ဝူဟန်ကလူတွေ ရောက်လာတော့ စိုးရိမ်ကြတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဝူဟန်က စတင်ဖြစ်ပွားရာ နေရာဆိုတော့၊ အဲဒီကလူတွေပြန်ရောက်လာတာ လူတွေတော်တော်လေး သတိထား ရမယ့် အနေအထား …

တရုတ်နိုင်ငံတွင်အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသား (၂၅၀) ကျော်ကို တရုတ်ဘက်မှ ပြန်လွှဲပေးခဲ့ရာ မူဆယ်မြို့ နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာက လက်ခံခဲ့သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိုင်းဘိုးအောင်ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

SNDP / မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း (ဦး)စိုင်းဘိုးအောင်

ငြမ်းမီဒီယာ – ဒီနေ့ တရုတ်ပြည်က ပြန်လွှဲပေးတဲ့လူ (၂၅၀) ကျော် မူဆယ်ကို ရောက်တယ်လို့သိရပါတယ်။ အခုလိုပြန် ရောက်လာတဲ့ လူတွေကို စောင့်ကြည့်ပြီး ကျန်းမာရေးစစ်ဆေးမယ့်အစီအစဉ်တွေ ဘယ်လိုရှိပါသလဲ။

USBA – ဒီမှာကတော့ ပြီးခဲ့တဲ့တစ်ပတ်လောက်ကစပြီးတော့ ထောက်ခံချက်တွေပါရင် ဒီအတိုင်းပဲပြန်ပြီးပို့လိုက်တယ် လို့ ကြားပါ တယ်။ အခုရောက်လာတဲ့သူတွေကိုလည်း Quarantine မလုပ်တော့ဘူးလို့ကြားတယ်။ သူတို့ဒီမှာ ခဏနားနေဖို့နဲ့ ပြန်လည် ထွက်ခွာဖို့ကိုပဲ စီစဉ်ပေးတယ်လို့ကျနော် တို့သိရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီနေ့ ပြန်ရောက် လာတဲ့လူတွေကလည်း ဝူဟန်ဘက်က လူတွေများတယ်ဆိုတော့ အချင်းချင်းလက်တို့ သတိပေးသလိုပေါ့ …

ငြမ်းမီဒီယာ – အခုလို အကျဉ်းကျခံနေရသူတွေကို လွှဲပေးတာမျိုးမဟုတ်ဘဲ ထောက်ခံချက် မပါဘဲ ပြန်ရောက်လာသူတွေ အတွက် ရော မူဆယ်မှာဘယ်လိုစီစဉ် ဆောင်ရွက်ထားသလဲ။

USBA – အစောပိုင်းတုန်းကတော့ သူတို့ကို (၂) ပတ်စောင့်ကြည့်တာရှိတယ်။ နောက်ပိုင်း ကျတော့ (၂၁) စောင့်ကြည့်တာမျိုး ရှိပါတယ်။

ငြမ်းမီဒီယာ – အခုရောက်တာ ပထမအသုတ်ဆိုတော့ နောက်ထပ် တရုတ်ပြည်က ထပ်ရောက်လာဖို့ ရှိနိုင်သေးလား။

USBA – ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်အတွင်းပိုင်းမှာ အလုပ်လုပ်နေတဲ့ လူတွေက အများကြီး ရှိတာကိုး။ တချို့ကလည်း တရားဝင်သွားရောက် လုပ်ကိုင်ကြတာရှိသလို တချို့ကျတော့ တရားမဝင်သွားလုပ် ကြတာတွေလည်း ရှိတယ်။ တရားမဝင်သွားတာတွေ ကျတော့ တရုတ်အစိုးရကဖမ်းပြီး ဒီအတိုင်းလွှတ်လိုက်တာ တော်တော် များပါတယ်။ တရားဝင်သွားတဲ့ လူတွေကျတော့ ဟိုဘက်ကအလုပ်ရှင်ကတာဝန်ခံပြီး နေထိုင်ခွင့် ကတ်ပေး ထားတဲ့၊ ကတ်စိမ်း ပေးထားတဲ့ လူတွေကိုတော့ အခုလိုပဲ တရားဝင် လွှဲပေးတာ များပါတယ်။

Positive လူနာအဖွားက Negative ဖြစ်သွားပြီ ဆိုတဲ့သတင်းကြားတော့ လူတွေနည်းနည်းပြန် လွတ်ချင်တာလားမသိဘူး။ ဒီမနက် …

ငြမ်းမီဒီယာ – အခုရောက်လာတဲ့ (၂၅၀) ကျော်ထဲမှာ မူဆယ်မြို့ခံ ဘယ်နှယောက်လောက် ပါပါသလဲ။

USBA – မူဆယ်မြို့ခံတော့မပါပါဘူး။ ကျောက်မဲမြို့နယ်ရယ်၊ နောက် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆမ်၊ မန်တုံပေါ့။ နမ့်ဆမ်၊ မန်တုံ၊ ကျောက်မဲ အဲဒီနယ်တွေက အများဆုံးပါပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုလိုမျိုး တရုတ်ပြည်ကနေ ရာနဲ့ချီတဲ့လူတွေ ပြန်ရောက်လာတဲ့အပေါ် မြို့ခံလူထုရဲ့ စိုးရိမ်ပူပန်မှုက ဘယ်လို ရှိပါ သလဲ။

USBA – ဒီမှာကတော့ အစောပိုင်းတုန်းက Positive လူနာတစ်ယောက်မှမတွေ့တာကနေ ပြီးခဲ့တဲ့လက (၈၇) နှစ်အရွယ် အဖွား တစ်ယောက် မူဆယ်မှာ Positive စတွေ့တယ်ပေါ့။ အဲဒီတုန်းကတော့ Positive လူနာစတွေ့တယ်ဆိုတော့ တော်တော်လေး ထိတ်လန့်မှု ဖြစ်ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ အသွားအလာဆင်ခြင်တာတွေ၊ မဖြစ်မနေသွားလာ ရရင်လည်း Mask တပ်ပြီး သွားလာကြတာတွေ အဲဒီလို ထိန်းထိန်းသိမ်းသိမ်း ဂရုစိုက်ကြတာတွေတော်တော်လေး များလာတယ်။ ဒါပေမယ့် မနေ့က Positive လူနာအဖွားက Negative ဖြစ်သွားပြီ ဆိုတဲ့သတင်းကြားတော့ လူတွေနည်းနည်းပြန် လွတ်ချင်တာလားမသိဘူး။ ဒီမနက် ကျနော် ဈေးဘက်သွားတော့လူတွေ တော်တော်လေး တိုးကြိတ် နေတာတွေ့ ရပါတယ်။ မူဆယ် ယာယီဈေးမှာပေါ့။

သရုပ်ဖော်ပုံ / ဓာတ်ပုံ / Freepik

ငြမ်းမီဒီယာ – အခုပြောသွားတဲ့ Negative ပြန်ဖြစ်သွားတဲ့ လူနာအဖွားရဲ့ လက်ရှိအခြေအနေ ကရော ဘယ်လိုရှိပါသလဲ။

USBA – ဒီကဆေးရုံဝန်ထမ်းတွေပြောတာကတော့ လက်ရှိမှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရှိတယ်၊ ရောဂါပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရတာမျိုး မရှိဘူးလို့ ပြောပါတယ်။ မနေ့ကစစ်ဆေးချက်ထဲမှာ Negativeဖြစ်သွားပြီလို့ သတင်း ကြားရတော့ လူတွေက တော်တော်လေးဝမ်းသာနေကြတယ်။ ဒါပေမယ့် ဝူဟန်ကပြန်လာတဲ့လူတွေရောက်လာတယ် ဆိုတာ ကြားရတော့လည်း နေ့ခင်းပိုင်းက အချင်းချင်းသတိထားကြဖို့ပြောပြီးစိုးရိမ်မှု တချို့ပြန်ဖြစ် ကြတာလဲ ရှိတာ ပေါ့။

ငြမ်းမီဒီယာ – COVID – 19 ရောဂါနဲ့ပတ်သက်ပြီး အပြီးသတ်အခြေအနေတစ်ခုကို မရောက်သေး သလို Second Wave ရှိနိုင်တယ်၊ ပေါ့ဆလို့မရဘူးဆိုတဲ့ သတိပေးချက်တွေ ရှိပါတယ်။ ဆိုတော့ လူတွေစိတ်ထဲမှာ မပေါ့ဆကြစေဖို့ ပြည်သူ့ ကိုယ်စားလှယ်ဟောင်း တစ်ယောက် အနေနဲ့ ပြည်သူကို ဘာများပြောချင်ပါသလဲ။

USBA – Second Wave လာနိုင်တဲ့အနေအထားဆိုတာကို တရုတ်ဘက်ကနေကြားရတော့ ကြပ်ကြပ်မတ်မတ်လုပ်ကြ ပါတယ်။ နောက်ကျနော်တို့ဆီမှာလည်း Positive တစ်ယောက်တွေ့ထားတော့ အကုန်ပိတ်ထားတာတော့ရှိတယ်။ မြို့ ဘက်အဝင်တွေကို ပေးမလုပ်ဘူးပေါ့။ များသောအားဖြင့် တော့ လူတွေကတော်တော်လေးသတိထားပြီး ဆင်ခြင်ကြပါတယ်။ နောက်ဒီနေ့ ပြန်ရောက် လာတဲ့လူတွေကလည်း ဝူဟန်ဘက်က လူတွေများတယ်ဆိုတော့ အချင်းချင်းလက်တို့ သတိပေးသလိုပေါ့။ သတိထားကြဖို့ အချင်းချင်း ပြောနေကြတာတွေတော့တွေ့ရတယ်။ ဝူဟန်ကလူတွေ ရောက်လာပြီ၊ သတိထားကြပါဆိုတာမျိုးတွေတော့ တွေ့နေရ ပါတယ်။ ဝူဟန်က စတင်ဖြစ်ပွားရာ နေရာဆိုတော့၊ အဲဒီကလူတွေပြန်ရောက်လာတာ လူတွေတော်တော်လေး သတိထား ရမယ့် အနေအထားလို့ ကျနော်တို့မြင်ပါတယ်။ သူတို့ ရပ်ရွာပြန်ရောက်ရင် လည်း အဲဒီ ရပ်ရွာတွေမှာ သတိထားစောင့်ကြည့် ရမယ့် အနေအထားတွေပေါ့။ နောက်သူတို့ သွားလာတဲ့ နေရာတွေမှာ လည်း သတိထားရမယ့် အနေအထားတွေ ရှိဖို့လိုအပ်တယ်လို့ ကျနော်မြင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ထားတဲ့ ရောဂါကာကွယ်ရေး အတွက် ဆောင်ရန်ရှောင်ရန် အချက်တွေ ကို မြို့ခံလူထုကလိုက်နာမှုအခြေအနေက ဘယ်လိုရှိပါသလဲ။

USBA – ရောဂါကာကွယ်နိုင်ရေးအတွက် Mask တပ်ရတာတို့၊ လက်ဆေးတာတို့ စတဲ့ တစ်ဦးချင်း လုပ်ရမယ့် အချက်တွေကိုတော့ တော်တော်လေး ဂရုတစိုက်လိုက်နာကြတယ် လို့ မြင်ပါတယ်။ ဆိုင်တွေဘာတွေမှာဆိုရင်လည်း သုံးပေအကွာတင်မဟုတ် တချို့ ဆိုင်တွေမှာဆို ခြောက်ပေအကွာလောက်ကနေ အရောင်းအဝယ်လုပ်ပေးတာတွေ၊ မြို့ခံလူထုက လက်ဆေးတဲ့ အလေ့အထနဲ့ Mask တပ်တဲ့အလေ့အထလည်း တော်တော်အားကောင်းလာတာတွေ့ရပါတယ်။ ဒါတွေကိုကြည့်ရင် တော်တော်လေးလိုက်နာတယ်လို့ ပြောရမှာ ပေါ့။

ငြမ်းမီဒီယာ – အခုပြန်ရောက်လာတဲ့လူတွေကို သူတို့နေရပ်ပြန်ပို့ဖို့ စီစဉ်ပေးတဲ့ အပိုင်းတွေ မှာရောကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားချက်တွေနဲ့ ကိုက်ညီအောင် ဘယ်လိုစီစဉ် ဆောင်ရွက်ပေးပါသလဲ။

USBA – ဒီအပိုင်းတွေကျတော့ ကျနော်သေသေချာချာမသိရဘူး။ ဘာဖြစ်လို့လည်းဆိုတော့မြို့နယ်က ဖွဲ့ထားတဲ့ ကော်မတီထဲမှာ ကျနော်မပါဘူးဆိုတော့။ ဘေးအမြင်နဲ့ပဲပြောနိုင်တဲ့ အနေအထားပါ။

ငြမ်းမီဒီယာ – အခု မေလကုန်ပြီး ဇွန်လဆန်း ဆိုရင် မုတ်သုံရာသီ မိုးဥတု ရောက်တော့မှာပေါ့။ မိုးရာသီရောက်ရင် ပုံမှန်ဖြစ် နေကျ ရာသီတုပ်ကွေးတွေလည်း ရှိတတ်တော့ COVID – 19 ကိစ္စကလဲ မပြီးသေးတဲ့ အခြေအနေအပေါ်ဘယ်လို ဖြစ်လာ နိုင်တယ်လို့ သုံးသပ် မိပါသလဲ။

USBA – မိုးတွင်းဆိုရင် ကျနော်တို့ဆီမှာ ရာသီတုပ်ကွေးက ဖြစ်ကြတာဆိုတော့ ရာသီတုပ်ကွေးနဲ့ ဒီ COVID – 19 နဲ့ ရောထွေးပြီး သံသယဖြစ်စရာတွေ ပိုများလာနိုင်ပါတယ်။ အဲဒီမှာ ပေါ့ပေါ့ဆဆသဘောထားပြီး နေရင်တော့ အန္တရာယ်ရှိမှာ ကို စိုးရိမ် ရပါတယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,