သဘောထားမသေးသိမ်ဘဲ လက်ခံမယ်ဆိုရင်တော့ ဒီကိစ္စကဖြစ်လာမယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

၂၀၂၀ ရွေးကောက်ပွဲတွင် အများဆုံးအနိုင်ရနေသော NLD ပါတီအနေဖြင့် ဒုတိယအကြိမ်အစိုးရသက်တမ်းတွင် တိုင်းရင်းသားအရေး၊ တိုင်းရင်းသားတို့အပေါ်သဘောထား မည် သို့ဖြစ်လာနိုင်သည်ကို တိုင်းရင်းသားနိုင်ငံရေး ပါတီတချို့မှ တာဝန်ရှိသူများနှင့် NLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူတို့ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

စိုင်းညွှန့်လွင်
(ဒုတိယဥက္ကဌ၊ SNLD ပါတီ)

(၈၀) ရာခိုင်နှုန်း နိုင်တုန်းက သဘောထားအတိုင်းပဲ ရှိနေမှာပါပဲ။ ဘာလို့လဲဆို သူက အခု (၈၅) ရာခိုင်နှုန်း နိုင်တာကိုး။ ကျနော်တော့ နဂိုအတိုင်းပဲလို့ထင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဗဟိုဦးစီးစနစ်ကိုပိုပြီးအားကောင်းစေတဲ့ ပုံစံနဲ့အရွေ့ကိုတွန်းတာဖြစ်တဲ့အတွက်ကြောင့် လာမယ့်အစိုးရသစ်မှာ လက်ရှိနိုင်ငံရေးအားကောင်းတဲ့တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲဖို့တော့ မရှိလောက်ဘူး။ သူတို့ …

ဒေါက်တာ M ကောန်လ
(ဥက္ကဌ၊ ကချင်အမျိုးသားကွန်ကရက်ပါတီ)

ပွင့်ပွင့်လင်းလင်းပြောရင်တော့ သူတို့က တိုင်းရင်းသားတွေအပေါ်မှာ ပိုပြီးချဉ်းကပ်ဖို့တော့မရှိဘူး။ ဘာကြောင့်လည်းဆို သူ့ Policy ကရှင်းရှင်းလေးပဲလေ။ သူက တိုင်းရင်းသားတွေကို သူတို့ (NLD) ဖွဲ့ထားတဲ့တိုင်းရင်းသား ကော်မတီနဲ့အတူပဲသွားချင်တယ်။ NLD လက်အောက်မှာပဲ လုပ်ဖို့ပြောပြီးသား၊ အစီအစဉ်ကရှိပြီးသားပဲ။

အခု ကသူတို့နိုင်တယ်ပဲထားပါတော့၊ အစိုးရလည်းဖွဲ့နိုင်ပြီ။ အဲဒါက ပိုဆိုးတာပဲ။ ကျနော်က လုံးဝအဲဒါကိုမကြိုက်ဘူး။ ဘာကြောင့်လည်းဆို ကျနော်တို့က အစကတည်းက Centeralization System ကိုလုံးဝမကြိုက်ဘူး။ အခု NLD ဆောင်ရွက်နေတဲ့ ဒီမိုကရေစီက ဗဟိုဦးစီးစနစ်နဲ့သွားနေတာ။ အမှန်ကတော့ စုပေါင်းခေါင်းဆောင်မှုဆိုတဲ့ လက်ရှိပြည်နယ်တွေ၊ လူမျိုးစုတွေရဲ့နိုင်ငံရေးအင်အားစုတွေနဲ့ လက် တွဲရမှာ။ ဒါပေမယ့်သူက အဲဒါကိုလက်မခံဘူးလေ။

သူပဲပြောင်းမယ်၊ သူပဲလုပ်နိုင်တယ်ဆိုတဲ့ဟာက ဗဟိုဦးစီးစနစ်ကို ပိုအားကောင်းစေတယ်။ အခုသူတို့သွားနေတဲ့ဟာက ဗဟိုဦးစီးစနစ်ကိုပိုပြီးအားကောင်းစေတဲ့ ပုံစံနဲ့အရွေ့ကိုတွန်းတာဖြစ်တဲ့အတွက်ကြောင့် လာမယ့်အစိုးရသစ်မှာ လက်ရှိနိုင်ငံရေးအားကောင်းတဲ့တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲဖို့တော့ မရှိလောက်ဘူး။ သူတို့သြဇာခံ တွေနဲ့ပဲ သူတို့လုပ်လိမ့်မယ်။ အဲဒါတောင် သူကသိပ်ဆန္ဒရှိပုံမရဘူး။

သူ့လက်အောက်ခံ၊ သူ့အဖွဲ့ဝင်၊ Proxy အဖွဲ့တွေနဲ့ ပဲ အလုပ်လုပ်လိမ့်မယ်။ ဒီအတိုင်းပဲသွားမှာပဲ။ အခုကချင်ဆိုပိုဆိုးသွားပြီ။ ကချင်နိုင်ငံရေးပါတီတွေနိုင်တဲ့နှုန်းကအရမ်းနည်းလာပြီ။ နည်းလာလေ ပိုပြီးမထီမဲ့မြင်ပြုလေ။ ဒီအတိုင်းလာမှာပဲ။ ဘာကြောင့်လည်းဆို သူတို့နဂိုစိတ် နေသဘောထားနဲ့ သူတို့ Policy ကရှင်းရှင်းလေးပဲ။ ဒီဟာက သူတို့ပြောင်းမှာမဟုတ်သေးဘူး။

အဓိကက ဘာလဲဆိုတော့ နိုင်ငံကို ဘယ်လိုစုဖွဲ့မလဲဆိုတဲ့ဟာက သူတို့ကြေညာသလိုပဲ ဒီမိုကရေစီဖက်ဒရယ်လို့ပဲ သွားတယ်။ အဲဒီတော့ ကြေညာထားသလိုပဲ သွားမှာ။ ဒီမိုကရေဖက်ဒရယ်ဆိုတာရှင်းပါတယ်၊ လူများစုက အုပ်စိုးမယ်ဆိုတာပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒါက ဘာလဲဆိုတော့ ဒီတိုင်းပြည်ကို ဒေသန္တရနဲ့စုဖွဲ့တဲ့ Union ပုံစံကို အတင်းသွပ်သွင်းမယ်ဆိုတာမျိုးဖြစ်နေတယ်။ အဲဒီလိုသွားမှာကို ကျနော်တို့မြင်နေရတယ်။ ဒီပုံစံကို အတင်းမောင်းသွင်းနေတာ။ အခု သူအားကောင်းသွားပြီ။ အဲဒီတော့ ကျနော်တို့ရဲ့လူမျိုးအခြေပြုပြည်ထောင်စု ဖွဲ့စည်းပုံက ပိုပြီးရုန်းကန်ရမယ့်သဘောမှာရှိတယ်။

သူတို့ကတော့ ဒေသန္တရအခြေပြု ပြည်ထောင်စု စုဖွဲ့မှုကို တွန်းမှာပဲ။ ဒါ NLD ရဲ့ Policy ပဲ။ အဲဒီအားပြိုင်မှုက ပိုပြင်းထန်လာလိမ့်မယ်။ ကျနော်တို့အတွက်ဆိုရင်လည်း ပိုပြီးပြင်းပြင်းထန်ထန်လုပ်ရမယ့်သဘောရှိတယ်။ ဘာမှမကာကွယ်နိုင်ရင်လည်း ကျနော်တို့ က ဘယ်လိုဖြစ်လာမလဲဆိုတော့ ဟန်တရုတ်တွေလွှမ်းမိုးတဲ့ တရုတ်ပြည်ကြီးလိုဖြစ်လာမယ်။ အဲဒီလိုပဲကျနော်တို့သုံးသပ်ပါတယ်။

တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍတွေကိုအလေးမထားဘဲ၊ တိုင်းရင်းသားတွေရဲ့ဆန္ဒတွေကိုအလေးမထားဘဲလုပ်ခဲ့တာတွေကြောင့် တိုင်းရင်းသားတွေမှာတော်တော့်ကိုခံစားရတာတွေ …

ဦးဖေသန်း
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ANP ပါတီ)

ကျနော်တို့ဖြတ်သန်းခဲ့တဲ့လွှတ်တော်အတွေ့အကြုံနဲ့ နိုင်ငံရေးအတွေ့အကြုံအရ NLD ရဲ့ တိုင်းရင်းသားတွေ အပေါ်ထားရှိတဲ့သဘောထားက ကျနော်တို့လိုချင်တဲ့၊ ကျနော်တို့ရည်ရွယ်တဲ့သဘောနဲ့ တစ်ထပ်တည်းမကျဘူး လို့ပြောလို့ရတယ်။ ကျနော်တို့တိုင်းရင်းသားတွေက ဖက်ဒရယ်လမ်းကြောင်းကို အဓိကရည်ရွယ်ပြီး တောင်းဆိုနေရတာ၊ လျှောက်လှမ်းနေရတာဖြစ်တယ်။

ဖက်ဒရယ်လမ်းကြောင်းဆိုတာ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ် မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်တွေအတွက် ကျနော်တို့လုပ်ဆောင်နေကြတာဖြစ်တယ်။ ဒါပေမယ့် NLD ရဲ့သဘောထားက တိုင်းရင်းသားပါတီတွေရဲ့ ဖြစ်တည်မှုကို သေးသိမ်အောင် ပြောဆိုတာတွေရှိတယ်။ တိုင်းရင်းသားပါတီတွေမှာဝင်လုပ်လို့ ဘာမှဖြစ်မလာဘူး၊ အခွင့်အလမ်းကို လိုချင်ရင် NLD ပါတီနဲ့ပူးပေါင်းဆောင်ရွက်မှရမယ်ဆိုတဲ့ သူတို့ရဲ့အသုံးအနှုန်းတွေရှိတယ်။

နောက်တစ်ချက်က လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ဖို့ကြိုးစားတဲ့အခါမှာ ပုဒ်မ (၂၆၁) ကို ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက် က အဆိုတင်လာတာကို NLD က ပယ်ချခဲ့တာတွေရှိတယ်။ ဆိုလိုတာက NLD ဟာ သူတို့ပါတီတစ်ပါတီကြီးထွားရေးကိုပဲ လိုလားပြီးတော့ တခြားတိုင်းရင်းသားပါတီတွေရဲ့ ရပ်တည်မှုအပေါ်မှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက အထောက် အကူမပြုဘူး။ ရေရှည်မှာ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍကိုမှေးမှိန်အောင်လုပ်တယ်။ မှေးမှိန်စေလိုတဲ့ သဘောထားရှိတယ်လို့ ကျနော်တို့မြင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပြီးခဲ့တဲ့ (၅) နှစ်သက်တမ်းအခင်းအကျင်းမှာတော့ တိုင်းရင်းသားပါတီတွေကို အသိအမှတ်ပြုပြီးတော့ဆက်ဆံတာ၊ တွေ့ဆုံတာ၊ ဆွေးနွေးတာ ဘာမှမရှိခဲ့ဘူး။ တိုင်းရင်းသားတွေကို သူတို့ဥပေက္ခာပြုတယ်လို့ ပြောလို့ရတာပေါ့။

ဒီတော့ ဒီနိုင်ငံရဲ့အရေးဟာ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးဆိုတာကို သူတို့သဘောပေါက်တယ်ဆိုရင် လာမယ့်အစိုးရသစ်၊ လွှတ်တော်သစ် အခင်းအကျင်းမှာ တိုင်းရင်းသားပါတီတွေရဲ့သဘောဆန္ဒပါဝင်ဖို့အတွက် တိုင်းရင်းသားပါတီတွေကို အသိအမှတ်ပြုပြီးတော့ ဆွေးနွေးဖော် ဆွေးနွေးဖက်အဖြစ် လက်တွဲပြီးဆောင်ရွက်နိုင်မှသာလျှင် ရှေ့သွားရမယ့် ငြိမ်းချမ်းရေးခရီးကအစ၊ ကျနော်တို့သွားမယ့် ဖက်ဒရယ် လမ်းကအစ အကုန်လုံးချောမွေ့လာလိမ့်မယ်လို့ထင်တယ်။

တိုင်းရင်းသားပါတီရဲ့အခန်းကဏ္ဍကို သေးသိမ်အောင် မှေးမှိန်အောင်လုပ်ပြီးတော့ တစ်ပါတီကြီးစိုးရေးပဲ ဦးတည်ဆောင်ရွက်သွားမယ်ဆိုတဲ့၊ ငါတို့ပေးမှရမယ့်သူတွေပါဆိုတဲ့ သဘောထားမျိုးရှိရင်တော့ အဆင်မပြေနိုင်ဘူး။ အဲဒီလိုမဟုတ် ဘဲ တိုင်းရင်းသားပါတီတွေကို အသိအမှတ်ပြုဆက်ဆံပြီး အစိုးရအဖွဲ့မှာဖြစ်ဖြစ်၊ လွှတ်တော်မှာဖြစ်ဖြစ် တိုင်းရင်းသားပါတီတွေကို ကိုယ်စားပြုပြီးတော့ တာဝန်ပေးမယ်၊ ဆက်ဆံမယ်၊ တိုင်းရင်းသားဒေသတွေမှာဖြစ်ပေါ်နေတဲ့ အခက်အခဲ တွေကို တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်၊ အထူးသဖြင့် တိုင်းရင်းသားအများစုကို ကိုယ်စားပြုနိုင်တဲ့ပါတီတွေနဲ့ ထဲထဲဝင်ဝင်ဆွေးနွေးမယ်ဆိုရင်တော့ ဒါ ကောင်းသောရလဒ်ဖြစ်လာမယ်။ ကျနော်တို့ကလည်း သူတို့အပေါ်မှာ သဘောထားမှန်လာမှာပေါ့။

အခုအခြေအနေမှာတော့ အထူးသဖြင့် ကျနော်တို့ရခိုင်ပြည် နယ်အရေးအခင်းမှာဆိုရင် ရခိုင်ပြည်နယ်မှာအများစု အနိုင်ရတဲ့ ကျနော်တို့ ANP ပါတီကို ဥပေက္ခာပြုတယ်၊ အစိုးရဖွဲ့ခွင့် တောင်းတာမရတဲ့အပြင် လွှတ်တော်ကနေ ပြည်နယ်အစိုးရကို Check and Balance လုပ်တဲ့အဆိုတွေ၊ မေးခွန်းတွေ၊ အတည်ပြုထားတဲ့ကိစ္စတွေကို ဘာမှအကောင်အထည်ဖော် ဆောင်ရွက်တာမရှိဘူး။ ဥပမာပြောရရင် ကျနော်တို့က အင်တာနက်ပြန်လည်ဖွင့်ပေးရေး၊ စစ်ဘေးဒုက္ခသည်တွေကိုကူညီထောက်ပံ့ရေး၊ တိုက်ပွဲရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေး နွေးရေးဆိုတဲ့အဆိုမျိုးတွေကို ရခိုင်ပြည်နယ်လွှတ်တော်က တင်ခဲ့တယ်။ အတည်လည်းပြုခဲ့တယ်။

ဒါပေမယ့် ပြည်နယ် အစိုးရဟာ ပြည်ထောင်စုအစိုးရရဲ့ သဘောထားအတိုင်း၊ ညွှန်ကြားချက်အတိုင်းပဲ ဆက်လုပ်နေတာဖြစ်လို့ ကျနော်တို့ အနေနဲ့ အခွင့်အရေးတွေ ပစ်ပယ်ခံရတယ်။ ဒေသခံတွေဘက်ကရပ်တည်တာမရှိဘဲ ဗဟိုအစိုးရရဲ့ ညွှန်ကြားမှုအောက်မှာပဲလုပ်ခဲ့တော့ ပြည်နယ်အစိုးရအပေါ်မှာ ဒေသခံတွေက လေးစားယုံကြည်မှုမရှိသလို ပူးပေါင်းဆောင်ရွက်မှုလည်းမရှိခဲ့ဘူး။ ဒါတွေဖြစ်လာတယ်။

ဒါကြောင့် လာမယ့်အစိုးရသစ်အခင်းအကျင်းမှာတော့ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးပြီးတော့၊ အသိအမှတ်ပြုပြီးတော့ ကိုယ့်ဒေသရဲ့ကိစ္စတွေကိုဆောင်ရွက်တဲ့နေရာမှာ ပါ ဝင်နိုင်အောင်၊ ကူညီဆောင်ရွက်နိုင်အောင်၊ လက်တွဲပြီးလုပ်နိုင်အောင် ဒီအစိုးရသစ်ကများ စိတ်သဘောထားပြောင်းလဲပြီး ဖိတ်ခေါ်ဆွေးနွေးတာတွေရှိလာမလားလို့တော့ ကျနော်တို့ကမျှော်လင့်တယ်။ အဲဒီလိုဖြစ်လာရင်တော့ အကောင်းဆုံးရလဒ်တွေရလာမယ်လို့ ကျနော်တို့ယူဆပါတယ်။

ဖက်ဒရယ်ဆိုတဲ့လမ်းကြောင်းကိုလျှောက်လှမ်းမယ်လို့ သူတို့ ပြောထားပြီးသားပဲ။ ဒီမိုကရေစီဆိုတာကိုလည်း သူတို့ယုံကြည်လို့ပြောထားပြီးသားပါ။ (၂၁) ရာစုပင်လုံညီလာခံကကလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်မယ် လို့ဆုံးဖြတ်ပြီးသား။ သူတို့ကိုယ်၌ကလည်း ဖက်ဒရယ်ဆိုတာကို သူတို့ပဲစပြောခဲ့တယ်ဆိုပြီး မူပိုင်လုပ်တာတွေရှိတယ်လေ။ အဲဒီလိုယုံကြည်တယ်ဆိုရင်တော့ တိုင်းရင်းသားပါတီတွေရဲ့အခန်းကဏ္ဍကို မြင့်တက်အောင်လုပ်ပေးဖို့တာ ဝန်ရှိတယ်။

တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကိုမှေးမှိန်အောင်၊ တိုင်းရင်းသားပါတီတွေရဲ့ရပ်တည်မှုကို တဖြေးဖြေးပျောက်ကွယ် သွားအောင်ဆိုတဲ့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တိုင်းရင်းသားပါတီတွေဆိုတာငါတို့ကို အာခံနေတာပဲ၊ ပခုံးချင်း ယှဉ်နေတာပဲလို့ မတွေးဘဲ၊ ဒါတွေဟာတကယ်တမ်း ငါတို့နဲ့အလုပ်လုပ် မယ့်အဖွဲ့အစည်းတွေဖြစ်တယ်၊ သူတို့ဒေသရဲ့ကံကြမ္မာကိုသူတို့ဖန်တီးဖို့အတွက် ပြည်ထောင်စုအစိုးရနဲ့ လက်တွဲလုပ်မယ့်အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတဲ့ သဘောထားမျိုးရှိလာရင်တော့ ကျနော်တို့မျှော်လင့်သလိုဖြစ်လာမယ်။ အဲဒီလိုသဘောထားမျိုးမရှိရင်တော့ NLD ပါတီနဲ့ တိုင်းရင်းသားပါတီတွေဟာ သဘောထားတိုက်ဆိုင်မှုမရှိဘဲ လက်တွဲဖို့ခက်တဲ့အခြေအနေတွေ ထပ်ဖြစ်လာနိုင်တယ်။

အဲဒီလို တွေဖြစ်ခဲ့လို့လည်း ပြီးခဲ့တဲ့ (၅) နှစ်မှာ ကျနော်တို့တိုင်းရင်းသားတွေ တော်တော်လေးခံစားခဲ့ရပြီးပါပြီ။ မွန်ပြည်နယ်က ချောင်းဆုံတံတားကိစ္စတို့၊ ကယားကကြေးရုပ်ကိစ္စတို့ အပါအဝင်ပေါ့။ ဒီလို တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍတွေကိုအလေးမထားဘဲ၊ တိုင်းရင်းသားတွေရဲ့ဆန္ဒတွေကိုအလေးမထားဘဲလုပ်ခဲ့တာတွေကြောင့် တိုင်းရင်းသားတွေမှာတော်တော့်ကိုခံစားရတာတွေရှိတယ်။ ဒါပေမယ့်လောလောဆယ်မှာ တိုင်းရင်းသားပါတီတွေက အားနည်းနေတဲ့အခြေအနေမျိုးရှိတာကြောင့် ဒီကိစ္စတွေဟာ အစိုးရမဖွဲ့နိုင်လောက်အောင်အထိ အဟန့်အတားတော့မဖြစ်ခဲ့ဘူး။

နောက်ငါးနှစ်ကို ဒီအတိုင်းပဲသွားမယ်ဆိုရင်တော့ တိုင်းရင်းသားတွေက အမျိုးသားရေးစိတ်ဓာတ်တွေ ပိုပြီးထက်သန် လာပြီးတော့ NLD ရဲ့ အဓိကပြိုင်ဘက်တွေဖြစ်လာလိမ့်မယ်။ အဲဒီလိုဖြစ်လာရင် သူတို့အတွက် မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာမယ်။ ကျနော်တို့အနေနဲ့ကတော့ အဲဒီလိုမျိုးမဖြစ်စေချင်ဘူး။ ပူးပေါင်းပြီး ကိုယ့်ဒေသအကျိုးကို လက်တွဲဆောင်ရွက်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ကိုယ်ပိုင်ပါတီနဲ့ ကျနော်တို့ရပိုင်ခွင့်တွေကို တောင်းဆိုချင် တယ်။ ကျနော်တို့ အခွင့်အရေးတွေကို ကျနော်တို့ရအောင် လုပ်ချင်တယ်။ ဒါကို NLD ပါတီခေါင်းဆောင်တွေက သဘောထားမသေးသိမ်ဘဲ လက်ခံမယ်ဆိုရင်တော့ ဒီကိစ္စကဖြစ်လာမယ်လို့ကျနော်ယူဆတယ်။

ဒီလိုမဟုတ်ဘဲ ငါတို့ကပြည်ထောင်စုပါတီကြီး၊ သူတို့က ပါတီအသေးအမွှားတွေပဲဆိုတဲ့သဘောနဲ့ သွယ်ဝိုက်သောနည်းအားဖြင့် တိုင်းရင်းသားပါတီတွေကို ပျောက်သွားအောင် လုပ်ချင်တဲ့ဆန္ဒမျိုးရှိနေရင်တော့ တိုင်းရင်းသားတွေအနေနဲ့ လည်း NLD နဲ့ပူးပေါင်းဆောင်ရွက်ဖို့တော်တော်လေးခက် သွားပါလိမ့်မယ်လို့ပြောချင်ပါတယ်။

ကျနော်တို့ ပထမသက်တမ်းတုန်းက တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့အားနည်းချက်တွေကို ကျနော်တို့သိပါတယ်။ ဒုတိယသက်တမ်းမှာ …

မုံရွာအောင်ရှင်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
အတွင်းရေးမှူး၊ ဗဟိုပြန်ကြားရေးအဖွဲ့)

ပထမသက်တမ်း (၅) နှစ်ကထက်ပိုကောင်းလာမှာပါ။ ကျနော်တို့ ပထမသက်တမ်းတုန်းက တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့အားနည်းချက်တွေကို ကျနော်တို့သိပါတယ်။ ဒုတိယသက်တမ်းမှာ ဒီအားနည်းချက်တွေကို ကျနော်တို့ အများကြီးပြုပြင်ပြီးတော့၊ အများကြီးသင်ခန်းစာယူပြီးတော့ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးကောင်းအောင်လုပ်မယ်လို့ ကျနော် တို့စိတ်ကူးတွေရှိကြပါတယ်။

ဟိုတနေ့က ဦးဇော်ဌေးလည်း ပြောသွားတာရှိတယ်လေ။ အမျိုးသားညီညွှတ်ရေးအစိုးရဆိုတာလေ။ အဲဒီဟာက ခုနကပြောတဲ့တိုင်းရင်းသားတွေနဲ့ သွေးစည်းညီညွှတ်ရေးဆောင်ရွက်နိုင်မယ့် အစိုးရတစ်ရပ်အဖြစ်ဖော်ဆောင်နိုင်အောင် ကျနော်တို့ကြိုးစားကြမှာဖြစ်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,