COVID – 19 သည် ကြောက်စရာကောင်းတာတော့ အမှန်ပဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

RFI/ COVID – 19 ရောဂါ ကူးစက်ခံထားရသူတစ်ဦး

လတ်တလောဖြစ်ပွားနေသည့် COVID -19 နှင့်ပတ်သက်ပြီး ထိန်းချုပ် ကာကွယ် ကုသမှု အခြေအနေတချို့အား နား၊ နှခေါင်း၊ လည်ချောင်း အထူးကု ဒေါက်တာစိမ်းမိုးစက်ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

 

SMS / နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန် ဒေါက်တာစိမ်းမိုးစက်

ငြမ်းမီဒီယာ – လက်ရှိမှာ Positive Case အရေအတွက် တစ်နေ့ထက်တစ်နေ့တိုးလာတဲ့အခြေအနေကို ကျန်းမာရေးနယ်ပါယ်ကဆရာဝန်တစ်ယောက်အမြင်နဲ့ သုံးသပ်ပြောပြပေးပါ။

Dr.SMS – မြန်မာနိုင်ငံမှာ ဒီ (၁၆) ရက်နေ့မနက်အထိစာရင်းအရဆိုရင် စုစုပေါင်းလူဦးရေ (၃,၁၁၃) ယောက်ကို စစ်ခဲ့တာမှာ ပိုးတွေ့တာက (၈၅) ယောက်၊ သေဆုံးတာက (၄) ယောက်နဲ့ ရောဂါသက်သာပျောက်ကင်းတာက (၂) ယောက်ပေါ့။ အဲဒီတော့ ကျမတို့အနေနဲ့ သုံးသပ်ရမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် အရင်ကထက်စာရင် Case တွေကို ထပ်တိုးပြီးတော့စစ်လာနိုင်တယ်။ နောက်တစ်ခု က ရောဂါတွေ့ရှိသူအများစုက လွန်ခဲ့တဲ့ရက်ပိုင်းအထိ သူတို့ကြားမှာ Link ရှိနေတယ်။ အဲဒီတော့ လူထုကြားထဲမှာ ဒီအတိုင်းပြန့်ပွားတဲ့နှုန်းက အရမ်းကြီးမများသေးဘူးလို့ယူဆရတယ်။ နောက်တစ်ခု ကောင်းတာက Partial Lock down ကိုလူအများစုကလိုက် နာကြတယ်။ မဖြစ်မနေမှပဲ အပြင်ထွက်ကြတယ်။ ဒီ Partial Lock down သည် တကယ်ကို အသက်ဝင် နေတယ်။ ဒါကလည်း အားရှိစရာဖြစ်တယ်။ ပြီးတော့ ပြည်သူက အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အရင်ကထက်စာရင် ပိုကောင်းလာ တယ်။ အဲဒါကြောင့်မို့လို့ လတ်တလောအနေအထားအရတော့ အရမ်းကြီးစိုးရိမ်စရာမရှိဘူး။ သို့သော်လည်းပဲ ဒီ ဧပြီလကုန်၊ မေလလောက်ဆိုရင် ဒီ Lock down ကို ဆက်ထားမှာလား၊ ဒါမှမဟုတ်ရုံးတွေပြန်ဖွင့်ပြီး သွားကြမှာလား၊ ဒီ Policy ကိုဘယ်လိုချမှတ်မှာလဲဆိုတာတစ်ခုရှိတယ်။ အဲဒီအချိန်တွေကျလို့ရှိရင်တော့ Local Transmission က ပိုပြီး အားကောင်းလာတာ မျိုးဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ကျမတို့နိုင်ငံအနေနဲ့ အများကြီး ကြိုပြင်ဆင်ထားဖို့လိုတယ်လို့ မြင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပြည်သူလူထုကြားမှာ စိုးရိမ်မှုတွေက တစ် နေ့ထက်တစ်နေ့ ပိုများလာသလိုဖြစ်နေတော့ ဒီအခြေအနေကို ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။

Dr.SMS – ဒီ COVID – 19 သည်တကယ်ပဲကြောက်စရာ ကောင်းသလား ဆိုတော့ တကယ်ကြောက်စရာကောင်းပါတယ်။ ပိုးကအသစ်ဖြစ်တယ်။ ကမ္ဘာပေါ်မှာ အရင်ကမတွေ့ကြုံခဲ့ဖူးတဲ့ပိုးဖြစ်တယ်။ နောက်တစ်ခုက ကူးစက်နှုန်းအရမ်းကိုမြန်တယ်။ လက်ရှိအချိန်ထိ ကာကွယ်ဆေးရော၊ ကုသဆေးရောမပေါ်သေးဘူး။ ပြီးတော့ ဘယ်လောက်ထိ အန္တရာယ်ရှိလဲ ဆိုတာကို ကျမတို့အတိအကျမသိရသေးဘူး။ ရောဂါပျောက်သွားပြီးပြီ ဆိုပေမယ့် ပြန်ဖြစ်နေတဲ့ Case တွေကလည်းရှိနေတယ်။ ဆိုတော့ ဒါတွေအကုန်လုံးကိုခြုံကြည့်ရင် COVID – 19 သည် ကြောက်စရာကောင်း တာတော့ အမှန် ပဲ။ ဒါပေမယ့် ကျမတို့ပြန်ပြီး သုံးသပ် ရမှာက ကျမတို့သည် Nonstop Media Circle မှာကျင်လည်နေကြရတယ်။ ကျမတို့ပတ်ချာလည်မှာ အချိန်တိုင်း သတင်း အချက်အလက်တွေ ပြည့်နေတယ်။ အဲဒီတော့ လူတွေကိုလိုအပ်တာထက်ပိုပြီး ကြောက်စိတ်တွေပိုလာစေတယ်။ ကြောက်စိတ် ရှိခြင်းဟာ ကောင်းသလားဆိုတော့ ကောင်းတဲ့အချက်တွေ ရှိပါတယ်။ လူတွေက Lock down ကို တကယ်လိုက်နာကြတယ်။ မလိုအပ်ဘဲ အပြင်မထွက်ကြဘူး။ ကာကွယ်နည်းတွေကို စနစ် တကျလိုက်နာကြတယ်။ နောက် Quarantine ဝင်ဖို့တို့၊ ရောဂါ သံသယရှိတဲ့လူတွေ၊ ပြည်ပက ပြန်လာတဲ့လူတွေကို သတင်းပေးတာတွေ ပိုများလာမယ်။ ဒါတွေက ကြောက်စိတ် ရှိတဲ့ အတွက်ကြောင့်လုပ်လာကြတာတွေပေါ့။ ဒီအချက်တွေကတော့ COVID – 19 ကာကွယ်ရေး၊ ကုသရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။ တစ်ဖက်က ဆိုးကျိုး အနေနဲ့ ဖြစ်လာနိုင်တာတွေကတော့ စားသောက်ကုန်တွေကို အလုအယက် ဝယ်ယူစုဆောင်းကြတာတွေကြောင့် ကုန်ဈေးနှုန်း တွေတက်ပြီး လက်လုပ်လက်စားတွေအတွက် ပြသနာတွေ ဖြစ်လာနိုင်တယ်။

ပြည်သူတွေ အနေနဲ့ ရောဂါပိုးတွေ့ရှိသူနဲ့ သူရဲ့ မိသားစုဝင်တွေ ကို ခွဲခြားဆက်ဆံ တာတွေ၊ နှိမ်ချတာမျိုးတွေ၊ အပြစ်သားလို ဆက်ဆံတာ မျိုးတွေ၊ Cyber Bullying လုပ်တာ မျိုးတွေ မလုပ် မိဖို့ လို …

နောက် လူမျိုးရေးခွဲခြားမှုတွေ ဖြစ်လာနိုင် တယ်။ ရောဂါဖြစ်တဲ့လူနဲ့ သူ့မိသားစုကို ခွဲခြားဆက်ဆံတာတွေ၊ နှိမ်ချတာတွေ ဖြစ်လာ နိုင်တယ်။ နောက်အရေးကြီးတာတစ်ချက်က လူတွေကြောက်တာကိုအခွင့်ကောင်းယူပြီး False News သတင်းမှား တွေဖြန့်တာမျိုး၊ ကိုယ့်ရဲ့ Page တွေ၊ Account တွေမှာ Like တွေတက်အောင်လုပ်တာမျိုး စတဲ့ ကိုယ်ကျိုးစီးပွားအတွက် လူမှု ကွန်ရက်တွေကို အလွဲသုံးတာမျိုးတွေလည်း ဖြစ်လာနိုင်တယ်။ အဲဒီတော့ ဒီကြောက်စိတ်ကို ကျမတို့က သတိတရားနဲ့ယှဉ်ပြိုင်ပြီး ဒီရောဂါကိုအနိုင် တိုက်ရမှာပေါ့။ အဲဒီတော့ ပြည်သူတစ်ဦးချင်းအနေနဲ့ လိုက် နာသင့်တဲ့ ဟာတွေက အမှန်အမှား မသေချာတဲ့ သတင်းတွေကို မ Share ကြဖို့၊ ခိုင်မာတဲ့သတင်းရင်းမြစ်တွေဆီက သတင်းတွေကိုသာနားထောင်ဖို့၊ ရောဂါကာကွယ်နည်းတွေကို စနစ်တကျ အချိန်ပြည့် လိုက်နာဖို့၊ မလိုအပ်ဘဲအပြင်မထွက် ဖို့၊ အကယ်၍ မဖြစ်မနေအပြင်ထွက်ဖို့ လိုအပ်ရင် လည်း မိသားစုဝင် တွေထဲက ကျန်းမာရေးအသိရှိတဲ့သူတစ်ယောက် ပဲ ထွက်သင့်တယ်။ အဲဒီအချက်တွေကိုလိုက်နာသင့်တယ်။ နောက်တစ်ခုက Social Media သုံးတာကိုလျော့သင့်တယ်။ ခုအချိန်မှာ TV တို့ဘာတို့ကလည်း COVID – 19 နဲ့ပတ်သက်တဲ့ Information တွေ အများကြီး လာနေပါတယ်။ ဒါတွေကို ကြည့်ရုံနဲ့လည်း တော်တော်လေးလုံလောက်တယ်လို့ ယူဆပါတယ်။ Social Media ကို မသုံးနဲ့လို့ ပြောတာမျိုးမဟုတ်ဘူး၊ သုံးတဲ့အချိန်ကို လျော့ချ စေချင်တာပါ။ ပြီးတော့ စိတ်ခံစားမှုတွေကို အများကြီးမဖြစ်စေဘဲ အချက်အလက် တွေ ကို ခုအချိန်မှာ ပိုအာရုံစိုက်သင့်တယ်။ အခုလက်ရှိမှာ အိမ်မှာနေရတဲ့အချိန်ကလည်း ရှည်လာပြီဆိုတော့ အိမ်မှာနေရတဲ့ အချိန်တွေကို ပျော်ရွှင်စရာတွေဖြစ်အောင် ပြောင်းယူသင့်တယ်။ ဥပမာ သီးချင်းဆိုတာ၊ ကတာ၊ လေ့ကျင့်ခန်း လုပ်တာ၊ တရား ထိုင်တာ စသဖြင့်ပေါ့။ ဒါတွေက စိတ်ကိုတည်ငြိမ်စေတဲ့အပြင် Relax လည်းဖြစ်စေပါတယ်။

ငြမ်းမီဒီယာ – တချို့က ရောဂါလက္ခဏာကို ကိုယ့်ကိုယ် ကိုယ်သိနေပေမယ့် Quarantine လုပ်ရမှာစိုးလို့ သက်ဆိုင် ရာကို အကြောင်းကြားပြီး ဆေးစစ်ခံ တာမျိုးမလုပ်ဘဲ နေကြတာမျိုးလည်းရှိနိုင်တော့ အဲဒီအခြေ အနေတွေအတွက် ဘယ်လို အကြံပြု ချင်ပါသလဲ။

Dr.SMS – မှန်ပါတယ်။ တစ်ချို့တွေက ခုအချိန်မှာ Quarantine လုပ်ဖို့ဆို အလုပ်မခံချင်တာမျိုး၊ ကုသမှု စစ်ဆေးမှု တွေ မခံယူချင်တာမျိုးရှိတယ်။ တချို့ဆို Quarantine အလုပ်မခံဘဲ ပြန်ထွက်ပြေးဖို့ကြိုးစားလာတာမျိုး၊ ဒါမျိုးတွေကြားလာရတယ်။

တချို့ ကျန်းမာရေးဝန်ထမ်းတွေက အိမ်မပြန်ချင်ကြဘူး။ သူတို့မသိလိုက်ဘဲ မိသားစုဝင်တွေကို ရောပိုးဖြန့်သလိုဖြစ် သွားမှာစိုးရိမ်ကြတယ်။ အပြင်မှာအိမ်ငှားနေဖို့ကျတော့ …

ဆိုတော့ သူတို့ဘာလို့ ဒါမျိုးလုပ်တာလဲဆိုတာကို ကျမတို့စဉ်းစားဖို့လိုတယ်။ ဒီလိုလုပ်တဲ့သူအများစုက ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းမှု အားနည်းတဲ့ သူတွေပေါ့။ ဘာကြောင့်လဲဆိုတော့ မိသားစုနဲ့ခွဲပြီးတစ်ယောက်တည်းမနေချင် တာ၊ အားငယ်စိတ်ရှိတာ၊ စိတ်ဓာတ် ကျတာ၊ အမှန်ကိုလက် မခံချင်တာ၊ ပြီးတော့ တခြားလူတွေက သူတို့အပေါ် ခွဲခြားဆက်ဆံမှာကို စိုးတာတွေကြောင့် ဒါမျိုးတွေလုပ်ကြ တာပေါ့။ ဒါပေမယ့်နားလည်ထားရမှာက ဒီရောဂါဟာ သွေးတိုး ဆီးချိုလိုမျိုး လူတစ်ဦးတစ်ယောက်တည်းနဲ့ဆိုင်တဲ့ ရောဂါမျိုး မဟုတ်ဘူး။ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ရောဂါဖြစ်တယ်။ ကိုယ့်ရဲ့ဆုံးဖြတ်ချက် လုပ်ဆောင်ချက်မှားယွင်းမှုဟာ ကိုယ်ကိုယ်တိုင် သာမက ကိုယ့်ရဲ့မိသားစု၊ ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံက လူတွေရဲ့ အသက်နဲ့ဘဝကို တိုက်ရိုက် ဆက်နွယ်နေတာ ဖြစ်တယ်။ ရှောင်တိမ်းနေလို့၊ ရောဂါရာဇဝင်တွေကို ဖုံးထားလို့လည်း ဘယ်သူ့အတွက်မှအကျိုးမရှိဘူး။ ကိုယ် ကိုယ်တိုင် အတွက် လည်း အကျိုးမရှိဘူး။ ဘယ်လိုပဲ ရှောင် တိမ်းနေနေ မလွဲသာတဲ့အချိန်ဆိုတာ ရောက်လာနိုင်တာပဲ။ အဲဒီအချိန်ရောက်လာလို့ ဆေးကုသမှုခံယူရတော့မယ်ဆိုရင်လည်း ဒီဆေးရုံဆေးခန်းတွေကိုပဲ အားကိုးရမှာပဲဖြစ်တယ်။ ဒါကြောင့် ခုအချိန်မှာ လူတိုင်းက ကိုယ့်တာဝန်ကိုယ်ကျေဖို့လိုတယ်။ လိုအပ်လာရင် ပူးပေါင်းဆောင်ရွက်ဖို့ကို ဝန် မလေးသင့်ဘူးလို့မြင်ပါတယ်။ တပြိုင်နက် တည်းမှာ ကျမတို့ပြည်သူတွေအနေနဲ့ ရောဂါပိုးတွေ့ရှိသူနဲ့ သူရဲ့မိသားစုဝင်တွေကို ခွဲခြားဆက်ဆံ တာတွေ၊ နှိမ်ချတာမျိုးတွေ၊ အပြစ်သားလိုဆက်ဆံတာမျိုးတွေ၊ Cyber Bullying လုပ်တာမျိုးတွေ မလုပ်မိဖို့ လိုပါတယ်။ ဒီရောဂါ ကူးစက်ခံရတယ်ဆိုတာ သူတို့အမှားဆိုတာထက် အသွားအလာအနေအထိုင် သတိမထားမိရင် ရောဂါကူးစက်ခံရသူဟာ သူတို့သာမက ကိုယ်လည်း ဖြစ်နိုင်သလို လူတိုင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျမတို့အားလုံးက တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်နေမယ့်အစား တတ်နိုင်သရွေ့ ကျရာတာဝန်ထမ်းပြီးတော့ ညီညီညွှတ်ညွှတ်နဲ့ တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လက်ရှိ COVID – 19 ရောဂါ ထိန်းချုပ် ကာကွယ် ကုသမှုဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆရာဝန် တစ်ယောက် အမြင်နဲ့ သုံးသပ်ပေးပါဦး။

Dr.SMS – ကျမတို့ ဝန်ကြီးဌာနရဲ့ဆောင်ရွက်မှုအပိုင်းတွေကို ပြည်သူတစ်ယောက်အနေနဲ့ အားရတဲ့အပိုင်းတွေ လည်း အများကြီး ရှိပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ ဂျပန်လိုနိုင်ငံမျိုး၊ အီတလီလိုနိုင်ငံမျိုးတွေမှာတောင် အခမဲ့ ဆေးစစ်ပေးတယ်၊ ကုသပေးတယ် ဆိုတာမရှိသေးပါဘူး။ ဒါပေမယ့် ကျမတို့လိုဖွံ့ဖြိုးဆဲနိုင်ငံမှာ အခု အခမဲ့ဆေး စစ်ပေးတယ်၊ ကုသ ပေးနေတယ်။ နောက် Facility Quarantine သမားတွေဆိုရင်လည်း နေထိုင်စားသောက်စရိတ်တွေ တာဝန်ယူပေးတယ်။ ဒါတွေက COVID – 19 နဲ့ပတ်သက်ပြီး အစိုးရဘက်က လုပ်ဆောင်မှုတွေဟာ တကယ့်ကိုအားရစရာတွေဖြစ်တယ်။ နောက်တစ်ချက်က COVID – 19 ကို တိုင်ကြားနိုင်တဲ့ ရောဂါအဖြစ်သတ်မှတ်ခဲ့တယ်။ အဲဒါကလည်း တကယ်ကိုကောင်းမွန်ပါတယ်။ ပြီးတော့ COVID – 19 HOT LINE ကို အကောင်အထည် ဖော်လိုက်နိုင်တယ်။ ဒါကလည်းပြည်သူတွေအတွက် အင်မတန်အကျိုးရှိပါတယ်။ နောက် တစ်ခုက Fever Clinic တွေကို မြို့နယ်အလိုက် ထားရှိပြီးတော့ ဆေးရုံတွေက Emergency Department တွေရဲ့ ဝန်ထုတ်ဝန်ပိုးတွေ ကို လျော့ချ ပေးလိုက်နိုင်တယ်။ နောက် MOHS ရဲ့ Page ကနေလည်း Up to Date Information တွေလည်း တင်ပေးနေတယ်။

ဉာဏ်နဲ့ယှဉ်တဲ့အကြောက်တရားကိုပဲထားပါ။ လိုက်နာစရာရှိတာတွေကို အကြောင်းပြချက်ဘာမှမပေးဘဲ အချိန်တိုင်းတိတိကျကျလိုက်နာကြပါ …

ပြီးတော့ MRTV တို့၊ MNTV တို့လို TV program တွေကနေလည်း လူထုကို အသိပညာပေး အစီအစဉ်တွေ အများကြီး ထုတ်လွှင့် ပေးနေတယ်။ အခုဆို ဖောင်ကြီးဆေးရုံကို COVID ဆေးရုံအဖြစ် ပြောင်းလဲဖို့စီစဉ်နေတယ်။ ဒါတွေအားလုံးက တကယ့်ကို အားရစရာ ကောင်းတဲ့ အချက်တွေဖြစ်ပါတယ်။ ဒါပေမယ့် နည်းနည်းလေး အားမရတဲ့အချက်တွေလည်း ပြည်သူတစ်ယောက် အနေနဲ့ ရှိပါ တယ်။ MOHS အနေနဲ့ သတင်းထုတ်ပြန်တဲ့နေရာမှာ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် အခုပိုးတွေ့တဲ့လူနာသည် အရင်တုန်းက ဘယ် Case နဲ့ထိတွေ့မှုရှိခဲ့တယ် စသဖြင့် Link တွေကိုဖော်ပြပေးခဲ့တယ်။ အခုဒီရက်ပိုင်းမှာကျတော့ Case တစ်ခုနဲ့ တစ်ခုကို Link တွေချိတ်ပေးတာမျိုး မရှိတော့ဘူး။ အဲဒီတော့ ပြည်သူလူထုအနေနဲ့ကျတော့ အခုအသစ်တွေ့တဲ့ လူဟာ အရင်တုန်းက Case တွေနဲ့ ထိတွေ့မှုရှိခဲ့လို့ ကူးတာလား၊ ဒါမှမဟုတ် Public ထဲမှာပဲ အများကြီးပြန့်နေပြီလား စတဲ့ သို့လော သို့လောတွေးစရာတွေဖြစ်ပြီး အဲဒီအချက်က သိသာထင်ရှားမှုမရှိဘူးဖြစ်နေတယ်။ အဲဒီ တော့ Data တွေကို ပိုပြီးတိတိကျကျနဲ့သိရခြင်းက ပြည်သူလူထုအနေနဲ့ ယုံကြည်စရာတစ်ခုခုရှိနေလို့ ခုအချိန်မှာ စိုးရိမ်စိတ်ကိုအများကြီး လျော့ပါးစေမှာဖြစ်ပါတယ်။ နောက်တစ်ခုက ကျန်းမာရေး ဝန်ထမ်းတွေကို ခုအချိန်မှာ လုံလောက်တဲ့ Facility တွေ ပံ့ပိုပေးစေချင်ပါတယ်။ Mask တွေ၊ PPE တွေ၊ Ventilator တွေ၊ နောက် ဆေးရုံတွေတိုးချဲ့တာလိုမျိုးပေါ့၊ Infrastructure တွေတိုးချဲ့တာမျိုးတွေကို ပံ့ပိုးပေးစေချင်ပါတယ်။ ခုအချိန်မှာ ပြည်သူလူထုကလည်း အစိုးရကိုပံ့ပိုးပေးဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။ တစ်ပြိုင်နက်တည်းမှာ Man Power တွေကိုလည်း Improved ဖြစ်ဖို့လိုပါတယ်။ နောက် Volunteer ဆရာဝန်တွေ များများဝင်လာချင်အောင်လို့ အစိုးရဘက်ကနေ ကူညီအားပေးတာတွေ များများလုပ်ဖို့လိုပါတယ်။ နောက်အရေးကြီးတာတစ်ခုက တချို့ ကျန်းမာရေးဝန်ထမ်းတွေက အိမ်မပြန်ချင်ကြဘူး။ သူတို့မသိလိုက်ဘဲ မိသားစုဝင်တွေကို ရောပိုးဖြန့်သလိုဖြစ် သွားမှာစိုးရိမ်ကြတယ်။ အပြင်မှာအိမ်ငှားနေဖို့ကျတော့လည်း တချို့ကအဆင်ပြေပေမယ့် တချို့အိမ်ရှင်တွေက လက်မခံချင်ကြတာ၊ ပတ်ဝန်းကျင်က လက်မခံချင် တာ၊ တချို့ဆို ကားပါကင်ထိုးတာတောင် ဆရာဝန်ကားမို့လို့ လက်မခံချင် ကြတာတွေရှိတယ်။ အဲဒါကြောင့် အစိုးရဘက် ကနေ ကျန်းမာရေးဝန်ထမ်းတွေအတွက် နေထိုင်စရာစီစဉ်ပေးတာမျိုးတွေ ဖြစ်စေချင်တယ်။ နောက်တစ်ချက်က ခုအချိန် မှာ လူစုလူဝေးလုပ်တာကို အစိုးရက တားမြစ်ထားတယ်။ ဒါပေမယ့်လို့ ပြီးခဲ့တဲ့ ရက်ပိုင်း အထိ လူစုလူဝေးလုပ်နေတာတွေရှိတယ်။ ဒါမျိုးတွေကို ပြတ်ပြတ်သားသား တားမြစ်ကန့်သတ်တာတွေလည်း လုပ်စေချင်ပါတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောကြားပေးပါဦး။

Dr.SMS – ခုအချိန်မှာ လူထုကတော့ စိုးရိမ်မှုတော်တော် လေး မြင့်တက်နေကြပါတယ်။ ဒါပေမယ့်ကျမတို့ တစ်ခုသိထားရမှာက စိုးရိမ်လို့အလုပ်ဖြစ်တာ ဘာမှမရှိဘူးပေါ့နော်။ အဲဒါကြောင့် စိုးရိမ်မှုတွေကို တတ်နိုင်သလောက်လျော့ချပါ။ ဉာဏ်နဲ့ယှဉ်တဲ့ အကြောက်တရား ကို ပဲ ထားပါ။ လိုက်နာစရာရှိတာတွေကို အကြောင်းပြချက်ဘာမှမပေးဘဲ အချိန်တိုင်းတိတိကျကျလိုက်နာကြပါ။ ပြည်သူတွေအနေနဲ့ ခုအချိန်မှာ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို ဘာကြောင့်မှမစိုးရိမ်ပါနဲ့။ ကျမတို့အားလုံး အသိဉာဏ် ရှိရှိတိုက်ပွဲဝင်ကြရင် အောင်မြင်မှာပါလို့ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,