဘဝအပေါ်မှာရော ဘယ်လို ခြိမ်းခြောက်မှုတွေရှိနေလဲ။

LCS – အခု အသတ်ခံရတဲ့အမှုတွေမှာ အခုအချိန်အထိ ဘယ်အမှုမှ အမှန်တရား သိရှိထားခြင်း မရှိသေးဘူး။ တရားခံ အစစ်အမှန် ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်တဲ့အတွက်ကြောင့်မို့ အမျိုးသမီးတွေသာမကပဲ အခြားဒေသခံတွေအတွက် လုံးဝကိုစိုးရိမ်ရတဲ့ အနေအထားရှိတယ်။ အသတ်ခံရတဲ့အနေအထားကလည်း ကိုယ့်ရဲ့ လုပ်ငန်းဧရိယာဖြစ်နေတယ်။

အများစုရဲ့ လုပ်ငန်းတွေ၊တောင်ပေါ်ဒေသက လူတွေကလည်း သူတို့ရဲ့လုပ်ငန်းတွေက တောတောင်တွေ သွားရတဲ့ အနေအထား ဖြစ်နေတော့ ဒီလိုမကြာခဏ အုပ်စုလိုက် အသတ်ခံရတာ ရှိသလို နှစ်လောင်း၊ သုံးလောင်း အသတ်ခံရတဲ့ အနေအထားကို ကြည့်ခြင်း အားဖြင့် ဒေသခံ တွေရဲ့ ဘဝလုံခြုံရေးက လုံးဝကိုကျဆင်းတယ်။ ဒီအပေါ်မှာလည်း လူထုက ကြောက်ရွံ့နေတယ်။ ကြောက်ရွံ့ စိတ်တွေလည်း များနေတယ်။ အမှုမှန်လည်း မဖော်ထုတ်နိုင်တဲ့အတွက်ကြောင့်မို့ လူထုက အားကိုး ရာမဲ့ ပုံစံဖြစ်နေ တယ်။ ဘယ်အဖွဲ့ကို အားကိုး ရမှန်းလည်း မသိဘူး။ ဟိုအဖွဲ့ကိုလည်း ကြောက်ရ မယ်၊ ဒီအဖွဲ့ကိုလည်း ကြောက်ရမယ်။

တစ်ခုခုဖြစ်သွားပြီဆိုရင် ဘယ်သူ့ကိုတိုင်တည်ပြီးတော့မှ ပြောရမှာလဲ။ ဘယ်သူက တာဝန်ရှိတာလဲ ဆိုတာ ကျမကိုယ်တိုင်ဝေခွဲမရဖြစ်နေတာ။ လူထုမှာ …

ဘယ်သူ့ကို တိုင်တန်းရမှန်း ဆိုတဲ့ဟာ ကလည်း သူတို့အတွက်လုံးဝကို မျှော်လင့်ချက် မဲ့နေ တယ်ဆိုတဲ့ အနေအထား သက်ရောက် နေတယ်။ ကျမတို့ကိုယ်တိုင်လည်း ဘာလုပ်ပေးရမှန်းကို မသိတော့ဘူး။ ဘယ်သူက တာဝန်ရှိနေတာလဲ။ မေးခွန်း ထုတ်စရာဖြစ်နေတယ်။ ဘယ်သူတွေက တာဝန် သတ်သတ်မှတ်မှတ် ယူပြီးတော့ လုပ်ကိုင်ဖြေရှင်းပေးမလဲ။ ဒီလိုသာဆက်ဖြစ် နေရင် လူထုအနေနဲ့က နောက်ဆက်တွဲ ဘာဖြစ် လာနိုင်လဲဆိုတော့ လုံခြုံမှုကင်းမဲ့ပြီး အားကိုးရာမဲ့ ဖြစ်သလို သူတို့လုပ်ကိုင် စားသောက် ရတဲ့ ဧရိယာတွေမှာ တချို့တွေဆိုလည်း စွန့်လွှတ်ရတဲ့ အနေအထားဖြစ်နေတယ်။ မသွားရဲတော့ဘူး။ ကြောက်စိတ်တွေ က လွှမ်းမိုးနေတယ်။ တစ်ဖက်မှာပြန်ပြီး ထိခိုက်နိုင်တာက သူတို့ရဲ့မိသားစု စားဝတ်နေရေးမှာ လာပြီး သက်ရောက် လာမယ်။

ငြမ်းမီဒီယာ – ဒေသခံတွေအနေနဲ့ တရားဥပဒေစိုးမိုးမှု အောက်မှာ ရှိမနေဘူး။ လက်နက်ကိုင်တပ်ဖွဲ့ တွေကလည်း ရှိနေတော့ ဒါနဲ့ပတ်သက်ပြီး လက်ရှိတာဝန်ယူထားတဲ့ အစိုးရကို ဘာများပြောချင်လဲ။

LCS – အစိုးရဆိုတဲ့အပိုင်းမှာက ဒီလိုမျိုးဖြစ်နေတဲ့ လူသတ်မှုတွေအပေါ်မှာ အနီးစပ်ဆုံး အာဏာပိုင် သက်ဆိုင်ရာ ဌာနဆိုင်ရာ ရဲတွေပါမယ်။တခြား တာဝန်ရှိသူတွေလည်းပါမယ်။ ဒီဟာတွေက ဒီအပေါ်မှာ တစိုက်မတ်မတ် ပေါ့ အခုဖြစ်သွားတဲ့ အမျိုးသမီး နှစ်ဦး အသတ်ခံရတဲ့ကိစ္စဆိုလည်း အမှုမှန်ဖော်ထုတ် ပေးစေချင်တယ်။ ဒါဘာကြောင့်သေတာ လဲ။ဘယ်သူတွေက သတ်ခဲ့ တာ လဲ။ သတ်တဲ့တရားခံတွေကို အမြန်ဆုံး စုံစမ်းရှာဖွေ ဖမ်းဆီးပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ပေးစေချင်တယ်။ မဟုတ်ရင် ဒီအတိုင်းပဲ တစ်မှုပြီး သွားတယ်။ ဘာမှစုံစမ်းစစ်ဆေးမှုကို မလုပ်နိုင်ဘူးဆိုရင် နောက်ပိုင်းမှာ လူထုက ဒီအစိုးရ အာဏာပိုင် အပေါ်မှာ ယုံကြည်မှုတွေလျော့နည်း လာမယ်။ အခက်အခဲတွေ အများကြီး ရှိမယ်ဆိုတာ ကျမတို့ ယုံကြည်တယ်။ နားလည်တယ်။ ဒီအခက်အခဲကလေ။ တိုင်းရင်းသားလက်နက်ကိုင်တွေရော၊စစ်တပ်ဘက်ကရော လှုပ်ရှားနေတဲ့ ဧရိယာဆိုတော့ ရဲတွေအတွက် အလုပ်လုပ်ရတာ နည်းနည်းတော့ခက်ခဲမယ်။သို့ပေမယ့် ဒီအပေါ်မှာ ရတဲ့နည်းလမ်းကနေ တစိုက်မတ်မတ် အမှန်တရားကို ဖော်ထုတ်ပေးစေချင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခု အဲဒီနေရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ရှိနေတော့ အစိုးရရဲ့ သြဇာက ဘယ်လောက်အထိ သက်ရောက်လဲ။ ဘယ်လိုမြင်ထားလဲခင်ဗျ။

LCS – ကျမမြင်တာကတော့ တချို့ ဧရိယာတွေ သီပေါ၊ကျောက်မဲ တစ်စိတ်တစ်ပိုင်း အကုန်လုံးတော့ မဟုတ်ဘူးပေါ့။ အဓိက အားဖြင့်နေနေတာက RCSS ရှိတယ်။နောက်ထပ်တစ်ခု က တခြား တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ကွက်ကျား ကွက်ကျား ဝင်နေတာ ရှိနေတယ်။ အစိုးရတပ်မတော်ကလည်း ရှိနေတဲ့အခါကျတော့ ပြန်ကြည့်မယ်ဆိုရင် တကယ့်တကယ်က RCSS က NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်တဲ့ အတွက်ကြောင့်မို့ သူနဲ့ တပ်မတော်က တရားဝင်နည်းလမ်းအရ လှုပ်ရှားလို့ရတယ်။ ပူးတွဲလို့ရတဲ့ အနေအထားဖြစ်တဲ့ အခါကျတော့ စိုးမိုးမှုအပိုင်းကို ပြန်ကြည့်ရင် ကျမတို့လည်း တစ်ခါတစ်ခါ ရှုပ်ထွေးစေတယ်။ ဒီဧရိယာက ဘယ်သူက အဓိကတာဝန်ရှိတာလဲ။ တစ်ခုခုဖြစ်သွားပြီဆိုရင် ဘယ်သူ့ကိုတိုင်တည်ပြီးတော့မှ ပြောရမှာလဲ။ ဘယ်သူက တာဝန်ရှိတာလဲ ဆိုတာ ကျမကိုယ်တိုင်ဝေခွဲမရဖြစ်နေတာ။ လူထုမှာလည်း ဒါနဲ့ပတ်သက်ပြီး ရှုပ်ထွေးနေမှာပဲ။ ခုနကပြောသလို RCSS က NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်တယ်။ တပ်မတော်ကလည်း တရားဝင်လှုပ်ရှားနေတဲ့ အဖွဲ့ ဖြစ်တယ်။ ဒါပေမယ့် တစ်ခုခု ဖြစ်သွားပြီ ဆိုရင် ဘယ်သူ့မှာမှ တာဝန် မရှိသလိုမျိုး ဖြစ်ဖြစ်နေတော့ ကျမတို့အတွက် ရှုပ်ထွေး စေတဲ့ အရာတွေအများကြီးရှိတော့ ကျမတို့လည်း မသုံးသပ် တတ်တော့ဘူး။

ငြမ်းမီဒီယာ – သီးခြားဖြည့်စွက်ပြောလိုတာများ ရှိမလားဗျာ။

LCS – ကျမတို့ကလည်း CSO အနေနဲ့ ကျမတို့ လုပ်နိုင်တာက တစ်ခုခုဆိုရင်တော့ အကြမ်းအားဖြင့်တော့ကြေညာချက် ထုတ်တယ်။ ကျမတို့ထုတ်နေတဲ့ ကြေညာချက်တွေ ကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေကို ကျမတို့ ကြေညာချက်တွေကို တလေးတစားနဲ့ ဒီထုတ်ပြန်တဲ့ Statement ကိုကြည့်ပြီး အကောင်အထည်ဖော်ပေးစေချင်တယ်။ လုပ်ပေး စေချင်တယ်။ ကျမတို့ ကတော့ Statement ထုတ်တယ်။ ဒါပေမယ့် ကျမတို့တောင်းဆိုပေမယ့် တာဝန်ရှိတဲ့သူတွေက ဒီအပေါ်မှာ လျစ်လျုရှုပြီးမှ မလုပ်ဘူးဆိုရင်လည်း ကျမတို့က လုပ်သာ လုပ်နေရတယ်။ပူးပေါင်းဆောင်ရွက်မှုက နည်းနေတယ်လို့ ကျမတို့ခံစားလာရတယ်။ ကျမတို့တင်မဟုတ် ပါဘူး။ မြန်မာနိုင်ငံမှာ ရှိတဲ့ CSO တွေဖြစ်ဖြစ်၊တခြား အဖွဲ့အစည်းတွေ ဖြစ်ဖြစ် ထုတ်ပြန်လာတဲ့ ထုတ်ပြန်ချက် တွေ အပေါ် သက်ဆိုင်ရာ အာဏာပိုင်တာဝန်ရှိတဲ့ သူတွေက တလေးတစား လုပ်ပေးမှ ဆောင်ရွက်ဖြေရှင်းမှုတွေ က အဆင် ပြေမယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်ခင်ဗျ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,