လှောင်အိမ်ထဲက ကလေးတွေကို ဝိုင်းကူလို့လွှတ်ပေးကြပါ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း /ရန်ကုန်တိုင်း၊ကမာရွတ်မြို့နယ်၊လှည်းတန်း ဝန်းကျင် အနီးရှိ တောင်းရမ်းကလေးငယ်များ

ကလေးတစ်ယောက်ကောင်းဖို့ တစ်ရွာလုံး ပါဖို့ လိုသလို ကလေး တစ်ယောက် ပျက်ဖို့ တစ်ရွာလုံး ပါမှဖြစ်တယ်”ဆိုတဲ့ စကားအတိုင်းဆိုရင် …

ရက်စက်ကြမ်းကြုတ်ပါတယ်ဆိုတဲ့ စစ်မြေပြင်မှာတောင် အကြင်နာ တရား နဲ့ ကရုဏာကို တွေ့ရတတ်တယ်။ ကျန်းမာရေးမကောင်း တဲ့ ခွေးပိန်မကြီး က သူ့ဝမ်းက မွေးထားတဲ့ခွေးငယ်လေးတွေ ကို နို့တိုက် ကျွေးနေတယ်။

ဒါနဲ့ ဆက်စပ်သည်၊ မဆက်စပ်သည် မသိ။ ဆရာ သာဓုရေးတဲ့ “ အတာ”ဝတ္ထုထဲက သားအရင်းပေါ် အကြင်နာ၊ မေတ္တာမဲ့လှတဲ့ မသိန်းမေ။ အမေရင်းဖြစ်တဲ့မသိန်းမေ က သားအရင်းဖြစ်တဲ့ အတာလေး aပါ်ဆက်ဆံပုံကို ဒေါသဖြစ်ခဲ့ရတယ်။ စိတ်ထိခိုက်ခဲ့ရတယ်။ ဝမ်းနည်း ကြေကွဲ ခဲ့ရတယ်။

ကရုဏာ တရားမဲ့လှတဲ့ မသိန်းမေ။ အကြင်နာ တရားခေါင်းပါးလှတဲ့ မသိန်းမေ လို့ စာဖတ်သူ တစ်ယောက် အနေနဲ့ ဝမ်းနည်းဒေါသ ဖြစ်ခဲ့ ရတယ်။ မျက်ရည်စို့ခဲ့ ရတယ်။သနားစရာ အတာလေး။ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ အတာ။ ကလေးငယ်လေး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နေရာ။ ။ လှည်းတန်း
အချိန်။ ။ ၂း၃၀(နေ့လယ်)

သူတို့ကို စောင့်ကြည့်နေခဲ့တာ ရက်အတန်ကြာရှိပါပြီ။ လှည်းတန်း ခုံးတံတားအောက်မှာ သူတို့ စတည်းချတယ်။ နေ့ခင်းဘက်ဆို ကလေးတွေ က အနီးဝန်းကျင်က နေရာအနှံ့ သွားပြီး တောင်းရမ်းကြ တယ်။ လှည်းတန်းစင်တာ၊ လှည်းတန်းဈေးရှေ့ အနီးတဝိုက်ဝန်းကျင်နဲ့ စိန်ဂေဟာ။

အရွယ်နည်းနည်း ရနေပြီ ဖြစ်တဲ့ ကလေးက ကလေးငယ်လေး တစ်ယောက်ကို ပုဆိုးအဟောင်းလေးနဲ့ စလွယ်သိုင်းချီ၊ မီးပွိုင့် မိလို့ရပ်နေတဲ့ ကားတွေကြာ လူးလာခေါက်တုံ့။ တချို့က လှည်းတန်း စင်တာ အပေါက်ဝမှာ၊ တချို့က အရင် ပြည်မြန်မာ ကုန်တိုက်ဟောင်း ရှေ့က ပလက်ဖောင်းမှာ။ တာဝန်ကိုယ်စီနဲ့ တောင်းရမ်းကြတယ်။

ရတဲ့ ပိုက်ဆံကို ပြန်လာ အပ်ရတယ်။ ညခင်းဘက် လူခြေပြတ်ချိန် ဆိုရင်တော့ တချို့ကလေးတွေ က တောင်းရမ်းမှု မလုပ်တော့ဘဲ ပန်းရောင်း ရတယ်၊ ဗူးခွံတွေ လိုက်ကောက်ရတယ်။

သည်တောင်းရမ်းစားသောက်နေကြတဲ့ ကလေးငယ်တွေကို နောက်ကွယ် က ထိန်းချုပ်လှုပ်ရှား ခိုင်းစေနေတဲ့အုပ်စုတစ်စုကတော့ လှည်းတန်းတံတားအောက် မှာ ဖင်ကျောက်ချ ထိုင်ပြီး ဝိုင်းဖွဲ့ စကားပြော နေကြတယ်။ သည် အုပ်စုထဲ က မည်းမည်း၀၀ အမျိုးသမီး နှစ်ယောက် က ကလေးတွေ ရှာလို့ ရတဲ့ငွေကို သိမ်းယူရုံ၊ အော်ဟစ်ခိုင်းစေရုံ၊ မြည်တွန် တောက်တီးရုံပါပဲ။ တခါတရံ တစ်နေရာကို ဖုန်းခေါ်ဆိုမှု ပြုတယ်။ တခါတရံ သူတို့ထံ လာတဲ့ ဖုန်းကို လက်ခံစကားပြောတယ်။

ဆရာသာဓု ရဲ့ အတာဝတ္ထုမှာ အကြင်နာမဲ့လှပါတယ်ဆိုတဲ့ အတာရဲ့အမေ မသိန်းမေဟာ သူ့ဝမ်းစာ အတွက် သူ့ဘာသာ ရှာဖွေစားသောက် ပါသေးတယ်။ လုပ်နိုင်သမျှ ကြုံရာကျပန်း အရောင်း အဝယ်လုပ်တယ်။ ခက်ခက်ခဲခဲ လုပ်တယ်။ ပင်ပင်ပန်းပန်းလုပ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 

ဘယ်ဒေသက လာတယ်၊ ဘယ်လို ကြီးပြင်း လာခဲ့ရတယ် ဆိုတာ သေချာ မပြောနိုင်ပေမယ့် လက်ရှိမှာတော့ သူတို့ဟာ လူမဆန်တဲ့ လူအုပ်စု တစ်စုရဲ့ ထိန်းချုပ်ခံ၊ ဖိနှိပ်ခံ၊ အခိုင်းခံ တောင်းရမ်း စားသောက်သူ တွေ သက်သက်ပါ။ လုပ်အား ခေါင်းပုံဖြတ် ခံနေကြရတာပါ …

 

 

မိခင်ရင်း မသိန်းမေက သားအရင်းဖြစ်တဲ့ အတာလေးကို ကျောင်းထားဖို့ စိတ်ကူး မရှိပေမယ့်လည်း ပထွေးဖြစ်သူ ကိုထွန်းအောင်က အတာလေး ကို ကျောင်းထားပေးတော့ မသိန်းမေ စိတ်ထဲ ကျေနပ်ဝမ်းသာနေတာမျိုး စာဖတ်သူ တစ်ယောက် အနေနဲ့ တွေ့မိတယ်။

ခြေရာကောက်ခြင်း
ပထမနေ့
အချိန် ။ ။နေ့လယ်(၁:၀၅) မှ ည (၁:၄၅)

သည်အုပ်စုထဲက မိန်းမကြီးတွေနဲ့ ယောကျာၤးကြီးတွေဟာ တောင်းရမ်း စားသောက်မှု လုပ်ငန်းစဉ်ထဲ ကလေးငယ်တွေကို အရင်းပြုပြီး နေ့စဉ် သက်သက် သာသာ ဖြတ်သန်း နေကြတာ တွေ့ရတယ်။ ဟိုလှည့် သည်လှည့် နေရာပြောင်းတာ၊ တခါတခါမှာ ပိုက်ဆံ အကြွေ လာလဲတဲ့ သူကို လဲပေးတာလောက်ပဲ လှုပ်ရှားမှု ရှိတယ်။ သည်အုပ်စုထဲက ခပ်၀၀ အမျိုးသမီး တစ်ယောက်ဟာ လှည်တန်းစင်တာမှာ ရှိတဲ့ အကြွေစေ့နဲ့ ကစားရတဲ့ ဂိမ်းတစ်ခုကို လာကစားလေ့ ရှိတယ် (သည်လို ကစားနေ ပုံကိုလည်း သက်သေ အထောက်အထား ရှိတယ်)။ သည် အမျိုးသမီး ကစားတဲ့ ဂိမ်းဟာ လောင်းကစားဆန်တဲ့ ဂိမ်းအမျိုးအစား တစ်ခုပါ။ တချို့ညတွေမှာတော့ ကလေးတွေကို ရိုက်နှက်နေတာ တွေ့ရဖူးတယ်။ ကားစက်သံတွေကြားမှာ အော်ငေါက်သံက စူးစူးရှရှ။

လမ်းပေါ်မှာ တောင်းရမ်း စားသောက်နေ ရတဲ့ ကလေးတွေနဲ့ပတ်သက် ပြီး သူတို့တွေ လမ်းပေါ်ရောက်လာ ရတဲ့ အကြောင်းကို တွေးကြည့်ရင် အများကြီး ရှိနိုင်ပါတယ်။ မိဘတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေမှု၊ မျိုးဆက်ပွား ကျန်းမာရေးအသိပညာ အားနည်းမှု၊ ဆင်းရဲနွမ်းပါးမှု၊ ဒါတွေက စလို့ အကြောင်းအရာ မျိုးစုံပါပဲ။

ဒါပေမဲ့ လှည်းတန်း ခုံးတံတား တစ်ဝိုက်က ဒီကလေးတွေ ကတော့ အုပ်စုဖွဲ့ခိုင်းစေသူတွေရဲ့ အဓမ္မ လုပ်အားခေါင်းပုံ ဖြတ်ခံ ထားရတဲ့ ကလေးတွေ လို့ပြောနိုင်ပါတယ်။ သူတို့တွေ ကို ဘယ်သူတွေ ကမွေးဖွား တယ်၊ ဘယ်ဒေသက လာတယ်၊ ဘယ်လို ကြီးပြင်း လာခဲ့ရတယ် ဆိုတာ သေချာ မပြောနိုင်ပေမယ့် လက်ရှိမှာတော့ သူတို့ဟာ လူမဆန်တဲ့ လူအုပ်စု တစ်စုရဲ့ ထိန်းချုပ်ခံ၊ ဖိနှိပ်ခံ၊ အခိုင်းခံ တောင်းရမ်း စားသောက်သူ တွေ သက်သက်ပါ။ လုပ်အား ခေါင်းပုံဖြတ် ခံနေကြရတာပါ။

သူတို့ဟာ မလွတ်လပ်ကြဘူး၊ သူတို့ဟာ ပီဘိ ကလေးတွေလို နေထိုင် ခွင့် မရှိပါဘူး။သူတို့ဟာ ကလေးပီပီ မဆော့ကစားရဘူး။ သူတို့ဟာ စာပေ မသင်ကြားရဘူး။ လှည်းတန်း ခုံးတံတားအောက်က ပန်းရောင်းတဲ့ ကလေးတွေ ကို စာသင်ပေးနေတဲ့ ပရဟိတ စာသင်ဝိုင်း ကလေးဟာ သူတို့နဲ့ သက်ဆိုင်ပါရဲ့လားမသိ။ သည်ကလေးတွေဟာ ဝလုံး ကလေးတောင် မှ ရေးခွင့် ကြုံခဲ့ရဟန် မတူပါဘူး။ နောက်ဆုံး သူတို့ လုပ်အားနဲ့ တောင်းရမ်းထားတဲ့ ငွေကြေးလေးတွေကိုတောင် သူတို့ မပိုင်ဆိုင်ကြပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 

ဘဝဆိုတာ သည်ကလေးငယ်တွေအတွက် စစ်ပွဲပဲ။ နေ့တိုင်း၊ အချိန်တိုင်း တိုက်နေရတဲ့စစ်ပွဲပဲ။ နေ့စဉ် စစ်မြေပြင်ထဲမှာ။ အချိန်တိုင်းနီးပါးက စစ်မြေပြင် ထဲမှာ။ သည်ကလေးတွေရဲ့ငြိမ်းချမ်းရေး ဘယ်သူ ရေးထိုးပေး မလဲ …

 

နေပူ မိုးရွာ မရှောင် တောင်းရမ်းတဲ့ ကလေးငယ်တွေ ဟာ ည (၁၂း၀၀) နာရီကျော်လောက်မှာ အပြန်ခရီး အတွက် ပြင်ရပါပြီ။ ပိန်ပိန်ပါးပါး၊ အသက်(၃၅)နှစ် နဲ့ (၄၀)ဝန်းကျင်လောက်မှာ ရှိတဲ့ အမျိုးသမီးက ဦးဆောင်ပြီး အဌားယာဉ် တစ်စီးကို ဌားပါတယ်။ အမျိုးသမီးနဲ့ အတူ အသက် ဆယ်သုံးနှစ်၊ ဆယ်လေးနှစ်ဝန်းကျင်လောက် ရှိတဲ့ ယောကျာၤး လေး တစ်ယောက်ရယ်၊ ကလေးငယ် သုံးယောက် အဌား ယာဉ်ပေါ်ကို တက်။ သူတို့ရဲ့အိမ်အပြန်။ ဒါက သည်အုပ်စုရဲ့တစ်နေ့တာ အဆုံးလို့ ပြောရမလား။

ခပ်၀၀ အမျိုးသမီးနှစ်ဦး ဦးဆောင်တဲ့ အဖွဲ့ကတော့ အဌားယာဉ် အမှတ် 1c/….၊နဲ့ နေ့စဉ်ပြန်လေ့ ရှိပါတယ်။ ယာဉ်မောင်းနဲ့ သည် အမျိုးသမီးတွေ သိကျွမ်း ခင်မင်တဲ့ ပုံစံရှိပြီး၊ သည်အုပ်စုရဲ့ ထိန်းချုပ်မှုအောက်မှာ ငွေကြေး တောင်းရမ်းပေးနေရတဲ့ ကလေးငယ်တွေကလည်း သည် ယာဉ်မောင်း နဲ့ တရင်းတနှီး ရှိတာကိုတွေ့ရတယ်။

သူတို့ဘယ်မှာ နေထိုင်သလဲ။ သူတို့နေထိုင်ရာ ရပ်ကွက် အခြေအနေကို သိဖို့ သည်အဌားယာဉ်နောက်ကို လိုက်ပေမယ့် အန္တရာယ် ဖြစ်လောက် တဲ့ အရှိန်မျိုးနဲ့မောင်းနှင်နေမှုကြောင့် လက်လျှော့ခဲ့ ရပါတယ်။

လှည်းတန်း ခုံးတံတား ဝန်းကျင်မှာ အမြဲရှိနေသူ တစ်ဦးရဲ့ မျက်မြင် ပြောပြချက်အရ ခပ်၀၀ အမျိုးသမီး နှစ်ယောက် အုပ်စုဟာ နေ့စဉ်တိုင်း တက္ကစီနဲ့လာပြီး၊ တက္ကစီနဲ့ပဲ ပြန်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့ အုပ်စုအိမ် မပြန်ဘဲ လှည်းတန်း ခုံးတံတား အောက်မှာပဲ နေနေတာ ရက်သတ္တပတ် နှစ်ပတ်ကျော်လောက် ရှိပြီလို့ တခြား မျက်မြင် တစ်ဦးကပြောပြပါတယ်။

အခုတလော မန္တလေးမြို့မှာတော့ မီးပွိုင့်တွေမှာ တောင်းရမ်း စားသောက်နေတဲ့ ကလေးတွေကို မြို့တော်စည်ပင်က ဖယ်ရှား ရှင်းလင်း မှုတွေ ပြုလုပ်နေပြီး နောက်ကွယ်က စေခိုင်းသူတွေ ကို တရားစွဲဆိုမှုတွေ၊ ဖမ်းဆီးထောင်ချမှုတွေ လုပ်နေတာ သတိထား မိတယ်။

သြဂုတ်လ (၁၁) ရက်ကနေ (၁၅) ရက်အထိ လမ်းပေါ်နေ ကလေး၊ တောင်းရမ်းစားသောက်သူကလေး (၄၀)၊ သက်ကြီးရွယ်အို (၂) ဦး၊ အမျိုးသမီး (၁၉)ဦး၊ မသန်စွမ်းတစ်ဦးကို ထိန်းသိမ်းခဲ့တယ်။ မိဘဆွေမျိုးတွေဆီ ခံဝန်ထိုးခိုင်းပြီး ပြန်အပ်တာ၊ လူငယ် သင်တန်း ကျောင်း နဲ့ ကလေးပြုစုရေး ဌာနကို ပို့တာတွေ လုပ်ခဲ့တယ်။ ခိုင်းစေ သူတွေကို ထောင်(၆)လစီ ချခဲ့တယ်။ ဒါပေမဲ့ ကလေးတွေကို နောက်ကွယ် က စေခိုင်းသူတွေဟာ သူတို့ရဲ့မိဘဆွေမျိုးတွေသာ ဖြစ်ပြီး ဂိုဏ်းအဖွဲ့အစည်းပုံစံနဲ့ ထိန်းချုပ်ပြီး လုပ်နေတာ မတွေ့ရဘူးလို့လည်း မန္တလေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာနက ပြောဆိုထားတယ်။

ရန်ကုန်မြို့မှာတော့ လမ်းပေါ်တောင်းရမ်းစားသောက်နေ တဲ့ အသက် (၆)နှစ် ကနေ (၁၄)နှစ်ကြားကလေးသူငယ်(၉၀၀) ကျော်ရှိတယ် လို့ လူမှုဝန်ထမ်းဦးစီးဌာနက ဆိုထားတယ်။ တကယ့်မြေပြင်မှာတော့ အရေအတွက် က ဒီထက်များနိုင်ပါတယ်။ လှည်းတန်း၊ မြေနီကုန်း၊ သုဝဏ္ဏ လမ်းဆုံ၊ သခင်မြပန်းခြံ စတဲ့ နေရာတွေမှာ တွေ့နိုင်သလို ဘတ်စ်ကားတွေပေါ်၊ ရထားတွေပေါ် စာရွက်တွေဝေပြီး လိုက်တောင်း နေတဲ့ ကလေးတွေကလည်း အများအပြားပါပဲ။ ရပ်ကွက်တွေ ထဲ ဝါးဆစ် ဗူးခေါက်၊ သီချင်းဆိုတောင်း နေတဲ့ ကလေးတွေလည်း မရှား ပါဘူး။

ရန်ကုန်မြို့၊ လှည်းတန်း ခုံးတံတားအောက်က ဒီကလေးတွေ ကရော ဘယ်ကလာကြသလဲ၊ သူတို့တွေကို ဘယ်သူတွေက ခိုင်းစေနေတာလဲ၊ နောက်ကွယ်က စေခိုင်းသူတွေဟာ သူတို့ရဲ့မိဘဆွေမျိုး တွေလား၊ သွေးမတော် သားမစပ် တွေလား။ သူတို့တွေဘယ်လို နေထိုင်ကြတယ်၊ ကလေးတွေနဲ့ ဘယ်လို တော်စပ်တယ် ဆိုတာ အသေးစိတ်ကို လက်ရှိ မှာ မပြောနိုင်သေးပါဘူး။

သူတို့တွေ အထဲမှာ ကိုယ်အင်္ဂါပိုင်းအရ ချို့တဲ့အားနည်းသူလည်း မတွေ့ရသလို အားနွဲ့တဲ့မိန်းမသားနဲ့ ကလေးတွေချည်းပါပဲလို့ ပြောလို့ လည်း မရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေ ပြန်တိုင်း ယောကျာၤးသား (၂) ယောက်ကနေ (၃) ယောက်အထိ အမြဲပါတတ်တာ တွေ့ရလို့ပါ။ တချို့နေ့တွေမှာတော့ နေခင်းနေ့လယ်ဘက်တွေမှာတောင် ယောကျာၤးသား တွေ အတူ ရှိနေတာ တွေ့ရပါတယ်။

အဲဒီယောကျာၤးသားတွေကလည်း မိန်းမကြီးတွေနည်းတူ ကလေးတွေကို အော်ဟစ်ရုံ၊ သူတို့ အနီးအနားကို လာပြီး စူးစမ်းကြည့်ရှု သူတွေကို ရန်ပြုဖွယ်ရှိတဲ့ အမူအရာမျိုးနဲ့ တုံ့ပြန်ရုံလောက်ပဲ အလုပ်လုပ် ကြတာပါ။ အခု ရက်ပိုင်းတွေမှာတော့ ည(၁၂:၀၀) နာရီလောက် အထိ အလုပ် လုပ်ပြီးတဲ့ အခါ တံတားအောက်က ပလက်ဖောင်းမှာပဲ တန်းစီ အိပ်ကြ တယ်။ ကလေးတွေဟာ လုံလောက်တဲ့ အနွေးထည်၊ စောင်၊ စတာတွေ မရှိဘဲ လမ်းဘေးမှာပဲ ဖြစ်သလို အိပ်ကြရတယ်။

ညလုံးပေါက် သူတို့ကို စောင့်ကြည့်ခဲ့တဲ့ ညတစ်ညက ဆိုရင် ကလေး လေး တစ်ယောက်ဟာ ပလက်ဖောင်းပေါ်မှာတောင် မဟုတ်ဘဲ လမ်းပေါ် မှာ စောင် မပါ၊ ခေါင်းအုံး မပါ၊ အနွေးထည် မပါဘဲ ကွေးကွေး လေး အိပ်နေရတာကို သနားစဖွယ် တွေ့ရတယ်။ ည (၂:၀၀) နာရီလောက် ကစပြီး တစိမ့်စိမ့်ရွာနေတဲ့ မိုးစက်တွေအောက်မှာ အဲဒီ ကလေးလေးဟာ အအေးမိပြီး သေဆုံးသွားနိုင်သလို ညဘက် ကားလမ်းတွေ ရှင်းလင်း ခိုက် အရှိန်ပြင်းပြင်း မောင်းနှင် လာတတ်တဲ့ ကားတစ်စီးစီးရဲ့ ကြိတ်မိတာ ခံရပြီး သေဆုံး သွားနိုင်ပါတယ်။

ဒါပေမဲ့ မနက် (၇:၃၀) အချိန်အထိ အဲဒီကလေးလေးဟာ အဲဒီ နေရာမှာ၊ အဲဒီပုံစံ အတိုင်းပဲ အိပ်စက်နေရတာ တွေ့ရတယ်။ ဘယ်သူမှလည်း သူ့ကို ထကြည့်တာ၊ နေရာပြောင်းရွှေ့ပေးတာ၊ စောင်ခြုံပေးတာ မတွေ့ခဲ့ရ ပါဘူး။

ဘဝဆိုတာ သည်ကလေးငယ်တွေအတွက် စစ်ပွဲပဲ။ နေ့တိုင်း၊ အချိန်တိုင်း တိုက်နေရတဲ့စစ်ပွဲပဲ။ နေ့စဉ် စစ်မြေပြင်ထဲမှာ။ အချိန်တိုင်းနီးပါးက စစ်မြေပြင် ထဲမှာ။ သည်ကလေးတွေရဲ့ငြိမ်းချမ်းရေး ဘယ်သူ ရေးထိုးပေး မလဲ။

ညညဆို လူခြေတိတ်စ ပြုလာတဲ့ လှည်းတန်းညတွေမှာ ဖြတ်သွား ဖြတ်လာတွေ ရှိသေးတယ်။ သည် ကလေးတွေရဲ့စစ်တလင်းပြင်ဆန်တဲ့ ညဉ့်ယံမှာ ဘယ်ဖြတ်သွားဖြတ်လာမှ မရှိဘူး။ လှည်းတန်းမီးရောင် ဟာ ထိန်ညီးနေပေမယ့်လည်း ကလေးတွေ အပေါ် အမှောင်က အပြည့် ကျနေတယ်။

“ကလေးတစ်ယောက်ကောင်းဖို့ တစ်ရွာလုံး ပါဖို့ လိုသလို ကလေး တစ်ယောက် ပျက်ဖို့ တစ်ရွာလုံး ပါမှဖြစ်တယ်”ဆိုတဲ့ စကားအတိုင်းဆိုရင် ဆရာသာဓုရဲ့အတာ ဝတ္ထုထဲမှာ မသိန်းမေဟာ အကြင်နာတရား မဲ့ပေမယ့် ပထွေးဖြစ်သူ ကိုထွန်းအောင်ကတော့ အတာဆိုတဲ့ ကလေးငယ်လေး အပေါ် အကြင်နာ တရားအပြည့်၊ စာနာစိတ် အပြည့်ပါ။ အတာတို့ရဲ့အိမ်နီးချင်း မမသက်တို့ကလည်း အတာဆိုတဲ့ ကလေးလေး အပေါ်ကရုဏာအပြည့်။

လောင်းကစားကို ခုံမင်၊ ငွေအသုံးကြမ်း၊ ချင့်ချိန်နှိုင်းဆနိုင်ခြင်းမရှိ၊ သားအရင်းပေါ် အကြင်နာတရားခေါင်းပါးတဲ့ မသိန်းမေလို မိခင်မျိုးကို အတာလေး လက်ခံရပေမယ့် ကိုထွန်းအောင်၊ မမသက်တို့ ညီအစ်မ တို့လို ပတ်ဝန်းကျင်ကောင်းကို အတာလေး အနေနဲ့ ရခဲ့တယ်။ အခု လှည်တန်း ခုံးအောက်မှာ အုပ်စုဖွဲ့ပြီး လုပ်အားခေါင်းပုံဖြတ်ခံနေရတဲ့ ကလေးငယ်တွေကရော အတာလေးလို ပတ်ဝန်းကျင်ကောင်း ရှိရဲ့လား။

အပျော်တွေနဲ့ ပြေးဆော့ရမယ့်အရွယ်၊ စာသင်ခန်းထဲစာအံ့ရမယ့်အရွယ်။ မိဘလက်ကိုဆွဲ မိုးပျံပူဖောင်းလေးဝယ်ပေးပါလို့ ပူဆာရမယ့် အရွယ်။

လက်ရှိ ကျင့်သုံးနေတဲ့ ကလေးသူငယ် ဥပဒေဟာ မြန်မာနိုင်ငံရဲ့ ခေတ်နဲ့ အံမဝင်တော့တဲ့ ဥပဒေပေါင်းများစွာထဲက တစ်ခုပါ။ ၁၉၉၃ ခုနှစ်မှာ ပြဌာန်း ခဲ့တဲ့ အဲဒီ ဥပဒေအရ ကလေးတွေကို နောက်ကွယ်က တောင်းရမ်းစေခိုင်း သူတွေကို ထောင်ဒဏ်(၆)လ၊ ဒဏ်ငွေ တစ်ထောင်ပဲ ပြစ်ဒဏ် ချမှတ် အရေးယူနိုင်ပါတယ်။အဲဒီ ဥပဒေကို ပြင်ဆင် ရေးဆွဲပြီး အတည် ပြုနိုင်ဖို့ လွှတ်တော်ကို တင်ထားပြီး ဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီး ဌာနက ဆိုထား ပေမယ့် လက်ရှိ အချိန်ထိတော့ ဥပဒေသစ် ပေါ်ထွက် လာခြင်း မရှိသေး ပါဘူး။ အဲဒီဥပဒေ ထွက်ပေါ်လာ ရင်တော့ ကလေးသူငယ်တွေ ကို နောက်ကွယ်က တောင်းရမ်း ခိုင်းစေသူတွေကို အတိုင်းအတာ တစ်ခုအထိတော့ ပိုပြီး ထိထိရောက်ရောက် အရေးယူနိုင်ပါလိမ့်မယ်။

အစိုးရ ဌာနဆိုင်ရာရဲ့ တာဝန်ဝတ္တရားတွေ၊ ပြဌာန်း ဥပဒေတွေရဲ့ အားနည်း ချက်တွေကို ခဏထားလို့ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို လည်း ကျနော် ဒီနေရာမှာ တစ်ဆက်တည်း တွေးမိ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံသားတွေဟာ အလှူ အတန်း အတွက် သဒ္ဓါအားကောင်းကြ ပါတယ်။ ဆင်းရဲနွမ်းပါ တဲ့ ကလေး သူငယ်တွေ တင်မက သက်ကြီးရွယ်အို၊ ၊ မသန်စွမ်း၊ အားလုံးကို လှူတတ် ကြပါတယ်။

ပွင့်ပွင့်လင်းလင်းပဲ ပြောပြီးတောင်းတောင်း၊ သင်္ကန်း အရေခြုံပြီးပဲ အလှူခံခံ၊ စာအိတ်တွေဝေပြီးပဲ အကြွေးကောက်သလို ကောက်ကောက် အများအားဖြင့်တော့ ပေးလှူ လိုက်ကြတာပါပဲ။ ဒါပေမဲ့ ဒီလို လှူဒါန်းမှု တွေဟာ အလွယ်လမ်း လိုက်တဲ့ဓလေ့စရိုက်၊ လိမ်ညာတဲ့ ဓလေ့စရိုက် အားကောင်းမောင်းသန် တည်တံ့ နေစေဖို့ ကျနော်တို့ ကိုယ်တိုင် တွန်းပို့ ရာ ရောက်နေသလား ဆိုတာ ကိုတော့ စဉ်းစားဖို့ လိုလာပါပြီ။

တောင်းရမ်းသူ အမျိုးမျိုးရှိတဲ့ အထဲက သက်ကြီးရွယ်အို၊ မသန်စွမ်းနဲ့ မသန်စွမ်း စစ်မှုထမ်းဟောင်းတွေ ကို ပကတိ အခြေအနေအရ၊ သိသာ ထင်ရှားတဲ့ လိုအပ်ချက် ရှိနေမှုအရ ပေးလှူတာ၊ ဖြည့်ဆည်းပေးတာမျိုး ကို သဘောမတူနိုင်စရာ မရှိပေမယ့် အထူးသဖြင့် ကလေး သူငယ်တွေ ကို ကျနော်တို့ ပေးကမ်းနေတာတွေကတော့ သူတို့ ဘဝကောင်းရာ ကောင်းကျိုး အတွက် တကယ် အကျိုးရှိရဲ့လား ဆိုတာ မေးခွန်း ထုတ်စရာ ရှိပါတယ်။

ဘယ်သူ့ကို မဆို လှူဒါန်းပေးကမ်းခြင်းဟာ ကောင်းမှုတရပ်ဖြစ်ပေမယ့် သူတို့တွေရဲ့ အနာဂတ်မှာ ကိုယ်အားကိုယ်ကိုး လိုစိတ်ကို ဖျက်ဆီးရာ ရောက်သလို နောက်ကွယ်က စေခိုင်းနေသူတွေကိုလည်း အားပေးရာ ရောက်တဲ့ ပြုလုပ်မှုလည်း ဖြစ်သွားနိုင်ပါတယ်။

ကျနော်တို့ဟာ ကိုယ်အသက်ရှည်ဖို့၊ ကျန်းမာဖို့ ရည်ရွယ်ချက်နဲ့ ငှက်ကလေးတွေ လွှတ်တတ် ကြသလို အခြား တဖက်ကလည်း ကျနော်တို့ ငှက်လွှတ်ခြင်းကြောင့်ပဲ ဒီငှက်ကလေးတွေ အဖမ်းခံနေ ရတာလည်း ဖြစ်နေပြန်ပါတယ်။ ဒီငှက် ကလေးတွေရဲ့သံသရာထဲ ကလေးတွေလည်း မရောက်ရအောင် ကျနော်တို့ ကိုယ်တိုင် သူတို့ကို လှောင်အိမ်ထဲက ထုတ်ပေးဖို့ သင့်ပါပြီ။

ဟုတ်ကဲ့။ ပြဌာန်းဥပဒေတွေ၊ အစိုးရရဲ့တာဝန်ဝတ္တရားတွေ ကို ခဏထားလို့ ကျနော်တို့ လူ့အဖွဲ့အစည်း ကလည်း ကလေးတွေကို လှောင်အိမ်ထဲက ဝိုင်းထုတ်ပေးဖို့ သင့်ပါပြီ။

ဇော်နောင်လင်း
သြဂုတ်၊(၃၀)၊၂၀၁၇၊ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,