လူမျိုးရေးမှိုင်းနဲ့ကစားနေတဲ့ နိုင်ငံရေးသမားတွေရှိနေတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

TZP / NLD ကိုယ်စားလှယ်များနှင့်အတူရှိနေခဲ့သည့် ကိုသန့်ဇင်ဖြိုး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လက်နက်ကိုင်လူတစ်စု က ဖမ်းဆီးခေါ်ဆောင်သွားစဉ် NLD ကိုယ်စားလှယ်များနှင့်အတူရှိနေခဲ့သည့် ကိုသန့်ဇင်ဖြိုးကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ဖောင်းကားကျေးရွာမှာ မဲဆွယ်စည်းရုံးရေးဆင်းတဲ့ NLD ကိုယ်စားလှယ်တွေအဖမ်းခံရတဲ့ ဖြစ်စဉ်ကို ကိုယ်တွေ့ကြုံခဲ့သူတစ်ယောက်အနေနဲ့ မှတ်မိသလောက်ပြန်ပြောပြပေးပါဦး။

KTZP – ကျနော်တခြားမီဒီယာတွေမှာလည်း အဲဒီအဖြစ်အပျက်ကိုဖြေတော့ဖြေထားပါတယ်။ အကျဉ်းချုံးပြန် ပြောရရင်တော့ (၁၄) ရက်နေ့မနက် (၈) နာရီလောက်မှာ ပတင်းကျွန်း၊ အမော်ကျေးရွာကနေ စထွက်လာတာ ပေါ့ဗျာ။ ပတင်းကျွန်းနဲ့ အခုအခင်းဖြစ်တဲ့ ဖောင်းကားကျွန်းနဲ့က နီးနီးလေးပါ။ ရှစ်နာရီခွဲလောက်မှာ ဖောင်းကား ကိုရောက်တာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရှစ်နာရီခွဲလောက်ကနေ ရောက်ရောက်ချင်းပဲ လာကြိုတဲ့လူတွေနဲ့ ရွာကိုတစ်ပတ်လှည့်ပြီး တော့ ဟောပြောပွဲလုပ်မယ့်နေရာ၊ ရွာလယ်လမ်းနားကအိမ်မှာ (၅) မိနစ်လောက် ထိုင်နားကြတယ်ဗျ။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝန်းရံသူ ရွာခံလူငယ်တွေ Pamphlet တွေဝေကြတယ်၊ အောင်နိုင်ရေး Sticker တွေဝေကြတယ်။ နေ့လယ် (၁၂) နာရီမှာ အောင်နိုင်ရေးဟောပြောပွဲလုပ်မယ်ဆိုပြီး ဟောပြောပွဲ အတွက် ဖိတ်တာပေါ့ဗျာ။ ပြီးတော့ ရွာလယ်လမ်းနားမှာရှိတဲ့ Cyclone Shelter ရှေ့က ဒေါ်မသန်းနုအိမ်မှာ နေ့လယ်စာစားဖို့ ခဏနားကြပါတယ်ဗျ။

အဲဒီမှာ ကျနော်တို့ကို အုန်းစိမ်းရည်တွေဘာတွေ တိုက်တယ်ဗျ။ ကျနော်တို့အဲဒီမှာ မုန့်ပဲသွားရည်စာလေးနည်းနည်းပါးပါးစားပြီးတော့ ထမင်းစားဖို့စောင့် နေကြပါတယ်။ ဆယ်နာရီ လေးဆယ့်ငါးလောက်မှာ နေ့လယ်စာ စ စားကြတာပေါ့။ နေ့လယ်စာ စားနေတုန်းမှာပဲ လက်နက်ကိုင်တွေဝင်လာတာပဲဗျ။

ကျနော်မှတ်မိသလောက်တော့ ခြံထဲကိုဝင်လာတာ လေးငါးယောက်လောက်ရှိမယ်။ ပြီးတော့ သေနတ်အရှည်ကြီးတွေနဲ့ ကျနော်တို့ကို ထိုးချိန်ထားတယ်။ ကျနော်တို့က ပထမတော့ နောက်နေတယ်ထင်တာပေါ့။ ရွာခံသားတွေနောက်နေတာလား၊ ကိုမင်းအောင်အသိတွေ နောက်နေတာလားပေါ့။ သေနတ်ကိုလည်း အစစ်လို့မထင် ဘူးပေါ့ဗျ။ ဘာလဲပေါ့ဗျာ။ နောက်ပြီးဘောင်းဘီအတိုတွေနဲ့ ဆိုတော့။ အဲဒီဒီမှာ နှစ်ယောက်က ခုန်တက်လာတယ်ဗျ။ အကုန်မတ်တပ်ရပ်ဆိုပြီး ဖုန်းတွေကိုသိမ်းတယ်။ ကိုမင်းအောင်ကလှည့်ကြည့်တယ်ဗျ။ အဲဒီလိုလှည့်ကြည့်တာကို ‘ဘာကြည့်တာလဲ၊ အဲဒီအကြည့်မကြည့်နဲ့’ ဆိုပြီး ပါးတွေကိုရိုက်တယ်ဗျ။ ပြီးတော့ အဲဒီမှာရှိတဲ့ ဦးပုကြီးတို့ကိုရိုက်တယ်။ ကိုစည်သူအောင်။ စတဲ့အတူပါသွားတဲ့ လူတွေကိုရိုက်တာပေါ့။

လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များကတော့ ဒီလိုရိုက်နှက်ပြီးခေါ်ဆောင်တာကို၊ ကျနော်တို့ကိုဖြစ်စေ အမျိုးသမီးများကိုဖြစ်စေ ဒီလိုရိုက်နှက်ပြီးခေါ်ဆောင်တာကိုတော့ လုံးဝခွင့်ပြုမယ်လို့မထင်ဘူးဗျ။ အဲဒါ …

အမျိုးသမီးတွေစားနေတဲ့ ထမင်းဝိုင်းကိုလည်း ထ ဆိုပြီးပြောတယ်။ မနီနီမေမြင့်က လက်ဆေးလိုက်ဦးမယ် ဆိုပြီးပြောတယ်ဗျ။ ‘ဘာတွေဖြစ်တာလဲ၊ လက်ဆေးပါရစေ’ ဆိုပြီးပြောတာဗျ။ လက်ဆေးမယ့်နေရာကလည်း ဝေးဝေးမဟုတ်ပါဘူး။ အဲဒီအနားမှတင် လက်ဆေးတဲ့ရေဇလားရှိတာကိုး။ အဲဒီမှာလက်ဆေးနေတာကို “လက်ဆေးနေသေးလား” ဆိုပြီးရိုက်တာပေါ့ဗျာ။

→ NLD ကို ဒီရခိုင်မြေပေါ်မှာ လုံးဝကို ပပျောက်သွားစေချင်တဲ့ လူတချို့ရှိနေတယ်

အဲဒီတော့ ကျနော်တို့ကိုလည်း အဲဒီလိုပဲရိုက်နှက်ပြီး ထမင်းစားနေတဲ့အိမ်ကနေ လှေဆိပ်ကို ခေါ်သွားတယ်ဗျ။ လှေဆိပ်ကိုရောက်ခါနီး လမ်းဆုံနားမှာ ခုံတစ်ခုံရှိတယ်ဗျ။ အဲဒီမှာ ကိုမင်းအောင်ကို ခုံနဲ့ပူးတွဲပြီးချည်ထားတယ်ဗျ။ ပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ မနီနီမေမြင့်ရယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်တဲ့ မချစ်ချစ်ချောရယ်ကို လှေပေါ်ကိုခေါ်သွားတယ်ဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီမှာ ကိုမင်းအောင်ကိုမေးတာပေါ့။ ခင်ဗျားနာမည်ဘယ်လိုခေါ်လဲဆိုတာမျိုးပေါ့။ ကိုမင်းအောင်က “ကျနော်မင်းအောင် ပါ” လို့ပြောတယ်။ နောက်ပြီး ကြမ်းကြမ်းတမ်းတမ်းမလုပ် ဖို့သဘောမျိုး၊ စစ်မေးစရာရှိရင်လည်းသူ့ကိုပဲမေးဖို့၊ ကျန်တဲ့လူတွေကို ဒုက္ခမပေးဖို့၊ အကြမ်းပတမ်းမလုပ်ဖို့ အဓိပ္ပါယ်ရတဲ့စကားမျိုးပြောတယ်ခင်ဗျား။ ပြောတော့ သူတို့ကရိုက်တယ်။ ပြီးတော့ ဖုန်းဆက်တယ်။ “မန်းအောင်ပါလား” “မန်းအောင် ခေါ်ခရဖို့လား” လို့ပြောတယ်။ အဓိပ္ပါယ်က “မင်းအောင်ပါလား” “မင်းအောင်ကို ခေါ်ခဲ့ရမလား” ဆိုတဲ့အဓိပ္ပါယ်ပေါ့ဗျာ။ ဟိုဖက်က ခေါ်ခဲ့လို့ ပြောတာဖြစ်မယ်။

ကိုမင်းအောင်ကို ချည်ထားတဲ့ကြိုးကို ဓါးနဲ့ဖြတ်ပြီးတော့ ခေါ်သွားတာပဲ။ ကျနော်တို့ကိုတော့ ကျန်ခဲ့တဲ့လက်နက်ကိုင်နှစ်ယောက် က ခေါ်မလို မခေါ်မလို ဝေခွဲမရဖြစ်နေတယ်။ မအေးအေးနိုင်ကိုရော၊ ကျနော်တို့ကိုရောခေါ်တော့မလိုတော့ လုပ်တာပဲ။ မအေးအေးနိုင်ကို ပထမတော့ခေါ်တာပဲ။ ပြီးတော့မှ လှေပေါ်ကနေ လိုချင်တဲ့သုံးယောက်ရပြီဆိုတဲ့သဘောနဲ့ လာတော့၊ လာတော့ဆိုတဲ့အဓိပ္ပါယ်မျိုးနဲ့ ပြောတော့ သူတို့ဟိုဖက် အာရုံစိုက်နေတုန်း ကျနော်တို့လည်း ဒီဖက်လှည့်ပြီးပြေးကြတာပေါ့ဗျာ။ ကျနော့်တပည့်တစ်ယောက်က ပြေးပြေးဆိုတော့ အဲဒီမှာ သတိရပြီး ဒီဘက်ကိုရှောင်တိမ်းပြေးကြတာပေါ့။ ဖြစ်စဉ်ကတော့ ဒါပါပဲဗျ။

ငြမ်းမီဒီယာ – အဲဒီလိုဖမ်းဆီးခေါ်ဆောင်တဲ့အခါ အမျိုးသမီးကိုယ်စားလှယ်လောင်းနှစ်ဦးကို ရိုက်နှက်တာတွေ ရှိပါသလား။

KTZP – ရိုက်တယ်ဗျ၊ ရိုက်တယ်။ ထမင်းစားနေတဲ့အိမ်ပေါ်မှာကတည်းက ရိုက်တယ်လေ။ ခေါ်သွားတဲ့အခါမှာလည်း ချိုင်းကနေတစ်ဖက်တစ်ယောက် မပြီးခေါ်တာမျိုး၊ လက်တွေကို အတင်းဆွဲပြီးခေါ်တာမျိုးတို့၊ ဇက်ပိုးကို ဖြောင်းဖြောင်းဖြောင်းနဲ့ ရိုက်ပြီးခေါ်တာမျိုးတို့ အဲဒါမျိုးရှိတယ်။ နောက် မအေး အေးနိုင်ကိုဆိုရင်လည်း သွားတာနှေးလို့ဆိုပြီး ကျောကုန်းကိုရိုက်တာမျိုးတို့ပေါ့။

ဒီနေရာမှာ ကျနော်ဖြည့်ပြောချင်တာက ဒီခေါ်ခိုင်းတဲ့လက်နက်ကိုင် ဘယ်အဖွဲ့အစည်းဖြစ်ဖြစ်ဗျာ၊ (RFA မှာကျနော်ပြောတာက “ကျနော်ထင်တယ်”လို့ပြောတာ။ ကျနော်တစ်ယောက်တည်းမဟုတ်ဘူးဗျ။ ကျနော်တို့ အားလုံးပြောတာပါ။ အဖမ်းခံရတဲ့အခင်းဖြစ်တဲ့နေရာကနေ လွတ်မြောက်တဲ့သူအားလုံးက ရခိုင့်တပ်တော် AA လက်နက်ကိုင်အဖွဲ့အစည်းလို့ ထင်တယ်လို့ပြောတာ။ “ထင် တယ်” လို့ပြောကြတာ။ အဲဒါကို မီဒီယာတွေမှာ “AA လို့ပြောပါတယ်” ဆိုပြီးရေးချလိုက်ကြတာ။) ကျနော် ဖြည့်ပြောချင်တာက ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းတာပဲဖြစ်ဖြစ်၊ အဲဒီလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များကတော့ ဒီလိုရိုက်နှက်ပြီးခေါ်ဆောင်တာကို၊ ကျနော်တို့ကိုဖြစ်စေ အမျိုးသမီးများကိုဖြစ်စေ ဒီလိုရိုက်နှက်ပြီးခေါ်ဆောင်တာကိုတော့ လုံးဝခွင့်ပြုမယ်လို့မထင်ဘူးဗျ။ အဲဒါပေါ့ဗျ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒဏ်ရာအနာတရနဲ့ သေကြေပျက်စီးကြရတယ်၊ သွေးထွက်သံယိုမှုတွေ၊ ရွာလုံကျွတ်မီးရှို့ခံရမှုတွေရှိတယ်။ ဒီဟာကို လက်ရှိအစိုးရဖြစ်နေတဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွဲပြီးသွားမြင်တာပေါ့။ ပြီးတော့ …

ကျနော် က ခေါ်ဆောင်တဲ့ အဖွဲ့အစည်းတစ်ခုလုံးကို အပြစ်တင်ချင် တာတော့မဟုတ်ဘူးဗျ။ အဲဒီလိုခေါ်ဆောင်တဲ့အဖွဲ့အစည်းတစ်ခုလုံး မဟုတ်ဘူးဗျ။ အောက်ခြေက စနစ်တကျ သူတို့ Well – Trained မလုပ်ရသေးတဲ့ တပ်သားတွေပေါ့။ အဲဒီ တပ်သားတွေအနေနဲ့ကျတော့ စိတ်ခံစားချက်အလျောက် ပြုမူမိတာမျိုးလို့ ကျနော်ကပြောချင်ပါတယ်ဗျ။ စိတ်ခံစားမှုအရ ပြုမူမိတာပေါ့ဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လက်နက်ကိုင်အဖွဲခေါင်းဆောင်များကတော့ “ဒီလိုလုပ်၊ ဒီလိုရိုက်”လို့တော့ ပြောမယ်မထင်ဘူး။ အဲဒီလို ရိုက်နှက်တာကိုလည်း လက်ခံလိမ့်မယ်မထင်ဘူးဗျ။ ဥပမာဗျာ ရခိုင်လက်နက်ကိုင်တပ် AA ဖက်က ဖမ်းဆီးသွားတဲ့ ဦးဝှေ့တင်းတို့၊ တခြားသောတပ်မတော်ဖက်က စစ်သုံ့ပန်းတွေတို့ကိုတောင် သူတို့ အဲဒီလို ရိုက်တာနှက်တာတို့ မရှိဘူးလေဗျာ။

ဒီလိုလက်နက်ကိုင်အဖွဲ့အထက်ပိုင်းပုဂ္ဂိုလ်တွေနဲ့ တွေ့ရရင်တော့ ဒီလိုရိုက်တာနှက်တာတို့ ဘာတို့ရှိမယ်မထင်ဘူးဗျ။ အဲဒါမျိုးတော့ရှိမယ်မထင်ဘူးဗျ။ အဲဒါတော့ယုံကြည် ပါတယ်။ တကယ်။ အခုက အောက်ကလက်အောက်ငယ်သားတွေ က ကျတော့ လူငယ်ဆိုတော့စိတ်ခံစားမှုအလျောက် ပြုမူမိတယ်၊ နောက်ပြီးတော့ ဖမ်းခေါ်တဲ့သူတို့လည်း အဲဒီလိုပဲ နည်းနည်းကြမ်းကြမ်းတမ်းတမ်းတော့ ခေါ်ရမှာပေါ့လေ။ ကျနော်အခု ဒါ ဖြေတွေးတာပေါ့။ ဒီလိုမျိုးခေါ်ရမှာပေါ့။

ငြမ်းမီဒီယာ – ဘာကြောင့် ဒီလိုဖမ်းဆီးခေါ်ဆောင်တာလို့ ယူဆပါသလဲ။

KTZP – ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ပါတီလေဗျာ။ လက်နက်ကိုင်အဖွဲ့အစည်းလည်းမဟုတ်ဘူးလေ။ လက်နက်ကိုင်အဖွဲ့အစည်းမဟုတ်ဘူး၊ တိုင်းပြည်အုပ်ချုပ်နေတဲ့ အစိုးရလည်း မဟုတ်ဘူး။ ပါတီပေါ့။ အဲဒီတော့ ပါတီဝင်တွေကို ဒီလိုလုပ်တယ်ဆိုတာ နှစ်ချက်ကြောင့်ဖြစ်နိုင်တာပေါ့။ နှစ်ချက်ကြောင့်ဖြစ်နိုင်တယ်လို့ ကျနော်ထင်တယ်။

ပထမတစ် ချက်က ဒီပါတီရဲ့ မူဝါဒ၊ ပါတီရဲ့ လုပ်ဆောင်မှု၊ ပါတီရဲ့သမိုင်းကြောင်းတွေကို မသိလို့။ ပါတီရဲ့လုပ်ဆောင်မှုတွေကို သူတို့နဲ့သဘောထားမတူလို့၊ သဘောထားကွဲလွဲလို့။ နောက် တစ်ခုက လက်ရှိ အုပ်ချုပ်နေတဲ့အစိုးရက NLD ပါတီအနိုင်ရပြီး အုပ်ချုပ်တဲ့အစိုးရဖြစ်တာကိုး။ လက်ရှိရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ စစ်ဘေးရှောင်တွေနဲ့ပတ်သက်ပြီးတော့၊ ဒီစစ်ဖြစ်နေတာမှာ ရခိုင်ပြည်သူတွေလည်း တော်တော်ဒုက္ခရောက်နေတာ အစ်ကိုတို့လည်းတွေ့တာပဲလေ။ တော်တော်ဆိုးဆိုးရွားရွားဒုက္ခရောက်နေတဲ့ အပြစ်မဲ့ ပြည်သူ တွေ၊ ဖမ်းဆီးခေါ်ဆောင်သွားတယ်၊ အလောင်းပဲပြန်ရတယ်ဆိုတာမျိုးတွေ။ ဒီလိုဖြစ်ပွားမှုတွေနဲ့ပတ်သက်ပြီး နာကျည်းချက်တွေက ရခိုင်ပြည်သူတွေရင်ထဲမှာရှိနေတယ်ဗျ။

အဲဒီတော့ ဒီလက်ရှိဖြစ်နေတာကို ဒီ အစိုးရဖြစ်နေတဲ့ပါတီဖြစ် တဲ့ NLD ပါတီကနေပြီးတော့၊ NLD အစိုးရကနေပြီးတော့ ထိန်းချုပ်မှုမရှိနိုင်ဘူးလားပေါ့။ ဒါ လူထုရဲ့ထုံးစံပဲလေ။ တစ်ခုခုဆို အစိုးရကို ဒါအပြစ်တင်ချင်တာပဲလေ။ အဲဒီတော့ အစိုး ရရယ်၊ ပါတီရယ်၊ ဟိုးခံစားနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ စစ်ဘေးသင့်အနာတရတွေကို၊ ဒဏ်ရာဒဏ်ချက်တွေကို တွဲပြီးမြင်တာပေါ့။ အဲဒီလို တွဲမြင်ပြီးတော့၊ နာကျည်းပြီးတော့ လုပ်တယ်လို့ထင်ပါတယ်။ ဒါပထမတစ်ချက်ပေါ့။

ကျနော်တို့က ရခိုင်ပြည်နယ် မြောက်ပိုင်းတောင်ပိုင်းဆိုတာ လူမျိုးရေးခွဲခြားချင်တဲ့စိတ် နဲ့ ပြောတာမဟုတ်ဘူး။ သိသာအောင်၊ မြင်သာအောင်၊ ပြန်တွေးလို့ …

ဒုတိယ တစ်ချက်ကတော့ လူမျိုးရေးနဲ့ပတ်သက်ပြီးတော့ လူမျိုးရေးမှိုင်းပေါ့။ ကျနော်တို့ပါတီက၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗမာပါတီဖြစ်တယ်၊ ဗမာလူမျိုးတွေပဲကြီးစိုးတဲ့ပါတီဖြစ် တယ်၊ ဒါ ဗမာဝါဒကို ထူထောင်နေတဲ့ ပါတီဖြစ်တယ် စသဖြင့် ဒီလိုပါတီသမိုင်းကြောင်းကို ပုံဖျက်ပြီးတော့ ဒီလိုလူမျိုးရေးမှိုင်းနဲ့ကစားနေတဲ့ နိုင်ငံရေးသမားတွေပေါ့ဗျာ။ အဲဒီလိုနိုင်ငံရေးသမားတွေရှိနေတဲ့အတွက်ကြောင့် ဒီမှိုင်းတွေဝင်ပြီးတော့ ဒီဖြစ်ရပ်တွေဖြစ်တာလို့ ကျနော်တော့ထင်ပါတယ်။

ဆိုတော့ ချုပ်လိုက်ရင် ကျနော်ပြောတာနှစ်ချက်ပေါ့။ ပထမတစ်ချက်က တော့ စစ်ဘေးသင့်ပြည်သူတွေ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒဏ်ရာအနာတရနဲ့ သေကြေပျက်စီးကြရတယ်၊ သွေးထွက်သံယိုမှုတွေ၊ ရွာလုံကျွတ်မီးရှို့ခံရမှုတွေရှိတယ်။ ဒီဟာကို လက်ရှိအစိုးရဖြစ်နေတဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွဲပြီးသွားမြင်တာပေါ့။ ပြီးတော့ မကျေနပ်ချက်တွေ ဒီကိုပုံချတာပေါ့။

→ လက်နက်နဲ့ အကြမ်းဖက်တယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စ

အဲဒီအတွက် ဒီပါတီမှာလုပ်ဆောင်နေတဲ့လူတွေအားလုံးကိုလည်း မကျေမနပ်ဖြစ်တာပေါ့ဗျာ။ မုန်းတီးစိတ်၊ အာဃာတစိတ်၊ မချင့်မရဲဖြစ်တာတွေရှိတာပေါ့။ အဲဒီတစ်ချက်။ ဒုတိယတစ်ချက်ကတော့ အဲဒီလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဗမာပါတီဖြစ်တယ်၊ ရခိုင်ပြည်နယ်အကျိုးကို လုပ်ဆောင်နိုင်မှာမဟုတ်ဘူး၊ ဒါကြောင့်ဒီပါတီမှာလုပ်နေတဲ့လူတွေဟာ ရခိုင်လူမျိုးရဲ့အကျိုးစီးပွားကို စွမ်းဆောင် နေတာမဟုတ်ဘူး၊ အကျိုးယုတ်စေတဲ့သူများသာဖြစ်တယ် လို့ သူတို့အနေနဲ့ မှိုင်းတိုက်ခံထားရတဲ့အတွက်ကြောင့်၊ သူတို့အနေနဲ့အဲဒီလိုယူဆနေတဲ့အတွက်ကြောင့် ဒီလိုဖြစ်ရပ်ဖြစ်လာတာလို့ ထင်ပါတယ်ဗျ။

ငြမ်းမီဒီယာ – နောက်တစ်ခုက ဖမ်းဆီးခေါ်ဆောင်တဲ့သူတွေက “သစ္စာဖောက်တွေ” စသဖြင့်ပြောဆိုတယ်လို့ ကိုသန့်ဇင်ဖြိုးပြောထားတာတစ်ခုမှာ သတိပြုမိပါတယ်။ အဲဒီဟာကို နည်းနည်းရှင်းပြပေးပါဦး။

KTZP – ဟုတ်တယ်၊ ပြောတယ်ဗျ။ ပြောတယ် အဲဒီလိုပေါ့၊ ‘အမျိုးယုတ်’ ပေါ့။ ခုနကကျနော်ပြောတာ အဲဒါပေါ့။ ကျနော် ဖြေတာအဲဒါလေ။ ‘အမျိုးယုတ်တွေ’ ၊ ‘သစ္စာဖောက်တွေ’ ၊ ‘မင်းတို့ရခိုင်မဟုတ်ဘူးလား’ အဲဒီလိုတွေ ပြောပါတယ်။ အဲဒီလိုပြောတဲ့စကားတွေကလည်း ခုနက ကျနော်ပြောတဲ့ အချက်နှစ်ချက်နဲ့ ဆက်စပ်နေတာပဲလေဗျာ။

အကြောင်းအရင်းကတော့ အဲဒီနှစ်ချက်က လွတ်မယ်မထင်ဘူးဗျ။ ဟုတ်တယ် မလား။ ဒါ အစ်ကိုတို့လည်း ဒါ လက်ခံမယ်ထင်ပါတယ်။ အဲဒီနှစ်ချက်က မလွတ်လောက်ဘူးလေ။ ကျနော်တို့ကို အဲဒီလိုဆဲဆိုတယ်ဆိုတာကလည်း အဲဒီအချက်တွေကြောင့်ပါပဲ။

ငြမ်းမီဒီယာ – ရခိုင်ပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်း စကားသံ၊ လေယူလေသိမ်းကွာခြားမှုတွေအပေါ်မှာ ခွဲခြားတွေးမြင်မှုတွေရှိခဲ့တာကို သတိပြုမိပါတယ်။ ဗမာစကားသံနဲ့ ဆင် တဲ့ တောင်ပိုင်းက တောင်ကုတ်၊ သံတွဲ၊ ဂွ မြို့တွေက ဒေသခံတွေရဲ့ စကားသံကွဲပြားမှုအပေါ်မှာတောင် တချို့အမြင်မကြည်လင်မှုတွေရှိတော့ အခုကိစ္စမှာရော အဲဒီသဘောတွေရှိနိုင်ပါသလား။

KTZP – ရှိတဲ့လူလည်း ရှိမှာပေါ့ဗျ။ ကျနော့်ကိုလဲ အဲဒီလိုပေါ့။ တောင်ပိုင်း မြောက်ပိုင်းခွဲပြောတယ်ဆိုပြီး ဆဲဆိုနေကြတယ် ပေါ့။ ခြိမ်းခြောက်တာမျိုးတွေရှိတယ်။ ကျနော်က အဲဒီလိုသွေးခွဲစေချင်တဲ့စိတ်မျိုးနဲ့ပြောတာမဟုတ်ဘူး။ ဒေသိယ အရ ဘယ်ကလဲ၊ ရခိုင်ပြည်နယ်တောင်ပိုင်းဘက်က၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်က စသဖြင့် ဒီလိုပဲ အလွယ်သုံးနှုန်းကြတာပဲလေ။ တမင်တကာခွဲခြားချင်တဲ့စိတ်မှ မဟုတ်တာ။

ကျနော်တို့က ပြောတဲ့စကားလေသံက ဒီ စစ်တွေတို့၊ မြောက်ဦးတို့၊ မင်းပြားတို့၊ ပေါက်တောတို့ အဲဒီဘက်ကပြောတဲ့လေသံနဲ့ မတူဘူးလေဗျာ။ နည်းနည်းကွဲကြတာပေါ့။ ရွာတစ် ရွာမှာတောင် အရှေ့ပိုင်း အနောက်ပိုင်း စကားသံကွဲလွဲမှုတွေရှိကြသေးတာကိုး။ အဲဒီတော့ ကျနော်တို့က ရခိုင်ပြည်နယ် မြောက်ပိုင်းတောင်ပိုင်းဆိုတာ လူမျိုးရေးခွဲခြားချင်တဲ့စိတ် နဲ့ ပြောတာမဟုတ်ဘူး။ သိသာအောင်၊ မြင်သာအောင်၊ ပြန်တွေးလို့ရအောင်သာ ဒီလိုထည့်ပြီးပြောလိုက်တာဖြစ်ပါတယ်။

ဒီပါတီနဲ့၊ လက်ရှိ အစိုးရနဲ့၊ ပြည်နယ် အတွင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ကို တွဲစပ်ပြီးတော့မြင်တယ်။ ပြီးတော့ ဒီကိစ္စကြီးတွေကို မတားဆီးနိုင်ရကောင်းလားဆိုပြီး အပြစ်တင်တယ်၊ ဒီကိစ္စ …

ဒီရခိုင်ပြည်နယ်တောင်ပိုင်းကလေသံဆို ဘယ်လိုလေသံ၊ ရခိုင်ပြည်နယ်မြောင်ပိုင်းကလေသံဆို ဘယ်လိုလေသံ၊ ဥပမာ ရမ်းဗြဲလေသံဆို ဘယ်လိုလေသံ၊ ကျောက်ဖြူလေသံဆို ဘယ်လိုလေသံ၊ သံတွဲလေသံဆို ဘယ်လိုလေသံ ဒီလို တော့ ပြောရမှာပဲလေဗျာ။ ကျနော်တို့ဖမ်းဆီးစဉ်ခါမှာ ပြောတဲ့လေသံတွေဆိုရင် ကျောက်ဖြူဘက်က လေယူလေသိမ်းမျိုးလည်းနည်းနည်းကြားတယ်။ နောက် ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်က လေယူလေသိမ်းမျိုးလည်းကြားတယ်။ မတူဘူးလေဗျာ။

ကျောက်ဖြူလေသံနဲ့တောင် မြောက်ပိုင်းဘက် က လေသံမတူဘူးလေ။ သံတွဲလေသံနဲ့ တောင်ကုတ်လေသံနဲ့ မတူဘူးလေ။ အဲဒါကြောင့် ကျနော်က ခွဲပြောလိုက်တာပါ။ ကျနော်တို့ကို ဖမ်းဆီးခေါ်ဆောင်စဉ် တောင်ကုတ်လေသံ၊ ဂွလေသံ၊ သံတွဲလေသံ အဲဒီလိုလေယူလေသိမ်းမျိုး ပြောတာမကြားရဘူး။ ကျောက်ဖြူဘက်က၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်က စကားသံမျိုးကြားရတယ်၊ အဲဒီ ဆဲဆိုမှုမျိုးကြားရတယ်လို့ မြင်သာအောင်ဖြေလိုက်တာပါဗျ။

ငြမ်းမီဒီယာ – ခုလိုရွေးကောက်ပွဲနီးချိန်မှာ NLD ပါတီကိုယ် စားလှယ်တွေကို ရွေးပြီးဖမ်းဆီးခေါ်ဆောင်တယ်ဆိုတာ ဘယ်လိုရည်ရွယ်ချက်လို့ သုံးသပ်မိပါသလဲ။

KTZP – ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲကိုရည်ရွယ်ပြီး လုပ်တာလား၊ မလုပ်တာလား သူတို့ပဲသိမှာပဲ။ ဒါပေမယ့်ဖြေလိုက်ရင် ခုနကကျနော်ပြောတဲ့ အကြောင်းအရင်းနှစ်ရပ်ကို ပြန်ရောက်သွားမှာပဲ။ ဒီပါတီနဲ့၊ လက်ရှိ အစိုးရနဲ့၊ ပြည်နယ် အတွင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ကို တွဲစပ်ပြီးတော့မြင်တယ်။ ပြီးတော့ ဒီကိစ္စကြီးတွေကို မတားဆီးနိုင်ရကောင်းလားဆိုပြီး အပြစ်တင်တယ်၊ ဒီကိစ္စတွေကိုမလုပ်ဆောင်တဲ့အတွက်ကြောင့် ဒီစစ်ဘေးသင့်ပြည်သူတွေနဲ့ပတ်သက်လို့ အထူးအလေးပေးမလုပ်ဆောင်ဘူးလို့ သူတို့မြင်တယ်၊ အဲဒီအတွက် ဒီလူတွေဟာ သစ္စာဖောက်တွေဖြစ်တယ်လို့ သူတို့စွပ်စွဲတာပေါ့ဗျာ။

အဲဒီအမုန်းတရားတွေ သူတို့မှာရှိနေတာပေါ့။ အဲဒီ ယူဆချက်တွေ သူတို့မှာရှိနေတာပေါ့။ နောက်တစ်ခုကလဲ ဒီပါတီဟာ ဗမာပါတီဖြစ်တယ်၊ ရခိုင်လူမျိုးအကျိုး စီးပွားအတွက် မသက်ဆိုင်တာတွေ၊ ဘာမှမဟုတ်တာတွေလျောက်လုပ်နေတယ်၊ အဲဒီလိုပဲ ဒီအထဲမှာလုပ်နေသူတွေကလည်း ရခိုင်အကျိုးစီးပွားကိုလိုလားသူတွေ၊ လုပ်ဆောင်သူတွေ မဟုတ်ဘူးဆိုတဲ့ အဲဒီနှစ်ချက်ကြောင့်ပဲ ဒီကိစ္စတွေဖြစ်တာလို့ထင်ပါတယ်။

ရွေးကောက်ပွဲနီးသည်ဖြစ်စေ၊ ရွေးကောက် ပွဲဝေးသည်ဖြစ်စေ သူတို့ကတော့ သူတို့ရဲ့လုံခြုံရေးအရ ကျနော်တို့ကို အလွယ်တကူဖမ်းဆီးခေါ်ဆောင်နိုင်တဲ့အနေအထားမျိုးမှာရှိရင်ဖမ်းမှာပဲ။ အဲဒီလိုပါ။ သူတို့မှာ ယူဆချက်တွေကွဲလွဲတာ ရှိနေတာကိုးဗျ။ အဲဒါကြောင့်လို့ထင်ပါတယ်။

ရိုက်နှက်ပြီးတော့မခေါ်ဆောင်ဖို့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ကျနော်က ဒီနေရာကနေ တင်ပြချင်တယ်၊ ပန်ကြားချင်တယ်။ …

ငြမ်းမီဒီယာ – တောင်ကုတ်မြို့ပေါ်က ပြည်သူလူထုကရော ဒီကိစ္စအပေါ်မှာ ဘယ်လိုစိတ်ခံစားမှုမျိုးရှိပါသလဲ။

KTZP – တောင်ကုတ်ပြည်သူဆိုတာက ခေတ်အဆက်ဆက်၊ သမိုင်းတလျောက် နိုင်ငံရေးရေချိန်မြင့်ခဲ့တဲ့မြို့ပဲဗျ။ နိုင်ငံ ရေးရေချိန် အင်မတင်မြင့်ခဲ့တယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တောက်လျောက်ထောက်ခံတဲ့မြို့ဖြစ်ပါတယ်။ အမေစုဆိုလည်း မိန့်ခွန်းပြောတာမှာဖြစ်ဖြစ်၊ စကား ဝိုင်းတွေမှာဖြစ်ဖြစ် ကျနော်တို့ တောင်ကုတ်ကို အမြဲတမ်းချီးကျူးပြောဆိုတာ အစ်ကိုတို့လည်းကြားမှာပဲလေ။

ဒါကြောင့် ကျနော်တို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူတွေအနေနဲ့ ဒီလိုဖမ်းဆီးခေါ်ဆောင်ခံရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးအောင် တောင်းဆိုပေးမယ်လို့ ကျနော်တို့ယုံကြည်မျှော်လင့်ပါတယ်ဗျ။

ငြမ်းမီဒီယာ – ကိုသန့်ဇင်ဖြိုးတို့ လက်ရှိတောင်ကုတ်မြို့ပေါ်မှာနေရထိုင်ရတာကရော လုံခြုံစိတ်ချရမှုအခြေအနေ ဘယ် လိုရှိပါသလဲ။

KTZP – လောလောဆယ်တော့ ကျနော်တို့က မျက်လုံးရှေ့ တည့်တည့်မှာ ဒီလိုကြီး ရိုက်နှက်ဖမ်းဆီးခေါ်ဆောင် သွားတာကို မြင်လိုက်ရတော့ အထိတ်တလန့်တော့ရှိတာပေါ့။ နေတာကတော့ မြို့ထဲမှာတော့နေတာပေါ့။ တကယ်လို့ သူတို့ ကျနော်တို့ကို ဖမ်းဆီးမယ်ဆိုရင်လည်း ဖမ်းဆီးလို့ရတာပေါ့ဗျာ။ ကျနော်တို့မှာလက်နက်ရှိတာမှ မဟုတ်တာ။ တကယ်ဖမ်းဆီးမယ်ဆိုရင်ဗျာ လက်နက်ကိုင်ထားတဲ့သူတွေအချင်းချင်းတိုက်ရင်၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေလည်းရှိတော့ တိုက်ခိုက်ကြတာမျိုးရှိတာကိုး။

ရိုက်တယ်နှက်တယ်ဆိုတဲ့ကိစ္စကလည်း သူတို့လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ ရိုက်ခိုင်းလို့ ဒီလိုရိုက်ရတာလို့ ကျနော်တို့ကမထင်ဘူး။ ရုန်းရင်းဆန်ခတ်အခြေအနေမှာ သူတို့ …

ကျနော်တို့အိမ်တွေကို ဝင်လာဖမ်းမယ်ဆိုရင်တော့ ဒါ အလွယ်တကူဖမ်းလို့ရတာပဲ။ ဒါ အစ်ကိုတို့လည်းသိတာပဲ။ တကယ်လို့ အဲဒီလိုဖမ်းဆီးမယ်ဆိုရင်တော့ ဖမ်းလို့ရတာပဲဗျ။ ကျနော်တို့က ဒါ အသက်ဘေးနဲ့ကြုံရတာတော့ရှိတာပေါ့။ ဒါပေမယ့် ယုံကြည်ချက်တစ်ခုကိုလွှတ်ချရလောက်အောင်အထိတော့ ကြောက်ရွံ့မှုမရှိပါဘူး။

ဖမ်းဆီးသွားတဲ့အဖွဲ့ပြောသလို ကျနော်တို့က လူမျိုးအပေါ်မှာ သစ္စာဖောက်နေတာမျိုးလည်းမရှိပါဘူး။ တကယ်လည်းမရှိပါဘူး။ ကျနော်တို့ဒီ ပါတီမှာဝင်လုပ်တယ်ဆိုတာ အကျိုးအမြတ်တစ်ခုခုအတွက်ရည်ရွယ်ပြီး လုပ်တာမျိုးမဟုတ်ပါဘူးဗျာ။ ယုံကြည်ချက်နဲ့ လုပ်ကြတာပါ။ အကျိုးခံစားခွင့်တစ်စုံတစ်ခုလည်းမရှိပါဘူးဗျာ။ ကျနော်တို့ အိတ်စိုက်လုပ်ကြတာချည်း ပါပဲ။ အခု ပါတီအင်္ကျီတွေ၊ Sticker တွေ၊ နောက် ဒီ Pamphlet တွေဆိုလည်း ဒါကိုယ်နိုင်သလောက် ထည့်ဝင်ပြီးတော့ လုပ်ကြရတာပဲဗျ။

ဒါကြောင့် ကျနော်တို့က မဟုတ် တာကိုလုပ်နေတာမဟုတ်ဘူးလို့ ယုံကြည်တဲ့အတွက်ကြောင့်၊ ကိုယ့်စိတ်ကိုယ် လုံခြုံနေတဲ့အတွက်ကြောင့် အရမ်းကြီးထိတ်လန့်နေတာမျိုးတော့မရှိပါဘူး။ သေဘေးနဲ့ကြုံတာကတော့ ကြောက်တာပေါ့ဗျာ။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

KTZP – ဖြည့်စွက်ပြောချင်တာကတော့ဗျာ၊ နှစ်ုပြောချင်တယ် ဗျ။ တစ်ခုက ကျနော်က တခြားသတင်းတွေမှာ ပြောသလို “AA လက်နက်ကိုင်အဖွဲ့က အဖွဲ့ဝင်များဖမ်းဆီးသွား” လို့ အဲဒီလိုတိုက်ရိုက်ပြောတာမဟုတ်ဘူးဗျ။ ဒီလေယူလေသိမ်း တွေ၊ ဒီပြောစကားတွေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ကိုဖမ်းဆီးတာဟာ၊ ရခိုင်ပြည်နယ်မှာ ဒီလက်နက်ကိုင်အဖွဲ့၊ အင်အားအကောင်းဆုံးလက်နက်ကိုင်အဖွဲ့ ဒီအဖွဲ့ပဲရှိတယ်လေဗျာ။ ရခိုင့်တပ်တော် AA (Arakan Army) ပေါ့။ ဒီအဖွဲ့ကပဲ ဖမ်းဆီးတာလို့ ကျနော်တို့ကထင်တယ်လို့ပြောတာပါ။ ဒီလိုပဲစွပ်စွဲတာပါ။ အဲဒီလို ဆိုလိုတာပါ။ အဲဒီတစ်ချက်ကို ဖြည့်ပြောချင်တယ်။

နောက် ဒုတိယတစ်ချက်ကတော့ သတင်းမီဒီယာများအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များကို ပန်ကြားပေးစေချင်တာပေါ့ဗျာ။ ဒီလိုနိုင်ငံရေးအယူဝါဒမတူညီမှု ကြောင့် လက်နက်ရှိတဲ့သူက လက်နက်မရှိတဲ့သူကို ဖမ်းဆီးခေါ်ဆောင်တာမျိုး နောက်လည်းရှိကောင်းရှိလာနိုင်သေးတယ်လို့ ကျနော်ကမြင်တယ်။ စစ်မေးစရာရှိတာစစ်မေး၊ သူတို့သိချင်တာလေးတွေမေး၊ သူတို့ပြောချင်တာလေးတွေကိုပြော၊ ဒီလိုပြောပြီးတော့ ပြန်လွှတ်မယ်ပေါ့ဗျာ။ အဲဒီလိုဖမ်းဆီးတဲ့အခါမျိုးမှာ မခုခံရင်၊ အသာတကြည်အဖမ်းခံရင် ရိုက်နှက်ပြီးတော့မခေါ်ဆောင်ဖို့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ကျနော်က ဒီနေရာကနေ တင်ပြချင်တယ်၊ ပန်ကြားချင်တယ်။

တကယ်တမ်းလဲ အဲဒီလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ အနေနဲ့ကလည်း အောက်ခြေကအဖွဲ့ဝင်တွေ ဒီလိုရိုက်နှက်တာကို မသိဘူးလို့ ကျနော်ထင်တယ်။ သိလို့ရှိရင်လည်း အရေးယူလိမ့်မယ်လို့ ကျနော်တို့တကယ်ယုံကြည် ပါတယ်။ အဲဒီရိုက်တယ်နှက်တယ်ဆိုတဲ့ကိစ္စကလည်း သူတို့လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ ရိုက်ခိုင်းလို့ ဒီလိုရိုက်ရတာလို့ ကျနော်တို့ကမထင်ဘူး။ ရုန်းရင်းဆန်ခတ်အခြေအနေမှာ သူတို့စိတ်ခံစားချက်အလျောက် ပြုမူလိုက်တာမျိုးလို့ပဲထင်တယ်။

ကျနော်တို့အဖွဲ့ဝင်များကိုလည်း၊ ကျနော်တို့ လေးစားရတဲ့ ကိုမင်းအောင်၊ မနီနီမေမြင့်၊ မချစ်ချစ်ချောတို့ ကိုလည်း ဘေးမသီရန်မခဘဲ အမြန်ဆုံး မေးစရာရှိတာမေး၊ စစ်စရာရှိတာစစ်၊ ပြောစရာရှိတာပြောပြီးရင် ပြန်လွှတ်ပေးကြပါ။ ဘယ်အဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာကိုလည်း အမြန်ဆုံးကြေညာပေးကြပါလို့ ဒီနေရာကနေ တောင်းဆိုချင်ပါတယ်ဗျ။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,