လူဦးရေ သုံးသိန်းကို လုပ်ခမပေးဘဲ ခိုင်းစားနိုင်ပြီဆိုတော့ …

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / Anti MLM တစ်ဦးဖြစ်သူ ကိုဇင်ဇေလွင်

လက်တွေ့ကျကျနဲ့ ဒီနယ်မြေမှာ လူဘယ်နှယောက်ရှိပြီး ငါအဆင်ပြေနိုင်လား မပြေနိုင်လား မတွက်မိတော့ လောက်အောင် သူတို့က လူတစ်ယောက်ကို စိတ်ဓာတ်တက်ကြွအောင် အမြဲလုပ်တယ်။ စိတ်ဓာတ်တက်ကြွရေး ဟောပြောဆရာတွေ၊ စာရေးဆရာတွေနဲ့ သူတို့က ချိတ်ထားတယ်။ သူတို့ကို …

မြန်မာနိုင်ငံမှာ MLM လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေ၊ ဝေဖန်ထောက်ပြမှုတွေ အစဉ်တစိုက်ပြုလုပ်နေတဲ့ ကိုဇင်ဇေလွင်ကို MLM စနစ်ရဲ့အားနည်းချက်၊ အားသာချက်တွေအကြောင်း ငြမ်းမီဒီယာ က တွေ့ဆုံ မေးမြန်းထားပါတယ်။

ငြမ်းမီဒီယာ- ကိုဇင်ဇေအနေနဲ့ ဘယ်လိုကြောင့် Anti MLM တစ်ယောက်ဖြစ်လာတာလဲ။

Z – ၂၀၁၁ ဝန်းကျင်က ကျနော်ကိုယ်တိုင် MLM လောကထဲကို ရောက်ခဲ့တယ်၊ လုပ်ခဲ့တယ်။ အဲဒီတုန်းက ကျနော်က သင်္ဘော လိုက်ပြီး ပြန်လာတဲ့အချိန်။ ပြန်လာတဲ့အချိန်မှာ ဒီလုပ်ငန်းက လူတွေကိုကူညီတတ်ပြီး ပရဟိတစိတ်ရှိတဲ့သူတွေနဲ့ အရမ်းကိုက်တဲ့ လုပ်ငန်းဆိုပြီးတော့ အကိုတစ်ယောက်က အွန်လိုင်းမှာ ကြော်ငြာတာတွေ့တယ်။ ဒီလုပ်ငန်းမှန်းတော့ မသိဘူးပေါ့။ သွားတွေ့တော့ သူက ဒီလုပ်ငန်းအကြောင်းရှင်းပြတယ်။ ဖြစ်ချင်တော့ သူရှင်းပြဖို့ကိုးကားတဲ့စာရေးဆရာက ကျနော်ကြိုက်တဲ့ စာရေးဆရာ ဖြစ်နေတယ်။ Robert Kiyosaki ဆိုတဲ့စာရေးဆရာ။ အဲဒါနဲ့ ဒီလုပ်ငန်းကို ကျနော်စိတ်ဝင်စားသွားတယ်။ ကျနော်ကိုယ်တိုင် MLM ကို လုပ်ဖြစ်သွားတယ်။ အဲဒီအချိန်တုန်းက ကျနော်တို့ကိုယ်တိုင် MLM သည် စားသုံးသူတွေလည်း အဆင်ပြေမယ်၊ ကိုယ်စားလှယ် တွေအတွက်လည်း အဆင်ပြေစေမယ့် ဖြန့်ချိရေးနည်းစနစ်တစ်ခုလို့ ကျနော်တို့ကိုယ်တိုင်လည်း ယုံကြည်တယ်။ သူတို့ပြောလေ့ရှိတာကတော့ အဆင့်အဆင့်အမြတ်ယူထားတယ်၊ ကိုယ်စားလှယ်တွေကို ပေးထားတယ်ဆိုတဲ့ အမြတ်တွေက တကယ့်တကယ် ဈေးကြီးတင်ထားတာမဟုတ်ဘူး၊ ဒါပေမဲ့ အပြင်မှာလို ဒိုင်ကြီး ဒိုင်လေးတွေကို ဖြတ်သန်းရတာ မရှိတော့ဘူး၊ ရုံးခန်းစရိတ်တွေ မရှိတော့ဘူး၊ အဲဒီစရိတ်တွေကို ကိုယ်စားလှယ်တွေကို ပြန်ပေးတဲ့သဘောပဲ။ အဲဒီအတွက် အမြတ်ကြီးစား လုပ်နေတာ မဟုတ်ဘူးပေါ့နော်။ ဒီလိုပုံစံရှင်းပြတော့ ကျနော်လည်း လက်ခံဖြစ်တယ်ပေါ့နော်၊ အဲဒီတုန်းက။ ကျနော်တို့ကိုယ်တိုင် စိတ်ဝင်တစားနဲ့ ဒီလုပ်ငန်းကို လုပ်ခဲ့တယ်။ (၆) လလောက် သေသေချာချာ လုပ်ဖြစ်တယ်။ နောက်ပိုင်းတွေကျတော့ လုပ်နေတဲ့ ကုမ္ပဏီက အသံတွေဘာတွေ နည်းနည်းပါးပါးထွက်လာတယ်။ လုပ်တာကို နည်းနည်းလျှော့ပြီး သင်ကြားရေးပိုင်းကို ပိုလုပ်ဖြစ် တယ်။ သူတို့ဆီမှာက လူတွေကို စိတ်ဓာတ်တက်ကြွအောင် ဟောပြောပွဲတွေ ဘာတွေရှိတာကိုး။ အဲဒာမျိုးတွေ များများလုပ်ဖြစ် တယ်။ ချုပ်ပြောရရင် MLM ကို ကျနော် တစ်နှစ်လောက် လုပ်ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ကုမ္ပဏီက MLM လုပ်ငန်းနဲ့ ပတ်သက်ပြီး Black List လုပ်ခံရတယ်။ အဲဒီအချိန်မှာ တခြား ကျနော်တို့ရဲ့ ခေါင်းဆောင်လုပ်တဲ့ ကုမ္ပဏီတွေကိုလည်း လိုက်ပြီး လုပ်လို့ရသေးတယ်။ အဲဒီတုန်းက စဉ်းစားတဲ့ပုံစံက ကုမ္ပဏီက မကောင်းပေမယ့် ခေါင်းဆောင်က ကောင်းသေးတယ်၊ အဲဒါဆိုရင် ဘာပဲဖြစ်ဖြစ် ဆက်လုပ်လို့ရမယ်ပေါ့နော်။ နောက်ကျတော့ ခေါင်းဆောင်တွေရဲ့ လှည့်ကွက်တချို့ကို မြင်လာတယ်ပေါ့။ အဲဒီ အချိန်မှာ ကျနော့်စိတ်ထဲမှာ ခေါင်းဆောင်တွေ မကောင်းဘူး၊ MLM ကလူတွေ မကောင်းဘူးဆိုရင်တောင်မှ MLM စနစ်က ကောင်းတယ်ဆိုတာမျိုး ကျနော့်စိတ်ထဲမှာ ထင်နေသေးတယ်။ ချုပ်ပြောရရင် စာတွေဆက်ဖတ်နေရင်နဲ့ စောနပြောတဲ့ Robert Kiyosaki ဆိုတဲ့စာရေးဆရာကို စနစ်တကျ ဝေဖန်ထားတဲ့စာတွေ ဖတ်ဖြစ်တယ်။ အဲဒီအချိန်မှာ Robert Kiyosaki ကြောင့် MLM လုပ်ခဲ့တာဆိုတော့ သူ့အပေါ်ထားတဲ့ အစွဲကျွတ်သွားတာပေါ့။ MLM နဲ့ပတ်သက်လို့ အသေးစိတ်ဝေဖန်တဲ့စာတွေ ထပ်ကာထပ်ကာ ဖတ်ရင်းနဲ့မှ MLM စနစ်ကိုယ်၌ကိုက အားနည်းချက်တွေရှိနေတယ်၊ ပြန်ပြင်ဖို့ခက်တယ်ဆိုတာ ကျနော်ကိုယ်တိုင် သိသွားတယ်၊ လက်ခံသွားတယ်။ အဲအချိန်ကစပြီး MLM နဲ့ပတ်သက်လို့ အသိပညာပေးစာတွေ စရေးတယ်။ အဲတုန်းက ဦးတည်ပြီးရေးတာက MLM စနစ်က ကောင်းတယ်၊ ဒီမှာလုပ်နေတဲ့ ကုမ္ပဏီတွေ၊ ကိုယ်စားလှယ်တွေ မကောင်းဘူး။ အဲဒီအတွက် အထူးသတိ ထားရမယ်၊ နိုင်ငံတကာစံအတိုင်းလုပ်နိုင်မှ အဆင်ပြေမယ်၊ အဲဒီလိုရေးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကိုယ့်စီးပွားရေး လုပ်နေရင်းနဲ့ စီးပွားရေးအကြောင်း ပိုပိုပြီးနားလည်လာတယ်၊ စာအုပ်တွေ ပိုပိုပြီးဖတ်ဖြစ်လာတယ်။ အဲဒီအချိန်မှာ MLM စနစ်ရဲ့ နဂိုအားနည်းချက်တွေ ပိုမြင်လာတယ်။ အရင်တုန်းက မြင်တာက ကုမ္ပဏီတွေမကောင်းတာ၊ ကိုယ်စားလှယ်တွေ မကောင်းတာ၊ လူတွေမကောင်းတာ၊ ဒါပေမဲ့ စနစ်ကတော့ ကောင်းတယ်၊ ပြင်မယ်ဆို ရနိုင်သးတေယ်ပေါ့။ နောက်ပိုင်းကျတော့ ဖတ်နေရင်းနဲ့ စနစ်မှာကိုက နဂိုအားနည်းချက်တွေ တွေ့လာတော့ အဲဒီအချိန်မှာ ထောက်ပြဖို့ ထပ်ပြီးကြိုးစားတယ်။ ၂၀၁၄ မှာ MLM တော့ မဟုတ်ဘူး၊ MLM နဲ့ဆင်တဲ့ တခြားစနစ်ပေါ့။ M LM Global ဆိုတဲ့ ကုမ္ပဏီတွေရှိတယ်။ အဲဒါလည်း ခေတ်စားလိုက်သေးတယ်။ အွန်လိုင်းက တော်တော်များများ ငွေရင်းကြတယ် ဘာညာပေါ့။ အဲဒါတွေကိုလည်း ပညာပေးတွေ ရေးတယ်။ နောက်ပိုင်းကျတော့ Onocoro ဆိုတဲ့ ကုမ္ပဏီတစ်ခု ရှိတယ်၊ သူက ကြော်ငြာကြည့်ရင် ပိုက်ဆံရမယ်ဆိုတာကို MLM နဲ့ တွဲလိုက်တာ။ အဲဒါတွေလည်း ပညာပေးစာတွေရေးတယ်။ ရေးနေရင်းနဲ့ အရှိန်ရလာတော့ လက်ရှိ MLM နဲ့ ပတ်သက်တဲ့ ပညာပေးလေးတွေ ရေးရင်ကောင်းမယ် ဆိုပြီးတော့ အဲဒီအချိန်မှာ Online Group စဖွဲ့တာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – Anti MLM Online Group ကိုရော ဘယ်လိုစဖွဲ့ဖြစ်တာလဲ။

Z – MLM Campaign စလုပ်တာကတော့ တော်တော်များများ နစ်နာနေတာကိုလည်း တောက်လျောက်ကြားနေရတယ်။ ဒါပေမဲ့ အရင်က တစ်ဦးချင်း တစ်ယောက်ချင်း ရေးနေကြတာ။ တစ်ဦးချင်း တစ်ယောက်ချင်းရေးရင် ရေးတဲ့သူကို MLM သမားတွေက စုပြုံပြီး တိုက်ခိုက်လေ့ရှိတယ်။ Comment တွေနဲ့ တိုက်ခိုက်တာတို့၊ ဖုန်းဆက်ပြီးတိုက်ခိုက်တာတို့ လုပ်လေ့ရှိတယ်။ တော်ရုံလူက တစ်လလောက်ထက်ပိုပြီး အချိန်ပေးပြီး ဆက်မလုပ်ဖြစ်တော့ဘူး။ MLM ပညာပေးတွေကို။ ကျနော်တို့ စဉ်းစားတယ်။ တစ်ယောက် ချင်းခံရတဲ့ဟာကို မျှပြီးခံလို့ရအောင် Group တစ်ခုရှိနေရင်တော့ ပိုကောင်းမယ်ပေါ့။ အဲဒါနဲ့ ပညာပေးတဲ့ Group အနေနဲ့ လုပ်လို က်တာပါ။ ၂၀၁၆ ဝန်းကျင်လောက်မှာ အဲဒီ Group ကိုစဖွဲ့တယ်။ စဖွဲ့တုန်းက MLM ကို ဆန့်ကျင်တဲ့သဘောမဟုတ်ဘဲနဲ့ အသိ ပညာပေးဆွေးနွေးတဲ့ Group ပေါ့။ အဲလိုလုပ်ရင်းနဲ့မှ Group ထဲမှာ နစ်နာသူတွေ အများကြီး ထပ်ထပ်ပြီး တိုးလာတယ်။ ပြီးတော့ ကျနော်တို့နဲ့လာဆွေးနွေးတဲ့ MLM ဘက်က လူတချို့ကလည်း စည်းလွတ်ဘောင်လွတ်တွေပြောတော့ မထူးပါဘူးကွာဆိုပြီး ဆန့်ကျင်တဲ့ Group ကိုပါ ငါတို့လုပ်မယ်ဆိုပြီး လုပ်လိုက်တော့ အခုဆိုရင် ဆန့်ကျင်တဲ့ Group က လူ (၉၀၀၀၀) ကျော်သွားပြီ။ ရိုးရိုးဆွေးနွေးတဲ့ Group ကတော့ လူ(၁၀၀၀၀) ဝန်းကျင်လောက်မှာ ကျန်ခဲ့တယ်ပေါ့။

ငြမ်းမီဒီယာ – ကိုဇင်ဇေကိုယ်တိုင်ရော MLM ကြောင့် ထိခိုက်နစ်တာခဲ့ရတာရှိခဲ့လား။

‌Z – ကျနော့်အနေနဲ့ကတော့ ပိုက်ဆံအရတော့ ရှုံးခဲ့တယ်လို့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ရင်းလိုက်တဲ့ပိုက်ဆံကိုတော့ ပြန်ရတယ်။ ကျနော့်အောက်မှာ လူတွေရှိလာတဲ့အတွက်။ ဒါပေမဲ့ ကျနော့်အောက်ကလူတွေကို ကျနော့်လိုပဲ အရင်းကျေအောင် ဆက်ဆက်လုပ်ပေးဖို့တော့ မဖြစ်နိုင်ဘူးဆိုတာ မြင်လာရတာပေါ့။ ကျနော်နဲ့ကပ်နေတဲ့ (၅)ယောက်လောက်ကို ကျနော် လုပ်လို့ရရင် ရမယ်။ အဲဒီ (၅)ယောက်ကခေါ်လာတဲ့ နောက်ထပ် (၂၅)ယောက်ကိုလည်း လုပ်ပေးလို့ ရချင်ရမယ်။ ဒါပေမဲ့ အဲဒီထက် များလာလေ၊ များလာလေ၊ လိုက်လုပ်ပေးဖို့က မနိုင်ဘူးပေါ့။ သူတို့အချင်းချင်းလုပ်ကြပေါ့လို့ မျက်နှာလွှဲ ခဲပစ်လုပ်လို့တော့ ရတယ်။ ဒါပေမဲ့ အဲလိုလုပ်လည်း တကယ့်တကယ်က စနစ်ရဲ့အားနည်းချက်ကြောင့် ခက်တာ။ အရင်းပြန်ရဖို့ ခက်တယ်ပေါ့။ ဒါပေမဲ့ အဲဒီတုန်းက မတွေးကြည့်မိတာတစ်ခုက ဘာလဲဆိုတော့ ကျနော်တို့က အရင်းပြန်ရတယ်သာပြောတာ၊ တကယ့်တကယ်က အရင်းမဟုတ်ဘူး၊ ရှုံးနေတာ။ ကျနော်တို့ သွားလာစရိတ်တွေရှိတယ်။ ပြီးရင် သင်တန်းတက်ရတဲ့ စရိတ်တွေရှိတယ်။ ဆက်သွယ်ရတဲ့စရိတ်တွေ ရှိတယ်။ အဲဒီစရိတ်တွေပါ ထည့်တွက်ရင် တော်တော်လေး အရင်းကျေဖို့ ခက်တဲ့သဘောမှာရှိတယ်။ အဲဒါကို တွေ့လာလို့ ရပ်လိုက်တာဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ ငွေရေးကြေးရေးအရ သိပ်ပြီး ဆုံးရှုးတာမရှိဘူး။ အချိန်ပဲ မလိုအပ်ဘဲ တစ်နှစ်လောက် ပုပ်သွားတာပေါ့။ ပြီးတော့ အဲဒီလုပ်ငန်းလုပ်တဲ့အချိန်မှာ နဂိုကတည်းက စာဖတ်အားနည်းနည်းရှိတယ်။ စကားပြောကောင်းတယ် ဆိုတော့ လုပ်ငန်းနဲ့ပတ်သက်လို့ လူတစ်ယောက်ကိုချပြဖို့ အခက်အခဲသိပ်မရှိဘူး။ ဒါပေမဲ့ ကျနော်က လူတစ်ယောက်ကို စီးပွားရေးနဲ့ ပတ်သက်တာ၊ လူမှုရေးနဲ့ပတ်သက်တာ ပေါ့ပေါ့ပါးပါးပြောပြတယ်။ ပြောပြနေတဲ့အချိန်မှာ ကျနော့်အပေါ် လေးစားမှု တစ်ခုရှိတယ်။ အဲလိုပြောနေရင်းနဲ့ MLM အကြောင်းကိုရောက်သွားပြီဆိုတာနဲ့ ဒီလူရဲ့စိတ်ထဲမှာ ကျနော့်ကို ဒီကောင် MLM အကြောင်းပြောဖို့ ငါ့ကိုဒါတွေလာပြောနေတယ်ဆိုတဲ့ သဘောထင်သွားတယ်။ တနည်းအားဖြင့်ပြောရင် MLM လုပ်နေတဲ့အတွက် ကိုယ့်ရဲ့ Brand သည် တက်မလာဘဲ တန့်သွားတယ်။ အပြင်မှာစီးပွားရေးလုပ်နေတဲ့လောကမှာ ဝင်တိုးကြည့်ရင် ပိုပြီးသိသာပါတယ်။ MLM လုပ်နေတဲ့သူတစ်ယောက်ကို တခြားစီးပွားရေးသမားတွေက တွဲမလုပ်ချင်ကြတော့ဘူး။ ရှင်းရှင်းပြောရင် ဒါလုပ်နေတဲ့အတွက် တခြားဟာတွေလုပ်နိုင်ခွင့် အခွင့်အလမ်းတွေ ဆုံးရှုံးလိုကိရတာပေါ့။ ကျန်တဲ့ ကြီးကြီးမားမား ဆုံးရှုံးမှုကတော့ ကျနော်တစ်ယောက် တည်း အနေနဲ့ သိပ်မရှိပါဘူး။

ငြမ်းမီဒီယာ – ဘယ်လိုအချက်တွေကိုကြည့်ပြီး MLM ဟုတ်၊ မဟုတ်ဆိုတာ သိနိုင်မလဲ။

Z – နံပါတ်(၁)က ကိုယ်စားလှယ်တွေကို လုပ်ခလစာ လုံးဝမပေးဘူး။ အဲဒီ ကုမ္ပဏီကထုတ်တဲ့ စာရွက်စာတမ်းတွေကို ကိုယ်စားလှယ် တွေက အိတ်စိုက်ပြီး ဝယ်ရမယ်။ လုပ်ခလစာမပေးတဲ့အပြင် သွားရလာရစရိတ်တွေ၊ ဈေးကွက် ထိုးဖောက်ရေး စရိတ်တွေ၊ ဆက်သွယ်ရေးစရိတ်တွေ ဘာမှထုတ်ပေးမှာမဟုတ်ဘူး။ စရိတ်မှန်သမျှကို ကိုယ်စားလှယ်တွေက ခံရမယ်ပေါ့။ နံပါတ်(၂) အချက်သိသာတာကတော့ အဲဒီကိုယ်စားလှယ်တွေရဲ့ရောင်းအားကို ကော်မရှင်တစ်ခုပေးမယ်။ ဒါတော့ တခြားကုမ္ပဏီ တွေလည်း ပေးလေ့ရှိတယ်။ အဲဒီမှာမှ ပိုသွားတာက ကိုယ့်လိုရောင်းချင်တဲ့သူ၊ သို့မဟုတ် သုံးချင်တဲ့သူတွေကို လိုက်ပြီး ဆွဲဆောင် စည်းရုံးရမယ်။ ဆွဲဆောင်စည်းရုံးလို့ ရလာတဲ့အပေါ်မှာလည်း အကျိုးခံစားခွင့်ပေးမယ်။ အဲဒီပေးတာကိုမှ Multi Level စံအရ အလွှာများဖို့လိုတယ်။ အနည်းဆုံး (၅)ဆင့်ကျော်နေမယ်။ များသောအားဖြင့်တော့ သူက (၈)ဆင့်လောက်ကို ပေးတာများတယ်။ တချို့ကုမ္ပဏီတွေ (၁၂)ဆင့်ကနေ (၁၆)ဆင့်လောက်အထိ ပေးတယ်။ အဲလိုပေးတဲ့အလွှာများရင်လည်း MLM ပဲ။ နောက်အရေးကြီး တာတစ်ခုက အပြင်မှာက အရောင်းကိုယ်စားလှယ်တွေခန့်အပ်ပြီဆိုရင် နယ်မြေတစ်ခုမှာ ဘယ်နှယောက်ပဲဆိုတာ ကန့်သတ် ချက်ထားရတယ်။ ထားမှ လုပ်ရကိုင်ရတာ အဆင်ပြေမှာ။ MLM လုပ်ငန်းတွေမှာ အဲလိုထားလေ့မရှိဘူး။ အသင်းဝင်ကြေးတွေ ဘာညာ အသင်းဝင်ရမယ်။ အိတ်စိုက်ပြီး ကိုယ့်ဘာသာလုပ်ရမယ်။ ကိုယ်ရောင်းရင် ရောင်းနိုင်သလောက် ရတဲ့အပြင် ကိုယ့် အောက် မှာ ဆွယ်လာတဲ့လူတွေရဲ့ ရောင်းအားအပေါ်မှာလည်း အကျိုးခံစားခွင့်ရှိတယ်။ အဲဒီ အကျိုးခံစားခွင့်သည် (၈)ဆင့်ကနေ (၁၆)ဆင့်လောက် အထိ ဖြစ်နိုင်တယ်။ နောက်ဆုံးတစ်ခုက ကိုယ်စားလှယ်အရေအတွက် အကန့်အသတ်မရှိဘဲနဲ့ အကုန်လာဆိုပြီး လက်ခံထားတယ်။ အဲဒီလို စရိုက် တွေ့ပြီဆိုရင် MLM ကုမ္ပဏီလို့ ယူဆလို့ရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သူတို့လူတစ်သိန်းကို ငဲ့လိုက်ရင် ကျန်တဲ့လူ ဆယ်သိန်းလောက်ထိတော့မှာ။ အဲဒီအတွက် ကျနော်တို့က ဒါတွေကို ရေးနေပြောနေ ရတာ။ ကျနော်တို့ဘက်ကတော့ ဥပဒေအရဖြစ်လာရင် ကြိုက်သလို ရင်ဆိုင်လို့ရတယ်။ သိပ်မမှုဘူး။ ကျနော့်အမြင်တော့ ကျနော်တို့ ဒီလိုရေးနေပြောနေတာကို တန့်သွားစေချင်လို့ ကောက်လုပ်လိုက်တယ်လို့ ယူဆတယ်။ ကျနော်တို့ …

ငြမ်းမီဒီယာ- MLM စနစ်ကို မကောင်းဘူးလို့ အများပြောနေကြပေမယ့် ကမ္ဘာမှာ MLM စနစ် ဆက်ပြီးတည်ရှိနေတာက ဘာ့ကြောင့်ပါလဲ။

Z – ကျနော်တို့ အမြဲတမ်း ဥပမာပေးလေ့ရှိတာ တစ်ခုရှိတယ်ဗျ။ ဆေးလိပ်မကောင်းမှန်း လူတိုင်းသိတာပဲ။ ပညာရှင်တွေလည်း လက်ခံထားတယ်။ ဒါပေမဲ့ ဆေးလိပ်ကုမ္ပဏီတွေ ရှိနေတုန်းပဲ။ အဲဒီလိုပဲ MLM နဲ့ပတ်သက်လို့က ဆေးလိပ်ထက် ပိုပြီး ပြောရခက်တယ်။ ဘာလို့လဲဆိုတော့ MLM လုပ်ငန်းမှာ ထိပ်ပိုင်းက (၁)ရာခိုင်နှုန်းလောက်က အရမ်းကို အောင်မြင်ကြတယ်။ ကျန်တဲ့ (၂၀) ရာခိုင်နှုန်းလောက်က အဆင်ပြေတယ်ဆိုတဲ့ အနေအထားရောက်ကြတယ်။ အောက်က (၇၀) ကနေ (၈၀) ရာခိုင်နှုန်းရှိတဲ့လူတွေက အရင်းတောင်မကျေဘဲ စရိတ်စကတွေကအစ ဆုံးရှုံးကြတယ်။ များသောအားဖြင့် ပြောကြပြီဆိုရင် အပေါ်ပိုင်းကိုပဲ လူတွေကမြင်အောင်ပြောပြီး ဒီလူတွေ အောင်မြင်နေတာပဲဆိုတာ ပြောကြတယ်။ ပြီးရင် တခြားလုပ်ငန်းတွေမှာလည်း အပေါ်လူပဲအောင်မြင်တာ၊ အောက်က လစာနည်းတယ်လေ ဆိုတာမျိုးနဲ့ ရှောင်ရှောင်ထွက်လေ့ရှိတယ်။ အမှန်က မတူဘူးလေ။ အပြင်လုပ်ငန်းတွေမှာ မအောင်မြင်ဘူးဆိုပေမယ့် သူ့မှာ အခြေခံလစာတော့ အနည်းဆုံးရတယ်။ ဒါက တစ်ချက်။ နောက်တစ် ချက်က အောက်က မအောင်မြင်ဘူးဆိုတာနဲ့ အပေါ်က အောင်မြင်တယ်ဆိုတာနဲ့ အချိုးမကျဘူး။ MLM မှာက အပေါ်လူတွေ အောင်မြင်တယ်ဆိုတာ အောက်လူတွေရဲ့ အချိန်တွေ၊ လုပ်အားတွေ၊ ငွေတွေကို သူက ဘာမှစိုက်ထုတ်စရာမလိုတော့ဘဲနဲ့ ရေရှည်ယူထားလို့ရတာကိုး။ ရှင်းရှင်းပြောရင် အောက်ကလူက ရသင့်ရထိုက်တာ အပြည့်မရတဲ့အတွက် အပေါ်ကလူက ပိုပြီးရတဲ့သဘောနဲ့ လည်ပတ်နေတာ။ အောင်မြင်နေတဲ့သူတွေလည်းရှိတယ်၊ အောင်မြင်တယ်လို့ ပြောလို့ရတဲ့ ရောင်းအား ကောင်းတဲ့ ကုမ္ပဏီတွေလည်းရှိတယ်။ ပိုဆိုးတာက MLM ကို နိုင်ငံတကာမှာ Direct Selling နဲ့ရောပြီး ဈေးကွက်ဖော က်ကြတယ်။ သူတို့ကုမ္ပဏီတွေက အမြဲပြောလေ့ရှိတယ်။ ငါတို့က Direct Selling လုပ်တာဆိုတော့ ဥပဒေအရပြောမယ်ဆိုရင် ဘောင်လွတ်တယ်။ အခုနောက်ပိုင်း အရမ်းတင်းကျပ်လာတဲ့ ဥပဒေတွေရှိလာတော့မှသာ နည်းနည်းပိုကျပ်လာတာပေါနော်။ တနည်းအားဖြင့်ပြောရင် ဥပဒေကို လက်တလုံးခြားလုပ်လို့ရတဲ့အနေအထားလေးလည်း ရှိတယ်ပေါ့။ နောက်တစ်ခုက MLM တွေမှာ အရမ်းအားကောင်းတာတစ်ခုက လူတွေကို စိတ်ဓာတ်မြှင့်တင်ရေးတွေ၊ တက်ကြွဖို့ ဟောပြောတာတွေ အမြဲတမိး လုပ်လေ့ရှိတယ်။ လူတစ်ယောက်က အရမ်းတက်ကြွနေတဲ့အချိန်မှာ သူ့ရဲ့ စိတ်ခံစားချက်က အရမ်းတက်ကြွနေရင် တစ်ခါတလေ လက်တွေ့ကျတဲ့အချက်တွေကို မမြင်တော့ဘူး။ တက်ကြွတာက ကောင်းလည်း ကောင်းတယ်။ ဆိုးတာက အဲဒီအချက်ရှိတယ်။ လက်တွေ့ကျကျနဲ့ ဒီနယ်မြေမှာ လူဘယ်နှယောက်ရှိပြီး ငါအဆင်ပြေနိုင်လား မပြေနိုင်လား မတွက်မိတော့လောက်အောင် သူတို့က လူတစ်ယောက်ကို စိတ်ဓာတ်တက်ကြွအောင် အမြဲလုပ်တယ်။ စိတ်ဓာတ်တက်ကြွရေး ဟောပြောဆရာတွေ၊ စာရေးဆရာတွေနဲ့ သူတို့က ချိတ်ထားတယ်။ သူတို့ကိုခေါ်ပြီး ကုမ္ပဏီမှာ ဟောပြောပွဲတွေလုပ်တယ်။ စာအုပ်တွေကို သူတို့ရဲ့ Member တွေကို ရောင်းပေးတယ်။

ပြည်သူတစ်ဦးချင်းက ဖိုက်ရမယ့်သဘောဖြစ်နေတော့ ဒီလောက်ဝင်ငွေကောင်းနေတဲ့ ကုမ္ပဏီကြီးတွေကို ပြည်သူက ဖိုက်ဖို့ဆိုတာ မလွယ်ဘူး။ အများစုက မတိုင်ဖြစ်ဘူး …

အဲဒီဆရာကြီးတွေက ဒီလုပ်ငန်းတွေကို မကောင်းပြောဖို့ နှုတ်က တော်တော်လေးသွားတယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်ရင် ကောင်းတာတွေအများကြီးရှိတယ်၊ နည်းနည်းတော့ သတိထားကြပါဆိုတာလောက်ပဲ ထိန်းပြီးပြောကြတော့တယ်။ ဒီစနစ်မှာ ဘယ်လိုအားနည်းချက်ရှိတယ်ဆိုတာကို မပြောတော့ဘူး။ သူတို့အတွက်ကလည်း ဒီကုမ္ပဏီတွေက ရလာတဲ့၊ ဟောပြော ပွဲကရလာတဲ့၊ စာအုပ်စာတမ်းရောင်းချလို့ရလာတဲ့ငွေက အရမ်းများတာကိုး။ နောက်ပြီး ကုမ္ပဏီ ကိုယ်တိုင်က လူပေါင်း များစွာကို လစာတပြားမှမပေးဘဲ ခိုင်းစားလို့ရတဲ့အနေအထားမှာ ရတဲ့အမြတ်က အရမ်းများလွန်းတယ်။ အဲဒီအချိန်မှာ ခုနလိုမျိုး ဆရာကြီး တွေကိုလည်း ချဉ်းကပ်တယ်။ ရလာတဲ့ငွေကြေးနဲ့ အစိုးရကိုရော၊ သူတို့ပိုင်တဲ့ မီဒီယာတွေကိုရော MLM ကို အကောင်းမြင်လာအောင် လော်ဘီ လုပ်ခိုင်းတယ်။ အမေရိကားမှာဆိုရင် တလောက သတင်းတစ်ခု ဖတ်လိုက်ရတယ်။ သူတို့သုံးတဲ့ ငွေက အမေရိကန် ဒေါ်လာသန်းချီပြီး ဒီလုပ်ငန်းကို အကောင်းမြင်လာဖို့၊ လွှတ်တော်က အမတ်တွေအထိ လက်ခံလာအောင် လုပ်တဲ့ Campaign တွေရှိတယ်။ အဓိက ဘာကြောင့် ဒီလောက်ထိ ရေရှည်ဆက်သွားနေလဲဆိုရင် နံပါတ်(၁) က တခြား တရားဝင်တဲ့၊ ကျင့်ဝတ်ညီတဲ့ စီးပွားရေးပုံစံတွေနဲ့ ဆင်သလိုလိုလေး သူတို့လုပ်ထားနိုင်တယ်။ လုံးဝတူတာတော့ မဟုတ်ဘူး။ ဆင်တာ။ တကယ့်စနစ်ရဲ့ အားနည်း ချက်ကို မမြင်တော့ သူတို့ဆက်ပြီး လည်ပတ်လို့ရတယ်။ နောက်တစ်ခုက ဥပဒေပြုမယ့်သူတွေကိုတောင် အဲဒီဥပဒေမှာ အရမ်းကြီး ပြတ်ပြတ်သားသားမဖြစ်အောင် ဥပဒေပြုရေးကလူတွေ၊ နိုင်ငံတကာ ဟောပြောသူတွေကို လော်ဘီလုပ်ထားနိုင်တဲ့အတွက် ဒီလုပ်ငန်း တွေက ရေရှည်ဆက်ပြီး လည်ပတ်နေတာပေါ့။

ငြမ်းမီဒီယာ – မြန်မာနိုင်ငံမှာရော MLM ကုမ္ပဏီဘယ်လောက်များများက ဘယ်လိုပုံစံတွေအသုံးပြုပြီး ထိုးဖောက်နေတာ တွေ့ရလဲ။

Z – ကုမ္ပဏီကတော့ တောက်လျောက် ပေါ်လာလိုက် ပျောက်သွားလိုက်ဆိုတော့ ရာဂဏန်းတော့ ဖြစ်နေတာပေါ့။ ဒါပေမဲ့ လက်ရှိ မှာ အင်အားကောင်းကောင်း၊ အရှိန်အဟုန်ကောင်းကောင်းနဲ့ လည်ပတ်နေတာကတော့ (၂၀) ဝန်းကျင်လောက်ပဲရှိမယ်။ ရိုးရိုးလေး ရှိနေတာဆိုရင်တော့ (၄၀) လောက်ဖြစ်မယ်။ များသောအားဖြင့်ကတော့ MLM ဆိုတာ ပစ္စည်းတစ်ခုကို စားသုံးသူဆီ ရောင်းချရုံမဟုတ်ဘဲနဲ့ ထပ်ပြီးရောင်းချမယ့်ကိုယ်စားလှယ်တွေ ရှာဖွေရမယ့်လုပ်ငန်း။ အခုသူတို့သွားနေတဲ့ ပုံစံကတော့ အဲဒီပစ္စည်း ရောင်းချဖို့၊ ပြီးရင် တကယ်ရောင်းချမယ့် ကိုယ်စားလှယ်တွေရှာဖွေဖို့ထက်စာရင် သူက ရောင်းချဖို့ အာရုံသိပ် မစိုက်ခိုင်းတော့ဘဲနဲ့ ဒီပစ္စည်းကို ကိုယ်တိုင်သုံးကြ။ ဘာလို့လဲဆိုတော့ သူတို့မှိုင်းမိနေတဲ့သူက ဒီပစ္စည်းကို တန်တယ်ပဲ ထင်တာလေ။ သွားရောင်းတယ်ဆိုရင် ဟိုလူက တန်ရဲ့လားဆိုတာ စဉ်းစားမှာ။

ဒီလုပ်ငန်းမှာ။ စကားပြောကောင်းတဲ့သူ၊ လူဆွယ်တော်တဲ့သူက အလွတ်ရုန်းလို့ရတယ်။ ဒါပေမဲ့ ကိုယ့်အောက်က ဝင်လာတဲ့သူတွေကို ငဲ့ရမှာ။ သူတို့ရော တကယ်အဆင်ပြေရဲ့လား။ ရေတိုသာ အဆင်ပြေရင်ပြေမယ်။ ရေရှည် အဆင် မပြေနိုင်ဘူး။ နယ်ပယ်တစ်ခု …

 

အဲဒီတော့ ကိုယ်တိုင်သုံးလိုက်။ ပြီးရင် အဲဒီလိုပဲ နောက်ထပ်ကိုယ့်လိုသုံးမယ့်သူတွေ ရှာကြ။ ဒီလိုပုံစံမျိုးတွေနဲ့ ဈေးကွက် ထိုးဖောက် တယ်။ ဆိုလိုတာကတော့ ရောင်းချခြင်းကို ဦးစားသိပ်မပေးဘဲနဲ့ လူဆွယ်တာကိုပဲ ဦးစားပေးတာ။ လူဆွယ်လေ၊ ဘူများလာလေ၊ အကျိုးခံစားခွင့်များလာမယ်။ သူတို့ရဲ့ Marketing Plan တွေကို ရှင်းပြတဲ့အခါမှာ၊ Bonus Plan တွေကိုရှင်းပြတဲ့အခါ အဲဒါကို ဦးစား ပေးရှင်းပြလေ့ရှိတယ်။ လူဆွယ် တာကို ဦးစားပေးသွားနေကြတယ်။ လူဆွယ်တဲ့နည်းစနစ်ကတော့ မျိုးစုံရှိတယ်။ လူတစ်ယောက် ကို မဆွယ်ခင်မှာ ဘယ်လို ချဉ်းကပ်ရမယ်ဆိုတဲ့ Formatတွေရှိတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ချဉ်းကပ်လို့ ရမလား၊ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ ချဉ်းကပ်ရင် ကောင်းမလား၊ လူမှုရေးပိုင်းနဲ့ချဉ်းကပ်ရင်ကောင်းမလား။ သူတို့မှာ ဒီလူရဲ့ Character ကို ခန့်မှန်းလို့ရနိုင်တဲ့ မေးခွန်းလေးတွေ အရင်တောက်ခိုင်းတယ်။ပြီးတော့မှ အဲဒီအပေါ်မှာ မူတည်ပြီး အားသာချက်၊ အားနည်း ချက်တွေကို ဘယ်လိုပုံစံနဲ့ချဉ်းကပ်ဆိုပြီး အသေးစိတ်သင်ပေးတယ်။ သို့မဟုတ် သူတို့ရဲ့စာအုပ်တွေက အဲဒါမျိုးတွေ သင်ပေးထား တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – MLM စနစ်ရဲ့ အဓိက မကောင်းတဲ့အချက်တွေက ဘာတွေလဲ။

Z – အဓိက မကောင်းတဲ့အချက်ကတော့ တော်တော်လေးများတယ်။ နံပါတ်(၁) က အလွှာအဆင့်ဆင့် အရမ်းများတယ်။ ကျနော်တို့ ဒီဘက်ခေတ်မှာက အဲဒီကြားခံအလွှာတွေကို တတ်နိုင်သလောက် လျှော့ချဖို့ ကြိုးစားနေကြတာ။ ဥပမာ ထုတ်လုပ်သူကပဲ ဖြန့်ဖြူး သူလုပ်တယ်၊ ဖြန့်ချိသူက ဒိုင်ကြီး ဒိုင်လေးတွေကို တတ်နိုင်သမျှမဖြတ်ဘဲ အခုဆို အိမ်ဆိုင်တွေအထိ တိုက်ရိုက် ကုမ္ပဏီက လာချတယ်။ အဆင့်ကို တတ်နိုင်သလောက် လျှော့တယ်။ အပြင်မှာက အလွှာကို လျှော့နိုင်သလောက် လျှော့နေချိန်မှာ သူတို့က အလွှာအရမ်းများနေတယ်။ များအောင်လည်း လုပ်ထားတယ်။ မဖြစ်မနေ အလွှာအဆင့်ဆင့်ကိုပေးရတဲ့အတွက် Cost တွေ တက် နေလေ့ရှိတာများတယ်။ ရုပ်ပျက်ဆင်းပျက် တက်နေတာနဲ့ မသိမသာတက်နေတာပဲ ကွာတယ်။ ကုမ္ပဏီတိုင်းသည် သူ့ပစ္စည်းက နဂိုဈေးကွက်မှာရှိနေတာထက် ဈေးက များကို များနေတယ်။ အဲဒီလိုများနေတဲ့အတွက် ကိုယ်စားလှယ်က ရောင်းရ ခက်တယ်။ ခက်တဲ့အတွက် အောက်ခြေကိုယ်စားလှယ်တွေက ဆုံးရှုံးကြတာများတယ်။ ဝယ်တဲ့သူကလည်း မတန်တဲ့ ပစ္စည်း တစ်ခုကို စားသုံးရတာပေါ့။ အဲဒီအတွက် ဒါက သိသာတဲ့အားနည်းချက်ပေါ့။ ဒုတိယ အားနည်းချက်က လုပ်ခ လစာ လုံးဝ ပေးစရာမလိုဘဲ လူပေါင်းများစွာကို ခိုင်းစားလို့ရတယ်။ နာမည်ကြီးတဲ့ MLM ကုမ္ပဏီတစ်ခုမှာဆို လူဦးရေ (၃)သိန်းလောက်ရှိတယ်။ လူဦးရေ (၃)သိန်းကို လုပ်ခမပေးဘဲ ခိုင်းစားနိုင်ပြီဆိုတော့ ဒီလူတွေရဲ့လုပ်အားတွေ အများကြီးနစ်နာနေတာ။ ပိုဆိုးတာက ဒီလူတွေကိုယ်တိုင် သူတို့ကိုယ်သူတို့ နစ်နာတယ်လို့ မထင်တော့လောက်အောင် မှိုင်းတိုက်ထားနိုင်တယ်။ ဒါကလည်း နိုင်ငံနဲ့ချီပြီးတောင် လူအရင်း အမြစ် နစ်နာတယ်လို့ ပြောလို့ရတယ်။ တချို့လူငယ်တွေဆို ပညာရေးနဲ့ပတ်သက်လို့ လမ်းကြောင်းတွေ ပြောင်းသွားတယ်၊ ပျောက် သွားတယ်။ ဒါမျိုးတွေ ဖြစ်လာတယ်။ နောက်တစ်ခုက ကိုယ်စားလှယ်အရေအတွက် မကန့်သတ်တာကလည်း တော်တော်ဆိုး တယ်။ MLM မှာ ကိုယ့်အောက်မှာ လူ (၃၀)လောက်ရှိမှ အဆင်ပြေတယ်ဆိုတဲ့ အနေအထားရောက်တယ်။ လူ(၁၀၀) လောက် ရှိ ရင် ဝင်ငွေကောင်းလာပြီ။ လူထောင်ကျော်ရှိမှ အောင်မြင်စပြုတဲ့ အနေအထားရောက်လာပြီ။ အဲဒီတော့ နယ်ပယ် အလိုက် ကိုယ်စားလှယ် အရေအတွက် မကန့်သတ်ထားတဲ့အတွက် အောက်ကဝင်တဲ့သူတွေက ဘုမသိ ဘမသိ စွတ်ဝင်တဲ့အခါ တကယ့် ဈေးကွက်က မကျန်တော့ဘူး။ အထူးသဖြင့် မြို့ကြီးတွေမှာထက် နယ်တွေမှာ ပိုသိသာတယ်။ ရွာလေးတစ်ရွာ ဈေးကွက် သွားဖောက် ကြတယ်။ အဲဒီရွာမှာ အပေါ်ဆုံးက လာခေါ်တဲ့လူ (၃) (၄) ယောက်က အဆင်ပြေသွားတယ်။ ဒါပေမဲ့ အောက်က လူတွေ က ဘာမှ ဆက်လုပ်လို့မရတော့ဘဲနဲ့ သူတို့သုံးချင်မှသုံးမယ့် တန်ဖိုးကြီး ပစ္စည်းတွေကိုင်ပြီး ငုပ်တုပ်မေ့ကြတာပေါ့။ အဓိက အားနည်း ချက် တွေက ဒါတွေပေါ့။

အဲဒီလုပ်ငန်းကိုရောက်လာရင် လူတိုင်းကို အကောင်းပဲမြင်ပါ ပြောလေ့ရှိတယ်။ ကျနော်တို့ ဒီလုပ်ငန်း အပေါ်ရူးသွပ်တုန်းကတော့ အကောင်းပဲမြင်တာ ကောင်းတယ်ပေါ့။ အမှန်တော့ အကောင်းပဲမြင်ခိုင်းတယ်ဆိုတာ သူ့လုပ်ငန်းရဲ့ဆိုးကျိုးတွေကို ကြည့်မှာစိုးလို့ ကာတဲ့သဘော။ တကယ်တမ်းက အဲဒီသဘော။ ဘာပဲပြောပြော …

ငြမ်းမီဒီယာ – MLM ကြောင့်အဓိက ထိခိုက်နစ်နာတဲ့သူတွေက ဘယ်သူတွေလဲ။ မြို့ပြ နဲ့ကျေးလက်၊ လူလတ်တန်းစား၊ အခြေခံလူတန်းစား စသဖြင့်ပေါ့။

Z – အခုလောလောဆယ်ကတော့ ကျေးလက်ပိုင်းက တော်တော်ခံရလိမ့်မယ်။ ဘာလို့လဲဆိုတော့ MLM ပညာပေးလုပ်ငန်းတွေ လုပ်လာတာ တစ်နှစ်လောက်ရှိပြီ။ ရှေ့မှာလည်း ဆရာကြီးတွေရဲ့ဟောပြောချက်တွေ ရှိခဲ့တယ်။ ဒေါက်တာခင်မောင်ညို (ဘောဂဗေဒ) တို့၊ ဒေါက်တာအောင်ထွန်းသက်တို့၊ ကိုအောင်ချစ်ခင်တို့ ပြောကြတယ်။ ရန်ကုန်က ပညာတတ်မြို့နေအသိုင်းအဝိုင်း ကတော့ နည်းနည်းတော့ သတိထားကြတယ်။ သူတို့မှိုင်းမိတဲ့သူတွေတော့ ကျန်နေတာပေါ့။ အဲဒီတော့ နယ်ဘက်တွေကို တအား ဆင်း တယ်။ ကျေးလက်နေလူတန်းစားတွေကတော့ အကြမ်းဖျဉ်းအားဖြင့် အပြောကောင်းတယ်ဆိုရင် ယုံသွားတတ်လေ့ရှိတယ်။ ပြီးတော့ သူတို့က အရမ်းနပ်တယ်ဗျ။ နယ်တွေမှာ သြဇာရှိတဲ့သူတွေကို အရင်ဝင်တာ။ ဘုန်းကြီးတွေအရင်ဝင်တယ်၊ ကျောင်းဆရာ ဆရာမတွေကို အရင်စည်းရုံးတယ်။ သူတို့က တဆင့်ခံပြီးစည်းရုံးတော့ အရမ်းလွယ်သွားတာပေါ့။ အခုကတော့ နစ်နာမှုက နယ်ဘက် တွေမှာ ပိုများတယ်။ မြို့ပေါ်မှာကတော့ ဘယ်လိုခံရလဲဆိုရင် ရာထူးမြင့်မြင့်တစ်ခုကို မြန်မြန်ရောက်အောင်ဆိုပြီးတော့ အစုပုံ ဝယ်ခိုင်းတာရှိတယ်။ အဲလိုလူတန်းစားကတော့ မြို့ပေါ် များတယ်။

ငြမ်းမီဒီယာ – MLM ရဲ့ကောင်းတဲ့အချက်တွေလို့ပြောရင်ရော ဘာတွေရှိနိုင်မလဲ။

Z – ကောင်းကွက်ကို မရမက ဆွဲထုတ်မယ်ဆိုရင် နံပါတ်(၁)က သူတို့ပေးတဲ့ ထရိန်နင်တွေမှာပါတဲ့ တိုးတက်ရေး၊ အောင်မြင်ရေး အယူအဆတွေသည် အပြင်မှာသာပြန်သုံးနိုင်မယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ ကောင်းတယ်။ သူတို့ဟာလည်း မဟုတ်ဘူး တကယ်တော့။ အပြင်က ကောင်းပေ့ဆိုတဲ့ တက်ကျမ်းတွေ၊ စာအုပ်တွေ၊ ဟောပြောပွဲတွေကယူပြီးတော့ သူတို့်ဟာပါလုပ်ပြီး သင်တာကိုး။ ဘာပဲပြောပြော အဲဒါလေးတွေကတော့ ကောင်းတယ်။ နောက်တစ်ခုက အဲဒီလုပ်ငန်းကို ရောက်လာရင် လူတိုင်းကို အကောင်းပဲမြင်ပါ ပြောလေ့ရှိတယ်။

သူတို့ကတော့ စီးပွားရေးလို့မထင်အောင် လူမှုရေးလုပ်ငန်းလိုလို၊ ပညာပေးလုပ်ငန်းလိုလို အဲလိုတွေ အများကြီး လုပ်တယ်။ ကျန်းမာရေးဝန်ဆောင်မှုပေါ့။ လူတွေကို လိုက်ကူညီနေသလိုလို အမျိုးမျိုးပြောကြတယ်ဗျ။ အမှန်က အကုန်လုံးက စီးပွားရေး လုပ်နေကြတာ။ စီးပွားရေး …

ကျနော်တို့ ဒီလုပ်ငန်းအပေါ်ရူးသွပ်တုန်းကတော့ အကောင်းပဲမြင်တာ ကောင်းတယ်ပေါ့။ အမှန်တော့ အကောင်းပဲမြင်ခိုင်းတယ်ဆိုတာ သူ့လုပ်ငန်းရဲ့ဆိုးကျိုးတွေကို ကြည့်မှာစိုးလို့ ကာတဲ့သဘော။ တကယ်တမ်းက အဲဒီ သဘော။ ဘာပဲပြောပြော အကုန်လုံးက အကောင်းတွေမြင်၊ တက်ကြွပြနေတော့ သာမန်စိတ်ဓာတ်နည်းနည်းကျနေတဲ့ သူအတွက် ကတော့ အဲဒီ လုပ်ငန်းထဲ ရောက်ရင် ပျော်သွားတယ်။ တက်ကြွသွားတယ်။ ငါ့ကို အလေးပေးကြတယ်ပေါ့။ သူက အဓိက လူ တစ်ယောက် ကို ဒါနဲ့ ချုပ်ကြတာများတယ်။ ပစ္စည်းရောင်းတဲ့အခါမှာ ပစ္စည်းရဲ့ Quality က ထင်လောက်အောင် မကောင်းတဲ့ အတွက် ပစ္စည်းမဟုတ်တဲ့ တခြားဟာနဲ့ စည်းရုံးထားဖို့ လိုကို လိုတာကိုး။ MLM ရဲ့ကောင်းကျိုးလို့ပြောရင် သင်တန်းလေးတွေက အတိုင်းအတာတခုအထိ အကျိုးရှိတယ်။ ပြီးတော့ ပတ်ဝန်းကျင်မှာ ကောင်းသွားတာရှိတယ်။ ဆက်ပြီး နစ်မနေဘူးဆိုရင်ပေါ့။ ဆက်ပြီးနစ်နေမယ်ဆိုရင်တော့ နည်းနည်း အန္တရာယ်များတယ်။

ငြမ်းမီဒီယာ- ကိုယ်တိုင် MLM မှာရပ်တည်ခဲ့ဖူးသူတစ်ယောက်အနေနဲ့ ဘယ်အခြေအနေမျိုးတွေမှာ ရုန်းထွက်ဖို့သင့်ပြီလို့ ယူဆပြီး ကြိုးစားသင့်တယ်လို့ အကြံပြုချင်လဲ၊ ဆက်ပြီး နစ်မနေအောင်ပေါ့လေ။

Z – အဓိက ကတော့ MLM ဆိုတာ စီးပွားရေးလို့ နားလည်ရမယ်။ သူတို့ကတော့ စီးပွားရေးလို့မထင်အောင် လူမှုရေးလုပ်ငန်းလိုလို၊ ပညာပေးလုပ်ငန်းလိုလို အဲလိုတွေ အများကြီးလုပ်တယ်။ကျန်းမာရေးဝန်ဆောင်မှုပေါ့။ လူတွေကို လိုက်ကူညီနေသလိုလို အမျိုးမျိုးပြောကြတယ်ဗျ။ အမှန်က အကုန်လုံးက စီးပွားရေးလုပ်နေကြတာ။ စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းလို စနစ်တကျ တွက်ချက်ပြင်ဆင်တတ်ရမယ်။ ကျနော်အကြံပေးချင်တာက ကိုယ်ဝယ်ရင်းထားတဲ့၊ ယူရောင်းထားတဲ့ပိုက်ဆံကို ကျေအောင် တကယ်လုပ်နိုင်လားပေါ့။ ရောင်းထွက်အောင် လုပ်နိုင်လား။ ရောင်းထွက်ဖို့ သုံးလိုက်ရတဲ့ သွားခ လာခ စရိတ်တွေ၊ ဆက်သွယ်ရတဲ့စရိတ်တွေကို ကာမိရဲ့လား။ ကိုယ်က တကယ်ရောင်းနိုင်တဲ့လူတစ်ယောက် ဖြစ်ရဲ့လားပေါ့။ နောက်တစ်ခုက ကိုယ့်အောက်က ခေါ်လာတဲ့လူတိုင်းကို ကိုယ့်လိုမျိုး အရင်ကျေအောင် ရောင်းတတ်အောင် သင်ပေးနိုင်ပြီလားပေါ့။ မသင်ပေးနိုင်ဘဲ အဲဒီလိုလူတွေ ထပ်ထပ်ခေါ်မယ်ဆိုရင် ကိုယ့်အောက်မှာ နစ်နာသူက များသထက်များလာမယ်။ ကိုယ်က မနစ်နာအောင် အလွတ် ရုန်းလို့ရတယ်၊ ဒီလုပ်ငန်းမှာ။ စကားပြောကောင်းတဲ့သူ၊ လူဆွယ်တော်တဲ့သူက အလွတ်ရုန်းလို့ရတယ်။ ဒါပေမဲ့ ကိုယ့်အောက်က ဝင်လာတဲ့သူတွေကို ငဲ့ရမှာ။ သူတို့ရော တကယ်အဆင်ပြေရဲ့လား။ ရေတိုသာ အဆင်ပြေရင်ပြေမယ်။ ရေရှည် အဆင်မပြေနိုင်ဘူး။ နယ်ပယ်တစ်ခုမှာ လုပ်ကိုင်နိုင်တဲ့အရေအတွက်က အကန့်အသတ်ရှိတာကိုး။အဲဒီ Limit ရောက်တာနဲ့ သေချာတယ်၊ ထပ်ဝင် လာ တဲ့သူတွေသည် အရင်းတောင် မကျေဘူး။ အဲဒါသိရမယ်။ အဲလိုအနေအထားမျိုးဖြစ်လာပြီဆိုရင် ဒီကုမ္ပဏီ၊ ဒီလုပ်ငန်းကနေ ကျနော်တို့က ရပ်ကို ရပ်သင့်ပြီ။

ငြမ်းမီဒီယာ – MLM ကြောင့်ထိခိုက်နစ်နာမှုတွေ ရှိနေကြတယ်ဆိုပေမယ့် သက်ဆိုင်ရာကို တရားဝင်တင်ပြတိုင်ကြားမှုက မရှိသလောက်ပါပဲ။ အဲဒါကရော ဘာကြောင့်ပါလဲ။

Z – အဓိကက ခံလိုက်ရသူကိုယ်တိုင်က ကိုယ်ညံ့လို့ ကိုယ်ခံလိုက်ရတယ်လို့ပဲ တွေးတာများတယ်။ ငါမကြိုးစားလို့ ငါမရလိုက်တာ၊ ကြိုးစားတဲ့သူတွေကတော့ ရနေတာပဲ။ အဲဒီလို စိတ်မျိုးတွေနဲ့ ရပ်တည်လာကြတော့ ဒါကို တိုင်ချင်စိတ်မရှိဘူးပေါ့။ နောက်တစ်ခု ပိုဆိုးတာက တိုင်မယ်ဆိုရင် ကုမ္ပဏီကိုတိုင်လို့မရဘဲ ကိုယ်စားလှယ်ကိုပဲတိုင်လို့ရအောင် အစောကြီးကတည်းက Member Form တွေမှာ ချုပ်ထားတာတွေရှိတယ်။ အဲဒီတော့ တိုင်မယ့်သူက ကိုယ်နဲ့အရင်းနှီးဆုံးသူဖြစ်နေတယ်။ များသောအားဖြင့် ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေကနေ ကိုယ့်ဆီရောက်လာတာကိုး။ တိုင်ရမယ့်သူက ကိုယ့်သူငယ်ချင်းတို့၊ကိုယ်လေးစားရတဲ့ ဆရာတို့ဖြစ်နေတော့ လူတွေက မတိုင်ချင်တော့ဘူး။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ လက်ရှိဆိုးနေတဲ့အနေအထားက တိုင်လို့ ပြန်ရလာမယ့်နစ်နာကြေး နဲ့ တိုင်လို့ ကုန်ကျမယ့်စရိတ်နဲ့က မကာမိဘူး။ အဲဒါက ဘယ်လိုမှ အဆင်မပြေဘူး။ နိုင်ငံတကာမှာလည်း တိုင်တာတအားနည်းတယ်။ ခုနက အဲဒီ ပြသနာပဲ။ တစ်ဦးချင်း တစ်ယောက်ချင်းထိခိုက်နစ်နာတာဆိုတော့ သိပ်မသိသာကြဘူး။ တခုရှိတာက သူတို့ဆီမှာက လူတော်တော်များများက တိုင်လိုက်ပြီဆို အဲဒီလူတွေအားလုံးကို ကိုယ်စားပြုပြီး အစိုးရကတရားကောက်စွဲပစ်လိုက်တာ။ အစိုးရနဲ့ ဖိုက်ရတဲ့သဘောပေါ့။ ဘာပဲပြောပြော ပြည်သူက အားရှိတာပေါ့။ ကျနော်တို့ကျတော့ ပြည်သူတစ်ဦးချင်းက ဖိုက်ရမယ့်သဘောဖြစ် နေတော့ ဒီလောက်ဝင်ငွေကောင်းနေတဲ့ ကုမ္ပဏီကြီးတွေကို ပြည်သူက ဖိုက်ဖို့ဆိုတာ မလွယ်ဘူး။ အများစုက မတိုင်ဖြစ်ဘူးဆိုတာ ဒါတွေကြောင့် ထင်ပါတယ်။

ငြမ်းမီဒီယာ – အစိုးရဌာနဆိုင်ရာဘက်ကရော MLM ကြောင့် ထိခိုက်နစ်နာမှုတွေမဖြစ်အောင် ဥပဒေအရ ဘယ်လိုစည်းနှောင်ထိန်းချုပ်သင့်တယ်လို့မြင်လဲ။

Z – ဥပဒေအရတော့ ကုမ္ပဏီ တွေမှာRefund Policy ပေါ့။ မကျေနပ်ရင် ပိုက်ဆံပြန်အမ်းပေးတာ။ စားသုံးသူပဲဖြစ်ဖြစ်၊ ကိုယ်စားလှယ် ပဲဖြစ်ဖြစ်ပေါ့။ လုပ်မယ်ဆိုပြီး ဝင်လိုက်ပြီးမှ လုပ်ချင်စိတ်မရှိဘူးဆိုရင် အချိန်မရွေး ပိုက်ဆံပြန် ထုတိလို့ ရတဲ့ အနေအထားမျိုးကို ဖန်တီး ပေးရမယ်။ တချို့ကုမ္ပဏီတွေက အဲဒါကို မူအရတော့ စာရွက်ထဲမှာရှိတယ်။ တကယ်အပြင်မှာ သွားထုတ်ရင် ပြသနာအမျိုးမျိုးရှာပြီးတော့ လာထုတ်တဲ့သူ စိတ်ညစ်သွားအောင်လုပ်လိုက်တာ။ တကယ့်တကယ် ပြန်မရကြဘူး။ နောက်တစ်ခုက MLM ကုမ္ပဏီတွေသေချာခေါ်ပြီး ဘာလုပ်မှာလဲ၊ ရောင်းချတာကို ဦးစားပေးမှာလား၊ လူဆွယ်တာကို ဦးစားပေး မှာလား၊ လူဆွယ်တာကို ဦးစားပေးမှာဆိုရင် ဘောင်မဝင်တဲ့ စီးပွားရေးဖြစ်သွားပြီ။ ရောင်းချတာကို ဦးစားပေးမယ်ဆိုရင် ရောင်း ချကြောင်းကို သက်သေပြတဲ့အနေနဲ့ တစ်လကို အပြင်လူအနည်းဆုံး (၇၀) ရာခိုင်နှုန်းကို ရောင်းနိုင်ရမယ်ပေါ့။ ဥပမာ ကုမ္ပဏီမှာ လူဦးရေ တစ်သိန်းရှိတယ်ဆိုပါစို့။ အဲဒီလူ တစ်သိန်းသည် အပြင်ဈေးကွက်အနေနဲ့ လူ ခုနစ်သောင်းကို ရောင်းချနိုင် ရမယ်။ မရောင်းနိုင်ဘူးဆိုရင် သူတို့ကုမ္ပဏီထဲက လူအချင်းချင်းပဲ ပတ်ရောင်း၊ ပတ်ဝယ်ဖြစ်သွားပြီ။ ဒါဆိုရင် Pyramid Scheme ဆိုတဲ့ လိမ်ညာမှုဘက်ကို ရောက်သွားပြီ။ ပြင်ပရောင်းအားကို တကယ်အာရုံစိုက်ထားလား၊ မစိုက်ထားလားဆိုတာ စနစ်တကျ မှတ်တမ်း တင်ခိုင်းရမယ်။ နောက် သူတို့ပြောပြောနေတဲ့ ဝင်ငွေတွေ တကယ်ရရဲ့လား၊ မရဘဲ အလွန်အကျူးပြောပြီး လိမ်နေ သလား ဆိုတာ သက်ဆိုင်ရာဌာနတွေက စစ်ဆေးသင့်တယ်။ စစ်ဆေးရင် (၂)ခုကောင်းတာပေါ့ဗျာ။ တစ်ခုက စစ်ဆေးပြီး တရားစင်ထုတ်ပြန်ရင် ပြည်သူလူထုကလည်း အမှန်ကို သိရမယ်၊ နောက် အခွန်ကိစ္စတွေလည်း အဆင်ပြေသွားမယ်။ စစ်ဆေးတဲ့အခါမှာ အပေါ်ဆုံးက လူတွေရနေတဲ့ဝင်ငွေတင်မက အလယ်နဲ့အောက်ကလူတွေရဲ့ဝင်ငွေကိုပါ စနစ်တကျ ချပြလိုက်နိုင်တယ်ဆိုရင် ပြည်သူ လူထု က စဉ်းစားမှာပေါ့။ ဥပမာ လူတစ်သိန်းမှာ နှစ်သောင်းလောက်ကအဆင်ပြေပြီး ရှစ်သောင်းလောက်က အဆင်မပြေဘူးဆိုတဲ့ Data တွေ ထွက်လာမှာပေါ့။

ငြမ်းမီဒီယာ – မကြာသေးခင်ကပဲ Anti MLM တစ်ဦးကို MLM ကုမ္ပဏီတစ်ခုက ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြားတာ ရှိခဲ့တယ်။ ဒီကိစ္စအပေါ် Anti MLM Group ကို ဦးဆောင်သူတစ်ယောက်အနေနဲ့ ဘယ်လိုများ ဆက်လက်လုပ်ဆောင် သွားဖို့ရှိလဲ။

Z – ကျနော်တို့်ကတော့ သိပ်မပူပါဘူး။ ဘာလို့လဲဆိုတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ စွဲတယ်ဆိုပေမယ့် တကယ့်တကယ် ကျနော်တို့လုပ်နေတာက အများပြည်သူမနစ်နာအောင်လို့ အသိပညာပေးတဲ့ဘက်ကို ဦးစားပေးနေတာ။ သူတို့ကို ထိခိုက်နစ်နာစေဖို့ ဆိုတာထက် တခြားအများစုပေါ့။ ဥပမာ သူတို့လူတစ်သိန်းကို ငဲ့လိုက်ရင် ကျန်တဲ့လူ ဆယ်သိန်းလောက်ထိတော့မှာ။ အဲဒီအတွက် ကျနော်တို့က ဒါတွေကို ရေးနေပြောနေရတာ။ ကျနော်တို့ဘက်ကတော့ ဥပဒေအရဖြစ်လာရင် ကြိုက်သလို ရင်ဆိုင်လို့ရတယ်။ သိပ်မ မှုဘူး။ ကျနော့်အမြင်တော့ ကျနော်တို့ ဒီလိုရေးနေပြောနေတာကို တန့်သွားစေချင်လို့ ကောက်လုပ်လိုက်တယ်လို့ ယူဆတယ်။ ကျနော်တို့ကတော့ ဆက်ပြီး ရေးနေသားနေဦးမှာပဲ၊ လုပ်နေဦးမှာပဲ။ တခုတော့ရှိတာပေါ့။ မလိုအပ်ဘဲ လူမှုရေးတိုက်ခိုက်မှုတွေ ရှိလာရင်တော့ ဟိုဘက်လည်း မကောင်းဘူး။ ဒီဘက်လည်း မကောင်းဘူး။ သူတို့ဘက်ကလည်း ထိန်းရမယ်။ ကျနော်တို့ဘက်က လည်း ထိန်းရမယ်။ ကျနော်တို့ကို ၆၆(ဃ)နဲ့ စွဲလို့ ပြန်စွဲမယ်ဆိုရင် ကျနော်တို့်ဆီမှာ Screenshot အနည်းဆုံး (၁၀)ယောက်စာ လောက်ရှိတယ်။ ကျနော်တို့ ကောက်စွဲလို့ရတယ်။ မစွဲပါဘူး။ အရမ်းကြီးလွန်လာရင်တော့ တမျိုးပေါ့။ ကျနော်တို့အဓိက လုပ်ချင် တာက ဒီလုပ်ငန်းနဲ့ပတ်သက်လို့ အများပြည်သူကိုပညာပေးတဲ့အပိုင်း၊ သတိပေးတဲ့အပိုင်းပဲ တောက်လျောက် လုပ်သွားမယ်။ သူတို့ဘာသာ တရားစွဲရုံမကလို့ ကြိုက်တာလုပ်၊ ခေါင်းထဲမထည့်ဘူး။

ငြမ်းမီဒီယာ – ရှေ့ဆက်ပြီးရော Anti MLM တစ်ယောက်အနေနဲ့ ဘာဆက်လုပ်ဖို့ရှိလဲ။

Z – အဓိက (၂) ချက်ပေါ့။ တစ်ချက်က ဥပဒေလမ်းကြောင်းအရ ဥပဒေပြုနေကြတဲ့ အမတ်တွေရှိတယ်။ သူတို့ကို တတ်နိုင်သလောက် အချက်အလက်တွေ ပံ့ပိုးပေးတယ်ပေါ့။ ဥပဒေအမြန်ဆုံးထွက်အောင်ပေါ့။ ဥပဒေကလည်းဗျာ အခုချိန်အထိ ပြတ်ပြတ်သားသား မရှိ ဘူး။ ဥပမာ MLM ကို လက်မခံဘူး၊ Direct Selling ကို Single Level လို့ခေါ်တဲ့ တစ်လွှာပဲရောင်းချတော့။ သို့မဟုတ် (၂)လွှာ ပဲ ရောင်းချတော့ဆိုပြီး အပြတ်လုပ်လိုက်ရင် တခြားဘာမှ အသေးစိတ်တွေ လိုက်လုပ်စရာမလိုတော့ဘူး။ အခုကကျတော့ အဲလိုလုပ် မှာလား၊ လက်ရှိ Run နေတဲ့ MLM ကုမ္ပဏီတွေကိုပဲ စည်းကမ်းရှိအောင် ထိန်းမှာလားဆိုတဲ့ သဘောက ပြတ်ပြတ် သားသား မဖြစ်သေးဘူး။ (၂)ခုလုံးအတွက် အဆင်ပြေအောင် အချက်အလက်တွေ ပံ့ပိုးပေးနေတာပေါ့။ အဲဒီအပိုင်းကို အဓိက လုပ်တယ်။ နောက်တစ်ခုကတော့ Online ပေါ်မှာရော၊ ကိုယ့်နီးစပ်ရာမှာရော ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ အသိပညာပေးတွေ လုပ် တယ်။ အသိပညာပေးကို (၂) မျိုးနဲ့ ပေးရတာပေါ့။ တစ်မျိုးက သဘောတရား အရ ရှင်းပြရတယ်။ အချက်အလက်တွေ ပြောပြရ တယ်။ နောက် တစ်မျိုးကတော့ သက်သေပြရတယ်။ တစ်ခါတလေကျရင် သဘောတရားပဲ ပြောပြီး ဘယ်မှာလဲ၊ နစ်နာတဲ့လူသက်သေ ဆိုရင် ပြနိုင်ဖို့က လိုက်စုရတာပေါ့။ လိုက်စုပြီး သက်သေပြနိုင်အောင် ကြိုးစားရတာပေါ့။ နောက်ပိုင်း ကျရင်တော့ MLM နဲ့ ပတ်သက်လို့ မှတ်တမ်း ရုပ်ရှင်ရိုက်နေတယ်။ အနည်းဆုံး လေး၊ ငါး၊ ခြောက်ယောက်လောက် ပါလာ လိမ့်မယ်။ နောက် တစ်ခုက အဲလို Documentary မဟုတ်ဘဲနဲ့ အယူအဆပိုင်း အားနည်းချက်တွေကိုပဲရှင်းပြမယ့် Presentation တစ်ခုလည်း ထွက်ဖို့ ရှိတယ်။ DVD ကို နယ်တွေအထိ ဖြန့်မယ်။ ပညာပေးကိုလည်း နည်းပေါင်းစုံနဲ့ ပေးနိုင်အောင် ကြိုးစားနေတယ်။ ဥပဒေပြုရေး ဘက်ကိုလည်း တတ်နိုင်သလောက် ထောက်ပံ့ပေးနိုင်အောင် ကြိုးစားနေပါတယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ် ခင်ဗျ။

ငြမ်းမီဒီယာ
အောက်တိုဘာ(၁၉)၊ ၂၀၁၇၊ ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,