သေဆုံးသူအတွက် မိသားစုဝင်များနှင့် ဒေသခံတို့မျှော်လင့်နေတဲ့ အမှန်တရား ရပါ့မလား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ကိုဇော်မင်းထွန်း နာရေးကိုလိုက်ပါပို့ဆောင်သည့် ဒေသခံများ

လူသေဆုံးပါက (၃)ရက်သာ ထားလေ့ရှိသော်လည်း သက်ဆိုင်ရာက စစ်ဆေးမှုများ လာရောက်ပြုလုပ်ဦးမည်လား ဟု မျှော်လင့်ကာ ရုပ်အလောင်းကို (၅) ရက်ထားခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာသားများ ကပြောသည်…

ဒေးဒရဲမြို့နယ် ညောင်တပင်ရွာတွင် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်က ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုတစ်ခုကို လူအများ စိတ်ဝင်စားခဲ့သည်။

သေဆုံးသူသည် အသက်(၃၈)နှစ်သာရှိသေးပြီး ခိုးမှုအတွက် စစ်ဆေးခံရန် ရဲစခန်းသို့ ရောက်ရှိ နေစဉ် နာရီပိုင်းအတွင်း သေဆုံးခဲ့ခြင်း လည်းဖြစ်သည်။ အဆိုပါ သေဆုံးမှုအတွက် မြို့ခံများကြား ထင်မြင်ချက် မျိုးစုံပေးနေချိန်တွင် ညောင်တပင်ကျေးရွာ အပိုင် တော်ကျိုက်အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး က သေဆုံးသူ၏ အလောင်းပုံ ကို ဓာတ်ပုံရိုက်ပြီး အမှန်တရားပေါ်ပေါက်စေရန် အကူအညီတောင်းခံမှုများ ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်မှာ ဒေးဒရဲမြို့နယ် တော်ကျိုက်အုပ်စု ညောင်တပင်ရွာတွင် ငါးဖမ်းပိုက်ပျောက်ဆုံးမှု အတွက် စစ်ဆေးပေးရန် ဇွန်လ(၂၆) ရက်နေ့ ညနေက ရာအိမ်မှူးထံသို့ ပိုက်ပိုင်ရှင် လင်မယားက လာရောက် တိုင်ကြားသဖြင့် တိုင်ကြား ခံရသူနှင့် တိုင်ကြားသူတို့ကို ရာအိမ်မှူး ဦးမြင့်ကြည်နှင့် ရပ်မိရပ်ဖ ဦးမြင့်ဦးတို့ က ခေါ်ယူစစ်ဆေးခဲ့သည်။ ထိုသို့ခေါ်ယူစစ်ဆေးစဉ် ပိုက်တစ်ဖုံကို သေဆုံးသူ ကိုဇော်မင်းထွန်း လင်မယား က ပြန်လည် ပေးအပ်ခဲ့သည်။ ပိုက်ပိုင်ရှင်များ က ပိုက်လေးဖုံ ကျန်သေးသည်ဟု ပြောသဖြင့် ဆက်လက် စစ်မေးရာ ကိုဇော်မင်းထွန်း က ခါးတွင် ပါလာသည့် အရက်ပုလင်းကို ဖွင့်သောက်သဖြင့် လူကြီးများ ကို မခန့်လေးစား လုပ်သည် ဟုဆိုကာ အပိုင်နယ်ထိန်း ကို ရဲစခန်းတွင် စစ်မေးပေးရန် တောင်းဆိုခဲ့ပြီး ရဲစခန်းသို့ပို့ဆောင်ခဲ့ပြီးနောက် ၎င်း ညမှာပင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သေဆုံးသူ၏ မိသားစု သည် ပြည်စုံကြွယ်ဝသူ များ မဟုတ်သော် လည်း ကိုဇော်မင်းထွန်း အတွက် အမှန်တရားကို ရှာဖွေရာ တွင် အချိန် မရွေး အလောင်းကို စစ်ဆေးနိုင်ရေး အထောက် အကူဖြစ်စေရန် ဟုဆိုကာ ချေးငှားပေါင်နှံ ငွေရှာပြီး ဂူသွင်းခဲ့…

” ကျွန်တော်လည်း နယ်ထိန်းကိုဖုန်းဆက်လိုက်တော့ နယ်ထိန်း ကိုတင့်လွင်က သူမအားလို့ ရဲလေးတစ်ယောက် လွှတ်လိုက် ပါတယ်။ ရဲလေးက ခိုးရင်လည်း ပြန်ပေးလိုက်ပြောပါတယ်။ ငြင်းနေတော့ ကျွန်တော်လည်း မအားဘူး စခန်းကျမှ စစ်ချင်လည်း စစ်လို့ပြောပါတယ်” ဟု ကိုဇော်မင်းထွန်းကို ရဲစခန်းသို့ ပို့ဆောင်ခဲ့သည့် အကြောင်းကို ညောင်တပင်ကျေးရွာမှ ရာအိမ်မှူး ဦးမြင့်ကြည်က ငြမ်း မီဒီယာသို့ ပြောသည်။

သေဆုံးသွားခဲ့သူ ကိုဇော်မင်းထွန်း သည် လက်သမား လုပ်ငန်းကို လုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး လက်ရာသေသပ် ကောင်းမွန်သည့် လက်သမား ဆရာ တစ်ဦးဖြစ်ကာ ခိုးမှုကျူးလွန်သည့် ဖြစ်ရပ် ဟောင်းများလည်း မရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကျေးရွာသား များက ပြောသည်။

သေဆုံးသူသည် အသက်(၆၀)ခန့်ရှိ ဒေါ်သန်းလှကြည်နှင့် အိမ်ထောင်ပြု ခဲ့သည်မှာ တစ်နှစ်ကျော် ရှိပြီဖြစ်ပြီး မိသားစုပိုင် အိမ်ဝိုင်း အတွင်းတွင် အိမ်ငယ် တစ်လုံးဆောက်၍ နေထိုင်သူဖြစ်သည်။ အတူနေ မိသားစုဝင် ညီအစ်ကိုမောင်နှမများ မှာ စက်ချုပ် လုပ်ငန်းဖြင့် လုပ်ကိုင် စားသောက် သူ များ ဖြစ်ကာ ဥပဒေနှင့် မလွတ်ကင်းသည့် အလုပ်များကို လုပ်ကိုင်သူ များ မဟုတ်ကြောင်း ညောင်တပင် ရွာသူရွာသားများ က ပြောသည်။

သေဆုံးသူ၏ကိုယ်ခန္ဓာတွင် ဒဏ်ရာဒဏ်ချက်များ တွေ့ရှိရသည်နှင့် ပတ်သက်ပြီး ရဲစခန်း သို့ ပို့ဆောင်စဉ်မည်သည့် ဒဏ်ရာမှမရှိဘဲ အကောင်း ပကတိရှိကြောင်းနှင့် ၎င်းတို့ အနေဖြင့် လည်း ကျေးရွာတွင် ရိုက်နှက် စစ်ဆေးခြင်း လုံး၀ မပြုလုပ်ကြောင်း ကျေးရွာမှ မျက်မြင်များကို သက်သေပြု၍ ရာအိမ်မှူး က ပြောသည် …

ကိုဇော်မင်းထွန်းနှင့်ဇနီးကို ရာအိမ်မှူးနှင့် ရပ်မိရပ်ဖတို့က ဒေးဒရဲစခန်း သို့ ပို့ဆောင်ရာတွင် ဆိုင်ကယ်ကယ်ရီ ငှားရမ်း ပို့ဆောင် ခဲ့ ခြင်းဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ကို အသိမပေးခဲ့ပေ။ ဒေးဒရဲစခန်းသို့ ည(၇) နာရီ နီးပါးတွင် ရောက်ရှိခဲ့ပြီး ကိုဇော်မင်းထွန်း ကို နယ်ထိန်းရုံးခန်း ထဲသို့ ပို့ခဲ့ပြီးနောက် မည်သူမှ မဝင်ရဘဲ ည(၈)နာရီခန့်တွင် နောက်ထပ် ပိုက်တစ်ဖုံ စစ်ဆေး ပေါ်ပေါက်သဖြင့် ရွာသို့ ပြန်ယူပြီး ပေးခဲ့ ရကြောင်း နှင့် ကိုဇော်မင်းထွန်း သေဆုံးကြောင်းကို ည(၁၁) နာရီ ဝန်းကျင် တွင် ရဲစခန်းက လာရောက် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ ကာယကံရှင် မိသားစုနှင့် ရဲစခန်းသို့ လိုက်ပါပို့ဆောင်သူတို့ထံက သိရသည်။

ရဲစခန်းသို့ ပို့ဆောင်ခဲ့သည့် အချိန်မှစ၍ ကိုဇော်မင်းထွန်း ကို မတွေ့ရ တော့ဘဲ နောက်တစ်နေ့ (၂၇)ရက်နေ့ နေ့လည်ရောက် မှသာ အလောင်း ကို တွေ့ရသည် ဟု ရာအိမ်မှူး အပါအဝင် ရပ်မိရပ်ဖနှင့် လိုက်လံ ပို့ဆောင်ပေးခဲ့သည့် ဆိုင်ကယ် ကယ်ရီသမားတို့က ပြောကြားသည်။

ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိပဲ သေဆုံးသွားခဲ့သဖြင့် ဇွန်လ (၂၇)နေ့ရက်နေ့လည် (၁၂)နာရီကျော်တွင် သေမှုသေခင်းအမှတ် (၁၀/ ၂၀၁၈) ဖြင့် ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဒေးဒရဲမြို့မစခန်းမှူး ဒုရဲမှူး ဝင်းရွှေက စစ်ဆေး ဆောင်ရွက် လျှက် ရှိသည်ဟု ငြမ်းမီဒီယာက ရရှိထားသည့် ရဲတပ်ဖွဲ့၏ အစီရင် ခံစာတွင် ဖော်ပြထား …

သေဆုံးသူ၏ကိုယ်ခန္ဓာတွင် ဒဏ်ရာဒဏ်ချက်များ တွေ့ရှိရသည်နှင့် ပတ်သက်ပြီး ရဲစခန်း သို့ ပို့ဆောင်စဉ်မည်သည့် ဒဏ်ရာမှမရှိဘဲ အကောင်း ပကတိရှိကြောင်းနှင့် ၎င်းတို့ အနေဖြင့် လည်း ကျေးရွာတွင် ရိုက်နှက် စစ်ဆေးခြင်း လုံး၀ မပြုလုပ်ကြောင်း ကျေးရွာမှ မျက်မြင်များကို သက်သေပြု၍ ရာအိမ်မှူး က ပြောသည်။” ဖေ့ဘုတ်(စ်)ပေါ် တက်လာတဲ့ ပုံတွေမြင်ရတော့ ကျွန်တော့်လူမှာ ဒဏ်ရာဒဏ်ချက်တွေ အများကြီးနဲ့ ဆိုတော့ ကျွန်တော်စိတ်ထဲလည်း မကောင်းဘူး။ ကျွန်တော့်ကျေးရွာသား တစ်ယောက် အပေါ်မှာလည်း သံယောဇဉ်ထားပြီး ကျွန်တော် မကျေနပ်နိုင်ပါဘူး” ဟု သေဆုံးသူနှင့် ပတ်သက်ပြီး ရာအိမ်မှူး ဦးမြင့်ကြည်က မှတ်ချက်ပြုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပိုက်ပျောက်မှုနှင့် ပတ်သက်ပြီး (၂၀နာရီ ၄၅ မိနစ်) အချိန်တွင် ဒုရဲအုပ် ကျော်ဌေးလွင်မှ ရာအိမ်မှူး ဦးမြင့်ကြည်နှင့် ရပ်မိရပ်ဖ ဦးမြင့်ဦး တို့ရှေ့တွင် ဇော်မင်းထွန်းကို မေးမြန်းခဲ့ရာ ဝန်ခံသဖြင့် နေအိမ်တွင် ထားသည့် ပိုက်ကို သွားယူပြီး (၂၁နာရီ ၃၀ မိနစ်)တွင် ပိုင်ရှင်ထံ ပြန်ပေးခဲ့ရာ ပိုက်ရှင်က အမှု မဖွင့်လိုသဖြင့် ခံဝန်ထိုးရန် ဆောင်ရွက် နေစဉ် ဇော်မင်းထွန်းမှာ အရက် အလွန် အကျွံမူးနေပြီး အမောဖောက် လာသဖြင့် (၂၂နာရီ၃၀)မိနစ်တွင် ရဲဆေးစာဖြင့် ဒေးဒရဲ ဆေးရုံသို့ ပိုဆောင်ခဲ့ရာ ဆေးကုသနေစဉ် (၂၂နာရီ ၄၅မိနစ်)တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိပဲ သေဆုံးသွားခဲ့သဖြင့် ဇွန်လ (၂၇)နေ့ရက်နေ့လည် (၁၂)နာရီကျော်တွင် သေမှုသေခင်းအမှတ် (၁၀/ ၂၀၁၈) ဖြင့် ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဒေးဒရဲမြို့မစခန်းမှူး ဒုရဲမှူး ဝင်းရွှေက စစ်ဆေး ဆောင်ရွက် လျှက် ရှိသည်ဟု ငြမ်းမီဒီယာက ရရှိထားသည့် ရဲတပ်ဖွဲ့၏ အစီရင် ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင် ခံစာတွင် ကိုဇော်မင်းထွန်း ကို ရာအိမ်မှူးနှင့် ရပ်မိ ရပ်ဖတို့ရှေ့တွင် စစ်မေး သည်ဟု ဖော်ပြထားသော်လည်း ရဲစခန်း အတွင်းရှိ နယ်ထိန်း ရုံးခန်းထဲသို့ ကိုဇော်မင်းထွန်းကို ထည့်ခဲ့ပြီးနောက် လုံး၀ မတွေ့ရတော့ဘဲ အခန်းတွင်း သို့လည်း ဝင်ခွင့် မရခဲ့ကြောင်း ရာအိမ်မှူးနှင့် ရပ်မိရပ်ဖ ဦးမြင့်ဦးတို့က ပြောသည်။

အလားတူပင် သေဆုံးသူ ကိုဇော်မင်းထွန်းတွင် ပြင်ပဒဏ်ရာ တစ်စုံ တစ်ရာ မရှိဘဲ သေဆုံးခဲ့သည်ဟု တင်ပြခဲ့သော်လည်း သေဆုံးသူတွင် နားထင်နှင့် ခါးတို့တွင် ညိုမဲနေသည့် ဒဏ်ရာများ ရှိနေကြောင်း ကို သေဆုံးသူ၏ ရုပ်အလောင်းကို ရိုက်ထားသည့် ဓာတ်ပုံတွင် တွေ့မြင် ရသည့် အပြင် ငြမ်းမီဒီယာ က ကိုဇော်မင်းထွန်း၏ ရုပ်အလောင်း ကို သွားရောက် ကြည့်ရှုရာတွင် လည်း ရုပ်အလောင်းတွင် ဒဏ်ရာများ ကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရသည်။

“ မျက်မြင်ကတော့ နားထင်နှစ်ဖက် ညိုနေတာ ကို မျက်မြင်တွေ့ခဲ့တယ်။ ကျန်တဲ့ ဝမ်းတွင်း ကလီစာ အပိုင်းတော့ မသိဘူးပေါ့။ ခွဲစိတ်တဲ့ အချိန်မှာ ကျွန်တော်တို့ က မပါတော့ဘူး။ ကျွန်တော်တွေ့တာကတော့ နားထင် တစ်ဖက် တစ်ချက်နဲ့ ခါးမှာ ဒဏ်ရာတော့ တွေ့တယ်။ သူကလည်း အရက်သောက် များတာ ဆိုတော့ သိပ်တော့ သန်သန်မာမာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူအတိုင်းတော့ ဒီလူက မသေနိုင်ဘူး။ ဘာမှ မလုပ် ဘဲ နဲ့ဆိုရင်တော့ ဒီလူက မသေနိုင်ဘူး။ တစ်ခုခု လုပ်လို့ ဒီလူ က သေရ တာ။ ကျွန်တော်တို့ က လည်း အမှုမှန်ပေါ် စေချင်တယ်။ ကျွန်တော် တို့ စိတ်ထဲမှာ ဘယ်လိုဖြစ်လဲ ဆိုတော့ တော်တော်များများက သူတို့ (ရဲ) နဲ့ ပတ်သက်လို့ ဖြစ်ရင် ပြည်သူပဲ ခံရတာ။ ကျွန်တော်တို့ ဖြစ်စေချင်တာ ကတော့ တကယ် လုပ်တယ် ဆိုရင် လုပ်တဲ့သူ ခံပေါ့” ဟု သေဆုံးသူ၏ ရုပ်အလောင်းကို မခွဲစိပ်ခင် ရင်ခွဲရုံ အတွင်း သို့ ဝင်ခွင့် ရခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည့် တော်ကျိုက် ကျေးရွာ အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လတ်က ငြမ်းမီဒီယာကို ပြောသည်။

ဦးကျော်လတ်၏ အုပ်ချုပ်ရေးမှူး လုပ်သက် သုံးနှစ်ဝန်းကျင်တွင် ကိုဇော်မင်းထွန်း အနေဖြင့် ခိုးဝှက်ခြင်း တစ်ကြိမ် တစ်ခါမှ မရှိဘဲ ရွာထဲရပ်ထဲတွင် လည်း ဆိုးဆိုးသွမ်းသွမ်း မရှိကြောင်းနှင့် ရွာထဲတွင် မူးယစ်ရမ်းကား သဖြင့် ရှင်းပေးရခြင်းမျိုးလည်း မရှိကြောင်း ကိုဇော်မင်းထွန်းနှင့် ပတ်သက်၍ အုပ်ချုပ်ရေးမှူး က ဆိုသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ဇွန်လ(၂၇)ရက်နေ့တွင် ဒေးဒရဲဆေးရုံ ရင်ခွဲရုံတွင် ခွဲစိတ် စစ်ဆေးခဲ့ပြီး ခွဲစိတ်မှု မပြုလုပ်ခင် နံနက်(၉) နာရီကျော် တွင် သေဆုံးသူ၏ မိသားစုဝင်နှစ်ဦး ကို ဆေးရုံမှ ဆရာဝန်ကြီး က ခေါ်ယူတွေ့ဆုံခဲ့ပြီး ရဲစခန်းသို့ မရောက်ခင် ဒဏ်ရာများ ရှိ မရှိနှင့် မည်သည့် ရောဂါ ရှိသနည်းဟု မေးမြန်းသဖြင့် မည်သည့် ဒဏ်ရာဒဏ်ချက် မှ မရှိကြောင်းနှင့် ဆေးရုံဆေးခန်းသို့လည်း မရောက်ဘူး ကြောင်း ပြန်လည်ဖြေကြားခဲ့သည် ဟု သေဆုံးသူ၏ အစ်မ အရင်းဖြစ်သူ မသီသီဝင်းက ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

” ခွဲခန်းက ထွက်လာတော့ ညီမနဲ့ အစ်မတစ်ယောက်နဲ့ ဆရာဝန်ကြီးဆီ လိုက်သွားတယ်။ ဆရာဝန်ကြီးက ကျွန်မတို့ကို ထိုင်ခုံမှာ သေချာ ထိုင်ခိုင်းပြီး ပြောတယ်။ ဆရာဝန်ကြီး က ဘာပြောလဲ ဆိုတော့ သေသူ ကတော့ ကျိုးတာလည်း မရှိဘူး။ ပဲ့တာလည်း မရှိဘူး။ မျက်လုံးတွေ ဘာတွေ ထွက်သွားတာလဲ မရှိဘူး။ ဝမ်းတွင်းကလီစာ အစိတ်အပိုင်းကို ကြည့်ရင် လည်း ခန္ဒာကိုယ်က အသည်းတို့ ကျောက်ကပ်တို့ နှလုံးတို့ အားလုံး က အကုန် ကာင်းမွန် ပါတယ်။ ဒါပေမယ့် သူက အပြင်ဒဏ်ရာ ဒဏ်ချက်တော့ ရှိတယ်။ သွေးယို စိမ့်တယ်၊ ဒါက အတွင်းကြေ သဘောပေါ့ လို့ ဆရာဝန်ကြီးက ပြောတယ်။ ညီမက ဒါဆိုရင်အဲ့ဒါနဲ့ အသက် ဆုံးရှုံး ရတာလား ဆရာဝန်ကြီးလို့ မေးတော့ ဆရာဝန်ကြီးက ဘာမှ မပြောဘူး” ဟု မသီသီဝင်း က ပြောသည်။

အဆိုပါ ကိုဇော်မင်းထွန်းသေဆုံးမှုသည် မည်သည့်အတွက်ကြောင့် သေဆုံးရသည် ကို သိလိုကြောင်း ဒေးဒရဲ ပြည်သူ့ဆေးရုံသို့ ငြမ်းမီဒီယာ က သွားရောက်မေးမြန်းခဲ့ရာ မြို့နယ် ဆရာဝန်ကြီးနှင့် တွေ့ဆုံခွင့် မရခဲ့ဘဲ ကိုဇော်မင်းထွန်း သေဆုံးမှုသည် သေမှုသေခင်း ဖြစ်သည့် အတွက် လက်ရှိ အချိန်တွင် မပြောနိုင်သေးကြောင်းနှင့် တရားရုံး ရောက်မှသာ ပြောနိုင်မည် ဖြစ်ကြောင်း ဆေးရုံ စုံစမ်းရေးဌာနမှ ဝန်ထမ်း တစ်ဦးနှင့်သာ ပြန်လည်ပြောဆိုခဲ့သည်။

သို့ရာတွင် ကိုဇော်မင်းထွန်း သေဆုံးမှုနှင့် ပတ်သက်ပြီး ဇွန်လ(၂၉) ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာ တစ်ခုဖြစ်သည့် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ(၁၃) တွင် “ အစာအိမ်အတွင်း အစာမရှိဘဲ အရက် အလွန်အကျွံ သောက်သုံးသူ တစ်ဥိးသေဆုံး” ဟု ခေါင်းစီး တပ်ထားသည့် သတင်းတစ်ပုဒ်ကို ကလောင်အမည် ကိုရဲက ရေးသားဖော်ပြခဲ့သည်။ ၎င်းသတင်း တွင် ရဲတပ်ဖွဲ့ဝင်များ က ပိုက်ခိုးခဲ့သည့် ဇော်မင်းထွန်းနှင့် ဇနီးအပါအဝင် ပိုက်ပျောက်သူတို့ ကို မေးမြန်းစစ်ဆေးနေစဉ် ဇော်မင်းထွန်း မှာ အရက်အမူးလွန် အမောဖောက် လာသဖြင့် ဒေးဒရဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး သွားခဲ့သောကြောင့် ရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးခဲ့ပြီး ရင်ခွဲ စစ်ဆေးချက်အရ အသည်း ပျက်စီးကာ အစာအိမ် အတွင်း အစာမရှိဘဲ အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် သေဆုံးရခြင်း ဖြစ်သည် ဟု ဖော်ပြထားသည့် အတွက် မိသားစုဝင်များ က စိတ်မကောင်းဖြစ်ခဲ့ကြပြီး ကိုဇော်မင်းထွန်း အတွက် အမှန်တရား ပျောက်ဆုံးသွားမည် ကို စိုးရိမ်ကြောင်း ပြောသည်။

” သမီးမောင် အရက်သောက်လို့ သေဆုံးတာ လုံး၀ မဖြစ်နိုင်ဘူး။ ဦးနှောက်ကြောပြတ်သွား တယ်။ လေဖြတ်သွားတယ်ဆို လက်သင့် ခံတယ်။ ဒီဒဏ်ရာဒဏ်ချက်တွေ ဘယ်က ရသလဲ ဆိုတာ သိချင်တယ်။ ခရိုင်ရဲမှူးကြီးတွေ ကိုလည်း ဒီအတိုင်း ပြောခဲ့တယ်” ဟု သေဆုံးသူ၏ အစ်မဝမ်းကွဲ တော်စပ်သူ မဥမ္မာဝင်းက ပြောသည်။

သေဆုံးသူ ကိုဇော်မင်းထွန်းကို ရဲစခန်းသို့ပို့ဆောင်ပေးခဲ့သည့် ဆိုင်ကယ်ကယ်ရီမောင်းသူ မှာ သေဆုံးသူ၏ အိမ်ရှေ့တွင် နေထိုင်သူ ဖြစ်ပြီး ၎င်းတို့ ပို့ဆောင်စဉ် ကျေးရွာ အုပ်ချုပ်ရေးပိုင်းက လမ်းတွင် ရိုက်နှက်ခြင်း မရှိကြောင်းနှင့် ရဲစခန်းနှင့် ညောင်တပင်ရွာ မှာလည်း ဆိုင်ကယ်ဖြင့် (၅)မိနစ်ခန့်သာ မောင်းနှင်ရကြောင်းဆိုသည်။

“ လမ်းမှာ ရိုက်တာနှက်တာ မရှိပါဘူး။ အခုအလောင်းမှာ ဒဏ်ရာ ဒဏ်ချက်တွေ တွေ့တယ်။ သွားတုန်းကတော့ ဘာဒဏ်ရာ ဒဏ်ချက်မှ မရှိဘူး။ အကုန်အကောင်းပါ။ ဇော်မင်းထွန်း ကို လိုက်ပို့တာက (၆နာရီ ၄၅မိနစ်) စခန်းကို (၅)မိနစ်ပဲ မောင်းရတယ်။ ရာအိမ်မှူးနဲ့ သူနဲ့ကို ချပေးပြီး ပြန်လာတယ်။ ည(၁၂)နာရီလောက် လာနိုးလို့ လိုက်သွားတာ။ သေပြီလို့ ပြောတယ်။ သက်ဆိုင်ရာ ကနေ ဘာမှ မေးမြန်းတာ မရှိပါဘူး။ ဒါကြီးကတော့ မဖြစ်သင့်တဲ့ အရာပါ။ နာရီပိုင်းနဲ့ ဒီလို ဖြစ်သွားတာ ဆိုတော့ တော်တော်လေး မတော်မတရား ကျတယ်လို့ ထင်ပါ တယ်” ဟု ဆိုင်ကယ်ကယ်ရီမောင်းပို့ခဲ့သည့် စစ်မှုထမ်းဟာင်းတစ်ဦးဖြစ်သူ ဦးအေးလွင် က ၎င်း၏ မျက်မြင် အခြေအနေ ကို ငြမ်းမီဒီယာသို့ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း (၂၀၁၃) ခုနှစ် ဇွန်လက ခိုးမှု စစ်ဆေးရင်း သေဆုံးမှုဖြစ်ပွား ခဲ့ဖူးသည်။ ပုသိမ်မြို့နယ် ထိန်ချောင်း အုပ်စု သပြေပင်ကျေးရွာမှ လင်မယားနှစ်ယောက် ကို ခိုးမှုဖြင့် ဖမ်းဆီး စစ်ဆေးပြီး အဖမ်းခံ ထားရသည့် မသန်းသန်းအေး ဆိုသူက ပစ္စည်းများ လိုက်ပြမည်ဟု ဆိုကာ ရဲတပ်ဖွဲ့ဝင်များနှင့် ရွာတွင်ရှာဖွေပြီး ပြန်လာစဉ် ရေထဲသို့ နောက်ပြန် လှန်ချ ခဲ့သဖြင့် ရေနစ်သေဆုံး ခဲ့ခြင်းဖြစ်သည်။ သက်သေခံပစ္စည်းများကို လည်း ရှာဖွေနိုင်ခြင်း မရှိခဲ့ပေ။ သေဆုံးသူ၏ အလောင်းကို ပြန်တွေ့စဉ် လက်ထိပ်(၃)ခုခတ် ထားကြောင်းနှင့် စစ်ဆေးမေးမြန်းမှုကို မခံနိုင်သဖြင့် အဆုံး စီရင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မိသားစုဝင်များ က ထိုစဉ်က သတင်း မီဒီယာများသို့ ပြောကြားခဲ့သည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုသိမ်မြို့နယ် သင်္ဘောကျင်း ရဲစခန်းမှ ဒုရဲအုပ် တစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင်(၅) ဦး ကို စုံခုံဖွဲ့ စစ်ဆေးခဲ့ရာ ဒုရဲအုပ်မှာ ထောင်ဒဏ် အပြစ်ပေးခံရပြီး ကျန်သည့် တပ်ဖွဲ့ဝင်များမှာ ရာထူး တစ်ဆင့်လျော့ ပြစ်ဒဏ်များ ချမှတ် ခံခဲ့ရသည်။

ကိုဇော်မင်းထွန်း သေဆုံးမှုအတွက် မိသားစုဝင်များသာမက ညောင်တပင်တစ်ရွာလုံးမှ အစပြုကာဒေးဒရဲ သားတို့၏ မျှော်လင့်ချက်မှာ …

မကြာသေးခင်လပိုင်းအတွင်းကလည်း လပွတ္တာမြို့နယ် ပိုးလောင်းနယ်မြေစခန်းတွင် ခိုးမှုသံသရှိသူများကို စစ်ဆေးရာတွင် ယောင်္ကျားငယ်ပါ ကို ဆေးလိပ်မီးနှင့်ထိုးခြင်း အပြင် ခန္ဒာကိုယ် အစိတ်အပိုင်းများပေါ်သို့ ရေသန့်ဗူးခွံကို မီးရှို့ပြီး အစက်များ ချခြင်း ပလပ်စတစ် ကြိုးများ ကို မီးရှို့ပြီး အစက်ချခြင်းတို့ ကို လုပ်ဆောင်ခဲ့သဖြင့် ပြုလုပ် ခံရသူများ က လူ့အခွင့်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သည်။ ယင်းဖြစ်စဉ်တွင် လည်း စခန်းမှူး ရဲအုပ် တစ်ဦးအပါအဝင် ရဲတပ်ဖွဲဝင် (၃) ဦး ကို လက်ရှိ အချိန်ထိ အချုပ်ချပြီး အမှု စစ်ဆေးနေဆဲဖြစ်သည်။

” ကျွန်တော်က စစ်ဆေးတဲ့သူ မဟုတ်လို့ အတိအကျ ပြောလို့ မရပါဘူး။ သေမှုသေခင်း ဖွင့်ထားတယ်။ နယ်ထိန်းခေါင်းဆောင် အပါအဝင် တပ်ဖွဲ့ဝင် ငါးယောက် ကို အချုပ်ချပြီး စစ်ဆေးနေပါတယ်။ ကျန်တာ ကတော့ ကျွန်တော်ပြောလို့ မရဘူး” ဟု သေဆုံးသူ ကိုဇော်မင်းထွန်းနှင့် ပတ်သက်ပြီး ဒေးဒရဲ စခန်းမှူး ဒုရဲမှူး ဝင်းရွှေက ပြောသည်။

ယခု သေဆုံးမှုအတွက် ဖျာပုံခရိုင် ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဘချစ်၊ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဆွေဦးနှင့် ဒေးဒရဲမြို့နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဝင်းနိုင်ထွန်း တို့ ပါဝင်သည့် စုံစမ်းရေး အဖွဲ့ဖွဲ့၍ စစ်ဆေးရန် အတွက် ဒေးဒရဲ စခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဌေးလွင်၊နယ်ထိန်း တပ်ကြပ်တင့်လွင်၊ ဒုတပ်ကြပ် ဆွေလှိုင်ဝင်း၊ ရဲတပ်သား ရဲဘိုဘိုနောင်၊ ရဲတပ်သား အေးမင်ဟန် တို့အား ဇွန်လ(၂၈) ရက်နေ့မှ ဇူလိုင် (၄) ရက်နေ့ထိ ချုပ်နှောင်ခွင့် (၇) ရက် ပြုပါရန် ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့မှူး က ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး ထံ ခွင့်ပြုချက် တောင်းခံ ထားသည်ဟု ငြမ်းမီဒီယာက စုံစမ်း သိရသည်။

ယခုဖြစ်ခဲ့သည့် ကိုဇော်မင်းထွန်းသေဆုံးမှုသည် တရားဥပဒေစိုးမိုးမှု မရှိသည့် ပြဿနာ တစ်ခုဖြစ်ပြီး ခိုးမှုအတွက် ဖမ်းဆီးမည် ဆိုပါကလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ကို အသိပေး ရန် လိုအပ်သော်လည်း အကြောင်း မကြားဘဲ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း နှင့် NLD ပါတီ အနေဖြင့် ရွေးကောက်ပွဲ တွင် တရားဥပဒေစိုးမိုးအောင် လုပ်မည်ဟု ကြွေးကြော်ခဲ့ သော်လည်း ယခုကဲ့သို့ ဖြစ်လာသည့် အခါ ဖြစ်ရိုးဖြစ်စဉ် တစ်ခုကဲ့သို့ သဘောထားပြီး တက်ကြွမှု မရှိသည့် အတွက် စိတ်မကောင်း စရာ ဖြစ်ကြောင်း ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ အဖွဲ့ဝင် ဖြစ်သည့် စာရေးဆရာ မင်းသန်းထိုက် က မှတ်ချက်ပြုသည်။
“ ဖမ်းခေါ်သွားပြီး (၃)နာရီလောက် အတောအတွင်းမှာ သေသွားတယ် ဆိုတာကတော့ မဖြစ်သင့်တဲ့ ကိစ္စပေါ့။ တကယ်လို့ အရက်မူးလွန်ပြီး သေတယ် ဆိုရင်တောင် မှ ဒါက ရဲစခန်းကို ရောက်ပြီးမှ သေတာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ရဲစခန်းမှာ တာဝန်ရှိတယ်။ နောင်အခါ ဒီလိုမျိုးတွေ ဆက်ပြီး ဖြစ်မလာဖို့အတွက် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး တို့ လွှတ်တော် ကိုယ်စားလှယ်တို့ က အခုဖြစ်နေတဲ့ ပြဿနာကို ထိထိရောက်ရောက် ဖြစ်အောင် ဖြေရှင်းသင့်တယ်လို့ ပြောချင်တယ်” ဟု ဆရာမင်းသန်းထိုက်ကပြောသည်။

ဆရာမင်းသန်းထိုက်သည် ဒေးဒရဲမြို့နယ်တွင် မြန်မာစာ သန်းထွန်း အမည်ဖြင့် နာမည်ကြီးသည့် မြန်မာစာ သင်ကြားခဲ့သူလည်း ဖြစ်သည်။

သေဆုံးသူနှင့် ပတ်သက်ပြီး NLD ပါတီသို့ သွားရောက် အကူအညီ တောင်းခံခဲ့ရာ တိုင်းဒေသကြီး နယ်မြေ ကိုယ်စားလှယ် မရှိသည့်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်ညိုနှင့် တွေ့ဆုံခွင့် ရခဲ့ပြီး အမှုဖွင့် ခိုင်းခဲ့ကြောင်းနှင့် မှန်မှန်ကန်ကန်ဖြစ်စေရန် သက်ဆိုင်သူများ ကို ပြောပေးမည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သေဆုံးသူ၏ မောင်နှမဝမ်းကွဲ တော်စပ်သူ မဥမ္မာဝင်း က ပြောသည်။

” လွှတ်တော်ကော်မတီ ကိစ္စတွေနဲ့ ခရီးထွက်နေရတယ်။ ဖေ့ဘွတ်တွေ မှာ ရေးနေတာတွေ ကတော့ သိပ်မဟုတ်ဘူးဗျ။ ရဲမှာ တာဝန် ရှိတယ် ဆိုတာ ကတော့အမှန်ပဲဗျ။ သူ့ဥပဒေ အတိုင်း ဖြစ်သွားမှာပါ။ ကျွန်တော် ပြန်ရောက်ရင် လည်း အဲဒါကို သေချာကြည့်ပါမယ်” ဟု သေဆုံးသူ နေထိုင်သည့် ဒေးဒရဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးခင်ဝင်းက ငြမ်းမီဒီယာ၏ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးစံမင်းအောင် က ကိုဇော်မင်းထွန်း သေဆုံးမှုအတွက် အမှန်အတိုင်း ဖြစ်စေရမည်ဟု ငြမ်းမီဒီယာ သို့ ပြောကြားခဲ့ပြီး ဇူလိုင် (၇) ရက်နှင့် (၈) ရက်နေ့များတွင် ၎င်းအနေဖြင့် ဒေးဒရဲသို့ သွားရန်ရှိကြောင်း ပြောသည်။

သေဆုံးသူ ကိုဇော်မင်းထွန်း၏ ရုပ်အလောင်း ကို (၅) ရက်ထားပြီး ဇွန်လ(၃၀)ရက်နေ့က ဂူသွင်းခဲ့ပြီး ဖြစ်သည်။ အဆိုပါ ဒေသသည် လူသေဆုံးပါက (၃)ရက်သာ ထားလေ့ ရှိသော် လည်း သက်ဆိုင်ရာက စစ်ဆေးမှုများ လာရောက်ပြုလုပ်ဦးမည်လား ဟု မျှော်လင့်ကာ ရုပ်အလောင်း ကို (၅) ရက်ထားခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာသားများ ကပြောသည်။ ၎င်းအပြင် သေဆုံးသူ၏ မိသားစု သည် ပြည်စုံကြွယ်ဝသူ များ မဟုတ်သော်လည်း ကိုဇော်မင်းထွန်း အတွက် အမှန်တရားကို ရှာဖွေရာ တွင် အချိန်မရွေး အလောင်းကို စစ်ဆေးနိုင်ရေး အထောက် အကူဖြစ်စေရန် ဟုဆိုကာ ချေးငှားပေါင်နှံ ငွေရှာပြီး ဂူသွင်းခဲ့ခြင်း ဖြစ်ကြောင်း သေသူ၏ အစ်မ မသီသီဝင်း က ပြောသည်။

ကိုဇော်မင်းထွန်း သေဆုံးမှုအတွက် မိသားစုဝင်များသာမက ညောင်တပင်တစ်ရွာလုံးမှ အစပြုကာဒေးဒရဲ သားတို့၏ မျှော်လင့်ချက်မှာ အမှန်တရားအတိုင်း ပေါ်ပေါက်စေရန်ဖြစ်သည်။ အမှန်တရား ပေါ်ပေါက်မည်ဟုလည်း မျှော်လင့်နေကြသည်။

ငြမ်းမီဒီယာ
ဇူလိုင်(၃)၊၂၀၁၈၊ဒေးဒရဲ

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,