သစ်ခုတ်သမားတို့ ပြန်လာပြီ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UDHM / UNDP ၏ ဥက္ကဌ ဦးဒေးဗစ်လှမြင့်

ရွေးကောက်ပွဲပြင်ဆင်မှု ကြုံတွေ့နေရသည့် အခြေအနေများ၊ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး မျှော်တွေးချက်၊NLD အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှုများ နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှု စသည်တို့နှင့်ပတ်သက်၍ ၁၉၉၀ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများဖြင့် အခြေခံဖွဲ့စည်း ထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဌ ဦးဒေးဗစ်လှမြင့် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – ပါတီလိုဂို အမှတ်တံဆိပ်မှာ ပုဆိန် နှစ်လက် ကို သုံးထားတာ တွေ့ရတယ်။ ဘယ်လို ရည်ရွယ် ထားတာလဲ ခင်ဗျ။

UDHM – ကျနော်တို့ အဖွဲ့က ပုဂ္ဂိုလ်တွေက အရေးတော်ပုံ အဆက်ဆက် ကို ဖြတ်သန်းခဲ့တဲ့ ပုဂ္ဂိုလ်တွေ။ ဒီမိုကရေစီရရှိရေး အရေးတော်ပုံအဆက်ဆက်ကို ဖြတ်သန်းခဲ့သူတွေ ဖြစ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မြန်မာ့နိုင်ငံရေးခရီးကြမ်း အကျပ်အတည်း အခက်ခဲပေါင်းများစွာကနေ ကျော်ဖြတ်လာတဲ့ သူတွေ ဖြစ်တဲ့ အတွက် ဒီလိုလူတွေကို သစ်ခုတ်သမားတွေ၊ ခရီးကြမ်းကို လမ်းကြောင်းကို ဖောက်ခဲ့သူတွေ ဆိုပြီးတော့ အဲဒီ အထိမ်းအမှတ် ၊အဲဒီလိုသတ်မှတ်ချက်နဲ့ ကျနော်တို့က သစ်ခုတ်သမားတွေအသုံးပြုတဲ့ ရဲဒင်းနှစ်လက်ကို သစ်ခုတ်သမားဆိုတဲ့ သင်္ကေတနဲ့ ကျနော်တို့က ခံယူပြီး ဒီ သင်္ကေတကို ထည့်ထားတာပါ။

အပြောင်းအလဲ တစ်ခုကို ကျနော်တို့ ဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ ၊ကျနော်တို့ သစ်ခုတ်သမားတွေ အားလုံးစုစည်းပြီးတော့ ရှေ့ဆက်ခရီး၊ခရီးကြမ်းကို ပြန်ဖြတ်ကြမယ်ဟေ့ ဆိုတဲ့ …

ငြမ်းမီဒီယာ – UNDP ပါတီမှာ တိုင်းရင်းသားခေါင်းဆောင်တွေထဲက ထင်ရှားတဲ့ ရှမ်းတိုင်းရင်းသားခေါင်ဆောင် ဦးခွန်ထွန်းဦး တို့လို ပုဂ္ဂိုလ်မျိုးတွေကိုလည်း တွေ့ရပါတယ်။ ပြည်မမှာဖွဲ့ထားတဲ့ ဗမာပါတီတစ်ခု၊ ဗမာတွေ ဦးဆောင်နေတဲ့ပါတီက တိုင်းရင်းသား ခေါင်းဆောင်တွေကို နာယက နေရာထည့်သွင်းထားတဲ့ ရည်ရွယ်ချက် ကို လည်း ပြောပြပေးပါဦး။

UDHM – ဒီလိုဗျ။ ကျနော်တို့ UNDP ပါတီက ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ကနေ ဆုံးဖြတ်ချက် ချပြီးတော့ မှ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ် ဆိုပြီး ပါတီ ထောင်ခဲ့တာ။ ကျနော်တို့ ပါတီရဲ့ ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ရဲ့ ဥက္ကဌက အန်ကယ်ဦးခွန်ထွန်းဦးပါ။

တိုင်းရင်းသားတွေရဲ့ဝန်းရံမှု၊ ပေးဆပ်ခဲ့မှုတွေ အလဟဿဖြစ်ကုန်တယ်

ကျနော်တို့ UNDP ပါတီ ဟာ ၁၉၉၀ အဖွဲ့ကနေ သန္ဓေတည်ပြီး ဖြစ်လာတဲ့အတွက် နာယက တွေမှာ အန်ကယ်ဦးခွန်ထွန်ဦးတို့၊ ကယန်းက ဆိုရင် ဦးခွန်မာရ်ကိုဘန်း၊ မွန် ကဆိုရင် ဒေါက်တာမင်းစိုးလင်း သူက လက်ရှိ မွန်ပါတီက၊ ဦးမောင်မြင့်ဆိုရင် ရခိုင်က၊ ရခိုင်ALD က၊ ဦးနိုင်းနိုင်းဆိုရင် သူက ကရင်။ကျနော်တို့ ၁၉၉၀ အဖွဲ့ကပဲ။

နာယကတွေကို ကျနော်တို့က တိုင်းရင်းသားခေါင်းဆောင်တွေ၊တိုင်းရင်းသားအဖွဲ့အစည်း အသီးသီး က ခေါင်းဆောင်တွေ ဖြစ်တယ်။ ၁၉၉၀ အမတ်တွေလည်း ဖြစ်တယ်။ အဲဒါကို ကျနော်တို့ အဖွဲ့ရဲ့ ခေါင်းဆောင် တွေ၊ နာယတွေအဖြစ် တင်မြှောက်ပြီး ပါတီ တစ်ခုကို ထူထောင်ခဲ့တာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နောက်တစ်ချက်က ကျနော်တို့က ပြည်မမှာ ရှိနေပေမယ့် တိုင်းရင်းသား ပါတီ လို့ ကျနော်တို့က သတ်မှတ် ထားတာ။ ဘာဖြစ် လို့လဲ ဆိုတော့ ကျနော်တို့ပါတီရဲ့ နာမည်ကို က ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ ဆိုပြီးတော့ ကျနော်တို့က ဒီလို အမည်ပေးထားတာ။

ကျနော်တို့က တိုင်းရင်းသားလူမျိုးစုံပါတဲ့ အဖွဲ့အစည်းပါ။ ဗမာတင် မဟုတ်ပါဘူး။ အခြား အခြားသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်လာပြီးတော့မှ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်မယ်ဆိုပြီး ဒီလို ယုံကြည်ချက်နဲ့ အဖွဲ့အစည်းအသီးသီးက ဖြတ်သန်းခဲ့တဲ့ ရဲဘော်ရဲဘက်တွေ အားလုံးစုစည်းပြီးတော့မှ နိုင်ငံရေးပါတီ တစ်ရပ် ဖြစ်ပေါ်လာတာပါ။

ငြမ်းမီဒီယာ – လာမယ့်နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားပြီးပြီ။ UNDP ပါတီ အနေနဲ့ ရွေးကောက်ပွဲ စည်းရုံးရေး၊ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ လုပ်ရမယ့်ဟာတွေကို လုပ်တဲ့ အချိန်မှာ ဘယ်လို အခက်အခဲ ဘယ်လိုအခြေအနေ တွေကို တွေ့ကြုံနေရလဲ ဥက္ကဌခင်ဗျ။

UDHM – အခုဟာက ကျနော်တို့ပါတီ မှတ်ပုံတင်ကျတာကလည်း လပိုင်းပဲ ရှိသေးတယ်။ မှတ်ပုံတင် ချပေးတဲ့ ကာလနဲ့ ရွေးကောက်ပွဲ ကာလနဲ့က အချိန်တိုတောင်းတယ်။ ဒီကြားထဲမှာ COVID -19 ပြဿနာက ထပ်ပြီး တိုးလာတဲ့ အတွက် ကျနော်တို့ စည်းရုံးလှုပ်ရှားတဲ့ အချိန် က တိုသွားတယ်။

ကျနော်တို့မှာ အခက်အခဲ အကျပ်အတည်းတွေ အများကြီး လာဖြစ်ရတယ်။ အဓိက က ကျနော်တို့ ပါတီရဲ့ ရုံးခန်းတွေ ဖွင့်တဲ့ ကိစ္စတွေ ၊ဒုတိယက လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ ဖိတ်ခေါ်တဲ့၊တွေ့ဆုံတဲ့ ကိစ္စ တွေမှာ လူငါးဦးထက် မကျော်တဲ့ သတ်မှတ်ချက်တွေ ရှိနေတော့ ကျနော်တို့မှာ အဲဒီ အခက်အခဲတွေ ရှိတယ်။

အချိန်ကတိုတာဖြစ်တဲ့ အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့ သတ်မှတ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အရေအတွက်ကို ပြည့်မီအောင် အခုအချိန်မှာ တက်သုတ်ရိုက်ပြီး ကြိုးစား ဆောင်ရွက်နေရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော်တို့မှာ အားတဲ့ အချိန်တောင် မရှိဘူး ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုဝင်ဘာလ ဆိုတော့ အချိန်က တော်တော် လေး ကပ်သွားပြီ။ ကြားမှာလည်း ကျနော်တို့ စည်းရုံးလှုပ်ရှား ရမယ်။ရုံးတွေ ဖွင့်ရမယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ တွေ့ဆုံ ဆွေးနွေရမယ်။ ဖိတ်ခေါ်ရမယ်။ အဲဒီလိုမျိုးတွေ လုပ်ရတဲ့အခါမှာ ကန့်သတ်ထားတာ၊ ပိတ်ထားက အခုဆို သုံးလတောင် ကျော်လာပြီ ။

အဲဒါတွေက ကျနော်တို့အတွက် အချိန်အလဟဿ ဖြစ်သွားတယ်။ အလဟဿ ဖြစ်တာက ကျနော်တို့ ဒီဘက်က ကျနော်တို့ လျာထားချက်တွေ အပေါ်မှာ အလျင်မီအောင် မနည်းကို ကျနော်တို့ ရုန်းကန်နေရတဲ့ အနေအထားကိုရောက်နေတယ်။

ငြမ်းမီဒီယာ – UNDP က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့ မူ (၉)ချက်နဲ့ ချမှတ် ရွေးချယ်တာ တွေ့ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ထားတဲ့အခါမှာ ဒေါ်နော်အုန်းလှ အပြင် အခြား လူသိများ ထင်းရှားတဲ့သူတွေ၊ ကျော်ကြားသူတွေ ဘယ်သူတွေ ပါသေးလဲ။ပြည်သူလူထုကြားမှာ မျက်မှန်းတန်းမိနေသူတွေ ၊ထင်ရှားတဲ့သူတွေ ပေါ့။

UDHM – လတ်တလောအနေနဲ့ကတော့ ကိုယ်စားလှယ်လောင်းတွေကို အပြီးသတ် ရွေးချယ်တဲ့ အနေအထား တော့ မရှိသေး ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ပထမအချက်အနေနဲ့ ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်ခြင်း ပြု၊မပြုက ဆုံးဖြတ်ချက် မချရသေးဘူး။

ကျနော်တို့ အဖွဲ့အစည်းမှာ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်တွေအများကြီး ပါပါတယ်ဗျ။ ဒီကိုယ်စားလှယ်တွေ ၁၉၉၀ အမတ် တွေက ရွေးကောက်ပွဲဝင်မယ်ဆိုရင် အားလုံးဝင်ပြိုင် မယ်။မဝင်ဘူးဆိုရင် တစ်ယောက်မှ မဝင်ဘူး။ အဲဒါက ၁၉၉၀ အဖွဲ့ အစည်းအဝေး ကို ခေါ်ပြီးမှ ကျနော်တို့ ဆုံးဖြတ်ချက် ချရမှာ။

အခုက အစည်းအဝေး က မခေါ်နိုင်သေးဘူး။ ဒီကန့်သတ်ချက်တွေနဲ့ အချိန်က ရွေ့ ရွေ့ လာတဲ့ အတွက် နောက်ပိုင်းကျရင်တော့ ကျနော်တို့ အွန်လိုင်းနဲ့ပဲ ကျနော်တို့ အစည်းအဝေး ခေါ်ရ မလား။ ဒါမှ မဟုတ် တစ်ဦးချင်းနဲ့ပဲ ဖုန်းဆက်ပြီး ပြောရမလား။ ဘာဖြစ်လို့လဲ ဆိုတော့ ၁၉၉၀ အမတ်တွေ၊ ကျနော်တို့မှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်ဆိုလို့ များများစားစားမရှိပါဘူး။

ကျနော်တို့မှာ အန်ကယ် ဦးခွန်ထွန်းဦးတို့လို လူမျိုးတွေ ၊တိုင်းရင်းသားတွေကို ကိုယ်စားပြုထား တဲ့ တိုင်းရင်း သား ခေါင်းဆောင်း တွေ လောက်ပဲ ကျနော်တို့မှာ ရှိပါတယ်။ ကျန်တဲ့ နာမည် ကျော်ကြားတဲ့ သူတွေက ကျနော် တို့မှာ မရှိပါဘူး။ ကျနော်တို့မှာ ရှိတဲ့ ပုဂ္ဂိုလ်တွေက အခြေခံ လူတန်းစားတွေ၊ တောင်သူ လယ်သမား တွေ၊ အလုပ်သမား လူတန်းစားတွေနဲ့ အရင် စစ်အာဏာရှင် အဆက်ဆက်မှာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေ ပဲ ပါတယ်ခင်ဗျ။

ငြမ်းမီဒီယာ – ဟုတ်ကဲ့ပါ။ဥက္ကဌ။ မေးခွန်းဆက်ခွင့်ပြုပါဦး။ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ရန်ကုန်မှာ ဒေါ်နော်အုန်းလှ ကို ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတယ်ဆိုတော့ တိုင်းရင်းသားရေးရာဝန်ကြီးတွေ လုပ်နိုင်တဲ့ နေရာ၊လုပ်ပိုင်ခွင့်တွေ က အကန့်အသတ်ဖြစ် မနေဘူးလား။ဒေါ်နော်အုန်းလှက သူ့ဘာသာ လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေကို သွားပြီး ကန့်သတ် လိုက်သလိုများ ဖြစ်မနေဘူးလား။

ရှေ့ဆက်ပြီးတော့ ခရီးကြမ်းကို ဖြတ်ရမယ့်အချိန်မှာ ဒေါ်နော်အုန်းလှ အနေနဲ့ သူလုပ်ချင်တဲ့ အခြေအနေ မျိုးတွေကို လွှတ်တော်ပြင်ပ နိုင်ငံရေးမှာ သူစွမ်းစွမ်းတမံ လုပ်နိုင်တယ်။တိုက်ပွဲဝင်ခဲ့တယ်။ …

UDHM – ကျနော်တို့ကတော့ အဲဒီလို အကန့်အသတ်တော့ မဖြစ်ဘူးထင်ပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ယှဉ်ပြိုင်ဖို့ ဒေါ်နော်အုန်းလှကို တာဝန်ပေးလိုက်တာက လက်ရှိမှာ ကရင့်အရေးကို သူက စွမ်းစွမ်းတမံ ဆောင်ရွက်နေသူဖြစ်တယ်။ တိုင်းရင်းသား အရေးမှာ ဆိုလည်း ဒါက သူ့ရဲ့ Specialize ပဲ။

အဲဒီလိုဆိုတော့ ဒီနေ့ဒီအချိန်မှာ ကျနော်တို့ တိုင်းရင်းသားဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်ကတော့ အများကြီး ကျယ်ကျယ်ပြန့်ပြန့်တော့ မရှိဘူးပေါ့ဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အကန့်အသတ်တွေ ရှိတယ်။

ဒေါ်နော်အုန်းလှ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်လို့ တကယ်လို့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဖြစ်ခဲ့မယ် ဆိုလည်း သူ့အနေနဲ့က လက်ရှိ တိုင်းရင်းသားတွေရဲ့ ကိစ္စတွေအပေါ်မှာ သူထဲထဲဝင်ဝင်ဆောင်ရွက်ပေးနိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။

ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ တိုင်းရင်းသားရေးရာ ဝန်ကြီးဆောင်ရွက်တာထက် သူသာဖြစ်လာရင် ပိုပြီးတော့ တိုင်းရင်းသား တွေ အရေးကို သူပိုလုပ်နိုင်မယ်လို့ ကျနော်ကတော့ ယုံကြည်တယ်။

မနှစ်ကဆိုရင် ဒေါ်နော်အုန်းလှ ထောင်ထဲတောင်ရောက်တယ်။ ကရင်တွေ့ရဲ့ ကရင့်အာဇာနည်နေ့ လုပ်တဲ့ ကိစ္စဟာ ဒါ ကရင် တွေ ရဲ့ ပြဌာန်းချက်ပဲ။ သူတို့ရဲ့ ရပိုင်ခွင့်ပဲ။ ဒါပေမယ့် မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ ၊တားမြစ်ချက်တွေ ဖြစ်လာတဲ့အခါ ကျတော့ နောက်ဆုံးဗျာ ဧရာဝတီတိုင်းမှာ ရှိတဲ့ ကရင် တိုင်းရင်းသား ရေးရာဝန်ကြီးဗျာ သူတို့လူမျိုး အချင်းချင်းတောင်မှ မလုပ်ရဘူး ဆိုပြီး စာတွေဘာတွေ ထုတ်ပြီးတော့ တားမြစ်တာတွေ လုပ်လာတယ်။

ဒါတွေက လုံးဝမလုပ်သင့်တဲ့ အလုပ်တွေပေါ့။ အဲဒီလိုနေရာမျိုးတွေမှာ ဒေါ်နော်အုန်းလှ သာ ရှိမယ်ဆိုရင် သူ့အနေနဲ့ သူကိုယ်တိုင် ဦးစီးဦးဆောင် လုပ်ပြီးတော့ ဒီပွဲတွေကို သူလုပ်မှာပဲ။ ဒါက သေချာတယ်။

သူက ဝန်ကြီးနေရာမက်လို့၊ ဝန်ကြီးလုပ်ချင်လို့ မဟုတ်ဘူး။ ကျနော်တို့ တစ်တွေ က သူ ထမ်းဆောင်နိုင်တဲ့ တာဝန်။ တိုင်းရင်းသား ရေးရာ ဝန်ကြီး ဆိုတာထက် ကရင်အရေးကို လုပ်နိုင်တဲ့ ၊ထိထိမိမိ လုပ်နိုင်တဲ့ အခြေအနေတစ်ခုကိုတော့ သူ့ကို ကျနော်တို့ ပေးကြည့် မယ်။ လုပ်စေကြည့် မယ်။ မရလည်း မလုပ်ရုံ ပေါ့။

ကျနော်ပြောချင်တာက သူ့ကို သူ့တာဝန်တစ်ခုအနေနဲ့ သူလုပ်နိုင်တယ်လို့ ကျနော်တို့ ယုံကြည် တယ်။ တာဝန်လည်း ရှိတယ်။ နောက်တစ်ခါ ကရင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ လည်း ပိုရလာနိုင်တယ်။ နောက်တစ်ခုကလည်း တိုင်းရင်းသားတွေရဲ့ အရေးကို လိုအပ်ရင် သူ့အနေနဲ့ တိုက်ပွဲ ဝင်ဖို့ ၊လက်ရှိနိုင်ငံရေး အခင်အကျင်းက ပုံသဏ္ဍန် အမှန်နေရာကို မရောက်သေး ဘူးလေ။

ကျနော်တို့က ရှေ့ဆက်ပြီးတော့ ခရီးကြမ်းကို ဖြတ်ရမယ့်အချိန်မှာ ဒေါ်နော်အုန်းလှ အနေနဲ့ သူလုပ်ချင်တဲ့ အခြေအနေ မျိုးတွေကို လွှတ်တော်ပြင်ပ နိုင်ငံရေးမှာ သူစွမ်းစွမ်းတမံ လုပ်နိုင်တယ်။တိုက်ပွဲဝင်ခဲ့တယ်။ သတ္တိရှိတယ်။ အနစ်နာခံတယ်။ ဒါပေမယ့် ဒီတစ်ခုတည်းနဲ့ မပြီးဘူးဆိုတာ ကျနော်တို့ သိတယ်။

ပြီးတဲ့ အခါ တစ်ဖက်က ဘောင်တစ်ခုတည်းပေါ့ဗျာ ။အစိုးရဆိုတဲ့ ဘောင်ရောက်သွား မယ်။လွှတ်တော်ဆိုတဲ့ ဘောင်ရောက်သွား မယ်။ တစ်ဖက်က အခင်းအကျင်းထဲကို သူရောက်သွားတဲ့ အခါမှာ ဒီအခင်းအကျင်းရဲ့ ပုံသဏ္ဍန်တွေလည်း ပြောင်းလဲ သွားနိုင် တယ်။

နောက်တစ်ခုက အဲဒီအထဲမှာ ရှိနေတဲ့ မမှန်မကန်မှုတွေ၊မတရားမှုတွေ ရှိခဲ့ရင်လည်း သူ့အနေနဲ့ တွန်းလှန် သွားစေမယ်။ လမ်းကြောင်းမှန် တစ်ခုကို သူဖော်ဆောင်လိမ့်မယ်။အဲဒါမျိုးတွေ ကျနော်တို့က ယုံကြည်တယ်။

ယုံကြည်တဲ့ အခါကျတော့ အဲဒါတွေလည်း မျှော်မှန်းချက်ရှိတဲ့အတွက် သူ့ကို ဒီဘက် အခင်းအကျင်းကနေ ဟိုဘက်အခင်းအကျင်း ကို အပြီးသတ်ပို့လိုက်တာမဟုတ်ဘူးဗျ။ ဟိုဘက် တာဝန် တစ်ခုကိုလည်း သူထမ်းဆောင်နိုင်အောင် ဒီဘက်ကလည်း ကျနော်တို့ လုပ်စရာတွေက အများကြီး ရှိတယ်။

သူတာဝန် ယူထားတဲ့ အပိုင်းတွေလည်း ရှိတဲ့ အတွက် ဟိုဘက်ဒီဘက် နှစ်ဘက်ကို မျှပြီးတော့ ယူမယ်ဆိုရင် ဒါ့ထက်ပို ကောင်းတဲ့ အခြေအနေ ဖြစ်နိုင်တယ်လို့ ကျနော်တို့ ယုံကြည်လို့ သူ့ကို ကျနော်တို့ က တိုင်းရင်းသား ရေးရာ ဝန်ကြီးတာဝန် ဝင်ရွေးပါလို့ အဲဒီလို သူ့ကို ပါတီကနေ တိုက်ရိုက်တာဝန်ပေးအပ်တာပါ။

လူထုဆန္ဒနဲ့မကိုက်ညီရင် လူထုကလည်း သူတို့ရွေးချယ်မှုကို ပြန်သုံးသပ်မှာပဲ – အပိုင်း (၁)

ငြမ်းမီဒီယာ – UNDP အနေနဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့်အခါမှာ အခြားပြည်နယ် တွေမှာ ယှဉ်ပြိုင်တာမတွေ့ရဘဲ ကရင်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တာ ထူးခြားချက် တစ်ခုခုများ ရှိနေတာလား။ဘယ်လိုကြောင့်လဲခင်ဗျ။

UDHM – ကရင်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တယ် ဆိုတာက အခုဆို ကျနော်တို့က UNA အဖွဲ့ဝင် ဖြစ်သွားပြီ။ UNA အဖွဲ့ဝင် ထဲမှာ ကရင်ပါတီဆိုလို့ ကရင်အမျိုးသားပါတီ က UNA အဖွဲ့ဝင်ထဲမှာပါတယ်။

ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်အမျိုးသားပါတီ က ကရင်ပြည်နယ်ထဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲနဲ့ ဧရာဝတီ တိုင်း မှာပဲဝင်ရောက် ယှဉ်ပြိုင်ခြင်းပြုမယ့် အခါကျတော့ ကရင်ပြည်နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီ မရှိဘူးဖြစ်သွားတယ်။

UNA အဖွဲ့ဝင်ဖြစ်တဲ့ ကရင်ပါတီ က ဧရာဝတီတိုင်း ရောက်သွားတော့ အဲဒီနေရာမှာ က ယှဉ်ပြိုင်မယ့်သူ မရှိဘဲ လစ်ဟာနေတဲ့ အနေအထားဖြစ်တယ်။ ဒါဆိုရင် ကရင်အမျိုးသားပါတီ က ဒီနေရာမှာ ဝင်မပြိုင်ဘူးဆိုရင် အဲဒီနယ်မြေတွေမှာ ဘယ်သူဝင်ပြိုင်နိုင်တဲ့ အခြေအနေ ရှိသလဲ ဆိုတာ ကျနော်တို့ မဟာမိတ်တွေ တွက်ချက်တဲ့ အခါကျတော့ ကျနော်တို့ပဲ ဝင်ပြိုင်နိုင်တဲ့ အနေအထား မှာ ရှိတော့တယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ကရင်ပြည်နယ်မှာ ကျနော်တို့ရဲ့ အခြေစိုက် အင်အားစု တွေ အကုန်လုံးရှိတယ်။ ကျနော်တို့ မှာ ပြည်ထောင်စုတိုင်းရင်းသားတောင်သူ လယ်သမား သမဂ္ဂနဲ့ လူ့အခွင့်အရေးကော်မတီ ဆိုတာ ကျနော်တို့မှာ ရှိတယ်။

အဲဒီကော်မတီမှာပါဝင်တဲ့ နိုင်ငံရေး အင်အားစုတွေ အားလုံး က ကရင်ပြည်နယ်မှာ တောင့်တောင့်တင်းတင်းကို ရှိတယ်။ ဥပမာ ဘားအံမှာရှိတယ်။မြဝတီမှာ ရှိတယ်။ ကြုံတိုးမှာ ရှိတယ်။ကော့ကရိတ်မှာ ရှိတယ်။ အများကြီးပဲ။ ကရင် တောင်သူ လယ်သမားတွေ ရှိ တယ်။ ကရင့်ခေါင်းဆောင်တွေလည်း ရှိတယ်။

ကဲ…ကရင်အမျိုးသားပါတီမဝင်ရင်တော့ ကျနော်တို့ ဝင်ပြီးတော့ ဖြည့်မှ ဖြစ်မယ်။ ကျနော်တို့ မျှော်မှန်းချက်က ၂၀၂၀ ရွေးကောက်ပွဲ ကို ကျနော်တို့က တိုင်းရင်းသားတွေနဲ့ လက်တွဲပြီး အနိုင်ရရေးကိုသွားမယ်ဆိုတာ မျှော်မှန်းချက် ထားတယ်။

ဒီလို ကရင်ပြည်နယ်မှာ လစ်ဟာသွားလို့ရှိရင် ၊တစ်နေရာ လျှော့သွား ရင် ကျနော်တို့အတွက် တစ်နေရာသည် ဆုံးဖြတ်ချက် ထဲမှာ အရေးပါတာဖြစ်တဲ့အတွက် သူတို့မဝင်ရင် ကျနော်တို့ပဲဝင်ပြီး တာဝန်ယူမယ်ဆိုပြီး ကျနော် တို့ က တာဝန်တစ်ရပ်အနေနဲ့ ယူပြီးတော့ ကရင်ပြည်နယ်ထဲကို ရွေးကောက်ပွဲဝင်ဖို့ ဒါဆုံးဖြတ်ချက်နဲ့ လာတာပါ။

ပြီးတော့ ကရင်ပြည်နယ်မှာ လည်း ပြည်နယ်ရုံးတွေ အကုန်လုံးဖွင့်ထားပြီး ဖြစ်ပါတယ်။ ကရင်ပြည်နယ် ဝင်ရတဲ့ အကြောင်းကတော့ အဲဒီအကြောင်းပါ။

ငြမ်းမီဒီယာ – UNDP ပါတီ ရဲ့ ကြွေးကြော်သံ က သစ်ခုတ်သမားတို့ ပြန်လာပြီ ဆိုတာ ဘာကို ပြောချင်တာလဲ။

UDHM – သစ်ခုတ်သမားတို့ ပြန်လာပြီ ဆိုတာက ကျနော်တို့တတွေက ဒီနိုင်ငံရေးနယ်ပယ်မှာ ပါတီမထောင်ခင် တုန်းက ကျနာ်တို့ က လွှတ်တော်ပြင်ပ နိုင်ငံရေးပဲ ကျနော်တို့ လုပ်ကြတယ်။ လွှတ်တော်ထဲသွားမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ဝင်ရောက်ယှဉ်ပြိုင်တာတွေဆို ကျနော်တို့မပါဘူး။

ဒါကတော့ NLD လုပ်နေတယ်။ NLD လွှတ်တော်နိုင်ငံရေး လုပ်နေတယ်။ NLD ဆောင်ရွက်လို့ အောင်မြင်ရင် ကျနော်တို့ က အပြင် ကနေ ပံ့ပိုးမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျနော်တို့ နေကြတယ်။ NLD ပြင်ပရောက်သွား ပေမယ့် NLD ကို ကျနော်တို့က ရန်သူ လို လည်း မသတ်မှတ်ဘူး။ ပြိုင်ဘက်လို့လည်း မသတ်မှတ်ဘူး။ ကျနော်တို့ရဲ့ မိတ်ဖက် လို ထားပြီးတော့ သူက လွှတ်တော် အတွင်း လုပ်၊ ကျနော်တို့က လွှတ်တော် ပြင်ပလုပ်ဆိုပြီး ကျနော်တို့ လုပ်တယ်။

ဒါပေမယ့် သူက လွှတ်တော်ပြင်ပနိုင်ငံရေးအင်အားစုတွေနဲ့ လုံးဝချိတ်တွဲခြင်း မပြုဘူး။ သူက သူ့ဘာသာသူ အစိုးရတစ်ရပ်နဲ့ ပုံဖော် နေတဲ့ အခါကြတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ ကျနော်တို့ တွေ့ရတယ်။ မအောင်မြင်ဘူးဆိုတာလည်း တွေ့ရတယ်။

အဲဒီတော့ ဒီအချိန်မှာ ကျနော်တို့ တစ်တွေက လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ ကျနော်တို့က အရပ်ဘက် အဖွဲ့အစည်းလို အနေနဲ့ ရပ်တည်နေရာကနေ ရှေ့ဆက်လျှောက်ရ မယ့် နိုင်ငံရေး အခင်အကျင်းကို ကျနော်တို့ ရဲဘော်ရဲဘက်တွေ အကုန်လုံး စုပေါင်းပြီးတော့ ၊ပြန့်ကျဲနေတဲ့ ရဲဘော်ရဲဘက်တွေ ၊လုပ်ဖော်ကိုင်ဖက် တွေ အားလုံးကို ပြန်လည်စုစည်းပြီးတော့ လက်ရှိ နိုင်ငံရေး နယ်ပယ်ကြီး ကို ပြန်လည် ဝင်လာပြီး တော့မှ ဒီအပြောင်းအလဲ တစ်ခုကို ကျနော်တို့ ဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ ၊ကျနော်တို့ သစ်ခုတ်သမားတွေ အားလုံးစုစည်းပြီးတော့ရှေ့ဆက်ခရီး၊ ခရီးကြမ်းကို ပြန်ဖြတ်ကြမယ်ဟေ့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြွေးကြော်သံနဲ့ သစ်ခုတ် သမား တို့ ပြန်လာပြီး ဆိုပြီ ကျနော်တို့က ဒီကြွေးကြော်သံနဲ့ ကျနော်တို့ လုပ်တာပါ။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

ဒေါ်အောင်ဆန်းစုကြည် ရှေ့ကလျှောက်ရင် နောက်ကလိုက်မယ့် အနေအထား မရှိတော့ဘူး


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , , ,