အစိုးရရဲ့ လူငယ်တွေအတွက် ဆောင်ရွက်ချက်က ဟန်ရေးပြ အဆင့်မှာပဲရှိသေးတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

TZSLY / လူငယ်အရေးဆောင်ရွက်နေသူ မသဉ္ဇာရွှန်းလဲ့ရည်

အုပ်ချုပ်ရေးဆိုင်ရာ ရှုထောင့်ကနေပဲကြည့်ပြီး အုပ်ချုပ်သူလူတန်းစားကို ကာကွယ်ရုံသက်သက် ပြဌာန်းထားတဲ့ ဥပဒေမျိုးဆိုရင်တော့ ဒီဥပဒေတွေက ပြည်သူတွေ၊ လူငယ်တွေနဲ့ အံဝင်ခွင်ကျမဖြစ်တော့ဘူး . . .

နိုင်ငံတစ်နိုင်ငံအတွက် အရေးအကြီးဆုံးမှာ နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်များ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန် သော နှုန်းစံများရှိနေခြင်ပင်ဖြစ်သည်။ ထိုလူ့စွမ်းအားအရင်းအမြစ်များထဲတွင် အရေးအကြီးဆုံးမှာ လူငယ်အင် အားစုပင်ဖြစ် သည်။ လက်ရှိမြန်မာနိုင်ငံ၏ လူငယ်ထုနှင့်ပတ်သက်သော အခြေအနေများကို လူငယ်အရေးဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် မသဉ္ဇာရွှန်းလဲ့ရည်အား ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ငြမ်းမီဒီယာ – နိုင်ငံရဲ့ ခုနောက်ပိုင်းနှစ်တွေမှာ ရာဇဝတ်မှုဖြစ်ပွားတာ ပိုများလာတယ်လို့ ပြောကြတယ်။ တိတိကျကျ သုတေသန လုပ် စစ်တမ်းထုတ်ထားတာမျိုး မဟုတ်ပေမယ့် ရာဇဝတ်မှုခင်းတွေ အများစုမှာ ကျူးလွန်သူတွေဟာ လူငယ်တွေ ဖြစ်နေတာ ကို လည်း တွေ့ရပါတယ်။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ သုံးသပ်ပေးပါဦး။

MTZSLY – နိုင်ငံတော်တော်များများမှာ ဒီပြဿ နာရှိတယ်။ လူငယ်အများစုဟာ ရာဇဝတ်မှုတွေကို ကျူးလွန်တာ၊ ရာဇဝတ်မှု တွေနဲ့ ဆက်နွယ်ပတ်သက်နေတာမျိုးပေါ့။ ဒါကြောင့်ရာဇဝတ်မှုခင်းတွေနဲ့ပတ်သက်ပြီး လူငယ်တွေက အများဆုံးကျူး လွန်ကြတယ် ဆိုတဲ့ ကောက်ချက်မျိုးတွေ ရှိလာရတယ်။ တခြားနိုင်ငံတွေက ဒီကိစ္စမျိုးအတွက် သုတေသနတွေရှိတယ်။ သုတေသနတွေ လုပ်ကြတဲ့ အခါ ဆယ်ကျော်သက်အရွယ်တွေဟာ စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း မရင့်ကျက်သေး တော့ သူတို့ကို လမ်းမှား ရောက်အောင် ဆွဲဆောင်မှုတွေကို ပိုရင်ဆိုင်ရတယ်ဆိုတဲ့ အချက်ကိုတွေ့ရတယ်။ အဲဒီလိုဆွဲဆောင်တဲ့အရာတွေကလည်း အရမ်း များတယ်။ ဒီအတွက် ကြောင့်မို့လို့ လမ်းမှားကို ရောက်ကြရတယ်ပေါ့။ မြန်မာနိုင်ငံမှာလည်း လူငယ်အများစု ရာဇဝတ်မှု ကျူးလွန် တယ်ဆိုတာ ဒါ ကျမတို့နိုင်နိုင်ငံတစ်ခုတည်း ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုတော့ မဟုတ်ဘူးလို့ ပြောချင်တာပါ။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲဆိုတော့ နံပါတ်တစ်က မူးယစ်ဆေးဝါးပေါ့။ ကျမတို့နိုင်ငံမှာဆိုရင် စစ်ပွဲတွေဖြစ်နေတယ်။ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် စစ်ဘေးဒဏ်သင့်ဒေသတွေမှာ လူငယ်တွေ မူးယစ်ဆေးရဲ့သားကောင်ဖြစ်ကြရတယ်။ နောက်တစ်ခုက မူးယစ် ဆေးဝါးကို တကယ်စနစ်တကျနဲ့ ဖြန့်ဖြူး တဲ့ကိစ္စတွေမှာ အာဏာပိုင်တွေကိုယ်တိုင် ပါဝင်ပတ်သက်နေပြီး လူငယ်တွေအပါအဝင် နိုင်ငံရဲ့အနာဂတ် မျိုးဆက် တွေအပေါ် လူညွှန့်တုံးသွားအောင် တိတိပပဖျက်ဆီးဖိနှိပ်တဲ့ လုပ်ရပ်ပေါ့။ ဒါမျိုးတွေကို လည်း တွေ့ရ တယ်။ နောက်တစ်ချက်က ပညာရေးပေါ့။ ပညာရေးမှာဆိုရင်လည်း အတန်းပညာ ဘယ်လောက်တတ်တတ် အလုပ်အကိုင် အခွင့် အလမ်းအတွက် အာမခံချက် ရေရေရာရာမရှိတဲ့အခါ လူငယ်တွေ လမ်းလွဲကို ရောက်သွားကြရတယ်ဆိုတဲ့ အချက်လည်း ပါတယ်။ အဲဒီပညာရေးကလည်း လူငယ်တွေ စဉ်းစားတွေးခေါ်နိုင်မှု၊ ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းနိုင်မှုတွေကို လေ့ကျင့်သင်ကြား ပျိုးထောင် ပေးနိုင်ခြင်း မရှိတဲ့အခါ လမ်းမှားစပြုတာကနေ ရာဇဝတ်မှုတွေ ကျူးလွန်ဖြစ်စေတဲ့အထိ မြန်မြန်ဆန်ဆန် ရောက်သွား အောင် တွန်းပို့သလိုဖြစ်စေတယ်။ နောက် အရေးအကြီးဆုံးအချက်က လူငယ်တွေကြားထဲမှာ Peer Pressure ဆိုတဲ့ ဖိအားတွေ ရှိတယ်။ သူများဝတ်ရင် ကိုယ်လိုက်ဝတ်ချင်တယ်၊ သူများတွေသုံးတဲ့ အကောင်းစားပစ္စည်းတွေ လိုက်သုံးချင်တယ်။ ဆိုတော့ လူငယ်မိန်းကလေးတွေ ယောက်ျားလေးတွေ အားလုံးဟာ Peer Pressure ဖြစ်စေတဲ့ ကြော်ငြာပေါင်း မြောက်များစွာ ကြားထဲမှာ နေနေရတာ။ ဒီဟာတွေက ဆွဲဆောင်မှုအမျိုးမျိုးနဲ့ လူငယ်တွေကို ဆွဲဆောင်နေတာ။ ဒီဟာတွေ ဒီပစ္စည်းတွေနောက်ကိုလိုက် ဖို့ အခက်အခဲရှိလာတဲ့အခါ ဖြတ်လမ်းနည်းတွေ သုံးလာကြတယ်။ ဖြတ်လမ်းနည်းဆိုတာ မူးယစ်ဆေးဝါးသယ်ပေးတာတွေ၊ ဖြန့်ပေး တာတွေ၊ ရောင်းပေးတာတွေ စသဖြင့်ပေါ့။ ဒါမှမဟုတ် ခိုးမှု၊ လုယက်မှု ဒီလိုရာဇဝတ်မှုခင်းတွေကိုလည်း Peer Pressure တွေကြောင့် လူငယ်တွေကျူးလွန်မိကြတာတွေရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လက်ရှိ နိုင်ငံမှာ လူငယ်အများစုဟာ အနာဂတ်ပျောက်ဆုံးနေကြတယ်ဆိုတဲ့ သုံးသပ်ချက်ကို လူငယ်အရေး လုပ်ကိုင်ဆောင်ရွက်နေသူတစ်ဦးအနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

လုံခြုံမှုကိုမခံစားရဘူး။ လွတ်လပ်မှုကို မခံစားရဘူး။ အဲဒီမှာမှ နောက်ဆက်တွဲက ကိုယ့်ရဲ့ ဖြစ်တည်မှုပိုင်းတွေမှာ မေးခွန်းတွေထုတ်လာတယ်၊ စိတ်ဓာတ်ကျလာတယ်၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးလာတယ် …

MTZSLY – ကျမရဲ့ကိုယ်ပိုင်အတွေ့အကြုံနဲ့တောင်မှ ဒီနိုင်ငံမှာ ဆက်လက်ရှင်သန် အသက်ရှင်ရတဲ့ ကျမတို့ရဲ့အနာဂတ်၊ ကျမတို့ရဲ့ မျှော်လင့်ချက်က ကျမတို့လူငယ်တွေမှာ တော်တော်လေးကို ကြိုးစားရုန်းကန်နေရတယ်လို့ ပြောလို့ရတယ်။ ဆိုတော့ ကျမတို့ လိုမျိုး လူငယ်တွေအတွက်ကို ဆောင်ရွက်တဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေမှာ လုပ်ကိုင်နေတဲ့သူတွေတောင်မှ တကယ့်ကို မျှော်လင့်ချက်ပျောက်ဆုံးရတဲ့ ဖြစ်ရပ်၊ စိတ်ဓာတ် ကျရတဲ့ဖြစ်ရပ်တွေ မြောက်များစွာ ကျမတို့နိုင်ငံမှာဖြစ်နေတယ်။ ဥပမာ ပြောရမယ် ဆိုရင် ကျမတို့ အနာဂတ်ကို လှမ်းကြည့်ရင် ငြိမ်းချမ်းရေးကိစ္စ၊ ဒါတွေက ေ၀ဝါးထွေပြားနေတယ်။ နောက် ဦးဆောင်မှုပိုင်း။ ခေါင်းဆောင်မှုပိုင်းမှာဆိုရင်လည်း ကျမတို့လိုလားတဲ့၊ လိုချင်တဲ့၊ တကယ့်ကို ကိုယ်ကျင့်သိက္ခာပိုင်း၊ ကိုယ်ကျင့် တရားပိုင်းမှာ လူသားအားလုံးအတွက် လူသားဆန်မှုတွေ ပျောက်ဆုံးနေတဲ့ အရာတွေက ကျမတို့ပတ်ဝန်းကျင်မှာ ပုံစံအစုံ မြင်နေ ရတယ်။ နောက် လူနည်းစုတွေအပေါ်မှာ ခွဲခြားဆက်ဆံတဲ့ ကိစ္စတွေပေါ့။ ကိုယ်ကနည်းပါးတယ်၊ နိမ့်ပါးတယ်ဆိုရင် အချိန်မရွေး ဖယ်ကျဉ်ခံရမယ်၊ ခွဲခြားခံရမယ်ဆိုတဲ့ ကိစ္စရပ်တွေရှိတယ်။ ဒါတွေက ကျမတို့လူငယ် တွေအတွက် တကယ့်ကို စိတ်ပင်ပန်း နုံးချိစရာလို့ ကျမတို့မြင်တယ်။ အခြားလူငယ်တွေမှာဆိုလည်း အကြောင်းအရာ ပေါင်းစုံပေါ့။ သူတို့မှာ အကြောင်းပြချက်ပေါင်းစုံ ရှိနေနိုင်တယ်။ ကျမတို့အတွက်ကတော့ အရေးအကြီး ဆုံးက တာဝန်ယူမှု၊ တာဝန်ခံမှု၊ နောက် impunity လို့ပြောမယ့် ပြစ်ဒဏ် ကနေ လုံးဝကင်းလွတ်ခွင့်ရနေတဲ့ လူတွေပေါ့နော်။ အမှားတွေကျူးလွန်တယ်၊ ဒါပေမယ့် အဲဒီအမှားကျူးလွန်တဲ့သူဟာ ပြစ်ဒဏ် အပေးမခံရဘူး။ ပြစ်ဒဏ်ပေးခံရရင်လဲ အချိန်မရွေး ပြန်လွတ်နိုင်တယ်ဆိုတဲ့ကိစ္စ။ နောက် ဥပဒေကို အလွဲသုံးတဲ့ကိစ္စတွေ။ ဒါတွေ ကို ကြည့်ခြင်းအားဖြင့် ကျမတို့က လုံခြုံမှုကိုမခံစားရဘူး။ လွတ်လပ်မှုကို မခံစားရဘူး။ အဲဒီမှာမှ နောက်ဆက်တွဲက ကိုယ့်ရဲ့ ဖြစ်တည်မှုပိုင်းတွေမှာ မေးခွန်းတွေထုတ်လာတယ်၊ စိတ်ဓာတ်ကျလာတယ်၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးလာတယ်။ ဒါကတော့ နားလည်တဲ့လူတွေ ကြုံရတဲ့ကိစ္စ။ နောက် တခြားလူငယ်တွေအတွက် အနာဂတ်ပျောက်ဆုံးတယ်လို့ ပြောဖို့ကိစ္စတစ်ခုက ချမ်းသာ တဲ့ လူက ဆက်လက်ချမ်းသာနေပြီးတော့၊ ဆင်းရဲတဲ့လူငယ်တွေက ချမ်းသာဖို့အတွက်ကို သူများထက်ပိုပြီး ကြိုးစားရတယ်။ ဆယ်ဆ မက ကြိုးစားရတယ်။ အဲဒီလို ဆယ်ဆမကကြိုးစားရရင်တောင်မှ သူဘယ်လောက်ပဲတော်နေပါစေ၊ သူ့ရဲ့ဖြစ်တည်မှု က မူဆလင် ဖြစ်လို့၊ LGBT ဖြစ်လို့၊ နောက် အသားအရောင်အပေါ်မှာ အခြေခံပြီးဖြစ်စေ၊ သူ့မွေးဖွားရာဒေသ ကချင်၊ ရခိုင် စသဖြင့် ဒီလိုမျိုး ခွဲခြား မှုတွေ ကြုံရတဲ့အခါ သူတို့ရဲ့အနာဂတ်ဟာ ဒီနိုင်ငံမှာမရှိတော့ဘူးလို့ ခံစားလာရတာပေါ့။ ဆိုတော့ အဲဒီဟာတွေရဲ့ အကျိုးဆက်က ဘာတွေဖြစ်လာသလဲဆိုရင် အလုပ်အကိုင်အခွင့်အလန်း ရှားပါးတဲ့ကိစ္စ၊ ပညာရေးနိမ့်ကျတဲ့ကိစ္စ၊ ခွဲခြားမှု၊ ဖိနှိပ်မှု စတဲ့အရာတွေ ကြုံနေရတော့ တခြားနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြတယ်။ ဦးနှောက်ယိုစီးမှုတွေက ကျမတို့နိုင်ငံမှာ တကယ့်ကို ထောက်ပြပြောဆိုရမယ့် ကိစ္စပေါ့နော်။

ငြမ်းမီဒီယာ – စနစ်တကျမဟုတ်တဲ့ ရုပ်ဝတ္ထုဖွံ့ဖြိုးမှုလှိုင်းကြားမှာ လူငယ်တွေ စိတ်ပိုင်းဆိုင်ရာစံသွေမှု ဖြစ်လာတယ်ဆိုတဲ့ ဝေဖန်ချက်ကိုရော ဘယ်လိုရှုမြင်ပါသလဲ။

လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခုခံနိုင်စွမ်းအား၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ ကိုယ့်ကိုယ် ကိုယ် လေးစားတန်ဖိုးထားမှု ဒါတွေကို ပညာရေးကလည်း မပြင်ဆင် ပေးထားသလို၊ ကျမတို့ပတ်ဝန်းကျင်ကလည်း မပြင်ဆင်ပေးထားဘူး …

MTZSLY – ကျမ ဒါကို လုံးဝ သဘောတူတယ်။ တကယ်ကို ကျမတို့လူငယ်တွေ၊ ဒီဘက်မျိုးဆက်တွေဟာ ခုနက ပြောတဲ့ ရုပ်ဝတ္ထု ပိုင်း ဆိုင်ရာ၊ နောက် တကယ်စစ်မှန်တဲ့ဟာမျိုးမဟုတ်တဲ့ Online တွေပေါ်မှာ၊ ဒီ Virtual World ပေါ့။ ဒြပ်မဲ့ ကမ္ဘာကြီးထဲမှာ ကျမတို့ က ရှင်သန်နေရင်းနဲ့ Peer Pressure လို့ပြောရမယ့် ဖိအားတွေ၊ နောက် ကျမတို့ကို နေ့စဉ်နဲ့အမျှ ဆွဲဆောင်နေတဲ့ အရောင် အသွေး စုံပစ္စည်းတွေရဲ့ ရောင်းဝယ်ဖောက်ကားမှုတွေပေါ့။ ဒါတွေက ကျမတို့ရဲ့ နေ့စဉ်ဘဝကို ဝင်လာတယ်။ ဆိုတော့ ဒါတွေကို မလိုက်နိုင် တဲ့လူကို သူတို့တွေက Psycho ပြန်ပေးတယ်ပေါ့နော်။ ဒီပစ္စည်းကိုမဝယ်ရင် ဘယ်ဟာဖြစ်မယ်၊ ဒီပစ္စည်းကိုမသုံးရင် ဘယ်လို ဖြစ်မယ်၊ ဒီပစ္စည်းက သုံးသင့်တယ် ဆိုတာမျိုး၊ စသဖြင့် ဒါတွေက မတရားမှုလို့ ကျမတို့ပိုခံစားလာရတယ်။ သာမန်ထက် ပိုတဲ့ အဲဒီအရာတွေက ကျမတို့အိမ်ပြင်ထွက်လိုက်ပြီဆိုတာနဲ့ Billboard အစုံနဲ့ ကြော်ငြာ အစုံကို စတွေ့ရတော့တာပဲ။ အဲဒီကြော်ငြာတွေ ဟာဆိုရင်လည်း ကျင့်ဝတ်နဲ့ညီတဲ့ကြော်ငြာ၊ မညီတဲ့ကြော်ငြာ ပုံစံအစုံနဲ့ ကျမတို့ ပတ်ဝန်းကျင်မှာ မြင်နေရတယ်။ တချို့ကြော်ငြာတွေ ဆိုရင် အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို အလွဲသုံးစားလုပ်ပြီးတော့ နှိမ့်ချ စော်ကား ထားတဲ့ ကြော်ငြာမျိုးတွေ လည်းရှိတယ်။ နောက် လူငယ်တွေကို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဖြစ်စေတဲ့ ကြော်ငြာတွေ ပေါ့နော်။ တစ်ဘက်မှာ ကျမတို့လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခုခံ နိုင်စွမ်းအား၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ ကိုယ့်ကိုယ် ကိုယ် လေးစား တန်ဖိုးထားမှု ဒါတွေကို ပညာရေးကလည်း မပြင်ဆင် ပေးထားသလို၊ ကျမတို့ပတ်ဝန်းကျင်ကလည်း မပြင်ဆင်ပေးထားဘူး။ ဆိုတော့ ဒီအခြေအနေမှာ ဒီကြော်ငြာတွေက ကျမတို့နေ့စဉ် ဘဝကို တိုးဝင်လာတဲ့အခါ အဲဒါရဲ့နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေအပြင် အဲဒီနောက်ကို မလိုက်နိုင်တော့ ရာဇဝတ် မှုတွေကျူးလွန် တာတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေ၊ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုကျဆင်းပြီး ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း တွေ ဖြစ်သင့်သလိုမဖြစ်လာတာမျိုး၊ မပေါ်ပေါက်လာတော့တာမျိုးတွေ ကြုံလာရတယ်။ ဒါတွေက ကျမတို့လူငယ်တွေ နေ့စဉ်နဲ့အမျှ တကယ့် ကို ကြုံတွေ့နေရတဲ့ဟာတွေပေါ့။ ဒီဘက်ခေတ်လူငယ်တွေ ဒီကိစ္စတွေကို ပိုပြီးနားလည်ပါတယ်။ လူငယ်ဖြစ်ခဲ့ဖူးတယ် ဆိုရင်တောင် ဒီဘက်ခေတ်လူငယ်တွေ ကြုံရတဲ့ပြဿနာတွေကို တချို့ လူကြီးတွေ နားမလည်နိုင်ဘူးလို့ ကျမမြင်တယ်။ လူငယ်တွေ က ပဲ နားလည်ပါလိမ့်မယ်။

ငြမ်းမီဒီယာ – လူငယ်တွေ ရာဇဝတ်မှုကျူးလွန်တာ လျော့နည်းလာစေဖို့ ဘယ်လိုပညာပေးဆောင်ရွက်မှုတွေ လုပ်သင့်တယ် လို့ ယူဆပါသလဲ။ တစ်ဆက်တည်း ဒီကိစ္စကို ဘယ်သူတွေက လုပ်သင့်တယ်လို့ ထင်ပါသလဲ။

အမြစ်ကို မဖြတ်ဘဲ အကိုင်းတွေကိုပဲ ခုတ်နေမယ်ဆိုရင်တော့ ဘယ်တော့မှ လျော့နည်းလာမှာ မဟုတ် ဘူးလို့ ကျမတို့ မြင်တယ်။ လူငယ်တွေတော်တော်များများက …

MTZSLY – ရာဇဝတ်မှုဆိုတာ အမျိုးမျိုးရှိတော့ ဘယ်အပိုင်းလဲဆိုတာရှိသေးတာပေါ့။ ဥပမာ မူးယစ်ဆေးဝါးကိစ္စပေါ့။ ကျမတို့ နိုင်ငံမှာ ထောင်ထဲကိုရောက်နေတဲ့ လူငယ်ရာခိုင်နှုန်း တော်တော်များများက မူးယစ်ဆေးဝါးကိစ္စနဲ့ ရောက်ကြတာ။ ရှမ်းပြည် ဘက်ကို ကျမသွားတော့ အယောက် (၅၀) မှာ (၁၀) ယောက်လောက်က မူးယစ်ဆေးဝါးသုံးကြတယ်။ ကျိုင်းတုံလိုနေရာမျိုးမှာဆိုရင် ထောင်ထဲမှာ လူငယ်တော်တော်များများ မူးယစ်ဆေးဝါးမှုနဲ့ ရောက်နေကြတယ်။ အဲဒီလိုကိစ္စမျိုးတွေဆို ဒါရာဇဝတ်မှုလို့ သတ်မှတ် တာပဲလေ။ ကျမတို့အမြင် အရဆို မူးယစ်ဆေးဝါးအမှုတွေမှာ သုံးစွဲတဲ့လူကို အပြစ်ပေးတာထက် ရောင်းဝယ် ဖောက်ကား တဲ့သူတွေ၊ ထုတ်လုပ်တဲ့ သူတွေကို အဓိကပြစ်ဒဏ်ပေးတဲ့ကိစ္စကို လုပ်သင့်တယ်။ အဲဒါကြောင့် ရာဇဝတ်မှုတွေကို ကြည့်တဲ့အခါမှာ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို မဖြစ်မနေထည့်သွင်းစဉ်းစားရမယ်။ ဒီလူသည် အမှားကျူးလွန်တယ် ဆိုပြီးတော့ ရှိတဲ့ပြစ်ဒဏ်ကို အကုန်ချတာထက် ဒီလူကျူးလွန်ရတဲ့ အကြောင်းအရင်းကို ထည့်တွက်ပြီး ပြင်ဆင်မှုပိုင်းတွေ၊ နောက် ကာကွယ်မှုတားဆီးမှုပိုင်းတွေ ဒါတွေလုပ်မှရမယ်။ အဲဒီလိုမဟုတ်ဘဲ အမြစ်ကို မဖြတ်ဘဲ အကိုင်းတွေကိုပဲ ခုတ်နေမယ်ဆိုရင်တော့ ဘယ်တော့မှ လျော့နည်းလာမှာ မဟုတ် ဘူးလို့ ကျမတို့ မြင်တယ်။ လူငယ်တွေတော်တော်များများက မိသားစုပိုင်းဆိုင်ရာ ပြဿ နာတွေ ရှိတတ်ကြတယ်။ နောက် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် Counseling ရှိသင့်တယ်။ တခြားနိုင်ငံတွေမှာဆိုရင် လူငယ် အရွယ် ကျောင်းသားကျောင်းသူအရွယ်တွေ အတွက်ဆိုရင် ကျောင်းတွေမှာ Counseling Center တွေထားပေးတယ်။ စာသင် နေရင်းနဲ့ သူတို့မှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ အရမ်းကြုံရတဲ့အခါ သူတို့ဖြေလျော့လို့ရတဲ့ ပုံစံမျိုးပေါ့နော်။ အားကစားတွေ၊ Music တွေ ဒါတွေကို ပုံစံမျိုးစုံနဲ့ သူတို့စီစဉ်ပေးထားတယ်။ ကျမတို့နိုင်ငံမှာကျတော့ လူငယ်တွေအတွက် ဒီလိုမျိုး Service တွေမရှိဘူး။ မရှိ တော့ တော်တော်များများက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ပေါက်ရှာ ဖြေလျော့ရင်းနဲ့ မကောင်းတဲ့နေရာတွေဘက် ရောက် သွား ကြတယ်။ နောက် Suicide Rate လို့ပြောမလား၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ကိစ္စရပ်တွေပေါ့၊ ဒါတွေက ကျမတို့ နိုင်ငံ အတွက် အကြီးအကျယ်ကို လူငယ်တွေအတွက် ထိခိုက်မှုဖြစ်လာမယ့် အရာဖြစ်တယ်။ ဒါတွေလျော့နည်းကျဆင်းလာအောင် ဘယ်သူတွေ ဆောင်ရွက်ရမလဲဆိုတော့ လက်ရှိတာဝန်ရှိသူတွေ၊ လူမှုရေးဆိုင်ရာ တာဝန်ယူထားတဲ့ လူမှုရေးဝန်ကြီးတွေကစလို့ ရဲဌာနတွေအထိပေါ့။ တကယ်တမ်းပြောရင်တော့ လူတိုင်းမှာတာဝန်ရှိတယ်လို့ ကျမမြင်တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူငယ် တွေကို ပြုစုစောင့်ရှောက်ဖို့က လူတိုင်းနီးပါးမှာတာဝန်ရှိတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတယ်။ အရေးအပါ ဆုံးကတော့ အစိုးရပေါ့။ သူက တရားဝင်တာဝန်ယူ ထားတာဆိုတော့ လူငယ်တွေအတွက် Policy တွေ၊ ဥပဒေတွေ ချမှတ်ပြီးတော့ မဖြစ်မနေလုပ်ဆောင်သင့်တယ်။ Policy ကတော့ မြန်မာနိုင်ငံမှာ လူငယ့်ရေးရာမူဝါဒဆိုတာ ပေါ်လာပြီ။ အဲဒီမူဝါဒကို ပိုပြီး အားကောင်း ခိုင်မာစေတဲ့ ဥပဒေတွေ ပြဌာန်းဖို့လိုပါတယ်။ အဲဒီဥပဒေတွေကတဆင့် လူငယ်တွေကို ဌာနဆိုင်ရာအသီးသီးနဲ့ လူငယ် တွေ ကိုယ်တိုင်ကပဲ လူငယ်တွေကို အသိပညာပြန်ပေးတဲ့ လုပ်ငန်းတွေလုပ် တာက ပိုပြီးတော့ထိရောက် မယ်လို့ထင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပညာရေးဆိုတာ ဦးနှောက်နဲ့ နှလုံးသားကို ဖွံ့ဖြိုးအောင်လုပ်ပေးရတယ် ဆိုတဲ့အချက်ကို မေ့ထားသလို ဖြစ်နေတဲ့ ပုံစံကိုက်သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားနေခြင်းက လူငယ်တွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါသလဲ။

MTZSLY – ကျမကိုယ်တိုင်လည်းဆရာမလုပ်ခဲ့ဖူးပါတယ်။ ပညာရေးတက္ကသိုလ်မှာ ကျမ (၄) နှစ်တက်ခဲ့တယ်။ ပြီးတော့ စာသင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် တကယ့်တကယ် လက် တွေ့နယ်ပါယ်ထဲကို ဆင်းကြည့်တဲ့အခါမှာတော့ ကိုယ့်ကပြုပြင် ပြောင်းလဲဖို့မဆိုထားနဲ့ ကိုယ်တောင်နစ်မြုပ်သွားမယ့် အခြေအနေတွေကို မြင်လာတဲ့အခါ ကျမထွက်လာခဲ့တယ်။ ထွက်ပြီး ဒီဘက်မှာ လူငယ်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်လာခဲ့တယ်ပေါ့။ ပြောရမယ်ဆိုရင် လက်ရှိပညာရေးစနစ်က ခေါင်းအစ ခြေအဆုံး အစအဆုံးပြောင်းလဲရမယ်။ အဲဒါကြောင့် ၂၀၁၅ ခုနှစ်က ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေး အတွက် တောင်းဆိုတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေ၊ လမ်းလျှောက်ချီတက်ပွဲတွေ မြောက်များစွာကို ကျမတို့လူငယ်တွေ ဦးဆောင်ပြီး ပြောင်းလဲဖို့ ကြိုးစားလုပ် ဆောင်ခဲ့ကြတာ အားလုံးအသိဖြစ်ပါတယ်။ အဲဒီမှာ သူတို့ရဲ့ အကြံပြုချက်တွေ မြောက်များစွာရှိတယ်။ တကယ်ကို ပြောင်းလဲဖို့ဆိုရင် အဲဒီအကြံပြုချက်တွေနဲ့ လက်ရှိတကယ်လုပ်နိုင်တာတွေကို ပေါင်းစပ်ပြီး ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုရင် ကောင်းမွန်တဲ့ ပညာရေး စနစ်တစ်ခု ဖြစ်လာနိုင်တယ်။ ဒီမှာတော့ ပိုပြီးကောင်းမွန်တဲ့ ပညာရေးစနစ်ဖြစ်လာအောင် ဆောင်ရွက် တဲ့နေရာမှာ လစ်ဟာ နေတဲ့၊ လူတွေသိပ်မပြောဖြစ်ကြတဲ့အချက်ကို ကျမရဲ့ကိုယ်ပိုင်အတွေ့အကြုံနဲ့ ထောက်ပြချင်တယ်။ အဲဒါက ဘာလဲဆိုတော့၊ ကျမ ကိုယ်တိုင် ဆရာမလုပ်ခဲ့တဲ့အခါ ကိုယ်ဘာသင် ရတယ်ဆိုတာ အရေးမကြီးဘူး၊ ဘယ်လိုသင်တယ်ဆိုတာ သိပ်ကိုအရေးကြီး တယ်လို့ ကျမမြင်တယ်။ ဘာလို့လည်းဆိုတော့ သင်ကြားဖို့အတွက် ချမှတ်ပေးထားတဲ့ သင်ရိုးညွှန်းတမ်းထဲက အချက်အလက် တွေ၊ အကြောင်းအရာတွေကို ကျမတို့သင်လို့ရတယ်။ တချို့ဟာတွေက အဆိပ်အတောက် ဖြစ်စေပေမယ့် တော်တော်များများ ကတော့ သိသင့်သိထိုက်တဲ့အကြောင်းအရာတွေဖြစ်တယ်။ ဆိုတော့ ဒီအကြောင်း အရာတွေကို ဘယ်လိုသင်မလဲဆိုတာက ပိုပြီး အရေးကြီး တယ်။

ဆရာတစ်ယောက်ချင်းစီက ဒီမိုကရေစီနည်းကျ ကိုယ့်ကျောင်းသားတွေရဲ့ ဖြစ်တည်မှုကို ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဖေးဖေးမမ ကြင်ကြင်နာနာနဲ့ သွားနိုင်မယ်ဆိုရင်တော့ ကျောင်းသားတွေက ပိုပြီးထူးချွန် လာမှာပေါ့ …

အဲဒီ ဘယ်လိုသင်မလဲဆိုတဲ့အပိုင်းကို ပြောကြတာနည်းတယ်။ ကျမတို့နေ့စဉ်ဘဝမှာ မိသား စုထဲက ကိုယ့်ကလေးငယ်၊ ကိုယ့်ထက် ငယ်တဲ့ လူသား လေးတွေကို လူတစ်ယောက်လို ဆက်ဆံရဲ့လားဆိုတာ ကျမတို့မေးခွန်းထုတ်ရမယ်။ ကိုယ့်ထက် အငယ်ပဲလေ၊ ကိုယ်မွေးထားလို့ လူဖြစ်လာတာပဲလေ ဆိုတဲ့အတွေးနဲ့ သူတို့ကိုနှိမ့်ချချင်တာမျိုး၊ သူတို့ အပေါ်မှာ လေးလေးစားစား မဆက်ဆံချင် တာမျိုး၊ သူတို့ ရဲ့စိတ်ဝင်စားမှုတွေ၊ သူတို့ဖြစ်လိုတဲ့ဆန္ဒတွေ ဒါတွေကို ကျမတို့ချိုးနှိမ်လိုက်တဲ့ကိစ္စတွေ အများကြီး ရှိတယ်။ ဆိုတော့ ဒီအလေ့အထက အိမ်မှာတင်မဟုတ်ဘူး၊ စာသင်ခန်းထဲကိုပါ ရောက်လာတယ်။ ကျောင်းသားအယောက် (၅၀) လောက် ကို စာသင် ပေးရတဲ့ ဆရာမတစ်ယောက်က သူ့အိမ် မှာလဲ ဒီမိုကရေနည်းနဲ့ ဆက်ဆံအုပ်ချုပ်တာမဟုတ်တော့ စာသင်ခန်း ထဲ ရောက်တဲ့ အခါမှာလည်း ဒီမိုကရေစီနည်းမကျတော့ဘူး။ စာသင်ခန်းထဲမှာ တစ်ဦးတည်းသောဆရာမက အုပ်ပြီးတော့ ချုပ်တယ် ဆိုတဲ့ သဘောမျိုးဖြစ်သွားတော့ ကလေးတွေရဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတွေးအခေါ်၊ ဖန်တီးနိုင်စွမ်း ဒါတွေကို ဂရုပြုပျိုးထောင်ပေးဖို့၊ ထိစပ်ဖို့ လစ်ဟင်းသွားရတယ်။ ကျောင်းသားအယောက် (၅၀) ကို ကူညီပေးဖို့ဆိုတာမျိုးကလည်း ဆရာမတစ်ယောက်အတွက် အဆင်မပြေ ပြန် ဘူး။ ဆရာတွေအနေနဲ့ ဘယ်လိုသင်ပေးမလဲဆိုတဲ့ နည်းလမ်းပေါ့။ ကျမတို့ ဆရာအတတ်သင် သင်တန်း ကျောင်း တွေမှာ ဆရာတွေကို ဘယ်လိုသင်ပေးနေသလဲ။ အဲဒီသင်ပေးလိုက်တဲ့ ပညာရပ်တွေက တကယ့်လက်တွေ့နယ်ပါယ်မှာ အသုံးချဖို့ ဘယ်လိုအခက်အခဲတွေ ရှိနေသလဲဆိုတာကို လေ့လာဆန်းစစ်မှုတွေ အများကြီးလုပ်သင့်တယ်။ ဆရာတွေမှာ အခက်အခဲ ရှိသလို ကျောင်းသားတွေ မှာလည်း သူတို့ရဲ့လိုအပ်ချက်တွေ အများကြီးရှိတယ်။ ဒါတွေကို ကျမတို့ ညှိနှိုင်းအဖြေရှာဖို့လိုတယ်။ ဆရာတွေဘက်က သူတို့ဘယ်လောက်ပဲတတ်နေပါစေ၊ ပညာရပ်ပိုင်း ဆိုင်ရာကိုပြည့်ဝတယ်၊ သင်ကြားနည်းစနစ်ကိုသိတယ် ဆိုရင်တောင်မှ ကျောင်းတွေမှာ Teaching aid လို့ပြောရမယ့် ပညာရေးအထောက်အကူပြု ပစ္စည်း တွေမရှိဘူး၊ စာသင်ခန်းက Class Size အရမ်းကြီး နေတယ်ဆိုရင် ဒါကိုသူတို့မထိန်းနိုင်တော့ဘူး။ အဲဒီဖြစ်ရပ် တွေအပြင် ပညာရေးနယ်ပါယ်မှာရှိနေတဲ့ Corruption ကိစ္စတွေကလည်း အရိုးစွဲနေတော့၊ အဲဒါတွေရှိနေသရွေ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သင်ကြားမှု စနစ်တွေ မပေါ်ပေါက် နိုင်ဘူး။ သင်ကြားမှုစနစ်တွေကိုလည်း တိုးတက်အောင်လုပ်ဖို့ အားပေးမြှင့်တင်မှု အပိုင်းမှာလည်း အားနည်းနေတယ်လို့ ကျမ မြင်တယ်။ အကယ်၍သာ ဆရာတစ်ယောက်ချင်းစီက ဒီမိုကရေစီနည်းကျ ကိုယ့်ကျောင်းသားတွေရဲ့ ဖြစ်တည်မှုကို ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဖေးဖေးမမ ကြင်ကြင်နာနာနဲ့ သွားနိုင်မယ်ဆိုရင်တော့ ကျောင်းသားတွေက ပိုပြီးထူးချွန် လာမှာပေါ့။ ကျမတို့လည်း ဒီပညာရေးထဲကပဲ ထွက်လာတာပဲ။ ဒီအတွေးအခေါ်တွေထဲကပဲ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲလာရတာပဲ။ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဆရာ/ဆရာမတွေကို ပိုပြီး အားပေးမြှင့်တင်ဖို့ လိုတယ်လို့ မြင်ပါတယ်။

ငြမ်းမီဒီယာ – ရာဇဝတ်မှုတွေအလိုက် အရေးယူဆောင်ရွက်မှုတွေကတော့ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် လူငယ်တွေအပေါ် ဝန်နဲ့အားမမျှတဲ့ တရားစီရင် အပြစ်ပေးမှုတွေလည်း ရှိတယ် ဆိုတာ တချို့သော ဥပဒေပညာရှင်တွေက ထောက်ပြပြောဆို တာတွေလည်းရှိတော့ ဒီကိစ္စမျိုးတွေကို ဘယ်လိုမှတ်ချက် ပေးချင်ပါသလဲ။

MTZSLY – ဒါက ကျမတို့နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့ကဏ္ဍတွေက ခေါင်းဆောင် တွေရဲ့ လူငယ်တွေ အပေါ် သူတို့ဘယ်လိုခံယူသလဲ ဆိုတဲ့အချက် ကို မေးခွန်းထုတ်စရာ အများကြီးဖြစ်သွား စေတယ်။ အဲဒါကြောင့်လည်း ကျမတို့ လူငယ့်ရေးရာမူဝါဒ ပေါ်လာအောင် ကြိုးစားခဲ့ကြတာပေါ့။ ပြောရမယ်ဆိုရင် လူငယ့်ရေးရာမူဝါဒသည် လူငယ်တွေအပေါ် နိုင်ငံ့ ခေါင်းဆောင်အားလုံးရဲ့ အမြင်ပေါ့။ ကျမတို့နိုင်ငံက လူငယ်တွေအပေါ်မှာ ခေါင်းဆောင်ပိုင်းကလူတွေက ဘယ်လိုရှုမြင်သလဲ၊ ဘယ်လိုခံယူသလဲဆိုတာကို စာနဲ့ပေနဲ့ရေးထားတာဖြစ်တယ်။ ဆိုတော့ ဒီမူဝါဒကို လက်ရှိအုပ်ချုပ်တဲ့ သူတွေက သေသေချာချာ ဖတ်ပြီးပြီလား၊ ဒီမူဝါဒကို သူတို့ဘယ်လောက်ထိ စွဲမြဲယုံကြည်သလဲ ဆိုတာနဲ့ သွားဆိုင်ပါတယ်။ လူငယ်တွေဆိုတာက နိုင်ငံရဲ့ အနာဂတ် လို့ အများသိကြသလို တစ်ချိန်တည်းမှာပဲ ဒီလူငယ်တွေရဲ့ လက်ရှိအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှု တွေက ကျမတို့ရဲ့နောက်အနာဂတ်ကို ပုံဖော်သွားတာပေါ့။ သူတို့ကိုကြည့်ခြင်းအားဖြင့် နောက် (၁၀) နှစ်မှာ ကိုယ့်နိုင်ငံ က ဘယ်လို နေရာမှာ ရှိနေနိုင်မလဲဆိုတာ မှန်းဆလို့ရတယ်။ တရားစီရင်ရေးပိုင်းဆိုင်ရာက တာဝန်ရှိသူတွေဟာ လူငယ်တွေ အပေါ် ဘယ်လောက် ထိ ယုံကြည်မှု၊ ကိုးစားမှုရှိသလဲ ဆိုတဲ့အပေါ်မှာ အများကြီးမေးခွန်းထုတ်စရာ ဖြစ်စေတယ်။ တခြားနိုင်ငံ တွေမှာ ဆိုရင် Juvenile Justice လို့ခေါ်တယ်။ လူငယ်တွေ ပြစ်မှုကျူးလွန်တယ်ဆိုရင် လူမှုရေးပိုင်းဆိုင်ရာ ပြစ်ဒဏ်ချမှတ် တာမျိုးပေါ့။ ဥပမာ လူမှုရေးလုပ်ငန်းတွေမှာ ဘယ်လောက်ထိလုပ်ရမယ် ဆိုတာမျိုးတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တံမြက်စည်းလှဲရမယ် ဆိုတာမျိုးတွေ စသဖြင့် ပြစ်မှုအပေါ်မှာအခြေခံပြီးတော့ သင့်လျော်အောင် ထည့်သွင်းစဉ်းစားတယ်။ အခွင့်အရေးပေးတယ်။ ငယ်တဲ့အတွက်ကြောင့် အမှားကျူးလွန်နိုင်တယ်၊ ငယ်တဲ့အတွက်ကြောင့် အဲဒီအမှားကိုပြင်ဆင်ဖို့ သူတို့မှာအချိန်ရှိတယ်ဆိုတဲ့ ခံယူချက်ပေါ့။ ပြီးတော့ ဒီလူငယ်တွေကို လမ်းမှန်ရောက်အောင် ဖေးမကူညီပေးခြင်းအားဖြင့် အနာဂတ်အတွက် သူသည် လူကောင်း သူကောင်းအနေနဲ့ အနာဂတ်ကို Contribute အကျိုးပြုနိုင်တဲ့သူ ဖြစ်လာနိုင်တယ်ဆိုတဲ့ တွေးခေါ်မှု၊ မျှော်ရည်မှု၊ အနာဂတ်ကို လှမ်းပြီး တွေးခေါ်မှန်းဆနိုင်မှု စတဲ့အချက်တွေက အများကြီး ဆက်စပ်မှုရှိတယ်လို့ မြင်ပါတယ်။ အခုအချိန်မှာ လူငယ်တွေက အမှားကျူးလွန်တယ်ဆိုရင် လွယ် လွယ်ကူကူပဲ ပြစ်ဒဏ် ချလိုက်တယ်၊ ပြစ်ဒဏ် ချတဲ့နေရာမှာလည်း ပိုက်ဆံပေးရင်ပေးသလို၊ မပေးရင်မပေးသလို ပြစ်ဒဏ်တွေအမျိုးမျိုး ပြောင်းလဲနေတဲ့ ကိစ္စက ကျမတို့နိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာမှာ လွဲမှားမှု၊ ရှုံးနိမ့်မှုလို့ပြောလို့ရတယ်။ Fail ဖြစ်နေတာပေါ့။ ဒါကြီးကို ကျမတို့ ကတော့ လူငယ်တွေ အပေါ်မှာ ရှုမြင်မှု ပြောင်းဖို့လိုတယ်လို့ မြင်ပါတယ်။

ငြမ်းမီဒီယာ – ပြစ်မှုကျူးလွန်တယ်ဆိုတာ တနည်းပြောရင် ပြဌာန်းထားတဲ့ဥပဒေကိုချိုးဖောက်တာပေါ့။ ဒီနေရာမှာ ဥပဒေရဲ့ အားနည်းချက်တွေကြောင့်လည်း လူငယ်တွေအနေနဲ့ ပြစ်မှုကျူးလွန်ရာရောက်သွားနိုင်သလားဆိုတဲ့ အချက်ကို ဆွေး နွေးပေးပါဦး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

MTZSLY – လူငယ်တွေ ပြစ်မှုကျူးလွန်တာကတော့ နိုင်ငံတကာမှာလည်းရှိတယ်။ ဒီလူငယ်တွေ ပြစ်မှုကျူးလွန်တာ လုံး၀ ပပျောက်သွားရမယ် ဆိုတာကလည်း မျှော်လင့်ချက် ကြီးလွန်းရာကျတယ်။ ပြစ်မှုတွေ လုံးဝမရှိဘူးဆိုတဲ့ နိုင်ငံမျိုးလည်း မရှိ ပါဘူး။ ကျမတို့က ပြစ်မှုတွေ လျော့နည်းသွားအောင်ပဲ လုပ်လို့ရမယ်။ အဲဒီလို ပြစ်မှုတွေ လျော့နည်းသွားအောင် လုပ် တဲ့ နေရာ မှာလည်း အဓိကသော့ချက်က တရားဥပဒေစိုးမိုးမှုပဲဖြစ်တယ်။ ဥပဒေတွေ ပြဌာန်းထားနိုင်မှုနဲ့ တရားဥပဒေစိုးမိုးမှု ဆိုတဲ့ အချက်နှစ်ခုက သိပ်အရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးမှုလို့ပြောရင် ရှိနေတဲ့ဥပဒေတွေက ဘယ်လောက် တရားမျှတမှု ရှိသလဲဆိုတဲ့ မေးခွန်းရှိတယ်။ အဲဒီဥပဒေတွေက ပြည်သူအတွက်ရော၊ လူငယ်တွေအတွက်ရော လိုက်နာရမယ့် လူတွေ အတွက် တကယ့်ကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဥပဒေ၊ သူတို့လိုက်နာလို့ရတဲ့ ဥပဒေ ဖြစ်ရမယ်။ သူတို့ လိုက်နာနိုင်ဖို့ အတွက် လည်း ပြည်သူတွေ၊ လူငယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ် ညှိနှိုင်းပြီးတော့ ပြင်ဆင်ပြုပြင် ပြောင်းလဲ ထားတဲ့ ဥပဒေတွေ ဖြစ်ဖို့လိုတာပေါ့။ အဲဒီလို မဟုတ်ဘဲ အုပ်ချုပ်ရေးဆိုင်ရာ ရှုထောင့်ကနေပဲကြည့်ပြီး အုပ်ချုပ်သူ လူတန်းစားကို ကာကွယ်ရုံ သက်သက် ပြဌာန်းထားတဲ့ ဥပဒေမျိုး ဆိုရင်တော့ ဒီဥပဒေတွေက ပြည်သူတွေ၊ လူငယ်တွေနဲ့ အံဝင်ခွင်ကျမဖြစ်တော့ဘူး။ ဆိုတော့ ပြည်သူ တွေက အလွယ်တကူ ပဲ ဥပဒေ ကို ချိုးဖောက်တော့မယ်။ အုပ်ချုပ်တဲ့သူတွေ စဉ်းစားရမှာက ဥပဒေတစ်ခုကို ချိုးဖောက် မှုတွေ အကြိမ်ကြိမ်ဖြစ်နေရင် ဒီဥပဒေကို ဘယ်လိုရည်ရွယ် ချက်နဲ့ ပြဌာန်းထားသလဲ၊ ဥပဒေက တရားမျှတမှုရှိရဲ့ လား၊ ဥပဒေအပေါ် ပြည်သူတွေက ဘယ်လို မြင်နေသလဲ ဆိုတဲ့ အချက် တွေကို မဖြစ်မနေ ဆန်းစစ်စဉ်းစားရမယ်။ အဲဒီလိုမဟုတ်ဘဲ ပြစ်မှုကျူးလွန်တယ် ဆိုပြီး ထောင်ချနေ တာက အဖြေ မဟုတ် ဘူး။ ဒီဥပဒေကို ခဏခဏ ချိုးဖောက်နေရတဲ့ အကြောင်းအရင်းတွေကို အုပ်ချုပ်သူတွေအနေနဲ့ ရှာဖွေဖို့လိုအပ် တယ်။ ရှာဖွေတဲ့နေရာမှာလည်း ဥပဒေကိုချိုးဖောက်လို့ အရေးယူ ထားတဲ့ ဖြစ်စဉ်တွေ၊ လက်ရှိ ဥပဒေရဲ့ပြဌာန်းထားချက်တွေ ဒါတွေ အကုန်လုံးကို ပြန်လည်စိစစ်ဖို့လိုတယ်။ အခုရှိနေတဲ့ လွှတ်တော်တွေက ဒါတွေကို လုပ်ကိုလုပ်ရမယ်။ ဥပမာပြောရရင် အခုကျ မတို့နိုင်ငံမှာ ပြစ်မှုကျူးလွန်တယ်လို့ ပြောတဲ့ကိစ္စရပ်တွေ မြောက်များစွာရှိတယ်။ ဆန္ဒပြတဲ့ကိစ္စတွေကိုပဲကြည့်။ ငြိမ်း စု စီ ဥပဒေ ဆိုရင် ဒီဘက်ခေတ် အစိုးရလက်ထက်မှာ တောင်မှ လူပေါင်း (၁၀၀) ကျော် (၂၀၀) နီးပါးလောက် ပြစ်ဒဏ် ချမှတ်ခံ ထားရ တယ်။ ဒါ အများအမြင်မှာတော့ ပြစ်မှုကျူးလွန်သူတွေလို့ ပြောလို့ရတယ်။ ဒါပေမယ့် ဒီ ငြိမ်း စု စီ ဥပဒေဆိုတာ ဘယ်လောက် ထိ တရားမျှတမှုရှိသလဲ၊ နိုင်ငံတကာစံချိန်စံနှုန်းနဲ့ရော ဘယ်လောက်ကိုက်ညီသလဲ၊ လူ့အခွင့် အရေးကို လေးစား လိုက်နာတဲ့ဥပဒေ ဟုတ်မဟုတ်ဆိုတာကိုတော့ လူတွေကမေ့ထားကြတယ်။ ဆိုတော့ ဒီ ငြိမ်း စု စီ ဥပဒေဟာ လည်း လူတွေလိုက်နာဖို့ ခက်ခဲအောင် အဆင့်တွေမြောက်များစွာ၊ အကြောင်းအရာတွေများစွာ ထည့်သွင်းထား တယ်။ လိုက်နာဖို့ခက်ခဲ တော့ ချိုးဖောက်မှု တွေဖြစ်လာ တယ်။ အဲဒီတော့ ပြစ်မှုကျူးလွန်သူများလာတယ်။ ဒါက ဥပမာအနေနဲ့ ပြောပြတာပါ။ တခြား မူးယစ် ဆေးဝါးဆိုင်ရာ ဥပဒေတွေ၊ တခြား တခြားသောဥပဒေတွေမှာလည်း လူငယ်တွေ ကျူးလွန်မှုများနေတယ်ဆိုရင် ဥပဒေတွေကို ပြန်လည်စိစစ် သုံးသပ်ဖို့လိုတယ်လို့ ကျမမြင်တယ်။

ငြမ်းမီဒီယာ – ပြစ်မှုကျူးလွန်တယ်ဆိုတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာက အခြေခံကျကျပါဝင်ပေမယ့် အမွန်အစမှာတော့ စိတ်ပိုင်း ဆိုင်ရာ အခြေအနေတွေက ဦးဆောင်လှုံ့ဆော်ခဲ့တာပါ။ အဲဒီတော့ လူငယ်တွေ ပြစ်မှုကျူးလွန်တာ၊ ရာဇဝတ်မှုတွေမှာ ပါဝင် ပတ်သက်မိတာတွေ မဖြစ်စေဖို့ လူငယ်တွေရဲ့ ဆင်ခြင်တုံတရားနဲ့ အသိတရားတွေ အားကောင်းဖွံ့ဖြိုးအောင် ဘယ်အရာတွေက အရေးပါတယ်ဆိုတာ ပြည့်ပြည့်စုံစုံ သုံးသပ်ပေးပါဦး။

MTZSLY – စိတ်သာရှင်စော ဘုရားဟော ဆိုတာ ရှိတယ်လေ။ အရာအားလုံးမှာ စိတ်ကဦးဆောင်တာ ချည်းပဲ ဆိုတာ ကျမတို့ အားလုံးလည်း သိထားပြီးသားပါ။ စိတ်သာရှိရင် ဘာမဆိုဖြစ်နိုင်တာပဲလေ။ ပြစ်မှုကျူးလွန်တာလည်းဖြစ်နိုင်သလို အောင် မြင် အောင် ကြိုးစားတာလည်း ဖြစ်နိုင်တယ်။ အဲဒီတော့ ရုပ်ပိုင်းဆိုင်ရာ Action ဟာ စိတ်ပိုင်းကစတင်တယ်ဆိုတာ ကျမ လုံးဝ သဘောတူ တယ်။ အဲဒါကြောင့်လည်း တိုးတက်တဲ့နိုင်ငံတွေမှာ ခုနောက်ပိုင်း လူ့အဖွဲ့အစည်းကို အပြုသဘောဆောင်တဲ့ အခြေအနေ တွေဆီ ဦးတည်ဖို့ မောင်းနှင်လမ်းညွှန်တဲ့နေရာမှာ ဆင်ခြင်တုံတရားကို နှိုးဆွတဲ့လုပ်ရပ်တွေနဲ့သွားကြတယ်။ ဆင်ခြင်တုံ တရားထဲ မှာမှ morality လို့ပြောတဲ့ ကိုယ့်ကျင့်တရားပေါ့။ ဥပမာ သူများပစ္စည်းကိုမယူရဘူး၊ သူများဖုန်းကိုအခွင့်မရှိဘဲ မကြည့်ရ ဘူး၊ သူတစ်ပါး ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တဲ့ အချက်အလက်တွေကို အခွင့်မရှိဘဲ ဝင်ဖတ်လို့မရဘူး၊ သူတပါးရဲ့ အိပ်ခန်းထဲကို အခွင့် မရှိဘဲမဝင်ရဘူး စသဖြင့်ပေါ့။ ဒီလို အလေ့အထ အပြုအမူ အတွေးအခေါ်မျိုးတွေဟာ ဘယ်ကစသလဲဆိုတော့ အိမ်ထဲမှာ စတယ်၊ မိသားစုမှာ စတယ်၊ ပတ်ဝန်းကျင်မှာ စတယ်။ ဒါ Collective ပေါ့။ အားလုံးက ရိုးရာလိုမျိုး၊ ယဉ်ကျေးမှုလိုမျိုး မဖြစ်မနေ လုပ်ကြ တာကနေ ထွန်းကားလာတာပေါ့။ ဥပမာပြောရရင် အနောက်နိုင်ငံတွေမှာဆို ဓာတ်လှေကားတက်ရင် တစ်ဖက် တည်းမှာပဲ ရပ်ကြ တယ်၊ နောက်တစ်ဖက်က အရေးပေါ်သွားမယ့်လူတွေအတွက် ဖယ်ပေးထားတဲ့သဘောပေါ့။ ဆိုတော့ ဒါသည် အလေ့အထ ကနေ အလေ့အကျင့်ဖြစ်လာတယ်၊ အလေ့အကျင့်တွေကနေ သူတို့ရဲ့အပြုအမူတွေ ဖြစ်လာတယ်ပေါ့။ အဲဒီလို လုပ်ဖို့ အတွက် အရေးအကြီး ဆုံး အချက်က အုပ်ချုပ်သူလူတန်းစားကိုယ်တိုင်က ဖြောင့်မတ်မှန်ကန်နေဖို့လိုတယ်။ အုပ်ချုပ်နေတဲ့ လူတွေက စံနမူနာ ပြ ပုဂ္ဂိုလ် တွေ ဖြစ်တယ်။ ကျမတို့မျက်စိရှေ့မှာ ကြည့်နေရတဲ့ ခေါင်းဆောင်တင်ထားတဲ့ လူတွေက ကိုယ်ကျင့်တရားပိုင်းဆိုင် ရာမှာ ဖြူစင်ဖြောင့် မတ် ရိုးသားပြီးတော့ သူတို့ကိုယ်တိုင်က စံနမူနာပြ ဖြစ်နေမှသာလျှင် လူထုကို ဘယ်လို ဖြစ်ရမယ်လို့ ပြောတဲ့အခါ လူထု က လည်း သူတို့စကားကို နားထောင်လာမှာပေါ့။ ဆိုတော့ ကိုယ့်ကျင့် တရားကောင်းတဲ့ စံနမူနာပြ ခေါင်းဆောင်တွေ လိုအပ် သလို၊ အကျင့်ပျက်ခြစားမှုတွေကိုလည်း ပြစ်ဒဏ်ပေး အရေးယူဖို့ လိုတယ်။ အကျင့်ပျက်ခြစားမှုတွေနဲ့ ကင်းရှင်းအောင် စောင့်ထိန်း နေထိုင်နိုင်ဖို့လည်း လိုအပ်ပါတယ်။ နောက်တစ်ခုက Humanity လို့ပြောတဲ့ လူသားဆန်မှုကို ခေါင်းဆောင်တွေ ကိုယ်တိုင်က ထင်ထင်ရှားရှားပြဖို့လိုအပ်တယ်။ ဘယ်လိုလူမျိုးဖြစ်ပါစေ၊ ဘယ်လိုပုံစံနဲ့မွေးဖွားလာသည်ဖြစ်စေ လူသည် လူကို လူလို ဆက်ဆံ ရမယ်။ ဘယ်သူ့ကိုမဆို သူ့ရဲ့လူ့ဂုဏ်သိက္ခာကို လေးစားမှုရှိ ရမယ်၊ ကြင်နာမှုရှိရမယ် ဆိုတဲ့အပိုင်းတွေကို လူငယ်တွေအတွက် စံနမူနာကောင်းဖြစ်အောင်ပြသဖို့ ခေါင်းဆောင်တွေမှာ တာဝန် ရှိတယ်။ မူဆလင်ဖြစ်နေလို့၊ ကချင်ဖြစ်နေလို့၊ ကယားဖြစ်နေလို့၊ ရခိုင်ဖြစ်နေလို့ ဆိုတာတွေနဲ့ ကျမတို့သွားလို့ မရဘူး။ လူသား တစ်ယောက်အဖြစ်မွေးဖွားလာတဲ့ သူ့ရဲ့ဖြစ်တည်မှုတွေကို ကျမတို့ လေးစားမှုရှိရမယ်။ ဒါဟာ ဒီ ၂၁ ရာစုရဲ့ အခြေခံ လူ့ ကျင့်ဝတ်၊ ၂၁ ရာစုလူသားတွေအားလုံး မဖြစ်မနေစောင့်ထိန်း ဆောက်တည် ရမယ့် သီလတစ်ပါးဆိုလည်း မမှားဘူး။ ဆိုတော့ သီလအရေ အတွက်က ပြောင်းသွားပြီ။ အရင်ရှိခဲ့တဲ့သီလတွေထက်ပိုတဲ့ ၂၁ ရာစုသီလတွေရှိလာပြီ။ ဒါကိုကျမတို့က Adapt လုပ်ဖို့ လိုတယ်။ လူငယ်တွေကလည်း Adapt လုပ်ဖို့လိုတယ်၊ ခေါင်းဆောင်တွေ ကလည်း Adapt လုပ်ဖို့လိုတယ်။ ဥပမာပြောရရင် သစ်ပင် ခုတ်တဲ့ ကိစ္စ၊ အရင်ကဆို သစ်ပင်ခုတ်တာ ဘယ်သူမဆို ခုတ်ကြတယ်။ ပုံစံအစုံ ခုတ်ကြတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာ သစ်ပင် ခုတ်တဲ့လူကို ပြစ်မှုကျူးလွန်သလို ဆက်ဆံမှုတွေ လုပ်လာကြပြီ။ သစ်ပင်ခုတ်တဲ့လူကို ကျမတို့ရဲ့ရန်သူလိုမျိုးတွေးလာကြပြီ။ သစ်ပင် ခုတ်တာကို ကန့်ကွက်လာကြပြီ။ ဒါတွေက ကျမတို့ရဲ့ ကိုယ်ကျင့် တရားတွေ၊ လက်ခံတဲ့ တန်ဖိုးထားမှု တွေ ပြောင်းလဲလာတာပေါ့နော်။ အဲဒီလိုဖြစ်လာဖို့ဆိုတာကလည်း ဦးဆောင်ပြီးပြောနေတဲ့သူ၊ ဟောနေတဲ့သူ၊ ကိုယ်ကျင့်သိက္ခာပိုင်းမှာ လူထုကို ပိုပြီး Civilise ဖြစ်လာအောင် ဦးဆောင်နေတဲ့လူတွေအပေါ်မှာ အများကြီး မူတည် တယ်လို့ ကျမမြင်ပါတယ်။

ငြမ်းမီဒီယာ – လူငယ်ဆိုတာ အနာဂတ်ကို ဦးဆောင်မယ်သူတွေလို့ ဆိုပါတယ်။ ဒီလိုအရေးပါတဲ့ လူငယ်တွေအတွက် လက်ရှိ နိုင်ငံရဲ့ အစိုးရအပါအဝင် လူ့အဖွဲ့အစည်းက ဘယ်လောက် ထိရောက်ကောင်းမွန်တဲ့ အစီအစဉ်မူဝါဒ တွေ ချမှတ် လုပ်ဆောင် နိုင်တယ်လို့ ထင်သလဲ။

MTZSLY – ကျမတို့နိုင်ငံမှာ အသက် (၃၅) နှစ်အောက် လူငယ်ဦးရေက (၆၀) ရာခိုင်နှုန်းကျော်တယ်။ ကျမတို့ နိုင်ငံမှာ (၁၆) နှစ်ကနေ (၃၅) နှစ်အထိကို လူငယ်လို့ တရားဝင် သတ်မှတ်ထားတယ်။ အသက် သုည ကနေ (၃၅) နှစ် အထိက ကျမတို့ နိုင်ငံမှာ (၆၀) ရာခိုင်နှုန်းကျော်သော လူဦးရေရှိတယ်။ ဆိုတော့ ကျမတို့နိုင်ငံက လူငယ်ဦးရေ များတဲ့နိုင်ငံလို့ ပြောလို့ရတယ်။

မြန်မာနိုင်ငံမှာ လူငယ်များတယ်ဆိုပေမယ့် တကယ့် လက်တွေ့မှာ အုပ်ချုပ်တဲ့ လူတန်းစားကို ကြည့်ရင် ရေဘုယျအားဖြင့် အသက်အရွယ်က (၆၅) ပတ်ဝန်းကျင်မှာ ရှိနေကြတယ် …

ဒီနိုင်ငံမှာ လူငယ်တွေဟာ မဲပေးသူတွေဖြစ်တယ်၊ အဓိကလုပ်သား အင်အားတွေဖြစ်တယ်။ အဓိက မောင်းနှင်တဲ့ နောက်ကွယ်က စွမ်းအားတွေဖြစ်တယ်။ ဒါပေမယ့် ဒီလူငယ်တွေရဲ့ နိုင်ငံရေးအရဆုံးဖြတ်ချက်ချနိုင်တဲ့နေရာမှာ ပါဝင်နိုင်မှုတွေက တကယ့်ကို နှစ်ပေါင်းများစွာ ဖိနှိပ်ခံ ထားရတယ်။ နိုင်ငံရေးကိစ္စ ပြောမယ်ဆိုရင် လူငယ်တွေဟာ လမ်းပေါ်မှာပဲရှိသေးတယ်။ သူတို့တွေဟာ လွှတ်တော်တွေ၊ အုပ်ချုပ်ရေးပိုင်းတွေမှာ ခေါင်းဆောင်နေရာတွေကို ရောက် လာဖို့ အခွင့်အလမ်းမရှိကြဘူး။ သူတို့ကို အသက် အရွယ် အရ ကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေရှိနေတယ်။ လူငယ်လို့ မဲမပေးရ ဘူးဆိုတဲ့ ကိစ္စရပ်တွေရှိတယ်၊ လူငယ်လို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရဘူးဆိုတဲ့ ကိစ္စရပ်တွေရှိတယ်။ ဒါတွေက ကျမတို့ နိုင်ငံရဲ့ ဥပဒေလမ်းကြောင်းထဲမှာ လူငယ်တွေကို ဖိနှိပ်ထားသလိုဖြစ်တဲ့ အချက်တွေပေါ့။ လူငယ်တွေက နိုင်ငံရေးအရ ကျောင်းသား တွေဆန္ဒပြတယ်၊ နိုင်ငံရေးမှာ ပါဝင် ပတ်သက်တယ် ဆိုရင်လည်း သူတို့ကိုအားပေးမြှင့်တင်မှုတွေမလုပ်ဘူး။ နိုင်ငံရေးပိုင်းမှာ လူငယ်တွေကို အားပေးမြှင့်တင်မှု မလုပ်လို့ စီးပွားရေးနယ်ပါယ်ကို ကြည့်လိုက်တော့ လည်း တော်တော်များများ အသက် (၄၀) ကျော် (၅၀) တွေကပဲ လူငယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပျော်မွေ့နေကြတယ်။ တကယ်တမ်း အသက်တွေ ကြီးနေပေမယ့် သူတို့ဟာ လူငယ်ဆိုတဲ့ ခေါင်းစဉ် အောက်မှာရပ်ပြီး ရသမျှ အခွင့်အရေးတွေကို ရှေ့ဆုံးကနေ ဆီဦးထောပတ် စားသလိုစားပြီးတော့ တကယ့် လူငယ်တွေဖြစ်တဲ့ (၃၀) အောက်တွေ၊ (၂၅) အောက်တွေရဲ့ ပါဝင်ပတ်သက်မှုက အဲဒီထိပ်မှာ ပိတ်ဆို့ ခံထားရတယ်။ အဖွဲ့ အစည်းအသီးသီး မှာ ဆိုရင်လည်း လူငယ်နာမည်ခံထားသူတွေက တကယ့်လူငယ်တွေကို နေရာမဖယ်ပေးကြဘူး။ ဆိုတော့ ဒီလိုကိစ္စတွေ ရှိနေတဲ့အခါ လူငယ်တွေဟာ အနာဂတ်ခေါင်းဆောင်ဆိုတာရော ဟုတ်ရဲ့ လား၊ အသက်ကြီးလာမှ ခေါင်းဆောင် ရမှာလားဆိုတာ မေးစရာ ဖြစ်လာတယ်။ ကျမတို့မြင်တာကတော့ လူငယ်တွေသည် လက်ရှိပစ္စုပ္ပန် ရဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ လက်ရှိပစ္စုပ္ပန်မှာ သူတို့ ဘာလုပ်နေသလဲ၊ ဘာတွေတွေးနေသလဲဆိုတာ ကျမတို့ရဲ့အနာဂတ်ကို အများကြီးပုံဖော်သွားမှာ။ အဲဒါ ကြောင့် လူငယ်တွေဟာ သူတို့ရဲ့အိမ်တွေမှာ၊ သူတို့အလုပ် မှာ၊ ကျမတို့ရဲ့ ပတ်ဝန်းကျင်မှာ သူတို့ဘာတွေလုပ်နေသလဲဆိုတာ ကျမတို့ရဲ့အနာဂတ်နဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ပြောလို့ရတယ်။ လက်ရှိအစိုးရရဲ့ လူငယ်တွေအတွက် ဆောင်ရွက်ချက်ကို ကြည့်မယ်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဗန်းပြတဲ့အဆင့်မှာပဲ ရှိနေသေးတယ်။ လူငယ်တွေအတွက်ဆိုပြီး ဟန်ရေးပြတဲ့ အဆင့်မှာပဲ ရှိနေသေးတယ်။ မြန်မာနိုင်ငံမှာ လူငယ်များတယ်ဆိုပေမယ့် တကယ့် လက်တွေ့မှာ အုပ်ချုပ်တဲ့ လူတန်းစားကို ကြည့်ရင် ရေဘုယျအားဖြင့် အသက်အရွယ်က (၆၅) ပတ်ဝန်းကျင်မှာ ရှိနေကြတယ်။ ဆိုတော့ ဒါဟာ လူငယ်တွေရဲ့ ပါဝင်ပတ်သက်မှု လုံးဝကင်းကွာနေတယ်လို့ ပြောနိုင်တာပေါ့။ သူတို့ရဲ့ဆုံးဖြတ်ချက်တွေ ကလည်း ၂၁ ရာစုလူငယ်တွေကို Reflect လုပ်နိုင်ခြင်း၊ ထင်ဟပ်နိုင်ခြင်းမရှိဘူးလို့ ကျမတို့ယူဆတယ်။ လွှတ်တော်တွေမှာဆိုရင်လည်း လူငယ်ဦးရေက (၈) ရာခိုင်နှုန်းပဲရှိတယ်။ အဲဒီထဲ မှာမှ အမျိုးသမီးလူငယ်ဆိုရင် (၁ ဒဿ မ ၆) ရာခိုင်နှုန်းပဲရှိတာ။ အဲဒီတော့ လက်ရှိလူငယ်တွေ အသက်ကြီးပြီး နေရာ ရလာချိန် မှာလည်း သူတို့က အဲဒီခေတ်လူငယ်တွေအပေါ် အခုလိုပဲပြန်ဆက်ဆံကြပြီး ကျမတို့နိုင်ငံမှာ ဒီသံသရာ က လည်နေဦးမယ့် သဘောတော့ရှိတယ်။ အဲဒီတော့ လူငယ်တွေဟာ သူတို့ရှိသင့်တဲ့နေရာမှာ ရှိမနေခြင်းဟာ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် စိုးရိမ်စရာတော့ရှိတယ်။ ကျမတို့ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အစိုးရကိုအဓိက တိုက်တွန်းခဲ့တာ လူငယ့်ရေးရာမူဝါဒကို ဖော်ဆောင်ဖို့ပေါ့။ အခုမူဝါဒတော့ ဖော်ဆောင် လာပြီ။ ဒါပေမယ့် ရှိလာတဲ့မူဝါဒကို အကောင်အထည်ဖော်ဖို့ဆိုတာ တိကျသေချာတဲ့ ဝန်ကြီးဌာနလိုအပ်ပါတယ်။ လက်ရှိမှာတော့ လူမှုဝန်ထမ်းနဲ့ကယ်ဆယ်ရေးဝန်ကြီးဌာနကပဲ တာဝန်ယူဆောင်ရွက်နေတယ်။ အားလုံးသိတဲ့အတိုင်းပဲ ရခိုင်အရေးမှာဆိုလည်း လူကယ်ပြန်ကပဲ ထိပ်ကထွက်ရတယ်၊ တစ်နေရာရာမှာ မုန်တိုင်းမိတယ် Disaster ဖြစ်တယ်ဆိုရင်လည်း သူတို့ပဲရှေ့ဆုံးက ထွက်ရတယ်။ ဒါအပြင် ပြောရမယ်ဆိုရင် သူတို့က မသန်စွမ်းတွေ၊ အမျိုးသမီး တွေ၊ သက်ကြီးရွယ်အိုတွေအတွက်ပါ ဆောင်ရွက်ရတဲ့ ဌာနကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဝန်ထမ်းအင်အား အနည်းဆုံးသော ဝန်ကြီးဌာနလည်းဖြစ်တယ်။ ဒါပေမယ့် သူတို့က မြန်မာနိုင် ရဲ့ အင်အားအများဆုံးသော လူငယ် ကိစ္စကိုလည်း တာဝန်ယူပေးရ တယ်ဆိုတော့ တကယ်ကို အလုပ်ပိစေတဲ့ အခြေအနေဖြစ်သွားပြီ။ ကျမတို့ကတော့ ဖြစ်စေချင်တာက တခြား နိုင်ငံတွေမှာလိုပဲ လူငယ်ရေးရာဝန်ကြီးဌာန သီးခြားဖော်ဆောင် ပေးတာမျိုးပေါ့။ ပညာရေးနဲ့ လူငယ်ဖြစ်စေ၊ ကျန်းမာရေးနဲ့ လူငယ်ဖြစ်စေ၊ ဒါမှ မဟုတ် အားကစား နဲ့ လူငယ်ဖြစ်စေ တွဲတာမျိုး ထက် လူငယ်ဆိုတဲ့ဟာကို ဝန်ကြီး ဌာန တစ်ခု သီးခြား ဖော်ဆောင် ပြီးလုပ်မှသာလျှင် အလျှင်မီမယ်။ ခုအချိန်မှာဆိုရင် ကျမတို့နိုင်ငံရဲ့ ပတ်ဝန်းကျင်က လာအိုလို နိုင်ငံမျိုးနဲ့တောင် လူငယ်တွေ ယှဉ်လို့မရတဲ့ အခြေအနေကိုရောက်နေပြီ။ တစ်ဘက်က ကျမတို့နိုင်ငံမှာ ပြည်တွင်းစစ်ကလဲရှိ နေတော့ လူငယ်တွေရဲ့ စွမ်းဆောင်ရည်က ဖြစ်သင့်သလို မဖြစ်လာဘူး။ အဲဒါကြောင့် လူငယ်ရေးရာဝန်ကြီး ဌာနက မဖြစ်မနေလိုအပ် တယ်လို့ ကျမတို့ကတော့မြင်ပါတယ်။ လက်ရှိအခြေအနေကတော့ အားရစရာမရှိပါဘူး။

ငြမ်းမီဒီယာ – ပညာရေး၊ ဘာသာတရားနဲ့ ယဉ်ကျေးမှုတို့က လက်ရှိ လူ့အဖွဲ့အစည်းထဲက လူငယ်တွေရဲ့ ဆင်ခြင်တုံ တရားနဲ့ အသိဉာဏ်အပေါ် ဘယ်လောက်ထိ လွှမ်းမိုးလမ်းညွှန်နိုင်တယ်လို့ ပြောနိုင်မလဲ။

MTZSLY – လက်ရှိအခြေအနေအရဆိုရင် လက်ရှိပညာရေးနဲ့ လက်ရှိဘာသာရေးဟာ အဆိပ်အတောက်တွေ ဖြစ်စေတယ်လို့ ကျမတော့ပွင့်ပွင့်လင်းလင်းပဲ ပြောချင်ပါတယ်။ ဒီလိုပြောတာကို မကြိုက်တဲ့လူရှိမယ်၊ ကြိုက်တဲ့လူ ရှိမယ်။ ဒါပေမယ့် ကျမကတော့ ပွင့်ပွင့်လင်းလင်းပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဘာသာရေးကို တကယ့်ကိုစွဲစွဲနစ်နစ်နဲ့ အနှစ်သာရပြည့်ဝတဲ့ ယုံကြည်လိုက်စားမှု ဆိုရင်တစ်မျိုးပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ ကျမတို့နိုင်ငံမှာတော့ အပေါ်ယံပဲများတယ်။ အပေါ်ယံသကာလောင်းတဲ့ အပြုအမူ အပြော အဆိုတွေနဲ့ တကယ့်နားလည်မှု၊ ထဲထဲဝင်ဝင်လေ့လာမှုတွေမရှိဘဲ ဘာသာရေးဆိုတဲ့ အရေခြုံထားကြတဲ့အရာတွေ၊ လူတွေ အများကြီးရှိနေကြတယ်။ ဒါသည် ကျမတို့ဘာသာရေးအတွက်လည်း မကောင်းသလို ဒီဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ကြတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက်၊ ကျမတို့လူမှု အသိုင်းအဝိုင်း အတွက်လည်း ဘေးဖြစ်စေတယ်။ ကျမကတော့ ဒီလိုမြင် ပါတယ်။ အဲဒီတော့ ကျမတို့နိုင်ငံရဲ့ ဘာသာရေးအပေါ် ယုံကြည်လိုက်စားမှု ဆိုတာတွေက တကယ့်ကို ပြန်လည်ဆန်းစစ်ဖို့ အချိန် ရောက်ပြီ။ လူငယ်တွေအနေနဲ့လည်း ကိုယ်ကိုယ်တိုင်က ဘာသာရေးကို တကယ်လေ့လာလိုက်စားမယ်ဆိုရင် ဘယ် ဘာသာရေး ကို ထဲထဲဝင် ဝင်လိုက်စားမလဲ ဆိုတဲ့အပိုင်းကို သူတို့စဉ်းစားသင့်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူသား တစ်ယောက် ဖြစ်လာပြီဆိုရင် ကိုးကွယ်ယုံကြည်မှုဟာ ကျမတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှုကို ကိုယ်တိုင် ရွေးချယ် ပိုင်ခွင့်ရှိတယ်။

ပညာရပ်တွေကိုတော့ လေ့လာလိုက်စားရမယ်၊ ဒါပေမယ့် ကျောင်းသင်ခန်းစာ မဟုတ်သော ပြင်ပပညာရေးတွေကလည်း ကျမတို့နေ့စဉ်ဘဝအတွက် အရမ်းအကျိုးရှိလိမ့်မယ်ထင်ပါတယ် …

ကိုယ် တိုင်ဆုံးဖြစ်ပိုင်ခွင့်ရှိတယ်။ မွေးကတည်းကဒါဖြစ်လို့ ဒါဖြစ်စရာမလိုဘူး။ သူတို့ကိုယ်တိုင်လေ့လာပြီး ကိုယ်နဲ့တကယ် သင့်တော်သော၊ ကိုယ်တကယ်လေ့လာပြီး တကယ်ယုံကြည် လက်ခံတဲ့ ဘာသာရေးကိုရှာဖွေကြဖို့ ကျမတိုက် တွန်းချင်တယ်။ အဲဒီလိုရှာဖွေပြီးလို့ ဒီဘာသာရေးကို လေ့လာလိုက်စားပြီဆိုရင်လည်း ဒီဘာသာရေးရဲ့ ဆိုးကျိုး ကောင်းကျိုး တွေကို နားလည်ထား ဖို့လိုပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဘာသာတိုင်းမှာ ကောင်းတာရှိတယ်၊ အစွန်းရောက်သွားရင် ဆိုးတဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ ဘာသာရေးတစ်ခုအပေါ်မှာ တကယ့်ကို အစွန်းရောက်သွားခဲ့ရင် ဘယ်လိုပြဿနာတွေ ဖြစ်လာနိုင်သလဲဆိုတာ ကမ္ဘာ ပေါ်မှာ အကြောင်းအရာပေါင်းမြောက်များစွာနဲ့ လေ့လာလို့ရတဲ့ သင်ခန်းစာတွေ ရှိပါတယ်။ အဲဒီတော့ ကျမတို့က အစွန်းမရောက်ဖို့၊ တကယ်လည်းလေ့လာပြီး နားလည်နေဖို့၊ အဲဒီလိုမှ သာ ဘာသာရေးကို လေ့လာ လိုက်စားတဲ့သူလို့ နာမည်တပ်စေချင်တယ်။ နောက်တစ်ခုက ပညာရေးပေါ့။ ကျမတို့နိုင်ငံမှ မဟုတ်ပါဘူး၊ နိုင်ငံတော်တော် များများမှာ ပညာရေးမှာ ရေးထားတဲ့ အကြောင်း အရာတွေက ဘယ်သူ့အတွက် ဘယ်သူကဦးဆောင်ပြီး ရေးထားတာလည်းဆိုတာ မေးခွန်းထုတ်ဖို့ လိုပါတယ်။ ဒီပညာရေးမှာ သင်ကြားနေတဲ့ စာတွေက ဘယ်သူရေးခဲ့တာလည်း၊ ဘာအတွက်ရေးခဲ့ တာလည်း ဆိုတာနဲ့ ဘယ်သူတွေကျန်နေခဲ့သလဲဆိုတဲ့ မေးခွန်းသုံးခုကို ကျမတို့လူငယ်တွေက စဉ်ဆက်မပြတ်မေးမယ်။ ဘာပဲသင်ရ သင်ရ ဒီစာထဲမှာ ဘယ်အုပ်စုတွေကိုချန်ထားခဲ့သလဲ၊ ဘယ်အုပ်စုတွေက ဦးဆောင်ပြီးရေးခဲ့သလဲ၊ နောက် ဒီဟာကို ဘာကြောင့် ရေးခဲ့သလဲဆိုတာကို ကျမတို့မေးခွန်းထုတ်ခြင်းအားဖြင့် ကျမတို့ဟာ ပညာကိုသင်ယူတဲ့အခါမှာ အသိသတိနဲ့ သင်ယူသလို ဖြစ်စေတယ်။ ဒီလိုနည်းနဲ့ပဲ ကျမတို့က ကိုယ့်ကိုယ်ကိုယ် ပြုစုစောင့်ရှောက်ပြီးတော့ တော်တည့် ကောင်းမွန်တဲ့ တွေးခေါ်မှု ကိုရအောင် ကြိုးစားရလိမ့်မယ်။ လက်ရှိပညာရေးဟာ အတွေး အခေါ်ကောင်းတွေကိုပေးဖို့ အာမခံ ချက်မရှိပါဘူး။ အဲဒီတော့ တည့်မတ်မှန်ကန်တဲ့ အတွေးအခေါ်ကောင်းတွေရဖို့ ကိုယ်တိုင်မှာပဲ တာဝန်ရှိတယ်။ အဲဒီလိုရဖို့ဆိုတာကလည်း ခုနက မေးခွန်း သုံးခုကို စဉ်ဆက်မပြတ် မေးနေဖို့လိုတယ်လို့ ကျမမြင်ပါတယ်။ ပညာရေး နဲ့ ဘာသာရေးကတော့ လက်ရှိအခြေအနေမှာ ကျမတို့ တော်တော်သတိ ထားရမယ့် အရာထဲမှာ ပါတယ်။ ပညာရပ်တွေကိုတော့ လေ့လာလိုက်စားရမယ်၊ ဒါပေမယ့် ကျောင်းသင်ခန်းစာ မဟုတ်သော ပြင်ပပညာရေးတွေကလည်း ကျမတို့နေ့စဉ်ဘဝအတွက် အရမ်းအကျိုးရှိလိမ့်မယ်ထင်ပါတယ်။ နောက်တစ်ခုက ယဉ်ကျေးမှု။ ယဉ်ကျေးမှုလို့ပြောရင် ကျမတို့အရှေ့တိုင်းက အာရှနိုင်ငံတွေဟာ ယဉ်ကျေးမှု တကယ့်ကို ထွန်းကားတယ်။

ကျမတို့ နိုင်ငံရဲ့ ယဉ်ကျေးမှုဟာ အရမ်းကိုချစ်ဖို့ကောင်းပြီး အများကိုတန်ဖိုးထားလေးစားတယ်။ သနားကြင်နာ တတ်ကြတယ်။ အလှူ အတန်း ရက်ရောတဲ့ နိုင်ငံဖြစ်တယ်။ ဒါက …

တကယ့်ကို အားကျရလောက်အောင် နက်နက်ရှိုင်းရှိုင်း စဉ်ဆက်မပြတ် လက်ဆင့်ကမ်းလာတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ နောက် ဓလေ့ထုံးတမ်းတွေရှိတယ်။ ဒါတွေက ကျမတို့မြတ်နိုးတန်ဖိုးထားရမယ့် အရာတွေဖြစ်သလို ကျမတို့လူငယ်တွေအနေနဲ့ နောက်တစ်ခုတွေးထားရမှာက ယဉ်ကျေးမှုတို့၊ နောက် Civilization ပေါ့၊ ကျမတို့ မြို့ပြရွေ့ပြောင်းနေထိုင်မှုတွေ ဒီ အတွေးအခေါ် ပိုင်းတွေဟာဆိုရင် ပြောင်းလဲလို့ရတယ်ဆိုတဲ့ အတွေးအမြင်ရှိသင့်တယ်။ တသမတ် တည်း ဘယ်အရာကိုမှ ဆုပ်ကိုင်ထား စရာမလိုဘူး။ ကျမတို့ရဲ့ရှိပြီးသား ယဉ်ကျေးမှုတွေ၊ အမွေအနှစ်တွေကိုတော့ ကျမတို့ထိန်းသိမ်းရလိမ့်မယ်၊ အဲဒီရဲ့တန်ဖိုးကို ကျမတို့ နားလည်ရလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ ဒီယဉ်ကျေးမှုတွေ၊ အတွေးအခေါ်တွေ၊ အလေ့အကျင့်တွေဟာလည်း လက်တွေ့ ပြောင်းလဲလာတဲ့ကမ္ဘာကြီးနဲ့အတူ ပြုပြင်ပြောင်းလဲမှု လုပ်ရလိမ့်မယ်ဆိုတဲ့ အမြင်ရှိထားရမယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ကျမတို့က အတွေးအခေါ်နောက်ကျတဲ့၊ ခေတ်နောက် ကျတဲ့ ၁၉ ရာစုက လူတွေလိုပဲဖြစ်နေလိမ့်မယ်။ ၂၁ ရာစုနဲ့ အမီလိုက်မယ် ဆိုရင်တော့ ကျမတို့ယဉ်ကျေးမှုတွေမှာလည်း Update လုပ်ရမယ့်အရာတွေရှိတယ်။ ဥပမာ အရင်ကဆို မိန်းကလေးတွေ ဘောင်းဘီဝတ်တာကို သိပ်လက်မခံခဲ့ကြဘူး။ အခုသူတို့ဝတ်လာကြတယ်။ ဒါဟာလည်း ယဉ်ကျေးမှုက လက်ခံလာကြတယ် ဆိုတဲ့သဘောပေါ့။ ပြောရမယ် ဆိုရင် အရာအားလုံးက Adjustable ဖြစ်လာတယ်၊ အစွန်းမရောက်ဖို့လိုတယ်။ ဆိုတော့ အဲဒီနှစ်ခု ကြားထဲမှာ ကျမတို့လူငယ် တွေက နေတတ်ထိုင်တတ်ပြီး မျှတတဲ့တွေးခေါ်နိုင်မှုတွေရှိဖို့ လိုအပ်တယ် လို့မြင်ပါတယ်။ ကျမတို့ နိုင်ငံရဲ့ ယဉ်ကျေးမှုဟာ အရမ်းကိုချစ်ဖို့ကောင်းပြီး အများကိုတန်ဖိုးထားလေးစားတယ်။ သနားကြင်နာ တတ်ကြတယ်။ အလှူ အတန်း ရက်ရောတဲ့ နိုင်ငံဖြစ်တယ်။ ဒါက ဘယ်နိုင်ငံမှာမှ ရှာလို့မရတဲ့ ယဉ်ကျေးမှု အစစ်အမှန်ပါပဲ။ ဒီလိုမျိုး အလေ့အထ ကောင်း တွေကိုလည်း ကျမတို့ထိန်းသိမ်းပြုပြင်ရမယ်။ တစ်ချိန်တည်းမှာပဲ နောက်ထပ်သင့်လျော်တဲ့ ပုံစံမျိုးတွေပြောင်းလဲတဲ့ အခါမှာလည်း တွန့်ဆုတ်မနေသင့်ဘူးလို့ ထင်ပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,