အကြိမ်ကြိမ်ပြုပါ ၊ကျယ်ကျယ်ပြန့်ပြန့် ပြုပါ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တိတ်ဆိတ်ခြောက်ခြားဖွယ် ကောင်းသည့် မြို့ကြီး ဆိုလျင်ပင် မေတ္တာတရား များ စီးဆင်းနေသည့် အလျင်က လူသားဘဝများကို လုံခြုံစေ လိမ့်မည်။ ရဲစေလိမ့်မည် …

ပွဲတော်ကာလကြီးမှာ အသံချဲ့စက်တွေက ဘတပြန် ကျားတပြန် အပြိုင်အဆိုင် အားကောင်း ခဲ့သလောက် COVID -19 ကာလ ကျန်းမာရေး အသိ၊သတိ ပေး အသံချဲ့ စက် အသံတွေကတော့ သိပ်မကျယ် လိုက်၊သိပ်မကြာလိုက်။

အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ကတော့ ရပ်ကွက်၊ကျေးရွာတွေမှာ COVID -19 နှင့် ပတ်သက်၍ ဆောင်ရန် ၊ရှောင်ရန် များကို နေ့စဉ် အနည်းဆုံး (၅) ကြိမ်ခန့် အသိပေးကြေညာသည်ဟု ပြောသည်။ သို့သော် သည်အခြေအနေ သည် အစပိုင်းတွင်တော့ ဟုတ်သည်။ အခုနောက်ပိုင်း တော့ ကျန်းမာရေး အသိ၊သတိပေး လမ်းညွှန်ချက်တွေ မကြားရသည်မှာ ရက်အတန်တောင်ကြာပြီဖြစ်သည်။

ကိုလကျာ်ထွန်း

တချို့ကလည်း ဒီလောက်ကြေညာပြီးမှပဲ တော်ရောပေါ့ ဟုဆိုသည်။ တချို့ကလည်း ကိုယ့်အရပ်၊ ကိုယ့်ဒေသ အခြေအနေကို ကြည့်၍ COVID -19 နှင့်ပတ်သက်သည့် ဆောင်ရန်၊ရှောင်ရန် လမ်းညွှန်ချက်များ ကြေညာပေးရန် လိုအပ်နေသေးသည်ဟု ဆိုသူများ လည်း ရှိသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လမ်းမကြီးတွေအပေါ်မှာ လူသွားလူလာ၊ ကား အသွား၊အလာ ခပ်ပြတ်ပြတ် ။လူက ခပ်ကျဲကျဲ။ သို့သော် သင်္ကြန်ကာလ ရုံးပိတ် ရက်များ ကဲ့သို့ ခပ်ပြတ်ပြတ်။ခပ်ကျဲကျဲ ကြီးတော့မဟုတ်။ တချို့နေရာများဆိုလျင် ခပ်စိတ်စိတ်ကလေးများ ပင်ပြန်တွေ့နေရပြန်သည်။

ရက်တွေကြာလာသည်နှင့် အမျှ ဒီကပ်ရောဂါကြီး၏ ဖိစီးမှုတွင် ဘဝများစွာ၏ နေထိုင်မှုသည်လည်း ပိုကျပ်လာသည်။ ပိုရှိသူတွေ ပိုမျှဖို့လိုလာသည်။  …

လိုအပ်သည့် သွားလာမှုတွင် ကျန်းမာရေးအသိဖြင့် အကာအကွယ်၊ဆောင်ရန်၊ရှောင်ရန်များ လိုက်နာလျင်တော့ ပြဿနာ မရှိ သော်လည်း မယ်မယ်ရရ အကြောင်းမရှိဘဲ ဟိုစုစု သည်စုစု လုပ်နေလျင်၊ မဖြစ်လျင်တော့ မဖြစ်၊ဖြစ်ရင်တော့ ဒုက္ခအလွန် များနိုင်သည်။ အရာရာလဲပြိုသွားနိုင်သည်။

ကျန်းမာရေးအသိပေးချက်တွေ ခပ်စိတ်စိတ် အော်ဖို့လိုသည်။ ခပ်ကျယ်ကျယ်အော်ဖို့လိုသည်။ သည်နိုင်ငံ၊ သည်လူမှုဘဝ၊ သည်စီးပွားရေးအခြေအနေမှာ ဘယ်ကဏ္ဍမှ လဲပြိုလို့မဖြစ်။

တချို့ရပ်ကွက်များဆိုလျင် သည်အိမ်ကလူ ဟိုအိမ်တက်၊ဟိုအိမ်ကလူ သည်အိမ်တက် အခြေအနေများ ပင်ရှိပေသည်။ တစ်ရပ်ကွက်တည်း သားချင်း ထမင်းဇလုံ တစ်ခုတည်းမှာ ဟိုလူပြီးတော့ သည်လူ၊ ဟိုတစ်ယောက် ပြီးတော့ သည်တစ်ယောက် ရင်းနှီးချစ်ခင်နေကြသည့် မြင်ကွင်းက သည်လိုအချိန်မှာ တော့ စိတ်မသက်မသာဖြစ်ရသည်။

ရှေးကထက်ပိုရင်းနှီးချစ်ခင်ဖို့ ပိုသတိရှိဖို့ မလိုဘူးလား။ ခပ်ခွာခွာလေး နေဖို့မသင့်ဘူးလား။ ကလေးတွေ က ဒရောသောပါး လုံးထွေးပြေးဆော့နေသည်။ ဘာကိုမျှမမြင်သည့်အခါ ဘာကိုမျှ မကြောက်တာလည်း ဖြစ်နိုင်သည်။ ဘာကို ရှောင်ရမှန်း၊ဘာကို ဆောင်ရမှန်းမသိ ဖြစ်နိုင်စရာလည်း ရှိသည်။ သည်တော့ သက်ဆိုင်ရာရဲ့ အသိပေးချက်၊ညွှန်ကြားချက်၊ ဆောင်ရန်။ ရှောင်ရန်တွေ အကြိမ်ကြိမ်ပြုဖို့ မလိုဘူးလား။

ကိုလကျာ်ထွန်း

သည်လမ်း၊သည်ရပ်ကွက် နေထိုင်သူတွေမှာ COVID -19 ရောဂါပိုး တွေ့တာမျိုး မရှိသေးသော်လည်း၊ သည်ရောဂါ လက္ခဏာမျိုး မပြသော်လည်း သည်လမ်း၊သည်အိမ်၊ သည်မိသားစု အတွင်းရှိလူတွေသည် ဘယ်ကိုမျှ မသွားသူများ မဟုတ်။ တချို့ဆို တစ်အိမ် တစ်ယောက်၊တစ်ချို့ဆို အိမ်ရှိ လူအကုန် ဝမ်းရေးအတွက် တစ်နေရာရာကို သွားရသူများ၊ တစ်လမ်းဝင်၊တစ်လမ်းထွက် သွား ရသူများ။ သူ့ပုံစံနဲ့ သူ ဝမ်းရေးအတွက် သွားရလာရသည်။ဝင်ရ၊ထွက်ရသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လက်ကို မကြာခဏဆေးခြင်း သည် ရောဂါပိုးကူးစက်နိုင်ခြင်းကို ကာကွယ်နိုင်ကြောင်း သိသူသည် မေးမြန်ခံရသူများ၏ ၅၅ % သာ ရှိ …

သည်လိုအခြေအနေမျိုး၊ သည်လို မတတ်သာသည့် ဘဝမျိုးမှာ ခပ်ခွာခွာလေးနေဖို့တော့ တတ်နိုင်လောက်မည် ထင်ပါသည်။ အနည်းဆုံး ကိုယ့်အိမ်မှာ ကိုယ်နေလို့ရသည် မဟုတ်လား။ ကိုယ့်အဖီလေးမှာ ကိုယ်စတည်း ချလို့ရသည်မဟုတ်လား။ ကိုယ့်ရဲ့ မိုးမလုံ၊လေမလုံ ကြမ်း အပေါက်ပေါက်လေးပဲဖြစ်နေပါစေ။ အန္တရာယ် ကင်းနေတာ၊ လုံခြုံတာ မကောင်းဘူး လား။သည်လို အိမ်လေးမှာ နေခြင်းကလည်း ကိုယ့်ရပ်ကွက်ကို စောင့်ရှောက်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်း၊ကိုယ့်မိသားစု ကို စောင့်ရှောက်ခြင်း မည်တယ်မဟုတ်လား။ အန္တရာယ်ကင်းတာ ချမ်းသာတာပဲမဟုတ်ဘူးလား။

ကိုလကျာ်ထွန်း

ခု ဟိုနား အိမ်ကလူတွေက သည်ဘက်မှာ ဟိုစုစုသည်စုစု၊ သည်ဘက် အိမ်နားက လူတွေက ဟိုဘက်မှာ စုစု ဆိုရင်တော့ တစ်ရပ်ကွက်လုံး ကျလာနိုင်သည့် အန္တရာယ်ကို ရပ်ကွက်ထဲက လူတွေက စုဝေးပြီး ဖိတ်ခေါ်သလိုဖြစ်နေသည်။

COVID -19 နှင့်ပတ်သက်သည့် သုတေသနစစ်တမ်း တစ်ခုကောက်ခံခဲ့ရာတွင် ဖြေဆိုသူ ၉၈ % သည် လတ်တလောဖြစ်ပွား နေသည့် COVID -19 ရောဂါကို ကြားဖူးသည်ဟု ဖြေဆိုသော်လည်း အဆိုပါ ဖြေဆိုသူများမှ ၈၇ % သည် COVID -19 ရောဂါနှင့် ပတ်သက်သော ဗဟုသုတ အနည်းငယ်သာ ရှိသည်။

ယခုစစ်တမ်းကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်း ဖြစ်သည်။ လူဦးရေ (၅၇၉) ဦး ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။ရန်ကုန်က စက်ရုံများ၊အောင်မင်္ဂလာအဝေးပြေးကားဂိတ်။ ပဲခူးတိုင်းက မြို့ပေါ်ရပ်ကွက် (၄) ခု ကို မေးခဲ့သည့် ရလဒ်ဖြစ်သည်။

ဖြေဆိုသူများ၏ ၅၄ % သည် အသက် ၂၁ -၄၀ အတွင်း ရှိသူတွေဖြစ်ပြီး၊ ၆၃ % က အထက်တန်းနှင့် တက္ကသိုလ်ကောလိပ် တက်နေသူများ ဖြစ်သည်။

၂၇ % ကတော့ COVID -19 ဖြစ်စေနိုင်သော အဓိက အကြောင်းရင်းကို မှန်မှန်ကန်ကန်ဖြေနိုင်သည်။ လက်ကို မကြာခဏဆေးခြင်း သည် ရောဂါပိုးကူးစက်နိုင်ခြင်းကို ကာကွယ်နိုင်ကြောင်း သိသူသည် မေးမြန်ခံရသူများ၏ ၅၅ % သာ ရှိသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူထူထပ်သောနေရာများကို ရှောင်ကြဉ်ရမည် ဟု ၄၅ % က ဖြေသည်။ COVID -19 ကာကွယ်ရေး နှင့် ပတ်သက်၍ အသွားအလာ ကန့်သတ်ထိန်းချုပ်ခြင်း က ကောင်းမွန်သောနည်းလမ်း ဖြစ်သည်ဟု ဖြေဆိုသူ ၆၂ % ခန့် က သဘောတူညီမှု မရှိခဲ့ပါ။

COVID -19 ကာကွယ်ရေးတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အရေးပါကြောင်း ၉၉ % က သဘောတူညီမှုရှိသည်။

ဧရာဝတီတိုင်း၊အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေထိုင်သူများသည် ကောင်းမွန်မှန်ကန်သော ရောဂါကာကွယ်ရေး နည်လမ်းများ ကျင့်သုံးမှုတွင် ရန်ကုန်တိုင်းတွင်နေထိုင်သူများထက် လျော့နည်းနေသည် ဟု စစ်တမ်း ကဆိုသည်။

COVID -19 ကာကွယ်ရေးတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသည်။ သို့သော် သက်ဆိုင်ရာ ကဏ္ဍများအလိုက်၊ အဆင့်အသီးသီး၊ အလွှာအသီးသီး၏ ဆောင်ရွက်မှုတွေက ပိုအရေးကြီသည်။

ကိုလကျာ်ထွန်း

ရှေ့တန်းကနေ တိုက်ပွဲဝင်နေသည့် ကျန်းမာရေးအလွှာအသီးသီး က လူတွေ အတွက် ဂုဏ်ယူသည်။ သည်လို အချိန်၊သည်လို လိုအပ်နေချိန် မှာ ဝိုင်ဝန်းကူညီကြသည့် စေတနာ့ဝန်ထမ်းများအတွက် ဂုဏ်ယူသည်။ ရသည့်လစာလေး မလောက်မငပေမယ့် ” ရော့ ခင်ဗျားတို့အတွက် ကျနော်မျှတယ်၊ကျမ မျှတယ် ” ဆိုသည့် လူငယ်ဝန်ထမ်းလေးတွေ ၏ စိတ်စေတနာ ကို ဂုဏ်ယူသည်။  နွမ်းပါးပေမယ့်” ကျနော်တို့မှာ စားဖို့ ရှိသေးတယ် သူတို့ကပိုလိုအပ်တယ် ” ဆိုသည့် မိသားစု ဘဝများ၏ စိတ်စေတနာကို လေးစားသည်။ ဂုဏ်ယူသည်။

မာသာထရီဇာက ပြော ဖူးသည်။ “ ပေါင်မုန့် တစ်ဖဲ့မရသူထက် မေတ္တာတရား မရလို့ သေဆုံးသူတွေ အများကြီး တဲ့” ။ လူမှုအလွှာ အသီးသီး က မေတ္တာတရားတွေ စီးဆင်းနေသည်။ တိတ်ဆိတ်ခြောက်ခြားဖွယ် ကောင်းသည့် မြို့ကြီး ဆိုလျင်ပင် မေတ္တာတရား များ စီးဆင်းနေသည့် အလျင်က လူသားဘဝများကို လုံခြုံစေ လိမ့်မည်။ ရဲစေလိမ့်မည်။နွေးစေလိမ့်မည်။ စီးပွားရေးလုပ်ငန်းရှင်ကြီး များ လှူကြသည်။ ပို၍ လှူကြသည်။

မေတ္တာတရား၏ ရေစီးက အထိအခိုက် ဆုံးရှုံးမှုနည်းနည်းဖြင့် ဒီကပ်ကြီး အမြန်ပြီးအောင် ဆေးကြော ပစ်နိုင်မည် ဟု ယုံကြည် မျှော်လင့် သည်။

ရက်တွေကြာလာသည်နှင့် အမျှ ဒီကပ်ရောဂါကြီး၏ ဖိစီးမှုတွင် ဘဝများစွာ၏ နေထိုင်မှုသည်လည်း ပိုကျပ်လာသည်။ ပိုရှိသူတွေ ပိုမျှဖို့လိုလာသည်။ အသက်ရှုချောင်ဖို့ တတ်နိုင်သူတွေ ၏ မျှဝေမှုက အရေးကြီးသည်။

ခပ်ဝေးဝေးနေကြပါ။ ခပ်ခွာခွာလေးနေကြပါ။ မေတ္တာတရားနဲ့ မျှဝေမှုတွေကို တတ်နိုင်သလောက် ကျယ်ကျယ်ပြန့်ပြန့် ပြုပါ။ ကျန်းမာရေး အသိ၊သတိ လမ်းညွှန်မှုတွေကို တတ်နိုင်သလောက် အကြိမ်ကြိမ်ပြုကြပါ ကျယ်ကျယ်ပြန့်ပြန့် ပြုကြပါ ဟုသာ။

ခြိမ့်ဖေ

ဧပြီ၊(၃၀)၊၂၀၂၀
၂ : ၃၈ AM


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,