အစိမ်းကိုပြောရင်အမုန်းစကား မဟုတ်ဘူးလား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

USDP / ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး

လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ပြောဆိုမှုများခဲ့သော ယခင်တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ တချို့၏ဖွံ့ဖြိုးရေး ရန်ပုံငွေ ကိစ္စ အပါအဝင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် ဆောင်ရွက်မှု များကိုပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးအား ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

စေတနာအမှန်နဲ့ ဆောင်ရွက်မှုမှာ နောက်တက်လာတဲ့ အစိုးရအဖွဲ့က လက်မခံခဲ့လို့သာ ဒီဟာကိုပြန်တောင်းတယ် ဆိုတာ ဒီလိုသဘောသက်ရောက်ပါတယ်။ ဘာကြောင့် …

ငြမ်းမီဒီယာ – ပြန်ကြားရေးဝန်ကြီးဟောင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “တိုင်းဒေသကြီး/ပြည်နယ်အစိုးရတချို့ရဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေ အရှုပ်အရှင်းတွေဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ပုံရိပ်ကို အများကြီး ထိခိုက်စေတယ်” ဆိုပြီးရေးသားထားတော့ အဲဒီစကားအတွက် ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

UTTO – သူက အများကြီးထိခိုက်စေတယ်လို့ပြောသွားပြီးတဲ့နောက်ပိုင်းမှာ သူရေးတဲ့ အပိုင်းတွေလည်းရှိပါတယ်။ သူက အဲဒီလို အများကြီး မထိခိုက်စေချင်တဲ့ ဆန္ဒနဲ့ ခုလို ရှင်းလင်းချက်ထုတ်လိုက်တယ်လို့ ကျနော်မြင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒါကြောင့်မို့ လို့ အများကြီးရှိနိုင်တဲ့အနေအထားကနေပြီးတော့ သူ့ရဲ့ရှင်းလင်းချက်အပေါ် မူတည်ပြီးတော့ အများကြီး မရှိနိုင်တော့ ဘူးလို့ နံပါတ်တစ် ဒီလိုပြောချင်ပါတယ်။

နောက်တစ်ခုက ဒီကိစ္စဟာ ဥပဒေနဲ့မညီတဲ့ဆောင်ရွက်ချက်မဟုတ်ပါဘူး။ စေတနာအမှန်နဲ့ ဆောင်ရွက်မှုမှာ နောက်တက်လာတဲ့ အစိုးရအဖွဲ့က လက်မခံခဲ့လို့သာ ဒီဟာကိုပြန်တောင်းတယ် ဆိုတာ ဒီလိုသဘောသက်ရောက်ပါတယ်။ ဘာကြောင့်လည်းဆို ဒီဟာ သည် ဒေသဖွံ့ဖြိုးရေး အတွက်ကို ပြည်သူလူထုကိုထုတ်ပေးထားတဲ့ကိစ္စဖြစ်တယ်။ အစိုးရက အဲဒီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကို တောင်းနေတဲ့ဟာသည် ပြည်သူလူထုထံကတောင်းနေတယ်လို့ ဒီလိုပဲမှတ်ယူလို့ရမှာဖြစ်ပါတယ်။

ငြမ်းမီဒီယာ – အဲဒီရေးသားချက်ထဲမှာပဲ ဒီကိစ္စအတွက် တာဝန်ရှိသူတွေဟာ လက်ရှိအချိန်ထိ ပါတီ တာဝန် ထမ်းဆောင်နေဆဲ ဖြစ်ကြောင်း၊ တချို့က လာမယ့်ရွေးကောက်ပွဲမှာတောင်ပါဝင် ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်လိမ့်မယ် ထင်ကြောင်း၊ ဒီလူတွေကို ပါတီက ဘယ်လို စိစစ်သုံးသပ်ဆုံးဖြတ်မလဲဆိုတာကို မေးခွန်းထုတ်ထားတော့ ဒီအချက်ကိုရော ဘာပြောချင်ပါသလဲ။

UTTO – ကျနော့်အနေနဲ့ကတော့ ထူးထူးထွေထွေမှတ်ချက်မပြုလိုပါဘူး။ ဒါကတော့ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီခေတ် ဆိုတဲ့ အခါကျ တော့လေ။ လူတိုင်းကလွတ်လပ်စွာ ထင်မြင်ယူဆလို့ရကြတယ်၊ သဘောထားကွဲလွဲလို့ရကြပါတယ်။ ဒါသည် ပုဂ္ဂိုလ်ရေး ဆိုင်ရာ အရ လွတ်လပ်စွာထင်မြင်ယူဆချက် တွေလို့ ပြောရမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆို ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီ ခေတ်ကိုး။ ဒါကြောင့်မို့လို့ အထူးအထွေမှတ်ချက်မပေးလိုပါဘူး။

လာမည့်ရွေးကောက်ပွဲတွေမှာ ဘယ်လိုလူမျိုးတွေကို ကိုယ်စားလှယ်လောင်းရွေးမလဲဆိုပြီး သက်ဆိုင်ရာမြို့နယ်အလိုက် တောက်လျောက် စိစစ် လာတာ။ ဒါကြောင့် …

ငြမ်းမီဒီယာ – ပြန်ကြားရေးဝန်ကြီးဟောင်းရဲ့ အဲဒီရေးသားချက်ဟာ တချိန်က အဖွဲ့အစည်း တစ်ခုတည်းမှာလုပ်ခဲ့ကြတဲ့ သူ့ထက် ဝါ သဘာကြီးသူတွေကို မလေးစားရာရောက်တယ်လို့ ဝေဖန်ကြတာလည်းရှိတော့ ဒီအချက်ကိုရော ဘယ်လိုမြင်ပါသလဲ။

UTTO – ခုနကပြောသလိုပါပဲ။ လူတိုင်းကလွတ်လပ်စွာ ပြောဆိုကြတယ်၊ လွတ်လပ်စွာ သဘောထားကွဲလွဲကြတယ် ဆိုတာ ဒါ ဒီမိုကရေစီ ယဉ်ကျေးမှု၊ ဒီမိုကရေစီစံနှုန်းတွေပါပဲ။ ဒါကြောင့်မို့လို့ ခုလိုကိစ္စမျိုးမှာ ကျနော့်အနေနဲ့ ဘယ်လိုပုဂ္ဂိုလ် မျိုးကိုမှ ဝေဖန်တာတွေ၊ မှတ်ချက်ပြုချင်တာတွေမရှိပါဘူး။ ဘာကြောင့်လည်းဆို ကျနော့်အနေနဲ့၊ ပါတီပြောရေးဆိုခွင့် ရှိသူ တစ်ယောက် အနေနဲ့ ပြောတဲ့ဆိုတဲ့နေရာမှာ အများကြီးသတိထားရပါတယ်။ ဆိုတော့ ဒီဟာကိုသတင်းအနေနဲ့ ထုတ်မယ်ဆိုရင် တိုင်းပြည်နဲ့ လူမျိုး အတွက် ဘယ်လောက် အကျိုးဖြစ်ထွန်း နိုင်သလဲဆိုတာကို ကြည့်ဖို့လိုတာပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ကတော့ မိမိရဲ့ အမျိုးသားရေး အပေါ်မှာ အခြေခံပြီးတော့တိုင်းကျိုးပြည်ကျိုး ဖြစ်စေနိုင်သော မေးမြန်းဖြေ ကြားမှုတွေကို ပိုပြီးစိတ်ဝင်စား တယ်လို့ပဲ ပြောချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပြည်သူကသာ တာဝန်ပေးအပ်မယ် ဆိုလို့ရှိရင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ ထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ အနာဂတ်ဘဝကို ကျနော်တို့သယ်ဆောင်သွားပေးပါမယ် …

ငြမ်းမီဒီယာ – ၂၀၂၀ ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ USDP ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေ လုပ်နေပြီလား၊ ကိုယ်စားလှယ်လောင်းတွေကို နိုင်ငံရေးနဲ့ပတ်သက်ပြီး သီးခြားလေ့ကျင့်ပို့ချပေးတာမျိုးတွေရော ရှိပါသလား။

UTTO – အခုက COVID – 19 ကာလဆိုတော့ ဖြေလျော့မှုတွေမှာ ‘အဖွဲ့အစည်း’ ဆိုတာ ပါတယ်လို့ သူတို့ရေးထားတာ မှန်သော် လည်းပဲ ကျနော်တို့အနေနဲ့ မေးချင်တာက အဲဒီ ‘အဖွဲ့အစည်း’ ဆိုတာမှာ ပါတီရောပါသလားဆိုတာပေါ့။ ကျနော်တို့ကတော့ ပါတယ် လို့ ခံယူထားပြီး တချို့ကိစ္စတွေကို သတ်မှတ်စည်းကမ်းနဲ့အညီလုပ်တယ်။ သို့သော်လည်းပဲ တစ်ခုခု တစ်စုံတစ်ရာဖြစ်လာပြီ ဆိုလို့ ရှိရင် အဲဒီ ‘အဖွဲ့အစည်း’ ဆိုတာသည် ဆွဲဆန့်လို့ရတဲ့ ဟာမျိုး ဖြစ်နေတဲ့အတွက် ရှင်းရှင်းလင်းလင်းပြောပါ၊

ရေးမယ်ဆိုရင် ‘ပါတီအဖွဲ့အစည်း’၊ ဒါမှမဟုတ် ‘အဖွဲ့အစည်း၊ ပါတီ’ ဒါဆိုရင်ပိုပြီး မရှင်းဘူးလား။ ဒါကြောင့်မို့လို့ နံပါတ်တစ် ဒီဟာ သည် သူတို့ ရဲ့မရှင်းလင်းသော အမိန့်ညွှန်ကြားချက်ပဲဆိုဆို၊ ဒီလိုဟာမျိုးကို ရှင်းရှင်းလင်းလင်းလုပ်ဖို့လိုလိမ့်မယ်။ နောက်တစ်ချက် က ကျနော်တို့ပါတီက ရွေးချယ်တဲ့လူတွေသည် သေချာတာတစ်ခုကတော့ အတွေ့အကြုံရှိထားတဲ့သူ ရာခိုင်နှုန်းများတယ်။ အထူး အထွေ လေ့ကျင့်ပေးစရာ မလိုလောက်အောင် သူတို့မှာသီးခြားအရည်အချင်းတွေ ရှိပါလိမ့်မယ်။

ကျနော်တို့က အခုရေတွင်းတူး၊ အခုရေကြည်သောက်တာမဟုတ်ဘူး။ ကျ နော်တို့ရွေးချယ်တဲ့ ပုံစံကိုက ၂၀၁၅ ရှုံးပြီးကတည်းက လာမည့်ရွေးကောက်ပွဲတွေမှာ ဘယ်လိုလူမျိုးတွေကို ကိုယ်စားလှယ်လောင်းရွေးမလဲဆိုပြီး သက်ဆိုင်ရာမြို့နယ်အလိုက် တောက်လျောက် စိစစ် လာတာ။ ဒါကြောင့်မို့လို့ ဒီကိစ္စမှာလေ့ကျင့်ပေးစရာ မလိုလောက်အောင် အတွေ့အကြုံ ရှိထားပြီးသား ပုဂ္ဂိုလ်များဖြစ်တယ်လို့ ပြောလိုပါတယ်။

ပြည်သူက စိတ်ချလက်ချသာ တာဝန်ပေးအပ်လိုက်ပါ။ ပြည်သူကသာ တာဝန်ပေးအပ်မယ် ဆိုလို့ရှိရင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ ထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ အနာဂတ်ဘဝကို ကျနော်တို့သယ်ဆောင်သွားပေးပါမယ်လို့ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ရခိုင်မြောက်ပိုင်းလိုဒေသတွေမှာ စစ်ရေးတင်းမာမှုတွေကြောင့် ရွေးကောက်ပွဲ လုပ်နိုင်မလုပ်နိုင် မသေချာတဲ့ အခြေအနေဖြစ်နေတော့ အဲဒီဒေသတွေက မဲဆန္ဒနယ်တွေ အတွက်ရော ကိုယ်စားလှယ်လောင်းတွေ ရွေးချယ် ထားပြီးပြီလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UTTO – ကျနော်တို့ကတော့ မြို့နယ်ပေါင်း (၃၃၀) ရှိတာမှာ ရွေးကောက်ပွဲကို မနက်ဖြန် လုပ်မလား၊ သန်ဘက်ခါလုပ် မလား အဲဒီလောက်တောင် အဆင်သင့်လုပ်ထားတဲ့ပါတီဖြစ် ပါတယ်။ ဒီလိုပဲ Candidate ရွေးရွေး၊ နိုင်ငံ့တာဝန်ပေးပေး အရည်အချင်း ပြည့်ဝသူများ နေရာတိုင်းမှာ ရှိထားပြီးသားပါ။ ဒီအတွက် ပူစရာမလိုပါဘူး။

Candidate အနေနဲ့ ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့အနေအထားပြည်ခိုင်ဖြိုးမှာ ရှိထားပြီးသားပါလို့ ပြောချင်ပါတယ်။

ကျနော်တို့ကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်ကြတယ်ဆိုတဲ့ဟာက အာဏာရစဉ် ကလည်းခံခဲ့ရတယ်၊ အာဏာ မရှိစဉ် မှာလည်း ခံခဲ့ရတယ်။ ဒီလိုအလုပ်တွေကို …

ငြမ်းမီဒီယာ – အကယ်၍ စစ်ရေးတင်းမာမှုကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေရှိလာမယ်ဆိုရင် အဲဒီရဲ့ အကျိုးဆက်ဟာ ဘယ်လိုဖြစ်လာနိုင်တယ်လို့ ယူဆပါသလဲ။

UTTO – မတည်ငြိမ် မငြိမ်းချမ်းတဲ့ဒေသဆိုရင်၊ ၎င်းတို့ရဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်တွေ အရွေးချယ်မခံရဘူးဆိုရင်၊ နံပါတ်တစ် အဲဒီဒေသကို ထိခိုက်နစ်နာစေတယ်။ နောက် တစ်ဆက်တည်းမှာပဲ အဲဒီလိုတည်ငြိမ်မှုမရှိ၊ ငြိမ်းချမ်းမှုမရှိတဲ့ ဒေသတွေမှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အရာရာတိုင်းနှောင့်နှေးကြန့်ကြာတတ်တယ်။

ဒါ စိတ်မကောင်းစရာ အချက်တွေပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့လို လားတာက ကျနော်တို့ လက်ထက်တုန်းကလည်း ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံးရအောင်လို့ ကျနော်တို့ဆောင်ရွက်ခဲ့တယ်။

ကမ္ဘာကလည်းအသိအမှတ်ပြုခဲ့တာ အားလုံးအသိပဲဖြစ် ပါလိမ့်မယ်။ ဒါသည် အပြန်အလှန် နားလည်သဘောပေါက်မှု၊ ကြိမ်ဖန်များစွာ ထိတွေ့မှု ဒီအပေါ်တွေမှာ ရရှိလာတဲ့အကျိုးအမြတ်တွေဖြစ်တယ်။

အနိုင်ရအဖွဲ့ကိုသာ အသာစီး ယူပြီး တော့ ဆောင်ရွက်နေမှုမျိုးက ပြည်သူ့ဘဏ္ဍာနဲ့ တစ်ဖက်သောပြိုင်ဘက်များကို နှိပ်ကွပ်နေသလား …

ဒါကြောင့်မို့လို့ တာဝန်ယူကြပြီဆိုတဲ့ အစိုးရတိုင်းဟာ ဒီ ငြိမ်းချမ်းရေးကိုလည်းပဲ ဦးဆောင်ဆောင်ရွက်နိုင်တဲ့ ပါတီ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းဖြစ်သင့်တယ် လို့ အကြံပြုလိုပါတယ်။

ငြမ်းမီဒီယာ – လက်ရှိရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲရှိတယ်ဆိုတဲ့ နေရာတွေအများစုဟာ စစ်ရေးတင်းမာမှုတွေ ကြောင့်လို့ ပြောနိုင်ပါတယ်။ စစ်ရေးတင်းမာမှုကိုသာလျော့ချ နိုင်ရင် ရွေးကောက်ပွဲမကျင်းပနိုင်စရာမရှိဘူးလို့ ဒေသခံတချို့ကလည်း ပြောကြ တယ်။ USDP ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အနေနဲ့ဆိုရင် ဒီကိစ္စကို ဘယ်လိုသုံးသပ်မလဲ။

UTTO – နိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအကြီးအကဲက နိုင်ငံတော်သမ္မတဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၊ ၅၈၊ ၁၉၉ မှာ နိုင်ငံတော်ရဲ့ အထွဋ်အထိပ်၊ နိုင်ငံတော် ရဲ့ အကြီးအကဲဟာ နိုင်ငံတော်သမ္မတ၊ အုပ်ချုပ်ရေးအကြီးအကဲဟာလည်း နိုင်ငံတော် သမ္မတပဲဖြစ်ကြောင်း ပြဌာန်းထားပြီးသား။

ဒါကြောင့်မို့လို့ ဒီလိုတွေလုပ်ဆောင်နိုင်မှုရှိခြင်း မရှိခြင်းကို နိုင်ငံတော်သမ္မတကနေပြီးတော့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေကို ညွှန်ကြားပြီး၊ တကယ့်သေသေချာချာ ဂဃနဏလေ့လာပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲလုပ်နိုင် မလုပ်နိုင် ဒီလိုဆောင်ရွက်ရတာဖြစ်တယ်။

ဒါကြောင့်မို့လို့ ဒါသည် တာဝန်အရှိဆုံးပုဂ္ဂိုလ်များအနေနဲ့ အောက်က တကယ်လက်တွေ့ ဖြတ်သန်းနေရတဲ့ နိုင်ငံ ရေးပါတီတွေရဲ့ စကားကိုလည်း နားထောင်၊ မြေပြင်ရဲ့ လက်ရှိ အခြေအနေ ကိုလည်း သက်ဆိုင်ရာဌာနအလိုက် ဂဃနဏလေ့လာပြီးတော့ ဆောင်ရွက် မယ် ဆိုရင်တော့ အခုလိုပြောဆို နေတဲ့ လုပ်ခြင်းမလုပ်ခြင်းဆိုတဲ့ ကွဲပြားခြားနားမှုတွေကို အများကြီး ဖြေလျော့ သွားနိုင် လိမ့်မယ်လို့ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ရွေးကောက်ပွဲနီးလာချိန်မှာ အပြိုင်အဆိုင် မဲဆွယ်ကြရင်း နိုင်ငံရေးရေချိန် မရင့်ကျက်သူတွေကြားမှာ ခြေထိုးမှုတွေ၊ အပုပ်ချမှုတွေ စတဲ့ထိတွေ့ပွတ်တိုက်မှုတွေ ဖြစ်တတ်တဲ့သဘာဝရှိတော့ ဒီအခြေအနေတွေကို USDP ပါတီ အနေနဲ့ ဘယ်လို ရင်ဆိုင်ဖြတ်ကျော်ဖို့ အစီအစဉ်ရှိပါသလဲ။

UTTO – ကျနော်တို့ကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်ကြတယ်ဆိုတဲ့ဟာက အာဏာရစဉ် ကလည်းခံခဲ့ရတယ်၊ အာဏာ မရှိစဉ် မှာလည်း ခံခဲ့ရတယ်။ ဒီလိုအလုပ်တွေကို ဘယ်လို အဖွဲ့အစည်းမျိုးတွေကလုပ်သလဲဆိုတာပြည်သူတိုင်း သိရှိကြပါတယ်။

တဆက်တည်းမှာပဲ ၎င်းတို့တတွေ လက်ရှိတာဝန်ယူဆောင်ရွက်နေတဲ့ အချိန်တွေမှာလည်း ဖေ့စ်ဘွတ် နဲ့ပတ်သက်လို့ ရှိရင် လည်း ကြည့်လိုက်ပါ။ အမုန်းစကားဆိုတာက အနီကိုပြောရင် အမုန်းစကား၊ အစိမ်းကိုပြောရင် အမုန်းစကား မဟုတ်ဘူးလားလို့ မေးခွန်း ထုတ်ရမလောက် အခြေအနေတွေဖြစ်ပါတယ်။

လက်ရှိငါးနှစ်အတွင်းမှာ ဘယ် ကိစ္စတွေက တိုးတက်သွား သလဲ၊ ဘယ်ကိစ္စတွေက အမျိုးသား အကျိုးစီးပွားအတွက် ထိခိုက်သွားစေသလဲ၊ လုပ်ဆောင်မှု …

သူတို့တတွေရဲ့ စံသတ်မှတ်တဲ့အမုန်းစကား၊ ကောင်းပြီ အမုန်းစကားဟူသည်မှာ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို စော်ကားခြင်း၊ မုန်းစေအောင်ပြုလုပ်ခြင်း စတဲ့ ဒီလိုဟာမျိုးသတ်မှတ်တယ်ဆိုလို့ရှိရင် တော့ အမုန်းစကား အမုန်းမပွားရအောင်လို့ ဖေ့စ်ဘွတ်ကထိန်းချုပ်တယ်ဆိုတာကို ကျနော်တို့လက်ခံပါတယ်။ သို့သော် လည်းပဲ ၎င်းတို့အနိုင်ရအဖွဲ့ကိုသာ အသာစီး ယူပြီး တော့ ဆောင်ရွက်နေမှုမျိုးက ပြည်သူ့ဘဏ္ဍာနဲ့ တစ်ဖက်သောပြိုင်ဘက်များကို နှိပ်ကွပ်နေသလားလို့ သံသယကြီးထွား စေပါ တယ်။

အလားတူပဲ ကျနော်တို့ကိုပုံဖျက်တိုက်ခိုက်တဲ့ဟာတွေကို အမှုဖွင့်တယ်ဆိုလို့ရှိရင်လည်းဖမ်းဆီးလို့ မရနိုင်တဲ့ အနေအထားတွေ၊ ပေါ်ပေါက်အောင်ဆောင်ရွက်လို့မရအောင်၊ပေါ်ပေါက်အောင် ကြိုးစား ဆောင်ရွက်သော်လည်းပဲ မရအောင် ဒါမျိုးတွေ အမျိုးမျိုးရှိ ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုအဖွဲ့အစည်းမျိုးတွေအနေနဲ့ ဆင်ခြင်သင့်တယ်။

ကျနော်တို့အနေနဲ့ ကျနော်တို့ကိုတိုက်ခိုက်တဲ့အပေါ်မှာ အတတ်နိုင်ဆုံး သည်းခံနေသော်လည်းပဲစစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်၊ လွတ်လပ်သောရွေးကောက်ပွဲ ဖြစ်နိုင်ဖို့ဆိုတဲ့ဟာကို ကျနော်တို့ ကလည်း အမြဲတမ်းကြိုးစားနေတာကြောင့် ကျနော်တို့အပေါ်ကို အင်မတန်မှစော်ကားလာတယ် ဆိုလို့ရှိရင်တော့ တည်ဆဲဥပဒေများနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်ဆိုတာကို ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

UTTO – လာမယ့်ရွေးကောက်ပွဲဟာ နိုဝင်ဘာလဖြစ်တဲ့အတွက် (၅) လပဲ လိုပါတော့တယ်။ ဒီလိုအခြေအနေမျိုးမှာ တိုင်းပြည်က ပြည်သူတွေအနေနဲ့ သတိကြီးစွာထားကြဖို့က “နှစ်ငါးဆယ်၊ နှစ်ခြောက်ဆယ်ပျက်စီးနေတာတွေပြင်နေရလို့၊ ငါးနှစ်တည်းနဲ့ ပြင်လို့မရပါဘူး။ နောက်ထပ်ငါးနှစ်ကိုပေးပါ” ဆိုတဲ့ မဲချူတဲ့ ဂျင်းမျိုးတွေကိုလည်း သတိထားကြပါ။

တကယ်ပြင်နေတယ် ဆိုလို့ရှိရင် လက်ရှိငါးနှစ်အတွင်းမှာ ဘယ် ကိစ္စတွေက တိုးတက်သွား သလဲ၊ ဘယ်ကိစ္စတွေက အမျိုးသား အကျိုးစီးပွားအတွက် ထိခိုက်သွားစေသလဲ၊ လုပ်ဆောင်မှု တစ်ခုချင်းအပေါ်မှာ ဆင်ခြင်သုံးသပ်ပြီးတော့ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် နိုင်ငံအတွက် အရေးကြီးတဲ့ရွေးကောက်ပွဲမှာ လူမှန် နေရာမှန် အဖွဲ့အစည်းမှန် ဖြစ်ဖို့ရာအတွက် ပြည်သူများ အနေနဲ့ စဉ်းစားဆောင်ရွက်သုံးသပ်ပြီးတော့ မှန်မှန်ကန်ကန်ဆောင်ကြဉ်းပေးကြပါလို့ မေတ္တာရပ်ခံတိုက် တွန်းအပ်ပါတယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,