အခကြေးငွေယူကာ ဆန္ဒပြသည်ဟု စွပ်စွဲခံရသူနှင့်တွေ့ဆုံမေးမြန်းခြင်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / NLD ရုံးရှေ့ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်ခဲ့သူ နန်းအေးကြိုင် (ခ) နော်အေးအေးကြိုင်

ကျွန်မတို့သည် အတု အယောင်တွေ မဟုတ်ဘူး။ ကျွန်မတို့ကိုယ်တိုင် မြေသိမ်းခံရလို့ ဒီလိုတွေလုပ်ခဲ့တာပဲ။ ကျွန်မတို့က ကြိုးကိုင်တဲ့ အဖွဲ့အစည်း မရှိဘူး။ စစ်တပ်နဲ့ ဆက်သွယ်တာ မရှိဘူး။ မဘသနဲ့လည်း ကျွန်မကို ချုပ်ကိုင်ပြီးပြောတာ၊ မဘသ ဆိုတာလည်း ကျွန်မ သိတောင် မသိဘူး။ ကြားတောင် မကြားဖူးဘူး။ ကျွန်မ …

တိုင်းရင်းသားဝတ်စုံ အမျိုးမျိုးဝတ်ဆင်၍ အခကြေးငွေရယူကာ ဆန္ဒပြပွဲများတွင် ပါဝင်လုပ်ဆောင်နေသည်ဟု လူမှုကွန်ရက် စာမျက်နှာတွင် စွပ်စွဲပြောဆိုခြင်းခံနေရသည့် မကြာသေးမီက NLD ရုံးရှေ့ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်ခဲ့သူ နန်းအေးကြိုင် (ခ) နော်အေးအေးကြိုင်နှင့် ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – လက်ရှိ တာဝန်ယူထားတဲ့ အဖွဲ့အစည်းနဲ့ ရာထူးတာဝန်တွေကို ပြောပါဦး။

NAK – လက်ရှိ တာဝန်ယူထားတာကတော့ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းစစ်ဆေး ဖော်ထုတ်ရေး၊ မွန်ပြည်နယ် ဗဟိုအလုပ်အမှုဆောင်ပေါ့။ နောက်တစ်ဖွဲ့ကတော့ မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် အလုပ်သမားများ၊ စိုက်ပျိုးရေးသမဂ္ဂအဖွဲ့မှာလည်း ဝင်ထားတယ်လေ။ အဲဒါက အဖွဲ့ချုပ်ကတော့ ဒေါ်သန်းသန်းဌေး ပေါ့။ ဥက္ကဌ။ အဲဒီမှာကတော့ မြို့နယ်တာဝန်ခံ ယူထားတယ်။ ပေါင်မြို့နယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဘယ်လို အရေးကိစ္စတွေ ကို ဦးစားပေးဆောင်ရွက်လဲ။

NAK – ဇောင်းပေးတာက ဒီလို။ မတရားမှုနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့က အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို မတရားပြုလုပ်တယ်။ မတရားတာနဲ့ ပတ်သက်တာတွေ။ အများဆုံးက မြေ ကို အဓိက ထားတာပေါ့နော်။ ဒီ မြေသိမ်း ကိစ္စပဲပေါ့။

ငြမ်းမီဒီယာ – NLD ပါတီဝင်ဟောင်းတစ်ဦးလို့ သိရပါတယ်။ ဘယ်တုန်းက ပါတီဝင်ခဲ့ပြီး ဘယ်လိုကြောင့် နုတ်ထွက်ခဲ့တာလဲ။

NAK – NLD ပါတီကိုလေ တိုက်ရိုက်ကြီးတော့ ဝင်တာ မဟုတ်ဘူး။ တသက်လုံး ရာသက်ပန် စောင့်ရှောက်လာတဲ့ အဖွဲ့ပဲ။ သို့သော် ကျွန်မတို့က ဒီ တောင်သူလယ်သမားသမဂ္ဂ ဆိုတာလေ၊ ကျွန်မတို့က အမှန်ကိုပဲ ရပ်တည်ပြီးတော့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေ။ သို့သော် ဘယ်လို ပြောမလဲ ဆိုတော့ NLD နဲ့ပတ်သက်လို့ ကျွန်မက အမြဲတမ်း NLD ကို အကျိုးပြုပြီးတော့ အလုပ်လုပ် ပေးနေတယ်။ ပြီးတော့ ဗိုလ်ချုပ်နှစ်(၁၀၀) လိုမျိုးတွေ။ ထင်ဟပ်ကျန်ခဲ့တဲ့ ဟာတွေပါ။ ကျွန်မတို့က သမိုင်းပေး တာဝန်အဖြစ်ပေါ့။ တာဝန်ပေး တာတော့ မဟုတ်ဘူး၊ ကိုယ့်အသိစိတ်နဲ့ ကိုယ်ပေါ့။ ဒါတွေဟာလုပ်သင့်လုပ်ထိုက်တယ် ဆိုပြီးတော့ ကျွန်မတို့ သမဂ္ဂအဖွဲ့၊ ပြီးတော့ NLD က ကိုယ်စားပြုတဲ့ အမာခံ သုံးလေးယောက်နဲ့ ကျွန်မတို့ ဘာလုပ်ခဲ့လဲ ဆိုတော့ အလှူခံ ခံတယ်၊ အဝတ်အစားတွေ ရောင်းတယ်၊ နောက်ပြီး ပြက္ခဒိန်တွေ ရောင်းတယ်။ အဲဒီမှာ ရလာတဲ့ ရန်ပုံငွေကို။ စတုဒိသာကို ကျွန်မတို့ သထုံ၊ သုဝဏ္ဏမှာ ကျွေးတယ်။ ဗိုလ်ချုပ် နှစ်(၁၀၀) အတွက် ဗိုလ်ချုပ်ရုပ်တုကို လှည့်ပြီး အလှူခံတယ်။ ပြီးရင် ရတာနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ရုပ်တုကို သုဝဏ္ဏ ကွင်းမှာ အကောင် အထည်ဖော်တယ်။ တိုင်းရင်းသား ကရင်တွေက ဗိုလ်ချုပ်ကို တန်ဖိုးထားတယ်။ လေးစားတယ်လေ။ အဲဒီတော့ အမေစုကိုလည်း ကျွန်မတို့က တန်ဖိုးထားတယ်။ အခုဆန္ဒပြတာကလည်း အမေစုနဲ့ မဆိုင်ဘူး။ အစိုးရကို ဆန္ဒပြတာ ကျွန်မတို့က။

ငြမ်းမီဒီယာ – NLD မှာ မြို့နယ် EC အထိ လုပ်ခဲ့တယ်ဆိုတာကရော။

NAK – EC အထိ လုပ်ခဲ့တယ် ဆိုတာကတော့ ကျွန်မက တရားဝင် မဝင်ခဲ့ဘူး။ ကျွန်မက ဘာဖြစ်လို့လဲဆိုတော့ အရပ်ဘက်လူမှု အဖွဲ့အစည်းပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လက်ရှိ NLD အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုကိုရော ဘယ်လိုမြင်လဲ၊ ဘာတွေအားရလဲ၊ ဘာတွေ အားမရဘူးလဲ။

NAK – အားမရတာတွေက အများကြီး ရှိတယ်။ NLD အစိုးရက ပြောခဲ့တယ် ပေါ့နော်။ အမေစုက ပြောခဲ့တယ်။ ကျွန်မတို့ အစိုးရက အလုပ်လုပ်ရင် ပြည်သူကလည်း အလုပ်လုပ်ဖို့ လိုအပ်တယ်လို့ အမေစုက ပြောတယ်လေ။ ဒါပေမဲ့ ကျွန်မတို့ တိုင်းရင်းသား ကရင်တွေကျတော့ ရိုးသားတယ်။ အမေစု မှာတယ်။ မှာတဲ့အတိုင်း ကို ကျွန်မတို့က တရားဝင် စာတင်ပါ၊ ဥပဒေနဲ့အညီ လုပ်ပါလို့ ပြောတယ်။ ကျွန်မတို့ကလည်း လုပ်တာပဲလေ။ တရားဝင် စာတင်တယ်။ ဥပဒေနဲ့အညီ လုပ်တာရှိတယ်။ သို့သော် သူတို့က၊ NLD က တစ်ယောက်တည်း ကောင်းနေလို့ မရဘူး။ NLD က လူတိုင်းကိုယ်စီကိုယ်စီ ကောင်းနေဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အောက်ခြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေက မဲတွေလာဆွယ် စည်းရုံးတုန်းက ကျွန်မတို့ ကရင်တိုင်းရင်းသား ပြည်သူလူထုက အများဆုံး မဲထည့်ခဲ့တယ်။ ကျွန်မတို့လည်း ထိုနည်းတူပဲ၊ မဲထည့်ခဲ့တဲ့ သူတွေပဲ။ NLD ကို ကျွန်မတို့ ပုတ်ခတ် စော်ကားတာတော့ မပါဘူး။ သို့သော် အစိုးရနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ ကျွန်မတို့ ပြည်သူက အစိုးရနဲ့ တိုက်ရိုက် ပတ်သက်တယ်။ တကယ်လို့ ကြံ့ခိုင်ရေးက အစိုးရလုပ်ရင်လည်း ကြံ့ခိုင်ရေးကို တိုက်ရိုက်ပြောရမှာပဲ။ NLD က အာဏာ ရှိရင်လည်း NLD ကို တိုက်ရိုက်ပြောရမှာပဲ။ ဒါဟာ NLD ကို ဆန္ဒပြတာ မဟုတ်ဘူး။ ကြံ့ခိုင်ရေးကိုလည်း ဆန္ဒပြ ပုတ်ခတ်   တာမျိုး မရှိဘူး။ ကျွန်မတို့သည် အောက်ခြေက သားတွေ၊ သမီးတွေ ပျက်စီးနေတဲ့ ယန္တရားကြီး အောက်မှာ အမေဆီမှာ    လာမှ ရမယ့်အလုပ်မို့လို့ ကျွန်မတို့က မိခင်အစိုးရကိုပဲ ကျွန်မတို့က တိုက်ရိုက်ဖြေရှင်းမယ်၊ တာဝန်ရှိသူတွေနဲ့ ဖြေရှင်းဖို့ပဲ လာခဲ့တာ။

တပ်မတော်နဲ့ ကျွန်မနဲ့ လုံး၀ မပတ်သက်ဘူး။ မဘသ ဆိုတာလည်း ကျွန်မ တစ်ခါမှ မကြားဖူးဘူး။ သိတောင် မသိဘူး။ ကျွန်မတို့ ကရင်ဟာ ရိုးရှင်းတဲ့ အရပ်သားပဲ။ အရပ်သားပြည်သူ တစ်ယောက်ပဲ။ ကျွန်မတို့ ကိုယ်တိုင်က …

ငြမ်းမီဒီယာ – တိုင်းရင်းသား ဝတ်စုံ အမျိုးမျိုးဝတ်ပြီး ဆန္ဒပြစားနေတယ်လို့ လူမှုကွန်ရက်မှာ စွပ်စွဲဝေဖန်ပြောဆိုမှုတွေကိုရော ဘာများ တုံ့ပြန်ပြောချင်ပါသလဲ။

NAK – ကျွန်မက အဲဒီလို အတုအယောင်ထဲမှာ ကျွန်မ မပါဘူး။ ကျွန်မ ကရင်အမျိုးသားပဲ။ ကရင်အမျိုးသား။ ဒါပေမဲ့ ကျွန်မအမေကတော့ ရှမ်းစော်ဘွားမျိုး။ အဖေကတော့ ကရင်လူမျိုး။ ကျွန်မရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ထဲမှာလည်း ကျွန်မပြန်ပြီးတော့ ဖြေကြားထားတာ ရှိတယ်။ သို့သော် အများက မသိဘူး။ ဝေဖန်မှု၊ ရှုတ်ချမှုအောက်မှာ ကျွန်မဓာတ်ပုံက အမှန်အကန်။ ကျွန်မ ရုပ်ပဲ။ သို့သော် ကျွန်မရုပ် မဟုတ်ဘဲ၊ ကျွန်မပုံ မဟုတ်ဘဲနဲ့ တင်ထားတဲ့သူတွေက ကိုယ်ချင်းမစာလို့ပဲ သူတို့တွေက လုပ်ကြတယ်။ ပြီးတော့ သူတို့မှာ တာဝန်ကြီးကြီးမားမား ယူထားတဲ့သူ မဟုတ်လို့။ သူတို့ကိုယ် သူတို့လည်း မီးမလောင်သေးလို့ပါ။ မီးလောင်တဲ့ အချိန် ကျွန်မလိုပဲ သူတို့ ခံစားရ လိမ့်မယ်လို့ ဖြေကြားချင်တယ်။

ငြမ်းမီဒီယာ – တပ်မတော် ထောက်ခံပွဲတွေမှာ ပါခဲ့တယ်ဆိုတာကရော။

NAK – မပါဘူး။ တပ်မတော်နဲ့ ကျွန်မနဲ့ လုံး၀ မပတ်သက်ဘူး။ မဘသ ဆိုတာလည်း ကျွန်မ တစ်ခါမှ မကြားဖူးဘူး။ သိတောင် မသိဘူး။ ကျွန်မတို့ ကရင်ဟာ ရိုးရှင်းတဲ့ အရပ်သားပဲ။ အရပ်သားပြည်သူ တစ်ယောက်ပဲ။ ကျွန်မတို့ ကိုယ်တိုင်က မြေသိမ်းခံ ရတယ်။ မြေသိမ်းခံရတဲ့ ပြည်သူ အချင်းချင်း ကို ထိစပ် ညှိနှိုင်းပြီးတော့ ဒါတွေ၊ ဒါတွေ လုပ်သင့်တယ်ဆိုတာ အသိစိတ်နဲ့ ကိုယ့်ဟာကိုယ် လုပ်ခဲ့တာ။ ဘယ်သူမှ အောက်ခြေက အဖွဲ့အစည်း တွန်းအားပေးမှုနဲ့ လာခဲ့တာ မဟုတ်ဘူး။ ကျွန်မတို့ ပြည်သူက အစိုးရကို တွန်းအားပေးတဲ့ပုံစံပဲ။ ရွေ့သွားအောင် တွန်းအားပေးတာပဲ။ စော်ကားတာမျိုး မပါဘူး၊ ပုတ်ခတ်တာမျိုးလည်း မရှိဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျွန်မဓာတ်ပုံက အမှန်အကန်။ ကျွန်မ ရုပ်ပဲ။ သို့သော် ကျွန်မရုပ် မဟုတ်ဘဲ၊ ကျွန်မပုံ မဟုတ်ဘဲနဲ့ တင်ထားတဲ့သူတွေက ကိုယ်ချင်းမစာလို့ပဲ သူတို့တွေက လုပ်ကြတယ်။ ပြီးတော့ သူတို့မှာ တာဝန်ကြီးကြီးမားမား ယူထားတဲ့သူ မဟုတ်လို့။ သူတို့ကိုယ် သူတို့လည်း မီးမလောင်သေးလို့ပါ။ မီးလောင်တဲ့ အချိန် ကျွန်မလိုပဲ သူတို့ ခံစားရ လိမ့်မယ် …

ငြမ်းမီဒီယာ – NLD ရုံးရှေ့ဆန္ဒပြတဲ့ကိစ္စမှာ သိမ်းတာက တပ်၊ ဆန္ဒပြတာက NLD ကိုဖြစ်နေတယ် ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေရှိခဲ့တဲ့ အပေါ်မှာရော။

NAK – အမြင်ဝါဒ ကျဉ်းမြောင်းလို့ ပြောတာ ဖြစ်ပါလိမ့်မယ်။ ကျွန်မကတော့ အမြင်ဝါဒ ကျဉ်းမြောင်းတဲ့ အထဲမှာ မပါဘူး။ နိုင်ငံရေးအရ ပြောရမယ် ဆိုရင်လည်း အစိုးရနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ မြေသိမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ရင် လည်း အစိုးရနဲ့ ပတ်သက်နေတယ်။ ယခင် အစိုးရခေတ်က မြေသိမ်းခဲ့တာ ဟုတ်တယ်။ သို့သော် အခု လက်ရှိမှာတော့ NLD အစိုးရက မဲနိုင်ထားတဲ့ အနိုင်ရပါတီလေ။ သူအစိုးရ ဖြစ်နေပြီ။ အစိုးရဖြစ်နေတဲ့ အရပ်သားအစိုးရ ပကတိ အခြေအနေမှာ ကျွန်မတို့က အရပ်သား ပြည်သူတွေ အနေနဲ့ တောင်းဆိုတာ အစိုးရက လက်ခံပေးရမယ်လေ။ ဒါကို မပေးဘူး ဆိုတော့ ကျွန်မတို့က တိုင်းရင်းသားကို ခုတုံး လုပ်ခဲ့တာ မဟုတ်ဘူး။ အမှန်အကန် တိုင်းရင်းသား။ အမှန်အကန်။ ကျွန်မတို့က ကျွန်မတို့ဘဝနဲ့ ရင်းပြီးတော့ ဒီလိုမျိုး လုပ်ခဲ့ရတာလေ။ ကျွန်မတို့က ပေါင်ပေါ်မီးကျနေတဲ့လူဆိုတော့ အသက်စွန့်ပြီး လုပ်ရတဲ့ ပုံစံမျိုး ရှိပါတယ်ရှင့်။

ငြမ်းမီဒီယာ – အခုအချိန်မှာ သမ္မတဦးဝင်းမြင့်နဲ့ တွေ့ဆုံခွင့် ရမယ်ဆိုရင်ရော ဘာကို အဓိက တင်ပြချင်လဲ။

NAK – အဲဒီအချိန်ကျရင် ကျွန်မတို့ကတော့ အေးအေးဆေးဆေးပေါ့။ တိုင်းရင်းသားဖြစ်တဲ့ အတွက် အသိမ်းခံရတဲ့ လယ်ယာမြေတွေ မရှိရင် မြေမရှိရင် ပြည်မရှိဘူးပေါ့။ အဲဒီလယ်ယာမြေတွေကို ကျွန်မတို့ အသိမ်းခံရတဲ့ လူတွေဆီကို နည်းစနစ်ပိုင်းဆိုင်ရာနဲ့ သေချာစိစစ်ပြီး တစ်ယောက်ချင်း လက်ထဲကို ပြန်ပြီးတော့ လုပ်ကိုင်ခွင့်ကို ချပေးမယ် ဆိုရင်တော့ ကျွန်မတို့က အဓိက ဒါပဲတောင်းဆိုမှာ။ ကျန်တာကတော့ ကျွန်မသိပ်ပြီး ပြောစရာ မရှိပါဘူး။

ငြမ်းမီဒီယာ – တပ်မတော်နဲ့ပတ်သက်ပြီးတော့ရော ဘာများ မှတ်ချက်ပေးချင်လဲ။

NAK – ကျွန်မတို့နဲ့ တပ်မတော်ကျတော့ ဘာမှ ပတ်သက်မှု မရှိဘူး။ တပ်မတော်ကလည်း သူ့အလုပ် သူလုပ်တာ။ ပြည်သူ ကလည်း ကိုယ့်အလုပ်ကိုယ်လုပ်တယ် ဆိုတော့ တပ်မတော်နဲ့ ပြည်သူကြားမှာ သွေးကွဲမှာ မဖြစ်စေချင်ဘူး။ ပြီးတော့ ရဲနဲ့ ပြည်သူလည်း ရန်တိုက်စရာ အကြောင်း မရှိဘူး။ ကျွန်မသည် ရဲရဲ့ ရန်သူမဟုတ်သလို ရဲကလည်း ကျွန်မအတွက် ရန်သူ မဟုတ်ပါဘူးရှင့်။ ကျွန်မတို့ဟာ တိုင်းရင်းသား ကရင်တွေရဲ့ အရေးပေါ်ကိစ္စ၊ အောက်ခြေမှာ အုပ်ချုပ်ရေးနဲ့ ကုမ္ပဏီတွေနဲ့ ပေါင်းပြီး ရဲတွေနဲ့ ရန်တိုက်ပေးတယ်။ နောက်ပြီး လိုက်ဖမ်း၊ လိုက်ဆီး တာတွေ ရှိနေတယ်။ အဲဒါကြောင့် ကျွန်မတို့ ဒီအချိန်မှာ အခက်အခဲတွေ ကြုံနေရလို့ တိုက်ရိုက် အစိုးရဆီကို လာခဲ့တာပေါ့ရှင့်။

ငြမ်းမီဒီယာ – ရှေ့ဆက်ပြီးတော့ရော ဘာတွေဆက်လုပ်သွားဖို့ ရှိပါသလဲ။

NAK – ရှေ့ဆက်ပြီးတော့ ကျွန်မတို့ကတော့ ကျွန်မတို့ မြေမရလို့ရှိရင် တော့ ပြန်ပြီးတော့ တိုက်မှာပဲ။ ဒါကတော့ ကျွန်မတို့မြေက မြေမရှိရင် ပြည်မရှိဘူးလေ။ ကျွန်မတို့က တိုင်းရင်းသား အစစ်အမှန်တွေ။ ကျွန်မတို့က ကိုယ်တိုင် အသိမ်းခံရတဲ့ ဒေသခံတွေ အကုန်လုံးပါတယ်။ ကျွန်မတို့သည် အတု အယောင်တွေ မဟုတ်ဘူး။ ကျွန်မတို့ကိုယ်တိုင် မြေသိမ်းခံရလို့ ဒီလိုတွေလုပ်ခဲ့တာပဲ။ ကျွန်မတို့က ကြိုးကိုင်တဲ့ အဖွဲ့အစည်း မရှိဘူး။ စစ်တပ်နဲ့ ဆက်သွယ်တာ မရှိဘူး။ မဘသနဲ့လည်း ကျွန်မကို ချုပ်ကိုင်ပြီးပြောတာ၊ မဘသ ဆိုတာလည်း ကျွန်မ သိတောင် မသိဘူး။ ကြားတောင် မကြားဖူးဘူး။ ကျွန်မ မသိဘူး အဲဒီကိစ္စတွေကို။ ကျွန်မတို့က ပြည်သူ တရပ်အနေနဲ့ပဲ ကိုယ့်လုပ်ငန်းစဉ်တွေ ကိုယ်ဆောင်ရွက်တာ။ အဖွဲ့အစည်းကို ခုတုံးလုပ်တာတွေ ဘာမှ မရှိဘူး။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ် ခင်ဗျ။

ငြမ်းမီဒီယာ
မေ(၂၄)၊၂၀၁၈၊ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , ,