အစိုးရလည်း ဘေးကြပ်နံကြပ်၊ ပြည်သူ တွေရဲ့ ဒုက္ခလည်း ငြိမ်းမှာမဟုတ်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KMPP/ကမန်အမျိုးသားတိုးတက်ရေးပါတီ  ဒုဥက္ကဌ ဦးလှတိုး

အရင်ကတော့ ရမ်းဗြဲမှာ ကမန်တိုင်းရင်းသားတွေ ရပ်ကွက်တစ်ခုစာလောက်ရှိခဲ့တယ်။ ၂၀၁၂ အရေးအခင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတော့ အဲဒီက အိမ်ထောင်စု (၅၅) ခုကို …

“တစ်နိုင်ငံလုံးရဲ့ငြိမ်းချမ်းရေးကိုလုပ်ဖို့ဆိုတာ အားလုံးစုစည်း ပြီးတော့ အကုန်ပါအောင်လုပ်မှဖြစ်မယ်။ ကျနော် တို့မြင်နေရတဲ့ကိစ္စကတော့ ဒီငြိမ်းချမ်းရေးမရ သမျှကာလပတ်လုံး ဦးဆောင်တဲ့အစိုးရလည်း ဘေးကြပ်နံကြပ် ဖြစ်နေရမှာပဲ။ တစ်ဖက်က ခံစားနေရတဲ့ပြည်သူတွေရဲ့ ဒုက္ခတွေလည်း ငြိမ်းနိုင်မှာမဟုတ်ဘူး . .”

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်သော ကမန်တိုင်းရင်းသားတို့၏ ကမန်အမျိုးသားတိုးတက်ရေးပါတီ (KMPP) ဒုဥက္ကဌ ဦးလှတိုးကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကမန်အမျိုးသားတိုးတက်ရေးပါတီ (KMPP) ရဲ့ သမိုင်းကြောင်းနဲ့ ပါတီရဲ့မူဝါဒကို မိတ်ဆက် ပြော ပြပေးပါ။

UHT – ပါတီသမိုင်းကြောင်းကိုပြောရရင် ကျနော်တို့ရဲ့ ကမန်အမျိုးသားတိုးတက်ရေးပါတီကို ၂၀၁၀ ခုနှစ် မတ်လ အတွင်းက ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ဇွန်လမှာ ပါတီတည်ထောင်ခွင့်လျှောက်ခဲ့တယ်။ ၂၀၁၀ ဇူလိုင် (၅) ရက်နေ့ မှာ ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင် အမှတ် (၃၆) နဲ့ မှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။

ပါတီက ၂၀၁၀ မှာ ပြန် ဖွဲ့တယ်ဆိုပေမယ့် တကယ်တမ်းပြောရရင် ကျနော်တို့ ၁၉၉၀ ကတည်းက ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဆိုပြီးဖွဲ့ခဲ့တယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာဝင်ပြိုင်ပြီး ကိုယ်စားလှယ်တစ်ဦးရွေးချယ်ခံခဲ့ရတယ်။ ဒါပေမယ့် ၁၉၉၁ လောက်မှာ ပါတီကိုဖျက်သိမ်းခံလိုက်ရတော့ ၂၀၁၀ မှာ ကမန်အမျိုးသားတိုးတက်ရေးပါတီ ဆိုပြီး ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခဲ့တယ်။ ဒါပေမယ့် ရွေးချယ် ခံရခြင်းတော့မရှိခဲ့ဘူး။

ကမန်လူမျိုးတွေဟာ ရခိုင်ဘုရင်တွေလက်ထက်က လေးကိုင်သူရဲကောင်းတွေအဖြစ် သစ္စာရှိရှိ အမှုထမ်းခဲ့ကြတဲ့ လူမျိုးတွေပါ။ ရခိုင်ဘုရင်အဆက်ဆက်ထံမှာ …

၂၀၁၀ မှာ (၆) နေရာဝင်ပြိုင်ခဲ့တယ်။ ၂၀၁၅ မှာတော့ (၅) နေရာဝင်ပြိုင်ခဲ့တယ်။ အခု လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်တို့ ကမန်အမျိုးသားတိုးတက်ရေးပါတီက (၅) နေရာဝင်ပြိုင်သွားမယ်။ ရန်ကုန်တိုင်းမှာ (၃) နေရာနဲ့ ရခိုင်ပြည်နယ် သံတွဲမြို့မှာ (၂) နေရာ ဝင်ပြိုင်သွားမယ်။ ကျနော်တို့ သံတွဲကိုအဓိ က ထားတယ်။ သံတွဲမှာကတော့ ရနိုင်တယ်လို့ ယူဆတယ်။ သံတွဲမှာ ပြည်သူ့လွှတ်တော်တစ်နေရာနဲ့ ပြည်နယ် လွှတ်တော်တစ်နေရာဝင်ပြိုင်မှာပါ။ အဲဒီအထဲက တစ်နေရာတော့ရနိုင်မယ်လို့ ယူဆပါတယ်။

သံတွဲမှာက ကမန် တိုင်းရင်းသားလူဦးရေ သောင်းနဲ့ချီပြီးရှိတယ်။ ရခိုင်ပြည်နယ်ထဲက တခြားမြို့တွေမှာတော့ ကမန်တိုင်းရင်းသား ဦးရေ သိပ်များများစားစားမရှိဘူး။ ရမ်းဗြဲတို့ဘာတို့မှာလည်း ကမန်တိုင်းရင်းတွေက မိသားစုလေးငါးခုလောက်ပဲ ရှိတော့တယ်။ အဲဒီက ကမန်တိုင်းရင်းသားတွေအများစုက ရန်ကုန်ကိုပြောင်းလာကြပြီ။

အရင်ကတော့ ရမ်းဗြဲမှာ ကမန်တိုင်းရင်းသားတွေ ရပ်ကွက်တစ်ခုစာလောက်ရှိခဲ့တယ်။ ၂၀၁၂ အရေးအခင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတော့ အဲဒီက အိမ်ထောင်စု (၅၅) ခုကို ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဗွက်ကြီးရွာမှာ ကမန်လူငယ်တွေက မြေဝယ်၊ အိမ်ဆောက်ပေးပြီးနေရာချထားပေးခဲ့တယ်။ အစိုးရကတော့ ပြောင်းရွေ့ပေးရုံပဲ ဆောင်ရွက်ပေးခဲ့တာပေါ့။ ဒါကြောင့် သံတွဲကိုအဓိကထားပြီးပြိုင်မှာဖြစ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပါတီရဲ့မူဝါဒကတော့ (၅) ချက်ရှိပါတယ်။ ကျနော်ဖတ်ပြ မယ်။ (၁) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးနှင့် လောကပါလတရား များကို အခြေခံပြီး လူ့အခွင့်အရေး များကို လေးစားလိုက်နာသော ပြည်ထောင်စုဖွား ပြည်သူပြည်သားများ၊ ပါတီများနှင့် လက်တွဲပြီး အနာဂတ်မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ကို အခြေခံသည့် ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ပေါ်လာစေဖို့ အစွမ်းကုန် ကြိုးပမ်းသွားရေး။ နောက် နံပါတ် (၂) က အကြမ်းဖက်ဝါဒနဲ့ အခြားအစွန်းရောက် ဘယ်ဝါဒမျိုးကိုမဆို ဆန့်ကျင်သွားရေး။ နံပါတ် (၃) ကမ္ဘာ့နိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများနဲ့ ဖြောင့်မတ်ပြီး ဘက်မလိုက်မူဝါဒကို အခြေခံတဲ့ ချစ်ကြည်ရင်း နှီးမှု တည်ဆောက်ရေးတွင် ပါဝင်ကူညီရေး။ နံပါတ် (၄) နိုင်ငံတစ်ဝန်းလုံးမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရေး။ နံပါတ် (၅) မြန်မာလူ့အဖွဲ့အစည်းကို အကျိုးမပြုသော အတွေးအခေါ်၊ အယူအဆများ ပပျောက်ချုပ် ငြိမ်းသွားအောင် ပညာပေးစည်းရုံးရေး။ အဲဒီအချက် (၅) ချက်က ကျနော်တို့ ပါတီရဲ့ အဓိက နိုင်ငံရေး မူဝါဒတွေပဲဖြစ်တယ်။

ငြမ်းမီဒီယာ – ကမန်တိုင်းရင်းသားတွေရဲ့သမိုင်းကြောင်းကို ပြောပြပေးပါဦး။

UHT – ကမန်တိုင်းရင်းသားတွေက ရခိုင်မျိုးနွယ်စုမှာပါဝင်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်တယ်။ ကမန် တိုင်းရင်းသားတွေအများစုဟာ ရခိုင်ပြည်နယ်မှ အစဉ်အဆက် မွေးဖွားကြီးပြင်းလာကြတဲ့ တိုင်းရင်းသား လူမျိုးစု တစ်ခု ဖြစ်ပါတယ်။ ကမန်လူမျိုးတွေဟာ ရခိုင်ဘုရင်တွေလက်ထက်က လေးကိုင်သူရဲကောင်းတွေအဖြစ် သစ္စာရှိရှိ အမှုထမ်းခဲ့ကြတဲ့ လူမျိုးတွေပါ။ ရခိုင်ဘုရင်အဆက်ဆက်ထံမှာ အမှုထမ်းခဲ့ကြတဲ့ လေးသည်တော် တွေပေါ့။ ဒီအချက်ကို ရခိုင်ဆရာတော်ကြီးတွေ ရေးသားတဲ့သမိုင်းရာဇဝင် အထောက်အထားမှတ်တမ်းတွေမှာ တွေ့နိုင်ပါတယ်။

‘ကမန်’ဆိုတာ ‘လေး’ နဲ့ ‘မြှား’ ကိုခေါ်တာဆိုတော့ လေးနဲ့မြှားကိုအစွဲပြုပြီး ကမန်လူမျိုးရယ်လို့ ခေါ်ဝေါ်ခဲ့ကြပုံရပါတယ်။ အဲဒီတုန်းကတော့ ကမန်လူမျိုးတွေဟာ ဗုဒ္ဒဘာသာဝင်တွေဖြစ်တယ်လို့ မှတ်တမ်းတွေ မှာတွေ့ရတယ်။ နောက်ပိုင်း ရခိုင်နန်းတွင်းကို ပါရှန်းက သာသနာပြုတရားဟောဆရာတွေ ရောက်လာတဲ့အခါ ကမန်လေးကိုင်သူရဲကောင်းစစ်သည်တချို့က အစ္စလာမ်ဘာသာဝင်တွေဖြစ်လာကြတယ်လို့ ရေးသားမှတ်တမ်း တင်ထားတာတွေရှိတယ်။

အဲဒီကနေမွေးဖွားလာကြတဲ့ မျိုးဆက်တွေက လက်ရှိကမန်လူမျိုးတွေအဖြစ်ရှိနေကြ တာပေါ့။ ဒီအချက်ကို သက်သေပြနိုင်တာက ကမန်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေ အားလုံးက ရခိုင်တွေနဲ့အတူတူပဲ။ ယုံကြည်ကိုးကွယ်မှုမတူတာကလွဲပြီး ကျန်တဲ့ဓလေ့ထုံးတမ်းတွေ ဥပမာ သင်္ကြန်ပွဲကျင်းပပုံတွေ၊ ရွာတွေမှာ ရွာရှင်အပင်ကို ရွှေစက္ကူတွေကပ်ပြီးပူဇော်ကြတာတွေ စတဲ့ စတဲ့ အချက်တွေ အားလုံးက ရခိုင်တွေနဲ့အတူတူပဲ။ အခုထိလည်း တစ်ချို့ကျေးရွာတွေမှာ အဲဒီဓလေ့တွေကို တွေ့နိုင်သေးတယ်။

ရခိုင်ထီးနန်းပျက်သုန်းသွားတဲ့အချိန်မှာလည်း ရခိုင်ဘုရင်တွေက ရခိုင်ပြည်နယ်အနှံ စစ်တွေ၊ ရမ်းဗြဲ၊ သံတွဲ စတဲ့ နေရာတွေမှာ ကမန်တိုင်းရင်းသားတွေကို နေရာချထားပေးခဲ့တယ်။ အဲဒီမှာ လယ်ယာလုပ်ငန်းတွေလုပ်ကိုင် နေ ထိုင်ခဲ့ကြတာပေါ့။ နောက်ပိုင်းဒီဘက်ခေတ်မှာတော့ အစိုးရအမှုအထမ်းလုပ်တဲ့သူတွေလည်း အများကြီး ရှိတာ ပေါ့။ ကျောင်းဆရာတွေ၊ ရဲဝန်ထမ်းတွေ၊ စစ်သားတွေ စသဖြင့်အများကြီးရှိပါတယ်။ မြန်မာ့နိုင်ငံရေးမှာ စစ်ကြို ခေတ်၊ စစ်ပြီးခေတ်အချိန်တွေမှာလည်း နိုင်ငံရေးကိစ္စတွေမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ကြတယ်။ ကမန်လူမျိုးတွေရဲ့ သမိုင်းကြောင်းအကျဉ်းချုပ်ကတော့ အဲဒါပါပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပါတီကြီးတွေကတော့ ဗီနိုင်းတွေထောင် တာတို့၊ လက်ကမ်းစာစောင်ဝေတာတို့၊ ကားနဲ့လှည့်တာတို့လုပ်နိုင်ပေမယ့် ကျနော်တို့အတွက်ကတော့ အဲဒီလို လုပ်ဖို့က သိပ်မလွယ်လှဘူး။ ဒါပေမယ့် …

ငြမ်းမီဒီယာ – ၂၀၂၀ ရွေးကောက်ပွဲရဲ့ လွတ်လပ်မျှတမှုကိုရော ဘယ်လိုမျှော်လင့် မှတ်ချက်ပြုချင်ပါသလဲ။

UHT – လွတ်လပ်မျှတမှုဆိုတာကတော့ ရှိသင့်သလောက်ရှိပါလိမ့်မယ်။ ခုလက်ရှိ COVID -19 ကပ်ရောဂါဖြစ် နေတော့ လုပ်ရကိုင်ရတဲ့အပိုင်းမှာ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ ဒါကလည်း ကျနော်တို့ပါတီတစ်ခု တည်းမဟုတ်ပါဘူး။ တစ်နိုင်ငံလုံး အဲဒီအတိုင်းဖြစ်နေကြတာ။ ပါတီကြီးတွေကတော့ ကြိုတင်ပြင်ဆင်ထားတော့ သူတို့အတွက် သိပ်အခက်အခဲမရှိဘူး။

ကျနော်တို့ပါတီငယ်တွေကတော့ အခုမှလုပ်နေရတုန်းဆိုတော့ လက်ရှိ ကပ်ရောဂါကာလစည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ရကိုင်ရတဲ့အခါ အခက်အခဲတော့ရှိတာပေါ့။ အဲဒီလိုပေါ့။ တရားမျှတမှုနဲ့ပတ်သက်ရင်တော့ ကော်မရှင်က တရားမျှတမှုရှိအောင်တော့လုပ်မယ်လို့ သူတို့တိတိကျကျပြော ထားတယ်လေ။ ကျနော်တို့လည်း အဲဒီလိုလုပ်လိမ့်မယ်လို့တော့ ယူဆတယ်။ ဒါပေမယ့် ပါတီတွေဘက်က ကျတော့ ဒီ COVID – 19 ကပ်ရောဂါကာလနဲ့တိုက်ဆိုင်နေတော့ အခက်အခဲကအများကြီးရှိနေတာပေါ့။ အဲဒါ ကြောင့် ပါတီငယ်လေးတွေကတော့ နည်းနည်းအခက်အခဲရှိတယ်။

ပါတီကြီးတွေကတော့ ဗီနိုင်းတွေထောင် တာတို့၊ လက်ကမ်းစာစောင်ဝေတာတို့၊ ကားနဲ့လှည့်တာတို့လုပ်နိုင်ပေမယ့် ကျနော်တို့အတွက်ကတော့ အဲဒီလို လုပ်ဖို့က သိပ်မလွယ်လှဘူး။ ဒါပေမယ့် ဒီလမကုန်ခင်မှာလက်ကမ်းစာစောင်ဝေတာတို့၊ လက်လှမ်းမီသလောက် ဗီနိုင်းတွေစိုက်တာတို့ကိုတော့ ကျနော်တို့လုပ်နိုင်သလောက်လုပ်ဖို့ စဉ်းစားထားတယ်။ အတတ်နိုင်ဆုံးတော့ လုပ်နေကြတာပေါ့။

မဲပေးကြတဲ့နေရာမှာတော့ နည်းနည်းအခက်အခဲတော့ရှိမှာပေါ့။ အရင် က တစ်နာရီ၊ နှစ်နာရီနဲ့ ပြီးတဲ့နေရာမှာ အနည်းဆုံး သုံးနာရီ၊ လေးနာရီ အဲဒီလိုတော့ အချိန်ယူရမှာပေါ့။ အချိန် ကတော့ …

ငြမ်းမီဒီယာ – လက်ရှိ COVID – 19 ကပ်ရောဂါအခြေအနေကလည်းရှိတော့ တချို့နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံ ရေး လေ့လာစောင့်ကြည့်သူတွေက ရွေးကောက်ပွဲရက်ရွေ့သင့်တယ်လို့ ပြောနေကြတာတွေရှိတယ်။ ကမန် အမျိုးသားတိုးတက်ရေးပါတီအနေနဲ့ အဲဒီအချက်အပေါ် ဘယ်လိုသဘောထားရှိပါသလဲ။

UHT – ကျနော်ထင်တာတော့ ရွေးကောက်ပွဲကို ရွေ့ဖို့အစီအစဉ်မရှိလောက်ဘူး။ သူတို့က အားလုံးကြိုတင်ပြင် ဆင်ပြီးသား၊ လုပ်ပြီးသားဆိုတော့လေ။ သူတို့က ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်နဲ့အညီလုပ်မယ် လို့ပြောထားတော့ ရွေးကောက်ပွဲရွေ့ဖို့ဆိုတာ သိပ်တော့မလွယ်လောက်ဘူး။

ကျနော်တို့ကတော့ ရွေ့ပါလို့ လည်းမပြောဘူး၊ မရွေ့နဲ့လို့လည်းမပြောဘူး။ ကျနော်တို့ဆိုလိုတာက ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားချက် တွေနဲ့အညီ အများနည်းတူလုပ်မှာပေါ့။ မဲပေးကြတဲ့နေရာမှာတော့ နည်းနည်းအခက်အခဲတော့ရှိမှာပေါ့။ အရင် က တစ်နာရီ၊ နှစ်နာရီနဲ့ ပြီးတဲ့နေရာမှာ အနည်းဆုံး သုံးနာရီ၊ လေးနာရီ အဲဒီလိုတော့ အချိန်ယူရမှာပေါ့။ အချိန် ကတော့ တစ်နေကုန်အပြင် ညမိုးချုပ်တဲ့အထိ ဖြစ်သွားနိုင်တယ်။ အရင်ကလို ညနေလေးနာရီနဲ့ ပိတ်လို့ရမယ် မထင်ဘူး။

ငြမ်းမီဒီယာ – လက်ရှိကပ်ရောဂါအခြေအနေအပြင် တစ်ဖက်ကစစ်ရေးတင်းမာမှုအနေအထားတွေကလည်း ရှိနေတော့ ရခိုင်ပြည်နယ်က နေရာတိုင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

UHT – ကျနော်ထင်တာကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာတော့ တချို့နေရာတွေမှာ လုပ်နိုင်မယ်မထင်ဘူး။ လုပ်နိုင်မယ်မထင်ဘူးဆိုတာ အခုလတ်တလောတော့ မလုပ်နိုင် သေးဘူး၊ ဒါပေမယ့် အေးချမ်းတဲ့အချိန်မှာ ပြန်လုပ်မယ်မယ်ဆိုတဲ့သဘောမျိုးပေါ့။

ရခိုင်ပြည်နယ်တောင်ပိုင်းမှာ တော့ အဲဒီလိုမျိုးမဖြစ်လောက်ဘူး။ ပုံမှန်အတိုင်းပဲ လုပ်လို့ရနိုင်ပါတယ်။ မြောက်ပိုင်းမှာတော့ မြို့နယ်အသီးသီး ရှိတော့ ရသေ့တောင်တို့၊ မြောက်ဦးတို့လိုနေရာမျိုးတွေမှာတော့ သိပ်တော့ မသေချာလောက်ဘူးလို့ ထင်ပါ တယ်။ ကော်မရှင်ကတော့ အချိန်မီထုတ်ပြန်လိမ့်မယ်လို့ ယူဆရတာပေါ့။

အင်တာနက်တွေဘာတွေဖွင့်မပေးသေးဘူးဆိုတော့ အဲဒီဒေသတွေမှာနေရတဲ့လူတွေလည်း အများကြီး အကြပ်အတည်း အခက်အခဲတွေတွေ့ရ တာပေါ့။ ဒီအတွက် …

ငြမ်းမီဒီယာ – ခုနကပြောသွားတဲ့ ပါတီရဲ့နိုင်ငံရေးမူဝါဒတွေထဲမှာ “အကြမ်းဖက်ဝါဒနဲ့ အခြားအစွန်းရောက် ဘယ်ဝါဒမျိုးကိုမဆို ဆန့်ကျင်သွားရေး” ဆိုတဲ့အချက်တစ်ခုကိုသတိပြုမိပါတယ်။ မေးချင်တာက ဒီလိုမူဝါဒ တစ်ခုအနေနဲ့ ချမှတ်ထားတာဟာ ဒီနိုင်ငံ၊ ဒီလူ့အဖွဲ့အစည်းမှာ အဲဒီလိုဝါဒတွေ ထွန်းကားနေတယ်လို့ ယူဆ ထားလို့လား။

UHT – ယူဆထားတယ်ဆိုတာထက် ဒီနိုင်ငံက မငြိမ်းချမ်းသေးဘူးလေ။ မငြိမ်းချမ်းသေးဘူးဆိုတော့ တခြား လူမျိုးတွေ ကချင်တွေလည်း ငြိမ်းချမ်းရေးမရသေးဘူး။ ထိုနည်းတူစွာ အခုရခိုင်အဖွဲ့ရော၊ တခြား ငြိမ်းချမ်းရေး မရတဲ့အဖွဲ့တွေလည်း အများကြီးရှိတယ်လေ။ ခုမှကြိုးစားနေဆဲဆိုတော့ ဒီလိုတကယ်လို့ဖြစ်လာခဲ့ရင်ပေါ့။ အခုဆိုရင် ရခိုင်ဘက်ကို အစိုးရကလည်းကြေညာထားတာတွေ ရှိတယ်လေ။ ဒါက အခုမှကြေညာတာလေ။ ကျနော်တို့က ပါတီထောင်ကတည်းက အဲဒီအကြမ်းဖက်ဝါဒတွေဘာတွေကိုလက်မခံဘူးလို့ ပါတီရဲ့မူဝါဒထဲမှာ ထည့်ထားပါတယ်။ အဲဒီလိုပေါ့။

ငြမ်းမီဒီယာ – လက်ရှိရခိုင်ပြည်နယ်ရဲ့အခြေအနေကို ပါတီဒုဥက္ကဌတစ်ယောက်ရဲ့အမြင်နဲ့ သုံးသပ်ပြောပြပေးပါဦး။

UHT – ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စကတော့ ဒါ အစိုးရနဲ့ဆိုင်တာပေါ့။ အစိုးရက အင်တာနက်ပိတ်ထားတာ တွေ ဘာတွေရှိတယ်။ နောက် အစိုးရကလည်း သူတို့ Policy ဘယ်လိုရှိမှန်းကိုတော့မသိဘူး။ အမှန်ကတော့ တစ်နိုင်ငံလုံးကို ငြိမ်းချမ်းစေချင်တာပေါ့။ ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးချမ်းချမ်း ဖြစ်စေချင်တာပေါ့။ သူတို့ကို လည်း ဒီ (၂၁) ရာစုပင်လုံတို့ဘာတို့မှာ ဖိတ်ကြားစေချင်တယ်။ ဖိတ်ပြီးတော့ တရားဝင်ဆွေးနွေးစေချင်တာပေါ့။ အဲဒီလိုတရားဝင်ဆွေးနွေးမှပဲ အဆင်ပြေမှာ။

အခု နောက်ဆုံးလုပ်တဲ့ ပင်လုံမှာတော့ မဖိတ်ဘူးလို့သိရတယ် လေ။ အခုလက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေချုပ်ငြိမ်းဖို့အတွက်က အားလုံး၊ လူပေါင်းစုံခေါ်ပြီးတော့ ရခိုင်ရော၊ တခြား ကချင်တွေဘာတွေ၊ နောက် TNLA ဆိုတဲ့ တအာင်းပလောင်တွေ အားလုံးကိုခေါ်ပြီးတော့၊ ညှိပြီးတော့ လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ အစိုးရ Policy က လောလောဆယ်တော့ အင်တာနက်တွေဘာတွေဖွင့်မပေးသေးဘူးဆိုတော့ အဲဒီဒေသတွေမှာနေရတဲ့လူတွေလည်း အများကြီး အကြပ်အတည်း အခက်အခဲတွေတွေ့ရ တာပေါ့။ ဒီအတွက် ကျနော်တို့လည်း စိတ်မကောင်းဘူး။ ဒါပေမယ့်ခက်တာက အစိုးရရဲ့ Policy ဘယ်လိုရှိနေ လည်းဆိုတာကို ကျနော်တို့အသေးစိတ်မသိရဘူးလေ။

ပြည်နယ်တစ်ခုချင်းအေးချမ်းမှ တစ်နိုင်ငံ လုံးအေးချမ်းမယ်လေ။ အခုက တစ်ခြမ်းက၊ မြောက်ဘက်ပိုင်းတစ်ခုက မအေးချမ်းနိုင်ဘူးဖြစ်နေတော့ ဘယ် လိုမှမငြိမ်းချမ်းနိုင်ဘူးပေါ့။ တစ်ဖက်ပဲ့နေသလိုဖြစ်နေတာပေါ့။ တစ်နိုင်ငံလုံးရဲ့ငြိမ်းချမ်းရေးကိုလုပ်ဖို့ဆိုတာ အားလုံးစုစည်း ပြီးတော့ အကုန်ပါအောင်လုပ်မှဖြစ်မယ်။

ကျနော်တို့မြင်နေရတဲ့ကိစ္စကတော့ ဒီငြိမ်းချမ်းရေးမရ သမျှကာလပတ်လုံး ဦးဆောင်တဲ့အစိုးရလည်း ဘေးကြပ်နံကြပ်ဖြစ်နေရမှာပဲ။ တစ်ဖက်က ခံစားနေရတဲ့ပြည်သူ တွေရဲ့ ဒုက္ခတွေလည်း ငြိမ်းနိုင်မှာမဟုတ်ဘူး။ အဲဒီတော့ ငြိမ်းချမ်းအောင်တော့ ကြိုးစားကြရမှာပေါ့။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။

UHT – ပြောချင်တာကတော့ အခုဒီ ၂၀၂၀ ရွေးကောက်ပွဲကိုတော့ အားလုံးငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်း ပြီးစေချင်တယ်။ နောက် ဒီ COVID – 19 ကပ်ရောဂါလည်းအမြန်ဆုံးပျောက်ကင်းပါစေလို့ ဆန္ဒပြုပါတယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,