အခြေခံဥပဒေပြင်နိုင်ဖို့ဆိုရင် နောက်ထပ် (၁၀) နှစ်နဲ့ ပြင်နိုင်ရင် ကံကောင်း – အပိုင်း(၂)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း

“ ခင်ဗျားတို့ကို ပစ်သတ်လို့ရတယ်။ ဘာထင်သလဲ” ဆိုပြီး ကျနော်တို့ ကို ဆဲတာဗျာ။ ပြီးတော့ မြေပုံနဲ့ ဘောပန်နဲ့ ပစ်ချပေးပြီး “ဆွဲစမ်း မင်းတို့ …

တိုင်းရင်းသားပါတီများအနက် အင်အားကြီးပါတီတစ်ခုဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ (၅၈) နေရာအထိ အနိုင် ရခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို ငြမ်းမီဒီယာက တွေ့ဆုံ မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ရှမ်းပြည်မှာ အစိုးရခွင့်ပြုချက်နဲ့ အကောင်အထည်ဖော်နေတဲ့ တချို့စီမံကိန်းတွေဟာ ဒေသခံတွေအတွက် ထိခိုက်မှု တွေရှိနေတယ်ဆိုတာ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုနေတာတွေရှိတယ်။ ဥပမာ ပင်လောင်းက တီကျစ်ကျောက်မီးသွေးမိုင်းနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းလို မျိုးပေါ့။ အဲဒီလိုကိစ္စတွေမှာ SNDP ရဲ့ မူဝါဒနဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ ဒေသခံတွေကို ပါတီက ဘယ်လိုပံ့ပိုးမှုတွေ ဆောင်ရွက်ပေးပါသလဲ။

USAP – အဲဒီ တီကျစ်က အရင်တုန်းက ကျနော်နဲ့ဆိုင်တယ်။ ကျနော် ခဏခဏ သွားစစ်ပြီး ပိတ်ဖို့ သင့်တယ်လို့ ပြောခဲ့ သေးတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးက သစ်တောရေးရာဝန်ကြီး လက်အောက် မှာ ရှိတာလေ။ ကျနော့် ညွှန်ကြားရေးမှူး ကို လည်း ခဏခဏ သွားစစ် ခိုင်းခဲ့တယ်။ အဲဒီနားက ရွာသားတွေအတွက် ဒီကျောက်မီးသွေးအမှုန်တွေ၊ အငွေ့တွေ ကြောင့် ကျန်းမာရေးတော် တော်ထိခိုက်တယ်။ ဒီ ပိတ်ဖို့သင့်တဲ့ဟာကြီးကို ချက်ချင်းဘာလို့မပိတ်တာလဲဆိုတာ ကျနော် တောင် အံ့သြတယ်။ ဒါက မဖြစ်သင့်ဘူး။ ဒေသခံပြည်သူလူထုရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်တဲ့ ကိစ္စကြီးပဲလေ။ သဘာဝ ပတ်ဝန်း ကျင် လည်း ထိခိုက်တယ်။ ဒါဟာ ခွင့်ပြုဖို့ မသင့်ဘူး။ ကျနော်နဲ့ ဆိုင်တဲ့ ကိစ္စ ဆိုတော့ ကျနော် တီကျစ်ကို နှစ်ခါ သုံးခါ လောက် သွားတယ်။ တော်တော်လေးကို ဆိုးရွားတယ်။ အဲဒီအနီး အနားကရွာတွေမှာ ကျောက်မီးသွေး အမှုန်အမွှားတွေကြောင့် Air Pollution ဖြစ်တယ်။ လေထု ညစ်ညမ်းပြီး လူတွေ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဆိုးဆိုးရွားရွား ဖြစ်စေ တော့ ဒါကို ပိတ်ကိုပိတ်ရမှာ။ ဒီကုမ္ပဏီတွေ ဘယ်သူပိုင်လဲတော့ ကျနော်လည်းမသိဘူး။ ဒါပေမယ့် ပြည်သူလူထုရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် ပိတ် ကိုပိတ်ရမယ်။ တကယ်လို့ မပိတ်ချင်ရင် ပြည်သူလူထုနဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင်လုပ်လေ။ ဂျပန်ကို ကျနော်သွားလေ့လာတော့ တိုကျိုမြို့ပေါ်မှာ ကျောက်မီးသွေးနဲ့ လျှစ်စစ်ထုတ်တာ စက်ရုံ (၈) ရုံရှိတယ်။ ဒါပေမယ့် သူတို့ က အဆင့် မြင့်တယ်ဗျ။ နည်းပညာမြင့်တော့ ပြည်သူလူထုကို လုံးဝမထိခိုက်အောင် လုပ်ထားနိုင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီအချိန်က တိုင်းရင်းသားတွေအားလုံးက လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နိုင်သွားရင် တိုင်းရင်းသားတွေကို ကြည့်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့

တိုကျိုမှာ လူဦးရေ သန်း (၂၀) ကျော်ရှိတယ်လေ။ ကျောက်မီးသွေးနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေမယ့် သူတို့က ဘယ်လို ကျောက်မီးသွေးတွေနဲ့ ဘယ်လို အဆင့်မြင့် နည်းပညာတွေ သုံးသလဲတော့ မသိဘူးပေါ့ဗျာ။ သူတို့ကတော့ လုပ်နေတာပဲ။ လျှပ်စစ် တွေ ထုတ်နေတာပဲ။ အဲဒီတော့ ကျနော်တို့ အဲဒီလိုလုပ် နိုင် သလား၊ ဂျပန်လို Air Pollution မဖြစ်အောင်၊ လူတွေနဲ့ သဘာဝ ပတ်ဝန်း ကျင် မထိခိုက်အောင် လုပ်နိုင်တယ်ဆိုရင်တော့ ခြွင်းချက် နဲ့ ဒါကိုခွင့်ပြုသင့်တာပေါ့။ လူတွေကိုထိခိုက်ရင်တော့ ပိတ်ကို ပိတ် ပစ် ရမှာပဲ။ မပိတ်ချင်ရင် တကယ့်ကမ္ဘာ့စံချိန် စံညွှန်းနဲ့ အညီ လုပ်လေ။ ဘယ်သူအစိုးရဖြစ်ဖြစ် ဒီလိုပဲ စကား ပြောရမယ်။ အဲဒီလို ပြောကို ပြောရမှာပဲ။ ကျနော်တို့လည်း အဲဒီလိုပြောခဲ့တယ်။ အဲဒီ တီကျစ်နားမှာ ရှမ်းရွာတွေရှိတယ်လေ။

ငြမ်းမီဒီယာ – ရှမ်းပြည်နယ်ဟာ ဧရိယာအားဖြင့်လည်းကျယ်ပြန့် သလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလည်း အမျိုးမျိုး ရှိတယ်။ ရှမ်းဒေသတစ်ခုတည်းမှာတင် RCSS နဲ့ SSPP ဆိုပြီး ရှိတယ်။ ဆိုတော့ တစ်ချိန်မှာဖြစ်လာနိုင်တဲ့ ဖက်ဒရယ် ကိစ္စတွေ၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် နိုင်ငံရေးပါတီ တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား နိုင်ငံရေးအရ ဘုံရည်မှန်းချက်တွေ၊ သဘောတူညီမှုတွေကို ဆွေးနွေးထားတာမျိုး ရှိသလား။

USAP – အဲဒါကတော့ မရှိဘူးလေ။ ကျနော် RCSS ဗဟိုဌာနချုပ်ကိုသွားခဲ့တယ်။ သူတို့က NCA ထိုးထားတယ်။ ကျနော် တစ်ယောက်တည်း သွားတာမဟုတ်ဘူး။ အဖွဲ့တွေနဲ့သွားတာ။ ဆယ်ယောက်ကျော် ကျနော်တို့ သွားခဲ့တာ။ သူတို့ရည် မှန်းချက်က ဘာလဲ၊ သူတို့ ဖက်ဒရယ်က ဘယ်လိုလဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အရင်တုန်းက သူတို့ လွတ်လပ်ရေးလို့ ကြေညာတယ်ဗျာ၊ ဒါပေမယ့် အခုက လွတ်လပ်ရေးဆို ဒါ ယုတ္တိ မတန်ဘူးလေ။ လွတ်လပ်ရေးဆိုရင် ဖြစ်လည်း မဖြစ်နိုင်တော့ဘူး။ ရှမ်းပြည်မှာ ဒီလောက် လူမျိုးစုတွေများတာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဒီလောက်များတာ၊ လွတ် လပ်ရေးရရင် ကိုယ့် အချင်းချင်း တွေ လာတိုက်နေမှာပေါ့။ ‘ဝ’ ကလည်းတမှောင့်၊ ပအိုဝ်းကလည်း လက်နက်ကိုင်ရှိတယ်။ ပလောင်လည်းရှိတယ်။ ကိုးကန့် လည်း ရှိတယ်၊ ကဲ ဘယ်လိုလုပ်မလဲ။ အဲဒီတော့ အခွင့်အရေး ညီတူညီမျှရမှ ဖြစ်မှာ။ ရှမ်းပြည်က ဖက်ဒရယ်ရရင် သူတို့ ဒေသမှာ သူတို့အသေချာ အုပ်ချုပ်ခွင့်ရမှ ဖြစ်မယ်လေ။ ခင်ဗျား ပြောတဲ့ ဖက်ဒရယ်ဖြစ်ဖို့ဆိုတာ ဒီပုဒ်မ ၂၆၁ ကို ပြင်ဖို့ တောင် ဒီလောက် ခက်ခဲနေရင် ဒါကြီးက နောက်ထပ် (၁၅) နှစ်၊ အနှစ် (၂၀)၊ ကျနော်ထင်တယ်၊ ကျနော်တို့ အသက်အရွယ်တော့ မီမယ်မထင်ဘူး။

မိုင်းတုံမှာရေကာတာလုပ်လိုက်ရင် သံလွင်မြစ် ရဲ့မြစ်လက်တက် တစ်ခုဖြစ်တဲ့ နမ့်ပန်က ရေတက်လာမယ်။ ရေတက်လာရင် ကွမ်ဟိန်းကိုမြုပ်မယ်။ အဲဒီတော့ …

ဒီအခြေခံဥပဒေ (၄၅) ဦးကော် မတီနဲ့ လုပ်နေတာ၊ ကျနော် ထင်တယ် ဒီလွှတ်တော်က နောက်ထပ်သုံးကြိမ်ထက် မပိုတော့ဘူး။ ဒီပြည်ထောင်စုလွှတ်တော်အစည်းအဝေးက သုံးကြိမ် ထက်မပိုတော့ဘူး။ ခန့်မှန်းကြည့်တာပေါ့နော်။ မှားချင် လည်းမှားမယ်၊ မှန်ချင်လည်းမှန်မယ်။ ပြောလို့မရဘူး။ ဒါပေမယ့် လွှတ်တော်တစ်ခါလုပ်လိုက်၊ နားလိုက်၊ ပြန်ခေါ်လိုက်နဲ့ ၂၀၂၀ ဇွန်လလောက် ကျရင် ရွေးကောက်ပွဲ နီးတော့ လှုပ် ရှားရတော့မယ်လေ။ ဇန်နဝါရီလလောက်မှာတောင် ရွေးကောက်ပွဲအတွက်စပြီး လုပ်ကြနိုင် တယ်။ အဲဒီတော့ ဒီအခြေခံဥပဒေကိစ္စက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အမှန်က အကောင်းဆုံးက အခြေခံဥပဒေပြင်နိုင်ဖို့ဆိုရင် လက်ရှိ NLD အစိုးရနဲ့ တပ်နဲ့ ခေါင်းချင်းဆိုင်ပြီးတော့ ညှိရမယ်။ တကယ် တမ်းဆို အမျိုးသားညီလာခံပုံစံမျိုး လက်ရှိအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေ သေသေချာချာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမှာ။ အခု (၂၁) ရာစုပင်လုံ၊ ကျနော်တို့လည်း သွားတက်နေတာပဲ။ ကျနော်အပါအဝင် ကျနော်တို့ပါတီက (၆) ယောက် သွားတက်ရတယ်။ သွားတက်ရပေမယ့် ဒီဟာက သူတို့ ချလာတဲ့ခေါင်းစဉ်တွေကိုပဲ ဆွေးနွေးရမယ်ဆိုတော့ ဘယ်တော့မှ မပြီးနိုင်ဘူး။ နောက်ထပ် (၁၀) နှစ်နဲ့ ပြီးရင် ကံကောင်း။ အခြေခံဥပဒေပြင်နိုင်ဖို့ဆိုရင် နောက်ထပ် (၁၀) နှစ်နဲ့ပြင်နိုင်ရင် ကံကောင်း။ ကျနော်ပြောတာ ခင်ဗျားတို့မှတ် ထားလိုက်။ နောက် ၂၀၂၀၊ ၂၀၃၀ ကြည့်လိုက်။ အဲဒီအချိန်ကျ ကျနော်လည်း ရှိချင်မှရှိတော့မှာ။ အမှန်ကတော့ တကယ်သာ တိုင်းပြည်ကိုချစ်တယ်၊ ပြည်ထောင်စုကြီးကိုချစ်တယ် ဆိုရင်တော့ မြန်မြန်ဆန်ဆန်ဖြစ်အောင် လုပ်ရမယ်။ ကျနော် တို့ ဒီဟာတွေက အပြင်က ဆွေးနွေး လိုက်၊ တင်ပြလိုက်နဲ့၊ တချို့ကလည်း နိုင်ငံတော်အတိုင်ပင်ခံကို တင်ပြရဲချင်မှ တင်ပြရဲမှာ လေ။ တပ်မှာလည်းဒီလိုပဲ တပ်ချုပ်ကို တင်ပြရဲချင်မှ တင်ပြရဲမှာ။ ကျနော်တို့ကကျတော့ အရပ်သားလေ။ တပ်ချုပ်နဲ့ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ ကျနော်ပွင့်ပွင့်လင်းပဲ ပြောခဲ့တာပဲ။ ပြည်ထောင်စုလုပ်ပိုင်ခွင့် တအားများတယ်နော် တပ်ချုပ်ကြီး၊ ဇယား (၁) ကနေ ဇယား (၂) ကို ပြောင်းရမယ် လို့။ တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အများကြီးတော့ သူတို့ မဖြည့်ဆည်း နိုင်သေးဘူးဆိုတာလည်း ကျနော်တို့သိတယ်။ သူတို့ အာဏာကို ကိုင်လာတာကြာပြီလေဗျာ။ ခင်ဗျားလည်း အာဏာရှိရင် ချက်ချင်းတော့ မလွှတ်ချင်ဘူးပေါ့၊ တဖြေးဖြေးချင်းတော့ လျော့သွားမှာပေါ့။ မဟုတ်ဘူးလား။ အင်ဒိုနီးရှားလည်း အရင်တုန်းက အဲဒီလိုပဲလေ။ ဒီအတိုင်းပဲသွားရမှာပေါ့။ ကျနော်တို့က Aim and Objective ကို ဘယ်လိုထားရမလဲဆိုတော့ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးဖို့အတွက်၊ ဒါကိုပဲလုပ်ရမယ်။ Aim and Objective တစ်ခုထားပြီး ပွင့်ပွင့်လင်းလင်း ဆွေး နွေးရမယ်။ တပ်က စိုးရိမ်တဲ့ဟာတွေလည်းရှိတယ်။ တိုင်းရင်းသားတွေက ဘာလိုချင်လဲ၊ တပ်ကဘယ်လိုလဲ၊ အစိုးရက ဘယ်လိုလဲ ဆိုတာကိုပေါ့။

ငြမ်းမီဒီယာ – လွှတ်တော်မှာ အခြေခံဥပဒေပြင်ဖို့ ကော်မတီဖွဲ့ပြီးဆောင်ရွက်နေတာရှိတယ်။ တချို့လည်း အဲဒီ ကော်မတီထဲက နှုတ်ထွက်ကြတာလည်းရှိတယ်။ အဲဒီမှာ ပုဒ်မ ၂၆၁ နဲ့ပတ် သက်ပြီး ရခိုင်ပြည်နယ်က အမတ်တစ်ယောက် တင်ပြတာလည်း ရှိတယ်လို့ သိရတယ်။ ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ကိစ္စကို ဘယ်လို သုံးသပ်ချင်ပါ သလဲ။

USAP – အခု NLD တင်ပြတဲ့ အချက်တွေမှာ ပုဒ်မ ၂၆၁ ကို ပြင်ဖို့ ဆိုတာမပါဘူးလို့ကြားတယ်။ ဟုတ်လား မဟုတ်လား ကျနော် လည်း မသိသေးဘူး။ တကယ်တမ်းကျတော့ ပြည်ထောင်စုထဲမှာ အမျိုးသားရေး စိတ်ဓာတ်ပြင်းတာ ရခိုင်၊ ရခိုင်ပြီးရင် ကျန်တဲ့ တိုင်းရင်းသားတွေက သူမသာ ကိုယ် မသာ အတူတူလောက်ပဲ။ အခု NLD ရှမ်းပြည်မှာလာပြိုင်လည်း ရှမ်း မဟုတ်တဲ့ဒေသပဲ သူနိုင်ချင်နိုင်မယ်။ ရှမ်းဒေသမှာ သူနိုင် စရာ အကြောင်းမရှိဘူး။ ၁၉၉၀ တုန်းက NLD က အများကြီးနိုင်တဲ့အချိန်မှာ ကျနော်တို့ (၂၃) နေရာနိုင်ခဲ့တယ်။ အဲဒီတုန်းက ကျနော်က SNLD ကျားခေါင်းပါတီရဲ့ အထွေထွေအတွင်းရေးမှူးပေါ့။ အဲဒီမှာ တ.စ.ည က (၁၀) နေရာပဲနိုင်တာ။ အမျိုးသားညီလာခံ ၁၉၉၃ ကနေ ၁၉၉၆ အထိ ကျနော်တို့ ကျိုက္ကစံမှာ တက်ရတယ်။ အဲဒီတော့ တိုင်းရင်း သား ဒေသတွေမှာ တိုင်းရင်းသားပါတီကို နိုင်ဖို့ဆိုတာ မလွယ်လောက် ဘူးလို့ ကျနော်ထင်တယ်။ ဒါဖြင့် ခင်ဗျားတို့ က မေးမယ်၊ ကချင်တို့၊ ကရင်တို့၊ မွန်တို့မှာ ဘာဖြစ်လို့ NLD နိုင်လဲလို့။ အဲဒါက ဒီလိုလေ၊ အဲဒီအချိန်က တိုင်းရင်းသားတွေအားလုံးက လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နိုင်သွားရင် တိုင်းရင်းသားတွေကို ကြည့်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမယ့် အခု (၄) နှစ်ပြည့်သွားပြီလေ။ ထင်သလို မဖြစ် လာဘူးလေ။ နောက်ငါးနှစ်ဆိုရင် စိတ်ဓာတ်တွေ သွားပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သူ Landslide မနိုင်နိုင်ဘူး ထင်တယ်။ တိုင်းဒေသကြီးမှာတော့ အများကြီးနိုင်မှာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ရှမ်းပြည်နယ်က တရုတ်နဲ့လည်း နယ်နိမိတ်ချင်းထိစပ်နေတော့ တရုတ်နဲ့ပတ်သက်ပြီး SNLD ရဲ့ မူဝါဒကို သိပါရစေ။

USAP – တရုတ်နဲ့ ပတ်သက်လို့ကတော့ အိမ်နီးချင်းဆိုတာ ကောင်းကောင်းဆိုးဆိုး ရွေးစရာမရှိဘူး။ တည့်အောင်၊ သင့်မြတ် အောင်တော့ ပေါင်းရမယ်ဗျ။ မသင့်မြတ်လို့တော့မရဘူး၊ သူကအင်အားကြီးတယ်ဗျ။ ခင်ဗျားတို့ လေ့လာကြည့်လိုက်၊ အရင်က ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို မော်စီတုန်းက အားပေးထားတယ်။ လက်နက်တွေပေးတယ်၊ လိုအပ် တာတွေ ထောက်ပံ့တယ်။ ကျနော်က နမ့်ခမ်းဇာတိဆို တော့၊ မူဆယ်မှာလည်း ကျောင်းဆရာ လုပ်ခဲ့တယ်ဆိုတော့၊ ဗကပ တွေ မူဆယ်ကို ဝင်တိုက်တာ၊ မူဆယ် တစ်ရက်လား နှစ်ရက်လားမသိ ကျသွားတယ်။ ဘဏ်တွေလည်းဖောက်ခံရတယ်။ နောက် ကြူကုတ် ပန်ဆိုင်းကို ဝင်သိမ်း ထားတာဆို အကြာကြီးပဲ။ အဲဒီတုန်းက ရုပ်ရှင်မင်းသားဇင်ဝိုင်းတို့အဖေ ဗိုလ်မှူးစိန်မောင်က တပ်ရင်းမှူး၊ သူ့ကို ဗကပတွေက တရုတ်ပြည်ကို ဖမ်းခေါ်သွားတာလေ။ တော်တော်ကြာပြီးမှ လွတ်ပေးလိုက်တာ။ အဲဒီတော့ တရုတ်က အရင်က နဲ့တောင် မတူ တော့ဘူးလေဗျာ။ သူက Super Power ဖြစ်နေပြီလေဗျာ။ တိန့်ရှောင်ဖိန် တက်လာမှ ဗကပ ကို အကူအညီ ပေးတာ တွေရပ် လိုက်တာ ကံကောင်းတယ်ပြောရမယ်။ ဒီဘက်မှာ တိုင်းရင်းသားတွေကလည်း မကျေမနပ်တွေ ဖြစ်နေကြပြီလေ။ ခင်ဗျားတို့ အဲဒါကိုလည်း စဉ်းစားကြည့်၊ ဗမာပြည်ကွန်မြူနစ်ပါတီမှာ ခေါင်းဆောင်ပိုင်း အယောက်တစ်ရာ ကျော်လောက်ပဲ ဗမာတွေ၊ သူ့ အောက် မှာ ‘ဝ’ တွေ၊ ကိုးကန့်တွေ၊ ရှမ်းတွေ၊ အခါတွေက သူ့တပည့်တွေလေ။ ရှင်းရှင်းပြောရင် ကျနော် တို့ SSPP လည်း သူတို့တပည့်တွေပဲ။ နောက်ပိုင်းမှ ခွဲထွက် လာတာ။ ခင်ဗျားစဉ်းစားကြည့်လေ ဗမာတစ်ရာကျော်လောက် က အာဏာကို ကိုင်ထား တာဆိုတော့ တော်လှန်လိုက်တယ်လေ၊ ၁၉၈၉ မှာ။ Fair မဖြစ်ရင် မရဘူး။ ရေရှည်မှာ မရဘူး။

ငြမ်းမီဒီယာ – ရှမ်းပြည်နယ်ထဲမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ တရုတ်ကုမ္ပဏီတချို့ရဲ့ စီမံကိန်းတွေကြောင့် ဒေသခံတွေ ထိခိုက်နစ်နာမှု ဖြစ်စေတယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိတော့ SNDP ပါတီအနေနဲ့ အဲဒီကိစ္စတွေအပေါ် ဘယ်လို သဘောထား ရှိပါသလဲ။

USAP – အဲဒါကျတော့ နစ်နာတယ်ဆိုရင် နေရာဒေသအတိအကျ ပြောမှရမှာပေါ့။ ကျနော်ပြောပြမယ်။ တရုတ်ပြည်ရွှေလီကနေ နမ့်ခမ်းကို တံတားဆောက်မယ်ဆိုပြီး လယ် တွေကိုအများကြီး သိမ်းမယ် လုပ်တော့ ကျနော်တို့ ကျားဖြူပါတီက ကန့်ကွက် လိုက် တယ်။ ခင်ဗျားတို့ သတင်းတွေမှာ ဖတ်ရမှာပေါ့။ ဒါက တောင်သူလယ်သမားတွေ အများကြီးထိခိုက်မယ် လေ။ နမ့်ခမ်းက ကျနော့်ဇာတိဆိုတော့ ကျနော်ကောင်းကောင်း သိတယ်။ ရွှေလီဆိုတာ ကျနော်တို့ရှမ်းလိုဆို မိန်းမောင်း၊ မိန်းမောင်းဆိုတာ ရှမ်းဘုရင်တွေ နန်းစိုက်ခဲ့တဲ့နေရာ။ ဆိုတော့ ကျနော်တို့ရှမ်းဒေသကြီးကို တရုတ်တွေက လွှမ်းမိုးလာတယ်။

ကျနော့်ကို ဒေါကန်နေသေးတယ်။ ပြည်ထဲရေးက ဗိုလ်ချုပ်ကြီးကိုကိုကလည်း ဘာဖြစ်တယ် ညာဖြစ်တယ်တွေပေါ့ဗျာ။ ကျနော်ပြောတာ ဒါတွေက …

သူတို့က ပိုက်ဆံရှိတော့ တစ်ရာတန်ကို သုံးရာပေးဝယ်တယ်၊ အဲဒီတော့ရှမ်းတွေက မတန်တဆရတော့ရောင်းတယ်၊ ရတဲ့ ပိုက်ဆံကို သားသမီးတွေကို အမွေခွဲပေး၊ သားသမီးတွေက မလိမ္မာတော့ ကားဝယ် ဆိုင်ကယ် ဝယ် လောင်းကစား ကုန်ရော။ အလုပ်အကိုင်ကမရှိတော့ တံမြက် စည်းလှည်းတဲ့အဆင့် ရောက်သွားရော။ ကျနော် တို့က အဲဒီလိုဖြစ်တာတွေကို ကိုယ်တွေ့ မြင်နေရတယ်။ အဲဒီတော့ ကျနော်တု့ိက သူတု့ိအဲဒီလိုလာပြီးလုပ်လို့မရအောင် နေရမယ်။ ကျနော်တို့ နမ့်ခမ်းမှာဆို မရဘူး။ တရုတ်တောင် မဟုတ်ဘူး၊ ဗမာပြည်က ခရိုနီတွေတောင် မူဆယ်ကနေ နမ့်ခမ်းအထိ ရွှေလီမြစ်ဝှမ်းတစ်လျှောက် လမ်းဘေးမှာ Housing Project လုပ်မယ်ဆိုပြီး လာသေးတယ်။ လယ်တွေအကုန် သိမ်းပြီးလုပ်မယ်ပေါ့။ ကျနော့်အမေက မူဆယ် ဇာတိ။ ကျနော်တို့ ဘိုးဘွားတွေ အစဉ်အဆက် လုပ်ခဲ့ကြတဲ့လယ်တွေ။ ကျနော်ကိုယ်တိုင်တောင် ငယ်ငယ်က ရွှေလီမြစ်ကမ်း အဲဒီ နေရာတွေမှာ ကျွဲတွေ၊ နွားတွေ ကျောင်းလာတာ။ အဲဒီမှာ ကျနော်တို့ရှမ်းတွေက နှစ်ပေါင်းရာနဲ့ချီပြီး လယ်ယာလုပ်ငန်းတွေ လုပ်လာတာ။ အရမ်းကောင်း တဲ့လယ် တွေပါ။ ဒါကိုအကုန်လုံးသိမ်းပြီး Housing Project လုပ်မယ်ဆိုတော့၊ မူဆယ်မှာ အဲဒီ Housing Project ကို ဘယ် သူတွေက နေဖို့လာဝယ်မှာလည်း။ ဒါ သက်သက် နေရာဦးထားချင်တဲ့ သဘောမျိုးနဲ့လုပ်တာ။ အဲဒါနဲ့ ကျနော်နေပြည်တော်လာပြီး ဒုသမ္မတဦးဉာဏ်ထွန်းနဲ့ တွေ့ပြီးပြောတယ်။ သူက အဲဒီတုန်းက မြေယာ ကော်မတီဥက္ကဌလေ။ သမ္မတကြီး ဒါက မဖြစ်သင့်ဘူး၊ ဒါနေရာဦးထားချင်လို့လုပ်တာလို့ ပြောလိုက်တယ်။ အဲဒီတော့မှ အစီအစဉ်ပျက်သွားတာ။ အဲဒီတုန်းက လယ်/ဆည် ဝန်ကြီးက ဦးမြင့်လှိုင်လားမသိဘူး။ သူက ကျနော့်ကို ဒေါကန်နေသေးတယ်။ ပြည်ထဲရေးက ဗိုလ်ချုပ်ကြီးကိုကိုကလည်း ဘာဖြစ်တယ် ညာဖြစ်တယ်တွေပေါ့ဗျာ။ ကျနော်ပြောတာ ဒါတွေက မလိုအပ်ဘူးလေ။ ဒါ မြေလွတ်မြေရိုင်းမှမဟုတ်တာ၊ လယ်မြေတွေချည်းကို။ အဲဒါနဲ့ အဲဒီ Housing Project အစီအစဉ်လည်း ပျက်သွားတယ်။

ငြမ်းမီဒီယာ – နေရာအတိအကျပြောလို့ဆိုတော့ တချို့ တရုတ်စီမံကိန်းတွေက လျာထားချက် အနေနဲ့တိတိကျကျ ရှိနေပြီ၊ ဘယ်နေရာဘယ်နေရာဆိုတာကို မြေပြင်မှာငုတ်မစိုက်သေးတာပဲရှိတော့ ဘယ်ဒေသက ဘယ်ပြည်သူ ထိခိုက်နေပါပြီဆိုပြီး လက်ဆွဲခေါ်ပြဖို့တော့ခက်တယ်။ ဥပမာ BRI ဆို ကျိမ်းသေပေါက် ရှမ်းဒေကို ဖြတ်မှာပဲ။ မြန်မာပြည်မှာလုပ်နေတဲ့ တရုတ်စီမံကိန်းအများစုမှာ ဒေသခံတွေနစ်နာမှုရှိခဲ့တာ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေအရ လိုအပ်ချက်ရှိနေခဲ့တာကို အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြနေတာ ကျယ်ကျယ်လောင် လောင်ကြားနေရတာပဲ။ မေးခွန်းက အဲဒီလိုဖြစ်လာခဲ့ရင် SNDP ရဲ့ သဘောထားမူဝါဒ ဘယ်လိုရှိသလဲ ဆိုတာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

USAP – BRI က ရှမ်းပြည်နယ်ကိုဖြတ်မယ်ဆိုတာ သူတို့ပြောထားပြီးသားလေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ MOU ထိုးထား ပြီးသား လေ။ အဲဒီတော့ ပြည်သူလူထု၊ လယ်သမားထု တွေကို ထိခိုက်မယ်ဆိုရင် ကျနော်တို့က လုံးဝကန့်ကွက် မယ်။ ခုနက လက်တွေ့ ကိစ္စကို ခင်ဗျားကိုကျနော်ပြောပြခဲ့တာလေ။ အဲဒါတွေကြောင့်မို့လည်း ကျနော်တို့ပါတီကို တရုတ် ကစိတ်ခုသွားတယ်။ အရင်တုန်း ကဆို ကျနော်တို့ပါတီကို တရုတ်ကိုဖိတ်ခေါ်တာတွေ၊ ကျနော်တို့ကို လာတွေ့ဆုံတာ တွေရှိတယ်။ နောက် သူတို့က သံလွင်မြစ်ကို မိုင်းတုံကနေ ရေအားလျှပ်စစ်လုပ် ချင်တယ်တဲ့။ မဂ္ဂဝပ် ခုနစ်ထောင်ကျော် လား၊ ခုနစ်ထောင်လားမသိဘူး။ တရုတ်ကုမ္ပဏီ ရယ်၊ နောက် ဗမာပြည်ကကုမ္ပဏီတစ်ခုရယ်၊ ထိုင်းရယ်၊ သြစတေးလျကပညာရှင်တွေလည်းပါတယ်။ သူတို့က ကျနော်တု့ိ ရှမ်းပြည်နယ် အစိုးရကို လာတွေ့ဆုံပြီးပြောတာ။ အဲဒီအချိန်က ကျနော်တာဝန်ထမ်းဆောင်နေတုန်းပေါ့။ အဲဒီ သြစတေးလျ ပညာရှင်နဲ့ အဖွဲ့က ကျနော့် ရုံးခန်းကိုလာပြီးရှင်းပြတယ်။ မိုင်းတုံမှာရေကာတာလုပ်လိုက်ရင် သံလွင်မြစ် ရဲ့မြစ်လက်တက် တစ်ခုဖြစ်တဲ့ နမ့်ပန်က ရေတက်လာမယ်။ ရေတက်လာရင် ကွမ်ဟိန်းကို မြုပ်မယ်။ အဲဒီတော့ ကျနော်က ကွမ်ဟိန်း အထိ ရေမြုပ်မယ့် ကိစ္စ ခင်ဗျားတို့ကို ဘယ်လိုလုပ်ထောက်ခံ ပေးလို့ ရမလဲ ဆိုပြီးပြောလိုက်တယ်။ ကျနော်တို့ လုံးဝမထောက် ခံနိုင် ဘူးလေ။ အဲဒါ ကြောင့် ခုထက်ထိ အဲဒီစီမံကိန်း မလုပ်ဖြစ်တော့တာ။ အမှန်က ရေကာတာကြီးလုပ်ပြီး ရေအားလျှပ်စစ် လုပ် တာက ခေတ်မမီတော့ ဘူး။ အမှန်က နည်းပညာအသစ်တွေ အရဆို ရေစီးတဲ့ အရှိန်နဲ့ လုပ်ရင်တောင် ထိုက်သင့်တဲ့ မဂ္ဂါဝပ် ရနိုင် တာပဲ။ ရေကာတာကြီး တွေနဲ့ လုပ် မယ်ဆိုတာ အန္တရာယ်တော့များတယ်။ အခု မြစ်ဆုံဆည် လို ပေါ့၊ ကန့်ကွက်တဲ့လူတွေ အများကြီးပဲလေ။

ငြမ်းမီဒီယာ – SNDP က ရှစ်ပြည်နယ်မူကို လက်မခံဘဲ (၁၄) ပြည်နယ်မူကိုပဲ လက်ခံထားတယ်လို့ သိရတယ်။ အဲဒါ ဘယ်လိုနိုင်ငံရေးခံယူချက်ကြောင့်လဲ။

USAP – ခင်ဗျားတို့ကို ကျနော်ပြောပြမယ်။ အဲဒီ ရှစ်ပြည်နယ် မူကို ပထမဆုံး စင်ပေါ်မှာ တရားဝင် သွားပြောတာ ကျနော်ဗျ။ အဲဒီ တုန်းက ကျနော်ကကျားခေါင်းရဲ့အထွေထွေ အတွင်းရေးမှူး။ ညွှန့်လွင်ကကျနော့် လက်အောက်က။ ကျနော်သွားပြီးတော့ စာတမ်း ဖတ်တယ်။ အဲဒီမှာ ကျနော်တို့က ရှစ်ပြည်နယ်လို့ပြောတာ။ ရှစ်ပြည်နယ်လို့လည်း ပြောလိုက်ရော ထမင်းစားချိန်ကျ တစ်ခါတည်း ကျနော်နဲ့ (ဦး) ခွန်ထွန်းဦးကို 323 ကားနဲ့ လာခေါ်တယ်။ (ဦး) ခွန်ထွန်းဦးက ဥက္ကဌ လေ။ ကျနော်တို့ကို ဘယ်ခေါ် သွားလည်း ဆိုတော့ ဒီဥယျာဉ်လမ်းက ထောက်လှမ်းရေးရုံးကို ခေါ်သွားတာ။ အဲဒီတုန်းက ဒုတိယဗိုလ်ချုပ်ကြီးမျိုးညွှန့်က ဥက္ကဌ၊ ဦးအောင်တိုး၊ ဦးသာထွန်း ဗိုလ်ချုပ်တွေ ချည်းပဲ၊ ဒီဘက်အခြမ်းမှာလည်း ဗိုလ်ချုပ်တွေချည်းပဲ။ ကျနော်တို့ကို ဆူတာ ဆဲတာ။ ခင်ဗျားတို့က ရှစ်ပြည်နယ် ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ ပြောတာ ပြောတာ၊ ဒုတိယဗိုလ်ချုပ်ကြီးမျိုးညွှန့်က ပြောလိုက်၊ ဦးအောင်တိုးက ပြောလိုက်၊ ဦးသာထွန်းက ပြောလိုက်နဲ့ပေါ့။ အဲဒီတုန်းက ဗိုလ်မှူးကြီးသန်းစိန်ဆိုလား၊ သိန်းစိန်ဆိုလား၊ ဒုဝန်ကြီးလား ဘာလားမသိဘူး၊ သူကပြောတာ တော် တော်ကြမ်းတယ်။ သူက ကျနော်တို့နှစ်ယောက်ကို ဒေါကန် နေတာ။ ကျနော်တို့ လည်း ဒီတစ်ခါတော့ ထောင်ထဲထည့်မယ်ထင်တယ်လို့ တွေးနေတာ။ ကျနော် (ဦး) ခွန်ထွန်းဦး ကို တံတောင်နဲ့တွတ်ပြီး ပြောဆိုတော့ သူကလည်းမပြောဘူး။ မပြောတော့ ကျနော် ထပြီးပြောတာပေါ့။ “မဟုတ်ဘူးလို့၊ ကျနော်တို့က ရှစ်ပြည်နယ်မူ ဆိုပေမယ့် ဒါက Political Bargaining ၊ နိုင်ငံရေးဈေးဆစ်တာပဲ။ ဥက္ကဌကြီးတို့က ရှစ်ပြည်နယ်မသင့်တော်ဘူး၊ (၁၀) ပြည်နယ်ဆိုလည်း ညှိကြတာပေါ့၊ နောက်ဆုံး (၁၀) ပြည်နယ်မရလဲ (၁၄) ပြည်နယ်ဆိုလည်း အဓိက ကျနော်တို့က တန်းတူညီမျှမှုပဲ လိုချင်တယ်” လို့ပြောခဲ့ရတယ်။ အဲဒီလိုပေါ့။ ခင်ဗျားတို့ စဉ်းစားကြည့် ဒါ ကျနော် ကိုယ်တိုင် တင်ခဲ့မူပဲဗျာ။ ဆန္ဒပဲရှိတယ်လေ၊ အမှန်ဘ၀ ဟုတ်မှ မဟုတ်တာ။ ခင်ဗျား ဗမာ (၁၀) ယောက်၊ ဗမာ အယောက် (၁၀၀)၊ ဗမာအားလုံး သွားမေးကြည့်လိုက်၊ (၉၉) ယောက်က သဘောမတူဘူး။ ဘာဖြစ်လို့လည်း၊ ခင်ဗျားစဉ်းစားကြည့်လေ၊ တိုင်းဒေသကြီးတွေ အားလုံးပေါင်းပြီး ပြည်နယ်တစ်ခုဖြစ်ရမယ်လေ၊ ဗမာပြည်နယ်၊ ကျန်တဲ့ပြည်နယ်က ခုနစ်ခု။ ပေါင်းလိုက်တော့ ရှစ်ပြည်နယ်ပေါ့။ အဲဒီတော့ ဗမာ တွေက သဘောမတူဘူးလေ။ ဟိုတလောတုန်းက ဆုံးသွားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြင့်ပေါ့၊ အဲဒီတုန်းက ဒီရှစ်ပြည်နယ် ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ကို ဝန်ကြီးများရုံးကိုခေါ်သွားတယ်။ ရှမ်းထဲက ကျနော့်ကိုခေါ်တယ်၊ ရခိုင်ထဲက ဦးသာဘမ်း၊ ကချင်ကဆို ဆမားဒူးဝါးနောင်ရဲ့သား ဆမားဂျေခွားနော်၊ မွန်ထဲကဆို နိုင်ငွေသိန်း၊ ချင်းကတော့မမှတ်မိတော့ဘူး။ အကုန်လုံး ကျနော်တို့ တိုင်းရင်းသားခုနစ်ယောက်။ ကျနော်တို့ကို ဝန်ကြီးများရုံးခေါ်ပြီးတော့ သူကပြည်ထဲရေး ဝန်ကြီးဆိုတော့၊ နောက်ထောက်လှမ်းရေးလည်း ရှိတယ် ဆိုတော့ သူက လူတွေကို ခြိမ်းခြောက်တာ သိပ်တတ်တယ်။ ကျနော်တို့ဝင်သွားတာနဲ့ ကင်မရာတွေနဲ့ ဟိုကထိုးချိန်၊ ဒီကထိုးချိန်နဲ့ပေါ့ဗျာ။ ကျနော်တို့ ကို တကယ့်တရားခံတွေလိုပဲ ထိုင်ခိုင်းပြီးတော့ ဆဲတာမှ ပြောမနေနဲ့။ မင်းတို့ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ အဲဒီတုန်းက မာရှယ်လော သူတို့မရုပ်သိမ်းသေးတော့ “ ခင်ဗျားတို့ကို ပစ်သတ်လို့ရတယ်။ ဘာထင်သလဲ” ဆိုပြီး ကျနော်တို့ ကို ဆဲတာဗျာ။ ပြီးတော့ မြေပုံနဲ့ ဘောပန်နဲ့ ပစ်ချပေးပြီး “ဆွဲစမ်း မင်းတို့ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်း ဘယ်လိုလုပ်ဆက်မလဲ၊ ဒီကြားထဲမှာ မွန်ပြည်နယ် ခံနေတာ၊ မင်းတို့က ဘယ်လိုလုပ်ရှစ်ပြည်နယ် လျှောက်ပြောနေတာလဲ “ ဆိုပြီးလုပ်တာ။ အဲဒီလောက်အထိ ကျနော် တို့ အမျိုးမျိုးခံရတယ်။ အဲဒီတော့ မဖြစ်နိုင်တဲ့ဟာကြီးကို ကျနော်တို့မပြောချင်တော့ဘူးလေဗျာ။ ဖြစ်နိုင်မလား ခင်ဗျားစဉ်းစားကြည့်ပေါ့။ ကျနော်ခုနက ပြောသလို အခုရန်ကုန်က လူဦးရေ ခုနစ်သန်းကျော် ရှစ်သန်းလောက်ရှိနေပြီလေ၊ ကယားက နှစ်သိန်းကျော်ပဲရှိတယ် ကဲ စဉ်းစားကြည့်၊ ကရင်က ခုနစ်မြို့နယ်ပဲ ရှိတယ်၊ လူဦးရေ တစ်သန်းကျော်။ ချင်းက ငါးသိန်းလောက်ပဲရှိတယ်။ ကဲ ချင်းပြည်နယ် ငါးသိန်းနဲ့ ရန်ကုန် ခုနစ်သန်းနဲ့၊ ဟိုး မန္တလေးတိုင်းတို့ ဘာတို့ အားလုံးပေါင်းပြီး လူဦးရေ သန်း(၄၀) လောက်နဲ့ ဒီဟာ အတူတူပဲ ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဗမာတွေ ဘယ်လိုလက်ခံမလဲ။ မလွယ်ဘူး။ မဖြစ်နိုင်တဲ့ဟာတွေ စိတ် ကူးမယဉ်နဲ့လေ။ မဖြစ်နိုင်တာကို ကျနော်တို့ကတော့ စိတ်ကူးမယဉ်ဘူး။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

ရခိုင်ပါတီကအများစုနိုင်ပြီး NLD က ဝန်ကြီးချုပ်ဖြစ်တယ် ဆိုတော့ . . . . အပိုင်း (၃)

ဒီမိုကရေစီ အစစ်အမှန်ဆိုရင် တပ်မတော်က အစိုးရလက်အောက်မှာပဲရှိရမယ် – အပိုင်း (၄)

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,