သမိုင်းတွင်သောထောင်ဖောက်မှုနှင့် ပြန်ဆန်းစစ်သင့်သော အကျဉ်းထောင်လုံခြုံရေး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

CJ / ဘားအံ အကျဉ်းထောင်

 

ဦးဆောင်သူကလည်း ထောင်ထဲမှာ တိုက်ထဲထည့် သော့ခတ်ပြီး ထိန်းသိမ်းထားရမယ့် လူမျိုးက ကားလုမောင်းပြီး လူ (၄၀) ကျော်ကိုတင်ပြီး ထောင်ထဲကနေ တံခါးအဆင့်ဆင့်ကို ဘာခုခံမှမရှိဘဲ ထွက်သွားတယ် ဆိုတာ ယုတ္တိလည်းမရှိဘူး၊ သဘာဝလည်း မကျဘူး …

 

၂၀၁၈ ခုနှစ် စက်တင်ဘာ (၁၆) ရက်။ မြန်မာနိုင်ငံ၏ ထောက်ဖောက်မှု ဖြစ်စဉ်များထဲတွင် ဒုတိယ အကြီးဆုံး အုပ်စုလိုက် ထောင်ဖောက်မှုတစ်ခု ဘားအံထောင်တွင် ဖြစ်ပွားခဲ့သည်။ ထောင်ဖောက် ပြေးမှုတွင် အကျဉ်းသား (၄၀) ကျော် ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ၁၉၆၇ ခုနှစ် ကျိုင်းတုံ ထောင်မှ ဗကပအကျဉ်းသား (၁၄၇) ယောက် ထောင်ဖောက်ထွက်ပြေးမှု ဖြစ်စဉ်ပြီးလျှင် အုပ်စုလိုက် အရေအတွက် အများဆုံး ထောင်ဖောက်မှု တစ်ခုလည်း ဖြစ်သည်။

အဆိုပါ ထောင်ဖောက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့သည့် အကြောင်းပြချက်များအပေါ် ပြည်သူလူထုက မဖြစ်နိုင်ဟု ယူဆကာ ဝေဖန်မှုများ ပြင်းပြင်းထန် ထန်ရှိခဲ့သည်။ ယခု အချိန်တွင် အဆိုပါ ဘားအံထောင်ဖောက်မှု ဖြစ်ပွားခဲ့သည်မှာ ငါးလ နီးပါး ကြာမြင့်လာပြီး ဖြစ်သော်လည်း ထောင်ဖောက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူလူထု ပြည့်ပြည့်စုံစုံ သိရှိနိုင်ရန် သက်ဆိုင်ရာက ထောင်ဖောက်မှု ဖြစ်စဉ်ကို တိကျ သေချာသည့် သတင်း ထုတ်ပြန်ပေးခြင်း ယခုအချိန်ထိ မရှိသေးပေ။

“အကျဉ်းထောင်က တော်တော်လေးကို စည်းကမ်းယိုယွင်းမှု ရှိတာပေါ့နော်။ ကျွန်မဆိုလည်း ထောင်တော်တော်များများမှာ နေခဲ့ဖူးတော့ နေခဲ့တဲ့ ထောင်တွေထဲမှာတော့ ဘားအံထောင်က တော်တော်လေးကို အံသြစရာ လျော့လျော့လျဲလျဲနိုင်တာ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး ဖြစ်ခဲ့ဖူးသူ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ထောင် ဖောက်ခံရမှုနှင့် ပတ်သက်ပြီး ဒေသခံမီဒီယာများနှင့် တွေ့ဆုံပွဲတွင် မှတ်ချက်ပြု ပြောကြားထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဘားအံထောင်ဖောက်ခံရမှုအပေါ်သတင်းထုတ်ပြန်ချက်

၂၀၁၈ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်နေ့ မနက်က ဘားအံထောင် အဖောက်ခံရပြီး အကျဉ်းသား (၄၀) ကျော် ထွက်ပြေးလွတ်မြောက်ခဲ့သည့် ဖြစ်စဉ်မှာ အကျဉ်းထောင် ဓမ္မာရုံအနီး ပုံထားသည့် အမှိုက်များကို တင်ဆောင် စွန့်ပစ်ရန် အကျဉ်းထောင်ဝန်ထမ်း ဒုတပ်ကြပ် ကျော်ဝင်းစိန်က Mazda Titan ယာဉ်ကို မောင်းနှင်လာစဉ် ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ကျခံနေရသူ ကျော်မိန်လက ယာဉ်မောင်းကို ထိုးကြိတ်ပြီး ကားကိုလုယက်ကာ မောင်းနှင်ထွက်ပြေးခဲ့ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ထွက်ပြေးရာတွင် အကျဉ်းထောင် တံခါး (၄) ခုကို ကားဖြင့် တိုက်ဖွင့်ပြီး ဘားအံ – လှိုင်းဘွဲ့လမ်းအတိုင်း လှိုင်းဘွဲ့မြို့နယ် ဘက်သို့ မောင်းနှင်ထွက်ပြေးခဲ့ခြင်း ဖြစ်သည်ဟု သက်ဆိုင်ရာက သတင်း ထုတ်ပြန်ခဲ့သည်။

 

အကျဉ်းသား၊ အချုပ်သားဦးရေနဲ့ ဝန်ထမ်းဦးရေအချိုး အလွန်အင်မတန် မမျှမတ ဖြစ်နေလို့ ထောင်လုံခြုံရေးစနစ်ကို မတည်ဆောက်နိုင်တာက အဓိကကျပါတယ်။ နောက်ပြီး ပြည်မက ထောင်တွေလို နယ်မြေစိုးမိုးနိုင်မှု အားနည်းတဲ့ အခြေအနေကလည်း တွန်းအားတစ်ရပ် ဖြစ်ခဲ့ပါတယ်။ လုံခြုံရေးစနစ် သေချာ မတည်ဆောက်နိုင်တဲ့ထောင်မှာ …

 

ထိုသို့ ထောင်တံခါးများကို ကားဖြင့် တိုက်ဖွင့်ပြီး ထွက်ပြေး လွတ် မြောက်ခဲ့သည် ဆိုသော ထုတ်ပြန်ချက်ကို အငြိမ်းစား အကျဉ်းထောင် ဝန်ထမ်း အရာရှိကြီးများနှင့် ဘားအံထောင်တွင် အကျဉ်းကျ ခံခဲ့ရဖူးသည့် နိုင်ကျဉ်းဟောင်းအချို့က မဖြစ်နိုင်ကြောင်း ဝေဖန်ပြောဆိုခဲ့ကြသည်။

“ ထောင်ဗူးတံခါးက ဒီလောက်ထုထည်ကြီးတာကို ကားနဲ့ တိုက်ဖွင့်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ တံခါးက သုံးထပ်တောင်၊ ဘယ်လိုမှကို ကားနဲ့တိုက်ဖွင့်ဖို့ မဖြစ်နိုင်ဘူး” ဟု ဘားအံထောင်တွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ (၇) နှစ် အကျဉ်းကျခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုနန္ဒစစ်အောင် က ငြမ်းမီဒီယာသို့ ပြောသည်။

အကျဉ်းထောင် တံခါး များဖြစ်သည့် သံတိုင်များဖြင့် ပြုလုပ်ထားသည့် ကြက်တူရွေးတံခါး အပါအဝင် ထောင်တံခါးမကြီး နှစ်ချပ်နှင့် အပြင်တံခါးတို့ကို ကားနှင့်တိုက်ပြီး ထွက်ပြေးခဲ့သည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ထောင်မှူးကြီး ဟောင်း ဖြစ်သူ ဦးခင်မောင်မြင့်က ဘားအံ အကျဉ်းထောင်ဖောက်မှုဖြစ်စဉ် ဖြစ်ပွားသည့် ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် ငြမ်းမီဒီယာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“ဦးဆောင်သူကလည်း ထောင်ထဲမှာ တိုက်ထဲထည့် သော့ခတ်ပြီး ထိန်းသိမ်းထားရမယ့် လူမျိုးက ကားလုမောင်းပြီး လူ (၄၀) ကျော်ကိုတင်ပြီး ထောင်ထဲကနေ တံခါးအဆင့်ဆင့်ကို ဘာခုခံမှမရှိဘဲ ထွက်သွားတယ် ဆိုတာ ယုတ္တိလည်းမရှိဘူး၊ သဘာဝလည်း မကျဘူး” ဟု ဦးခင်မောင်မြင့် က မှတ် ချက်ပြုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဘာကြောင့် ထောင်ဖောက်ခံခဲ့ရတာလဲ

ယင်းကဲ့သို့ ရာဇဝတ်ပြစ်မှုကြီးများကို ကျူးလွန်ထားပြီး ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ကျခံနေရသူ တစ်ယောက်သည် သီးခြားတိုက်၏ အပြင်သို့ မည်ကဲ့သို့ရောက်နေပြီး အကျဉ်းထောင်တွင် သုံးသည့်ကားကို လုယက် ထွက်ပြေးနိုင်ခဲ့သနည်း။ အကျဉ်းထောင် စည်းမျဉ်း စည်းကမ်း များအရ ဆိုလျှင် ၎င်းသည် သီးခြားတိုက်များတွင် သော့ခတ်ထိန်းသိမ်း ထားရမည့် အကျဉ်းသားတစ်ဦး အဖြစ် ရှိနေရမည် ဖြစ်ကြောင်း အကျဉ်းထောင် လုပ်ငန်းနှင့် ဥပဒေကျွမ်းကျင်သူများက ဆိုသည်။

ထောင်တွင်တပ်ထားသည့် CCTV ကို ကြည့်ရှုခွင့် ရခဲ့သူအချို့၏ ပြောကြားချက်နှင့် တရားခွင်အတွင်း ထွက်ဆိုချက်များအရ ထောင်ဖောက်ပြေးသူများသည် စက္ကန့်ပိုင်းအတွင်း တံခါးပေါက်သို့ ရောက်သွားခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ထောင်ဖောက်ပြေးသည့် ကားသည် စက္ကန့်ပိုင်း အတွင်း ထောင်တံခါးပေါက်အထိ ရောက်သွားသည့် သတင်း အချက်အလက်နှင့်အတူ အကျဉ်းထောင် တံခါးများသည် ထိုအချိန်က ပွင့်နေခဲ့သလား ဆိုသည့် မေးခွန်းလည်း ပေါ်ထွက် လာခဲ့သည်။

အကျဉ်းထောင်လက်စွဲ အပိုဒ် (၂၀၁) ၌ တံခါးတာဝန်ကျသည် တစ်ကြိမ်လျှင် တံခါး တစ်ပေါက်သာ ဖွင့်ထားရမည် ဖြစ်ပြီး မည်သည့် အကြောင်းပြချက်နှင့်မှ တံခါး နှစ်ပေါက် စလုံးကို တစ်ချိန်တည်း မဖွင့်ရန်နှင့် ၎င်းစည်းကမ်းကို ဖောက်ဖျက်လျှင် ထိရောက်စွာ အရေးယူ အပြစ်ပေးခံရမည် ဟု ရေးသား ဖော်ပြထားသည်။ အလားတူ အကျဉ်းထောင်လက်စွဲ အပိုဒ် (၂၀၂) တွင်လည်း အပြင်တံခါးနှင့် အတွင်းတံခါးတွင် သော့ခလောက်နှစ်ခု ထားရှိရမည်။ ယင်းသော့ခလောက် များအား ဖွင့်ရန် အခြားပုံသဏ္ဍန်တူ သော့ (၈) ချောင်း (သို့မဟုတ်) သော့ (၁၀) ချောင်းနှင့် ပူးတွဲပြီး တံခါးတာဝန်ကျခါးတွင် သံကြိုးခိုင်ခိုင်ဖြင့် တပ်ဆင် တွဲချည် ထားရမည် ဟု ရေးသား ဖော်ပြထားသော်လည်း ထောင်ဖောက် အကျဉ်းသားများမှာ စက္ကန့်ပိုင်းအတွင်း အကျဉ်းထောင် အဝင်ဝတံခါးသို့ ရောက်ရှိသွားခဲ့သည်။

“ CCTV မှတ်တမ်းကို အစိုးရအဖွဲ့က ကြည့်ချင်လို့ ဝန်ကြီးချုပ်က တောင်းတယ်။ ကြည့်ပြီးတော့ ထောင်ကို သွားတယ်။ ထပ်ကြည့်တယ်။ မှတ်တမ်းက သူတို့မှာလည်း ရှိတယ်။ ဒီမှာလည်း ရှိတယ်။ ဝန်ကြီးချုပ်ရယ်၊ နယ်လုံဝန်ကြီးရယ်၊ စီမံကိန်းဝန်ကြီး ဦးသန်းနိုင်ရယ် ကျွန်တော်ရယ် လေးယောက် သွားတယ်။ အခြား ဌာနဆိုင်ရာတွေလည်း ပါတယ်။ သွားကြည့် တာပေါ့။ ထောင်တံခါးတွေ ပွင့်နေတယ်၊ မပွင့်နေဘူး ဆိုတာတော့ မပြောတော့ဘူးကွာ၊ မကောင်းဘူး” ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည့် ဗမာ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး က ငြမ်းမီဒီယာသို့ ပြောသည်။

အကျဉ်းသားများ ထွက်ပြေးသည့်ကားမှာ စက္ကန့်ပိုင်းအတွင်း ထောင်အဝင်၀ တံခါးသို့ ရောက်သွားသည် ဆိုခြင်းမှာ မှန်ကြောင်းနှင့် ထောင်ဖောက်ပြေးသည့် ကားသည် တံခါးများကို တိုက်ဖွင့်ရာတွင် အခက်အခဲ မရှိဘဲ ချက်ခြင်းပင် လွယ်ကူစွာ တံခါးများပွင့်သွားသည်ကို တွေ့ရသည်ဟု CCTV မှတ်တမ်းအား ကြည့်ရှုခဲ့ရသည့် လုံခြုံရေးဆိုင်ရာ အရာရှိ တစ်ဦးကလည်း ငြမ်းမီဒီယာသ့ို အတည်ပြု ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့က ထောင်ဖောက်မှုအတွက် စစ်ဆေးခဲ့သည့် (၇) ကြိမ် မြောက် ရုံးချိန်းတွင် တရားလိုပြ သက်သေတစ်ဦး ဖြစ်သည့် တပ်ကြပ် လပြည့်အောင်၏ ထွက် ဆိုချက်၌လည်း လုံခြုံရေးတာဝန် ယူထားသည့် တပ်ကြပ်ထွန်းလှအောင်က သေနတ်ဖြင့် ပစ်ရန် ကြိုးစားချိန်တွင် အကျဉ်းသားကျော်မိန်လမှာ ကားမောင်းထွက်သွားခဲ့ပြီး အကျဉ်းထောင် တံခါးမကြီးသို့ ရောက်ရှိသွားသည်အထိ ကြာမြင့်ချိန်မှာ စက္ကန့်ပိုင်းခန့်သာ ရှိသည်ဆိုလျှင် မှန်ပါသည် ဟု ထွက်ဆိုခဲ့သလို အခင်းဖြစ်ပွားမှုကို စက္ကန့်ပိုင်းအတွင်း အကျဉ်းသားနှင့် အချုပ်သားများက လုပ်ဆောင်သွားခဲ့ကြောင်းလည်း ထွက်ဆိုခဲ့သည်။

“အကျဉ်းသား၊ အချုပ်သားဦးရေနဲ့ ဝန်ထမ်းဦးရေအချိုး အလွန်အင်မတန် မမျှမတ ဖြစ်နေလို့ ထောင်လုံခြုံရေးစနစ်ကို မတည်ဆောက်နိုင်တာက အဓိကကျပါတယ်။ နောက်ပြီး ပြည်မက ထောင်တွေလို နယ်မြေစိုးမိုးနိုင်မှု အားနည်းတဲ့ အခြေအနေကလည်း တွန်းအားတစ်ရပ် ဖြစ်ခဲ့ပါတယ်။ လုံခြုံရေးစနစ် သေချာ မတည်ဆောက်နိုင်တဲ့ထောင်မှာ မူးယစ်မှုနဲ့ နှစ်ကြီးကျ အကျဉ်းသားတွေ စုပုံနေတာကလည်း အရေးကြီးအချက် ဖြစ်ပါတယ်။ နောက်ဆုံးကတော့ အလုပ်ဝန်ပိပြီး အလုပ် အပေါ် စိတ်ဝင်စားမှု မရှိတော့တဲ့ ဝန်ထမ်းနဲ့ အရာရှိငယ်များရဲ့ ပေါ့ဆမှုဟာ ဒီထွက်ပြေးမှုကြီးကို ဖြစ်ပေါ်စေခဲ့တာပါ။ အကျဉ်းသားအရာရှိအဖြစ် စေခိုင်း တာဝန်ပေးထားတဲ့ အကျဉ်းသားတွေရဲ့ သစ္စာမဲ့မှု၊ တာဝန်မဲ့မှုကြောင့်လည်း လွယ်လွယ် ခွင့်ပြုလိုက်ရတဲ့ အခြေအနေ ဖြစ်ခဲ့တယ်လို့ သုံး သပ်ပါတယ်” ဟု ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က ဘားအံ ထောင်ဖောက်မှု ဖြစ်စဉ်ကို သုံးသပ်ပြောကြားသည်။

အကျဉ်းထောင် အဖောက်ခံရမှုသည် ဝန်ထမ်းနည်းပါးမှု၊ အကျဉ်းထောင်တံခါးများ ကြံခိုင်မှု မရှိသည်ကို အခွင့်ကောင်းယူ၍ ဆောင်ရွက်မှု၊ ထောင်ဖောက်သည့်နေ့က ဝန်ထမ်းအင်အား မရှိသဖြင့် ကြက်တူရွေးတံခါး၌ အစောင့် မချထားနိုင်မှု၊ ထောင်တံခါးကြီးများသည် တစ်ကြိမ် တစ်ခါမျှ ပြုပြင်ထားခြင်း မရှိဘဲ ထောင်ဝင်ပေါက် တံခါးများ၏ သော့ကိုသာ အသစ်လဲလှယ် ထားပြီး မင်းတုန်းနှင့် ဂျက်များမှာ အဟောင်းများ ဖြစ်နေမှု စသည်တို့ကြောင့် ဖြစ်သည်ဟု တရားလိုပြသက်သေ တပ်ကြပ် လပြည့်အောင်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။

 

၂၀၁၈ ခုနှစ်၊ ဧပြီလက နောက်ဆုံးထောင်ဝင်စာတွေ့ခဲ့စဉ် ကျော်မိန်လက ၎င်းအနေဖြင့် အကျဉ်း ထောင်ထဲတွင် အနှစ် (၂၀) ခန့်နေပြီး လွတ်နိုင်ကြောင်းနှင့် အသက်ခြောက်နှစ်အရွယ် သမီးလေးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရန် ပြောကြားခဲ့သည်။ ယင်းနောက်ပိုင်း မိသားစုဝင်များ အနေဖြင့် …

 

ဘားအံအကျဉ်းထောင်သည် ၂၀၀၀ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့်အတွက် ယခုအခါ (၁၈) နှစ် ဝန်းကျင် ရှိနေပြီ ဖြစ်သည်။ အကျဉ်းထောင်တစ်ခု အနေဖြင့် ယခုကဲ့သို့ နှစ်ကာလ အပိုင်းအခြား အတွင်း ကြံ့ခိုင်မှုမရှိ ဆိုသည့်အချက်နှင့် ပတ်သက်၍ ယုံကြည်ရန် ခက်ခဲကြောင်း၊ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းနှင့် အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ထောင်များ၏ အရည်အသွေးပိုင်း စစ်ဆေးခြင်းများ မရှိခဲ့သလားဟု ဦးခင်မောင်မြင့်က မေးခွန်း ထုတ်သည်။ အကျဉ်းထောင်လက်စွဲ အပိုဒ် ၈၇၇ (က)၊ (ခ) တို့တွင် အကျဉ်းထောင် များ၏ ခိုင်ခံ့လုံခြုံမှု အတွက် ပြည်သူ့ဆောက်လုပ် ရေးလုပ်ငန်း အင်ဂျင်နီယာများနှင့် စစ်ဆေးရန် ညွှန်ကြား ထားသည်။

ပြန်လည်ဖမ်းဆီးရမိမှု အခြေအနေ

စက်တင်ဘာ (၁၆) ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘားအံ ထောင်ဖောက်မှုတွင် ထောင်ဗူးဝအနီး အပြင်ဘက်၌ ပုန်းအောင်းကျန်နေခဲ့သည့် ထောင်ဒဏ် (၁၅) နှစ် ကျခံနေရသော စောညို (ခ) သိန်းညို အပါအဝင် (၄၂) ဦး လွှတ်မြောက်သွားခဲ့ပြီး စက်တင်ဘာ (၁၇) ရက်နေ့ ည (၉) နာရီ အထိ စောညို (ခ) သိန်းညို အပါအဝင် ထွက်ပြေးသူ (၂၂) ဦးကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်း (၂၂) ဦး ထဲတွင် ထောင်ဖောက်ရာ၌ ဦးဆောင်ခဲ့သူ ကျော်မိန်လနှင့် ကံမြင့်ဆိုသူ နှစ်ဦးမှာ ဖမ်းဆီးစဉ် ပစ်ခတ်ခံရသည့် ဒဏ်ရာများနှင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ သည်။ ထို့နောက် စက်တင်ဘာ (၂၀) ရက်နေ့တွင် (၂) ဦး၊ စက်တင်ဘာ (၂၈) ရက်နေ့တွင် (၁) ဦး ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး နောက်ဆုံးအနေဖြင့် မူးစိတ်ပုဒ်မ ၁၆ (ဂ)၊ ၂၂ (ခ) တို့ဖြင့် အမှုရင်ဆိုင်နေရ သူ အသက် (၅၀) နှစ် အရွယ် စောပလော့ဆိုသူကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၂) ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။

ကျော်မိန်လဆိုတာ ဘယ်သူလဲ

ကျော်မိန်လသည် အသက် (၃၃) နှစ်အရွယ် လူလတ်ပိုင်းတစ်ဦး ဖြစ်သည်။ ယခင်က ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ဖူးပြီး ဘားအံမြို့နယ်၊ ကော့စိန်ဘန်အောက် ကျေးရွာအုပ်စု၊ ရွှေပြည်ထောင်ကျေးရွာတွင် နေထိုင်သူ ဖြစ်သည်။ ၎င်းကို လူသတ်မှု၊ လက်နက်မှု၊ မူးယစ်ဆေး ဝါးမှုတို့ဖြင့် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက အရေးယူ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ကျော်မိန်လကို ဖမ်းဆီးစဉ်က ၎င်းနေအိမ်မှ စိတ်ကြွဆေးပြား (၈,၀၀၀) ခန့် ၊ ခြောက်လုံးပြူး သေနတ်နှင့် ၎င်းကျည် (၅) တောင့်၊ ၂၂ ပြောင်းရှည် သေနတ်တစ်လက်နှင့် ၎င်းကျည် (၂) တောင့်၊ ကိုးလုံးကျည် သေနတ်တစ်လက်နှင့် ၎င်းကျည် (၂) တောင့်တို့ကို ရှာဖွေသိမ်းဆည်း ရရှိခဲ့သည်။ ထို့အပြင် အမျိုးသား (၂) ဦးကို သေနတ်ဖြင့် ပစ်ခတ်ပြီး ထားခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်း ထန်စွာ ရရှိခဲ့သည့် ပြစ်မှုများကို ကျူးလွန်ခဲ့သူ ဖြစ်သည်။ ၎င်းပြစ်မှုများအတွက် ကျော်မိန်လကို မူးစိတ်ပုဒ်မ ၁၉ (က) /၂၂ (ခ) ဖြင့် ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ၊ မူးစိတ်ပုဒ်မ (၁၅) ဖြင့် ထောင်ဒဏ် (၄) နှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁) (ဂ) ဖြင့် ထောင်ဒဏ် တစ်သက်တစ် ကျွန်းနှင့် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ ဖြင့် ထောင်ဒဏ် (၁၀) နှစ် ကျခံရန် အမိန်ချခံထားရသူ တစ်ဦး ဖြစ်သည်။

ထောင်ဖောက်ခေါင်းဆောင် ကျော်မိန်လ၏ ဇာတ်သိမ်း

ကျော်မိန်လသည် ထောင်မှလုယူလာသည့် ကားကို ဘားအံ – လှိုင်းဘွဲ့လမ်းအတိုင်း လှိုင်းဘွဲ့မြို့ နယ်ထဲသို့ မောင်းနှင်ထွက်ပြေးခဲ့ပြီး လှိုင်းဘွဲ့မြို့နယ်၊ ရွာသာအေးရွာနှင့် သပြုထိုရွာကြား ဆည်မြောင်း တာဘောင်လမ်းတွင် ဗွက်နစ်လျှက် ပြန်လည်တွေ့ရှိခဲ့သည်။ ထွက်ပြေး အကျဉ်းသားများကို လိုက်လံဖမ်းဆီးခဲ့ရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်နေ့ ညမှာပင် လှိုင်းဘွဲ့မြို့နယ် ထီလုံကျေးရွာ၊ ရေဘုတ်ဆည်အနီးတွင် ထောင်ဖောက်မှု ဦးဆောင်သူ ကျော်မိန်လ၊ မူးယစ်မှုဖြင့် အကျဉ်းကျနေသူ ပြည့်ဖြိုးအောင် (ခ) ကိုဖြိုးဆိုသူနှင့် အမှု ရင်ဆိုင်နေဆဲ အကျဉ်းသား ကံမြင့် (ခ) ဇော်ကြီးတို့ကို တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့သည်။ သို့ရာတွင် ကျော်မိန်လနှင့် ကံမြင့် (ခ) ဇော်ကြီးတို့မှာ ဖမ်းဆီးစဉ် ရရှိသော သေနတ် ဒဏ်ရာ များဖြင့် သေဆုံးခဲ့သဖြင့် စက်တင်ဘာ (၁၈) ရက်နေ့တွင် ရဲသာကျေးရွာရှိ ထန်းကိုးပင် သုသာန်၌ အကျဉ်းဦးစီးဌာန ဝန်ထမ်းအချို့က ဦးဆောင်ပြီး မီးသင်္ဂြိုဟ်ခဲ့သည်ဟု သတင်း မီဒီယာများတွင် ဖော်ပြကြသည်။

ကျန်ရစ်သူ ဇနီးနှင့် သမီး

၂၀၁၈ ခုနှစ်၊ ဧပြီလက နောက်ဆုံးထောင်ဝင်စာတွေ့ခဲ့စဉ် ကျော်မိန်လက ၎င်းအနေဖြင့် အကျဉ်း ထောင်ထဲတွင် အနှစ် (၂၀) ခန့်နေပြီး လွတ်နိုင်ကြောင်းနှင့် အသက်ခြောက်နှစ်အရွယ် သမီးလေးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရန် ပြောကြားခဲ့သည်။ ယင်းနောက်ပိုင်း မိသားစုဝင်များ အနေဖြင့် ထောင်ဝင်စာ သွားမတွေ့နိုင်တော့ဘဲ ယခုနောက်ဆုံး ကျော်မိန်လ သေဆုံးသည့် အချိန်၌ အလောင်းကိုပင် မြင်တွေ့ခွင့်မရခဲ့ဘဲ လူမှုကွန်ရက်တွင် တွေ့ရသည့် သတင်းများကိုသာ သိခဲ့ရကြောင်း မိသားစုဝင်များက ငြမ်းမီဒီယာသို့ ပြောသည်။

“ကျော်မိန်လ ထောင်ဖောက်ပြေးသွားတာ သတင်းရတယ်နော်၊ ဒီကိုရောက်လာရင် သူတို့ကို သတင်းပို့ဖို့ ရွာလူကြီးက လာပြောတယ်။ သေတဲ့သတင်းကိုတော့ ဘယ်သူမှ အကြောင်း လာမကြားခဲ့ပါဘူး။ facebook မှာတွေ့ရတဲ့ သတင်းတွေကလွဲပြီး ကျွန်မတို့ ဘာမှ ပိုမသိပါဘူး။ သူလုပ်ခဲ့တဲ့ အပြစ်ကိုကျခံပြီးရင် တစ်နေ့ကျ ပြန်လာမယ်လို့ မျှော်လင့်ပြီး မိသားစု အတူတူ ပြန်နေရမယ်လို့ မျှော်လင့်ထားပေမယ့် ခုတော့ ဖြစ်မလာတော့ဘူးပေါ့” ဟု ကျော်မိန်လ၏ ဇနီး နန်းသန်းဝင်းမြိုင်က ငြမ်းမီဒီယာသို့ ပြောသည်။

သက်ဆိုင်ရာက ပြည်နယ်အစိုးရသို့ တင်ပြသည့်အထဲတွင် တရားခံနှစ်ဦးကို အသေ ဖမ်းဆီးရမိသည်ဟု ဆိုသော်လည်း မည်သည့်အတွက်ကြောင့် ယင်းကဲ့သို့ ဖြစ်သည်ကို မသိကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားထားသည်။

“လွတ်ပြီး ကျန်နေတဲ့အထဲမှာ (၁၆) ယောက် ကျန်တယ်။ မူးယစ်ဆေးဝါးမှုတွေ များပါတယ်။ တင်ပြထားတဲ့အထဲမှာ တရားခံနှစ်ဦးကတော့ အသေဖမ်းဆီးရမိတယ်လို့ ပြောပါတယ်။ ဘယ်လို ဘယ်လိုကြောင့်ဆိုတာ၊ သူတို့ ဘယ်လိုဖမ်းလို့ ဘယ်လိုဖြစ်ရတယ် ဆိုတာတော့ တင်ပြထားတာ မရှိပါဘူး။ အသေးစိတ်ကတော့ သက်ဆိုင်ရာပဲ ပြောနိုင်ပါလိမ့်မယ်” ဟု ဝန်ကြီးချုပ်က ၂၀၁၈ အောက်တိုဘာ (၆) ရက်နေ့က ပြောကြားထားသည်။

ကျော်မိန်လ သေဆုံးခြင်းအတွက် သေမှုသေခင်းဖွင့် စစ်ဆေးနေသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ငြမ်းမီဒီယာသို့ ပြောသည်။

“ ဦးဆောင်တဲ့သူက အချိတ်အဆက် ရှိလိမ့်မယ်။ နှစ်ကြီးသမားက တိုက်ထဲမှာ ထားရမယ့်လူ။ ထွက်ပြေးတဲ့အချိန်မှာ ဝန်ထမ်းတွေနဲ့ တိုက်ခိုက်တာမျိုး မတွေ့ရဘူး။ ကားလည်း အပျက်အစီး မရှိဘူးဆိုတော့ ရှင်းရှင်းပြောရရင် ချောင်ချောင်လေး ထွက်သွားတာ။ ကြိုတင်ကြံစည်ထားတဲ့ သဘောပဲ၊ တစ်ကယ်တမ်းဖြစ်ရမှာက တံခါးတွေမှာ ရိုက်ဟယ် ထိုးဟယ်တွေ ဖြစ်ပြီး ဆူညံ ပစ်ခတ်တာတွေ ဖြစ်ရမယ်။ ကြိုတင်ကြံစည်လို့ ရတယ်ဆိုတာက သူတို့ပေါ့လျော့နေတာ ကြာပြီလို့ သုံးသပ်လို့ ရတယ်” ဟု ကျော်မိန်လ ဦးဆောင်ထွက်ပြေးသည့် ဘားအံထောင် ဖောက်မှုနှင့် ပတ်သက်ပြီး ထောင်အတွင်းအခြေအနေများ အကြောင်း စာအုပ်များ ရေးသား ခဲ့ပြီး ရာဇဝတ်မှုများဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရဖူးသူ စာရေးဆရာ အင်းစိန်အောင်စိုး က ငြမ်းမီဒီယာသို့ ပြောသည်။

ယနေ့အချိန်ထိ လွတ်မြောက်နေသူများ

လက်ရှိအချိန်ထိ လွတ်မြောက်နေသူ (၁၆) ဦးထဲတွင် ထောင်ကျ (၁၂) ဦးနှင့် အမှုရင်ဆိုင်ဆဲ အကျဉ်းသား (၄) ဦး ပါဝင် သည်။ ထောင်ဒဏ် (၃၀) နှစ် ကျခံနေရသူ မက်ကရင် (ခ) တင်မောင်ဝင်း၊ ထောင်ဒဏ် (၂၈) နှစ် ကျခံနေရသူ ထွန်းညို (ခ) နော်ဖောအေးအပါး၊ ထောင်ဒဏ် (၂၇) နှစ် ကျခံနေရသည့် မျိုးကျော် (ခ) အဒူလာဟာမန်၊ ထောင်ဒဏ် (၁၆) နှစ် ကျ ခံနေရသည့် အောင်ဟိန်းဦး (ခ) ခေါင်းဖြူ ၊ ထောင်ဒဏ် (၁၆) နှစ်ကျော် ကျခံနေရသည့် စောရွှေထီး (ခ) ကျော်ထီး၊ ထောင်ဒဏ် (၁၅) နှစ်ကျခံနေရသူ ကော်လာ၊ ထောင်ဒဏ် (၁၄) နှစ် ကျခံနေရသူ နေနိုင်လင်း (ခ) ပေါက်ကျိုင်း၊ ထောင်ဒဏ် (၁၄) နှစ် ကျခံနေရသည့် တင်ထွန်းအောင် (ခ) အထွေးလေး (ခ) ဟူဆင်၊ ထောင်ဒဏ် (၁၂) နှစ်ကျော် ကျခံနေရသူ အရူး၊ ထောင်ဒဏ် (၁၁) နှစ် ကျခံနေရသူ ဖိုးဇော် တို့ (၁၀) ဦးမှာ မူးယစ်မှုများဖြင့် ပြစ်ဒဏ် ကျခံနေရသူများဖြစ်ပြီး၊ ထောင်ဒဏ် (၁) နှစ် ကျခံနေရသူ ဟိန်းဇော် (ခ) ဂျိုကာမှာ ခိုးမှု၊ ထောင်ဒဏ် (၂၀) နှစ် ကျခံနေရသည့် အကြူ (ခ) ညွန့်ဟန်မှာ မုဒိမ်းမှု အသီးသီးဖြစ်ကာ စုစုပေါင်း ထောင်ကျ (၁၂) ဦး ဖြစ်သည်။

အမှုရင်ဆိုင်ဆဲ အကျဉ်းသား (၄) ဦးမှာ မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်နေရသည့် အောင်ကိုဦး၊ ထွန်းထွန်းဝင်း၊ မူးယစ်ဆေးဝါးနှင့် လက်နက်များ မိသဖြင့် အမှုရင်ဆိုင် နေရသည့် မိုးစန်း (ခ) မိုးစံ၊ စောခင်ဆက်ငွေ (ခ) စောအကီးတို့ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လွတ်မြောက်နေသည့် ထောင်ဖောက်ပြေးသူများထဲတွင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ ပါဝင်နေသည့်အတွက် သက်ဆိုင်ရာ ငြိမ်းချမ်းရေးအဖွဲ့အစည်းများကို ပြောကြား ထားကြောင်းနှင့် တွေ့ရှိပါ အမြန်ဆုံး ပြန်ပို့ပေးမည်ဟု နားလည်မှု ရယူထားကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားထားသည်။

ဘားအံအကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက်သွားသည့် တရားခံများအနက် ဖမ်းဆီးရန် ကျန်သည့် (၁၆) ယောက်၏ ဓာတ်ပုံများ၊ ကိုယ်ရေး အချက်အလက်များကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အလိုက် ပေးပို့ထားပြီး မြို့ဝင်မြို့ထွက် ဂိတ်များ နှင့် ၎င်းတို့ ခိုအောင်းနိုင်သည့် နေရာများကို ဝင်ရောက် ရှာဖွေခြင်းအပြင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဖမ်းဆီး ရမိရေး ဆောင်ရွက် နေသည်ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးကံဝင်းက ငြမ်းမီဒီယာသို့ ပြောသည်။

“တရားခံ (၁၆) ဦးထဲမှာတော့ မူးယစ်ဆေးဝါးမှုတွေ များပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကရင် ပြည်နယ်အတွင်းမှာ လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများကို နေ့စဉ်ညစဉ် ဆောင်ရွက်လျှက် ရှိပါတယ်” ဟု ရဲမှူးကြီးကံဝင်း( ဦးစီးအရာရှိ ပထမတန်း) က ပြောသည်။

အကျဉ်းထောင်ဖောက် ထွက်ပြေးသည့် အကျဉ်းသား (၄၂) ဦးကို ဘားအံမြို့နယ်ရဲတပ်ဖွဲ့ စက်မှုဇုန် နယ်မြေရဲစခန်းတွင် (ပ) ၃၉ /၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၂၂၄ / ၁၁၄၊ (ပ) ၄၀/၂၀၁၈ ၊ ရာဇ သတ်ကြီး ပုဒ်မ ၃၃၃ တို့အပြင် (ပ) ၄၁ / ၂၀၁၈၊ ၁၉၆၁ ခုနှစ် ပြည်သူပိုင် ပစ္စည်း ကာကွယ်စောင့် ရှောက်ရေး ဥပဒေတို့ဖြင့် အရေးယူထားပြီး ဖမ်းဆီးရမိသူများကို ထောင်ဖောက်ပြေးမှု ( ပုဒ်မ ၂၂၄) အတွက် ထောင်ဒဏ် (၂) နှစ်စီ အပြစ်ပေး အမိန့်ချ ထားကြောင်း ဘားအံမြို့နယ်တရားရုံး ထံမှသိရသည်။

တာဝန်ရှိသူများကို ဌာနမှအရေးယူမှု၊ ညွှန်ချုပ်တာဝန်မရှိဘူးလား

ဘားအံအကျဉ်းထောင် ဖောက်ခံရမှုအတွက် တာဝန်ရှိသူ (၁၀) ဦးကို အရေးယူ ထားသည်။ အရေးယူ ခံရသူများထဲတွင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် တပ်ကြပ်ကြီး လူဇော်တို့ကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။ ဦးခင်မောင်ဝင်းသည် ဌာနတာဝန်ဖြင့် နိုင်ငံခြားခရီးစဉ် သွားရောက် နေခဲ့ရပြီး ထောင်ဖောက်မခံရမီ တစ်ရက်အလိုတွင်မှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည် ဟု ပြည်နယ်အစိုးရအဖွဲ့ တာဝန် ရှိသူများက ငြမ်းမီဒီယာသို့ ပြောသည်။ ယင်းအခြေအနေများ ကြောင့် အပြစ်ပေးအရေးယူမှုကို သက်သာခွင့်ရစေရန် ဦးခင်မောင်ဝင်းက လူအခွင့်အရေး ကော်မရှင်သို့ စာပို့ထားသည်။

ဦးခင်မောင်ဝင်း၏ အသနားခံစာနှင့် ပတ်သက်ပြီး လူအခွင့်အရေး ကော်မရှင်က သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြခဲ့ရာ အမှန်တစ်ကယ် ပေါ့လျော့ပြီး တာဝန်ရှိသည့် အတွက် အလုပ်မှထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက အကြောင်း ပြန်သည် ဟု လူ့အခွင့်ရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ငြမ်းမီဒီယာသို့ ပြောသည်။

ဘားအံထောင် ဖောက်ခံရသည့်အတွက် ဝန်ထမ်းများကို အရေးယူရာတွင် ပြစ်မှုပြစ်ဒဏ် ပေးပုံသည် နိုင်ငံ့ဝန်ထမ်းဥပဒေ နည်းဥပဒေ၊ အကျဉ်းထောင်အက်ဥပဒေ လက်စွဲဥပဒေများနှင့် မညီညွတ်ဘဲ အပြစ်အားလုံးကို စတေးခံခိုင်းလိုက် သလို ဖြစ်နေကြောင်း၊ ညွှန်မှူးနှင့် ထောင်ပိုင်တို့ကို ယခုကဲ့သို့ ပြင်းထန်းစွာ အရေးမယူသင့်ဘဲ ထောင်ဖောက်မှု ဖြစ်စဉ်အတွက် အကျဉ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် တာဝန်ယူ နုတ်ထွက်သင့်ကြောင်း ဦးခင်မောင်မြင့်က ဆိုသည်။

“ ထောင်ဖွင့် အင်အားစာရင်းကို ကျား မ၊ အကျ အချုပ်၊ ပြစ်ဒဏ် နှစ်ကာလ အလိုက် ခွဲပြီးတော့ မနက်လင်းတာနဲ့ ညွှန်မှူးရုံးကို ပို့ရတယ်။ ညွှန်မှူးရုံးကနေမှ ညွှန်ချုပ်ရုံးကို ပို့တယ်။ ညွှန်ချုပ်ရုံး ကနေမှ ဝန်ကြီးရုံးကိုပို့တာ။ ဆိုလိုတာသည် ဝန်ထမ်းအင်အားနဲ့ အကျဉ်းသားအချိုး မမျှမတဖြစ် နေတာကို မသိစရာ အကြောင်းမရှိဘူး။ အကျဉ်းသားအင်အားနဲ့ ဝန်ထမ်းအင်အား မမျှတ ဖြစ်နေတဲ့အတွက် ထောင်အုပ်ချုပ်ရေး စနစ်ကို ဘယ်လိုလုပ်ပါဆိုတဲ့ ညွှန်ကြားချက်တွေ ရှိသလား။ ဒီအခြေအနေကို ညွှန်ချုပ်က သူရဲ့ဝန်ကြီးဌာနကိုရော အမှန်တိုင်း တင်ပြခဲ့ရဲ့လား။ ဒီထောင်ဟာ အပြည့်အ၀ လုံခြုံရေး မစိုးမိုး နိုင်တဲ့ အညိုရောင်ဧရိယာလို နေရာမှာ ရှိနေတဲ့ ထောင်၊ ဒီလိုထောင် မျိုးမှာ ဒီလိုနှစ်ကြီး အကျဉ်းသားတွေ အဆမတန် များပြားနေ တယ်ဆိုတော့ သူ့ထက်ပိုလုံခြုံတဲ့ ထောင်တွေဆီကိုပိုဖို့ မှတ်ချက်ပေး တင်ပြခဲ့သလား။ မတင်ပြခဲ့ဘူးဆိုရင်တော့ ဒါဟာ သူ့တာဝန်ပဲ။ ဘာမှမလုပ်ခဲ့ဘဲ ဖြစ်လာတော့မှ မင်းတို့မှာပဲ တာဝန်ရှိတယ်၊ မင်းတို့ အလုပ်ထွက်လိုက်ကြ ဆိုပြီး အလုပ် ထုတ်ပစ်လိုက်တယ်။ ဒေသဆိုင်ရာ အာဏာပိုင်က မကျေနပ်တဲ့အတွက် မင်းတို့ကို တရားစွဲဦးမယ် ဆိုတာကျတော့ လက်လွတ်စပယ် ဖြစ်သွားတယ်။ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး” ဟု ဦးခင်မောင်မြင့်က ငြမ်းမီဒီယာသို့ ပြောသည်။

 

၂၀၁၇ ခုနှစ်အတွင်း အကျဉ်းထောင် (၃၀) ကို စစ်ဆေးခဲ့ရာ ထားနိုင်သည့် အကျဉ်းသား အရေအတွက်မှာ (၃၁,၅၀၀) ဦးသာ ဖြစ်သော်လည်း အကျဉ်း သား (၅၀,၀၀၀) ကျော် ထိန်းသိမ်းထားရသည့် အတွက် ထားနိုင်သော ပမာဏထက် အကျဉ်းသား (၁၉,၀၀၀) ဝန်းကျင် ပိုမိုများပြားနေသည် …

 

ထိုသို့ ညွှန်မှူးအပါအဝင် နှစ်ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ပြီး ထောင်ပိုင် ဦးအေးသန်းအပါအဝင် လက်ထောက် ကြီးကြပ်ရေးမှူး ဦးစိုးဝင်း၊ လက်ထောက် ကြီးကြပ်ရေးမှူး ဦးသိန်းလင်းထွဋ်၊ တပ်ကြပ် ထွန်းလှအောင်၊ တပ်ကြပ် ဝင်းညွန့်၊ တပ်ကြပ် ဆန်းဝင်း၊ ဒုတပ်ကြပ် ကျော်ဝင်းစိန်နှင့် တပ်သား အာကာပိုင်စိုးတို့ကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အမိန့်အရ အကျဉ်းထောင် ဥပဒေ ပုဒ်မ ၅၄ (၁) ဖြင့် အရေးယူပေးရန် ဒုတိယထောင်တာဝန်ခံ ဦးစရွှေမင်းသားက တရားလို လုပ်ပြီး ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ဘားအံမြို့နယ် တရားရုံးထံမှ သိရသည်။

“တရားလိုပြသက်သေ လေးဦးကို စစ်ဆေးပြီး ဖြစ်ပါတယ်။ အမှုကို ဥပဒေနဲ့အညီ စစ်ဆေးဆောင် ရွက်လျှက် ရှိပါတယ်” ဟု အမှုကို စစ်ဆေးနေသည့် ဘားအံမြို့နယ် တရားသူကြီး ဦးစောအောင်ထူး က ငြမ်းမီဒီယာသို့ ပြောသည်။

ငွေဒဏ် (၂၀၀) ကျပ် နှင့် ထောင်ဒဏ် (၃) လ

အကျဉ်းထောင် ဖောက်ခံရမှုအတွက် ဝန်ထမ်း (၈) ဦးကို တရားစွဲဆိုထားသည့် အကျဉ်းထောင် ဥပဒေ ပုဒ်မ ၅၄ (၁) ဆိုသည်မှာ “ မည်သည့် ထောင်မှူးကြီးကိုမဆို (သို့) မည်သည့် အကျဉ်းထောင် ဝန်ထမ်းမဆို တာဝန်ကို ပျက်ကွက်သည်ဖြစ်စေ၊ ပေါ့သည်ဖြစ်စေ၊ အခွင့် အာဏာအရ ပြု လုပ်ထားသော ဥပဒေစည်းကမ်းနှင့် တရားသဖြင့် ပေးအပ်သော အမိန့် တစ်စုံတစ်ရာကို ကျူးလွန် ဖောက်ဖျက်သည်ဖြစ်စေ၊ မလေးမစား ပေါ့လျော့သည်ဖြစ်စေ၊ အမိန့်မရရှိဘဲ သို့တည်းမဟုတ် နှစ်လကြိုတင်၍ မိမိကြံရွယ်ခြင်းကို စာဖြင့်ရေးသား တိုင်ကြားခြင်း မရှိဘဲ အလုပ်တာဝန်မှ စွန့်လွှတ် သွားသည်ဖြစ်စေ၊ မိမိအား ပေးထားသော ခွင့်ကို တရားမဲ့ ကျော်လွန်သည်ဖြစ်စေ၊ အကျဉ်းထောင် လုပ်ငန်းမှလွဲ၍ အခြားလုပ်ငန်း တစ်ခုခုကို အခွင့်မရရှိဘဲ ပြုလုပ်ဆောင်ရွက်နေသည် ဖြစ်စေ၊ တာဝန်ထမ်းဆောင်ရာတွင် သတ္တိ ညံ့ဖျင်းသည် ဖြစ်စေ၊ တရားရုံးရှေ့မှောက်တွင် တရားစွဲ ဆိုခြင်း ခံရပါက ငွေဒဏ် (၂၀၀) ကျပ်တိတိ (သို့) ထောင်ဒဏ် (၃) လအထိ (သို့) ငွေဒဏ်နှင့် ထောင်ဒဏ် နှစ်ရပ်စလုံးကို ကျခံစေရမည်” ဟု ပြဌာန်းထားသည်။ ၎င်းဥပဒေသည် ၁၈၉၈ ခုနှစ် အင်္ဂလိပ်အုပ်ချုပ်စဉ်က ပြဌာန်းထားသည့် ဥပဒေလည်း ဖြစ်သည်။

ထွက်ပြေးအကျဉ်းသားစာရင်း ကွာဟနေ

အကျဉ်းထောင် အဖောက်ခံရမှုအတွက် ဝန်ထမ်းများကို အရေးယူရန် ဒုတိယထောင်တာဝန်ခံ ဦးစရွှေမင်းသား၏ ဦးတိုက်လျောက်ထားမှုကို ဘားအံမြို့နယ် တရားရုံးက ရာကြီးအမှုအမှတ် ၂၂၃၄ /၂၀၁၈ ဖြင့် လက်ခံခဲ့ခြင်း ဖြစ်ပြီး အမှုတွဲတွင် “ အကျဉ်းထောင် ဒုတပ်ကြပ် ကျော်ဝင်းစိန် မောင်းနှင်သော အမှိုက်သယ်ယာဉ်အား အကျဉ်းသားများက ရိုက်နှက်လုယက် မောင်းနှင်ပြီး အကျဉ်းထောင်အတွင်း ကြက်တူရွေးတံခါး၊ အကျဉ်းထောင်တံခါးမကြီး နှစ်ချပ်၊ အကျဉ်းထောင် အဝင်ဝတံခါး အပါအဝင် စုစုပေါင်း (၄) ချပ်အား တိုက်ပြီး ယာဉ်နှင့်အတူ အကျဉ်းသား (၂၈) ဦး၊ အချုပ်သား (၁၂) ဦး၊ စုစုပေါင်း (၄၀) ဦး ထွက်ပြေးလွတ်မြောက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း (၈) ဦးတို့အား အရေးယူပေးရန်” ဟု ဖော်ပြထားသည့် အတွက် ပြည်နယ် အစိုးရအဖွဲ့နှင့် ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည့် ထောင်ဖောက်ပြေးသည့် အကျဉ်းသား အရေအတွက် (၄၂) ဦးနှင့် ကွဲလွဲနေသည်။

ဝန်ထမ်း (၈) ဦးကို တရားစွဲဆိုထားမှုအား စစ်ဆေးရာတွင်လည်း ထွက်ပြေး အကျဉ်းသား အရေ အတွက်အား (၄၀) ဦးဖြင့်သာ စစ်ဆေး ဆောင်ရွက်နေသည်ကို ငြမ်းမီဒီယာက တရားခွင်၌ လေ့လာတွေ့ရှိရသည်။

ယခုကဲ့သို့ စာရင်းကွာနေခြင်းမှာ အကျဉ်းဦးစီးဌာနမှ ပထမတိုင်စာ ပေးပို့သည့်အတိုင်း ရဲတပ်ဖွဲ့က (၄၂) ဦးဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး၊ နောက်ပိုင်းတွင် အကျဉ်းဦးစီးဌာနက ထွက်ပြေး အကျဉ်းသား အရေအတွက်မှာ (၄၀) ဦးသာ ဖြစ်သည်ဟု အရေအတွက် ပြင်ဆင်၍ သတင်း ထပ်မံပေးပို့ခဲ့ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ၏ တာဝန်ရှိသူ တစ်ဦးက ငြမ်းမီဒီယာသို့ ပြောသည်။

ထောင်များ၏ ဝန်ထုပ်ဝန်ပိုး

အကျဉ်းထောင်များသည် ဝင်ဆံသည့် အကျဉ်းသား အရေအတွက်ထက် ထက်ဝက်ကျော်ကို ပိုမို လက်ခံထားရသည်။ ယင်းအခြေအနေကြောင့် မလိုလားအပ်သည့် ပြဿ နာများ မဖြစ်စေရန် မြန်မာနိုင်ငံ လူအခွင့်အရေးကော်မရှင်နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့တို့က အကျဉ်းထောင်များတွင် လူလျှော့ရန် နိုင်ငံတော်အစိုးရကို အကြုံပြုထားသည်။

ဘားအံထောင်သည် (က) အဆင့်အကျဉ်းထောင် ဖြစ်သဖြင့် အကျဉ်းသား တစ်ထောင်သာ ထားရမည် ဖြစ်သော်လည်း ထောင်ဖောက်ခံရသည့် ကာလက အကျဉ်းသား နှစ်ထောင် ဝန်းကျင် ရှိနေသည်ဟု အစိုးရတာဝန်ရှိသူများက ပြောသည်။ ဖွဲ့စည်းပုံအရ အကျဉ်းထောင် ဝန်ထမ်း (၁၀၉) ဦး ရှိရမည် ဖြစ်သော်လည်း ဘားအံထောင်တွင် ဝန်ထမ်း (၆၃) ဦးသာ ရှိနေသည်။ အဆိုပါ (၆၃) ဦး ထဲတွင် အမျိုးသမီးဝန်ထမ်း (၁၈) ဦး၊ ကျန်းမာရေး ဝန်ထမ်း (၃) ဦး၊ သင်တန်းတက် အမျိုးသား ဝန်ထမ်း (၃) ဦး၊ ရုံးဝန်ထမ်း (၁) ဦး၊ စိုက်ပျိုးရေး စခန်းခွဲတွင် တာဝန်ကျ အမျိုးသားဝန်ထမ်း (၄) ဦး၊ ခွင့်ယူ အမျိုးသားဝန်ထမ်း (၂) ဦး တို့ကို နုတ်ပါက ထောင်ဖောက်ခံရသည့်နေ့က ဘားအံ ထောင်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူ (၃၂) ဦးသာ ရှိသည်ဟု ငြမ်းမီဒီယာက စုံစမ်း သိရှိရသည်။

“အကျဉ်းထောင်မှာက သာမန်ထားရမယ့် အရေအတွက်ထက် သုံးဆလောက် ပိုနေတယ်။ (၇၀၀) လောက်ထားရမှာကို (၂,၀၀၀) ကျော်လောက် ထားနေရတယ်။ အဲဒီကတည်းက ပြဿ နာတစ်ခုခုက ဖြစ်ဖို့တော့ များနေပြီပေါ့။ သာမန်ထက် ပိုနေပြီးတော့ ရှိတဲ့ဝန်ထမ်း အင်အားနဲ့ မမျှဘူးပေါ့။ မမျှတော့ ဒီလိုပဲဖြစ်တယ်လို့ ကျွန်မတော့ သုံးသပ်မိပါတယ်” ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က၂၀၁၈ ခုနှစ်၊ အောက်တိုဘာ (၆) ရက်နေ့တွင် ဒေသတွင်း သတင်းမီဒီယာ သမားများကို ပြောကြားထားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ၂၀၁၇ ခုနှစ်အတွင်း အကျဉ်းထောင် (၃၀) ကို စစ်ဆေးခဲ့ရာ ထားနိုင်သည့် အကျဉ်းသား အရေအတွက်မှာ (၃၁,၅၀၀) ဦးသာ ဖြစ်သော်လည်း အကျဉ်း သား (၅၀,၀၀၀) ကျော် ထိန်းသိမ်းထားရသည့် အတွက် ထားနိုင်သော ပမာဏထက် အကျဉ်းသား (၁၉,၀၀၀) ဝန်းကျင် ပိုမိုများပြားနေသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

ယခုအခါ မူးယစ်ဆေးဝါး နှိမ်နှင်းရေးအပါအဝင် အခြားပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီး ထိန်းသိမ်းမှု များပြားလာသည့် အတွက် အကျဉ်းထောင်များတွင် အကျဉ်းသူ အကျဉ်းသားများ အဆမတန် များပြားနေကြောင်း ကော်မရှင်က စာရင်းဇယားဖြင့် ထောက်ပြထားသည်။

ကော်မရှင်၏ စာရင်းဇယားများအရ ထားနိုင်သည့် ပမာဏထက် (၂၀၀) ရာခိုင်နှုန်း ကျော်နေသည့် အကျဉ်းထောင် (၃) ခု၊ (၁၀၀) ရာခိုင်နှုန်း ကျော်နေသည့် အကျဉ်းထောင် (၇) ခုနှင့် (၉၀) ရာခိုင်နှုန်း ကျော်နေသည့် ထောင် (၂) ခု ရှိသည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

အကျဉ်းသားအရေအတွက်ကို လျော့ချနိုင်ရန် အကျဉ်းသားစီစစ်လျော့ချရေး ကော်မတီကို ဖွဲ့စည်း လုပ်ဆောင်သင့်ကြောင်း သမ္မတထံသို့ တင်ပြထားချက်သည် ယခုနှစ်အတွင်း အကောင်အထည် ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ငြမ်းမီဒီယာသို့ ပြောကြား သည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင်နှင့် အလုပ်စခန်း စုစုပေါင်း (၉၃) ခုရှိပြီး ဝင်ဆံ့နိုင်သော ဦးရေမှာ (၆၆,၀၀၀) ဖြစ်သော်လည်း လက်ရှိ အကျဉ်းထောင်များ အတွင်းတွင် အကျဉ်းသားနှင့် အချုပ်သား (၉၂,၀၀၀) ဝန်းကျင်ရှိနေကြောင်း AAPP က ထုတ်ပြန်ထားသည့် “အကျဉ်းထောင်အတွင်း လူဦးရေ လျှော့ချနိုင်ရေး အရေးတကြီး လုပ်ဆောင်ရန် လိုအပ်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ” စာတမ်းတွင် ဖော်ပြထားသည်။

အစိုးရအနေဖြင့် အကျဉ်းထောင်အသစ်များ တည်ဆောက်ခြင်းနှင့် လက်ရှိ အကျဉ်းထောင် များကို တိုးချဲ့တည်ဆောက် နေခြင်းများသည် ဆေးမြီးတိုဖြင့်ကုသ သကဲ့သို့ ဖြစ်နေပြီး အကျဉ်းသား အင်အားနှင့် ကိုက်ညီသည့် ဝန်ထမ်းအင်အား တိုးမပေးနိုင်သည့်အတွက် ထောင်အုပ်ချုပ်ရေးတွင် အားနည်းချက်များ ဖြစ်လာစေကာ ထောင်တွင်း ဒုစရိုက်မှုများ ပိုဖြစ်လာနိုင်သလို ဘားအံ ထောင်ဖောက်ခံရမှုမှာလည်း ၎င်းအခြေအနေများ၏ အကျိုးဆက်များ ဖြစ်နိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးတိတ်နိုင်က ငြမ်းမီဒီယာသို့ ပြောသည်။

“ ထောင်တွေကိုကြည့်ရင် မူးယစ်ဆေးဝါးမှုတွေက (၅၀) ရာခိုင်နှုန်း ကျော်တယ်။ (၁၀) ရာခိုင်နှုန်းက အချုပ်သားတွေ ဖြစ်နေတယ်။ လက်ရှိအစိုးရက ထောင်တွေကို ပြုပြင် ပြောင်းလဲဖို့ မေ့နေတာတော့ မဟုတ်လောက်ဘူး။ ဦးစားပေး အဆင့်ထဲမှာ မပါတာ ဖြစ်ပါလိမ့်မယ်။ အရေးတကြီး လုပ်ဆောင်ရမယ့်အထဲ မပါဘူးလို့ သတ်မှတ်ကောင်း သတ်မှတ်ပါလိမ့်မယ်။ ကျွန်တော် ပြောချင်တာက ဒါဟာ သိပ်ကို အရေးကြီးတဲ့ကိစ္စပါ။ အကျဉ်းထောင် ပြုပြင်ရေးကိစ္စ၊ ပြစ်ဒဏ် အပြစ်ပေးခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကိစ္စက တိုင်းပြည်အတွက် အင်မတန် အရေးတကြီး လိုအပ်နေပါပြီလို့ ပြောချင်ပါတယ်” ဟု ဦးတိတ်နိုင် က ပြောသည်။

အကျဉ်းဦးစီးဌာန အင်းစိန် ဗဟိုအကျဉ်းထောင်သည် အကျဉ်းသားဦးရေ (၅,၀၀၀) သာ ထားရှိရမည် ဖြစ်သော်လည်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လက ဝင်ရောက်စစ်ဆေးစဉ် အကျဉ်းသား၊ အချုပ်သား (၁၂,၁၅၈) ဦး ရှိနေသည့်အတွက် သတ်မှတ်ဦးရေထက် (၇,၁၅၈) ဦး ပိုနေပြီး ဝန်ထမ်း အင်အား (၆၀၃) ဦးသာ ရှိသည့်အတွက် အကျဉ်းသားနှင့် ဝန်ထမ်း သတ်မှတ်အချိုး ဖြစ်သည့် တစ် အချိုး တစ်ဆယ်ထက် ကျော်လွန်၍ တစ်အချိုး နှစ်ဆယ် ဖြစ်နေသည်ဟု ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် နိုင်ငံတော်အစိုးရ တာဝန်ရှိသူများ အနေဖြင့် အကျဉ်း ထောင်များ၏ ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှု အပါအဝင် အကျဉ်းသားနှင့် ဝန်ထမ်းအင်အား မမျှတမှုတို့ကို သင့်တော်သည့် နည်းလမ်းများဖြင့် အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ရန်ဘားအံ ထောင်ဖောက်မှု ဖြစ်စဉ်က သံချောင်းခေါက်လိုက်ပြီ ဖြစ်သည်။ …

သန်းထိုက်အောင်
ဖေဖော်ဝါရီ (၄)၊ ၂၀၁၉၊ ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,