ဝန်ကြီးချုပ်တွေ၊ မဲရုံစောင့်ဆရာ၊ ဆရာမတွေ နဲ့ ကိုယ်စားလှယ်လောင်း တွေကို ဖမ်းဆီးတော့မယ်ဆိုတဲ့ သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဇန်နဝါရီ (၂၃) ရက်နေ့မှာ လူဖမ်းပွဲ စတင်မှာ ဖြစ်ပြီး ဝန်ကြီးချုပ် (၈) ဦး ၊ မဲရုံစောင့် ဆရာ၊ဆရာမ တစ်သောင်းကျော်၊ မဲရုံမှူး၊ မဲရုံတာဝန်ရှိသူ ရပ်ကျေး အုပ်ချုပ်သူ တစ်သောင်းကျော်၊ ကိုယ်စားလှယ်လောင်း တစ်ရာကျော် နဲ့ ကူညီပံ့ပိုးသူ နှစ်သောင်းကျော် ပါဝင်တယ်လို့ ရေးသားဖော်ပြထားတဲ့ အကြောင်းအရာ တစ်ခုကို Aung Min Aung အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဇန်နဝါရီ (၁၉ ) ရက်နေ့မှာ ဖြန့်ချိခဲ့တာ တွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ဖေ့စ်ဘွတ်အကောင့်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံအရ Aung Min Aung ဖေ့စ်ဘွတ်အကောင့်ဟာ သတင်းအမှားတွေ ဖြန့်ချိလေ့ရှိတဲ့ Aung Min ရဲ့ အကောင့်လို့ ယူဆရဖွယ်ရှိပါတယ်။

Aung Min Aung အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိထားတဲ့ ဇန်နဝါရီ (၂၃) ရက်နေ့မှာ လူဖမ်းပွဲ စတင်မယ် ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေးကြည့်ရာမှာ သတင်းလုပ်ငန်းစဉ်များနဲ့ အညီ ရေးသားဖော်ပြတဲ့ သတင်းဌာနတွေမှာ သည်လို အကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးသား ဖော်ပြထားတာ မရှိပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲ့ဒါတွေက တမင်ကို လုပ်နေကြတာပါ။ ကျနော်တို့ ဖေဖော်ဝါရီလ (၁) ရက်နေ့ ကို လွှတ်တော် ခေါ်တော့မယ် ဆိုတော့ ဒါက နေမြင့်လေ အရူး ရင့်လေပါပဲ။ လွှတ်တော် ခေါ်ခါနီးလေ မအောင့်နိုင် မအီးနိုင်ဖြစ်ပြီး မဟုတ်တဲ့ သတင်းအမှားတွေနဲ့ လူထုကို ပိုပြီတော့ အဆက်မပြတ် လိမ်ညာပြီးတော့ လုပ်နေတာပါ။ ဒါဘာမှ မဖြစ်နိုင်ပါဘူး။ ဒါ သတင်းအမှားပါ လို့ NLD ဗဟိုပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူး မုံရွာအောင်ရှင်က မှတ်ချက်ပြုပါတယ်။

မကြာမီကာလမှာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် အရ ဖြစ်ပေါ်နေတဲ့ လွှတ်တော်တွေ၊ တတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေ၊ အဲဒီ အစည်းအဝေးကဖြစ်ပေါ်လာမယ့် အစိုးရ ဖွဲ့စည်းမှုတွေ ဒါတွေ အပေါ်မှာ အဟန့်အတား တစ်ခုခု ဖြစ်စေချင်တာရယ်၊ပြည်သူလူထု အတွင်းမှာ တည်ငြိမ်မှု ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတယ်လို့ ကျနော်တို့မြင်နိုင်တာပေါ့ လို့ ဥပဒေအကြံပေး ဦးခင်းမောင်မြင့် က ပြောပါတယ်။

ကျနော်တို့ဆရာအဖွဲ့အစည်းတွေက ဒါကို သတင်းအတု၊သတင်းအမှား သွေးထိုး လှုံဆော်တာလို့သတ်မှတ်ပါတယ်။ နောက်တစ်ခုက အဲဒီအပေါ်မှာ လိုက်ပြီး၊ အဲဒီအပေါ်မှာ မူတည်ပြီး တုံ့ပြန်သွားဖို့မရှိပါဘူး။ ကျနော်တို့အဖွဲ့က ဆရာ၊ဆရာမတွေ ပညာရှင်တွေဖြစ်တဲ့ အတွက်ကြောင့် သူတို့ အမှားလုပ်မှန်း သိသိနဲ့ ကျနော်တို့က အဲ့ဒါနဲ့လိုက်ပြီး ရန်ဖြစ်နေစရာ အကြောင်းလည်း မရှိဘူး လို့ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ဦးမင်းမင်းထွဋ် က ပြောပါတယ်။

သည်အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Aung Min Aung အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိထားတဲ့ ဝန်ကြီးချုပ်တွေ၊ မဲရုံစောင့်ဆရာ၊ ဆရာမတွေ နဲ့ ကိုယ်စားလှယ်လောင်း တွေကို ဖမ်းဆီးတော့မယ်ဆိုတဲ့ အကြောင်းအရာဟာ ပြည်သူလူထုကြား အမြင်ရှုပ်ထွေးမှုဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု၊ သတင်းအမှား ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

အထွေထွေရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်အပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲတွင် ဆရာ၊ဆရာမများ လာဘ်ယူမှု NLD တောင်းပန်သော်လည်း ဒုတပ်ချုပ်က အရေးယူမည် ၊ တပ် က အိမ်စောင့်အစိုးရ ဖွဲ့လိုက်ပြီ ၊  UEC နှင့် NLD ဖျက်သိမ်းရန် သေချာ ၊ ဒေါ်အောင်ဆန်းစုကြည် မဲခိုးမှုသတင်း နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြ ၊ တပ်မတော် က အာဏာသိမ်းထား၊ တစ်ပတ်အတွင်း ယာယီအစိုးရ ဖွဲ့မည် စတဲ့ သတင်းအတု ၊သတင်းအမှား ဖြန့်ချိခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။

ဒီမိုကရေစီ အစိုးရလက်ထက်မှာ ငွေကြေးအကုန်ကျခံပြီးလုပ်ထားတဲ့ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်ရေး ရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့က သတင်းအတု၊ သတင်းအမှား ဖြန့်တဲ့ အကောင်တွေကို ပိတ်ပစ်ဖို့ လိုပါတယ်။ နောက်တစ်ခုက မဟုတ်မမှန်လုပ်ကြံ ဖန်တီးတယ်ဆိုတာ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးကို ထိခိုက်စေပါတယ်။ ဒါတွေက မလုပ်သင့်တဲ့ ကိစ္စပါ။ ဒါမျိုးက စိတ်ဓာတ်အောက်တန်းကျသူတွေရဲ့ လုပ်ပုံ၊လုပ်ရပ်တွေလို့ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ဆရာ ဦးမင်းမင်းထွဋ် က မှတ်ချက်ပြုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အားလုံး ဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,