အချင်းချင်း ခြယ်လှယ်တဲ့ဖက်ဒရယ်စနစ်မဟုတ်ရင်တော့ စစ်မှန်ငြိမ်းချမ်းတဲ့ ပြည်ထောင်စုဖြစ်လာနိုင်တယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

DK /လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာလခမ်ဒေါင်ခမ်

လဝကရုံးကဝန်ထမ်းတွေက “ရှုပ်တယ်၊ လာမပြောနဲ့၊ ကချင်လို့ပဲရေးလိုက်မယ်။ မင်းတို့ အဲဒီလို လော်ဝေါ်လို့ရေးလို့ ဘာအကျိုးရှိမှာလဲ။ မင်းတို့ အိမ်ထောင်စုဇယားမှာ ကချင်လို့ရေးထားပြီး မှတ်ပုံတင်ကျတော့ …

ကချင်ပြည်နယ်မှ တိုင်းရင်းသားနိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမတ်နေရာ (၂၁) နေရာအထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့်လော်ဝေါ်အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ (LNUDP) ဥက္ကဌ ဒေါက်တာလခမ်ဒေါင်ခမ်ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ပါတီရဲ့ နိုင်ငံရေးမူဝါဒနဲ့ စတင်ဖွဲ့စည်းတည်ထောင်ဖြစ်တဲ့ အကြောင်းအရင်းကို ပြောပေးပါ။

Dr.LKDK – ကျနော်တို့ပါတီ စတင်တည်ထောင်ဖြစ်တာက ကျနော်တို့လော်ဝေါ်တိုင်းရင်းသားတွေမှာနိုင်ငံရေးနဲ့ ပတ်သက်ပြီး ဦးဆောင်ဦးရွက်ပြုမယ့် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုမှမရှိသေးတာကြောင့်လော်ဝေါ် အမျိုးသားတွေ အားလုံးက နိုင်ငံရေးပါတီ တစ်ခုတော့ရှိသင့်တယ်ဆိုပြီး လူထုအစည်းအဝေး တွေသုံးလေးကြိမ်လောက်လုပ်၊ နှိုးဆော်စည်း ဝေးမှုတွေလုပ်ပြီး ပါတီအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ကြတာပါ။ ၂၀၁၄ စက်တင်ဘာ (၂၄) (၂၅) လောက်ကစပြီး ကျနော်တို့ လူထုအစည်းအဝေးတွေစလုပ်ခဲ့ ကြပါတယ်။ ၂၀၁၅ ဖေဖော်ဝါရီ (၂၃) လောက်မှာ ကျနော်တို့ရဲ့ လော်ဝေါ်အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီကိုမှတ်ပုံတင် စလျှောက်ခဲ့ကြပါတယ်။ ၂၀၁၅ ဇွန်လ (၂၉) ရက်နေ့မှာ နိုင်ငံရေးပါတီမှတ်ပုံတင်နံပါတ် (၈၉) နဲ့ နိုင်ငံရေးပါတီ အဖြစ် ဖွဲ့စည်းလုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ ဒါက ကျနော်တို့ပါတီရဲ့ သမိုင်းကြောင်းအကျဉ်းပေါ့ဗျာ။ ကျနော်တို့ပါတီရဲ့ ရည်ရွယ်ချက် မူဝါဒကတော့ ကျနော်တို့ လော်ဝေါ်လူမျိုးတွေရှိတဲ့နေရာတွေမှာ ကျနော်တို့လော်ဝေါ်လူမျိုးတို့ရဲ့ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံး တမ်းစဉ်လာနဲ့ လူမှုရေးအခန်းကဏ္ဍတွေမှာ အကောင်းဆုံးပါဝင်လုပ်ဆောင်နိုင်ဖို့ဆိုတဲ့ ရည်ရွက်ချက် ပဲ ဖြစ်ပါတယ်။ ကျနော်တို့ လော်ဝေါ်တိုင်းရင်းသားတွေမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် ဦးဆောင်လုပ် ကိုင်ကြတာမျိုး မရှိသလောက်ဖြစ် တယ်။ အဲဒါကြောင့် လူငယ်မျိုး ဆက်သစ်တွေကို နိုင်ငံရေးအတွေးအမြင်တွေ လမ်းဖွင့်ပေးနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ၂၀၁၅ ရွေးကောက်ပွဲမှာ LNUDP ပါတီက (၂၁) နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွေ့အကြုံကို ပြောပြပေးပါဦး။

Dr.LKDK – ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ (၂၁) ယောက်တော့ ဝင်ပြိုင်ခဲ့ပါတယ်။ ဒါပေမယ့် အောင်နိုင်မှုတော့ တစ်ယောက်မှမရှိခဲ့ပါဘူး။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်မှမရခဲ့ဘူးပေါ့။ ဒါပေမယ့် အဲဒီလို (၂၁) ယောက် ဝင် ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းကိုက ကျနော်တို့ရဲ့ လုပ်ဆောင်နိုင် မှု စွမ်းရည်နဲ့ပါတ်သက်တဲ့ ရလဒ်တစ်ခု၊ မှတ်တမ်းတစ်ခုဖြစ် ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အဲဒီလို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကြောင့် ပါတီနိုင်ငံရေးလုပ်ဆောင်တဲ့အခါ တွေ့ရတတ်တဲ့ အခက်အခဲတွေ၊ ကျနော်တို့ လော်ဝေါ်အမျိုးသားတွေအချင်းချင်း စည်းလုံးညီညွှတ်အောင် လုပ်ဆောင်တဲ့အခါ ဘယ်လောက် ခက်ခဲတယ်ဆိုတာတွေ၊ နောက် တခြားသောတိုင်းရင်းသားလူမျိုးတွေနဲ့ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် လုပ်ကိုင်ဆောင်ရွက် ရတာတွေ စသဖြင့် အတွေ့အကြုံကောင်းတွေကို အများကြီးရခဲ့ ပါတယ်။

ငြမ်းမီဒီယာ – လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ဘယ် လိုမျှော်လင့်ထားပြီး ဘာတွေပြင်ဆင်ဆောင် ရွက်ထားပါသလဲ။

Dr.LKDK – လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ နေရာတိုင်းဝင်ပြိုင်တာမျိုးမဟုတ်တော့ဘဲ အောင်နိုင်ချေရှိတဲ့ မဲဆန္ဒနယ် မျိုးတွေမှာပဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကျနော်တို့ဆုံးဖြတ်ချက်ချထားပါတယ်။ ကျနော်တို့ လော်ဝေါ်တွေအများစုရှိတဲ့ မိုးကောင်း အထက်ပိုင်းလိုနေရာမျိုးမှာဆို တစ်နေရာလောက်၊ မြစ်ကြီးနားမှာဆို နှစ်နေရာလောက် အဲဒီလိုမျိုးပေါ့။ အရင်ကတော့ မြစ်ကြီးနား မှာဆို (၄) နေရာလုံးဝင်ပြိုင်ခဲ့တာ၊ ခုတော့ အောင်နိုင်ချေရှိတဲ့နေရာကိုစိစစ်ပြီး နှစ်နေရာလောက်ပဲ ဝင်ပြိုင်မယ်။ ဝိုင်းမော်မှာ ဆိုရင်လည်း နှစ်နေရာလောက် ပဲ ကျနော်တို့ဝင်ပြိုင်သွားမယ်။ ချီဖွေမှာလည်း နှစ်နေရာပဲ။ ဆော့လော်မြို့နယ် မှာလည်း နှစ်နေရာလောက်ပဲ။ အဲဒီလိုမျိုးပေါ့၊ မြို့နယ်တစ်ခုစီမှာ တစ်နေရာ နှစ်နေရာစီလောက်ပဲ အကောင်းဆုံး၊ အကျစ်လစ်ဆုံး ဖြစ်အောင် ကျနော်တို့ စီစဉ်နေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကျနော်တို့ LNUDP ပါတီက အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ် နှစ်ယောက် သုံးယောက်လောက်တော့ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ငြမ်းမီဒီယာ – ၂၀၁၆ ခုနှစ်တုန်းက လော်ဝေါ်စာပေနဲ့ယဉ်ကျေးမှုကော်မတီကနေ တောင်းဆိုထား ခဲ့တာရှိပါတယ်။ လော်ဝေါ် တိုင်းရင်းသားတွေရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ ‘ကချင်’ လို့ရေးထား တာကို ‘လော်ဝေါ်’ လို့ပြင်ဆင်ပေးဖို့နဲ့ လော်ဝေါ် တိုင်းရင်းသားတွေရဲ့နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လူမျိုးအမည်ကို လော်ဝေါ်လို့ရေးသား ခွင့်ပြုဖို့ဆိုတဲ့အချက်တွေပေါ့။ အခုအဲဒီကိစ္စတွေ အဆင်ပြေသွားပြီလား။

Dr.LKDK – အခုအချိန်ထိလည်း အဲဒီကိစ္စက အဆင်သိပ်မပြေပါဘူး။ ပြောမယ်ဆိုရင် ဒီကချင်ပြည်နယ်က လွှတ်တော်မှာလည်း ကချင်ပဲများလို့လား၊ အစိုးရဝန်ထမ်းထဲမှာလည်း ကချင်ပဲများလို့လားတော့ မပြောတတ်ဘူး။ အဲဒီကိစ္စက အခုလည်း သိပ်အဆင် မပြေသေးဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – နိုင်ငံသားအဖြစ်အသိအမှတ်ပြုတဲ့အနေနဲ့ ထုတ်ပေးတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ နာမည်အမှန်ကို အသိအမှတ်ပြုဖော်ပြခွင့်မရတဲ့ အခြေအနေဟာ လူနည်းစုတိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ လူသား ဂုဏ်သိက္ခာ ကို ဖိနှိပ်စော်ကားတာဖြစ်တယ် ဆိုတဲ့ သုံးသပ်ချက်တွေကို ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

Dr.LKDK – ကျနော့်အနေနဲ့လည်း အခုမေးခွန်းထဲမှာပါတဲ့ သုံးသပ်ချက်အတိုင်းပဲယူဆပါတယ်။လူနည်းစု တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုတွေကို နားလည်အသိအမှတ်ပြုပေးခြင်း မရှိဘူးလို့ မြင်ပါတယ်။ အဲဒီကိစ္စကို ကျနော်တို့ လော်ဝေါ်အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ပါတီကလည်းနိုင်ငံတော်ကို တင်ပြထားတာ ရှိပါတယ်။ မှတ်ပုံတင်မှာ လော်ဝေါ်လို့ ထည့်သွင်းပေးဖို့ သမ္မတဆီအထိအဲဒီကိစ္စကို တင်ပြခဲ့တယ်။ ဒါပေမယ့် ခုထိအဆင်မပြေသေးပါဘူး။ စာပေယဉ်ကျေးမှု ကော်မတီ အနေနဲ့ရော၊ ကျနော်တို့ ပါတီအနေနဲ့ရော တင်ပြတောင်းဆိုခဲ့ပေမယ့် ခုထိအဆင်မပြေသေးဘူး။ အဲဒီတော့ ကျနော်တို့ လူနည်းစု တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုတွေကို အထက်ကလူကြီးတွေအနေနဲ့ အသိအမှတ်ပြု နားလည်ပေးတာမျိုးမရှိဘူး၊ လုပ်မပေးဘူး ဆိုတာကို မြင်တွေ့ရတာပေါ့။

ငြမ်းမီဒီယာ – ကချင်ပြည်နယ်မှာ ဂျိမ်းဖော၊ ရဝမ်၊ လော် ဝေါ်၊ လီဆူး၊ လချိတ်၊ ဇိုင်ဝါး ဆိုပြီး မျိုးနွယ်စု (၆) ခုရှိတဲ့အထဲမှာ လူဦးရေ များတဲ့ မျိုးနွယ်စုကြီးတွေက လူဦးရေနည်းတဲ့ မျိုးနွယ်စုငယ်တွေအပေါ် ဖိနှိပ်တာတွေ၊ခွဲခြား ဆက်ဆံတာတွေ ရှိတယ်လို့ သိရပါ တယ်။ တိုင်းရင်းသားနိုင်ငံရေးပါတီဥက္ကဌ တစ်ယောက်အနေနဲ့ အဲဒီကိစ္စတွေအပေါ် အတွေ့အကြုံကိုအခြေခံပြီး သုံးသပ်ပြောပြ ပေးပါ။

Dr.LKDK – ဟုတ်တယ်။ ကျနော်တို့အတွေ့အကြုံအရလည်း အဲဒီအတိုင်းပါပဲ။ ပိုဆိုးတာက ကျေးရွာတွေမှာနေထိုင်ကြတဲ့ မသိ နားမလည်တဲ့ လော်ဝေါ်တိုင်းရင်းသားတွေဆို ပိုခံရတယ်။ ကျနော်တို့က ကျေးရွာတွေမှာ လိုက်ရှင်းပြဆော်သြတယ်။ မှတ်ပုံတင် လုပ်တဲ့အခါ လော်ဝေါ်လူမျိုးဆိုရင် လော်ဝေါ်လို့ထည့်ကြဖို့ ကျနော်တို့ကလိုက်ပြောထားတော့ ကျနော်တို့ တိုင်းရင်းသားတွေ က မှတ်ပုံတင်လုပ်တဲ့အခါ လော်ဝေါ်လို့ထည့်ပေးဖို့ပြောကြတယ်။ ဒါပေမယ့် လဝကရုံးကဝန်ထမ်းတွေက “ရှုပ်တယ်၊ လာမပြောနဲ့၊ ကချင်လို့ပဲရေးလိုက်မယ်။ မင်းတို့ အဲဒီလို လော်ဝေါ်လို့ရေးလို့ဘာအကျိုးရှိမှာလဲ။ မင်းတို့ အိမ်ထောင်စုဇယားမှာ ကချင်လို့ ရေးထားပြီး မှတ်ပုံတင်ကျတော့မှ လော်ဝေါ်လို့ရေးရင် ပြဿနာတစ်ခုခု ဖြစ်လာတဲ့အခါ မင်းတို့တာဝန်ယူမလား” အဲဒီလိုမျိုးတွေပြောပြီး ခြိမ်းခြောက်ကြတယ်။ လဝက ဝန်ထမ်းတွေကအဲဒီလိုမျိုး ခြိမ်းခြောက်တာတွေ ရှိနေတယ်။ အဲဒီအကြောင်းတွေကို ကျေးရွာတွေက လော်ဝေါ်တိုင်းရင်းသားတွေက ကျနော်တို့ကိုပြန်ပြောပြကြတယ်။ အဲဒီလိုခြိမ်းခြောက်ပြောဆိုပြီး လော် ဝေါ်ဆိုတာကိုမထည့်ပေးကြဘူး။ ကျေးရွာတွေက မသိနားမလည်တဲ့ လော်ဝေါ်တိုင်းရင်းသားတွေအနေနဲ့ကျတော့ အဲဒီလိုမျိုးတွေကြုံရတဲ့အခါ ဝမ်းနည်း စိတ်ပျက် ရတာပေါ့။ အဲဒီလိုဖြစ်ရတာကို မခံမရပ်နိုင်ဖြစ်တဲ့လူတွေလည်း အများကြီးရှိကြတယ်။ အဲဒါကြောင့်မို့လို့ မသိနားမလည်တဲ့ ကျနော်တို့ လူနည်းစုတိုင်းရင်းသားတွေကို ပိုပြီးတော့ဖိနှိပ်တဲ့ သဘောတွေရှိတယ်လို့ ကျနော်တို့မြင်ပါတယ်။

ငြမ်းမီဒီယာ – အခု တိုင်းရင်းသားအများစုက တောင်းဆိုဆန္ဒပြုနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေး ဆိုတဲ့ အချက်အပေါ်မှာရော LNUDP ပါတီရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

Dr.LKDK – နိုင်ငံတော်က ဦးဆောင်တည်ဆောက်မယ့် ဖက်ဒရယ်မူစနစ်ကို ကျနော်တို့ပါတီကလည်း လက်ခံသဘောတူပါတယ်။ ဖက်ဒရယ်မူဟာ ကျနော်တို့ လော်ဝေါ်အမျိုးသားများအတွက်လည်း ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ကျနော်တို့လည်း လက်ခံသဘောတူပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အကောင် အထည်ဖော်နိုင်ရင် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်တွေအပေါ် ဘယ်လောက်အကျိုးသက်ရောက်မှု ရှိနိုင်တယ် ဆိုတာကို နိုင်ငံရေးအမြင်နဲ့ သုံးသပ်ပေးပါဦး။

Dr.LKDK – အဲဒီကိစ္စကိုပြောမယ်ဆိုရင် မြန်မာနိုင်ငံမှာက တိုင်းရင်းသားအဆင့်ဆင့်ရှိနေတဲ့ပုံစံ ဖြစ်နေတယ်။ ဗဟိုမှာကတော့ ဗမာတွေရဲ့လွှမ်းမိုးမှုပေါ့။ အဲဒီအောက်က အခုကျနော်တို့ ကချင်ပြည်နယ်မှာဆိုရင် ကချင်ဂျိန်းဖောတွေရဲ့ လွှမ်းမိုးမှု၊ ခြယ်လှယ်မှု ပေါ့။ အဲဒီလိုမျိုးတွေ အဆင့်ဆင့်ဖြစ်နေတယ်။ အဲဒီလိုမျိုး အချင်းချင်းတွေ ခြယ်လှယ်တဲ့ဖက်ဒရယ် စနစ်မဟုတ်ဘူးဆိုရင်တော့ တကယ်စစ်မှန် ငြိမ်းချမ်းတဲ့ ပြည်ထောင်စုဖြစ်လာနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ဗဟိုကဘယ်လောက်ပဲ ချုပ်ကိုင်မှု ဖြေလျော့လိုက်ပေမယ့် ပြည်နယ်မှာလွှမ်းမိုးထားတဲ့၊ ကချင်ပြည်နယ်မှာဆို ကချင်ဂျိမ်းဖောတွေကပဲ ကြီးစိုးနေဦးမှာပဲ၊ ကြီးထွားနေ ဦးမှာပဲ၊ လွှမ်းမိုးနေဦးမှာပဲ။ အဲဒါဆို ကျနော်တို့လို လူနည်းစုတိုင်းရင်းသားငယ်တွေကတော့ ဒီဒုက္ခတွေကို ဆက်ပြီးခံစားနေကြ ရဦးမယ်လို့ ကျနော်မြင်ပါတယ်။ အဲဒါကြောင့်မို့ နေရာတိုင်းအဆင့်တိုင်း၊ ဗဟိုကနေ ပြည်နယ်၊ ပြည်နယ်ကနေ ဒေသအသီးသီးထိ ဗဟိုချုပ်ကိုင်မှုကို စနစ်တကျဖြေလျော့လာနိုင်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက ပိုပြီးသာယာအဆင် ပြေနိုင် လိမ့်မယ်လို့ ကျနော်က အဲဒီလိုမြင်ပါတယ်။

ငြမ်းမီဒီယာ – ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ် ကို လုပ်ဆောင်နေခဲ့တာ အခုဆိုရင် အစိုးရ သက်တမ်းနှစ်ခုရှိလာပါပြီ။ ငြိမ်းချမ်းရေးကလည်း ပီပြင်တဲ့ရုပ်လုံးပေါ်လာတဲ့အဆင့်ထိ မရောက်နိုင်သေးဘူး။ ဒီလိုဖြစ်နေရတဲ့အဓိကအကြောင်းက ဘာများ ဖြစ်နိုင်ပါသလဲ။

Dr.LKDK – ငြိမ်းချမ်းရေးပီပီပြင်ပြင်ဖြစ်မလာရတဲ့အကြောင်းက မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံရှိတယ်ဆိုတာ နိုင်ငံကို ဦးဆောင်နေတဲ့ပုဂ္ဂိုလ်တွေက ထည့်သွင်းစဉ်းစားမှုအားနည်းနေတာကြောင့်ပဲလို့ ကျနော်မြင်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံ တစ်ဝန်းမှာ တိုင်းရင်းသားလူမျိုးတွေ မြောက် များစွာရှိတယ်။ အဲဒီတိုင်းရင်းသားလူမျိုး မြောက်များစွာရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ စာပေယဉ်ကျေးမှုတွေကို ဖော်ထုတ် ခြင်း၊ ဌာနေတိုင်းရင်းသားတို့ရဲ့ ဘိုးဘွားပိုင်နယ်မြေတွေမှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် တွေကို အကောင်းဆုံးပံ့ပိုးကူညီပေးမယ်၊လမ်းညွှန်ပေးမယ်၊ဥပဒေနဲ့အညီ လုပ်ဆောင်ပေးမယ်ဆိုရင် ဒီပြဿ နာတွေ ပြေငြိမ်းသွားပြီး ငြိမ်းချမ်းရေးလည်းပီပီပြင်ပြင် ဖြစ်လာ လိမ့်မယ်လို့ ကျနော်ကတော့မြင်ပါတယ်။

ငြမ်းမီဒီယာ – လက်ရှိအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းကို ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ထောက်ပြနေတာရှိပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးအတွက်လည်း လွှတ်တော် မှာဆောင်ရွက်နေတာ တွေလည်း ရှိနေပါပြီ။ ဖက်ဒရယ်စနစ် တည်ဆောက်ဖို့အတွက် အခြေခံဥပဒေပြင်တဲ့ကိစ္စရဲ့ အရေးပါမှုကို သုံးသပ်ပြောပြပေးပါဦး။

Dr.LKDK – ဖက်ဒရယ်စနစ်တည်ဆောက်နိုင်ဖို့အတွက် အခြေခံဥပဒေထဲက ဖက်ဒရယ်မူနဲ့မကိုက်ညီတဲ့အချက်တွေ အားလုံးကို ပြင်ဆင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ပုဒ်မ ၂၆၁ လို ပြည်နယ်ဝန်ကြီး ချုပ်ခန့်အပ်ရေးကို သမ္မတကရွေးချယ်တာမျိုးမဟုတ်ဘဲ ပြည်နယ်လွှတ်တော်က ရွေးချယ်နိုင်ခွင့်တွေ၊ ထို့အတူမြို့နယ် အုပ်ချုပ်ရေးမှူး ရွေးချယ်တာမျိုးမှာ လည်း မြို့နေလူထုက ရွေးချယ် ပိုင်ခွင့်တွေအထိ ရှိလာရင်တော့ ပိုပြီးအဆင်လိမ့်မယ်လို့ မြင်ပါတယ်။ အခုကကျေးရွာမှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျေးရွာ လူထုကရွေးချယ်ရပေမယ့် မြို့နယ်မှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဘယ်ကလာမှန်း၊ ဘယ်သူမှန်းတောင်မသိလို့ ပြန်ပြီးလေ့လာ ယူရတဲ့ အခြေအနေတွေဆိုတော့ ဒါတွေက ဖက်ဒရယ်မူအတွက် အဆင်မပြေနိုင်တဲ့ အချက်တွေလို့ပဲ ယူဆရမှာပေါ့။ အဲဒီလို လိုအပ်ချက်တွေက ရှိနေတယ်။ ပြည်နယ်မှာသော်လည်းကောင်း၊ ခရိုင်မှာသော်လည်းကောင်း၊ မြို့နယ်မှာသော် လည်းကောင်း ၊ အဲဒီပြည်နယ်၊ အဲဒီခရိုင်၊ အဲဒီမြို့နယ်က တိုင်းရင်းသားပြည်သူလူထုတွေက သူတို့ကိုအုပ်ချုပ်မယ့် သူကို သူတို့ ကိုယ်တိုင် အကောင်းဆုံးရွေးချယ် ခန့်အပ်ပိုင်ခွင့်တွေရှိလာရင်တော့ ဖက်ဒရယ်စနစ်အတွက်ပိုပြီးတော့ ကောင်းနိုင် တယ်လို့ ကျနော်မြင်ပါတယ်။

ငြမ်းမီဒီယာ – ကချင်ပါတီ (၄) ခုပေါင်းစည်းဖို့ဆိုတဲ့ကိစ္စကို လုပ်နေကြတာ သုံးလေးနှစ်လောက်ရှိပြီလို့ သတိပြုမိပါတယ်။ ပေါင်းစည်းမှု မလုပ်နိုင်ရသေးတဲ့ အဓိကအကြောင်းက ဘာများဖြစ်မလဲ။

Dr.LKDK – အဲဒါက ပြောမယ်ဆိုရင် ကချင်လူမျိုးစုတွေ စည်းလုံးညီညွှတ်မှုဆီ မရောက်နိုင်ဘူးဖြစ်နေတာပေါ့။ အခုက (၃) ပါတီတော့ပေါင်းပြီး KSPP ဆိုပြီးလုပ်ထားကြတယ်။ KNC ကတော့ မပေါင်းသေးဘူးပေါ့။ ကျနော်တို့ လော်ဝေါ်အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုလည်း လာဖိတ်ခေါ်တာရှိတယ်။ ဒါပေမယ့် ကျနော်တို့လည်း မပေါင်းနိုင် သေးဘူးပေါ့။ ဘာဖြစ်လို့လည်းဆိုရင် ကျနော်တို့ကလည်း လော်ဝေါ်အမျိုးသားတွေအတွက် ရပ်တည်ချက်နဲ့လုပ်ဆောင် နေတဲ့နိုင်ငံရေး ပါတီတစ်ခုဖြစ်တော့ ကချင်ပါတီတွေနဲ့ ပေါင်းစည်းလိုက်တဲ့အခါ ကျနော်တို့လော်ဝေါ်အမျိုးသားတို့ရဲ့ ရပ် တည်ချက်စံနှုန်းတွေ ပျောက်ကွယ်သွားမှာ စိုးရိမ်လို့ မပေါင်း နိုင်သေးဘူးပေါ့။ ပြီးတော့ KNC ကလည်း သူတို့ရဲ့မူဝါဒနဲ့ အခုလုပ်ဆောင်သွားတဲ့ဟာတွေ မတူဘူးလို့ပြောကြတာတွေတော့ရှိတယ်။ ဒါပေမယ့် ဘယ်လိုမတူတာတော့ ကျနော် လည်းအတိအကျတော့မသိဘူး။

ငြမ်းမီဒီယာ – ၂၀၁၅ ခုနှစ်လောက်က ပြုစုထားတဲ့စာရင်းတွေအရတော့ တစ်နိုင်ငံလုံးမှာ လော်ဝေါ် တိုင်းရင်းသားဦးရေ သုံးသိန်း ခွဲကျော်ရှိတယ်လို့ သိရပါတယ်။ LNUDP ပါတီဟာ လော်ဝေါ်တိုင်းရင်း သား အားလုံးကိုကိုယ်စားပြုနိုင်တယ်လို့ ပြောလို့ရပါသလား။

Dr.LKDK – ကျနော်တို့ကတော့ ကျနော်တို့အမျိုးသားအားလုံးရဲ့ ကိုယ်စားဆိုပြီး စည်းရုံးပြီးလုပ်ဆောင်နေကြတာပါ။ ဒါပေမယ့် တခြားသောပါတီတွေမှာ ပါဝင်နေတဲ့လော်ဝေါ်အမျိုးသားတွေကတော့ ကျနော်တို့ကို ရှုတ်ချတဲ့သဘောမျိုးနဲ့ ‘အဲဒီ LNUDP ပါတီက လော်ဝေါ်တစ်မျိုးသားလုံးကို ကိုယ် စားမပြုပါဘူး’ ဘာညာ စသဖြင့်ထိုးနှက်တာတော့ရှိပါတယ်။ ကျနော်တို့အနေနဲ့ကျတော့ လော်ဝေါ် အမျိုးသားတွေရဲ့အကျိုးအတွက်ဆိုပြီး လော်ဝေါ်အမျိုးသားအမည်နဲ့ လုပ်ဆောင်နေတဲ့ပါတီက ဒီတစ်ခုပဲရှိတယ်။ ဒါကြောင့် ဘယ်သူ ဘာပြောပြော၊ ဘယ်သူတွေ ဘယ်လိုရှတ်ချရှုတ်ချ လော်ဝေါ်အမျိုးသားတစ်ရပ်လုံးအတွက် ကိုယ်စားပြုပြီးလုပ်ဆောင်နေတယ်လို့ ကျနော်တို့ကတော့ ခံယူဆော်သြနေပါတယ်။ ကြိုးစားလုပ်ဆောင်နေပါတယ်လို့ ပြောလိုပါတယ်။

ဘယ်လူမျိုးပဲဖြစ်ဖြစ် ဦးဆောင်နေတဲ့လူတွေအနေနဲ့ တိုင်းရင်းသားမျိုးနွယ်စုငယ်တွေအပေါ်မှာ ခွဲခြားဆက်ဆံဖိနှိပ်တာတွေ မလုပ်ဘဲ …

ငြမ်းမီဒီယာ – ရှမ်းပြည်နယ်ထဲမှာလည်း လော်ဝေါ်တိုင်းရင်းသားဦးရေ တစ်သိန်းခြောက်သောင်းနီးပါး ရှိတယ်လို့ စာရင်းဇယားတွေ အရသိထားရတော့ LNUDP ပါတီအနေနဲ့ ရှမ်းပြည်ထဲက မဲဆန္ဓနယ်တွေမှာရော ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိပါသလား။

Dr.LKDK – ၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့ LNUDP ပါတီက ရှမ်းပြည်နယ်ထဲမှာ (၃) နေရာလောက် ဝင်ရောက် ယှဉ်ပြိုင်ဖို့ စီစဉ်နေတာတော့ရှိပါတယ်။ ကွမ်လုံမြို့နယ်နဲ့ လားရှိုးမြို့နယ်ပေါ့။ ကွမ်လုံမြို့နယ်မှာ နှစ်ယောက်ဆို လာရှိုးမှာ တစ်ယောက်ပေါ့။ ရှမ်းပြည်နယ်မှာ အဲဒီလိုဝင်ရောက်ယှဉ် ပြိုင်ဖို့အတွက်တော့ စည်းဝေးတိုင်ပင် စီစဉ်နေတာတော့ရှိပါတယ်။

ငြမ်းမီဒီယာ – တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေထဲကတချို့ ဟာကချင်ပြည်နယ်ကို ဖြတ်သန်း လုပ်ဆောင်မယ့် အခြေအနေရှိပါတယ်။ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေတဲ့ စီမံကိန်း တွေလည်း ရှိနေပါပြီ။ ဆိုတော့ LNUDP ပါတီအနေနဲ့ ကချင်ပြည်နယ်ထဲမှာ လုပ်ဆောင်ဆဲ၊ လုပ်ဆောင်မယ့် တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားရှိပါသလဲ။

Dr.LKDK – အဲဒီစီမံကိန်းတွေနဲ့ပတ်သက်ရင် ကချင်ပြည် နယ်က ဒေသခံပြည်သူလူထုတွေအတွက် အကျိုးဖြစ်ထွန်းနိုင်မယ့် စီမံကိန်းမျိုးတွေဆိုရင်တော့ ကျနော်တို့က ဝမ်းပန်းတသာ ကြိုဆိုတာပေါ့။ ဒါပေမယ့် ကျနော်တို့ပြည်သူလူထုအတွက် နစ်နာ ဆုံးရှုံးမှုတွေရှိလာနိုင်မယ့် လုပ်ဆောင်မှုတွေကိုတော့ ကျနော်တို့နိုင်သလောက် စွမ်းသလောက် အတတ်နိုင် ဆုံး ကန့်ကွက် ဖယ်ရှားဖို့ ကြိုးစားသွားမယ်လို့ ပြောလိုပါတယ်။

ငြမ်းမီဒီယာ – လော်ဝေါ်တိုင်းရင်းသားတွေ စတင်အခြေချနေထိုင်ခဲ့တဲ့ မေခ၊ မလိခ မြစ်နှစ်သွယ်ရဲ့ရေဝေရေလဲ ဒေသတွေမှာ လုပ်ကိုင် နေတဲ့ တရုတ်စီမံကိန်းတစ်ခုဖြစ်တဲ့ မြစ်ဆုံမြစ်ဝှမ်းစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ LNUDP ပါတီက ဘယ်လို သဘောထား ရှိပါသလဲ။

Dr.LKDK – အဲဒီ မြစ်ဆုံရေကာတာစီမံကိန်းကို ကျနော် တို့ အမြဲတမ်းကန့်ကွက်နေတာဖြစ်ပါတယ်။ အဲဒီမြစ်ဆုံစီမံကိန်း ဖြစ်လာရင် ကျနော်တို့လော်ဝေါ်တိုင်းရင်းသားတို့ရဲ့ ဒေသန္တရ သဘာဝအမွေအနှစ် အလှတွေ မေခမြစ်ဝှမ်းတစ်လျောက်မှာ ပျောက်ပျက် ကုန်မှာဖြစ်တယ်။ ဒါကြောင့် တစ်လျောက်လုံး ကျနော်တို့ ကန့်ကွက်နေခဲ့တာပါ။ နောက်လည်းဆက်လက်ပြီး ကန့်ကွက်သွား မှာဖြစ်ပါတယ်။

ဂျိမ်းဖောတွေ ကချင်တွေ သူတို့ဘယ် လိုဦးဆောင်မယ်ဆိုတာ လုပ်နေကြတာပဲ။ အဲဒီလိုလုပ်ကြတာတွေအပေါ်မှာ ကျနော်တို့တိုင်းရင်းသားမျိုးနွယ်စုငယ်တွေရဲ့ သုံးသပ်တာကတော့ မလုပ်ရင်ပိုကောင်းတယ် …

ငြမ်းမီဒီယာ – ခုနက ပြောသွားတာထဲမှာ ဂျိန်းဖောကချင်တွေရဲ့ လွှမ်းမိုးမှုဆိုတဲ့အချက်တစ်ခုကို သတိပြုမိပါတယ်။ အထက်မှာ ဒီကိစ္စကိုမေးခဲ့တုန်းက အဖြေက မှတ်ပုံလုပ်တဲ့ကိစ္စဘက်ကို ရောက်သွားလို့ပြန်မေးပါရစေ။ လူဦးရေများတဲ့ မျိုးနွယ်စုကြီးတွေက လူဦးရေနည်းတဲ့ မျိုးနွယ်စုငယ်တွေအပေါ် ဖိနှိပ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေကို တိုင်းရင်းသားနိုင်ငံရေးပါတီဥက္ကဌ တစ်ယောက် အမြင်နဲ့ သုံးသပ်ပြောပြပေးပါ။

Dr.LKDK – တိုင်းရင်းသားအချင်းချင်း အဲဒီလိုလွှမ်းမိုးခြယ်လှယ်ပြီး ဖိနှိပ်ခွဲခြားဆက်ဆံတာတွေဟာ မကောင်းဘူးဆိုပြီး ကျနော်တို့ အမြဲတမ်းပြောလာခဲ့ကြပါတယ်။ တကယ် ဆို မသိနားမလည်တဲ့ ကျေးလက်ကတိုင်းရင်းသား မျိုးနွယ်စုငယ်တွေကို အပေါ်စီးကနေ အော်ငေါက်ပြောဆို ဆက်ဆံတာမျိုးကအစ မလုပ်သင့်ပါဘူး။ ဒါမျိုးတွေဖြစ်လာတဲ့အခါကျတော့ တိုင်းရင်းသား မျိုးနွယ်စုငယ်တွေရဲ့စိတ်ထဲမှာ မခံမရပ်နိုင်ဖြစ်ကြရတယ်။ အဲဒါကြောင့် ဘယ်လူမျိုးပဲဖြစ်ဖြစ် ဦးဆောင်နေတဲ့လူတွေအနေနဲ့ တိုင်းရင်းသားမျိုးနွယ်စုငယ်တွေအပေါ်မှာ ခွဲခြားဆက်ဆံဖိနှိပ်တာတွေ မလုပ်ဘဲ စာနာစိတ်နဲ့ အလေးဂရုထားဆက်ဆံဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် အားလုံးအတွက်အဆင်ပြေသွားမယ်လို့ ကျနော်ပြောလိုပါတယ်။

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေရဲ့ စာပေ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေကို အသိအမှတ်ပြု အားပေးထောက်ပံ့ ခဲ့မှုတွေ ကို နှိုင်းယှဉ်ကြည့်ရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ စစ်အစိုးရခေတ်၊ နောက်ဒီဘက် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်နဲ့ အခုလက်ရှိ NLD အစိုးရလက်ထက် စသဖြင့် ကာလအပိုင်းအခြားတွေမှာ ဘယ်ခေတ်ဘယ် ကာလက အကောင်းဆုံး လို့ ပြောလို့ရနိုင်ပါသလဲ။

Dr.LKDK – ကျနော့်အတွေ့အကြုံအရတော့ ခုနကပြောတဲ့ခေတ်ကာလတွေထဲက ဆိုရှယ်လစ်ခေတ်၊ ၁၉၇၄ ကနေ ၁၉၈၆ အထိလောက်က ပံ့ပိုးမှုအကောင်းဆုံးလို့ပြောလို့ရနိုင်ပါတယ်။ ကျနော်တို့ လော်ဝေါ်တိုင်းရင်းသား ယဉ်ကျေးမှုအကပွဲတော်တွေ လုပ်ဖို့အတွက်ဆိုရင်လည်း ဆန်ဆီဆားကအစ ပံ့ပိုးကူညီတာမျိုးတွေရှိခဲ့တယ်။ ဒါပေမယ့် နဝတ စစ် အစိုးရခေတ် ရောက်တဲ့ အခါမှာတော့ ပံ့ပိုးကူညီမှုတွေ မရှိတော့ဘူး။ ပြီးတော့ ၂၀၁၀ ကနေ ၂၀၁၅ အထိ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း အဲဒီလိုပံ့ပိုးကူညီမှုတွေ မရှိခဲ့ပါဘူး။ အခု NLD အစိုးရလက်ထက် လောလောဆယ်မှာ တော့ ကချင်ပြည်နယ်လွှတ်တော်ကနေ ကျနော်တို့လော်ဝေါ်စာပေယဉ်ကျေးမှုအတွက် အထိမ်းအမှတ် တစ်ခုဖြစ်တဲ့ ဂျိမ်းဖောလိုဆို မနောတိုင်ပေါ့၊ အဲဒါကိုလုပ်ဆောင်ဖို့ ကူညီခွင့်ပြုပေးခဲ့ပါတယ်။ အခု ဝိုင်းမော်မှာ ကျနော်တို့လုပ်နေပါတယ်။ ရိုးရာယဉ်ကျေးမှု ဝင်းထဲမှာလုပ်နေတယ်။ အဲဒါလုပ်ဖို့ တစ် ဝက်တော့ပံ့ပိုးထားတာရှိပါတယ်။ အခု မတ်လ (၂၉) ကနေ ဧပြီ (၁) ရက်နေ့အထိ အဲဒီ ချယ်ဒွမ် (မနောတိုင်) အပ်နှင်းပွဲ လုပ်ဖို့ ရှိတယ်။ အဲဒီမှာတော့ ပြည်နယ်လွှတ်တော်ကနေ ဘယ်လောက်ပံ့ပိုးဦးမလဲဆိုတာ အတိအကျမသိသေးဘူး။ တင်ပြထားတာတော့ ရှိတယ်။ မတ်လ (၂၉) ရောက်လာတဲ့အခါတော့ ကူညီမှု ပံ့ပိုးမှု ရှိလာမလားတော့ မပြောနိုင်ဘူးပေါ့ဗျာ။ အခု NLD အစိုးရ၊ ကချင်ပြည်နယ်လွှတ်တော်ကနေ ကျနော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်တဲ့ ချယ်ဒွမ် လုပ်ဆောင်ဖို့ ပံ့ပိုးထားတာရှိတယ် လို့ ပြောနိုင်ပါတယ်။

ဖက်ဒရယ်စနစ် တည်ဆောက်ဖို့အတွက် ဥပဒေတွေ၊ မူဘောင်တွေမရေးဆွဲခင် မှာ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံး ပါဝင်ဆွေးနွေးတိုင်ပင်နိုင်တဲ့ …

ငြမ်းမီဒီယာ – ဗမာလူမျိုးကြီးဝါဒကိုထူထောင်တယ်၊ ဗမာ တွေကပဲ နိုင်ငံရဲ့အရေးပါတဲ့ နေရာတွေကိုလွှမ်းမိုးကြီးစိုး ထားတယ်ဆိုတဲ့ အချက်တွေကို တိုင်းရင်းသားအများစုက ပြောကြပါတယ်။ တိုင်းရင်းသားနိုင်ငံရေးသမားတစ်ယောက် အနေနဲ့ အဲဒီအချက်တွေကို ဘယ်လိုမြင်ပါသလဲ။

Dr.LKDK – အဲဒီအချက်တွေကိုတော့ ကျနော့်အနေနဲ့လည်း တခြားတိုင်းရင်းသားတွေ သုံးသပ်သလိုပဲမြင်ပါတယ်။ ဗမာတွေ က လည်း Burmanization လုပ်တာမူမှန်တယ်လို့ပဲ ကျနော်မြင်တယ်။ ရှင်းရှင်းပြောရရင် ဗမာတွေက ဦးဆောင်တဲ့ အခန်းကဏ္ဍမှာ ရှိနေတော့ သူတို့အကောင်းဆုံးဦးဆောင် နိုင်ဖို့ ဗမာရဲ့မူဝါဒ မူဘောင်ရှိနိုင်တယ်။ ထိုနည်းတူစွာ ကျနော်တို့ကချင်ပြည်နယ်မှာ လည်းပဲ Kachinization လုပ်နေကြတာပဲ။ ပြောမယ်ဆိုရင် ဂျိမ်းဖောတွေ ကချင်တွေ သူတို့ဘယ် လိုဦးဆောင်မယ်ဆိုတာ လုပ်နေကြ တာပဲ။ အဲဒီလိုလုပ်ကြတာတွေအပေါ်မှာကျနော်တို့ တိုင်းရင်းသားမျိုးနွယ်စုငယ်တွေရဲ့ သုံးသပ်တာကတော့ မလုပ်ရင် ပိုကောင်း တယ် လို့ မြင် ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုတွေအနေနဲ့ ဗမာကလည်း Burmanization မလုပ်ဘဲနဲ့၊ တခြားတခြားသော တိုင်းရင်းသားတွေထဲက လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေကို နေရာပေးနိုင်ရင်တော့ ကျနော်တို့ နိုင်ငံမှာ ငြိမ်းချမ်းသာယာလာမယ်လို့ ကျနော်မြင်ပါတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာများရှိရင်လည်း ပြောကြားပေးပါ။

Dr.LKDK – ကျနော်တို့နိုင်ငံမှာ ဖက်ဒရယ်မူဘောင် ပီပီပြင်ပြင်ဖြစ်လာစေဖို့ အခုလုပ်ဆောင်နေတဲ့ အခြေခံဥပဒေပြင် ဆင်ရေးမှာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံး လက်တွဲ ပါဝင်နိုင်ရင် ပိုကောင်းလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။ အခုဖွဲ့စည်းထားတဲ့ ကော်မတီထဲက (၄၅) ဦးကို မယုံလို့၊ စိတ်မချလို့တော့ မဟုတ်ပါဘူး။ ယုံကြည်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားအားလုံး နှီးနှော တိုင်ပင်ပြီး အုပ်ချုပ်မှုပိုင်း၊ ဥပဒေပိုင်းတွေ ပြောဆိုသုံးသပ်တဲ့နေရာမှာ ပါဝင်ခွင့်ရမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ လည်း ကျေနပ်ငြိမ်းချမ်းမှုတွေ ပိုဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ဖက်ဒရယ်စနစ် တည်ဆောက်ဖို့အတွက် ဥပဒေတွေ၊ မူဘောင်တွေ မရေးဆွဲခင် မှာ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံး ပါဝင်ဆွေးနွေး တိုင်ပင်နိုင်တဲ့ အစည်းအဝေး တစ်ခုလောက် လုပ်နိုင်ရင်တော့ ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်နိုင်တယ်လို့ ကျနော်တို့အကြံပြုလိုပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,