အစ္စလာမ်ဘာသာဝင်တွေကို NLD အမတ်လောင်းအဖြစ်ရွေးမလား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / NLD ပါတီ ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်

ကျနော့်တစ်ဦးချင်း သဘောထားနော်။ ကျနော့် သဘောထားကတော့ ဘာပဲဖြစ်ဖြစ် ဒီကွန်မြူနတီ ဟာ ဒီအချိန်ကာလမှာ၊ အချိန်ကာလအရ ပေါ့လေ …

NLD အနေဖြင့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာကိုးကွယ်သူများ ကို ၂၀၁၅ ရွေးကောက်ပွဲတွင်ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်၍ ရွေးကောက်ပွဲတွင် ပါဝင်စေခြင်း မရှိခဲ့ပါ။

၂၀၂၀၊နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲကြီးတွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ အား NLD အနေဖြင့် ကိုယ်စားလှယ်လောင်းနေရာ ရွေးချယ်၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ရန် လျာထားခြင်း ရှိ၊မရှိအခြေအနေများနှင့် ပတ်သက်၍ NLD ပါတီ ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – ၂၀၁၅ ရွေးကောက်ပွဲမှာ မွတ်စလင်ကွန်မြူနတီ က လူတွေ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် နိုင်ခဲ့ခြင်း မရှိခဲ့ဘူး။ NLD က အစ္စလာမ်ဘာသာဝင်တွေ ကို မရွေးချယ်ခဲ့ဘူး။ မွတ်စလင်ကွန်မြူနတီကလူတွေကို လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ အခြေအနေ ရှိသလား။ ဆရာ ဘယ်လို ယူဆသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UAS – ဒီကိစ္စကတော့ စီအီးစီ က ပဲ ဆုံးဖြတ်မယ်လို့ ကျနော်ထင်တယ်။ ကျနော်က တော့ အဲဒီဟာကို မသိဘူး။ သို့သော် ကျနော့် တစ်ဦးချင်း ရဲ့ သဘောထားပေါ့လေ။ ကျနော့်တစ်ဦးချင်း သဘောထားနော်။ ကျနော့် သဘောထားကတော့ ဘာပဲဖြစ်ဖြစ် ဒီကွန်မြူနတီ ဟာ ဒီအချိန်ကာလမှာ၊ အချိန်ကာလအရ ပေါ့လေ ပါဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

၂၀၁၅ တုန်းက တော့ ပြင်းထန်တဲ့ ကာလကိုးဗျ။ သို့သော် ဒီကနေ့လို ကာလမျိုး ကတော့ ဘာပဲဖြစ်ဖြစ်လေ ပူးပေါင်းဆောင်ရွက် သင့်တယ်လို့ ကျနော်မြင်တယ်။ ဒါက ကျနော့် တစ်ဦးချင်းရဲ့ သဘောထားပါ။ သို့သော်လည်းပဲ အခုရွေးကောက်ပွဲမှာ မွတ်စလင် ကွန်မြူနတီ က လူတွေ ပါဝင်ရေး၊မပါဝင်ရေး ကတော့ NLD စီအီးစီ တွေရဲ့ သဘောထား အပေါ်ပဲ မူတည်ပါလိမ့်မယ်။

ဒီမိုကရက်တစ်လမ်းအရ လိုအပ်မှုမှန်တယ်။ သို့သော်လည်းပဲ choice လုပ်တဲ့ အခါမှာ အခြေအနေ အချိန်အခါ အရ …

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည် နှုတ်ကထွက်တဲ့ စကားဟာ ပါတီရဲ့ မူဝါဒလို့တောင် ပြောစမှတ် ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ လူထုတွေ့ဆုံပွဲတွေမှာ ပြောလေ့ ရှိတာတွေ ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် ဟာ မတူ ကွဲပြားမှုတွေ ကို နားလည် လက်ခံတယ်။နက်နက်နဲနဲ သဘော ပေါက်တယ်ဆိုတာမျိုးပါ။

UAS – ဟုတ်ပါတယ်။

ငြမ်းမီဒီယာ – ဆိုလိုချင်တာက ဘာသာမတူတာ၊လူမျိုးမတူတာ၊ မတူကွဲပြားမှုတွေ အပေါ်မှာ အခြေခံ စဉ်းစားလေ့မရှိဘဲ ဒီမိုကရက်တစ် လမ်းစဉ် ကို ဆုပ်ကိုင်ထားတဲ့ ခေါင်းဆောင် တစ်ယောက်လို့ ပြောကြတာ ရှိပါတယ်။

UAS – မှန်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒါပေမယ့် တကယ့်တကယ်တမ်း ရွေးကောက်ပွဲလို အခြေအနေမျိုးမှာ NLD အနေနဲ့ အစ္စလာမ် ဘာသာဝင်တွေကို ချန်လှပ်ခဲ့တဲ့ အပေါ်မှာ ဆရာ့ရဲ့ သီးသန့်အမြင်ကို မှတ်ချက်ပေး ပေးပါဦးဆရာခင်ဗျ။

UAS – ကျနော့် သီးသန့်အမြင်က တော့ ဒီလိုဗျ။ စောစောက ပြောသလိုပေါ့။ ဒေါ်အောင်ဆန်းစုကြည် က မတူကွဲပြားမှုတွေ၊ ကွဲပြား ခြားနားမှုတွေနဲ့ပတ်သက်ပြီး နားလည်မှု သူ့မှာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ way of thinking ကတော့ တကယ့် ဒီမိုကရက်တစ် way of thinking ပါပဲ။ သို့သော်လည်း ပဲ ကျနော်မြင်တာ အခြေအနေ အချိန်အခါရဲ့ တောင်းဆိုမှုလို့ ကျနော် မြင်တယ်။

မွတ်စလင် ကွန်မြူနတီအနေနဲ့ ဒီအနာကြီးကို ဆက်ပြီး မနာစေချင်ဘူး

တစ်ခါတလေကျတော့ လိုအပ်မှုနဲ့ ရွေးချယ်မှုပေါ့။ necessary နဲ့ choice နဲ့ က တစ်ခါတရံ သဟဇာတဖြစ်ချင်မှ ဖြစ်မယ်။ လိုအပ်မှု ရှိတယ်။ လိုအပ်မှုအရ မှန်တယ်။ ဒါက ဒီမိုကရက်တစ်လမ်းအရ လိုအပ်မှုမှန်တယ်။ သို့သော်လည်းပဲ choice လုပ်တဲ့ အခါမှာ အခြေအနေ အချိန်အခါ အရ ဒီကိစ္စမှာ ခြွင်းချက်ထားရတာမျိုးတွေ ရှိပါတယ်။

ကျနော်တို့မှာလည်း အဲဒီ ခြွင်းချက်တွေ ကြောင့် ပဲလို့ ကျနော်တော့ မြင်တယ်။ ဘယ်သူရဲ့ဖိအားကြောင့်၊ဘယ်သူ့ရဲ့ ကန့်သတ် မှုကြောင့် ဆိုတာမျိုးထက် အခြေအနေ အချိန်အခါရဲ့ လိုအပ်မှု၊အခြေအနေ အချိန်အခါရဲ့ choice အရ အဲဒါကို လုပ်ရတယ်လို့ ကျနော်တော့ မြင်တယ်။

ဒေါ်ဝင်းမြမြဆိုတာ ကျနော်တို့ ဟိုတုန်းကတည်းက အတူတူလက်တွဲပြီး ဒီမိုကရေစီ အရေး တိုက်လာတဲ့ ရဲဘော်ရဲဘက်တွေ။ လူဟောင်းတွေ။ ကျနော်အများကြီး …

ငြမ်းမီဒီယာ – ၂၀၁၅ မှာတုန်းက မွတ်စလင်ကွန်မြူနတီ က လူတွေ ဟာ သူတို့ရွေးချယ် မခံရတဲ့ အပေါ်မှာ သူတို့စိတ်ထဲမှာ အနည်းနဲ့ အများ ခံစားရမှုတော့ရှိမှာပါ။ ၂၀၂၀ မှာ အဲဒီလို အခင်းအကျင်း ထပ်ဖြစ်လာရင် နောက်ဆက်တွဲ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်သလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

UAS – ကျနော် အဲဒီဟာကို ယတိပြတ် မပြောချင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်က ဒီကိစ္စကို NLD ပါတီရဲ့ ဘက်ဂရောင်း အရ ကျနော်က ပြောရတာကိုး။ ပြီးပြီးပြတ်ပြတ် ပြောလို့ မကောင်းသေးဘူးလို့ထင်တယ်။ ကျနော် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ပါတီရဲ့ In Line ဖြစ်အောင် ကျနော်တို့ စဉ်းစားကြ ရတာ ကိုးဗျ။

ကျနော်အနေနဲ့ ဒီဟာကို ဖိအား မပေးစေချင်ဘူးလေ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာက ဖိအားတွေ က တော်တော် များများ ရှိနေတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ အခုလိုနီးတဲ့ အချိန်မှာ ဘက်ပေါင်းစုံ ဖိအားတွေက ပိုပြီး ဝင်နေတာ ရှိတယ်။ ဥပမာ ဆိုပါစို့ဗျာ။ ဒါက အားလုံးလည်း သိပြီးသား။ အိုင်စီဂျေ ဖိအား ရှိနေ တယ်။

အိုင်စီဂျေ ဖိအား ရှိနေတဲ့ အတွက်ကြောင့်မို့ စောစောကပြောတဲ့ အဲဒီကွန်မြူနတီ ကို ကျနော်တို့ စဉ်းစားကြရမယ်လေ။ စဉ်းစား ကြရမှာတွေ ရှိတယ်။ ဟုတ်တယ် မလား။ ထည့်ဖို့၊မထည့်ဖို့ ကျနော်ပြောတာ မဟုတ်ဘူးနော်။ စဉ်းစားတဲ့အထဲမှာ ဒါ ရှိကောင်း ရှိနိုင်တယ်ပေါ့ဗျာ။ ကျနော် အဲဒီလောက်ပဲ ပြောလို့ရမယ်။ လုပ်ပေးရမယ်ဆိုတာထက် အဲဒီလို စဉ်းစားမှုမျိုး ရှိကောင်း ရှိနိုင်တယ် လို့ ပဲ ကျနော် ပြောချင်ပါတယ်။

အဖျက်အမှောင့် လုပ်နေတဲ့ လူတွေဟာ ဘယ်လို လူတွေလဲ။ သူတို့ဟာ ဒီမိုကရေစီ စနစ် အတွက်လုပ်နေတဲ့ လူလား၊ အာဏာရှင်စနစ်အတွက် လုပ်နေတဲ့ လူလား …

ငြမ်းမီဒီယာ – NLD နဲ့ တစ်လျောက်လုံး၊တစ်သားတည်း ရပ်တည်ခဲ့တဲ့ သူတွေပေါ့ ။အထူးသဖြင့် အစ္စလာမ် ဘာသာဝင် ထဲကဆိုရင် မန္တလေးက ဒေါ်ဝင်းမြမြ တို့လို ပုဂ္ဂိုလ်မျိုးတွေ ရှိတယ်။ အဲဒီလူတွေ က လွှတ်တော် နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင် ဆောင်ရွက်ခွင့် မရတဲ့ အခြေအနေ မရှိခဲ့တဲ့ အပေါ်မှာရော ဆရာ ဘာများပြောချင်လဲ ခင်ဗျ။

UAS – ကျနော်ပြောမယ်။ဒေါ်ဝင်းမြမြဆိုတာ ကျနော်တို့ ဟိုတုန်းကတည်းက အတူတူလက်တွဲပြီး ဒီမိုကရေစီ အရေး တိုက်လာတဲ့ ရဲဘော်ရဲဘက်တွေ။လူဟောင်းတွေ။ ကျနော်အများကြီး သူ့ကိုလေးစားပါတယ်။ လူပုဂ္ဂိုလ်အရ လည်း ခင်ကြပါတယ်။ သူ အနစ် နာခံခဲ့တာ၊ သူဘယ်လို စွှန့်လွတ်စွှန့်စား လုပ်ခဲ့တယ်ဆိုတာ ကျနော်တို့ အသိဆုံး ပါ။

နောက်ဆုံးမှာ သူ့ရဲ့ အသက်ကို ရန်ပြုတဲ့ ဟာမျိုးတောင် ဖြစ်လာတယ်လေ။ မှတ်မိပါလိမ့်မယ်။ ဒီပဲယင်း အရေးအခင်းဆိုရင် လက်တွေကျိုး၊အကုန်လုံး ဒုက္ခတွေရောက်၊ ထောင်ထဲရောက်။ နောက်တစ်ခါ သူတို့ရဲ့ ဈေးချို က ဆိုင်ခန်းတွေ အသိမ်းခံရပေါ့ဗျာ။ အများကြီးပါ။ ဒါတွေက ကျနော်တို့မှတ်တမ်းမှာ ရှိပါတယ်။ ဒါတွေကို ကျနော်တို့ အသိအမှတ်ပြုထားတာ ရှိတယ်။

သူ့ရဲ့ အရည်အချင်းအရ သူ့ကို တာဝန်ပေးမယ် ဆိုရင်လည်း သူကောင်းကောင်း လုပ်နိုင်တယ်ဆိုတာ ကျနော်သိတယ်။ ထို့အတူပဲ ဒေါ်ဝင်းမြမြလိုပဲ အစ္စလာမ်ဘာသာဝင် လူတော်တွေအများကြီး ရှိတယ်။ ၂၀၁၅ မှာ ဒီဟာကို ကျနော်တို့ အခြေအနေအရ ချန်ထား ခဲ့ရတာ။ ကျနော်တို့ ချန်ထားခဲ့ရခြင်းအပေါ်မှာ ဒီပုဂ္ဂိုလ်တွေ က၊ အစ္စလာမ်ဘာသာဝင် လူတော်တွေက ဒါကို နားလည်ပေးကြ ပါတယ်။ ကျနော်တို့အပေါ်မှာ နားလည်တယ်။ ကျနော်တို့ ခေါင်းဆောင်အပေါ်မှာ နားလည်တယ်။

နောက်တစ်ခုက အခြေအနေအချိန်အခါအရ ဒီလို ဖြစ်ရတယ်ဆိုတာလည်း သူတို့ နားလည်ကြ ပါတယ်ဗျ။ သူတို့ရဲ့ နားလည်မှုဟာ အလဟဿ ဖြစ်မယ်လို့တော့ ကျနော်မထင်ပါဘူး။ တစ်ချိန်ချိန်မှာတော့ အကျိုးတစ်စုံတစ်ရာ ရလာလိမ့်မယ်လို့ ကျနော် ယူဆ ပါတယ်။

အကြဉ်ခံထားရတဲ့ လူ့အဖွဲ့အစည်းက အချိန်မရွေး ဗိုင်းရပ်စ်က ဝင်နိုင်တာ

ငြမ်းမီဒီယာ – ရွေးကောက်ပွဲနီးလာရင် ကျနော်တို့ နိုင်ငံမှာ ဖြစ်တတ်တဲ့ နိုင်ငံရေးကို လူမျိုးရေး၊ ဘာသားရေး အပေါ်မှာ အခြေခံပြီး လှုံ့ဆော်မှု တွေ၊ပဋိပက္ခတွေဖြစ်အောင် မမှန်သတင်း ဖြန့်မှုတွေ ကလည်း ရှိလာနိုင်တော့ ဒီအပေါ်မှာရော ဆရာ ဘာသတင်း စကား ပါးချင်လဲခင်ဗျ။

UAS – ပြောရရင်တော့ နံပါတ်တစ် က ပြည်သူလူထုအနေနဲ့ ဒီဟာကို နားလည်အောင် သေချာ ရှင်းပြနိုင်ရ မယ်လို့ ကျနော်တော့ ယူဆတယ်။ နံပါတ်နှစ်ကတော့ အဲဒီလို အဖျက်အမှောင့် လုပ်နေတဲ့ လူတွေဟာ ဘယ်လို လူတွေလဲ။ သူတို့ဟာ ဒီမိုကရေစီ စနစ် အတွက်လုပ်နေတဲ့ လူလား၊အာဏာရှင်စနစ်အတွက် လုပ်နေတဲ့ လူလား ဆိုတာ သိဖို့တော့ လိုလိမ့်မယ်တော့ ထင်တယ်။ အဲဒါ တွေကို တဖြေးဖြေးနဲ့ နားလည် သဘောပေါက် လာတယ် ဆိုရင်တော့ ဒီအကန့်အသတ်တွေ၊စောစောက ပြောတဲ့ အကန့်အသတ် တွေက လျှော့ပါးသွားလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။ ကျနော်တို့ အချိန်တော့ ယူရလိမ့်ဦးမယ်လို့ ထင်ပါတယ်။

တိုင်းရင်းသား တွေနဲ့ ကျနော်တို့ နဲ့ ဆက်ဆံရေးအပေါ်မှာ အချိန်ကာလ တစ်ခု တည်းနဲ့ ကွက်ပြီး အကဲဖြတ်လို့ မရဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဧရာဝတီမြစ်ကြီး အကြောင်းပြောချင်ရင် …

ငြမ်းမီဒီယာ – တိုင်းရင်းသားတွေနဲ့ NLD ရဲ့ အခြေအနေက ရင်းနှီးပြီး နွေးထွေးတဲ့ အခြေအနေ အရင်ကတော့ ရှိခဲ့တယ်။ ၂၀၁၅ အလွန်မှာ ဒီအခြေအနေက တော်တော်လေးကို ကွာဟသွားတဲ့ အခြေအနေ ရှိပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီအခြေအနေ က ပြန်လည် နွေးထွေးလာမယ့် အခြေအနေ ရှိလား။ ဒါမှ မဟုတ် ၂၀၂၀ အလွန်မှာရော။

လူထုက ဒီပဋိပက္ခတွေကြားထဲမှာ အနာဂတ်ပျောက် သွားမှာ

UAS – တိုင်းရင်းသားမျိုးနွယ်စု အထူးသဖြင့် နိုင်ငံရေးပါတီ။ တိုင်းရင်းသားမျိုးနွယ်စု နိုင်ငံရေးပါတီ တွေ ရှိတယ်။ တိုင်းရင်းသား ပြည်သူလူထုရှိတယ်။ တိုင်းရင်းသား CSO၊ NGO တို့ ရှိတယ်ပေါ့ဗျာ။ နောက်တစ်ခါ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ရှိတယ်ပေါ့။

ဒီဟာတွေမှာ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ မူနဲ့ ပဲ ဆက်ဆံခဲ့ကြတာပါပဲ။ သို့သော်လည်း ပဲ ဒီနေရာမှာ တစ်ခုရှိတာက တိုင်းရင်းသား တွေနဲ့ ကျနော်တို့ နဲ့ ဆက်ဆံရေးအပေါ်မှာ အချိန်ကာလ တစ်ခု တည်းနဲ့ ကွက်ပြီး အကဲဖြတ်လို့ မရဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဧရာဝတီမြစ်ကြီး အကြောင်းပြောချင်ရင် မေခ၊မလိခ ကနေပြီးတော့ အောက်ပိုင်း Delta မြစ်ဝကျွန်းပေါ် အထိ ကြည့်ရသလိုပဲပေါ့။

တိုင်းရင်းသားနဲ့ ကျနော်တို့ဆက်ဆံရေးက ရွေးကောက်ပွဲ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင် ကာလ ကနေစပြီး ကြည့်မှ ရလိမ့်မယ်။ ၉၀ ခုနှစ်ရွေးကောက်ပွဲကာလမှာ မှတ်မိ လိမ့်မယ်ထင်တယ်။ တိုင်းရင်းသား ပါတီ (၂၁) ပါတီထင်တယ် ပူးပေါင်းပြီး UNLD ဆိုပြီး လုပ်ခဲ့ဖူးတယ်။ နောက်တစ်ခါ ရွေးကောက်ပွဲ ပြီးတဲ့ အခါကျတော့လည်း CRPP ဆိုပြီး တစ်ခါ လုပ်ခဲ့ဖူးတယ်။ ၂၀၁၅ ကာလ ပတ်ဝန်းကျင်မှာ UNA ဆိုတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ လည်း ချစ်ကြည်ရေးပေါ့လေ။ ညီနောင်ပါတီ ဆက်ဆံရေးအထိ ရှိခဲ့တာပါပဲ။

တိုင်းရင်းသား လူမျိုးစုငယ်တွေ ဖိနှိပ်မှုခံနေရတယ်

ကျနော်တို့မှာ အဲဒီ အစဉ်အလာကြီးရှိတယ်။ အဲဒီတော့ အဲဒီအစဉ်အလာကြီးဟာ ဘယ်တော့မှ ပျက်သွားမှာ မဟုတ်ဘူး။ အချိန်ကာလတစ်ခုမှာတော့ နွေးထွေးမှုမရှိဘူး။ သို့မဟုတ် အေးစက်လာတယ် ဆိုတာ ဒါကလည်း ရှိနိုင်ပါတယ်။ ရှိတယ်။ ရှိခဲ့ဖူးတယ်။ အခုလည်း ရှိချင်ရှိနေမှာပဲ။ သို့သော်လည်းပဲ ဒီအစဉ်အလာကြီး တစ်ခုလုံး ကတော့ အမြဲတမ်း ဆက်ရှိနေမှာပဲ။ အဲဒါကြောင့် ကျနော့်အမြင်ကတော့ ၂၀၂၀ ရွေးကောက်ပွဲ ပြီးလို့ ရှိရင်လည်း တိုင်းရင်းသားတွေနဲ့ ကျနော်တို့ ဆက်ဆံရေးက ထို့အတူပဲ ညီနောင်ပါတီ ဆက်ဆံရေးက ရှိနေမှာပါပဲ။ ကျနော်ဒီလောက်ပဲ ပြောချင်ပါတယ်။

သူရဦးရွှေမန်းတို့လို ပုဂ္ဂိုလ်တွေကလည်း ညွန့်ပေါင်းဖြစ်နိုင်တာတို့၊ ဘာတို့ ဒီလို အကဲဖြတ်ကြတာလည်း ရှိတယ်။ ကျနော်ကတော့ …

ငြမ်းမီဒီယာ –  ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက NLD ပါတီရဲ့ သဘာပတိ ဦးဝင်းထိန် က ၂၀၁၅ တုန်းက ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ရဲ့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ အချက်အလက်တွေ မမှန်ကန်ဘူးလို့ ဦးကိုကိုကြီး တို့၊ဦးမြအေးတို့ က တုံ့ပြန်ပြောဆို ထားတာတွေ့ရပါတယ်။ ဆရာ့အနေနဲ့ ရော ရှစ်ဆယ့် ရှစ်မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ဦးဝင်းထိန်ပြောဆိုတဲ့ အပေါ် ဘာများ မှတ်ချက်ပြုချင်လဲ ဆရာ။

UAS – ပထမဆုံး ဦးဝင်းထိန်ရဲ့အခန်းကဏ္ဍကို ကျနော်ပြောချင်တယ်။ ဦးဝင်းထိန်ဟာ ၂၀၁၅ မှာ သူ့ရဲ့ လုပ်ပိုင် ခွင့်တွေ အများကြီးရခဲ့တယ်။ ကိုယ်စားလှယ်ရွေးချယ်တာက အစ နောက်ဆုံးမှာ သူကိုယ်တိုင် ဝန်ခံသွားတာပဲ ။

ဝန်ကြီးချုပ်တွေကို သူရွေးခဲ့တယ်လို့ သူဝန်ခံသွားတာ ရှိတယ်လေ။ အဲဒါကိုကြည့်ခြင်းအားဖြင့် သူ့ လုပ်ပိုင်ခွင့် တွေ ဘယ်လောက် အထိ ရခဲ့လဲ ဆိုတာ ကျနော်တို့ သိနေတာပဲ။

ရှစ်ဆယ့်ရှစ်က ကျနော်တို့ လုပ်ဖော် ကိုင်ဖက်တွေ နဲ့ ပတ်သက်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲ ကာလမှာ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေ ဦးဝင်းထိန် ကပြောတယ်ပေါ့။ ကျနော်က အဲဒီဟာကို သိပ် အသေးစိတ်တော့ မသိဘူးဗျ။ သို့သော်လည်းပဲ ဦးဝင်းထိန် ပြောတဲ့ဟာတွေ အပေါ်မှာတော့ ကျနော်သံသယရှိတယ်။

ဒါ ဒီလောက်ပဲ ကျနော်ပြောချင်တယ်။ သံသယရှိတယ်။ လူတစ်ယောက်ရဲ့ Memory ဘယ်လောက်အထိ မှန်နိုင်လဲ။ သို့မဟုတ် ဘယ်လောက်အထိ Bias ဖြစ်နေလဲ ဆိုတာ သူမှပဲ သိလိမ့်မယ်လို့ ကျနော်ထင်တယ်။ ကျနော်ကတော့ ဒီဟာအပေါ်မှာ သံသယ ရှိတယ်လို့ပဲ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – ဦးဝင်းထိန် က အတန်ကြာ သူ့အသံတိတ်နေပြီး မီဒီယာတွေမှာ ပျောက်ကွယ်နေရာကနေ ရုတ်တရက် ရွေးကောက်ပွဲ နီးခါမှ သူပြန်ပေါ်လာတာ ၊သူဒီလိုထွက်ပေါ်လာတာ ပါတီ က ချမှတ်ထားတဲ့ မူ တစ်ခုခုကြောင့်လားခင်ဗျ။ ဒါမှမဟုတ် သူ့ဘာသာ မီဒီယာတွေနဲ့ ထိတွေ့မှုလားခင်ဗျ။

UAS – ဒါကတော့ NLD ရဲမူ မဟုတ်ဘူးဗျ။ အဲဒါကတော့ ကျနော်လုံး၀ ငြင်းတယ်။ ကျနော်ပြောချင်တယ် ဦးဝင်းထိန် ဒီလို ထွက်ပေါ် လာတာ NLD ရဲ့မူမဟုတ်ဘူး။ ဦးဝင်းထိန် ရွေးကောက်ပွဲနီးမှ ပြန်ပေါ်လာတာ NLD ရဲ့ မူ မဟုတ်ပါဘူး။ ဒါတွေက သတင်းမီဒီယာ တွေရဲ့ ရွေးချယ်မှုပါပဲ။ အဲဒီလောက်ပဲ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ – နောက်ဆုံးမေးခွန်းပါခင်ဗျာ။ လာမယ့် ရွေးကောက်ပွဲမှာ NLD ဘယ်လိုအခြေအနေ ရှိနိုင်မလဲဆရာ။ ဆရာတို့ ရလဒ်ကို ဘယ်လို မျော်မှန်းထားလဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာ ပြန်မရဘူးဆိုရင် …

UAS – တချို့ကလည်း ၂၀၁၅ တုန်းကလို သောင်းပြိုကမ်းပြို မနိုင် နိုင်ဘူးလို့ အကဲဖြတ်တယ်ပေါ့ဗျာ။ မနေ့ကထင်တယ်။ သူရ ဦးရွှေမန်းတို့လို ပုဂ္ဂိုလ်တွေကလည်း ညွန့်ပေါင်းဖြစ်နိုင်တာတို့၊ ဘာတို့ ဒီလို အကဲဖြတ်ကြတာလည်း ရှိတယ်။

ကျနော်ကတော့ အဲလို မမြင်ဘူးဗျ။ နံပါတ်တစ်က ကျနော်တို့ NLD က ဒီငါးနှစ်သက်တမ်းအုပ်ချုပ်ရေးမှာ အောင်မြင်တာ ရှိသလို မအောင်မြင်တာ ရှိတယ်။ ပြည်သူလူထု မျှော်လင့် ထားသလို ဖြစ်လာတာ ရှိတယ်။ မဖြစ်လာတာလည်း ရှိတယ်။ ဒါက လူထုရဲ့ ထင်မြင်ယူဆချက်။ ကျနော် အပြစ် မပြောဘူးနော်။ သို့သော်လည်းပဲ ကျနော်တို့ ရလဒ်တွေလည်း အများကြီးရှိတယ်။ အထူးသဖြင့် လူတွေရဲ့ စိတ်အနှောင်အဖွဲ့ လွတ်လပ်မှုကတော့ သိပ်သိသာပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ဆန္ဒပြခွင့်တွေ ရှိလာတယ်။

လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်တွေ ရှိလာတယ်။ တချို့ကလည်း ဒါတွေ မရှိသေးဘူးလို့ ပြောတယ်။ ဒါပေမယ့် ကျနော် မြင်တာက တော့ တော်တော်များပေါ့ဗျာ အရင်ကာလတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။ နှိုင်းယှဉ်ချက်အရ အကဲဖြတ် ကြတာတွေ ရှိပါတယ်။ နှိုင်းယှဉ်ပြီးကြည့်ရင်တော့ အများကြီးတိုးတက် လာတယ် လို့ ကျနော်မြင်တယ်။

ကွဲပြားခြားနားမှုကို ခုတုံးလုပ်တဲ့ နိုင်ငံရေးကလည်း ဒါတွေနဲ့ ဆွတာ

အဓိက က ဒီမှာ ကျနော် အချက်နှစ်ချက် ကျနော်တွေ့တယ်။ ကိုဗစ်ကာလမှာ ပြည်သူ လူထုရဲ့ လိုက်ပါမှု၊ ပြည်သူလူထုရဲ့ ညီညွတ် မှုဟာ တကယ်တမ်းက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ အစိုးရရဲ့ ညွှန်ကြားချက်တွေ ကို လိုက်နာ ကြတာဗျ။ စည်းစည်းလုံးလုံး ရှိလာကြ တယ်။ ပိုက်ဆံ ရှိတဲ့သူရော၊ မရှိတဲ့ သူရော အကုန် စည်းစည်းလုံးလုံး ရှိလာကြတယ်။

နောက်တစ်ခါ ကိုဗစ်ကာလ ကုစားရေး ပေါ့လေ။ ကိုဗစ်အလွန်နဲ့ ကိုဗစ်ကာလ ကုစားရေးမှာလည်းု တော်တော်များများ ပြည်သူ လူထု သဘောကျ နှစ်ခြိုက် လာတာလည်း အများကြီးတွေ့လာရတယ်။ အဲဒါက NLD ရဲ့ ရွေးကောက်ပွဲအတွက် လူထုထောက်ခံ မှုပဲ လို့ကျနော်မြင်တယ်။

နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အိုင်စီဂျေမှာ ကိုယ်တိုင် သွားပြီ ထုချေတယ်။ လျောက်လဲချက် လုပ်တာတွေ ဒါတွေလည်း ပြည်သူလူထု က ဒီဟာအပေါ်မှာ အားရ နှစ်သက်မှု အများကြီး ရှိတယ်ဗျ။ အဲဒါတွေကြောင့် NLD ဟာ ၂၀၁၅ လို ပဲ အစိုးရဖွဲ့နိုင်လောက်တဲ့ အပြတ် အသတ် အနိုင်ရနိုင်တယ်လို့ပဲ ကျနော်မြင်ပါတယ်။

ငြမ်းမီဒီယာ – ကျန်းမာပါစေဆရာ။ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,