လွတ်မြောက်နေဆဲ မင်းမဲ့စရိုက်ဖန်တီးသူများ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

” ဘယ်သူမှ ရှေ့တိုးမလာကြနဲ့ “ ဟု ဓါးကိုင်ထားသည့် လူအုပ်စု ၏ ခြိမ်းခြောက်အော်ဟစ်သံ …

ဒေသခံများ ထိတ်လန့်တုန်လှုပ်ခဲ့သည့်နေ့

ကြို့ပင်ကောက်မြို့ ဒေသခံပြည်သူများ၏ စိတ်ထဲ ထိတ်လန့် တုန်လှုပ်ခဲ့သည့် ဖြစ်ရပ်တစ်ခု သည် ပြီးခဲ့သည့် ဧပြီလ (၅) ရက်နေ့က ဖြစ်ပွားခဲ့သည်။

” ဘယ်သူမှ ရှေ့တိုးမလာကြနဲ့ “ ဟု ဓါးကိုင်ထားသည့် လူအုပ်စု ၏ ခြိမ်းခြောက်အော်ဟစ်သံကို ဦးဘာဘူလေး ကြားလိုက်ရသည်။
ဓါးကိုင်ထားသည့် လူအုပ်စုသည် ဦးဘာဘူလေး ၏ အိမ်ထဲအထိ ရောက်လာသည်။ ဦးဘာဘူလေး တို့ မိသားစု အသက်လုပြေး ခဲ့ရသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီညက ဓါးကိုင်လာသူတွေ ကျနော့် အိမ်ရှေ့မှာ ရုန်ရင်းဆန်ခတ်နဲ့ဆိုတော့ ကျနော့်တူလေးနှစ်ယောက်နဲ့ သူတို့အမေ က ကျနော်တို့ဘာများဖြစ်သလဲ …

” အိမ်နောက်ဖေး အပေါက်ကနေ ကျနော်တို့ ခွေးပြေးဝက်ပြေးပြေး ခဲ့ရတာ ” ဟု ဦးဘာဘူလေး က သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။
ဦးဘာဘူလေးသည် ဧပြီလ(၅) ရက်နေ့ ည က သူတွေ့ကြုံခဲ့ရသည့် အခြေအနေကို ပြန်ပြောပြသည့် အချိန်တွင် မောဟိုက်နေ သည်။ထိတ်လန့်တုန်လှုပ်နေသည်။

သူ၏ ထိတ်လန့်တုန်လှုပ်မှုသည် ယခုထိတိုင် မပြေနိုင်သေး။မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုလိုက် ဓါးကိုင်လာ သူတွေ၏ လက်ချက်ကြောင့် ဦးဘာဘူလေး၏ မိသားစုဝင်တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

“ အဲဒီညက ဓါးကိုင်လာသူတွေ ကျနော့် အိမ်ရှေ့မှာ ရုန်ရင်းဆန်ခတ်နဲ့ဆိုတော့ ကျနော့်တူလေးနှစ်ယောက်နဲ့ သူတို့အမေ က ကျနော်တို့ဘာများဖြစ်သလဲ စိတ်ပူပြီးလာကြည့်ကြတာ။ အဲဒီမှာ သူတို့ အခုတ်ခံရတာပဲ ” ဟု ဦးဘာဘူလေး က ပြောသည်။

ဘုရားက ပြန်ခဲ့သည်

ဧပြီလ(၄) ရက်နေ့ ဦးဘာဘူလေး နှင့် ဇနီး ဘုရားတက်ပြီး အိမ်သို့ပြန်လာသည်။ အိမ်မှာ နားနေသည်။ ထိုသို့နားနေချိန်တွင် ဦဘာဘူလေး နှင့်သိကျွမ်းပြီး ဆေးဆိုင်ဖွင့်ထားသည့် ညီငယ်လေးတစ်ယောက်သည် ဦးဘာဘူလေး အိမ်သို့ ရေးကြီးသုတ်ပျာ ရောက်လာသည်။

” အစ်ကိုရေ အဲဒီတည်းခိုခန်းက ကျနော့်ဆေးဆိုင်မှာ ဆေးခဏ ခဏလာဝယ်နေတယ်။ COVID -19 ရောဂါနဲ့များ ပတ်သက်နေ လား မသိဘူး။နှာချေတယ်လည်း ပြောနေတယ်။ တည်းခိုခန်းမှာ လူဝင်လူထွက် ကလည်း တအားများနေတယ်။ မသင်္ကာစရာ တွေလည်းတွေ့တယ် ” ဟု ဆေးအရောင်းဆိုင် မှ ညီငယ်လေးက ဦးဘာဘူလေး ကိုပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အုပ်စုလိုက် ဓါးတွေကိုင်ပြီး မင်းမဲ့စရိုက်ဆန်ဆန် အိမ်အထိ လာခုတ်တာ ကျနော်မမျှော်လင့်ထားဘူး။…

” ကျနော်အဲဒီသတင်းကြားတော့ ကျနော့်အထက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတယ်။ သူရောက်လာ တယ်။အုပ်ချုပ်ရေးမှူးကို လည်း ဆေးဆိုင်က လူတွေက အကျိုးအကြောင်းရှင်းပြတယ်။ ” ဟု ဦးဘာဘူလေး ကပြောသည်။

တည်းခိုခန်းအားသွားရောက်စစ်ဆေးရန် အုပ်ချုပ်ရေးမှူးက ဦးဘာဘူလေး အား ရပ်မိရပ်ဖများကို ထပ်မံ ခေါ်ခိုင်းသည်။ ထို့နောက် အုပ်ချုပ်ရေးမှူး၊ဦးဘာဘူလေးတို့နှင့်အတူ ရပ်မိရပ်ဖများသည် တည်းခိုခန်းသို့ သွားရောက်ခဲ့ကြသည်။

“ ကျနော်တို့ တည်းခိုခန်းရောက်တော့ တည်းခိုခန်းပိုင်ရှင် ကိုမောင်အေးနဲ့ ကိုကိုလင်းတို့ ဆိုင်ကယ်တွေနဲ့ ပေါက်ချလာတယ်။ ကျနော်တို့လည်း COVID -19 သံသယကိစ္စနဲ့ပတ်သက်ပြီး ကိုမောင်အေးကို အကျိုး အကြောင်း ရှင်းပြတယ်။ အဲဒီမှာ ကိုမောင်အေး က ‘အဲဒီတော့ ကျုပ်တည်းခိုခန်း ပိတ်ထားရမှာလား’ ” ဟု ပြန်လည် ပြောကြားခဲ့ကြောင်း ဦးဘာဘူလေးက ပြောသည်။

CJ / ဦးဘာဘူလေး နေထိုင်သည့် အိမ်

ဦးဘာဘူလေး ဘယ်သူလဲ

ဦးဘာဘူလေးသည် ယခင်က ဆယ်အိမ်မှူးတာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယခုအခါ ရာအိမ်မှူး တာဝန် ထမ်းဆောင်ကာ အနေအထိုင် အေးဆေးပြီး၊ အသောက်အစား မရှိသူတစ်ဦးဖြစ်ကြောင်း ဦးဘာဘူလေး ရပ်ကွက်တွင် နေထိုင်သည့် ပြည်သူတစ်ဦးက ပြောသည်။

ဦးဘာဘူလေးသည် ကြို့ပင်ကောက်မြို့တွင် အခြေချနေထိုင်သည်မှာ ၎င်းတစ်သက် ပင်ဖြစ်လေ သည်။ အသက်မွေး ဝမ်းကျောင်း အနေဖြင့် ထင်းလုပ်ငန်းနှင့် လယ်လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

COVID -19 ကိစ္စ စိုးရိမ်မှုကြောင့် သွားမေးမြန်းတာ။ ကိုယ့်အရပ် ကိုယ့်ဒေသအတွက် မဖြစ်သင့်တာမဖြစ်အောင် ကြိုတင် ကာကွယ်နိုင်အောင် ကျနော်တို့ ဆောင်ရွက်တာ …

COVID -19 သံသယ နှင့်ပတ်သက်၍ တည်းခိုခန်းအား လာရောက်ကြည့်ရှုသည့် အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး ဦးဘာဘူလေး တို့ နှင့် တည်းခိုခန်း ပိုင်ရှင် ကိုမောင်အေး တို့ အပြန်အလှန် အချင်းများခဲ့သည် ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဦးဘာဘူလေး နှင့် ကိုမောင်အေးတို့သည် စီးပွားပြိုင်ဘက်များ မဟုတ်ဘဲ ဦးဘာဘူလေးသည် အများပြည်သူ မြင်သာထင်သာရှိပြီး သမ္မာအာဇီ၀ အလုပ်ဖြင့်အသက်မွေး ဝမ်းကျောင်းနေသူ တစ်ဦးဖြစ်သည်ဟု အဆိုပါ ဒေသခံ က မှတ်ချက်ပေးသည်။

” ကျနော့် အထင် ကိုမောင်အေး က သူပြောချင်တဲ့စကားမပြောရလို့ ကိုဘာဘူလေးကို ငြိုးတယ်ထင်တာပဲ။ ကျနော်မြင်သလောက် တော့ ကိုဘာဘူလေး အဲဒီနေ့ က ပြောတဲ့စကားတွေမှာ ရိုင်းစိုင်းတဲ့စကားအသုံးအနှုန်း တစ်ခုမှမပါဘူး ” ဟု ဒေသခံက ဆိုသည်။

ထိုနေ့ ဧပြီလ (၄) ရက်နေ့၌ ပင် COVID -19 သံသယ နှင့်ပတ်သက်၍ တည်းခိုခန်းအား ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူး ဦးဘာဘူလေး တို့အပြင် ညနေပိုင်းတွင် ကျန်းမာရေးဌာနမှလည်း လာရောက်စစ်ဆေးခဲ့ကြသည် ဟု သိရသည်။

ကျနော်မမျှော်လင့်ထားဘူး၊တုန်လှုပ်မိတယ်

“ ကျနော်တို့ ဒီတည်းခိုခန်းကို သွားကြည့်ကြတယ်၊မေးကြတယ်ဆိုတာ COVID -19 ကိစ္စ စိုးရိမ်မှုကြောင့် သွားမေးမြန်းတာ။ ကိုယ့် အရပ် ကိုယ့်ဒေသအတွက် မဖြစ်သင့်တာမဖြစ်အောင် ကြိုတင် ကာကွယ်နိုင်အောင် ကျနော်တို့ ဆောင်ရွက်တာ။ ဒီကိစ္စမှာ ဒီ လောက်ကြီး အုပ်စုလိုက် ဓါးတွေကိုင်ပြီး မင်းမဲ့စရိုက်ဆန်ဆန် အိမ်အထိ လာခုတ်တာ ကျနော်မမျှော်လင့်ထားဘူး။ကျနော် တော်တော်လေး တုန်လှုပ်မိတယ် ” ဟု ဦးဘာဘူလေး က ပြောသည်။

အခင်းဖြစ်ပွားသည့် နေ့က ဦးဘာဘူလေး နေအိမ်ရှိ ငွေသား(၄၈) သိန်းကျပ်နှင့် ရွှေ (၁၁) ကျပ်သားခန့်မှာ ပျောက်ဆုံးသွား ပြီး အဆိုပါ အခြေအနေ ကိုလည်း ရဲစခန်းက မှတ်တမ်းယူထားသည် ဟု ဦးဘာဘူလေးက ပြောသည်။

အသက်ကို ကြွပ်ကြွပ်အိတ်နှင့်ထုပ်

ကိုဗစ်ကာလတွင် တာဝန်ထမ်းဆောင်နေကြသည့် လူများသည် ချီးကျူးစရာကောင်းပြီး၊ ဝန်ထမ်းများသည် သနားစရာကောင်း ကြောင်းနှင့် အထူးသဖြင့် တာဝန်မရှိဘဲ လုပ်ကိုင်နေကြသည့် စေတနာ့ဝန်ထမ်းများသည် အသက်ကို ဖက်နှင့်တောင်မရဘဲ ကြွပ်ကြွပ်အိတ်နှင့် ထုပ်ကာ လုပ်ဆောင်နေရသည် ဟု တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က ဆိုသည်။

” သူနာပြုတွေကို ပတ်ဆဲတာ မျိုးတွေလည်း ရှိတယ်။ ဒါအများအကျိုးအတွက် လုပ်နေတာလေ ” ဟု မန္တလေးဒေသခံ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က လက်ရှိတွေ့ ကြုံနေရသည့် အခြေအနေ ကို ပြောသည်။

” ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလူတွေနဲ့ ကျနော် မပတ်သက် ချင်ဘူးဗျာ။ ရှင်းရှင်းပြောရရင် တော်ရုံတန်ရုံ ပြောချင်ပေ မယ့်လည်း ဒီပြဿနာတွေက ကိုယ်တွေဘက် လှည့်မလာ စေချင်ဘူး …

သတင်းကြားကြားချင်း ရောက်ခဲ့တယ်

ဓါးခုတ်မှု ဖြစ်ပွားခဲ့သည့် သတင်းကြားကြားချင်း ၎င်းအနေဖြင့် ရောက်ရှိသွားခဲ့သည်ဟု ကြို့ပင်ကောက် မြို့နယ်၊ မဲဆန္ဒနယ်၊ အမှတ် -၁ ၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်း က ငြမ်းမီဒီယာသို့ပြောသည်။

“ ကျနော်ရောက်တော့ ဓါးခုတ်ခံထားရတဲ့ လူတွေတွေ့တယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊စေတနာ့ဝန်ထမ်းတွေလည်း ရောက်နေကြတယ်။ ကျနော်ကလည်း ပရဟိတပဲ လုပ်နေတာလေ။ အဲဒီတော့ ကျနော်လည်း သူတို့နဲ့အတူ အဲဒီညက တစ်တွဲတည်း ပါသွားတယ် ” ဟု ဦးအောင်ကိုမင်း က ပြောသည်။

ကိုမောင်အေးဆိုတာ ဘယ်သူလဲ

ကိုမောင်အေးသည် ကြို့ပင်ကောက်မြို့နယ်တွင် တစ်လုံး၊နှစ်လုံး သုံးလုံး လောင်းကစား လုပ်နေခြင်းဖြင့် နာမည်ကျော်ကြားနေသူ ဖြစ်သည် ဟု ကြို့ပင်ကောက် ဒေသခံများ ကဆိုသည်။

” ကျနော့်အနေနဲ့တော့ အဲဒီဟာကို မှတ်ချက် အတိအကျ ပေးလို့မရဘူး။ မရဘူးဆိုတာက အဲဒါကျတော့ နည်းနည်း ကျပ်တယ်ဗျ။ အဲဒီဟာကို ဖြေရမယ့် ဟာကလေ ” …

” ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလူတွေနဲ့ ကျနော် မပတ်သက် ချင်ဘူးဗျာ။ ရှင်းရှင်းပြောရရင် တော်ရုံတန်ရုံ ပြောချင်ပေ မယ့်လည်း ဒီပြဿနာတွေက ကိုယ်တွေဘက် လှည့်မလာ စေချင်ဘူး။ မောင်အေးတို့အဖွဲ့ က ဝမ်း၊တူး၊သရီး လောင်းကစား လုပ်တာတော့ နာမည်ထွက်တယ်” ဟု ကြို့ပင်ကောက်ဒေသခံ အငြိမ်းစား ဝန်ထမ်း ရပ်မိရပ်ဖတစ်ဦးက ငြမ်းမီဒီယာ သို့ ပြောသည်။

ယခုကဲ့သို့ အုပ်စုဖွဲ့ ဓါးခုတ်မှုဖြစ်စဉ်သည် အလွန်မင်းမဲ့စရိုက်ဆန်ပြီး ကြို့ပင်ကောက်တွင် ၎င်းနေထိုင်ခဲ့သည့် သက်တမ်း တစ်လျောက် မတွေ့ကြုံဖူး၊မကြားဖူးခဲ့ ဟု ရပ်မိရပ်ဖတစ်ဦးက မှတ်ချက်ပြုသည်။

ကြို့ပင်ကောက် အုပ်စုဖွဲ့ ဓါးခုတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ တရားဥပဒေစိုးမှုအပေါ် မေးခွန်းထုတ်မှုများ လည်း ရှိသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု အခြေအနေသည် တိုးတက်လာခြင်း မရှိဟု တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ကြို့ပင်ကောက် ဖြစ်စဉ်နှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

ငြမ်းမီဒီယာအနေဖြင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းမေးမြန်ခြင်း၊မှတ်ချက်များ တောင်းခံခြင်းပြုရာတွင် ကြို့ပင်ကောက်ဒေသခံ အချို့သည် ထိတ်လန့်တုန်လှုပ်နေကြပြီး ၊ မဖြေရဲ၊မပြောရဲသည့် အခြေအနေများကိုလည်း တွေ့ရသည်။

” ကျနော်မောင်အေး ကိုကောင်းကောင်းသိတာပေါ့။ အဲဒီညက ဓားကိုင်လာတဲ့ အုပ်စုမှာ သူပါ ပါလာတာ။ ကျနော်ကောင်းကောင်း မှတ်မိတယ်။ အခုဒီဖြစ်စဉ်မှာဆို ကျနော့် ဘက်က သက်သေ လိုက်ပေးမယ့် သူ မရှိသလောက်ပဲ အကုန်ထိတ်လန့် တုန်လှုပ်နေကြတာ။ ” ဟု ဦးဘာဘူလေး က ပြောသည်။

တစ်လုံး၊နှစ်လုံး၊ သုံးလုံး

ကိုမောင်အေး အနေဖြင့် တစ်လုံး၊နှစ်လုံး၊သုံးလုံးလောင်းကစားကို ဘာကြောင့် အခုလို လုပ်ကိုင် နေနိုင်သနည်း ဟု ငြမ်းမီဒီယာ က ကြို့ပင်ကောက် မြို့နယ်၊ မဲဆန္ဒနယ်၊ အမှတ် -၁ ၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်း အား မေးမြန်းခဲ့ ပါသည်။

” ကျနော့်အနေနဲ့တော့ အဲဒီဟာကို မှတ်ချက် အတိအကျ ပေးလို့မရဘူး။ မရဘူးဆိုတာက အဲဒါကျတော့ နည်းနည်း ကျပ်တယ်ဗျ။ အဲဒီဟာကို ဖြေရမယ့် ဟာကလေ ” ဟု ဦးအောင်ကိုမင်း က ပြန်လည် ဖြေကြား ခဲ့သည်။

ငြမ်းမီဒီယာ အဆိုပါ မေးခွန်းကို ပဲ ထပ်ဆင့် မေးမြန်းခဲ့ရာတွင် ” ကျနော်တို့ ကြားတော့ ကြားတယ်။ ကြားထား တာတော့ ရှိ တယ်။ ဒါပေမယ့် သူတို့ လုပ်တယ် ကိုင်တယ်ဆိုတာကို ကျနော့်အနေနဲ့ အတိအကျမသိနိုင်ဘူး။ လုပ်တယ်၊မလုပ်ဘူးဆိုတာ ကျနော့်အနေနဲ့ အတည်ပြုပြီး ပြောပေးလို့မရဘူး ” ဟု ဦးအောင်ကိုမင်း က မှတ်ချက်ပေးခဲ့သည်။

သြဇာလွှမ်းနိုင်သလား

ကိုမောင်အေးသည် ငွေကြေးဓနဥစ္စာ တောင့်တင်းပြီး အာဏာပိုင်များကို လွှမ်းမိုးထားနိုင်ပြီး အိတ်ထဲ ကောက်ထည့် ထားနိုင်သည့် အခြေအနေတွင် ရှိနေသည် ဟု ကြို့ပင်ကောက် ဒေသခံပြည်သူအချို့ကလည်း ယူဆထားကြဟန်ရှိသည်။

” ဥပဒေအထက်မှာ ဘယ်ကောင်မှ မရှိဘူး။ကိုယ့်သားသမီး ဖြစ်ရင်တောင် ကိုယ့်သားသမီး ဖမ်းရမယ့်တာဝန်။ ဒါက ကျနော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ပဲ။ ကျနော်ဒီစကားပဲ ပြောရမှာပဲ ” ဟု ကြို့ပင်ကောက်မြို့မ ရဲစခန်း၊စခန်းမှူး ဦးကျော်သန်းနိုင် က ငြမ်းမီဒီယာ သို့ပြောသည်။

ပစ်ဖမ်းမယ်

အသာတကြည်အဖမ်းမခံသူများ၊ပြန်လည် ခုခံသူများ၊ ထွက်ပြေးသူများ နှင့် ဝရမ်းပြေး ထုတ်ထားသူများ၊ သေဒဏ်၊ကျွန်းဒဏ် နှင့်ထိုက်သူများကို ရဲတပ်ဖွဲ့အနေဖြင့် ပစ်ဖမ်းပိုင်ခွင့်ရှိကြောင်း ၊သို့သော် တည့်တည့်မပစ်ဘဲ အောက်ခြေ(ခါးအောက်ပိုင်း)ကိုသာ ပစ်ဖမ်းမည် ဖြစ်ကြောင်း စခန်းမှူးက ဆိုသည်။

” ဦးမောင်အေးတို့ ကြွယ်ဝချမ်းသာတာ ရှိမယ်။ မှန်တယ်။ ဒါပေမယ့် သက်ဆိုင်ရာ ရဲဌာန ရှိမယ်။ ရဲအရေးပိုင် အမှုကတော့ သူ့ဘာသာသူ လုပ်ထုံးလုပ်နည်းအရပဲ သွားလိမ့်မယ်။ အဲဒီလို လွှမ်းမိုးလို့တော့ မရပါဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီခေတ် ဒီအခါမှာ အဲဒီလိုမျိုးကတော့ မရဘူးလေ။ ကျနော်ပဲဖြစ်ဖြစ်၊ ကျနော့်မိဘပဲ ဖြစ်ဖြစ် မမှန်တာလုပ်ရင် မမှန်တာပဲဖြစ်မှာပါပဲ ဗျ” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်း က မှတ်ချက်ပြုသည်။

” ကြို့ပင်ကောက်မြို့က သိပ်မကြီးပါဘူး။ သူ့ဆီမှာတော့ သြဇာနဲ့ ငွေရှိတဲ့ လူဖြစ်မှာပေါ့။ အဲဒီဟာကို ဒီအတိုင်း ထားလို့မရဘူး” ဟု တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က ကြို့ပင်ကောက် တွင်ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ ဓါးခုတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ပြောသည်။

အလှူအတန်းပြုသူ၊ ရင်းနှီးသောမိတ်ဆွေ

ဦးမောင်အေးသည် စိတ်ထားကောင်းမွန်သူ ၊အလှူအတန်း များစွာပြုသူတစ်ဦးလည်း ဖြစ်သည့်အပြင် ၎င်း ၏ ရင်းနှီးသော မိတ်ဆွေ တစ်ဦးဖြစ်သည် ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်း က ငြမ်းမီဒီယာ သို့ ပြောသည်။

ပြည်သူများသည် အိမ်အပြင်မထွက်ရဘဲ စိတ်ကျဉ်းကျပ်သည့်ကာလတွင် အုပ်စုဖွဲ့ ပြစ်မှု ကျူးလွန်သူများကို ထိထိရောက်ရောက် စုံစမ်းအရေးယူရန်လိုအပ် …

“ စောစော က မေးတဲ့ မေးခွန်းမျိုးတွေဆို ကျနော်ပြောလို့မရတာ ရှိတယ်။ ပြောလို့ရတာရှိတယ်။့ ကျနော် အမြင်ဟာကတော့ ကျနော်အမှန်အတိုင်းပဲ ပြောမှာပဲ။ စောစောက ကျနော်ပြော ခဲ့ပြီးပါပြီ။ ကျနော့် မိဘပဲဖြစ်ပါစေ မမှန်တာလုပ်ရင် မမှန်တဲ့ ဟာပဲ သွားရမှာပဲလေ။ ဒါပေမယ့် ကိုမောင်အေးတို့ကတော့ ကြို့ပင်ကောက်မြို့မှာ တကယ်ပရဟိတ အလုပ်တွေ တော်တော်များများ လုပ်ကြတဲ့သူတွေဗျ။ ကျနော်တို့နဲ့လည်း ရပ်ဆွေရပ်မျိုးလိုပါပဲ ရင်းနှီးမှုတွေ ရှိကြပါတယ်။ အခုလို ပြဿနာ ဖြစ်တာတော့ ဖြစ်တာပေါ့။ကျနော်တို့တွေက ရင်းနှီးမှု ရှိကြတဲ့ လူတွေပါ ” ဟု ဦးအောင်ကိုမင်းက ပြောသည်။

ကြို့ပင်ကောက်တွင် ဖြစ်ပွားခဲ့သည့် အုပ်စုလိုက် ဓါးခုတ်မှု ဖြစ်စဉ်သည် အလွန်မင်းမဲ့စရိုက်ဆန် ပြီး တရားဥပဒေစိုးမိုးမှု နှင့် ပြည်သူ့ဘဝလုံခြုံရေးကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခံ လိုက်ရသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

ကိုဗစ်ကာလတွင် ယခုကဲ့သို့ ဖြစ်စဉ်များ တွေ့ကြုံနေရပြီး မန္တလေးတွင်လည်း ဓါးနဲ့ ခုတ်သည့် ဖြစ်စဉ်မျိုး ရှိကာ ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ်ချမှတ်အရေးယူထားသည် ဟု တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က ပြောသည်။

ထိထိရောက်ရောက်စုံစမ်းအရေးယူရန်လိုအပ်

ကြို့ပင်ကောက် မြို့တွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ ဓါးခုတ်မှု ဖြစ်စဉ်သည် တရားဥပဒေစိုးမိုးရေးနှင့်သက်ဆိုင်ပြီး ကိုဗစ်ကာလ ဖြစ်သည့်အပြင် ပြည်သူများသည် အိမ်အပြင်မထွက်ရဘဲ စိတ်ကျဉ်းကျပ်သည့်ကာလတွင် အုပ်စုဖွဲ့ ပြစ်မှု ကျူးလွန်သူများကို ထိထိရောက်ရောက် စုံစမ်းအရေးယူရန်လိုအပ်သည် ဟု တရား လွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က ငြမ်းမီဒီယာ သို့ မှတ်ချက်ပြု ပြောဆိုသည်။

မလုံခြုံဘူး၊သေပြီထင်ခဲ့တာ

ကြို့ပင်ကောက် အုပ်စုဖွဲ့ ဓါးခုတ်မှုဖြစ်စဉ်တွင် (၈) ဦး ကို ဖမ်းမိထားပြီး အဆိုပါ (၈) ဦးမှ တစ်ဦး အား ပုဒ်မ ၁၆၉ ဖြင့် လွတ်ထား ကြောင်း နှင့် တရားခံပြေး (၁၁) ဦး ရှိကြောင်း ကြို့ပင်ကောက်မြို့မ ရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ကိုမောင်အေး အပါအဝင် လွတ်မြောက်နေသူများ ကို လည်း လိုက်လံဖမ်းဆီးနေကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။

“ ကျနော်တို့ သေပြီထင်ခဲ့တာ။ ကျနော်တို့ မလုံခြုံဘူး။ကျနော် ဒီအမှု ကိစ္စပြီးရင် ဒီမှာမနေတော့ဘူး။ ကျနော် တော်တော် ကြောက်သွားတယ်။ မမျှော်လင့်တဲ့ အဖြစ်ဆိုးကြီး ” ဟု ဦးဘာဘူလေးက ပြောသည်။

အပြစ်ရှိသူများ မြန်မြန်ဆန်ဆန်ဖမ်းမိရေးနှင့် ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရေးကိုလည်း ဥပဒေပညာရှင်များနှင့် တရားဥပဒေစိုးမိုးမှုကို လိုလားသူ ပြည်သူများက ဆန္ဒရှိနေ ကြသည်။

CJ / ဦးဘာဘူလေး နေထိုင်ရာ ရွာမ မြောက် ရပ်ကွက်၊ကံညီနောင်လမ်း

လူအသွားအလာ မပြတ်သည့် ကြို့ပင်ကောက်မြို့ ၊ရွာမ မြောက် ရပ်ကွက်၊ကံညီနောင်လမ်း မှာ အခုတော့ တိတ်ဆိတ်နေသည်။ ယခုကဲ့ သို့ တိတ်ဆိတ်မှုသည် ကိုဗစ် ကပ်ရောဂါ ကြောင့်လား၊ မင်းမဲ့စရိုက်ဆန်သည့် လူတစ်စု၏ ပြုမူမှုကြောင့်လား ဆိုသည် ကိုတော့ မသဲကွဲ ဟု ရပ်မိရပ်ဖ က တစ်ဦးက ငြမ်းမီဒီယာ သို့ပြောသည်။

ငြမ်းမီဒီယာ
မေလ၊၂၊၂၀၂၀


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,