အကြောက်တရားတွေဖြစ်အောင် တမင်ဆောင်ရွက်တာများလား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

DANS / ရခိုင်အမျိုးသားပါတီဗဟိုကော်မတီဝင် ဒေါ်အေးနုစိန်

အကြောက်တရားနဲ့ ဖိနှိပ်ချင်တယ်ဆိုရင်တောင် ဒီ video file ထဲမှာ ရိုက်ပြထားတဲ့ မမြင်ရက်၊ မရှုရက်စရာ ပုံရိပ်တွေဟာ …

ရေယာဉ်တစ်စီးပေါ်တွင် ရခိုင်ပြည်နယ်ဒေသခံ (၅) ဦးကို တပ်မတော်သားဟု ယူဆရသူတချို့က ဖမ်းဆီးနှိပ်စက်နေ သော ရုပ်သံဖိုင် တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါ ဗီဒီယိုဖိုင်နည်းတူ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည့် ရုပ်သံဖိုင်တစ်ခုသည် လည်း လူမှု ကွန်ရက်တွင် ယမန်နှစ်နှောင်းပိုင်းက ပျံ့နှံ့ခဲ့သည်။ ယင်းရုပ်သံဖိုင်မှာမြောက်ဦး မြို့နယ်တွင် ဈေးသည်နှစ်ဦးကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးနှိပ်စက်နေသည့် ရုပ်သံဖိုင် တစ်ခုဖြစ် သည်။ လူ မှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့် ရုပ်သံဖိုင်နှင့် ပတ်သက်၍ AA စစ်ဦးစီးချုပ်က အောက်ခြေတပ်ဖွဲ့ဝင်များ စစ်ဆေးရာ၌ လက် လွန်သွားခြင်းဖြစ်ကြောင်း သတင်းမီဒီယာတစ်ခု၌ ဝန်ခံခဲ့သည်။

အထက်တွင်ဖော်ပြခဲ့သော ရေယာဉ်ပေါ်က ဖြစ်ရပ်နှင့်ပတ်သက်၍ မီဒီယာများတွင် ဖော်ပြခဲ့ကြပြီးတပ်မတော် ဘက်မှလည်း အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးအတည်ပြုကာ ဥပဒေနှင့် မလျှော်ညီသည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များကို စစ်စည်းကမ်းအရ အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ရေယာဉ်ပေါ်ကဖြစ်ရပ် ရုပ်သံဖိုင်နှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဒေါ်အေးနုစိန် ကို ငြင်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဘယ်သူကသွားရိုက်သလဲ၊ ရိုက်ထားတယ်ဆိုဦးတော့ ဘယ်သူက လူမှုကွန်ရက်ပေါ် တင်ပြီး ဖြန့်သလဲ။ တဖက်ကစဉ်းစားကြည့်ရင် …

ငြမ်းမီဒီယာ – ရေယာဉ်တစ်စီးပေါ်မှာ လူ(၅) ဦးကို နှိပ်စက်နေတဲ့ video file လူမှုကွန်ရက်မှာ တက်လာတာတွေ့ရပါတယ်။ ဒီအပေါ် ဘယ်လိုမှတ်ချက် ပြုချင်ပါသလဲ။

DANS – အဲဒီ video file ဟာ တပ်မတော်ကအသုံးပြုတဲ့ မော်တော်ဘုတ်တစ်စီးပေါ်မှာ ရိုက်ထားတာလို့ ပြော ကြတာလည်း တွေ့ရ တယ်။ အနေအထားကလည်း အဲဒါဖြစ်နိုင်ချေ ရှိတယ်။ အသံတွေလည်းပါနေတာကိုး။ အဲဒီတော့တပ်မတော် က အသုံးပြုတဲ့ ရေယာဉ် ပေါ်မှာ ရိုက်ထားတာလို့ယူဆရတဲ့ ဒီလောက်ထိ မရှုရက်၊ မမြင်ရက်စရာ video file ကြီးဟာ လူမှုကွန်ရက်ပေါ်ကို ဘယ်လို ရောက် လာ သလဲ။ အဲဒီအချက်ကလည်း ပဟေဠိ အဖြေညှိ စရာတောင် မလိုတဲ့ အခြေအနေကို ရောက်နေတယ်လို့ ကျမမြင်တယ်။ ဒီ ရေယာဉ်ပေါ် က အဖြစ်အပျက် ကို ဘယ်သူကသွားရိုက်သလဲ၊ ရိုက်ထားတယ်ဆိုဦးတော့ ဘယ်သူက လူမှု ကွန်ရက်ပေါ် တင်ပြီး ဖြန့်သလဲ။ တဖက်ကစဉ်းစားကြည့်ရင် သာမန်ဖမ်းဆီးတယ်၊ ရုံးတင်တရားစွဲတယ်ဆိုတာကို သိစေချင်ရုံ သက်သက် မဟုတ်ဘဲ လူထုကြားမှာ အကြောက်တရားတွေဖြစ်သွားအောင် တမင်ဆောင်ရွက်တဲ့ ဆောင်ရွက်ချက်တစ်ခု များ ဖြစ်နေသလားလို့ ကျမ သုံးသပ်မိပါတယ်။ အကြောက်တရားနဲ့ ဖိနှိပ်ချင်တယ်ဆိုရင်တောင် ဒီ video file ထဲမှာ ရိုက်ပြထားတဲ့ မမြင်ရက်၊ မရှုရက်စရာ ပုံရိပ်တွေဟာ မခံမရပ်နိုင်စရာ၊ နာကျည်းခံပြင်းစရာတွေကနေ တစ်ဖက်ဖက်ကို ပိုပြီးတွန်းပို့စေတဲ့ အခြေအနေဖြစ်နေတယ်လို့ ကျမပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူတွေရဲ့သဘာဝက အရမ်းနာကျင်စရာတွေနဲ့ ကြုံရတဲ့အခါ နာကျင်တာကို သတိမမူ မိနိုင်တော့ဘဲ ထုံသွားတဲ့ ပုံစံမျိုးဖြစ်တတ်တယ်လေ။ ဒါဟာသဘာဝပဲလို့ ပြောရမှာပေါ့။ ကျမတို့ဖတ်ဖူးတဲ့ ထောင်တွင်းအတွေ့အကြုံ စာအုပ်တွေထဲမှာဆိုရင်လည်းလူမဆန်စွာ နှိပ်စက် ညှင်းပန်းကြတဲ့ အကြောင်းတွေ ဖတ်ရတဲ့အခါ ငါသာဆို ဒီအခြေအနေမျိုးမှာ အသက်ရှင်နိုင်ပါ့မလားဆိုတာ တွေးမိပါတယ်။ ဒါပေမယ့် အဲဒီလောက်ထိ လူမဆန်စွာ နှိပ်စက် ညှင်းပန်း နေတာတွေကို ဖြတ်ကျော် နိုင်ခဲ့ကြတာတွေ ရှိပါတယ်။ ကျမတို့ ဖတ်ဖူးပါတယ်။ ဒါတွေဟာ နာကျင်ထိတ်လန့် စရာတွေကို ထုသားပေသား ကျအောင် သဘာဝက ခံနိုင်ရည်ပေးလိုက်သလိုပေါ့။ သူရဲကောင်း ဆိုတာ ဒဏ်ရာနဲ့တော့ မကင်းနိုင်ဘူးလေ။

လူသားချင်းတူ ပါလျက်နဲ့၊ နိုင်ငံသားချင်းတူပါလျက်နဲ့ နိုင်ငံသားတွေရဲ့ ထိခိုက်နစ်နာဆုံးရှုံးရမှုတွေကို မျက်ကွယ်ပြုလိုက်ပြီဆိုရင် …

အခုလည်း ကျမ ရိုးသားစွာ ပြောရရင် အဲဒီ video file ကို ဆုံးတဲ့အထိ မကြည့်ဖြစ်ပါဘူး။ မကြည့်ရက်ပါဘူး။ နည်းနည်းလေး ကြည့် လိုက် တာနဲ့ ဘယ်လောက်ထိ ဖြစ်သွားမယ်ဆိုတာ ခန့်မှန်းလို့ရတော့ ကျမအဆုံးထိမကြည့်ရက်ဘူး။ ကျမ ကျော်ပလိုက် တယ်။ နည်းနည်းကြည့်တာနဲ့ ဘယ်လောက်ထိ ဖြစ်သွားမယ် ဆိုတာ သိဖို့ လုံလောက်သွားပြီ။ ဟုတ်ပြီ ဒါဆို ဒီ video file ကို ဘယ်သူ ရိုက်တာလဲ။ ဘယ်လို ရည်ရွယ်ချက်နဲ့ လူထုကို ချပြ လိုက်တာလဲ။ ဒီမေးခွန်းတွေ ကို မေးစရာဖြေစရာ မလိုအောင် ကျမ စိတ်ထဲမှာ သိရှိ ခံစားနေရတယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးဆိုတဲ့အဆင့်ထက် ကျမတို့ရဲ့ လူ့ဘောင်လောကဟာ ဒီလောက်ထိ ပရမ်းပတာ စက်ဆုပ်ရွံရှာဖွယ် ရက်စက်မှုအပေါင်းသရဖူ ဆောင်းနေ ကြပြီလား။ အမှားတွေကို ဖုံးကွယ် ထားရမယ့် အစား အမှား တွေကို မျက်ကန်းတစ္ဆေ မကြောက် ရဲရဲဝံ့ဝံ့ရင်ကော့ပြီး ဒီလိုလူအများမြင်အောင် ချပြရဲတဲ့ လူမှုအသိုင်းအဝိုင်း ဖြစ်သွားပြီလား။ ဒီလို နိုင်ငံမျိုး ဖြစ်သွားပြီလား။ ဒါတွေကို ကျမသုံးသပ်မိတယ်လို့ပဲ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – အခု video file ထဲက နှိပ်စက်ခံရသူတွေ ကို လက်ရှိမှာလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ဒီလူတွေအတွက် ရခိုင်တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ က ဥပဒေအရ ရင်ဆိုင်နိုင်အောင် ကူညီဆောင်ရွက် ပေးတာမျိုးရော ရှိပါသလား။

DANS – ရှိပါတယ်။ အထူးသဖြင့် ပါတီအနေနဲ့ မသက်ဆိုင်ရင်တောင် ကျမရှေ့နေလုပ် ကတည်းက ဒီလိုအမျိုးသားရေး တွေ၊ တော်လှန်ရေးတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေအရ ကူညီပေးခဲ့တာတွေရှိပါတယ်။ ဒီလူတွေ ဟာ သာမန်လူဆိုး သူခိုး မုဒိမ်းကာင် တွေမှမဟုတ်တာ။ သူတို့ဟာ ကိုယ့်ယုံကြည်ချက်တစ်ခုအတွက် အခုလို ဖမ်းဆီး တရားစွဲဆိုတာတွေဖြစ်လို့ ကျမရှေ့နေ စဖြစ် ကတည်းက ကျမရော၊ ကျမဆရာပါ ဒီလိုအမှုတွေကို အများကြီး လိုက်ပေး ခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့တာအပြင် အခုကျမ နိုင်ငံရေး ပါတီတစ်ခုမှာရှိနေပေမယ့် ဥပဒေ အထောက်အကူပြုအဖွဲ့မှာ ကျမကိုယ်တိုင်ပါတယ်။ ဒီအမှုမျိုးရဲ့ (၉၀) ရာခိုင်နှုန်း ကျော်ကျော် ဟာ ကျမနဲ့ ကျမတပည့်တွေလိုက်ပေးတာများပါတယ်။ နောက် တခြား ဥပဒေဆိုင်ရာ အဖွဲ့အစည်းတွေက လည်း လိုက်ပေး တာတွေ ရှိပါတယ်။ သူတို့ရဲ့ မိသားစုတွေကိုလည်း ကျမတို့ပါတီကရော၊ ကျမတို့ လွှတ်တော်ဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ်တွေ စသဖြင့်ပေါ့လက်လှမ်း တမီ ကူညီ ဆောင်ရွက်ပေးတဲ့ အပြင် တခြားပြည်တွင်းပြည်ပ အလှူရှင်တွေကလည်း နိုင်သမျှ ကူညီ ဆောင်ရွက် ပေးကြပါတယ်။

ပေါ်ပေါ်တင်တင် မြင်သာ ထင်သာ နစ်နာရတဲ့ သူတွေ အတွက် ဒီနိုင်ငံရဲ့ဥပဒေနဲ့အညီ ရဲရဲဝံ့ဝံ့ ဆောင်ရွက်နိုင်ခွင့်မရှိတဲ့ ကိုယ့်အဖြစ် …

ကျမကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်မိတာက ဒီလိုအမှုတွေတရားရုံးကိုရောက်တဲ့အခါ ကျမတို့ကအမှု လိုက်ပေးတယ်၊ ဖြစ်ခဲ့သမျှတွေတင်ပြ တယ်ဆိုတာက လွဲလို့ ဒီလို ဖမ်းဆီးနှိပ်စက် ညှင်းပန်းခံခဲ့ရတဲ့ နစ်နာမှုတွေကို ဥပဒေနဲ့ အညီ လုပ်ပေး နိုင်ခွင့် မရှိ ခဲ့တာကိုတော့ ခုထိ အားမလိုအားမရ ဖြစ်ရပါတယ်။ ဒီလိုအမှုတွေ အများကြီး ကျမတို့လိုက်ခဲ့ ပါတယ်။ ဒါပေမယ့် ဒီလိုအမှုတွေမှာ ကိုယ့်အမှုသည် သက်သာရာ ရရုံလောက် ကိုပဲ ဆောင်ရွက်နိုင်ပြီး တကယ့်အဖြစ်မှန်၊ ဥပဒေနဲ့ အညီ အမှန်တရား ဆိုတာကတော့ ရေပြင်ကိုပြောရမလား၊ ကောင်းကင်ကိုပြောရမလား၊ မြေလွှာကိုပဲ ပြောရမ လားဆိုတဲ့စကားလို ကိုယ့်ကိုယ်ကိုယ် နာကျင်ခံခက်ဖြစ်ရတယ်။ ကျမရှေ့နေသက်တမ်းက နှစ်ပေါင်း (၄၀) နီးပါးရှိနေပါပြီ။ နိုင်ငံရေးဘက်မှာ ဆိုရင်လည်း ရှစ်ဆယ့် ရှစ် ကတည်း က ကျမဖြတ်သန်းလာခဲ့တာပါ။ ဒါပေမယ့် ဒီလိုအမှန်တကယ် ပေါ်ပေါ်တင်တင် မြင်သာ ထင်သာ နစ်နာရတဲ့ သူတွေ အတွက် ဒီနိုင်ငံရဲ့ဥပဒေနဲ့အညီ ရဲရဲဝံ့ဝံ့ ဆောင်ရွက်နိုင်ခွင့်မရှိတဲ့ ကိုယ့်အဖြစ် ကို တော်တော်လေး နာနာကျည်းကျည်းဖြစ်ပြီး၊ ‘ငါဟာ တော်တော်ညံ့တဲ့ ရှေ့နေပါလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သေတဲ့လူတွေ၊ နာတဲ့လူတွေ၊ ဘဝပျက်တဲ့ လူတွေတောင်ရှေ့မှာ ရှိထား ခဲ့ပြီဆိုတဲ့ ယုံကြည်မှုကင်းမဲ့ခြင်းကလည်း ကျမတို့အတွက် …

ငြမ်းမီဒီယာ – သာမန်ဖမ်းဆီးတာမျိုးမှာပဲဖြစ်ဖြစ်၊ စစ်ပွဲမှာဖမ်းမိတဲ့သုံ့ပန်းကိုပဲဖြစ်ဖြစ် နှိပ်စက်ညှင်းပန်းတာတွေ မလုပ်ဖို့ ဥပဒေအရ တားမြစ်ထားတာတွေရှိတယ်ဆိုတာ ယေဘုယျ အားဖြင့်သိရပါတယ်။ အခုကိစ္စကို ဥပဒေ သမား၊ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

DANS – ကျမပြောနိုင်သလောက်ကို ရှေ့ကမေးခွန်းတွေမှာပြောခဲ့ပါပြီ။ ‘ဥပဒေ၌ မည်သို့ပင် ရှိစေကာမူ’ ဆိုတဲ့ တံတိုင်းကြီးကို ကျမ တို့ မဖြိုချ၊ မဖေါက်ထွက်နိုင်တာကတော့ ကျမဟာ တော်တော်ညံ့တဲ့ရှေ့နေတစ်ယောက်၊ ဥပဒေဘက်တော်သားတစ်ယောက်၊ နိုင်ငံရေး ပါတီဝင် တစ်ယောက် ဖြစ်နေတယ်လို့ပဲ ကျမပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ဆိုတော့ အခု video file ထဲက ဖမ်းဆီးခံထားရတဲ့သူတွေဟာ ဥပဒေရဲ့ မျှတတဲ့ကာကွယ်စောင့် ရှောက်မှုကိုရနိုင်ဖို့ မျှော်လင့်နိုင်ပါသလား။

DANS – ဥပဒေနဲ့အညီဆိုတာက ဥပဒေအရ လုပ်ပေးပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ သမာသမတ်ကျမှု အရ လုပ်မယ် ဆိုရင် လုပ်လို့ မရစရာအကြောင်းမရှိပါဘူး။ ဒီနေရာမှာ ကြိုပြီးတော့ Pre conduct လုပ်ရတာမျိုးကိုတော့ ကျမအနေနဲ့ Professional ရှေ့နေ တစ်ယောက်ဆိုတော့ ဒီမေးခွန်းကို တိုက်ရိုက်တော့မဖြေချင်ဘူး။ အဲဒီတော့ ကျမတို့အနေနဲ့ အဖြစ်မှန်အတိုင်း ထိရောက်အောင် ဘယ်လောက်ထိဆောင်ရွက်နိုင်ခွင်ခွင့်ရှိတယ် ဆိုတာနဲ့ပဲဆိုင်ပါတယ်။ ဖြစ်ပြီးခဲ့ပြီးပြီ၊ ငါတို့ရဲ့ဝဋ်ကြွေးပဲ၊ ဒီလောက်တော့ စတေး ပေးခဲ့ရတာပဲ၊ ရှေ့မှာလဲဒီအတိုင်းပဲ၊ ဖြစ်ပြီးမှတော့ ဒီအတိုင်းပဲဆိုတာမျိုးတွေနဲ့ ရှေ့ကိုမဆက်နိုင်တဲ့ ကိစ္စတွေဟာ အမြောက်အများ ရှိပါတယ်။

ကြေညာချက်ထွက်လာတော့ အကြမ်းဖက်နယ်မြေ၊ တိုက်ပွဲဖြစ်နေတဲ့နယ်မြေမပါဘူးဆိုတော့ ဒီတစ်နိုင်ငံထဲမှာကို စကားက နှစ်မျိုးဖြစ်နေတယ်။ …

အဲဒီတော့ ကျမတို့ကပဲညံ့နေတာဖြစ်မှာပါ။ အဲဒါကြောင့်လဲ ဒီလိုကိစ္စတွေမှာ အမှန်တရားတွေဟာဘယ်တော့မှ ရေဆုံးရေဖျား မရောက်နိုင်ခဲ့ဘူး။ ဒီတစ်ချက်ရှိတယ်။ နောက်တစ်ချက် က လုပ်ရင်လည်းဘာမှထူးမှာမဟုတ်ပါဘူး၊ ဒီ အမှန် တရား ကို ဘယ်သူမှ ဖော်ဆောင်ပေးမှာ မဟုတ်ပါဘူး၊ သေတဲ့လူတွေ၊ နာတဲ့လူတွေ၊ ဘဝပျက်တဲ့ လူတွေတောင်ရှေ့မှာ ရှိထား ခဲ့ပြီဆိုတဲ့ ယုံကြည်မှုကင်းမဲ့ခြင်းကလည်း ကျမတို့အတွက် အမှန်တရားတွေပေါ်ပေါက်စေဖို့အတွက် အခက်အခဲ တစ်ခု ဖြစ်ပါတယ်။ အဲဒါတွေကြောင့်ပါ။

ငြမ်းမီဒီယာ – တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ COVID – 19 ကာကွယ်ထိန်းချုပ်ကုသ နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဒေါက်တာတင်မျိုးဝင်းဦး ဆောင်တဲ့ ကော်မတီတစ်ခုဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။ ရခိုင်ပြည် မြောက်ပိုင်းက ဒေသတွေမှာ အဲဒီကော်မတီရဲ့ ပူးပေါင်းဆောင်ရွက်မှု ဘာတွေရှိပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

DANS – အဲဒီအကြောင်းကို အရင်ကလည်းကျမပြောခဲ့တာတွေရှိပါတယ်။ တစ်ဖက်က COVID – 19 ကိစ္စကို အားလုံးပါဝင် ဆောင်ရွက် နိုင်ရေးဆိုတဲ့ အစိုးရရဲ့ ကြေညာချက် ရှိပါတယ်။ ကမ္ဘာနဲ့ ချီပြီးဖြစ်နေတဲ့ လူသားအားလုံးရဲ့ အန္တရာယ် တစ်ခုကို ပူးပေါင်းတိုက်ဖျက်မယ့်ကိစ္စက ကောင်းတယ်လို့ ဆိုရမှာပါပဲ။ ဒါပေမယ့် အပစ်အခတ် (၃) လရပ်စဲတဲ့ တပ်မတော်ရဲ့ ကြေညာချက် ထွက်လာတော့ အကြမ်းဖက်နယ်မြေ၊ တိုက်ပွဲဖြစ်နေတဲ့နယ်မြေမပါဘူးဆိုတော့ ဒီတစ်နိုင်ငံထဲမှာကို စကားက နှစ်မျိုးဖြစ်နေတယ်။ ရှေ့စကားနဲ့ နောက်စကားနဲ့ မညီတော့ဘူး။ ဆိုတော့ အစိုးရဟာ တစ်ခုတည်းသောတပ်မတော်ကို သြဇာလွှမ်းမိုးမှုမရှိဘူးလား။ ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲ ဆောင်ရွက်ခွင့်တွေရနေသလား။ ဒါတွေက ကျမတို့ဝေဖန်စရာတွေ ဖြစ်နေတယ်။ ခြုံငုံသုံးသပ် လိုက်ရ ရင်တော့ ရှေ့စကားနဲ့နောက်စကား မညီဘူးဆိုကတည်းက ဒီစကားတွေဟာ ဘယ်စကား အရပဲဖြစ်ဖြစ်၊ ရှေ့အတွက်ဖြစ်ဖြစ်၊ နောက်အတွက် ဖြစ်ဖြစ် တကယ် ကို အလုပ်မဖြစ်ဘူး၊ လက်တွေ့မကျဘူးဆိုတာ ကျမတို့ သုံးသပ်လို့ရပါတယ်။

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမား တစ်ယောက် အနေနဲ့ လက်ရှိအစိုးရကို ဘယ်လို Message မျိုးပေးချင်ပါသလဲ။

DANS – လက်နက်ကိုင်တော်လှန်ရေးတွေဟာ နိုင်ငံရေးဖိနှိပ်မှုတွေ၊ နိုင်ငံရေး လိုအပ်ချက်တွေကြောင့် ဖြစ်လာရတဲ့အကျိုး ဆက်ဆိုတာ ကမ္ဘာ့နိယာမတစ်ခုပါပဲ။ အဲဒီတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့မကြိုးစားသမျှ ကာလပတ်လုံး ဘယ်တော့မှ ငြိမ်းချမ်းရေးဆိုတာ ရလာနိုင်မှာမဟုတ်ဘူး။ ပြေလည်မှုဆိုတာလည်း ရလာနိုင်မှာမဟုတ်ဘူး။ လူသားချင်းတူ ပါလျက်နဲ့၊ နိုင်ငံသားချင်း တူပါလျက်နဲ့ နိုင်ငံသားတွေရဲ့ထိခိုက်နစ်နာ ဆုံးရှုံးရမှုတွေကို မျက်ကွယ်ပြုလိုက်ပြီ ဆိုရင် ဒီနိုင်ငံရဲ့ အနေ အထား က ပြည်သူပြည်သားတွေအတွက် နစ်နာမှုတစ်ရပ်ပါပဲ။ အဲဒီတော့ ကျမတို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ အဖြေ ရှာစေချင်ပါတယ်။ပြည်သူကို မျက်နှာမူ စေချင်ပါတယ်။ စစ်ဖြစ်ရင်တော့ နှစ်ဖက်လုံးသေကြရမှာပဲ၊ ကြားလူ တွေလဲ သေကြ ရမှာပါပဲ။ ဒီလိုမျက်နှာလွဲခဲပစ် မရေရာတဲ့ စကားမျိုးတွေထက် ပြည်သူကို မျက်နှာမူတဲ့ တကယ့်ငြိမ်းချမ်းရေး ကို ဖော်ဆောင် နိုင်တဲ့ အခင်းအကျင်းကိုပဲ ဆောင်ရွက်ပေးစေချင်ပါတယ်လို့ ကျမပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,