အကြဉ်ခံထားရတဲ့ လူ့အဖွဲ့အစည်းက အချိန်မရွေး ဗိုင်းရပ်စ်က ဝင်နိုင်တာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင်သူ ဦးမြအေး

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊တိုင်းရင်းသားလူမျိုးစု များအတွင်းရှိ လူမျိုးစုငယ်များ၏ အခြေအနေများ၊၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နေမှု အခြေအနေ၊ရွေးကောက်ပွဲနှင့် လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့်ပတ်သက်၍ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ခေါင်းဆောင်၊ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင် တည်ထောင်သူ ဦးမြအေး ကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်း ခဲ့သည်။

ငြမ်းမီဒီယာ – ကျနော်တို့လည်း ဒီနိုင်ငံတော်သီချင်းဖွင့်ရင် ကြက်သီး မွှေးညှင်းထတယ်။ ကိုယ့်နိုင်ငံတော်သီချင်း သံကြားရင်း တစ်ခါတရံ ဘာကြောင့်မှန်းမသိ မျက်ရည်ဝဲရတယ်။ အမျိုးသားရေးလို့ပြောရင် ကိုယ့်နိုင်ငံသားတွေ အားလုံးကို စိတ်ထဲမြင်တယ်။ ကိုယ့်နိုင်ငံ တော်ကိုမြင်တယ်။ ဒီနိုင်ငံက ပြည်သူတွေက လည်း မတူ ကွဲပြားမှုတွေ အပေါ်မှာ အပြန်အလှန်နားလည်မှု ရှိရှိနဲ့ ငြိမ်းချမ်းစွာ နေထိုင်ကြတယ်။ ဒါပေမယ့် တချို့ ပြောတဲ့ အမျိုးသားရေး၊ တချို့ အမျိုးသားရေးအမည်ခံသူတွေကတော့ ကိုယ့်နဲ့ ဘာသာ မတူ၊ လူမျိုးမတူရင် ချေမှုန်းမယ်ဆိုတဲ့ အစွန်းရောက် အယူအဆ ရှိသူတွေကိုလည်းတွေ့ရပါတယ်။ ရန်လိုတဲ့ လှုံ့ဆော်မှုတွေကို လည်း တွေ့ရပါတယ်။ သိပ်မကြာခင်လည်း ရွေးကောက်ပွဲ ရှိလာမယ့် အနေအထားမှာ ဒီလို အနေအထားတွေကို ဦးမြအေး ဘာပြောချင်လဲ။

UMA – အမျိုးသားရေးဆိုတာက လူတိုင်းမှာ ရှိပါတယ်။ တိုင်းပြည် ကိုယ်တိုင်ကို က အမျိုးသား နိုင်ငံတွေကို။ မြို့ပြနိုင်ငံတွေ ပေါ်ထွန်းလာတာနဲ့အမျှ အမျိုးသားရေးဆိုတာ ရှိကြတာပဲလေ။ ဒါပေမယ့် စစ်စစ်မှန်မှန်နဲ့ တစ်တိုင်းပြည်လုံး ကို တကယ် လွှမ်းခြုံနိုင်မယ့် အမျိုးသားရေး ဖြစ်ဖို့တော့ လိုတာပေါ့ဗျာ။ အဲလို မဟုတ်ဘဲ လူမျိုးတစ်မျိုး။ဘာသာတစ်ခုတည်းအပေါ်မှာ အခြေပြုပြီး သွားတဲ့ အမျိုးသားရေး ဆိုရင်တော့ ဒါက ရေရှည်မှာ အဆိပ်အတောက်လို ဖြစ်လာမယ်။ ဒါတွေက ကမ္ဘာပေါ်မှာလည်း ရှိခဲ့ပြီး သားပဲ။ ဥပမာအားဖြင့် ဂျာမနီ နာဇီဝါဒ၊ ဂျပန် ဖက်ဆစ် ဝါဒတွေက ကမ္ဘာကြီး ကိုအကျိုးပြုခဲ့သလား၊ အကျိုးမပြုခဲ့ဘူးလား သမိုင်းမှာ ပြန်ကြည့် ထင်ရှား တယ်။ နာဇီတွေကြောင့် ဂျူးလူမျိုး ပေါင်းများစွာ အော့ဇ်ဝ် အကျဉ်းထောင်မှာ အသတ်ခံ ရတယ်။ ဂျူး ခြောက်သန်းလောက် အသတ် ခံရတယ်။ ဂျပန်ဆိုရင် လည်း တရုတ်ပြည် နန်ကျင်းမှာ အကုန်လုံး ကျုံး ပစ် လိုက်တာပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံရေးစနစ်ကြီးက မှားခဲ့တာ။Nationalist အပေါ်မှာ အထိုင်ပြုပြီးတော့ ကျန်တာ အကုန်လုံးကို တိုက်ထုတ်တဲ့ ပုံစံနဲ့ သွားတာ။ ကျန်တဲ့ …

ကိုးရီယားဆို အခုထိ  ပြဿနာဖြစ်တုန်း။ မိန်းကလေးတွေ ပြည်တန်ဆာ ဇာတ်သွင်း ခံရတာ။ ဒါမျိုးတွေလည်း ရှိခဲ့တယ်။ ဒီဝါဒတွေက ကိုယ့်ကိုယ်ကိုယ် ပဲ လူထင်တော့တာလေ။ ကိုယ်နဲ့ ကွဲပြားတဲ့ လူ၊ လူမျိုးမတူဘူး၊ ဘာသာမတူဘူး(သို့မဟုတ်) လူမျိူး တူတောင် ဘာသာမတူဘူး။ ဘာသာတူတယ်၊ လူမျိုး မတူဘူး ဆိုရင်တောင် ငါနဲ့ မတူ ငါ့ရန်သူ ဆိုတဲ့ ဟာက အင်မတန်ကို ကျဉ်းမြောင်းတဲ့ ဖက်ဆစ်ဝါဒကို ရောက်သွားနိုင်တဲ့ ကြောက်စရာ ကောင်းတဲ့ အမျိုးသားရေး ဝါဒမျိုးပါ။ အဲဒါကတော့ ကျနော်တို့နိုင်ငံ မှ မဟုတ် ဘူး။ဘယ်နိုင်ငံမှ အလုပ်မဖြစ် ဘူး။ ရေရှည်လည်းတည်တံ့ မှာမဟုတ်ဘူး။ အခုဟာကတော့ နိုင်ငံရဲ့ အသွင်ကူးပြောင်းတဲ့ ကာလမှာ ဒီကိစ္စတွေက လူတွေကို ဆူလွယ်နပ်လွယ်၊ သွေးဆူ လွယ်အောင် နှပ်လို့ရတယ်။ ဥပမာ အားဖြင့် ကျနော်က မွတ်စလင် အစ္စလာမ်ဘာသာဝင်တစ်ယောက်ပေါ့။ ကျနော် က အစ္စလာမ် ဘာသာဝင် တွေ အတွက် လုပ်နေတာတို့၊ဘာတို့ ၊ အစ္စလာမ် ဘာသာဝင်တွေက အနှိမ်ခံနေရတာ၊ အဖိနှိပ်ခံနေရတာ၊ ငါကတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ခေါင်းဆောင်ကြီးပဲ၊ ငါ က မင်းတို့ကို ဘာလုပ်ပေးမယ်၊ညာ လုပ်ပေးမယ် ဆို ကျနော့်ကို အစ္စလာမ် ဘာသာဝင်တွေ ကြိုက်မှာပဲလေ။ ကျနော်က တကယ့်ကို အမျိုးသားရေး ခေါင်းဆောင် လိုလို၊ ဘာလိုလို ပေါ့ဗျာ။ သဘော တစ်ခုကို ပြောပြတာပါ။အမှန်တော့ ဒါတွေက လိမ်နေ တာပဲ။ လူတွေကို လိမ်နေတာပဲ။ လူတွေကြားမှာ ပဋိပက္ခကို ဖြစ်ပွားအောင် ဖန်တီးနေတာပဲလို့ ကျနော်က အဲဒီအတိုင်းမြင်တယ်။ နိုင်ငံတစ်ခု လုံးကို လွှမ်းခြုံနိုင်တဲ့ ၊တနည်းအားဖြင့် ပြည်ချစ်ဝါဒ အဲဒီလို အမျိုးသားရေးဝါဒသာလျင် တိုင်းပြည်ကို မှန်မှန်ကန်ကန် ဦးဆောင်နိုင် တယ်လို့ မြင်ပါတယ်။ နိုင်ငံတွေ ဖြစ်တဲ့ အတွက်ကြောင့် မို့ နိုင်ငံသား ၊နိုင်ငံခြားသားဆိုတာ ဘယ်နိုင်ငံမှာ မဆို ရှိပါတယ်။

ငြမ်းမီဒီယာ – ၂၀၀၈ ဖွဲ့စည်းပုံမှာ လည်း ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ပြဌာန်းပေးထား တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အတိတ်သမိုင်းကို ပြန်ကြည့်ရင် နိုင်ငံရေး အကြပ်အတည်း တွေမှာ လူမျိုးရေး၊ ဘာသာရေးကို အသုံးချပြီး အဓိကရုဏ်း ဖြစ်အောင် လုပ်ဆောင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒီဘက် ကာလမှာ အစ္စလာမ်ဘာသာဝင်တွေကို ဦးတည်ပြီး အမုန်း တရားတွေ ဖြန့်ဖြူးနေသူတချို့ကိုလည်း ဒီဘက် ကာလတွေမှာ တွေ့ရတယ်။ အဲဒီလို အခြေအနေတွေ မဖြစ်အောင် ဘယ်လို လုပ်ကြမလဲ။

UMA – လူ့အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့် ပြင်ညီပေါ့။ လူ့အဖွဲ့အစည်းမှာ နေ့တဓူ၀ လူမှုပြဿနာတွေ ဆိုတာ ရှိကြတယ်။ ဥပမာ သားရေး၊သမီးရေး ကိစ္စတွေ၊နောက်ပြီးတော့ လူငယ် အချင်းချင်း ရန်ဖြစ်တဲ့ကိစ္စတွေ၊ ပိုက်ဆံချေးရင်း ပြန်မပေးတာ တွေ၊လိမ်တာတွေ ဒါတွေကအစ ရာဇဝတ်မှုတွေအဆုံး ဒီဟာက လူ့အဖွဲ့အစည်းမှာ လူကောင်းတွေ ရှိသလို၊ လူဆိုးတွေလည်း ရှိကြတယ်။ ဘယ်လူ့အဖွဲ့အစည်းမှာမဆို တစ်ရာ ရာခိုင်နှုန်း ကောင်းတယ်ဆိုတဲ့ လူ့အဖွဲ့အစည်း ရှိမှ မရှိတာ။ ဒါပေမယ့် ဒီပြဿနာတွေအပေါ် မူတည်ပြီးတော့ ရာဇဝတ်မှုကို ရာဇဝတ်မှုလို့ မကြည့်ဘဲနဲ့ သူ့ရဲ့ နောက်ခံကို လိုက်ကြည့်တယ်။ သူက ဘာလူမျိုး၊ ဘာဘာသာ။ ဒါတွေအကုန်လုံးက မီးပွားအနေနဲ့ မီးရှို့လို့ကောင်းတဲ့ ကိစ္စတွေပဲ။ ပြဿနာတွေကို ပြန်ကြည့်လိုက်ရင် တော်တော် များများ က အဲလိုဖြစ်တာ။ ဒါပေမယ့် ဒါက လတ်တလော ဖြစ်တဲ့ အကြောင်းအရင်း ။ ဖြစ်လာခဲ့ရတဲ့ သမိုင်းကြောင်းကို ချီပြီး ကြည့်မယ်ဆိုရင် နဂိုကတည်းက နိုင်ငံရေးစနစ်ကြီးက မှားခဲ့တာ။Nationalist အပေါ်မှာ အထိုင်ပြုပြီးတော့ ကျန်တာ အကုန်လုံးကို တိုက်ထုတ်တဲ့ ပုံစံနဲ့ သွားတာ။ ကျန်တဲ့ ဆိုရှယ်လစ်တို့၊ ဘာတို့၊ ညာတို့ ဆိုတာ သကာရည်လောင်း ထားတာ။ အဲဒါတွေရဲ့ အမုန်းတရားတွေက လူထုကြားထဲမှာ စိမ့်ဝင် ထားပြီးဖြစ်တယ်။ ပြည်သူလူထုကြားထဲမှာ စိမ့်ဝင်ထားပြီးဖြစ်တဲ့ အခါကျတော့ ကျနော့်အသက်(၅၄) နှစ်ရှိပြီ။ ကျနော်က (၆၂)ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းမှ မွေးတာလေ။ ကျနော်တို့ Generation တွေ၊ ကျနော်တို့ ခေါင်းတွေ ထဲမှာ ကျနော်တို့ သိစိတ်ထဲမှာရော၊ မသိစိတ်ထဲမှာရော ဒီမှိုင်းတွေက အနည်းနဲ့ အများ ဝင်ကြတယ်။ လူငယ်တွေဆို ပိုဆိုး။ နောက်တစ်ခုက အရင်ဆိုရှယ်လစ် အတုအယောင်အလွှာနဲ့ ထိန်းထားခဲ့တာ အဲဒီ ခေတ်မှာ ကတည်းက တောက်လျောက် ရှိခဲ့ကြတာလေ။ ဥပမာ မဆလ ခေတ်က မော်လမြိုင်တို့ဘာတို့မှာ ရှိခဲ့ကြတာ။ နောက်တော့ ရှစ်ဆယ့်ရှစ် မှာဆို ပြည်နဲ့ တောင်ကြီး၊ လူထုအရေးတော်ပုံကို လှည့်တာ။ လူတွေရဲ့အသိကို လှည့်တာ လွယ်တဲ့ကိစ္စတွေ ။ဒါက အာဏာရှင်တွေ တောက်လျောက် ကျင့်သုံးခဲ့တဲ့ ပုံစံတွေကြီးပဲ။ ဒီအမုန်းတရားတွေနဲ့ ဒေဝေါကြီးလာပြီ ဆိုပြီ ခြောက်တာ။ မနက်ဖြန်၊ သဘက်ခါ မြန်မာပြည်ဟာ ဘာဖြစ်တော့ မယ်၊ညာဖြစ်တော့ မယ် ဆိုတဲ့ ခြောက်လှန့်မှုတွေ၊ လူတွေက ကိုယ် ကိုးကွယ် ယုံကြည်တဲ့ ဘာသာတရားကို ဘယ်သူမဆို ထိန်သိမ်းချင်တယ်ဆိုတာ ကျနော် နားလည်တယ်။ ဒါက ဘယ်သူမဆို ထိန်းသိမ်းချင်တယ်။ ဒါပေမယ့် ဒီထိန်းသိမ်းချင်တာ သူများကို ရန်ရှာဖို့ မဟုတ်ဘူးလေ။ ဘယ်ဘုရား ကမှလည်း ရန်ရှာဖို့ မဟောခဲ့ဘူး။ ရန်ရှာ နေပြီဆိုရင် သူက Outsider ဖြစ်သွားပြီလေ။ ဒါမျိုးတွေကို မေ့သွားတယ်။ မေ့သွားတဲ့ အခါကျတော့ ဒီဟာအပေါ်မှာ တကယ်ထင် သွားတဲ့ Innocent တွေရဲ့ ခေါင်းထဲမှာ အမုန်းတရားတွေ၊ အမုန်းစကားတွေ မှိုင်းတွေက ဝင်ကုန်တယ်။ ဒါက တစ်ပိုင်း။ နောက်တော့ တည့်တည့်ပြောမယ်ဆိုရင် မွတ်စလင် (community) ကွန်မြူနတီ ရဲ့ အားနည်းချက်တွေလည်း ရှိတယ်။

လူကောင်းကို လူကောင်းလိုမြင်၊ လူဆိုးကို လူဆိုးလို မြင်၊လူအေးကို လူအေးလို့မြင်။အဲဒီလို အခြေအနေ တစ်ရပ်ကို ကျနော်တို့ သွားရလိမ့်မယ် …

ပြဿနာဖြစ်တိုင်း ဖြစ်တိုင်း မှာ တစ်ဖက်တည်း ကို ပြောလို့မရဘူး။ မွတ်ဆလင် ကွန်မြူနတီရဲ့ အားနည်းချက်က ဘာလဲဆိုတော့ ဒါကို နောက်ပိုင်း မှာ တော်တော်လေး ကို လေ့လာသင့်တယ်။ ဆင်မြူရယ်ဟန်တင်တန် ထင်တယ်။Clash Of Civilization ဆိုတာ။ ဒီလိုမျိုး ယဉ်ကျေးမှုခြင်း ထိပ်တိုက်တိုးတဲ့ကာလ ။ယဉ်ကျေးမှုဆိုတာလည်း ခက်တယ်။ ကျနော်တို့ နိုင်ငံနဲ့ ကိုက်ညီတဲ့ ကျနော်တို့ နိုင်ငံက ပြည်သူတွေ သဘောကျတဲ့ ယဉ်ကျေးမှု ဆိုရင် ပြဿနာ မရှိပေမယ့် ကျနော်တို့ နိုင်ငံက လူအများစုကြီးက မျက်စိထဲမှာ တစ်မျိုးမြင်တဲ့ ယဉ်ကျေးမှုကြီးကို အတင်းကြီး လုပ်ယူလို့ မရဘူး။ ဆိုပါစို့ ပြောပုံ၊ဆိုပုံ၊ နေပုံ၊ထိုင်ပုံ ၊ဝတ်ပုံစားပုံ။ ကျနော်တို့က ဒီမိုကရေစီ နိုင်ငံလည်း မဟုတ် ဘူး။ လူ့အခွင့်အရေး အရ မှန်တယ်။ ဒါပေမယ့် ကျနော်တို့က ဒီမိုကရေစီ နိုင်ငံစစ်စစ်ကြီး ဖြစ်သွား သေးတာ မဟုတ်ဘူး။ အဲဒီအပိုင်းမှာ ကျနော်တို့ မွတ်ဆလင် ကွန်မြူနတီ ဘက်က အားနည်းခဲ့တယ်လို့ ကျနော်မြင်တယ်။ ကျနော်ပြောတာက မွတ်ဆလင် ကွန်မြူနတီထဲမှာလည်း ကောင်းတဲ့ လူတွေ ရှိသလို ဆိုးတဲ့ လူတွေလည်း ရှိတယ်။ တစ်ဖက် ကွန်မြူနတီထဲမှာလည်း ကောင်းတဲ့လူ ရှိမယ်။ ဆိုးတဲ့လူ ရှိမယ်။ အဲဒီတော့ အဆိုး အဆိုးချင်း တွေ့တဲ့ အခါကျတော့ ပြဿနာက ပိုကြီးထွားတယ်။ ဒီကြားထဲမှာ ဘာဖြစ်လဲ ဆိုတဲ့အခါကျတော့ လူနည်းစုဖြစ်တဲ့ သူက ပိုတော့ ခံရတာပေါ့။Innocent တွေက ပိုခံရ တယ်။ ကျနော်မြင်တာကလေ ကျနော်တို့ တစ်လျောက်လုံးမှာ လွတ်လပ်စွာကိုးကွယ်မှုအပိုင်း ကတော့ မရှိခဲ့ဘူးဗျ။ ပြေလည်မှုနဲ့ သွားတာပဲ ရှိတယ်။ ဥပမာအားဖြင့်ဗျာ ရှိလာတဲ့ လူဦးရေနဲ့ကိုက်ညီတဲ့ ဝတ်ကျောင်းဆောင်တွေ မရှိဘူး။ ရှိတဲ့ ဝတ်ကျောင်းဆောင် တွေတောင် အကုန်လုံး ပြန်ဖွင့်လို့မရတဲ့ အခြေအနေ ဖြစ်နေတယ်။ အဲဒီတော့grass root level မှာလည်း တစ်ဖက်နဲ့တစ်ဖက် နားလည်မှုတည်ဆောက်ဖို့ဆိုတာ ဟိုတယ်တွေမှာ တက်ပြီး Interfaith လုပ်ရုံမျှလောက်နဲ့ မရဘူး။ နောက်တစ်ခုက ဘယ်ဖက်မှ မလိုက်ပဲ အမုန်းခံပြောတာ။ ကျနော် ခုနက ပြောတဲ့ Clash Of Civilization ။ Culture Shock တွေ ဖြစ်တဲ့ အခြေအနေတွေ ကိုလည်း နှစ်ဖက်လုံးက သုံးသပ်ဆင်ခြင်သင့် တယ်လို့ မြင်တယ်။ အဲဒီတော့ ဒီဟာတွေကို မသုံးသပ် မဆင်ခြင်ဘဲနဲ့ တရားသေ ဆုပ်ကိုင်ရင်တော့ ပြဿနာက ငြိမ်းဖို့ ခက်လိမ့် မယ်။ ကျနော်မြင်တာက လူကို လူလို မြင်ဖို့ လိုတယ်။ လူမှာမှ နိုင်ငံရှိတဲ့အတွက် နိုင်ငံသား၊ နိုင်ငံခြားသား ရှိမယ်။ အစိုးရဘက်ကလည်း ဒါကိုမခွဲခြားဘဲ ဆောင်ရွက်ပေး ရမှာဖြစ်သလို ကွန်မြူနတီတွေ အချင်းချင်း ကြားထဲမှာလည်း ထိုက်သင့်တဲ့ လူသားဆက်ဆံရေးတွေ ပေါ်ပေါက်လာအောင် လုပ်ရမယ်။ ဆိုပါစို့ဗျာ မုဒိမ်းသမားတစ်ယောက်ဟာ ဗုဒ္ဓဘာသာဝင် ဖြစ်ချင်ဖြစ်မယ်၊ အစ္စလာမ်ဘာသာဝင် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူက မုဒိမ်းသမား က မုဒိမ်းသမားပဲ။ လူသတ်သမား က လူသတ် သမားပဲ။ ဗုဒ္ဓဘာသာဝင်ဖြစ်လို့ ကာပေးရမှာ မဟုတ်ဘူး။

ကျနော်တို့ ငယ်သံပါအောင် အော်ပြီးပြောနေ တာ။ အကြိမ်ပေါင်းများစွာ ပြောပြီးသွားပြီ။ တစ်ကြိမ်မဟုတ်ဘူး။ ဒါကြီးကို အခုပြင်မယ်ပြောလိုက်၊ မပြင်ဘူးပြောလိုက် …

အစ္စလာမ် ဘာသာဝင်ဖြစ်လို့ ကာပေးရမှာ မဟုတ်ဘူး။ အစ္စလာမ်က အစ္စလာမ် ဘာသာဝင်အချင်းချင်း ပင်းမယ်။ ဗုဒ္ဓဘာသာ က ဗုဒ္ဓဘာသာဝင်အချင်းချင်း ပင်းမယ်။ ခရစ်ယာန်က ခရစ်ယာန် ဘာသာဝင် အချင်းချင်း ပင်းမယ်၊ဟိန္ဒူက ဟိန္ဒူအချင်းချင်း ပင်းမယ်ဆိုရင် ဘယ်လိုလုပ် ငြိမ်းချမ်းညီညွှတ်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်လို့ရမှာလဲ။ ကျနော်မြင်တာက လူ့အဖွဲ့အစည်း အချင်းချင်းကြားမှာ လူကောင်းကို လူကောင်းလိုမြင်၊ လူဆိုးကို လူဆိုးလို မြင်၊လူအေးကို လူအေးလို့မြင်။အဲဒီလို အခြေအနေ တစ်ရပ်ကို ကျနော်တို့ သွားရလိမ့်မယ်။ grass root အထိ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားမှုတွေ ရှိ အောင် လုပ်ယူရမယ်။ အဲဒီအတွက် တာဝန်အရှိဆုံးသည် အစိုးရပဲဖြစ်တယ်။ အစိုးရ က ကျောသားရင်သား မခွဲခြားတဲ့ ဆက်ဆံရေးကို လမ်းဖွင့်ပေးဖို့ လိုလိမ့်မယ်။ ကျနော် မြန်မာပြည်မှာနေတယ်။ မြန်မာယဉ်ကျေးမှုဟာ ကျနော့် ယဉ်ကျေးမှုပဲ။ ကျနော်က ပါကစ္စတန် က လည်း မဟုတ်ဘူး။ အိန္ဒိယကလည်း မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်ကလည်း မဟုတ်ဘူး။ ဒါပေမယ့် ကျနော့် Identity တော့ ရှိတယ်။ ကျနော် ယုံကြည် ကိုးကွယ်တဲ့ ဘာသာတရားနဲ့ ကျနော်ဗမာမွတ်စလင် ဖြစ်ခြင်းက ကျနော့် Identity လေ။ ဒါပေမယ့် ဒီ Identity ကြီး အပေါ် သိပ်ရှေ့တန်းတင်လို့ မရဘူး။

ငြမ်းမီဒီယာ – အမျိုးသားရေးစိတ်ကတော့ နိုင်ငံသားတိုင်းမှာ ရှိကြတာပဲ။ နိုင်ငံတော်သီချင်းလာတာနဲ့ ခရစ်ယာန်ပဲ ဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံအလံကို အလေးပြုကြတာပဲ။ ကျနော် ဆိုလိုတာက အမျိုးသားရေး လုပ်နေ သူတွေကို ပြောတာမဟုတ်ပါဘူး။ ကျနော်ပြောချင်တာက ကိုယ်နဲ့ မတူဘူး ဆိုရင် အတွေးအခေါ်မတူတာ၊ အသားအရောင် မတူတာ၊ ကိုးကွယ်တာ မတူရင် ချေမှုန်းမယ်ဆိုတဲ့ အစွန်းရောက် စိတ်ဓာတ်ရှိတဲ့ သူတွေရဲ့လှုပ်ရှားမှုတွေ ။ မကြာခင်မှာ ရွေးကောက်ပွဲ လာတော့မယ်။ နိုင်ငံရေးမှာ ပြည်သူအတွက် ဆိုပြီးလုပ်တဲ့ နိုင်ငံရေး ရှိသလို၊ အစွန်းရောက်တွေကို အသုံးချပြီး အမျိုးသားရေး အမည်ခံ လှုပ်ရှားမှုတွေကို လည်း တွေ့ရတယ်။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပဲ တပ်ချုပ်ရဲ့ ဘာသာရေး ကျောင်းတွေကို သွားရောက် တဲ့ ခရီးစဉ်အပြီးမှာ အမုန်းစကားတွေဖြန့်ချိလှုံ့ဆော်နေတဲ့ ဆိုရှယ်မီဒီယာ ပေါ်က လှုပ်ရှားမှုတွေ ငြိမ်သက် သွားတာလည်း တွေ့ရတယ်။ အဲဒီအခြေအနေအပေါ် ဘယ်လို သုံးသပ်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UMA – ကျနော်ပြောတယ်လေ။ နိုင်ငံတော်က အရေးကြီးဆုံး ပါလို့။Stakeholder တွေက အရေးကြီးဆုံးပါ။ Stakeholder တွေရဲ့ သဘောထားက သိပ်အရေးကြီးပါတယ်။ အထူးသဖြင့် ကျနော်တို့ နိုင်ငံမှာ တကယ့် နေရာတွေကို ရောက်နေတဲ့ သူတွေရဲ့ စကား တစ်ခွန်းက အရေးကြီးတာပါပဲ။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ပဲ ဖြစ်ဖြစ် ၊တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ပဲ ဖြစ်ဖြစ် ငါတို့ နိုင်ငံမှာ လူမျိုး၊ဘာသာ မခွဲခြားဘူး။ နိုင်ငံသားကို နိုင်ငံသား တန်းတူရည်မျှ အခွင့်အရေးအတိုင်းပဲ ရှိရမယ်ဟေ့လို့ပဲ ပြောကြည့် ကျန်တဲ့ ကိစ္စတွေ အကုန်လုံးက လစ်သွားမှာပဲ။ ပြီးရင် အဲဒီစကားရပ်နဲ့အညီ ခွဲခြားဆက်ဆံမှု မလုပ်နိုင်အောင် တားဆီးမှု တွေ၊ အချင်းချင်း နားလည်မှု တည်ဆောက်တာရော ၊အားပေးမှုတွေ လုပ်ခဲ့မယ်ဆိုရင် မကြာပါဘူး။ကျန်တဲ့ ဟာ က လုပ်လို့ရလို့ လုပ်နေတာလေဗျာ။ လုပ်လို့မရဘူးဆိုတာ သိလာတဲ့အချိန်ကြရင် မလုပ်ပါဘူး။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်ကတော့ မတူကွဲပြားမှုနဲ့ပတ်သက်ပြီး၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပြောဆိုမှုတွေမှာ ခဏခဏ ညွှန်းဆိုပါတယ်။ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာပဲ။ ဒါကို ဂုဏ်ယူသင့်တယ်ဆိုတာမျိုး ပြောတာ ရှိပါတယ်။ ဒါပေမယ့် ခွဲခြားဆက်ဆံမှုတွေ ကတော့ မြေပြင်မှာ ရှိနေတာတွေ့ရပြန်တယ်။ အဲဒီ အခြေအနေကိုရော ဘာများပြောချင်လဲ။

UMA – ဒေါ်အောင်ဆန်းစုကြည်က အရင်တုန်းကလို အတိုက်အခံ နိုင်ငံရေးသမားသက်သက် မဟုတ်ဘူးလေ။ နိုင်ငံတော်ရဲ့ ဦးဆောင်သူတစ်ယောက်လို့ ပြောလို့ရတယ်လေ။ နိုင်ငံတော် အကြီးအကဲ ပဲလေ။ ဒီအကြီးအကဲ တစ်ယောက်ကေ ပြာတဲ့ ဟာကို အောက်ခြေ ယန္တရား ကဘယ်လောက်ထိလုပ်လဲ။ ဘယ်လောက်ထိ ဖော်ဆောင်လဲ ဆိုတာ အရေးကြီးတယ်လေ။ ဥပမာအားဖြင့် ကျနော်တို့ဆို ပတ်စပို့စ်ရုံးမှာ သွေးနှောတွေ သက်သက် တန်းစီရတဲ့ ဟာကြီးက နိုင်ငံတကာရဲ့ အမြင်မှာလည်း မတင့်တယ်ဘူး။ အဓိပ္ပာယ်လည်း မရှိဘူး။ လဝက နဲ့တွေ့ ဘာမှန်းမသိ။ ပတ်စပို့စ် သူများက ဆယ်ရက်နဲ့ရ။ ဒီဘက်က လူတွေက ဘာသာခြား ဖြစ်တဲ့ အတွက်ကြောင့်မို့ ရက်နှစ်ဆယ်လည်း မရဘူး။ အဲဒီအပေါ်မှာ Corruption တွေက ဆက်ပါ။ ဒါတွေက ရှိတယ်။ ရှိနေတဲ့ကိစ္စကို အခု နိုင်ငံတော်အစိုးရက မျက်ကွယ်ပြုထားတာ ကျနော်တော်တော် အံ့အားသင့်တယ်။ ကျနော်တို့ ငယ်သံပါအောင် အော်ပြီးပြောနေ တာ။ အကြိမ်ပေါင်းများစွာ ပြောပြီးသွားပြီ။ တစ်ကြိမ်မဟုတ်ဘူး။ ဒါကြီးကို အခုပြင်မယ်ပြောလိုက်၊ မပြင်ဘူးပြောလိုက် အမှန်ပြောရရင် တော်တော်စိတ်ပျက်လာတယ်။ မပြင်နေပေါ့လေ။ ကျနော့် တခြားနိုင်ငံကမေးရင် တကယ် Discriminate ရှိတယ် ပြောလိုက်မယ်။ဒါပဲ။ ကျနော့် သဘောက ရှင်းရှင်းလေးပဲ။ နောက် မှတ်ပုံတင်ရေးကိစ္စ။ ဘင်္ဂလားဒေ့ရှ်တွေ၊ အိန္ဒိယတွေ၊ ပါကစ္စတန်တွေ အဲဒါလူမျိုး နာမည်လည်း မဟုတ်ဘူး။ ကပြားတွေတော့ ရှိမယ်ဗျာ။ နိုင်ငံတကာစံ အရ သူ့မှာ choice ရှိတယ် လေ။ ဥပမာ ဗျာ ဗမာနဲ့ ဆူရတီ နဲ့ စပ်တယ်။ကပြား။ ကပြားဆို သူ့ choice ရှိတယ်လေ။ သူ ဆူရတီကို ရွေးမလား။ ဗမာ ရွေးမလား။ ဒါပေးသင့်တယ်လေ။ အဲလိုမဟုတ်ဘူး အိန္ဒိယ၊ပါကစ္စတန်၊ဗမာ၊ဆူရတီ ဘာတွေ လျောက်ရေးမှန်းမသိဘူး။ တချို့ မှတ်ပုံ တင်ထဲမှာ လေး၊ငါး၊ခြောက် ခု ပါတယ်။ ဘယ်လောက် ရယ်စရာ ကောင်းလဲ။ ပြောရအောင် လဝက ဝန်ကြီးဌာနက ပြည်ထဲရေး ဝန်ကြီး ဌာနလည်း မဟုတ်။ အစိုးရအောက်မှာ ရှိနေတာလေ။ ဒါတွေ အလေးဂရုပြုရတော့ မယ်လေ။ သွေးနှောဆိုပြီး ဥပဒေမှာ မပါဘူး။ ဒါပေမယ့် လမ်းညွှန်တဲ့ စာအုပ်တွေမှာ ပါတယ်။ ဒါတွေလည်း အခုထက်ထိ ဒီဟာတွေက တင်တုန်း။ ကျနော်မြင်တာက ဖျက်ပစ် ရတော့မယ်လေ။ မနေ့တနေ့ကမှ လာတဲ့ သူတွေလည်း မဟုတ်ဘူးလေ။ ဗမာမွတ်စလင်တွေ ဆိုရင် သမိုင်းနဲ့ ချီပြီး ရှိခဲ့တဲ့ဟာတွေပဲ။ အကုန်လုံးကိုရောထွေးပြီးတော့ အောက်ခြေမှာကျတော့ အစိုးရယန္တရားကိုယ်က Discriminate လုပ်တာ။

တိုင်းပြည်အပေါ်မှာ ဗမာမွတ်စလင်ရဲ့ သမိုင်းမှာ ဘယ်တော့မှ သစ္စာ မဖောက်ခဲ့ဘူး။ ကျနော်တို့ အဲဒီအစဉ်အလာကို ထိန်းသိမ်းဖို့။ ကျနော်တို့ …

စာအုပ်ထဲမှာတော့ လှအောင်ရေးထားတာ။ ဘာသာလူမျိုး ဘာညာမခွဲခြားဘဲ ဆိုတာက တကယ်တမ်းလက်တွေ့မှာ ဟုတ်မှ မဟုတ်ဘဲ။ မဟုတ်တဲ့အခါကျတော့ အဲလိုမျိုးခွဲခြားမှုတွေက လူတွေ အချင်းချင်း ကြားမှာ စိတ်ဝမ်းကွဲပြားမှု ကို ပိုပြီး မွေးဖွား ပေးတာနဲ့ အတူတူပဲ။ ဆိုတော့ တိုင်းပြည်ကို ချစ်စိတ် ရှိချင်တဲ့ သူတွေတောင်မှ ဘာမှမဆိုင် ကုလားစကားလည်းမတတ်၊ အိန္ဒိယ ကလည်း မဟုတ်၊ ပါကစ္စတန် က လည်း မဟုတ် မှတ်ပုံတင်ထဲမှာ အိန္ဒိယတွေ၊ ပါကစ္စတန်တွေ ထည့်လိုက်တဲ့ အခါကျတော့ သူက နေရင်းထိုင်ရင်း ဘောလုံးကန်ပွဲအားပေးရင် အိန္ဒိယပဲ အားပေးရမလိုလို မဖြစ်ကုန်ဘူးလား။ ကျနော်မြင်တာက ခပ်ကြောင်ကြောင်တွေဗျာ။ ကျနော်တို့ ဘက်မလိုက်ပဲ ပြောပေမယ့်လည်း ကျနော်တို့ကို ဘက်လိုက်တယ်ပဲ ပြောမှာပဲ။ ရွှေဘို ဘက်သွားကြည့် ။ဇီးကုန်း ဘက်မှာ ဗူးကြီးဆိုတဲ့ ရွာရှိတယ်။ အဲဒီ ဗူးကြီး ရွာမှာ နေတာ ဗမာမွတ်စလင်အစစ်တွေ၊ ဟိုး…အလောင်းမင်းတရား ကြီး မတိုင်ခင် ကတည်းက ရှိခဲ့တာ။ မင်းတွေက နေရာချ ထားပေး ခဲ့တာ။ မြေဒူးတို့၊ ခရောက်အင်းတို့၊ဗူးကြီးတို့ အစရှိသဖြင့်ပေါ့ဗျာ။ အဲဒီဟာတွေ မှတ်ပုံတင် လုပ်တော့ မဆီမဆိုင် သူတို့ကို အိန္ဒိယတွေ၊ပါကစ္စတန်တွေထည့်နေတာ အခု။ အဲဒီလူတွေက အိန္ဒိယ က လည်း မဟုတ်၊ ပါကစ္စတန်ကလည်းမဟုတ်။ သူတို့ ဘယ်ကနေ ဘယ်လို လျောက်ထည့်မှန်းမသိဘူး။ ဘယ့်သူ့ကိုမှ လည်း ပြောလို့မရဘူး။ အဲလိုမှ မထည့်ရင်လည်း မှတ်ပုံတင်က မရဘူး။ မှတ်ပုံတင်မရရင် ဘွဲ့ ယူလို့မရဘူး။ ကျောင်း တက်ဖို့ ခက်တယ်။ ပရော်ဖက်ရှင်နယ် လိုင်းဝေးပြီ။ အစိုးရဝန်ထမ်း လုပ်လို့ မရဘူး။ ခရီးသွားဖို့ ခက်ခဲတယ်။ ဒီဟာကြီးကို အစိုးရ လုပ်တဲ့ သူတွေက မြင်သင့်တာပေါ့ဗျာ။ နိုင်ငံရေးအကြပ်အတည်းနဲ့၊ နိုင်ငံရေးပြဿနာတွေက အစွန်းရောက်အမျိုးသားရေးဝါဒကို အသုံးချပြီး ကစားနေတဲ့ ကာလကြီးဆိုတော့ ကျန်တဲ့Innocent လူတွေက မဆီမဆိုင်ခံနေရတာပဲ။ ဒါက အဓိပ္ပာယ်မှ မရှိတာပဲ။

ငြမ်းမီဒီယာ – ဝမ်းအိုဝမ်းဦးကျော်ဝင်းမောင် ပွဲ ရုပ်သံတစ်ခုမှာ ဦးမြအေး ပြောတာတစ်ခုကိုသတိထားမိပါတယ်။ ဆရာကြီး ဦးရာဇတ် ကို ပြောတဲ့ မွတ်ဆလင် လူငယ်တစ်ယောက်နဲ့ရေးသား ချက်နဲ့ ပတ်သက်ပြီး မွတ်ဆလင် ကွန်မြူနတီကို သတိပေးပြော ဆိုနေတာ တွေ့ရတယ်။ဘာကြောင့် အဲ လိုပြောဖြစ်တာလဲ။

UMA – ချန်စရာလည်းမရှိဘူး။ အားမနာတမ်းပြောရရင် ကျနော် နိုင်ငံရေး ကို နိုင်ငံရေးအတိုင်းပဲ သွားချင်တယ်။ ဘာသာရေးတွေ ရှုပ်ရှုပ်ယှက်ယှက် ကျနော်မကြိုက်ဘူး။ ဘာသာရေးလုပ်ချင်ရင် ကိုယ်ယုံကြည်ရာ လုပ်။ ကိုယ့်ဘာသာအိမ်မှာလုပ်။ ဘုရား ကျောင်းတွေမှာ လုပ်ကြ။ ဘာသာရေးအခြေခံတာ ကျနော် မကြိုက်ဘူး။Identity Politics ကြောင့် တိုင်းပြည်က ဒီလောက် ပြဿနာတွေ များနေတာ။Identity အသစ်တွေကို မွတ်ဆလင် ကွန်မြူနတီက မွေးတာလည်း ကျနော်မဖြစ်စေချင်ဘူး။ ဒါကျနော့်ဆန္ဒ အရင်းအတိုင်းပဲ။ ကျနော်အဲဒီမှာ ပြောပါတယ်။ မွတ်ဆလင် ဆိုတာ လူမျိုး မဟုတ်ဘူး။ ဒါပေမယ့် ဘာလို့ခံထား ရသလဲဆိုတော့ စောစောက ပြောသလို အိန္ဒယတွေ၊ပါကစ္စတန်တွေ ဘာတွေ လျောက်ထည့်မှန်းမသိဘူး။အဲဒါကြောင့် ဗမာမွတ်စလင် ဆိုတာကို ကိုင်ထားရတာ။ ကျနော်တို့ကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်သာပေးမယ်ဆိုရင် ဒီပြဿနာတွေက ပြီးသွားမှာ။ ဆိုပါစို့ ကပြားလေ။ ဗမာ ယူမလား။စောစောကပြောသလို ဆူရတီ ယူမလား။ ဒါမျိုးတွေ ကျနော်တို့မှာ choice လုပ်လို့ရရင် ဒီပြဿနာတွေက ငြိမ်းသွားမှာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူနည်းစုအခွင့်အရေး ယူမလားဆိုတာ ပြောခဲ့တဲ့အချိန်မှာ ဆရာကြီး ဦးရာဇတ် ကိုယ်တိုင်ကို က မယူခဲ့ဘူးဗျ။ ဆိုလိုချင် တာက လူမျိုးစု တစ်စုအနေနဲ့ မယူခဲ့ဘူး။ ဒါက …

အစိုးရကလည်း မှန်မှန်ကန်ကန် လုပ်ရင် ဒီပြဿနာတွေ ငြိမ်းသွားမှာ။ ဒါပေမယ့် အဲဒီရဲ့ ဘေးထွက် ဆိုးကျိုးက မွတ်စလင် ကွန်မြုနတီ ကြီး တစ်ခုလုံးကို ၂၀၁၅ ရွေးကောက်ပွဲ မှာ တစ်ယောက်မှ ကိုယ်စားလှယ်လောင်း အဖြစ်မပါခဲ့ ရဘူးလေ။ ဘာဖြစ်လဲ ဆိုတော့ Narrow angel ထဲကို ထည့်လိုက်တဲ့အခါကျတော့ ငါတို့ကို ဖယ်ကြဉ် လိုက်ပြီ ဆိုတဲ့ ခံစားမှုတွေက ဝင်လာရော။ ဝင်လာတော့ ဒီကွန်မြူနတီထဲမှာ တလွဲ အယူအဆတွေ ပေါက်ဖွားဖို့အတွက် အခြေအနေကြီးကို ပေးလိုက်တာပဲ။ ဗိုင်းရပ်စ်အမျိုးမျိုးဝင်နိုင်တယ်။ အဲဒီအပေါ်မှာ ဘာဖြစ်လာလဲဆိုတော့ ဆရာကြီး ဦးရာဇတ်လို ပုဂ္ဂိုလ်မျိုးတွေ ၊ဗိုလ်မှူးဘရှင်လို ပုဂ္ဂိုလ်မျိုးတွေ တကယ် တိုင်းပြည် အပေါ် လုပ်ခဲ့တဲ့ ရှေးဗမာမွတ်စလင် တွေ ၊ဆရာဦးကိုနီ ဗျာ အစရှိတဲ့ သူတွေကို မင်းတို့ ဗမာမွတ်စလင်တွေအတွက်ဘာမှ လုပ်တာမဟုတ်ဘူးဆိုတဲ့ လက်တောက်လောက်ရှိတဲ့ လူတွေက စော်ကားပြီးရေးတာ။ ဒါတွေကို လူတွေက နားယောင်သွားမှာ ကျနော်တို့ စိုးရိမ်တယ်။ ကျနော်တို့ တိုင်းပြည်အပေါ်မှာ ဗမာမွတ်စလင်ရဲ့ သမိုင်းမှာ ဘယ်တော့မှ သစ္စာ မဖောက်ခဲ့ဘူး။ ကျနော်တို့ အဲဒီအစဉ်အလာကို ထိန်းသိမ်းဖို့။ ကျနော်တို့ နေရာအတွက် အလုပ်လုပ်နေတာ မဟုတ်ဘူး။ ဒါပေမယ့် ထိုက်သင့်တဲ့ နိုင်ငံသားအခွင့်အရေးတော့ ကျနော်တို့ လိုချင်တယ်။ ပိုမပေးနဲ့ မလိုချင်ပါဘူး။ လျှော့လည်း မလုပ်နဲ့ လက်မခံဘူး။ဒါကျနော့်ရဲ့ မူပဲ။ အဲဒီအပေါ်မှာ တလွဲ ရောက်သွား မယ့် လူငယ်တွေကို မရောက်စေချင်ဘူး။ ထင်ရာမြင်ရာ လျောက်ပြီး သွေးထိုးပေးတဲ့ တိတိကျကျ တည့်တည့် ပြောရင် ကုလားမျှော်တဲ့ အယူအဆ ကျနော်တို့ဆီမှာဖြစ်သွားမှာကို စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အိန္ဒိယက မဟုတ်ဘူး။ ပါကစ္စတန်က မဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်က မဟုတ်ဘူး။ ကျနော်တို့ ဗမာပြည်က ဖြစ်တယ်။ ဗမာမှာ မွေးတယ်။ဗမာ မှာကြီးတဲ့ လူတွေ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီပုံစံကို ဒါတွေဖြစ်လာမှာစိုးလို့ ဟန့်တားတဲ့အနေနဲ့ အဲဒီအကြောင်းကို တည့်တည့် ကိုပြောမှရတော့မယ်ဆိုတဲ့အကြောင်းမို့ ပြောရခြင်းပဲ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း ကိုယ့်ကွန်မြူနတီရဲ့ စိတ် အားငယ် မှု နဲ့ Narrow angle ထဲမှာ ပိတ်မိနေမှုကို ကျနော်သိတယ်။ ခံစားမှုတွေ လည်း အရမ်းများကုန်ကြပြီ။ ဘယ်နေရာမဆို ခွဲခြား ခံနေရတယ်ဆိုတာ တကယ်လည်းခွဲခြားခံနေရလို့ပြောတာပဲလေ။

ငြမ်းမီဒီယာ – အဲဒီ ရုပ်သံဖိုင်မှာဆို ဦးမြအေး က ဗမာမွတ်စလင်လို့ သုံးရတာ ကိုယ့်ရဲ့ ခံကတုပ်အနေနဲ့ သုံးရတယ်လို့ ပြောတာတွေ့ရ ပါတယ်အဲဒါနဲ့ပတ်သက်ပြီး လုံးစေ့ပတ်စေ့ ရှင်းပြပေးပါဦး။

UMA – ဒီလိုဗျ။ တကယ်တမ်းကျတော့ တိုင်းပြည်မှာ ဗမာမွတ်စလင် ကွန်ဂရက်တွေဘာတွေ တိုင်းပြည်မှာ ရှိခဲ့တယ်။ နောက် တစ်ခုက လူနည်းစုအခွင့်အရေး ယူမလားဆိုတာ ပြောခဲ့တဲ့အချိန်မှာ ဆရာကြီး ဦးရာဇတ် ကိုယ်တိုင်ကို က မယူခဲ့ဘူးဗျ။ ဆိုလိုချင် တာက လူမျိုးစု တစ်စုအနေနဲ့ မယူခဲ့ဘူး။ ဒါက အင်မတန် အမြှော်အမြင် ကြီး တဲ့ ဆုံးဖြတ်ချက်ပါ။ တကယ်တမ်း လက်တွေ့ကျကျ စဉ်းစားရင် မွတ်စလင်ဆိုတာ အစ္စလာမ် ဘာသာ ကိုးကွယ်တဲ့ လူတွေကို ပြောတာဗျ။ လူမျိုးမှ မဟုတ်တာ။အဲဒီထဲမှာ ဗမာ မွတ်စလင် ဒီခေတ်နဲ့ဆိုရင် မြန်မာမွတ်စလင်ပေါ့ဗျာ။ မြန်မာမွတ်စလင်ဆိုတာ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်တဲ့ လူမျိုး ပေါင်းစုံ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ သူတွေကိုပြောတာ။ အဲဒီအထဲမှာ လူမျိုးပေါင်းစုံပါလိမ့်မယ်။ ဘာသာတစ်ခု အပေါ်မှာ အခြေပြုတဲ့ လူမျိုးဆိုတာ ကမ္ဘာမှာ မရှိဘူး။ လူမျိုးတစ်ခုအပေါ်မှာ အခြေပြုတဲ့ ဘာသာ ဆိုတာလည်း မရှိဘူး။ ဒါပေမယ့် ဒီဟာကို ဘာလို့ကိုင် သလဲ။ ဗမာသရုပ်သကန်နဲ့ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့ သူများ ဆိုတဲ့ သရုပ်သကန်ကို ပျောက်မသွားစေချင်လို့ ကိုင်ထားရတာ။ Identity တစ်ခုကို မွေးထုတ်ဖို့ ဆန္ဒမရှိဘူး။ ကျနော်ပြောပြီးပြီ ဒီလောက်ရှုပ်ထွေးနေတဲ့ Identity Politics ကြားထဲမှာ ကျနော်တို့ မပါချင်ဘူး။ ဒါကြောင့် တချို့ပြောတဲ့ မွတ်စလင် အမျိုးသားရေးဝါဒဆိုတာ မရှိဘူးဗျ။ မွတ်စလင် လူမျိုးဆိုတာ ရှိမှမရှိတာ။ အဲဒီအတွက် အမျိုးသားရေးဝါဒ ဆိုတာလည်း စဉ်းစားစရာလည်း မလိုဘူး။ အဲဒီထဲမှာတော့ ဆူလတီတွေ၊ကျူလီယာတွေ အဲဒါတွေကတော့ သူ့ဘာသာ ရှိမှာပေါ့ဗျာ။ သူ့လူမျိုး၊သူ့ကာရိုက်တာ၊သူ့ယဉ်ကျေးမှုနဲ့သွားတာ။ဒါကတစ်ချက်။ နောက်တစ်ချက်က ရိုဟင်ဂျာပြဿနာ။ လုံးမသုတ်ပါနဲ့။ ရိုဟင်ဂျာမှာက ကိုယ်ပိုင်ယဉ်ကျေးမှု လက္ခဏာရှိတယ်။ ကိုယ်ပိုင်ဘာသာစကားရှိတယ်။

ဗိုင်းရပ်စ်တွေက ဝင်မှာလေ။ ဒါကြောင့်ဒါကို မဖြစ်အောင် ဗမာမွတ်စလင်ဆိုတာကို ကိုင်ထားရတာဖြစ်တယ်။ ဗမာ မွတ်စလင်ဆိုတဲ့ Value ရှိတယ်။ ဒီ …

ဗမာမွတ်စလင်ကျတော့ ဗမာစကားသည် သူ့ရဲ့Mother Language ။ သူ့ရဲ့ယဉ်ကျေးမှုသည် ဗမာ့ယဉ်ကျေးမှု၊ ထမင်းစားတာ၊ သောက်တာ။ နေတာထိုင်တာ၊ပြောတာဆိုတာ၊ သွားတာလာတာ။အဲဒါက မတူဘူးလေ။ ကိုးကွယ်တဲ့ ဘာသာပဲ သွားတူတာ။ ဘာဖြစ်လို့ ဗမာမွတ်စလင်ကို ကိုင်သလဲဆိုတော့ မှတ်ပုံတင်ရေး ပြဿနာတွေမှာ အိန္ဒိယတွေ၊ပါကစ္စတန်တွေ၊ ဘင်္ဂလားဒေ့ရှ်တွေ ထည့်တော့ ကျနော်တို့ ရဲ့ ဗမာဆိုတဲ့ သရုပ်သကန်က ပျောက်တော့မယ်လေ။ အမှန်ဖြစ်သင့်တာက ဗမာလူမျိုး။ ကိုးကွယ်သည့် ဘာသာ အစ္စလာမ်ဘာသာလေဗျာ။ ရွှေဘိုတို့ ဘာတို့ညာတို့ဆိုရင် အရင်က အဲလိုပဲ ရခဲ့တာ။ မိဘ အစဉ်အဆက်က အဲဒီအတိုင်းပဲ။ ဒါပေမယ့် အခုဟာက အစ္စလာမ် ဘာသာဖြစ်တာနဲ့ ဗမာလူမျိုးဆိုတာ နိုးပဲ။ ဗမာထဲမှာ အစ္စလာမ် မရှိဘူးဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးအခေါ်နဲ့ပိတ်တာလေ။ အဲလိုတကယ်လုပ်တာလေ။ ဆိုပါစို့ဗျာ။ကျနော်မနက်ဖြန် ဗုဒ္ဓဘာသာပြောင်းလိုက်ရင် ကျနော် ဗမာလူမျိုးအစစ်ကြီး ဖြစ်သွားမလား။ ဗမာလူမျိုးအစစ် တစ်ယောက်က ဒီနေ့ အစ္စလာမ်ဘာသာကို ကိုးကွယ်လိုက်ပြီဆိုတာနဲ့ သူ ကရော အိန္ဒိယ ဗမာတို့၊ပါကစ္စတန် ဗမာတို့ ဖြစ်မလား။ အဓိပ္ပာယ်မရှိတဲ့ လောဂျစ်တွေနဲ့ လျောက်ပြဌာန်းထားတာကို။ အဲဒါတွေ အကုန်လုံးမှာ အစိုးရရဲ့ လုပ်ပုံကိုင်ပုံက အိန္ဒိယတို့၊ပါကစ္စတန်တို့၊ ဘင်္ဂလာဒေ့ရှ်တို့ဘက်ကို တွန်းပို့သလိုဖြစ်နေတယ်။ အဲဒါ Culture ပါ ပါလာတယ်။ နဂိုတိုက်ပုံဝတ်တဲ့ သူက အိန္ဒိယ dress တွေ ဝတ်လာတော့မယ်။ နဂို ထမီဝတ်တဲ့ သူတွေက ပါကစ္စတန် dress တွေ ဝတ်လာတော့မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကိုသွားပြီး အိန္ဒိယတွေ၊ ပါကစ္စတန်တွေ နဲ့သွားပေးစားတာလေ။ အဲဒီ ဗိုင်းရပ်စ်တွေက ဝင်မှာလေ။ ဒါကြောင့်ဒါကို မဖြစ်အောင် ဗမာမွတ်စလင်ဆိုတာကို ကိုင်ထားရတာဖြစ်တယ်။ ဗမာ မွတ်စလင်ဆိုတဲ့ Value ရှိတယ်။ ဒီ Value လေးကို ကို ပျောက်လို့မရဘူး။ ကျနော်တို့ ဝါကျွတ်ပွဲတော်ဆို အတော် များများက စမိုင်တွေ ဘာတွေ လုပ်ကြတယ်။ အထက်ဘက် အတော်များများကဆိုရင် စားပုံသောက်ပုံ က အစ ကွာသွား လိမ့်မယ်။ မုန့်ဆီကြော်နဲ့ကို အစ်နေ့လုပ် တဲ့ ရွာလိုက်ကို အများကြီး ရှိသေးတယ်။ ဗမာဆန်မှုမှာ မန္တလေးတောင် ရန်ကုန်နဲ့မတူဘူး။ ကျနော်မြင်တာ ဘာမှမဆိုင်တာ။ အဲဒါတွေကြည့်ပြီးတော့ လဝက ဝန်ကြီးဌာနက မှတ်ပုံတင်တွေ ပေါက်ကရ လျောက်လုပ်နေတဲ့ အခါကျတော့ တော်တော်ရုပ်ဆိုးတဲ့ ကိစ္စဗျ။ အဲဒါကြောင့် ကျနော်တို့က မြန်မာမွတ်စလင်ဆိုတဲ့ဟာကို လက်လွတ်လို့ မရသေးတာဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ဗမာမွတ်စလင်ဆိုတဲ့ အသုံးအနှုန်းကို မကြိုက်တဲ့ သူတွေလည်း ရှိတယ်နော်။

UMA – ကျနော်ပြောပြီးပြီ။ ကျနော်တို့အနေနဲ့ကလည်း ခံကတုတ်အနေ နဲ့ ပြင်ထားတာပါ။ ဗမာပေးလိုက်လေ။ ဗမာ မွတ်စလင်ဆိုတာ ပြောစရာမလိုတော့ဘူးလေ။ ဥပမာ ဆိုပါစို့ဗျာ။ ရှမ်းနဲ့မွတ်စလင်နဲ့ ရထားတဲ့ ကပြားဗျာ။ အဲဒါကို အိန္ဒိယ သွားထည့် မယ်။ ပါကစ္စတန် သွားထည့်မယ် ဆိုရင် ဘယ်လိုလုပ် လက်ခံမလဲ။ သူက ရှမ်း ပဲလေ။ သူ့ကို ဗမာသွားထည့်လို့လည်း မရဘူး။ မဟုတ်ဘူးလား။ ဒါ ရှမ်းပဲလေ။ ကချင်နဲ့ရ ကချင်ပဲလေ။ သွေးနှောတွေ။ ဒါက အစိုးရဘက်က သုံးတဲ့စကားလုံး။သူတို့ လမ်းညွှန်ထဲမှာပါတယ်။

မွတ်စလင်တွေ အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ဆိုတာကလည်း မက်လုံးလည်း မရှိ ။ မျှော်လင့်ချက်လည်း မရှိဘူး။ မရှိတော့ ငါတို့ဘာသာ …

လမ်းညွှန် မိန့်ကြားချက်ထဲမှာပါတဲ့ သွေးနှောတွေရဲ့ Rights က ရှိမှ မရှိပဲ။ ပျောက်နေတာ။ ကျနော်တို့မြင်တာက အဲဒါမျိုး မဟုတ်ဘူး။ နိုင်ငံမှာ ရှိတဲ့ တရုတ်ပဲဖြစ်ဖြစ်၊ ကုလားပဲဖြစ်ဖြစ် ၊ဘာဖြစ်ဖြစ် ကျနော်တို့ဖြစ်စေ ချင်တာက Citizen ဆိုတဲ့ အပေါ်မှာ သွား ။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ မြန်မာမွတ်စလင် ဆိုတာကို လူမျိုးအသစ်တစ်ခု ထုတ်ဖို့လည်းဆန္ဒမရှိဘူး။ အခွင့်အရေး တစ်ခုအနေနဲ့ လိုချင်တာ လည်း မဟုတ်ဘူး။ သဘာဝအရလည်း မြန်မာမွတ်စလင်တွေက တစ်နေရာတည်းမှာ စုနေတာ မရှိဘူး။ ပျံ့နေတာ။ရခိုင်ကလွဲရင်။ ရခိုင်ကလည်း ကမန်ရှိတယ်။ ရိုဟင်ဂျာ ရှိတယ်။ ကမန် မှာ ကမန် ယဉ်ကျေးမှု ရှိတယ်။ ရိုဟင်ဂျာ မှာ ရိုဟင်ဂျာ ယဉ်ကျေးမှု ရှိတယ်။ ဗမာမွတ်စလင်က ဗမာယဉ်ကျေးမှုနဲ့ သွားတယ်။ တချို့ ကချင်နဲ့ သွေးနှောသွားတဲ့သူတွေမှာ ကချင်စကားပြောနေတဲ့ မွတ်စလင်တွေ ရှိတယ်။ ကရင်တွေနဲ့ သွေးနှောပြီး ကရင်စကားပြောနေတဲ့ မွတ်စလင်တွေရှိတယ်။ ရွာလိုက် ရှိတယ်။ ကျနော်တို့ကဒီအတိုင်းပဲနေ၊ ဒီအတိုင်းပဲ စားတာ။ အဲဒါကြီးကို အိန္ဒိယတွေ၊ ပါကစ္စတန် တွေ လုပ်တော့ ကျနော် တို့က ဗမာမွတ်စလင်ဆိုတာကို ဘယ်လိုလုပ် လက်လွှတ်လို့ရမလဲ။ လက်လွှတ်ရင် တိုင်းပြည်ကို ချစ်တဲ့ စိတ်၊ အလေးထားတဲ့စိတ် အကုန်လုံး လျှော့ကုန်မှာပေါ့။ကျနော်တို့ ဘယ်လိုမှ မရဘူး ။ကျနော်တို့ အနေနဲ့ လူမျိုး တစ်မျိုး ဆိုတာ လည်း Rights။ ဒါပေမယ့် မကြိုက်ဘူးသာ ပြောတာလေ။ ဘယ်လိုလုပ်ပေးမလဲ ဆိုတာ မစဉ်းစားဘူး။မပြောဘူး။ သူတို့ ကိုယ်တိုင်က အမျိုးသားရေး ငါက မင်းထက် ခေါင်းတစ်လုံးပိုမြင့်တယ်လို့ အဆင့်နဲ့ စကားပြောချင်တာလေ။ အဲဒီတော့ ကျနော်တို့ ဘယ်လို လုပ် အလုပ်ဖြစ်မလဲ။ မွတ်စလင်တွေ အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ဆိုတာကလည်း မက်လုံးလည်း မရှိ ။ မျှော်လင့်ချက်လည်း မရှိဘူး။ မရှိတော့ ငါတို့ဘာသာအေးဆေးနေမယ်ဆိုတော့ ဒီကြားထဲမှာ အကြဉ်ခံ ထားရတဲ့ လူ့အဖွဲ့အစည်းက အချိန်မရွေး ဗိုင်းရပ်စ် က ဝင်နိုင်တာ။ ဝင်လည်း ဝင်နေတာပါပဲ။ ဒါတွေကို ကျနော်တို့ Change လုပ်ချင်တယ်။ Change လုပ်ဖို့ဆိုတာက အစိုးရကိုယ်တိုင် အခွင့်အလမ်းတွေ ပေးမှ ရမယ်။ အခွင့်အလမ်းဆိုတာ သူများထက်ပိုပေးဖို့ ပြောနေတာ မဟုတ်ဘူး။ နည်းနည်း လေး ပါးပါးလေး ညီညီမျှမျှဆက်ဆံပေးရင်ကို လုပ်လို့ရပြီ။ လုံးဝကြီး ညီညီမျှမျှ မဆက်ဆံတဲ့အခါကျတော့ ဘယ်လို မှ ကျနော်တို့ လုပ်ဖို့ မလွယ်ဘူး။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုပါရန်

မွတ်စလင် ကွန်မြူနတီအနေနဲ့ ဒီအနာကြီးကို ဆက်ပြီး မနာစေချင်ဘူး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာ ပြန်မရဘူးဆိုရင် …

လူထုက ဒီပဋိပက္ခတွေကြားထဲမှာ အနာဂတ်ပျောက် သွားမှာ

ကွဲပြားခြားနားမှုကို ခုတုံးလုပ်တဲ့ နိုင်ငံရေးကလည်း ဒါတွေနဲ့ ဆွတာ

တိုင်းရင်းသား လူမျိုးစုငယ်တွေ ဖိနှိပ်မှုခံနေရတယ်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,