သံဃာတော်တွေ၊ ပြည်သူပြည်သားတွေကတော့ မလိုလားကြတော့ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MTN / ဆရာတော် ဘဒ္ဒန္တ အရှင်ဣဿရိယ /မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ခြင်းဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ရင်ထဲ နှလုံးသားထဲမှာ လိုက်နာ ကျင့်သုံးခြင်းဟာ စောင့်ရှောက်ခြင်း ပါပဲ။ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို မလိုက်နာခြင်းဟာ သာသနာကို ဖျက်ခြင်း ပါပဲ …

ဦးဝီရသူအား အရေးယူပေးရန် သံဃာတော်များကို နှိုးဆော်ခြင်း သတင်းစာ ရှင်းလင်းပွဲကို ဖေဖော်ဝါရီ (၂၅) ရက်နေ့၊မွန်းလွဲ (၂) နာရီမှ (၄)နာရီအထိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း၊ အမှတ်-၁၈၂ -၂၀၂၊ တတိယထပ်၊ (၃၄)လမ်းအထက်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း၌ ကျင်းပပြုလုပ်ရန် စီစဉ် ဆောင်ရွက်နေသူ ဆရာတော် ဘဒ္ဒန္တ အရှင်ဣဿရိယ {မင်းသုည(ဗုဒ္ဓတက္ကသိုလ်)}၊ ဘာသန္တရဆေက ဓမ္မာစရိယ (MA. INDO ARYAN) အား ငြမ်းမီဒီယာက လျှောက်ထား မေးမြန်းခဲ့ပါတယ်။

ငြမ်းမီဒီယာ – ပထမဆုံးအနေနဲ့ ဒီပွဲကို စီစဉ်ဖြစ်တဲ့ အကြောင်းကို မိန့်ကြားပေးပါ ဘုရား။

ဆရာတော် – ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ သာသနာတော်အတွက် လုံးဝလျော်ညီမှု မရှိဘူး။ Online ပေါ်မှာလည်း သာသနာနဲ့ မလျော်ညီတဲ့ဟာတွေကို ရေးသားတယ်။ ဗီဒီယိုဖိုင်နဲ့လည်း လူသတ်သမား ကြည်လင်းရဲ့ဆရာဆိုပြီး ပေါ်တင်ဖွင့် ပြောတယ်။ လူသတ်သမားကြည်လင်းတို့အုပ်စုပြောထားတဲ့ “မင်းတို့ထမင်းဝအောင်စားထား”ဆိုတဲ့ ခြိမ်းခြောက်တဲ့စကားကိုလည်း တွင်တွင် ကျယ်ကျယ် ပြောနေတယ်။ မဟနတွေကလည်း သူ့ကိုတရားဝင် တရားဟောပြောခွင့် ပိတ်ထားတယ် ဆိုပေမယ့် ဒီနေ့အချိန်ထိ ဟောပြောနေတယ်။ မဟနရဲ့ အမိန့်ကိုလည်း ဖီဆန်နေတယ်။ သာသနာနဲ့ မလျော်တဲ့ ကိစ္စတွေကို ဦးဇင်းတို့အနေနဲ့ သက်ဆိုင်ရာကနေ ထိရောက်စွာ အရေးယူပေးဖို့ ပြုလုပ်တာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဆရာတော်အနေနဲ့ ဒီပွဲကိုစီစဉ်တဲ့အခါ ဘယ်လို စီစဉ်တာလဲ၊ တခြားဘယ်သူတွေ ပါဦးမလဲ ဘုရား။

ဆရာတော် – ရန်ကုန်က ဦးဇင်းသူငယ်ချင်းတွေ ပါမယ်။ ရွှေဝါရောင်က ဆရာတော်တွေပါမယ်။ တခြား ဖိတ်ထားတဲ့ သံဃာတွေပါမယ်။ သံဃာတော်တွေ စုစည်းပြီး ဒီကိစ္စလုပ်တာပါ။

အခုဆို သူဟာ လူသတ်သမားရဲ့ဆရာဖြစ်တယ်၊ လူသတ်သမားကို ဘုရားလောင်းနဲ့ နှိုင်းပြီး ဂုဏ်ပြုတယ်။ လူသတ်သမားတွေပြောတဲ့ “ထမင်းဝအောင်စားထား” ဆိုတဲ့ စကားကိုလည်း ကမ်းပိန်းအနေနဲ့ လိုက်ပြောတယ်။ ဦးဇင်းတို့ မြတ်စွာဘုရားရဲ့ သာသနာမှာဆိုရင် မြတ်စွာဘုရားက ဝစီဒုစရိုက် ပညတ်ထားတာတွေ ရှိတယ်။ ဆဲရေးလို့မရဘူး၊ ကြမ်းတမ်းတဲ့စကားတွေ ပြောလို့မရဘူး …

ငြမ်းမီဒီယာ – ဆရာတော်ဦးဝီရသူဟာ ဝိနည်းချိုးဖောက်တယ်ဆိုရင် ဘယ်လို အကြောင်းအရာတွေ၊ အချက်တွေကို ဆိုလိုတာလဲ အရှင်ဘုရား။

ဆရာတော် – ဦးဇင်းတို့ ရဟန်းသံဃာတွေရဲ့ ဝိနည်းသိက္ခာပုဒ်မှာ အရေးကြီးဆုံး လူသတ်တာကို ဦးဇင်းတို့က အားပေးလို့မရဘူး။ ထောက်ခံလို့မရဘူး။ အခုသူ့ရဲ့ အပြောအဆို၊ အရေးသားတွေဟာ လူသတ်မှုကို အားပေးနေတယ်၊ ထောက်ခံနေတယ်။ အဲဒါတွေဟာ တတိယ ပါရာဇိကအထိ သွားငြိနေတယ်ပေါ့။ ဒီကိစ္စကို သွားပြီးအားပေးတာတွေ၊ စေခိုင်းတာတွေ လုပ်လို့မရဘူး။ အခုဆို သူဟာ လူသတ်သမားရဲ့ဆရာဖြစ်တယ်၊ လူသတ်သမားကို ဘုရားလောင်းနဲ့ နှိုင်းပြီး ဂုဏ်ပြုတယ်။ လူသတ်သမားတွေပြောတဲ့ “ထမင်းဝအောင်စားထား” ဆိုတဲ့ စကားကိုလည်း ကမ်းပိန်းအနေနဲ့ လိုက်ပြောတယ်။ ဦးဇင်းတို့ မြတ်စွာဘုရားရဲ့ သာသနာမှာဆိုရင် မြတ်စွာဘုရားက ဝစီဒုစရိုက် ပညတ်ထားတာတွေ ရှိတယ်။ ဆဲရေးလို့မရဘူး၊ ကြမ်းတမ်းတဲ့စကားတွေ ပြောလို့မရဘူး။

ဒီထက်ပိုပြီး ဆိုးရွာတဲ့ အခြေအနေတွေ မဖြစ်စေချင်တဲ့ အတွက်ကြောင့်၊ ဆူပူမှုတွေ၊ အဓိကရုဏ်းတွေ မဖြစ်စေချင်ဘူး။ ဦးဇင်းတို့ သာသနာဟာ ဘုရားရဲ့ အဆုံးမအတိုင်း ငြိမ်းချမ်းစွာနေတဲ့ သာသနာဟာ သူ့ကြောင့် အားလုံး ပဋိပက္ခတွေ ဖြစ်တယ်။ သံဃာတွေ အချင်းချင်းကွဲမှုတွေ ဖြစ်တယ် …

ဒါ ဦးဇင်းတို့ သိက္ခာပုဒ်တွေ အထင်အရှားရှိတယ်။ အဲဒါတွေကို သူကချိုးဖောက်ပြီးတော့ အားလုံး အသိပဲ၊ သာသနာကို ညိုနွမ်းစေတယ်။ မဟနကနေပြီး သူ့ကို တရားပွဲ (၁)နှစ်တိတိ ပိတ်ထား တယ်။ သူက ပါးစပ်မှာ တိပ်တွေကပ်ပြီး ဆန္ဒပြတယ်။ သာသနာကို ခုတုံးလုပ်တယ်။ ဆရာတော်ကြီးတွေရဲ့ စကားကအစ ဂရုမစိုက်ဘဲ အာဏာဖီဆန်တယ်ပေါ့။ ဒါတွေဟာ ဦးဇင်းတို့ရဲ့ ရဟန်းသံဃာတေ ွအပေါ်မှာ၊ သာသနာအပေါ်မှာ အားလုံးရဲ့ အထင်သေး အမြင်သေးမှုတွေကို ဖြစ်စေတယ်။ သာသနာကို ထိခိုက်စေတယ်။ သူလုပ်တာတွေက သာသနာညိုးနွမ်းစေမှုတွေ ဖြစ်ပြီး ထိခိုက်နေတဲ့အတွက် ဦးဇင်းတို့က ဒီကိစ္စကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ခုကိစ္စကို ဓမ္မစက်နဲ့ အရေးယူဖို့ သံဃမဟာနယကကို မလျှောက်ထားဘူးလား ဘုရား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဆရာတော် – သံဃမဟာနာယကကို ဦးဇင်းတို့ လျှောက်ထားဖို့ ရှိပါတယ်။ ဦးဇင်းတို့ သတင်းစာ ရှင်းလင်းပွဲကနေပြီးတော့ပေါ့။

ဦးဝီရသူရဲ့အခုလို ပရမ်းပတာ၊ သာသနာနဲ့ မလျော်ညီတဲ့ ဆဲရေးမှုတွေ ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြတဲ့ လူတွေ ကိုယ်တိုင်ကပါ သံဃာတော်တွေ အပေါ်မှာ ကြမ်းတမ်းတဲ့ စကားတွေ ပြောဆိုလာတာ …

သက်ဆိုင်ရာတွေကနေ သူ့ကို ဒီတိုင်းပဲ လွှတ်ထားမှာလား။ ဘယ်လို အရေးယူမှုတွေ လုပ်ပေးမလဲပေါ့။ ယနေ့အထိ သူ့ရဲ့ ဆိုးဝါးနေတဲ့ အပြုအမူတွေကြောင့် ဦးဇင်းတို့က ကိုယ့်ရဲ့ သာသနာတော်ကို မထိခိုက်စေခြင်ဘူး။ ညိုးနွှမ်းမှုတွေ မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့ သက်ဆိုင်ရာကနေ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ဒီပွဲလေးကို စီစဉ်ရတာ ဖြစ်တယ်။

ငြမ်းမီဒီယာ – အစိုးက ဦးဝီရသူကို ခုအချိန်ထိ ဘာမှ အရေးမယူသေးတာနဲ့ပတ်သက်ပြီး အရှင်ဘုရား ဘယ်လို သုံးသပ်ပါသလဲ မိန့်ကြားပေးပါဦး ဘုရား။

ဆရာတော် – ဦးဇင်းတို့ မြန်မာနိုင်ငံရဲ့ အခြေအနေက အစိုးရဆိုတာ နှစ်ပိုင်းဖြစ်နေတယ်။ အခုဆိုရင် အရေးယူတဲ့အခါ ပြည်ထဲရေးက ဦးပါမောက္ခတို့ဆိုရင် စွဲလိုက်တာရှိတယ်။ ဒါပေမယ့် ခုလို ဦးဝီရသူရဲ့ ကြမ်းတမ်းနေတဲ့၊ သာသနာနဲ့မလျော်တဲ့ကိစ္စတွေ၊ ညိုးနွမ်းစေတဲ့ကိစ္စတွေ၊ ဒါတွေကို အရေးမယူတာ ဘာကြောင့်လဲပေါ့။ ဦးဇင်းတို့အနေနဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး သက်ဆိုင်ရာတွေက ပြန်ကြားချက် ထုတ်ပေးဖို့ပေါ့။ အရေးမယူရင် ဘာကြောင့် အရေးမယူတာလဲ။ အရေးယူမယ်ဟေ့ ဆိုရင် ဘယ်လိုမျိုး အရေးယူမှာလဲ။ ဘယ်တော့ အရေးယူမှာလဲ။ သံဃာတော်တွေ ပြည်သူ ပြည်သားတွေကတော့ မလိုလားကြတော့ဘူး။ ဒီထက်ပိုပြီး ဆိုးရွာတဲ့ အခြေအနေတွေ မဖြစ်စေချင်တဲ့ အတွက်ကြောင့်၊ ဆူပူမှုတွေ၊ အဓိကရုဏ်းတွေ မဖြစ်စေချင်ဘူး။ ဦးဇင်းတို့ သာသနာဟာ ဘုရားရဲ့ အဆုံးမအတိုင်း ငြိမ်းချမ်းစွာနေတဲ့ သာသနာဟာ သူ့ကြောင့် အားလုံး ပဋိပက္ခတွေ ဖြစ်တယ်။ သံဃာတွေ အချင်းချင်းကွဲမှုတွေ ဖြစ်တယ်၊ မညီညွတ်မှုတွေ ဖြစ်တယ်။ ရဟန်းသံဃာကို ခုဆို လူတွေ က ဆဲဆိုမှုတွေ ဖြစ်လာတယ်၊ သူ့ကြောင့်။ အဲဒါတွေ မဖြစ်စေချင်လို့ ဦးဇင်းတို့ ဆောင်ရွက်ခြင်း ဖြစ်တယ်။

ငြမ်းမီဒီယာ – သာသနာအပေါ် ရေရှည်မှာ ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲ မိန့်ကြားပေးပါ ဦး အရှင်ဘုရား။

ဆရာတော် – သာသနာအတွက် သက်ရောက်မှုဆိုရင် အရင်က ဦးဇင်းတို့သံဃာတော်တွေကို လူတွေက အင်မတန်မှ လေးလေးစားစားနဲ့၊ သံဃာတစ်ပါးကို ပြောဖို့ဟေ့ဆိုရင် တော်တော် ဝန်လေးကြပါတယ်။ ဦးဝီရသူရဲ့အခုလို ပရမ်းပတာ၊ သာသနာနဲ့ မလျော်ညီတဲ့ ဆဲရေးမှုတွေ ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြတဲ့ လူတွေ ကိုယ်တိုင်ကပါ သံဃာတော်တွေ အပေါ်မှာ ကြမ်းတမ်းတဲ့ စကားတွေ ပြောဆိုလာတာ၊ အားမနာပ စကားတွေ ပြောဆိုလာတဲ့ အဖြစ်မျိုးတွေ အထိကို ဖြစ်လာတယ်ပေါ့။ ရှေ့ဆက်သွားမယ်ဆိုရင် သာသနာဟာ အကြည်ညို ပျက်မှုတွေ များလာရင် သာသနာ ရှေ့ဆက်ဖို့ မလွယ်ဘူး။ ဦးဇင်းတို့ရဲ့ သာသနာက မြတ်စွာဘုရား ထားခဲ့တဲ့ အဆုံးအမအရ မကြည်ညိုတဲ့ သူတွေကို ကြည်ညိုလာအောင်၊ ကြည်ညိုပြီးတဲ့ သူတွေကို ပိုပြီးတော့ ကြည်ညိုသထက် ကြည်ညိုလာအောင် ရဟန်း သံဃာတော်တွေက စည်းလုံးပြီး နေရမယ်။ ခုဟာ ကြတော့ မကြည်ညိုသေးတဲ့ သူကို ကြည်ညိုလာဖို့ အသာထားဦးတော့၊ ကြည်ညိုပြီးသားတွေ ကိုတောင် အကြည်ညို ပျက်စေတဲ့ အဆင့်ထိ ရောက်လာ တယ်ပေါ့၊ သူ့ကြောင့်။ အဲဒီ အပြုအမူ တွေကို ရှေ့ဆက်မသွားစေချင်တဲ့ အတွက်ကြောင့် ဦးဇင်းတို့က ဒီပွဲကို ကျင်းပရခြင်း ဖြစ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဆရာတော်ဦးဝီရသူဟာ သူဆောင်ရွက်နေတဲ့ ကိစ္စတွေကို အမျိုး၊ ဘာသာ၊ သာသနာ အတွက်လို့ ခံယူထားပုံ ရပါတယ်။ အရှင်ဘုရားအနေနဲ့ ဒီအပေါ် ဘယ်လို မိန့်ကြားချင်ပါသလဲ ဘုရား။

ဆရာတော် – အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ခြင်းဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ရင်ထဲ နှလုံးသားထဲမှာ လိုက်နာ ကျင့်သုံးခြင်းဟာ စောင့်ရှောက်ခြင်း ပါပဲ။ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို မလိုက်နာခြင်းဟာ သာသနာကို ဖျက်ခြင်း ပါပဲ။ ခေါင်းစီးက ဘယ်လိုပဲ ကောင်းကောင်း၊ လုပ်နေတဲ့ အပြုအမှုတွေက သာသနာဖျက်တဲ့ လုပ်ငန်းတွေ လုပ်နေရင် အဲဒီ ခေါင်းစဉ်နဲ့ မညီပါဘူး။ သူက ခေါင်းစီးအရသာ သုံးထားပေမယ့် မြတ်စွာဘုရားရဲ့ အဆုံးအမတွေနဲ့ ဆန့်ကျင်ဘက်ကို သွားနေတာ ဖြစ်တဲ့အတွက် ကြောင့် သာသနာ ဖျက်နေခြင်းသာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ဒီပွဲ ပြုလုပ်ခြင်းကြောင့် အရှင်ဘုရားတို့အပေါ် တစ်ခြားဖိအားတွေ ဖြစ်လာနိုင်ပါသလား။

ဆရာတော် – အမှန်တရားကို သွားတဲ့အခါ အမှန်တရားကို မလိုလားတဲ့ သူတွေရဲ့ ဖိအားတော့ ရှိပါတယ်။ ဦးဇင်းတို့က ဟိုး အရင်ကတည်းက အာဏာရှင် အဆက်ဆက်ကို တွန်းလှန်ခဲ့ ကတည်းက ကြုံခဲ့ရတာပါ။ ရွှေဝါရောင် တော်လှန်ရေးမှာ ဆိုရင်လည်း ဦးဇင်းတို့ကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ ဦးဂမ္ဘီရတို့နဲ့ အတူတူ တော်လှန်ခဲ့တာပါ။ စစ်အစိုးရရဲ့ လိုက်ဖမ်းတာ မမိခဲ့လို့ ထောင်မကျခဲ့ပေမယ့် သူတို့ရဲ့ ဖိအားတွေကို ဟိုး အရင်ကတည်းက ခံခဲ့ရတာပါ။ အမှန်တရားကို မြတ်နိုးတဲ့ သူတွေက အဓမ္မတွေရဲ့ ခြိမ်းခြောက်မှုကို ကြောက်နေမယ်ဆိုရင် အမှန်တရားဆိုတာ ဖြစ်ပေါ်လာစရာ အကြောင်းမရှိပါဘူး။ အဲဒီတော့ မမှန်တဲ့သူတွေ၊ အဓမ္မသမားတွေရဲ့ ခြိမ်းခြောက်မှုတွေ၊ သူတို့ရဲ့ ဖိအားတွေကတော့ ရှိမှာပါပဲ။

ငြမ်းမီဒီယာ – အခုလို မိန့်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရား။ ရှိခိုးဦးတင်ပါတယ် ဘုရား။

ငြမ်းမီဒီယာ
ဖေဖော်ဝါရီ(၂၂)၊ ၂၀၁၈၊ ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , , ,