သူတို့ကဘာလဲဆိုတော့ ပိုက်ဆံယူပြီး စာတမ်းတွေကိုဖော်ပြပေးတာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တကယ်တမ်းပြောရင် တက္ကသိုလ်ပါမောက္ခဆိုတာကတော့ ကိုယ့် Field နဲ့ကိုယ် တစ်ချိန်လုံး သုတေသနတွေလုပ်နေရမှာ။ ခုတော့အုပ်ချုပ်ရေးတာဝန်တွေပါလာတာကိုး။ အဲဒီလို စီမံရေးပိုင်းတွေပါနေတာကတော့ ကျွန်တော်တို့ဆီက ပညာရေးစနစ်အလွဲလို့ထင်ပါတယ် . . .

အောက်တိုဘာ (၃၁)၊ ၂၀၁၉၊ ရန်ကုန်
The Nyang News

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များရှိ သင်ကြားရေးဆရာဆရာများ၏ သုတေသနစာတမ်းများနှင့် ပတ်သက်ပြီး သတင်းများထွက်လာခဲ့ရာ ၎င်းကိစ္စအပါအဝင် အဆင့်မြင့်ပညာဦးစီးဌာန၏ ရာထူးတိုးမြှင့်ခန့်ထားရေးမူဝါဒပါ အချက်တချို့အား မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

ငြမ်း – လူမှုကွန်ရက်က ဆရာတင်ထားတဲ့ Post တစ်ခုမှာ “ ခါတော်မီစာတမ်းတွေနဲ့ မရိုးမသားရာထူးတိုးရယူဖို့ ကြိုးစားကြတာ စိတ်ပျက်စရာ” ဆိုတဲ့ မှတ်ချက်တစ်ခုကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း တက္ကသိုလ်သင်ကြားရေး ဆရာ ဆရာမတွေရဲ့ သုတေသနစာတမ်းတွေထဲမှာ Paper အတု (၁,၀၀၀) ကျော်အထိ စစ်ဆေးတွေ့ရှိရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ ဆိုတော့ ဒီကိစ္စတွေဟာ နိုင်ငံရဲ့ပညာရေးစနစ်ကို ဘယ်လိုသက်ရောက်မှုရှိလာနိုင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Dr. SKMT – ပထမဆုံး ကျနော်ပြောချင်တာက ဒါတွေဟာ စာတမ်းအတုတော့ မဟုတ်ဘူး။ အများစုက ကိုယ်တိုင်ပဲရေးကြတာများပါတယ်။ သို့သော် ဒီစာတမ်းတွေကို ထည့်သွင်းဖော်ပြတဲ့ စာအုပ်တိုက်တွေ၊ ထုတ်ဝေသူတွေကထုတ်တဲ့ စာအုပ်တွေကို fake journal ခေါ်တာပေါ့။ အိန္ဒိယကနေ အများစုလုပ်တာ။ သူတို့ကဘာလဲဆိုတော့ ပိုက်ဆံယူပြီး စာတမ်းတွေကို ဖော်ပြပေးတာ။ ဒီနေ့ပို့တယ်၊ မနက်ဖြန်ဆို Public ကို ထုတ်ဝေပြီးသားဆိုတာမျိုးပေါ့။ အဲဒီလိုပုံစံမျိုး လုပ်ကြတာပေါ့။ သူတို့ဆီမှာ ဒီသုတေသနစာတမ်းတွေကို စစ်ဆေးတဲ့ စာစစ်တဲ့သူမရှိဘူး။ ဒီအတိုင်းပို့ရင် ပို့တဲ့အတိုင်းထုတ်လိုက်တာ။ Academic Standard နဲ့ကြည့်ရင် လက်ခံလို့မရတဲ့ ဂျာနယ်တွေပေါ့။ အဲဒီလို ထုတ်တာတွေ များတာပေါ့။ အဲဒီတော့ စာတမ်းအတုတွေလို့ ပြောတာထက်စာရင် မစစ်မှန်တဲ့ဂျာနယ်တွေလို့ပြောတာ ပိုကောင်းမယ်ထင်တယ်။ အဲဒီကိစ္စက ရှေ့ပိုင်း မီဒီယာတွေမှာဖော်ပြတဲ့အခါ ‘စာတမ်းအတု’ ဆိုပြီးသုံးကြတာ တော်တော်များများရှိသွားတော့ ဆရာ ဆရာမတွေအတွက် မကောင်းဘူးပေါ့။ ခုနကမေးခွန်းကိုပြောရရင် စာတမ်းပြုစုတာကတော့ နိုင်ငံတကာမှာလည်း လုပ်တာပဲ။ ဒေါက်တာသန်းထွန်း ပြောထားတာရှိတယ်လေ။ “ တက္ကသိုလ်၏အသက်သည် သုတေသနဖြစ်သည်” ဆိုတာ။ အဲဒီတော့ အခုလိုစစ်ဆေးဆောင်ရွက်တာတွေ လုပ်လိုက်တဲ့အတွက် ပိုပြီးအရည်အသွေးကောင်းတဲ့ သုတေသနစာတမ်းတွေ ပြုလုပ်လာနိုင်ကြမယ်လို့ ထင်ပါတယ်။

ငြမ်း – လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ စတဲ့ရာထူးတွေအတွက် ရာထူးတိုးမြှင့်ခန့်ထားရေးမူထဲမှာ ပြည်ပကပါရဂူဘွဲ့ယူထားသူတွေကို ဦးစားပေးတဲ့အချက်တစ်ခုကို တွေ့ရပါတယ်။ ရာထူးတာဝန်ကို လုပ်ငန်းခွင်ထဲမှာ အခြေခံကျကျ ထမ်းဆောင်တဲ့အခါ ပြည်ပကပါရဂူဘွဲ့နဲ့ ပြည်တွင်းကပါရဂူဘွဲ့ ဘယ်လိုကွာခြားမှုရှိပါသလဲ။

Dr. SKMT – ယေဘုယျတော့ ဒီမေးခွန်းကို ကျနော်သိပ်မဖြေချင်ဘူးဗျ။ ဒါပေမယ့် အားလုံးကလည်းသိပါတယ်။ ဥပမာ နိုင်ငံခြားမှာလုပ်တဲ့ သုတေသနအနေအထားနဲ့ ကျနော်တို့ဆီမှာလုပ်တဲ့ သုတေသနအနေအထားပေါ့။ ဆိုတော့ ဘာဖြစ်ဖြစ်ပေါ့နော်၊ ကျနော်တို့ အရင်တစ်နှစ်ကတော့ ဒါမျိုးခွဲခြားပြီးပြောတာမျိုးတွေ မရှိဘူး။ ခုတော့ တက္ကသိုလ်တွေထဲက (၁၆) ခုကို Pilot Project လုပ်တဲ့အခါ ဝန်ကြီးဌာနက ဥပမာ ရန်ကုန်လိုကျောင်းမျိုးမှာ နိုင်ငံခြားကဘွဲ့ကိုဦးစားပေးမယ်တို့ ဘာတို့ ဒီလိုမျိုးဖြစ်လာပေါ့နော်။ လုပ်ငန်းဆောင်ရွက်တာမှာတော့ major တစ်ခုနဲ့တစ်ခု၊ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်း ဒါကတော့ ပြောလို့မရဘူး။ ကျနော်တို့က တစ်ခုခုကို ဟိုဟာမကောင်းဘူး၊ ဒီဟာမကောင်းဘူးလို့တော့ ပြောလို့တော့မရပါဘူး။ နိုင်ငံခြားကဘွဲ့မရပေမယ့် ပြည်တွင်းမှာပဲ သုတေသနတွေ အများကြီးလုပ်ပြီး တကယ့်ကမ္ဘာကျော်သွားတဲ့ ပညာရှင်တွေလည်းရှိပါတယ်။ ထိုနည်းလည်းကောင်းပဲ တချို့လည်း ဘွဲ့တွေအများကြီးရပေမယ့် သုတေသနတွေဆက်မလုပ်ဖြစ်တော့တဲ့ ဆရာဆရာမတွေလည်း အများကြီးရှိပါတယ်။ ဆိုတော့ အဲဒီအပိုင်းကတော့ နည်းနည်းပြောရခက် တယ်ဗျ။ နိုင်ငံတကာမှာတော့ စံနှုန်းတွေရှိတာပေါ့။ ဥပမာ သုတေသန ဘယ်လောက်လုပ်ထားလဲ၊ Project တွေကို ဘယ်လောက် ဦးဆောင်လုပ်ခဲ့သလဲ ဆိုတာမျိုးပေါ့။ အဲဒါမျိုးတွေနဲ့တွက်တာရှိတယ်။ တစ်ကျောင်းနဲ့ တစ်ကျောင်းတော့ မတူဘူးပေါ့။ နိုင်ငံခြားဘွဲ့ဖြစ်ခြင်းမဖြစ်ခြင်းကတော့ ကျနော်ထင်ပါတယ်၊ ဟိုး စစ်အစိုးရလက်ထက်ကတည်းက ဖြစ်လာခဲ့တာလို့ ထင်ပါတယ်။ တချို့ နိုင်ငံခြားက ဘွဲ့ယူလာတဲ့လူတွေကို အဆင့်မြင့်အုပ်ချုပ်ရေးတာဝန်တွေ ပေးလိုက် တာရှိတယ်။ တကယ်တမ်းဆိုရင် သင်ကြားရေးပိုင်းမှာထားရမှာ။ ဒါတွေက တကယ်ဆို နှမြောစရာပေါ့ဗျာ။

ငြမ်း – သုတေသနစာတမ်းတွေနဲ့ပတ်သက်ပြီး ရာထူးတိုးမြှင့်ခန့်ထားရေးအတွက် စဉ်းစားတဲ့မူမှာ ရမှတ်နဲ့ဆုံးဖြတ်တာလည်းတွေ့ရတယ်။ ဒီအချက်ကြောင့်များ သုတေသနစာတမ်းပြ
ဿ နာ ဖြစ်လာရတာများလား။

Dr. SKMT – အဲဒါက Co Author နဲ့ First Author ဆိုတာရှိတယ်။ First Author ဆိုရင် (၂) မှတ်ပေါ့။ တွဲဖက်ရေးတဲ့ Co Author ဆိုရင် (၀ . ၅) မှတ်ပေါ့။ ယေဘုယျကတော့ ဒီလိုရမှတ်နဲ့ စဉ်းစားဆုံးဖြတ်လို့ ဖြစ်တာဆိုပြီး ကောက်ချက်ချကြတာပေါ့။ ဥပမာ Paper ကို အမှတ်ပေးလို့ Paper များများရအောင် လုပ်တယ် ဆိုတာမျိုးပေါ့။ သို့သော်လည်းပဲ ရေရှည်မှာ တက္ကသိုလ်အနေနဲ့ သွားမယ်ဆိုရင်တော့ သုတေသနက မဖြစ်မနေလုပ်ရမယ့်ကိစ္စပဲ။ နောက်တစ်ခုက ဘယ်စာတမ်းတွေ၊ ဘယ်ဂျာနယ်တွေမှာ ထည့်သွင်းဖော်ပြတယ်ဆိုရင် ဒါက အားထားရတဲ့ သုတေသနစာတမ်းတွေဖြစ်တယ် ဆိုတဲ့သတ်မှတ်မှုမျိုးပေါ့။ ဒါမျိုးတော့ ဖြစ်သင့်တယ်။

ငြမ်း – ဒါဆို ရာထူးတိုးမြှင့်ရေးရဲ့ ဒီမူကြောင့် Paper တွေများများရအောင်လုပ်ရင်း ခုလိုကိစ္စတွေ ဖြစ်လာရတယ်ဆိုတာ ရေဘုယျကောက်ချက်ချလို့ ရတယ်လို့ ပြောချင်တာလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Dr. SKMT – ဒါကတော့ လူတွေရဲ့ ကောက်ချက်ပေါ့။ ဥပမာ အမှတ်များများရအောင် လုပ်တာလားပေါ့။ တစ်ခုတော့ကျနော်ပြောချင်တယ်။ ရာထူးတိုးမြှင့်ရေးရဲ့ ဒီမူက မှားတယ်လို့ ကျနော်မပြောချင်ဘူး။

ငြမ်း – ဒီရာထူးတိုးမြှင့်ရေးမူထဲမှာပဲ စွမ်းဆောင်ရည်ရမှတ်ဆိုတာ တွေ့ရပါတယ်။ ဒါကရော ဘယ်လိုသဘောဆောင်ပြီး ဘယ်လိုသက်ရောက်မှုရှိတယ်လို့ ပြောနိုင်ပါသလဲ။

Dr. SKMT – Preformance ကတကယ်တမ်းက အဲဒီဟာပဲဗျ။ Preformance က သုတေသနကိုပြောချင်တာပေါ့။ ကျနော်လည်းစာတွေ လိုက်ဖတ်ပါတယ်။ နိုင်ငံတကာမှာ၊ အဓိက UN ကထုတ်တဲ့ဟာတို့၊ ILO ကထုတ်တဲ့စံတို့မှာပေါ့။ ဆရာဆရာမတွေရာထူးတိုးတဲ့နေရာမှာ အဓိကစဉ်းစားစရာက နှစ်ချက်ပဲ။ နံပါတ်တစ်က လုပ်သက်ပဲ။ အတွေ့အကြုံပေါ့ဗျာ။ နံပါတ်နှစ်က Competency ပေါ့။ မြန်မာလိုဆိုရင်တော့ စွမ်းဆောင်ရည်ရမှတ်ပေါ့။ စွမ်းဆောင်ရည်ရမှတ်ကို Paper နဲ့တိုင်းတာရှိတယ်။ Research Field တွေကို ဦးဆောင်နိုင်တာနဲ့တိုင်းတာရှိတယ်။ ဒါမျိုးတွေပါရမယ်လေ။ တကယ်တမ်းပြောရင် တက္ကသိုလ်ပါမောက္ခဆိုတာကတော့ ကိုယ့် Field နဲ့ကိုယ် တစ်ချိန်လုံး သုတေသနတွေလုပ်နေရမှာ။ ခုတော့အုပ်ချုပ်ရေးတာဝန်တွေပါလာတာကိုး။ အဲဒီလို စီမံရေးပိုင်းတွေပါနေတာကတော့ ကျွန်တော်တို့ဆီက ပညာရေးစနစ်အလွဲလို့ထင်ပါတယ်။

ငြမ်း – မြန်မာနိုင်ငံမှာ Academic တွေနဲ့ အပြင်က Field တွေ ချိတ်ဆက်မှုမရှိဘဲ သီးခြားစီဖြစ်နေတာကလည်း ပညာ ရေးစနစ် နိမ့်ကျသွားစေတယ်ဆိုတဲ့ ဝေဖန်မှုတွေကိုရော ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။

Dr. SKMT – ကျနော်တို့ သုတေသနတွေ လုပ်ကြတယ်ပေါ့။ အများကြီးပေါ့။ ကျွန်တော်တို့ရဲ့ သုတေသနစာတမ်းတွေ၊ စာအုပ်တွေက ဘယ်အထဲရောက်သွားသလဲဆိုတော့ စာကြည့်တိုက်ထဲမှာ ဖုန်အလိမ်းလိမ်းတက်နေတယ်။ လိုအပ်တဲ့ ကျောင်းသားနဲ့ ဆရာ အနည်းငယ်လောက်ပဲ သွားကြည့်ကြတာပေါ့။ ဒီတွေ့ရှိချက်တွေကို နိုင်ငံတော်က ယူအသုံးချတာမျိုးလည်းနည်းတယ်။ အဲဒီတော့ ဒီဟာကိုအပြောင်းအလဲလုပ်ဖို့ ကြိုးစားနေတယ်လို့တော့ ကျနော်နားလည်တယ်။ ဘာလဲဆိုတော့ ဥပမာ ကျောင်းပတ်ဝန်းကျင် ဒေသန္တရဆိုင်ရာအတွင်းမှာရှိတဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင်ကလူတွေနဲ့ ချိတ်ဆက်ပြီး သူတို့ကဘာတွေလိုချင်လဲ၊ ကျောင်းကဘာတွေထုတ် ပေးရမလဲ အဲဒါမျိုးသွားဖို့တော့ ပြင်ဆင်နေကြပြီလို့ ကျနော် သိတယ်။ ဥပမာအားဖြင့် ကျနော်တို့ရန်ကုန် နိုင်ငံခြားဘာသာသင်တက္ကသိုလ်ပေါ့။ အဲဒီမှာ ပြင်ပနဲ့ချိတ်ဆက်နိုင်အောင် ကြိုးစားနေကြတယ်။ ခုနကပြောတဲ့ဟာ အရင်တုန်းက တောက်လျောက်လုပ်ခဲ့ပြီးတော့မှ အပြင်မှာပြန်သုံးရင် feed back တွေက မကောင်းကြဘူးပေါ့ဗျာ။

ငြမ်း – ဆရာဆရာမဆိုတာ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘုရားနဲ့တစ်ဂိုဏ်းတည်းထားတဲ့ အနန္တော အနန္တဂိုဏ်းဝင်တွေပါ။ ဒါပေမယ့် ရာထူးဌာနန္တရ ကိစ္စလေးကို အကြောင်းပြုပြီး အခုဖြစ်သွားတဲ့ Paper ကိစ္စလိုမျိုး မရိုးမသားဆောင်ရွက်ကြတာကိုရော ဆရာတစ်ယောက်အနေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Dr. SKMT – အဓိကကတော့ ဒါ Ethic ပေါ့။ ကျင့်ဝတ်နဲ့ဆိုင်တဲ့ကိစ္စပါ။ လုပ်တဲ့ဆရာဆရာမ ရှိသလို မလုပ်တဲ့ဆရာဆရာမလည်း ရှိတာပေါ့။ ဒါကတော့ မြန်မာတစ်နိုင်ငံတည်းကြုံရတဲ့ပြဿ နာတော့မဟုတ်ဘူး။ ကမ္ဘာမှာလည်း အဲဒီလိုမျိုးတွေရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါတွေကစာထုတ်မှ နားလည်ရမယ့်ကိစ္စတွေ မဟုတ်ပါဘူး။ ဥပမာ ဆရာဆရာမတွေဖြစ်လာရင် ဘယ်ဟာကတော့ စောင့်ထိန်းရမယ်၊ ဘယ်ဟာကတော့ လိုက်နာရမယ်ဆိုတဲ့ဟာတွေကိုပေါ့။ ဒီဟာမျိုးတွေကတော့ သိပြီးသားဖြစ်ရမယ့်ဟာတွေပါ။

ငြမ်း – ပညာရေးနဲ့ပတ်သက်ရင် “ ဘွဲ့ရလည်း ဘာမှလုပ် လို့မရပါဘူး” ဆိုတဲ့အမြင်မျိုးက ဒီကနေ့လူူ့ အဖွဲ့အစည်းမှာ တော်တော်များများ ရှိနေကြတယ်။ ဒါဟာ ပညာရေးနဲ့ ပညာရေးစနစ်အပေါ် လူထုက အယုံအကြည်မဲ့လာခြင်းရဲ့ ပြယုဂ်ဆိုပြီး သုံးသပ်ကြတာတွေလည်း ရှိနေတယ်။ ဆိုတော့ ဒီလိုအမြင်တွေ ဘာကြောင့်ဖြစ်လာရတယ်ဆိုတာနဲ့ ဒီအမြင်တွေ ပြောင်းလဲလာအောင် ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို Academic ပညာရှင်တစ်ယောက်အနေနဲ့ ပြောပြပေးပါဦး။

Dr. SKMT – ဒီကိစ္စမှာ Cause ပေါ့၊ အကြောင်းတရားကတော့ နိုင်ငံရေးစနစ်ပါ။ ဒါနံပါတ်တစ်ပေါ့။ ဒါ လူတိုင်းသိပြီးသားပါ။ သူတို့ ပညာသင်ကြားရေးနဲ့ဆိုင်တဲ့ ပညာရေးမူဝါဒတွေ ချမှတ်တဲ့အချိန်တုန်းက နိုင်ငံရေးအယူအဆနဲ့ လွှမ်းမိုးလိုက်တော့ တက္ကသိုလ်တွေ၊ ကျောင်းတွေမှာ တီထွင်ကြံဆနိုင်တဲ့စွမ်းအား နည်းသွားခဲ့တယ်။ နောက်တစ်ခုက ဆရာဆရာမတွေကို ထားတဲ့အနေအထားပေါ့။ ခုနက အနန္တော အနန္တငါးပါးမှာပါတယ်လို့ပြောတဲ့ ဆရာဆရာမတွေဟာ ခုအချိန်မှာ နည်းပါးလှတဲ့ခံစားခွင့်တွေနဲ့ အလုပ်လုပ်နေကြရတာ။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ဒီအပေါ်မှာ ရုန်းကန်လှုပ်ရှားရတဲ့ သဘောရှိတယ်။ ဒီပညာရပ်တွေအပေါ်မှာ ထပ်ပြီးအားမစိုက်နိုင်တဲ့သဘောတွေလည်းရှိတယ်။ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ရတာကိုး။ ဒီအပေါ်မှာထပ်ပြောချင်တာကတော့ Cause ကတော့ ခုနကပြောတဲ့ ပညာရေးကို နိုင်ငံရေးအမြင်နဲ့ကြည့်ခဲ့တာ။ Politicized လုပ်တယ်ခေါ်မှာပေါ့။ ဒုတိယအချက်ကတော့ ဒီပညာရပ်နယ်ပါယ်မှာရှိနေတဲ့ ပညာသည်တွေ၊ ဆရာဆရာတွေပေါ့၊ သူတို့ကိုထောက်ပံ့ခဲ့မှု အရမ်းအားနည်းခဲ့လို့ဖြစ်ပါတယ်။ ခုနကမေးခွန်းထဲက ဒုတိယအချက်ဖြစ်တဲ့ ဒီအမြင်တွေကို ပြောင်းလဲပစ်ဖို့ဆိုတာကတော့ အားလုံးဝိုင်းလုပ်ကြဖို့လိုတယ်။ အဲဒီလိုပြောင်းလဲတဲ့အချိန်မှာ ဆရာဆရာမတွေချည်းသီးသန့် လုပ်လို့မရဘူး။ အစိုးရကလည်း သူ့တစ်ဖွဲ့တည်းနဲ့ ဦးဆောင်နိုင်မှာ မဟုတ်ပါဘူး။ အားလုံးပေါ့။ ကျောင်းသား၊ မိဘ၊ အစိုးရ အားလုံးဝိုင်းပြီးလုပ်ရမှာပေါ့။ ဥပမာ တက္ကသိုလ်တွေမှာ senate တွေ ကောင်စီတွေရှိတာပဲ။ အဲဒီအထဲမှာ ကျောင်းသား၊ မိဘ၊ ဆရာတွေရဲ့ အသံနဲ့ ကိုယ့်ကျောင်းတိုးတက်ရေးကို ဆွေးနွေးတိုင်ပင်သွားရမှာပေါ့။ နောက်တစ်ခုက တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ပညာရေးမူဝါဒပဲ။ ဒီပညာရေးမူဝါဒတွေကို ပြုပြင်နိုင်တဲ့ အစီအစဉ်တွေဆွဲဖို့လိုပါတယ်။ အခုတော့ အစီအစဉ်တွေ ဆွဲတော့ဆွဲတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ကျနော်တို့ဆီမှာက အလုပ်လုပ်ပြီး စာရွက်ပေါ်မှာပဲကျန်ခဲ့တာများတယ်။ လက်တွေ့အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းတယ်။ အဲဒီလိုတွေ ဖြစ်နေတာပေါ့။

ငြမ်း – ရန်ကင်းမြို့နယ်ထဲက ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်မှာ ပညာရေးဝန်ကြီးဌာနလက်အောက်က သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနဆိုတဲ့ ဆိုင်းဘုတ်ကြီးတစ်ခုကိုတွေ့ရကြောင်း၊ ဒီဌာနက ဘာတွေကိုသုတေသနလုပ်ပြီး ဘာတွေတီထွင်ဆန်းသစ်နေကြတာလဲဆိုတာသိလိုကြောင်း၊ နိုင်ငံအတွက်အရေးပါတဲ့ကဏ္ဍတွေအတွက် တီထွင်ဆန်းသစ်မှုတွေကို ဒီဌာနက ဘာတွေဘယ်လိုလုပ်ခဲ့တယ်ဆိုတာ သာမန်ပြည်သူတစ်ယောက်အနေနဲ့ သိခွင့်ရှိသလောက်သိချင်ကြောင်း ငြမ်းမီဒီယာရဲ့စာဖတ်ပရိသတ်တစ်ယောက်ကမေးထားတာရှိပါတယ်။ ဆိုတော့ ပညာရေးဝန်ကြီးဌာနအောက်က တက္ကသိုလ်တစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရှင်တစ်ယောက်အနေနဲ့ ဒီမေးခွန်းကို အများပြည်သူအတွက် ဖြေလို့ရရင်ဖြေပေးစေချင်ပါတယ်။

Dr. SKMT – အဓိကကတော့ ကျနော်တို့တက္ကသိုလ်တွေမှာ URC (University Research Center) တက္ကသိုလ်သုတေသနစင်တာတွေရှိတယ်။ အဲဒီစင်တာတွေက အများအားဖြင့် သိပ္ပံနဲ့ဆိုင်တဲ့ ဘာသာရပ်တွေမှာ အတွေ့ရများတာပေါ့။ နောက်တစ်ခုက အဲဒီက သုတေသနပြုလုပ်ပြီးရလာတဲ့ တွေ့ရှိချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် လူထုသိအောင်မလုပ်နိုင်တာဗျ။ အင်္ဂလိပ်စာနဲ့ရေးထားတာဆိုရင် အများပြည်သူအားလုံး သိနားလည်ဖို့ မလွယ်ဘူးလေ။ ဥပမာ နိုင်ငံအတွက်အရေးကြီးတဲ့ဟာမျိုးဆို မြန်မာလိုဘာသာပြန်ပြီးထုတ်ရမှာပေါ့။ ဂျပန်တို့ဘာတို့မှာဆို အဲဒီလိုပဲလုပ်တယ်။ နောက် နိုင်ငံတော်ကလည်း ဒီလိုလုပ်နိုင်ဖို့ကို ထောက်ပံ့ပေးရမှာပေါ့။ ဒါမှမဟုတ် ပုဂ္ဂလိကနဲ့ ချိတ်ဆက်ပြီး လေ့လာတွေ့ရှိချက်တွေကို ထုတ်တာမျိုးလည်း လုပ်သင့်တယ်။ ဒါလေးတွေလုပ်ရင်တော့ ဒီဌာနတွေက လုပ်ကိုင်ဆောင်ရွက်နေတာတွေကို အများပြည်သူ သိနားလည်လာနိုင်တာပေါ့ဗျာ။ ဥပမာ သုတေသနတွေလုပ်တဲ့အချိန်မှာ ဒီသုတေသနတွေ့ရှိချက်တွေကို လက်တွေ့ထဲ ဆွဲမခေါ်နိုင်ဘူး။ ဆွဲမခေါ်နိုင်တဲ့အကြောင်းကို ပြန်ကြည့်တော့လည်း ဆွဲခေါ်ပေးရမယ့်လူတွေက စိတ်မဝင်စားဘူး ဖြစ်နေတယ်။ ဆွဲခေါ်ရကောင်းမှန်းလည်း မသိဘူးဖြစ်နေတယ်။ အဲဒီလိုပေါ့။

ငြမ်း – တက္ကသိုလ်တွေကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ပေးတာနဲ့ အခုလိုဝန်ကြီးဌာနလက်အောက်မှာထားတာ ဘယ်ဟာကပိုပြီး ပညာရေးစနစ်ကို အားကောင်းဖွံ့ဖြိုးတိုးတက်စေနိုင်တယ်ဆိုတာ ပါမောက္ခတစ်ယောက်ရဲ့အမြင်နဲ့ ပြောပြပေးပါဦး။

Dr. SKMT – တက္ကသိုလ်တွေ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ် စီမံခွင့်ရဖို့ ကျနော်ကိုယ်တိုင်အပါအဝင် တောင်းဆိုခဲ့ကြတာရှိတယ်။ ဘာဖြစ်လို့အဲဒီလို တောင်းဆိုရတာလဲဆိုရင် ခေတ်အဆက်ဆက်ထုတ်လိုက်တဲ့ မူဝါဒတွေက ခုနကကျနော်ပြောသလို နိုင်ငံရေးအတွေးအခေါ်တွေနဲ့ တက္ကသိုလ်တွေကို အုပ်ချုပ်လာခဲ့တော့ ပညာရပ်ဆိုင်ရာမှာ မဖွံ့ဖြိုးနိုင်ဘူး လေ။ ဒါကြောင့် လွတ်လပ်ခွင့်ပေးဖို့ တောင်းဆိုတာပေါ့။ လွတ်လပ်ခွင့်ဆိုတာကလည်း ဒီလွတ်လပ်ခွင့်မှာ ယေဘုယျနှစ်မျိုးခွဲလို့ရတယ်။ တက္ကသိုလ်တွေရဲ့ ပညာရေးလွတ်လပ်ခွင့်၊ နောက်တစ်ခုက ဘဏ္ဍာရေးလွတ်လပ်ခွင့်ပေါ့။ နောက်ထပ်တစ်ခု ထည့်မယ်ဆိုရင် အုပ်ချုပ်ရေးလွတ်လပ်ခွင့်ကို ထည့်ရမယ်။ ဒီသုံးခုက အဓိကကျတယ်။ ဒီသုံးခုမှာ ဥပမာဘဏ္ဍာရေးလွတ်လပ်ခွင့်ဆိုတာမှာ ဘတ်ဂျက်အနေနဲ့ နိုင်ငံတော်ကပေးတဲ့ ပိုက်ဆံရှိမယ်။ သို့သော် လွတ်လပ်တဲ့သုံးစွဲခွင့်ကို မပြဌာန်ဘူး။ ဆိုတော့ အခု ကျနော်တို့အကုန်လုံးက နိုင်ငံတော်ရဲ့ ဝန်ကြီးဌာနအောက်မှာ တွဲထားတော့ တချို့ ဟာတွေမှာ အဲဒါကအလုပ်မဖြစ်ဘူးဗျ။ အဲဒီတော့ ကျောင်းတွေမှာ သူ့ရဲ့ကိုယ်ပိုင် fund တွေရှိမှ သုတေသနတွေလုပ်နိုင်မယ်၊ စာသင်ခန်းတွေကို ဖြည့်ဆည်းလာနိုင်မယ်ပေါ့ဗျာ။ အခုကတော့ ချပေးထားတဲ့ဘတ်ဂျက်မှာ ခေါင်းစဉ်တစ်ခုအောက်ကနေ တခြားဟာကို ပြောင်းသုံးလို့မရတာတွေရှိတော့ ဒါတွေက အလုပ်မဖြစ်ဘူး။ လုံးဝအဓိပ္ပါယ်မရှိပါဘူး။

ငြမ်း – ဆိုတော့ တက္ကသိုလ်တွေကို ဝန်ကြီးဌာနအောက်မှာထားတာနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတာ ဘယ်ဟာက ပညာ ရေးစနစ်အတွက် ပိုကောင်းတယ်ပြောလို့ရမလဲ။

Dr. SKMT – ကိုယ်ပိုင်အုပ်ချုပ်ခွင့်က ပိုကောင်းတာပေါ့ဗျာ။ ဒါမေးခွန်းထုတ်စရာတောင်မလိုပါဘူး။ တစ်ကမ္ဘာလုံးမှာကြည့်လိုက်၊ တရုတ်ပြည်ကကျောင်းတွေတောင် Academic Freedom ရှိတယ်။ သူ့ ကွန်မြူနစ်ပါတီကိုသာ သွားမဆော်နဲ့၊ တော်ရုံတန်ရုံ ရေးလို့ရတယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်နေပြီ။

ငြမ်း – တချို့ မဟာတန်းတက်နေသူတွေ၊ Qualified တက်နေသူတွေဟာ လိုအပ်တဲ့ Thesis ကို ကျောင်းကဆရာတချို့ကိုပဲ ပိုက်ဆံပေးပြီး ရေးခိုင်းတာမျိုး၊ ကိုယ်တိုင်မရေးဘဲ အပြင်မှာ ပိုက်ဆံပေးပြီးရေးခိုင်းတာမျိုးတွေ ရှိတယ်ဆိုပြီး ပြောနေကြတာကိုရော ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

Dr. SKMT – အဲဒါတွေကတော့ ရေရှည် ပြုပြင်သွားရမယ့်ဟာတွေပေါ့ဗျာ။ ဒီနှစ်ကတော့ Paper တွေကို ဘယ်ဂျာနယ်တွေက ဖော်ပြတာလဲ၊ အဲဒီဖော်ပြတဲ့ဂျာနယ်တွေက ပညာရပ်ဆိုင်ရာနယ်ပါယ်မှာ အသိအမှတ်ပြုတဲ့ စံနှုန်းရှိတဲ့ဂျာနယ်တွေလား ဆိုတာကို စစစ်တာပေါ့။ နောက်နှစ်တွေကျရင်တော့ စာတွေပေါ့ဗျာ။ ခုတောင် ကျောင်းတွေမှာ စစ်နေပါပြီ။ ကူးရေးတာတွေ ဘာတွေကို၊ စသဖြင့်ပေါ့။ တဖြေးဖြေးတော့ ပိုကောင်းလာမယ်လို့ ယူဆပါတယ်။

ငြမ်း – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

Dr. SKMT – အဓိကကတော့ ခုနက Paper ကိစ္စပါ။ ရှေ့မှာတချို့ဟာတွေက Paper အတုဆိုပြီး highlight လုပ် ဖော်ပြခဲ့တာတွေရှိတယ်။ အဲဒါတွေက မှားကုန်တာဗျ။ ကျနော်ကိုယ်တိုင်လည်း အဲဒီဟာကိုမကြိုက်ပါဘူး။ ဒါပေမယ့် Paper အတုတွေဆိုတာကြီးက ဆရာဆရာမတွေအပေါ်မှာ impact ကြီးပါတယ်။ Paper အတုဆိုတာ မရှိဘူးတော့မဟုတ်ဘူး။ ရှိတော့ရှိပါတယ်။ ဒါပေမယ့် ရာခိုင်နှုန်းအင်မတန်နည်းပါတယ်။ အခုစစ်လိုက်တဲ့ဟာက ဘယ်ကနေထုတ်ဝေသလဲဆိုတာပေါ့ဗျာ။ အရေးပေါ်ထုတ်တာမျိုးပေါ့။ နေ့ချင်းညချင်း စာတမ်းဖြစ်လာတဲ့ဟာပေါ့။ အဲဒါမျိုးကိုတော့ လက်ခံလို့မရဘူးလေ။

ငြမ်း – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။