သတိရမှုနဲ့လက်ဖက်ရည်ဆိုင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

pixaby / ပြောင်းလဲသွားသည့် နေရာမှာ ငယ်က ပုံရိပ်တွေ ကို နေရာချကြည့်သည်

ကျောင်းအပြန် လွယ်အိတ်ချ။ပြေးကစား။ အဲဒီတုန်း က ကျွန်တော်တို့ ပစ်မြှောက်လိုက် တဲ့ ဖိနပ်က ကျွန်တော် တို့ အိမ်ခေါင်မိုးတွေ ကို ကျော်သည်။ ကျွန်တော်တို့ အိမ်ဝန်းကျင်မှာ ပေါက်နေတဲ့ အရိပ်ရ သစ်ပင်တွေ ထက်ကျော် သည် …

အသက်အတော်အတန်လေးရကာမှ ငယ်စဉ်က ပြေးဆော့ခဲ့တဲ့ နေရပ်ဟောင်းလေး ဆီသို့ရောက်ခဲ့သည်။ သည်နေရာသည် ကျွန်တော် တို့ ငယ်စဉ်က သူငယ်ချင်းတွေ စုစည်း ဆုံစည်းခဲ့တဲ့ နေရာ၊ သည်နေရာ မှာ သူငယ်ချင်းတွေနဲ့ ဆော့ကစား ပြေးလွှား ခဲ့တာ မဟုတ် လား။

အခုသည်နေရာ မှာ ကားတွေ တဝီဝီ။လျောက်စရာ မြေသားမရှိ။ပြေးစရာ မြေသားမရှိ။ ဆောက်လုပ်စ တိုက်ခန်းတွေ၊ဆေးရောင် တလွင်လွင်နဲ့ လူနေတိုက်ခန်း အသစ်တွေ။ မီနီမားကတ်တွေ။ နှစ်ဆယ့်လေးနာရီ ဈေးဆိုင်တွေ။ ကျွန်တော်တို့ ငယ်ငယ်က သည်နေရာ မှာ ရှိခဲ့တဲ့ တပိုင်တနိုင် အိမ်ဆိုင်လေး တွေ၊ ကုန်စုံဆိုင်လေးတွေ မရှိတော့။

အဲဒီတုန်းက မည်းမည်းတူးတူးနဲ့ မီးသွေးထမ်းတဲ့ လူကြီးကိုကြည့်ပြီး တခွီခွီ ရယ်ကြသည်။ မီးသွေးအမှုန်၊ မီးသွေး အကျန်တွေ ကို လက်မှာသုတ်ပြီး တစ်ယောက်မျက်နှာ ကို တစ်ယောက် သုတ်ဖို့ကြိုးစားကြသည်။ပြေးကြ၊ လွှားကြ၊စကြ၊နောက်ကြ။အခု သည်မီးသွေးဆိုင်ကြီးလည်း မရှိတော့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မီးသွေး ဆိုင်ကြီးနဲ့ ခပ်လှမ်းလှမ်းမှာ နံနက်ခင်း ကောက်ညှင်း၊ ရာသီပေါ်အသီး ကို ယိုစုံထိုးလို့ ၊အတို့အမြှုပ်အစုံနဲ့ ချဉ်ဖတ်စုံရောင်းတဲ့ အဘွားကြီး တစ်ယောက် ရဲ့ဆိုင် လည်း မရှိတော့။အဘွားကြီးလည်း ရှိတော့မည်ပုံ မပေါ်။

ကျွန်တော်တို့ နောက်ပြောင်ဆော့ကစားသည့် အထဲတွင် သည် အဘွားလည်း မချန်။ သည်အဘွား မကျေမနပ် မြည်တွန် တောက်တီး နေ ပုံ ကို ကြည့်ပြီး ကျွန်တော်တို့ က ပျော်သည်မဟုတ်လား။

သည်အဘွား စိတ်ဆိုးလေလေ ကျွန်တော်တို့ က ရယ်လေ။ သည် အဘွား မကျေမနပ် ဖြစ်ပြီး ကျွန်တော်တို့ ကလေးတစ်သိုက် ကို တုတ် တစ်ချောင်း နဲ့ လိုက် ရိုက်ရင် လည်း ကျွန်တော်တို့ ပျော်သည်။ မိလို့ အရိုက် ခံရမှာ ကို မကြောက်။ အဘွား အဲသည်လို ပါးစပ်က မြည်တွန် တောက်တီးပြီး လိုက် မရိုက်မှာ ကို သာ ကျွန်တော်တို့ စိုးခဲ့ကြ သည်။ အဘွား လိုက် ရိုက် ပါစေ ဆုတောင်းနေ ရသည်။ အဘွား မရိုက် ရိုက် အောင် ကျွန်တော် တို့ ကလေး တစ်သိုက် ကြိုးပမ်း အားထုတ် ရသည်။

လူနေမှုပုံစံတွေ ကို ဘယ်အရာ က တွန်းရွှေ့လိုက် သည် မသိ။ လူမှု ဘဝတွေ ဟာ တိုးတက် သွားတာလား၊ တွန်းရွှေ့ခံလိုက် ရတာ လား။ ပြေးလွှားဆော့ကစား ခဲ့တဲ့ မြေပြင် ကျယ်ကြီးတွေ၊ မိတ်ရင်းဆွေရင်းတွေ၊ မိတ်ဟောင်း ဆွေဟောင်းတွေ ရှိတဲ့မြေလေးရောင်း။နေရာဟောင်း ကို စွန့်ခဲ့ရသည် မဟုတ်လား။ ပိုကောင်းတဲ့ နေရာ ကို ရောက်သွားကြ တာ လား။ ပိုကောင်းတဲ့နေရာ ကို ရောက်ဖို့ နေရာဟောင်းမြေ ကို ရောင်းခဲ့ကြ တာလား။

 

ငယ်တုန်း က အတူဆော့ ကစားခဲ့ကြတဲ့ သူငယ်ချင်းတွေ ဘယ်များ ရောက်နေကြ ပါလိမ့်။ သည်ဘက် အိမ်ကနေ အမေလိုတဲ့ မန်ကျည်းသီး ဟိုဘက်အိမ် က သူငယ်ချင်းနာမည်ကို အော် ပြတင်းပေါက် အကျယ်ကြီး ကနေ တောင်းယူ လို့ရသည်။

 

ဟိုဘက်အိမ်က မင်းတို့လိုတဲ့ ဆား မင်းတို့ အိမ်ပြတင်းပေါက်အကျယ်ကြီးကနေ သည်ဖက် အိမ်ကို လှမ်းအော်လို့ ရသည်။ နေကောင်း ကျန်းမာကြရဲ့လား။ စိတ်ထဲ သတိတရ ရှိမိသည်။

ကျွန်တော်တို့ နေရပ်ဟောင်းလေး မှာ မျက်နှာသစ်တွေ။ စာအိမ်လို တိုက်ခန်း အသစ် ကျဉ်းကျဉ်း လေးတွေ၊ တိုက်ခန်း ကျဉ်းကျဉ်းလေးတွေ ရဲ့ ဝရံတာ မှာ အဝတ်တန်းတွေ။ ကားဟွန်းသံတွေ။ ဟိုးအရင်က သည်နေရာ မှာ ကျွန်တော်တို့ ကလေးတစ်သိုက် အော်သံ၊ ကစားသံတွေ။ ဟေး..ခနဲ။ဟား…ခနဲ။ ပျော်ကြ၊ မြူးကြ။ငိုကြ၊ယိုကြ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျောင်းအပြန် လွယ်အိတ်ချ။ပြေးကစား။ အဲဒီတုန်း က ကျွန်တော်တို့ ပစ်မြှောက်လိုက် တဲ့ ဖိနပ်က ကျွန်တော် တို့ အိမ်ခေါင်မိုးတွေ ကို ကျော်သည်။ ကျွန်တော်တို့ အိမ်ဝန်းကျင်မှာ ပေါက်နေတဲ့ အရိပ်ရ သစ်ပင်တွေ ထက်ကျော် သည်။

နားမည့်သူ မရှိ၊ကစားမည့် သူသာ ရှိသည်။ ပျော်ရသည့် ငယ်ဘဝ။ ပြေးတက်ခဲ့တဲ့ သစ်ပင်တွေ မရှိတော့။ အိမ်ခေါင်မိုးနိမ့်နိမ့်လေးတွေ မရှိတော့။ကျွန်တော်တို့ ငယ်ဘဝက လူကြီးတွေ သဘောကျသည် ဟု ပြောလေ့ ဆိုလေ့ ရှိသည့် နှစ်ထပ် အိမ်ခန့်ခန့်ကြီးဟာ အခုတော့ ခန့်ခန့်ထည်ထည် မရှိတော့ဘူး။ ဆေးတွေ မှိန်လို့။ မီးတွေလည်း မှိန်လို့။

ကျွန်တော်တို့ ခူးချိုး ခဲ့သည့် ကြံပင်တွေ မရှိတော့။ တစ်ယောက် ယောက်နဲ့ မဆုံခဲ့ မိလို့သာပင်။ဆုံခဲ့မိပါက ထိုတုန်းက ပြောင်းဖူး မီးဖုတ်ကလေး ဘယ်နှယ့်ကောင်းတာ၊ချောင်းထဲ ခိုးသွားပြီး ဖမ်းမိတဲ့ ငါး ကင်စားတော့ ရွှံ့နံ့ကြီးရနေတာ၊မိုးတွေသည်းတဲ့ တစ်ညမှာ မုန့်ဖက်ထုပ်လို့ အော်သံကြားတော့ အိပ်ရာထဲကနေ အမေရယ် စားချင်တယ်လို့ ပြောမိတာ။ ငါးအရေခွံ့ကြော်က ဘယ်လို ကြွပ်ရွပြီး စားကောင်း တာ၊ မင်းဖိနပ်ကို ဖြတ်လိုက် ဒါဆို မော်တော်ကားဘီးရ ပြီ လို့ အမေ သိပ်မကြာသေး ခင်က ဝယ်ပေးထားတဲ့ ဖိနပ်ကိုဖြတ်ဖို့ အကြံဉာဏ် ပေးတာ ဘယ်ကောင်ကြီးလေကွာလို့ ကို သတိ တရပြန်ပြောချင်နေမိတာ။

 

ကိုယ်နှစ်သက်တဲ့ ကစားစရာ လေး တစ်ခုရဖို့။ ကျွန်တော်တို့ တန်ဖိုး ထား မှု ဟာ အခြားသူတွေ ဘယ်လောက်ပေး ရတယ် ဆိုတဲ့ အဖိုး အခမှာ မရှိခဲ့ပါလား။မတည်ခဲ့ပါလား။

 

စီးတဲ့ ဖိနပ် ရဲ့တန်ဖိုးအခ ကို ကျွန်တော်တို့ အဲဒီ တုန်း က မတွက်ဘူး။ဖိနပ်ကိုဖြတ်လိုက်လို့ရလာမယ့် ဘီးကလေး အတွက်ကို ပဲ ကျွန်တော်တို့ စဉ်းစား ခဲ့ကြ တာ။ ကျွန်တော် တို့ ပျော်ခဲ့ကြတာ။

အရာရာသည် ပြောင်းလဲ သွားပါဘိ။ ပြောင်းလဲသွားသည့် နေရာမှာ ငယ်က ပုံရိပ်တွေ ကို နေရာချကြည့်မိသည်။

အရင်က တစ်ရပ်ကွက်လုံး နီးပါး လာကြည်သည့် ဗီဒီယိုရုံကြီး က အခုတော့ အထပ်မြင့် တိုက်ကြီးဖြစ်။ အောက်ထပ် မှာ စတိုးဆိုင်ကြီးဖြစ်။ အရင် ရပ်ကွက်မီးကင်း တဲကလေး ။သည် မီးကင်းတဲလေး နားမှာ ကျွန်တော်တို့ ကလေး တစ်သိုက် ရစ်သီရစ်သီ လုပ်ဖူးသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အကြောင်းမှာ မီးကင်းသံချောင်းကို ခေါက်ကြည့်ချင်ခြင်းဖြစ်သည်။ သို့သော် ခေါက်ခွင့် မသာခဲ့။ နားပူနားဆာ လုပ်သော်လည်း ခေါက်ခွင့် မရခဲ့။သည်တော့ ထိုတုန်းက မီးကင်းစောင့် သူ ဦးလေးကြီး ကို ကျွန်တော် တို့ အခဲမကျေ။ မီးကင်းခေါက်ခွင့် မပေးရကောင်းလားဟု ကျွန်တော်တို့ စိတ်ထဲ တော်တော် မကျေမနပ်ဖြစ်ခဲ့သည်။ သည်လူကြီး မီးကင်းပေါ် ရှိနေချိန် သူ့ဖိနပ် တစ်ဖက် ကို ကျွန်တော်တို့ တစ်တွေ ဝှက် ခဲ့ ဖူးသည်။ အကြောင်းအကျိုး မစဉ်းစား ။အပျော်ပဲ စဉ်းစားတဲ့ ငယ်ဘ၀ ပါလားဟု အခုတော့ ပြန်တွေးမိသည်။

သည် မီးကင်းနဲ့ခပ်လှမ်းလှမ်း မှာ အညာသားကြီး တစ်ယောက်ဖွင့်ခဲ့ သည့် လဖက်ရည်ဆိုင် ရှိခဲ့သည် ထင်သည်။ ထင်သည်ဟု ဆိုရခြင်းမှာ ကျွန်တော် ပြန်ခေါ်လို့ရသည့် မှတ်ဉာဏ် ဖြင့် ငယ်စဉ်က အမှတ် အသားတွေ၊ အဆောက်အအုံတွေ ကိုနေရာချကြည့်ရာတွင် အံဝင်ခွင်ကျ မှတ်မိနေ သည် များ ရှိသော်လည်း တချို့ အကြောင်းအရာများ ကြတော့ အစိတ်အပိုင်းမျှ သာ အာရုံထဲ ထင်တော့သည်။

အဆီတဝင်းဝင်း မျက်နှာဖြင့် အစဉ်အမြဲပြုံးနေသည့် အညာသားကြီး ကိုတော့ မှတ်မိနေ သည်။ ငယ်စဉ်က သည် အညာသားကြီး အကြောင်း စဉ်းစား ခဲ့ဖူးသည်။ သည် အညာသားကြီးဟာ မျက်နှာမှ သစ်ရဲ့လား လို့ စဉ်းစား ခဲ့ဖူးသည်။ ဘယ်တော့တွေ့တွေ့၊ ဘယ်နေ့တွေ့တွေ့ သည် အတိုင်း သာ ရှိသော အညာသားကြီး မျက်နှာပေ ကိုး။

အခု အညာသားကြီး ဖွင့်ခဲ့သည် ဟု ကျွန်တော်ထင်သည့် လက်ဖက် ရည်ဆိုင်နေရာ တွင် လက်ဖက်ရည်ဆိုင် ဟုခေါ်ရ မ လား၊ စားသောက် ဆိုင် ဟု ခေါ်ရမလား။အတော်ကြီးကြီး ဆိုင်ကြီး။ လဖက်ရည်၊ကော်ဖီ၊ ရှမ်းအစားအစာ၊ တရုတ်အစားအစာ၊ နံနက်စာ၊ ညစာ၊ လက်ဖက်သုပ်၊ ချင်းသုပ်၊ကောက်ညှင်းပေါင်း ပါ မကျန် အကုန်ရသည် မဟုတ် လား။ နေရာက ကျယ်ကျယ်၊ ခင်းကျင်းပြသထားတဲ့ တီဗီကြီးတွေက ကြီးကြီး။ စားပွဲထိုးလေး တွေ က လည်း များလှသည်။ နေရာပေါင်းစုံ၊ လူပေါင်းစုံ လာကြသည်။အမယ်ပေါင်းစုံ မှာစားကြ သည်။

ထိုတုန်းက အညာသားကြီးရဲ့ လက်ဖက်ရည်ဆိုင်ကတော့ မြေစိုက်တဲ သာသာ။ဘေးမှာ ဝါးတိုင်ကြီးတွေ စိုက်သည်။ ဝါခြမ်းပြားလေးတွေ အစီအရီဖြတ်၊ အချောသပ်သည်။ ထိုအချောသပ် ထားပြီး အညီဖြတ် ထားသည့် ဝါးပြားလေး များ ကို ပတ်ပတ် လည် ကာသည်။ရေနံချေး သုတ်လိုက်သည်။ ဓနိကို မိုးသည်။ ဆိုင်၏ အနောက်ဘက် ဘယ်ညာ တွင် ဝါးကွပ်ပျစ် ကျယ်ကျယ် နှစ်ခု ရှိသည်။ဆိုင်ကသူတွေ အိပ်ပုံ ရသည်။ ပစ္စည်းတွေ လည်း ထားကောင်းထား လိမ့်မည်။ ဒါသည် အညာသားကြီး ရဲ့ လက်ဖက်ရည်ဆိုင်။

နံပြား၊ စမူဆာ၊ အီကြာကွေး ရသည်။ လက်ဖက်ရည်၊ ကော်ဖီ ရမည်။ ပေါင်မုန့် မီးကင်၊ ပေါင်မုန့် နို့ဆမ်း။ အုပ်သုပ် သည်လို လေးတွေ ရသည်။ နံနက် ဆိုလျင် အညာသားကြီးဆိုင် က လူစုံသည်။ များသောအားဖြင့် လူလတ်ပိုင်း၊ လူကြီးပိုင်းတွေ လာကြသည်။ ကျောက်ချ ထိုင်သူရှိသည်။ နာရီခြား တစ်ခါ လာထိုင် သူရှိသည်။

အညာသားကြီး လက်ဖက်ရည် ဆိုင်မှာ နာမည် ရှိသော် လည်း။ ကျွန်တော် လည်း သတိ မထားမိ။အညာသားကြီး ၏ နာမည်အရင်းကို လည်း ကျွန်တော်အပါအဝင် တော်တော်များများ မသိ။ “ အညာသားရေ လက်ဖက်ရည်ဖိုး မှတ်ထား လိုက် ကွာ “ လက်ဖက်ရည် လာသောက်သူ ရပ်ကွက်နေတစ်ဦးဦးက အဲသည် လိုပြောသွား တာမျိုးကိုသာ ကြားဖူးသည်။

လက်ဖက်ရည် ဆိုင် မှာ ထိုစဉ်တုန်း က အညာသားကြီး နှင့် လူငယ်အရွယ် နှစ်ယောက်။တစ်ယောက်က အဖျော်၊ တစ်ယောက် က အကြော်ဆိုသော် လည်း ဖျော်တဲ့သူသည် စမူဆာကြော်နေ တတ်တာ မျိုးဖြစ်သည်။

ကြော်တဲ့ သူ သည်လည်း ထိုအတိုင်းပေပင်။ နောက်နှစ်ယောက် က ထိုစဉ်က ကျွန်တော်တို့ထက် လူကောင်ကြီး သည်ဟု ထင်ရသော် လည်း အသက် အားဖြင့် မတိမ်းမယိမ်း။ကျွန်တော်တို့လို ကလေး သာသာ။ သူတို့နာမည် ဘယ်သူ တွေလဲ ဆိုတာကိုမသိ။ အညာသား ကြီး က တစ်ခါတစ်ရံ ထိုနှစ်ယောက်ထဲမှ တစ်ယောက် ကို ကောင်လေး ရေ ဦးလေး ကိုရေနွေး ချပေးလိုက်ဦးကွာ ဆိုသည့် အသံသာ ကြားဖူး သည်။

ငယ်ဘဝနေရပ် အကြောင်းပြောရင်း အညာသားကြီး လက်ဖက်ရည် ဆိုင်ဆီ ကျွန်တော်ရောက်လာမိသည်။

အညာသားကြီး လက်ဖက်ရည်ဆိုင်က ကျွန်တော်တို့ ရပ်ကွက်က လူအများ ဆုံရာ၊ စကားဆုံရာ နေရာပေ ပင်။ငယ်စဉ်ဘ၀ က လက်ဖက်ရည် ဆိုင် ကို အဖေက မိတ်ဆက်ပေးသည် ဟု ဆိုရပေမည်။ အဖေ့ကြောင့် သာ လက်ဖက်ရည်ဆိုင် ကို ရောက်ဖူး။ ထိုင်ဖူးသည်။ နည်းနည်းလေး လူငယ် အရွယ်ဖြစ်လာတော့ အဖေက လည်း လက်ဖက်ရည်ဆိုင် မခေါ်တော့ သလို လက်ဖက်ရည် ဆိုင် သည် ကျွန်တော်တို့ လူငယ် အရွယ်တွေ သွားရန် မသင့်သောနေရာ အဖြစ် မိဘတွေက တိုးတိုး တိတ်တိတ် ကန့်သတ်ထားကြသည်။

အဖေနဲ့အတူ ထိုင်သော ငယ်ဘ၀ လက်ဖက်ရည် ဆိုင် ခံစားမှု က ဆိုင် အတွင်း ကို သာ သတိထားမိ။ ခံစားမိသည်။ စားပွဲပေါ်က မုန့်၊ဆိုင်ထဲရှိ လူတွေ။သူတို့က လည်း၊ ကိုယ်သိသည့် ဘကြီးအရွယ်တွေ၊ဦးလေး အရွယ်တွေ ကိုး။

လူငယ်ဘ၀ လက်ဖက်ရည် ဆိုင်ထိုင်ခြင်း မှာ ဆိုင်အပြင် ကို ပိုခံစား မိ၊ ပိုကြည့် ဖြစ်လာသည်။ ဆိုင်အပြင်မှာ ဖြစ်ပျက် သိမှတ်ခဲ့ တာတွေ ကို ထွေးပွေ့ပြီး ဆိုင်ထဲရောက်လာ သည်လည်း ရှိသည်။ ပိုတွေး မိလာ သည်။ အရာရာတိုင်း ကို တုံ့ပြန်ဖို့ အဆင်သင့်ဖြစ်နေ သလို၊ အဲသည်လို တုံ့ပြန်ဖို့ အင်အား အလုံအလောက် ရှိနေသလိုပင်။ အရာရာဟာ လက်တစ်ကမ်း မှာ လိုပင် စိတ်နဲ့တုံ့ပြန်ဖို့။ ကာယကံ မြောက် တုံ့ပြန်ဖို့ အသင့်ဖြစ်နေတာမျိုးဖြစ်သည်။သို့သော် ထိုအချိန်များသည် လည်း ကျော်လွန်ခဲ့ချေပြီ။

အခုတော့ စားဖွယ်စုံဆိုင်ကြီးမှာ ကျွန်တော် လက်ဖက်ရည် သောက်ဖြစ် သည်။ လက်ဖက်ရည်သောက်ရင်း ဖြတ်ခဲ့ဖူးသောနှစ်တွေ၊နေရာတွေ ကဖျတ်ခနဲ၊ဖျတ်ခနဲ ပေါ်လာလိုက်။

ဆရာမင်းလူ က သူ၏ အက်ဆေး တစ်ပုဒ်တွင် လက်ဖက်ရည်ဆိုင် များ သည် လူတန်းစား ခွဲခြားမှုမရှိ ၊ရှယ်သောက်သူ က ရိုးရိုးသောက်သူ ကို အထင်အမြင်သေးခြင်း မရှိ ဟုရေးသည်။

လက်ဖက်ရည်ဆိုင်သည် လူစုံသည်။အရောင်စုံသည်။အတွေးစုံသည်။ ကျွန်တော်လက်ဖက်ရည်သောက်နေသည်။ လက်ဖက်ရည်အရသာ ရသော် လည်း ကျွန်တော်ဖြတ်ခဲ့ဖူးသော လက်ဖက်ရည် ဆိုင်၏ အရသာကို မရ။ လက်ဖက်ရည်ဝိုင်းထဲမှာ လူချင်း ဆုံသော်လည်း စကားချင်း လက်ဆုံ မကျနိုင်တော့သည် မဟုတ်လော။

ခြိမ့်ဖေ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။